အကြောင်းကြောင့် အကျိုးဖြစ်လာရခြင်း
Vol. 9 Ch. 835
သင်္ချိုင်းစောင့်ကြီးက သူ့လက်ကို ဖိလိုက်သည့်အချိန်တွင် တဝေါဝေါတိုက်ခတ်နေသော လေပြင်းများသာမက အခိုးအငွေ့များ ၊မီးတောက်များ မည်သည့်အရာတစ်ခုမှ မရှိတော့ချေ။ သို့သော် တစ်လောကလုံး ရပ်တန့်သွားပြီး အပ်ကျသံပင် မကြားရအောင် တိတ်ဆိတ်ငြိမ်သက်သွားသည်။
မိုးကောင်းကင်သည် တုန်ခါမသွားဘဲ မဟာပထဝီမြေကြီးသည်လည်း လှုပ်ခတ်သွားခြင်းမရှိပေ။ သချိုင်းစောင့်ကြီးကို ဝိုင်းရံထားခဲ့သော လေပြင်းမုန်တိုင်းများ ပျောက်ကွယ်သွားလေပြီ။ မရေမတွက်နိုင်သော အမုန်းဝိညာဥ်များအားလုံးမှာ အမျက်ဒေါသများ ပျောက်ကွယ်သွားပုံရပြီး သင်္ချိုင်းစောင့်ကြီးကို ဝပ်တွားလျက် အရိုအသေပေးလိုက်ကြသည်။
ဖြစ်ပျက်နေသည်များအား မြင်သည့်လူမှန်သမျှ တုန်လှုပ်သွားကြ၏။ ကလေးမလေးမှာမူ သူမ၏မျက်နှာအား ဖြစ်တည်စေသည့် ဝိညာဥ်များက သင်္ချိုင်းစောင့်ကြီးကို ဝပ်တွားခပ်ယနေသောကြောင့် ပြန့်ကြဲသွားလေသည်။
ထို့နောက် မြေအောက်ကမ္ဘာမြစ်ကြီး ပေါ်ထွက်လာကာ တစ်လောကလုံး ပြည့်နှက်သွားပြီး လှိုင်းတံပိုးများ ရိုက်ခတ်လာ၏။ ထို့နောက် ပတ်ဝန်းကျင်တွင် ပြည့်နှက်နေသော မရေမတွက်နိုင်သောဝိညာဥ်များသည် ကောင်းကင်ယံသို့ ပြန်သွားေနကြသော ကြယ်လေးများအလား မြစ်ဆီသို့ လွင့်မျောသွားကြသည်။
ကလေးမလေး၏ မျက်နှာမှာ တဖြည်းဖြည်း ပျောက်ကွယ်လာပြီး ခရမ်းရောင်သွေးခဲကြီး ထွက်ပေါ်လာသည်။ တခဏကြာသော် သွေးများတွင် မျက်နှာကြီးပေါ်လာပြီး သင်္ချိုင်းစောင့်ကြီးကို ထူးဆန်းသောအလင်းများ တောက်ပနေသည့် မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။ ထို့နောက် သူမက နတ်ဘုရားတစ်ပိုင်းများ၏ နတ်ဘုရားဝိညာဥ်များကို မတည်မငြိမ်ဖြစ်စေခဲ့သည့် မဟာကောင်းကင်သခင်မှ လောကနတ်ဘုရားမှော်ပညာဟု ညွန်းဆိုခဲ့သော တူညီသော နည်းလမ်းကို ထုတ်ဖော်လိုက်သည်။
" နောက်ဆုံးတော့ လူလုံးပြဖို့ ဆုံးဖြတ်လိုက်ပြီပေါ့လေ၊ ငရဲဧကရာဇ်။ ငါသိတာပေါ့။ မင်းရဲ့ အငွေ့အသက်တွေအားလုံးကို ပိုင်ရှောင်ချန်းခန္ဓာကိုယ်ပေါ်မှာ ငါအာရုံနေတာ။ သူ့နောက်ကို အချိန်အတိုင်းအတာတစ်ခုထိ လိုက်ခဲ့ရင် မင်းဆီကို ရောက်မယ်ဆိုတာ ငါသိတယ် "
