ကောင်းကင်နှင့်မြေပြင်တို့၏ မှော်တာအို
Vol. 9 Ch. 836
အဝေးမှနေလျှင် ထိုလေပွေကြီးမှာ ကောင်းကင်တစ်ခုလုံးနီးပါး ပြည့်နှက်နေသည်ကိုမြင်နိုင်ပြီး ကမ္ဘာမြေပြင်ပေါ်ရှိ နေရာတိုင်း ထောင့်စွန်းတိုင်းတွင်လည်း ထစ်ချုန်းသံများကို ကြားနေရသည်။ အောက်ဘက်ရှိ မြေကြီးမှာလည်း တုန်ရီနေသည်။ ထိုမြင်ကွင်းကိုမြင်လိုက်ရသည့် မဟာကောင်းကင်သခင်နှင့် အခြားလူတိုင်းမှာ အလွန်အမင်း တုန်လှုပ်သွားကြရသည်။
လေပွေကြီးမှာ ဒရောသောပါး လှည့်ပတ်နေပြီး ကြည့်ရှုနေသူတိုင်း၏ နှလုံးသားထဲသို့ အကြောက်တရားများကို ရိုက်သွင်းနေတော့သည်။ ကလေးမလေးမှာမူ ကြမ်းတမ်းခက်ထန်သော လှိုင်းများထနေသည့် ပင်လယ်ပြင်ပေါ်ရှိ လှေငယ်လေးတစ်စင်းကဲ့သို့ ဇောက်ထိုးမိုးမျှော် ဖြစ်လုနီးပါး ဖြစ်နေတော့သည်။
ထိုသို့ဖြစ်သွားစေရန် လူတိုင်းက မျှော်လင့်နေကြသည်။ သို့သော်လည်း ထိုအချိန်တွင် ကလေးမလေးသည် သွေးကဲ့သို့နီမြန်းနေသည့်မျက်ဝန်းများဖြင့် ရုတ်တရက်မော့ကြည့်လိုက်သည်။ ထို့နောက် သူမ၏ ပါးစပ်ကို ကျယ်ပြန့်စွာ ဟလိုက်တော့သည်။ သူမ၏ ပါးစပ်သည် တဖြည်းဖြည်းနှင့် အလွန့်အလွန်ကျယ်ပြန့်လာပြီးနောက် မျက်စိတစ်မှိတ်အတွင်း သူမသည် ဧရာမပါးစပ်ပေါက်ကြီးတစ်ပေါက်ပုံစံ ဖြစ်သွားတော့သည်။
ထိုပါးစပ်သည် လေပွေတစ်ခုကဲ့သို့ပြောင်းလဲသွားပြီး ၎င်းထဲမှ ကြောက်မက်ဖွယ် ဆွဲငင်အားတစ်ခု အရပ်မျက်နှာအနှံ့သို့ ပျံ့ထွက်သွားတော့သည်။
ဝုန်း
ထိုဆွဲငင်အားကြီးမှာ သင်္ချိုင်းစောင့်ကြီး၏ လေပွေနှင့် ဆုံတွေ့သွားသောအခါတွင် နားစည်များပင် ကွဲအက်သွားစေနိုင်သည့် အသံတစ်သံ လေထဲတွင် ပြည့်နှက်သွားသည်။ ထို့နောက် လေပွေကြီးမှာ အရှိန်လျော့နည်းသွားပြီး ဘေးဘက်သို့ တိမ်းစောင်းသွားသောအခါ ကလေးမလေးသည် ၎င်းကို ဝါးမျိုရန် ပြင်လိုက်သည်။
ထိုမြင်ကွင်းကို ကြည့်ရှုနေသူများ၏ နှလုံးသားများမှာ တစ်ခဏမျှ ရပ်တန့်သွားပြီး ပိုင်ရှောင်ချန်းမှာလည်း မှင်တက်သွားတော့သည်။ ဤတိုက်ပွဲသည် နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူများထက် များစွာသာလွန်နေသည့် တိုက်ပွဲမျိုးဖြစ်ပြီး သူ၏ဘဝတစ်လျှောက်မြင်ဖူးသမျှအရာအားလုံးထဲတွင် အံ့အားသင့်ဖွယ်အကောင်းဆုံး ဖြစ်နေသည်။ ထိုကလေးမလေးကို သတ်ပစ်ရန် လုံးဝမဖြစ်နိုင်သည့်ပုံစံပေါ်နေပြီး သင်္ချိုင်းစောင့်ကြီးသည်လည်း စွမ်းအားကြီးသိုင်းကွက်ပေါင်းစုံ တတ်မြောက်ထားသည့်ပုံစံ ပေါ်နေသည်။