သူမ၏စကားလုံးများကြောင့် ရှိသမျှ လူတိုင်း၏ မျက်နှာများအပေါ်တွင် အံသြတုန်လှုပ်သွားသော အရိပ်အယောင်များ ပေါ်ပေါက်လာ၏။ တချိန်တည်းမှာပင် နောက်ဆုံးတစ်ခေါက်ကကဲ့သို့ တူညီသော အသံလှိုင်းများပေါ်လာကာ ကီလိုမီတာ ၅၀၀ ပျံနှံ့မည့်အစား သင်္ချိုင်းစောင့်ကြီးအပေါ်တွင်သာ စုပုံတိုက်ခိုက်လိုက်ကြသည်။
အစောပိုင်းက ကလေးမလေးသည် ပိုင်ရှောင်ချန်းကို ညွန်းဆိုခဲ့သော်လည်း ထိုစဥ်က လူများမှာ ထိုအကြောင်းကိုစဥ်းစားရန် အချိန်အနည်းငယ်သာရခဲ့ပြီး ရုန်းကန်လှုပ်ရှားနေရသည့် အခိုက်အတန့်ဖြစ်သည်။ သို့သော် ယခုတွင်မြေရိုင်းသားများအတွက် နတ်ဘုရားတစ်ပါးနှင့် တူသော ငရဲဧကရာဇ်ပေါ်လာခဲ့သည်။ ထို့ကြောင့် ကလေးမလေး စောစောက ပြောခဲ့သည့် စကားလုံးများက လူတိုင်းကို ပိုင်ရှောင်ချန်းအား လှမ်းကြည့်မိသွားစေသည်။
" ပိုင်ရှောင်ချန်း"
" မဟာအကြီးအကဲပိုင်က ပိုင်ရှောင်ချန်းလား "
သရဲကြီးမြို့တော်မှ ဝိညာဥ်ကျင့်ကြံသူများအားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားသည်အထိ လုံးဝ အံ့အားသင့်သွားကြသည်။
" ပိုင်ရှောင်ချန်း "
ချန်ဟောက်စုန့်နှင့် အခြားကောင်းကင်နယ်စားများက ထူးဆန်းသော မျက်နှာအမူအရာများနှင့် ပိုင်ရှောင်ချန်းကို လှမ်းကြည့်လိုက်ကြသည်။
သောကကင်းဝေးကိုးသွယ်ဘုရင်၊ စစ်အောင်ဘုရင်နှင့် ဝိညာဥ်ခရီးဘုရင်တို့အားလုံး ကြက်သေသေသွားကြ၏။
မဟာကောင်းကင်သခင်နှင့် သရဲကြီးဘုရင်သာ ထိုသတင်းက သူတို့အတွက် အထူးအဆန်းမဟုတ်သည့်အလား မည်သည့် တုံ့ပြန်မှုမှ မရှိပေ။ သို့သော် သခင်မလေးဟုန်ချိန်၏ မျက်နှာလေးပေါ်တွင် ရောထွေးနေသော ခံစားချက်များကို မြင်နိုင်သည်။
သူမ၏နှလုံးသားထဲ၌ ထိုဖြစ်နိုင်ချေက အချိန်အတော်ကြာကတည်းက ကိန်းအောင်းနေခဲ့သော်လည်း သူမမှာ ထိုအကြောင်းကိုစဥ်းစားရန် အချိန်ပေးလိုစိတ်မရှိခဲ့ပေ။ သို့သော် ယခုတွင် ကလေးမလေးက အကြောင်းအရာတစ်ခုတည်းအား နှစ်ကြိမ်ပြောသည်ကို နားနှင့် ဆက်ဆက်ကြားလိုက်ရသည့်အခါ သခင်မလေးဟုန်ချိန်၏ ရင်အစုံမှာ နိမ့်ချည်မြင့်ချည်ဖြစ်လာ၏။ သူမ၏အဖေအရင်းက သူမကို ပိုင်ရှောင်ချန်းနှင့် လက်ထပ်ရန် စီစဥ်ခဲ့သည့် အချက်က သူမ၏ကမ္ဘာငယ်လေးကို လုံးဝဇော်ထိုးမိုးမျှော် ဖြစ်သွားစေသည်။
ပိုင်ရှောင်ချန်းမှာ မျက်လုံးများအားလုံးက သူ့ကို ကြည့်နေခြင်းကြောင့် ရင်တဒိန်းဒိန်းခုန်လာတော့သည်။ သို့သော် ဖြစ်ပျက်နေသော အခြေအနေများကို ပြောင်းလဲရန် သူ ဘာမှမတတ်နိုင်ပေ။ မျက်တောင်တဖျပ်ဖျပ်ခတ်ပြီးနောက် သူက မည်သည့်အကြောင်းများ ပြောနေသည်ကို နားမလည်သည့်အလား ကြောင်တောင်တောင် အမူအရာဖမ်းလိုက်သည်။ ထို့နောက် သူက လူအုပ်ထဲရှိ မည်သူက ပိုင်ရှောင်ချန်း ဖြစ်ကြောင်း ရှာရန်ကြိုးစားနေသည့်အလား ဝေ့ကြည့်လိုက်သည်။ ထိုအခြင်းအရာကြောင့် ရှိသမျှ လူတိုင်း၏ မျက်နှာများအပေါ်တွင် ထူးဆန်းသော အရိပ်အယောင်များ ထွက်ပေါ်လာသည်။
ယခုအချိန်တွင် ပိုင်ရှောင်ချန်း၌ အခြားသူများ မည်သို့ တွေးေတာနေသည်ကို စိုးရိမ်နေရန် အချိန်မရှိပေ။ နောက်ဆုံးတွင် အနှီသရဲမလေးက အချိန်အတော်ကြာ သူ့နောက်သို့ လိုက်နေရသည့်အကြောင်းရင်းမှာ ငရဲဧကရာဇ်ကို ရှာရန် သူ့ကို အသုံးချခဲ့ခြင်း ဖြစ်ကြောင်း သဘောပေါက်သွားသည်။
" အံသြစရာမရှိပါဘူး "
သင်္ချိုင်းစောင့်ကြီးက ငရဲဧကရာဇ်ဖြစ်သည့်အကြောင်း သိရသည်မှာ အတန်ငယ်အံသြဖွယ်ကောင်းသော်လည်း ထိုလူမည်မျှ လျှို့ဝှက်ဆန်းကြယ်ကြောင်း တွေးလိုက်သည့်အချိန်တွင် ကျိုးကြောင်းဆီလျော်သည်။
" သူ ငါ့ခန္ဓာကိုယ်ပေါ်မှာ သင်္ချိုင်းစောင့် ဘိုးဘိုးကြီးရဲ့ သဲလွန်စတွေ တွေ့တယ်ပြောတာက လောချိန်တောင်တန်းမှာ ငါ့ကို ကယ်ခဲ့တဲ့အချိန်ကို ပြောတာပဲ "
ပိုင်ရှောင်ချန်းက ထိုအတွေးများနှင့် နပမ်းလုံးနေစဥ် ကလေးမလေး၏ သရဲသဟဇာတဖြစ်ခြင်း ထွက်ပေါ်လာရာ သူမနှင့် သင်္ချိုင်းစောင့်ကြီးကြားရှိ ကောင်းကင်သည် အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွား၏။ သင်္ချိုင်းစောင့်ကြီးက သူ့လက်ကို ဝှေ့ယမ်းရင်း သက်ပြင်းချလိုက်ရာ ကွဲကြေနေသော ကောင်းကင်က ဧရာမတွင်းနက်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွား၏။ တွင်းနက်ကြီးသည် တစ်လောကလုံးကို ဖျက်စီးပစ်နိုင်စွမ်းရှိသော စွမ်းအားများ ထုတ်လွှတ်လာသည်။ ကံကောင်းထောက်မစွာ သရဲကြီးဘုရင်က သူ၏မည်းနက်နေသော နေလုံးကြီးကို ထုတ်လွှတ်လိုက်သည့်အချိန်က ပေါ်ပေါက်လာခဲ့သော ကမ္ဘာအချုပ်အနှောင် ပိုက်ကွန် တည်ရှိနေသည်။ ပုံရိပ်ယောင်ပိုက်ကွန်ကြီးက ကမ္ဘာဖျက်စီးစွမ်းအားကို အလွယ်တကူပပျောက်သွားစေပြီး တစတစ ပျောက်ကွယ်လာစေ၏။
သင်္ချိုင်းစောင့်ကြီးက ခေါင်းကို ခါယမ်းလိုက်ပြီး ရှေးဆန်ပြီး ငြီးငွေ့နေသော အသံကြီးဖြင့် ပြောလိုက်သည်။
" ငါ မင်းကို အကြိမ်တိုင်း ရှောင်နေခဲ့တာပဲ။ ဘာလို့ ငါ့နောက် တကောက်ကောက် မလိုက်ဘဲ မနေနိုင်တာလဲ "