အနှီကြောက်မက်ဖွယ် ကလေးမလေးသည် သူ ကောင်းကင်တံတားမြစ်ဒေသတွင် ရှိနေစဥ်ကတည်းက သူ့နောက်သို့လိုက်နေခဲ့သည်ဖြစ်ကြောင်း တွေးမိလိုက်သောအခါ သူသည် အလွန်အမင်း ထိတ်လန့်သွားပြီး လမ်းတစ်လျှောက်လုံးတွင် ဆိုးဆိုးရွားရွား ဖြစ်ရပ်များနှင့် မကြုံတွေ့ခဲ့ရသည့်အတွက် စိတ်အေးသွားရသည်။
" သူ့ကိုအရင်တုံးက အများကြီး မစော်ကားမိတာ တော်သေးတယ်။ ငါသာ စော်ကားခဲ့မိလို့ကတော့ သူက ငါ့ကို လွယ်လွယ်လေးသတ်လိုက်လို့ရတယ် "
သူသည် ကြောက်ကြောက်လန့်လန့်နှင့် တုန်ရီနေစဥ် လေထဲတွင် ပြင်းထန်ကျယ်လောင်သော အသံများဖြင့် ပြည့်နှက်နေတော့သည်။ ယခုအခါ လေပွေကြီးမှာ လုံးဝပြိုကွဲသွားပြီဖြစ်ပြီး ကလေးမလေး၏ ဝါးမျိုခြင်းကို ခံလိုက်ရပြီဖြစ်သည်။
ဘေးနားမှ ကြည့်ရှုနေကြသူများမှာ မျက်နှာပျက်သွားကြသည်။ သို့သော် သင်္ချိုင်းစောင့်ကြီးမှာ သူ့အတွက် အထူးအဆန်း မဟုတ်သည့်အလား သက်ပြင်းသာချလိုက်သည်။ ထို့နောက် သူ၏လက်ချောင်းကို ဝှေ့ယမ်းလိုက်ပြီး ရှေးကျသော လေသံကြီးဖြင့် ဆိုလိုက်ပြန်သည်။
" မိုး "
၎င်းမှ ရိုးရှင်းသော စကားတစ်လုံးထဲသာ ဖြစ်သည်။ သို့သော် သူ၏နှုတ်မှ ထိုစကားသံထွက်လာသည်နှင့် မရေမတွက်နိုင်သော တိမ်မည်းများ ဖြစ်တည်လာပြီး မြေရိုင်းဒေသတစ်ခုလုံးကို အုပ်မိုးသွားတော့သည်။
ထိုတိမ်မည်းများထဲတွင် လျှပ်စီးများ လုံးဝမပါပဲ ရေများသာ ပါဝင်နေသည်။
အထက်ကောင်းကင်ယံတွင် ရှိသော ဧရာမဘီလူးတစ်ကောင်သည် ရေပုံးကြီးတစ်ပုံးကို သွန်ချလိုက်သည့်အလား ပဲစေ့အရွယ်အစားခန့်ရှိသော မိုးရေစက်ကြီးများကျဆင်းလာသည်။ တစ်ခဏလေးအတွင်း တစ်ကမ္ဘာလုံးတွင် မိုးများ သဲကြီးမဲကြီး ရွာသွန်းနေတော့သည်။
ထိုအပြင် ၎င်းမှာ သာမန်မိုးမဟုတ်ပဲ မှော်မိုးဖြစ်သည်။
ထိုမိုးထဲတွင် နတ်ဘုရားစွမ်းရည် သို့မဟုတ် မှော်အတတ်တို့တမျှ အံ့မခန်းစွမ်းအားများပါဝင်နေသည်။ မိုးရေစက်များမှာ များပြားလွန်းလှ၍ ရှင်းရှင်းလင်းလင်း မမြင်နိုင်တော့ပေ။ ၎င်းတို့တွင် ပါဝင်နေသည့်စွမ်းအင်များကို ခံစားမိလိုက်ရုံနှင့် ပိုင်ရှောင်ချန်းမှာ မျက်လုံးပြူးသွားတော့သည်။