" မင်း နောက်လိုက်နေတာကို ရပ်စေချင်ရင် ကမ္ဘာဂိတ်တံခါးကို ဖွင့်ပေး။ငါ့ကို ... ဒီနေရာက.... ထွက်သွားခွင့်ပေး "
အသံလှိုင်းများက လမ်းတစ်လျှောက်ရှိ လေများအား ဖျက်စီးရင်း ဆက်လက်ပျံ့နှံ့လာသည်။ သို့သော် ကလေးမလေး၏ ကို့ရိုးကားရား ပဲ့တင်ထပ်နေသော အသံကို ကြားနေရသေး၏။
သူမ၏မျက်လုံးများက အာရုံစိုက်ခြင်း၊ စိတ်ပိုင်းဖြတ်ထားခြင်း၊ အမျက်ဒေါသများဖြင့် ပြည့်နှက်နေ၏။ ထိုမျှသာမက သူမ၏ စကားလုံးများထဲတွင် မုသားမပါပေ။ သူမသည် ဤကမ္ဘာကြီးထဲမှ လူတစ်ယောက် မဟုတ်ချေ။ သူမက ကောင်းကင်ဘုံအလွန်မှ ဧရာမဓားကြီးနှင့်အတူ ကမ္ဘာပေါ်ကျရောက်လာသော ခန္ဓာကိုယ်မရှိသည့် ဝိညာဥ်တစ်ကောင်ဖြစ်သည်။
ယခင်က သူမသည် မျှော်လင့်ချက်များ ကင်းမဲ့လျက် တွေဝေပြီး အသိဉာဏ်မရှိပေ။ သို့သော် ပိုင်ရှောင်ချန်းက မြေခဓားကမ္ဘာချောက်ထဲ ဝင်ရောက်ခဲ့ပြီးနောက် သူ၏ဆေးလုံးများကို သူမ စားသုံးခဲ့မိသည်။ သူမဝိညာဥ်က နိုးထလာခဲ့ပြီး သူမ၏ စိတ်ပိုင်းဆိုင်ရာ အသိဉာဏ်များ ပြန်လည်ကောင်းမွန်လာ၏။ ထိုအခိုက်အတန့်တွင် သူမသည် သူမ၏အတိတ်နှင့် ပတ်သက်သည့် အရာအားလုံးကို မှတ်မိသွားခဲ့သည်။
သူမမှာ အလွန်ထူးဆန်းသော နေရာတစ်ခုဖြစ်သည့် ကမ္ဘာတွင် ရောက်ရှိနေသည်ကို သိလိုက်ရပြီး ပိုင်ရှောင်ချန်းက သူမ၏အသိဉာဏ်ကို ပြန်လည်ပြင်ဆင်ပေးခဲ့တစ်ယောက်ဖြစ်ကြောင်း စဥ်းစားရင်း သူ့ကို သူမအနား၌ အလိုအလျောက် ထားချင်လာသည်။
သို့သော် သူမ၏ဝိညာဥ်က ဖျက်စီးမရသည့်တိုင် သူမ၏ အတိုက်အခိုက်စွမ်းရည်က မလုံလောက်သေးပေ။ ထို့ကြောင့် ပိုင်ရှောင်ချန်း လွတ်သွား၏။ နောက်ပိုင်း မြေခဓားကမ္ဘာချောက်မှ သူမ လွတ်မြောက်လာချိန်တွင် ကမ္ဘာကြီးထဲ လျှောက်သွားရင်း မည်သည့်နေရာသို့ သူမ ရောက်နေကြောင်း ပို၍ သိရှိလာ၏။ နောက်ဆုံးတွင် သူမ ထွက်ပြေးလွတ်မြောက်ချင်လျှင်၊ သူမ အိမ်သို့ ပြန်ချင်လျှင် ဤကမ္ဘာလောက၏ ဂိတ်တံခါးကို သင်္ချိုင်းစောင့်ကြီး ဖွင့်ပေးရန် လိုအပ်ကြောင်း သိရှိလာသည်။
ကံဆိုးစွာပင် သူမမှာ သင်္ချိုင်းစောင့်ကြီးကို ရှာဖွေရန် စွမ်းအားမလုံလောက်ပေ။ သို့သော် ပိုင်ရှောင်ချန်း၏ခန္ဓာကိုယ်ပေါ်တွင် သချိုင်းစောင့်ကြီး၏ သဲလွန်စများအား အာရုံရခဲ့ကြောင်း သူမ သတိရလိုက်သည်။
ထိုအချိန်တွင် ပိုင်ရှောင်ချန်းက သင်္ချိုင်းစောင့်ကြီး၏ ကြင်နာစွာ စောင့်ရှောက်ခြင်းခံထားရသူဖြစ်နိုင်ကြောင်း သုံးသပ်လိုက်သည်။ ထို့နောက် သူမသာ ပိုင်ရှောင်ချန်းနောက်သို့ အချိန်အတိုင်းအတာတစ်ခုအထိ လိုက်နေပါက သူမရှာနေသည့် လူကို တွေ့လိမ့်မည်ဖြစ်ကြောင်းလည်း သဘောပေါက်လိုက်သည်။
ထိုသည်က ဤအခြေအနေတစ်ရပ်လုံးကို ဖြစ်စေခဲ့သည်။ မည်သည့်အတွက် တစ်ခါတရံ သူမက ပိုင်ရှောင်ချန်းကို ကာကွယ်ခဲ့ရခြင်း၏ အကြောင်းရင်းလည်း ဖြစ်သည်။ ကံဆိုးစွာပင် ဝင်္ကပါမန္တန်အစီအရင် အသက်ဝင်ပြီးနောက် မထင်မှတ်ထားသော အရာတစ်ခု ဖြစ်ပွားခဲ့သည်။ ပိုင်ရှောင်ချန်းကို သူမ မျက်ခြည်ပြတ်သွားခဲ့သည်။
မည်မျှ ရှာဖွေလင့်ကစား သဲလွန်စ တစ်စုံတရာပေါ်မလာချေ။ ထို့ကြောင့် သူမမှာ နောက်ဆုံး၌ သူထွက်လာအောင် ဖြားယောင်းပြီး သင်္ချိုင်းစောင့်ကြီးပေါ်လာစေရန် ရည်ရွယ်ချက်ဖြင့် ပိုင်ရှောင်ချန်းအယောင်ဆောင်ရန် ဆုံးဖြတ်လိုက်သည်။
အခြေအနေများ မည်သို့ဖြစ်စေကာမူ အရေမကြီးဘဲ သူမ အောင်မြင်မည်ဖြစ်သည်။ ထိုမျှသာမက အစောပိုင်းက ပိုင်ရှောင်ချန်း ထွက်ပြေးရန် ကြိုးစားသောအခါ သူမက သင်္ချိုင်းစောင့်ကြီး ထွက်လာစေရန်ဟူသော ရည်ရွယ်ချက်အမှန်ဖြင့် သူမ အသုံးပြုနိုင်သည့် သေစေနိုင်သော နည်းလမ်းများကို မထုတ်ခဲ့ပေ။
နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူများ တိုက်ခိုက်ခဲ့စဥ်အခါက ကမ္ဘာကြီး၏ အခြေခံအုတ်မြစ်ကို လှုပ်ခါနိုင်စေသည့် မြေရိုင်းဒေသရှိ ဝိညာဥ်များအားလုံးကို ဆင့်ခေါ်ခဲ့ခြင်းမှာ သူမ၏အဓိကပန်းတိုင်တစ်ခုဖြစ်ခြင်းကြောင့်လည်း ဖြစ်သည်။
၄င်းက ကောင်းကင်တံတား ဒေသတွင် သူမ လုပ်နိုင်မည့် အရာမဟုတ်ပေ။ မြေရိုင်းဒေသထဲတွင်သာ တည်ရှိသည့် ဝိညာဥ်များက သူမပြန်လည်သက်သာစေရန် အကောင်းဆုံး လက်နက်ဖြစ်သည်သာမက တိုက်ခိုက်ရာတွင် သူမအတွက် အကောင်းဆုံးအားသာချက်တစ်ခုလည်း ဖြစ်သည်။
အခြားအရာများအားလုံးထက် ပို၍အရေးကြီးသည်က ဤကမ္ဘာကြီးထဲရှိ တစ်နေရာတွင် သူမ၏ မိတ်ဆွေတစ်ယောက်ရှိသည်။
ခေါင်းထဲတွင် ထိုအတွေးများနှင့် သူမက တခစ်ခစ် ရယ်မောလိုက်သည်။ သူမ၏ သရဲသဟဇာတဖြစ်ခြင်း ဆက်လက်ဖြစ်ပွားနေချိန် သူမက ပါးစပ်ဟလိုက်ရာ သူမနောက်ရှိ လေထုသည် ပုံပျက်ရှုံ့တွလာပြီး မကောင်းဆိုးဝါးသရဲကြီးတစ်ကောင်၏ ဧရာမခေါင်းကြီးတစ်လုံး ပေါ်ထွက်လာ၏။ သရဲကြီးက ပါးစပ်ကို ချက်ချင်း ဖွင့််လိုက်ပြီး သင်္ချိုင်းစောင့်ကြီးထံ တဟုန်ထိုး ပြေးတက်လိုက်သည်။