" အံ့..အံ့သြစရာ ကောင်းလှပါလား " သူတစ်ယောက်ထဲသာ တုန်လှုပ်နေရသည်တော့ မဟုတ်ပေ။ မဟာကောင်းကင်သခင်နှင့် အခြားစွမ်းအားကြီး ကျင့်ကြံသူများအားလုံးက သင်္ချိုင်းစောင့်ကြီး၏ မိုးရေမှာ အလွန်ကြောက်မက်ဖွယ်ကောင်းလောက်အောင် စွမ်းအားကြီးမားနေသဖြင့် အလွန်အမင်း အံ့အားသင့်နေရသည်။
ကလေးမလေးမှာ မျက်နှာပျက်သွားတော့သည်။ ထိုမိုးရေကြောင့် သူမသည် ကြီးမားသော အန္တရာယ်ကြီးတစ်ခုကို ခံစားလိုက်ရပြီး ချက်ချင်းပင် နောက်သို့ ဆုတ်ခွာသွားတော့သည်။ သို့သော် သူမ မည်မျှပင် လျှင်မြန်စေကာမူ ထိုမိုးရေထံမှ မလွတ်မြောက်နိုင်ပေ။
ထိုမိုးရေစက်ကလေးတစ်စက်ပင် မြေပြင်ပေါ်သို့ မကျဆင်းသွားပေ။ မိုးရေစက်တိုင်းမှာ လေထဲတွင် ရစ်ပတ်၍ ကလေးမလေးဆီသို့ ဦးတည်သွားကြသည်သာ ဖြစ်သည်။
သူမသည် လက်နှစ်ဖက်သုံး၍ မန္တန်လက်ကွက်တစ်ခု ဖော်လိုက်သောအခါ အကာအကွယ် ဒိုင်းကာတစ်ခု ပေါ်ထွက်လာသည်။ ထို့နောက် မရေမတွက်နိုင်သော မိုးရေစက်များမှာ ထိုဒိုင်းကာနှင့် ရိုက်ခတ်မိသွားသောအခါ ဧရာမဗုံကြီးတစ်လုံးကို တီးနေသကဲ့သို့ ကျယ်လောင်သော အသံများ မြည်ဟည်းလာတော့သည်။
ထိုအသံမှာ တဖြည်းဖြည်း ကျယ်လောင်လာပြီး မိုးစက်များမှာလည်း ပို၍သည်းထန်စွာ ကျဆင်းလာတော့သည်။ မကြာမီ ထိုမိုးရေစက်များမှာ အစိုင်အခဲ အရွက်တစ်ခုပုံစံအသွင် စုဝေးသွားကြပြီး တိုက်ခိုက်ရန် ရှေ့သို့ ဦးတည်သွားကြတော့သည်။
ကလေးမလေး၏ ပတ်ပတ်လည်တွင် ရေလုံးတစ်လုံး ဖြစ်တည်စပြုလာသဖြင့် သူမ၏အမူအရာ ပြောင်းလဲသွားသည်။ သူမ၏ အကာအကွယ်များသည် ပျက်ဆီးနေပြီဖြစ်ပြီး ရေလုံးကြီးမှာ ပို၍ကြီးမားလာကာ ရေများဖြင့် ပို၍ ပြည့်ဝလာနေပြီဖြစ်သည်။
မီတာသုံးရာ၊ မီတာသုံးထောင်၊ မီတာ တစ်သောင်းငါးထောင်။
အဝေးမှကြည့်လျှင် ထိုကြောက်မက်ဖွယ် ရေလုံးကြီးမှာ ကလေးမလေးကို ဝန်းရံ၍ သူမ၏ အကာအကွယ်များကို ချိုးဖျက်ကာ အချိန်နှင့် အမျှ ကြီးမားလာနေသည်ကို မြင်နိုင်သည်။
ပိုင်ရှောင်ချန်းမှာ ခဲယဥ်းစွာ အသက်ရှူနေရတော့သည်။ ကလေးမလေး၏ အကာအကွယ်ဒိုင်းကာအားလုံးမှာ ပျက်ဆီးလုနီးပါးဖြစ်နေပြီး ဘေးနားတွင်ကြည့်ရှုနေကြသူများအားလုံးမှာလည်း စိတ်လှုပ်ရှားနေကြပြီဖြစ်သည်။ သို့သော် ထိုအချိန်တွင် ကလေးမလေး၏ မျက်နှာမှာ တွန့်လိမ်ရှုံ့တွသွားပြီး သူမသည် ဓားတစ်လက်အသွင် ပြောင်းလဲသွားတော့သည်။