မကောင်းဆိုးဝါးသရဲကြီးက နတ်ဘုရားတစ်ပိုင်းနှင့် ညီမျှသော အတိုက်အခိုက်စွမ်းရည်ကို ထုတ်လွှတ်နေရာ မဟာကောင်းကင်သခင်နှင့် ပတ်ဝန်းကျင်ရှိ လူမှန်သမျှ အံသြတုန်လှုပ်သွားကြ၏။
သို့သော် ဧရာမ မကောင်းဆိုးဝါးသရဲကြီး ပေါ်လာခြင်းက သင်္ချိုင်းစောင့်ကြီးကို ခေါင်းခါသွားရုံသာ ဖြစ်စေခဲ့သည်။ ထို့နောက် သူက အိုမင်းနေသော ညာလက်ကို ဆန့်ထုတ်လိုက်ပြီး သရဲခေါင်းကြီးကို လက်ညိုးထိုးလိုက်သည်။
သက်ရှိသက်မဲ့ အရာခပ်သိမ်းဟူသမျှ တုန်ရီသွား၏။ မကောင်းဆိုးဝါးသရဲကြီးပတ်လည်ရှိ လေထုက ပုံပျက်လာကာ ဧရာမပါးစပ်ကြီးပမာ အရာတစ်ခုကို ဖန်တီးလိုက်ပြီး သရဲကြီးအား ဝါးမျိုလိုက်သည်။
တချိန်တည်းမှာပင် သင်္ချိုင်းစောင့်ကြီးက မန္တန်လက်ကွက်တစ်ကွက်ဖော်လိုက်ပြီး ကလေးမလေးထံ လက်ကို ဝှေ့ယမ်းလိုက်သည်။
" လေ "
သူက ပြောလိုက်သည်။ စကားလုံး တစ်လုံးတည်းသာ ဖြစ်သည့်တိုင် သင်္ချိုင်းစောင့်ကြီးထံမှ ထွက်လာသောအခါ မိုးကောင်းကင်နှင့် မဟာပထဝီမြေကြီး၏ သဘာဝနိယာမတရား စွမ်းအားများ ပါဝင်နေပုံရသည်။ ချက်ချင်းပင် သက်ရှိအရာမှန်သမျှအား ဖျက်စီးပစ်နိုင်စွမ်းရှိသော လေပွေတစ်ခု ကောင်းကင်တစ်ခွင် ပြည့်နှက်သွား၏။
ထိုလေပွေထဲရှိ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားသည် နတ်ဘုရားတစ်ပိုင်းထက်ပင် ကျော်လွန်နေပြီး ကလေးမလေး၏ မျက်နှာကိုပင် ပျက်သွားစေသည်။ ပိုင်ရှောင်ချန်းမှာမူ မျက်လုံးများ ပြူးကျယ်သွားပြီး သင်္ချိုင်းစောင့်ကြီး မည်မျှ လက်ဖျားခါလောက်အောင် စွမ်းအားကြီးသည်ကိုကြည့်ကာ ပင့်သက်ရှိုက်နေတော့သည်။
" ငရဲဧကရာဇ် "
သူက တီးတိုးရေရွတ်လိုက်သည်။
ကြည့်ရှုနေကြသူများအားလုံး၏ တုံ့ပြန်နိုင်စွမ်းကို ကျော်လွန်နေသည့် အားအင်ကြီးမားသော စွမ်းအင်များ ပေါ်ထွက်လာသည်။ သင်္ချိုင်းစောင့်ကြီးက ‘ လေ ' ဆိုသော စကားတစ်ခွန်းကို ရေရွတ်လိုက်သောအခါ တစ်ကမ္ဘာလုံးရှိ လေများအားလုံး ဒေါသအမျက်ချောင်းချောင်း ထွက်နေသည့်အလား။
ကမ္ဘာကြီးက လေဘုံနန်း ဖြစ်သွားကာ သင်္ချိုင်းစောင့်ကြီးက လေမုန်တိုင်း၏ မျက်လုံးဖြစ်သွားပြီး တောင်တန်းများ ပြိုလဲ၍ ပင်လယ်တို့ ခမ်းခြောက်သွားစေနိုင်သော လေပွေကြီးက ကလေးမလေးကို နင်းခြေပစ်လိုက်၏။