ထိုဓားမှာ အလွန့်အလွန် ရှေးကျလွန်းလှပြီး ၎င်း၏မျက်နှာပြင်ပေါ်တွင် သံချေးများပင် တက်နေသည်။ ၎င်းသည် သာမန်ဟုထင်ရသော်လည်း ပေါ်ထွက်လာသည်နှင့် တပြိုက်နက် ရေစက်လုံး၏မျက်နှာပြင်တစ်လျှောက်တွင် ကြီးမားသော လှိုင်းလုံးကြီးများ ထလာတော့သည်။
ပိုင်ရှောင်ချန်းမှလွဲ၍ ထိုနေရာတွင်ရှိနေသူတိုင်းမှာ ထိုဓားကို မသိကြပေ။ ပိုင်ရှောင်ချန်းမှာမူ ၎င်းကိုမြင်လိုက်ရသည်နှင့် မျက်လုံးများ ပြူးသွားရတော့သည်။
" မြေခဓားပဲ "
သူက တအံ့တသြ အော်ဟစ်လိုက်သည်။ ပိုင်ရှောင်ချန်း ကောင်းကင်တာအို အခြေခိုင်မာခြင်းအဆင့်သို့ ရောက်ရှိခဲ့စဥ်က သူသည် ကောင်းကင်တံတားမြစ်၏ အရှေ့အောက်ပိုင်းဒေသရှိ ဧရာမဓားကြီးတစ်ချောင်းထဲတွင် ရှိနေခဲ့သည်။
ဤထူးဆန်းသော ကလေးမလေးမှာ ထိုနေရာတွင် ပထမဆုံးအကြိမ် ပေါ်ပေါက်လာခဲ့ခြင်းလည်း ဖြစ်သည်။
ယခုဓားမှာ သူပထမဆုံးအကြိမ် မြင်ခဲ့စဥ်ကထက် အလွန်သေးငယ်နေပါသော်လည်း ပိုင်ရှောင်ချန်းမှာ ချက်ချင်း သတိထားမိလိုက်သည်။ သူ၏နှုတ်မှ ထိုစကားသံများ ထွက်လာသောအခါတွင် မြေခဓားပုံစံဖြစ်နေသော ကလေးမလေးမှာ တစ်ပတ်လှည့်လိုက်ပြီး သူမ၏ ပျက်ဆီးနေပြီဖြစ်သော လက်ကျန်ဒိုင်းကာများကိုဖြတ်၍ ရေစက်လုံးကြီးအား ခုတ်ထစ်လိုက်တော့သည်။
ထိုအခါ ရေစက်လုံးကြီးမှာ ပြိုကွဲသွားပြီး အုန်းခနဲအသံကြီးတစ်သံ ကျယ်လောင်စွာ ပေါ်ထွက်လာသည်။ မရေမတွက်နိုင်သော မိုးရေစက်များစွာ ကျဆင်းလာပြီး အောက်ဘက်ရှိ မြေပြင်ပေါ်တွင် မြူခိုးများနှင့်အတူ ပြည့်နှက်သွားတော့သည်။ ကလေးမလေးမှာမူ ယခင်ကထက် သိသိသာသာ အားနည်းသွားပြီး မြေခဓားပုံစံကို ကြာကြာမထိန်းနိုင်လိုက်ပေ။ ရစ်ပတ်နေသည့် မြူခိုးများ၏ အလယ်တွင် သူမသည် သူမ၏ သာမန်ပုံပန်းသွင်ပြင်သို့ လျင်မြန်စွာ ပြန်၍ပြောင်းလဲသွားပြီး အော်ဟစ်မြည်တမ်းလိုက်လေသည်။
" သင်္ချိုင်းစောင့်ကြီး၊ ငါက သတ်လို့မရတဲ့ ဝိညာဥ်တစ်ကောင်ကွ။ မင်းကမှငါ့ကို မသုတ်သင်နိုင်မှတော့ ငါကမင်းကို ဒီနေရာမှာပဲ အခုချက်ချင်း ဝါးမျိုရတာပေါ့ကွာ "
ဘေးနားရှိကြည့်ရှုနေကြသူများမှာ မျက်နှာပျက်သွားကြပြီး ပိုင်ရှောင်ချန်းမှာလည်း တုန်ရီစပြုလာတော့သည်။ သူသည် ထွက်ပြေးရန်ပင် တွေးတောလိုက်သေးသည်။ ထိုစဥ် ကမ္ဘာကြီးတွင် ပြည့်နှက်နေသည့် မြူခိုးများမှာ ကလေးမလေး၏ ထိန်းချုပ်မှုအောက်တွင် ရောက်နေသည့်အလား သူမထံသို့ ပြေးသွားကြတော့သည်။
သူမအပေါ်တွင် မြူခိုးပင်လယ်တစ်စင်းအဖြစ်သို့ အံ့အားသင့်ဖွယ်ကောင်းလောက်အောင် စုစည်းသွားကြပြီး တဖြည်းဖြည်းနှင့် ဧရာမ သရဲဦးခေါင်းကြီးတစ်လုံးပုံစံ ပေါ်လာတော့သည်။
ထိုဦးခေါင်းမှာ မြူခိုးများစုဝေးရာမှ ပေါ်ထွက်လာသည်ဖြစ်သော်လည်း အလွန်အသက်ဝင်လှပြီး ကြောက်မက်ဖွယ်ကောင်းသော အမူအရာနှင့် ကွေးညွှတ်နေသည့် ဦးချိုများကို ပိုင်ဆိုင်ထားသည်။ ထို့အပြင် အနီးကပ်ကြည့်ရှုလိုက်ပါက ၎င်းမှာ ကလေးမလေး၏ပုံစံနှင့် တစ်မျိုးတစ်ဖုံ ဆင်တူနေသည်ကို တွေ့နိုင်သည်။ မကြာသေးမီက ဧရာမဓားကြီးကဲ့သို့ပင် ၎င်းမှာ ကောင်းကင်ကြီးတွင် ပြည့်နှက်သွားပြီး နေလုံးကိုဖုံးကွယ်၍ အောက်ဘက်ရှိမြေပြင်ကိုငုံ့ကြည့်ကာ ပါးစပ်မှနေ၍ အသက်ရှူသွင်းလိုက်တော့သည်။
ထိုအခါ ကောင်းကင်ယံမှာ တွန့်လိန်ကောက်ကွေးသွားပြီး မြေပြင်များမှာ လူးလွန့်နေတော့သည်။ ထိုဧရာမ သရဲခေါင်းကြီး၏ ပါးစပ်ထဲသို့ ရှိသမျှ အရာအားလုံး စုပ်ယူခံရတော့မည့်အလား။ အချို့သောသူများဆိုလျှင် သူတို့၏ ခန္ဓာကိုယ်များကို မထိန်းချုပ်နိုင်တော့ပဲ အလိုအလျောက် ရွေ့လျားနေကြောင်း ခံစားလိုက်သဖြင့် ပိုင်ရှောင်ချန်းမှာ လုံးဝ မှင်တက်မိနေတော့သည်။
မဟာကောင်းကင်သခင်နှင့် အခြား နတ်ဘုရားတစ်ပိုင်းအဆင့် ကျင့်ကြံသူများပင်လျှင် တုန်လှုပ်သွားကြရသည်။
သို့သော် သင်္ချိုင်းစောင့်ကြီးမှာ ခေါင်းကိုသာယမ်းလိုက်ပြီး သူတစ်ယောက်သာ ကြားရသော လေသံဖြင့် ရေရွတ်လိုက်လေသည်။
" မင်းရဲ့ မျက်နှာကို ဖုံးကွယ်ထားတုံးပဲလား "
သူက ထိုသို့ဆိုကာ ညာလက်ဖြင့် မန္တန်လက်ကွက်တစ်ခု ဖော်လိုက်ပြီး သူ၏လက်ချောင်းကို ထပ်မံ ဝှေ့ယမ်းလိုက်ပြန်သည်။
" လျှပ်စီး "
သူ၏ နှုတ်မှ ထိုစကားသံထွက်သွားသည်နှင့် တောက်ပသော အနီရောင်လျှပ်စီးတန်းတစ်တန်းမှာ တွန့်လိမ်နေသည့် ကောင်းကင်ယံထဲတွင် ချက်ချင်းပင် ပေါ်ထွက်လာသည်။ ၎င်းပေါ်လာသည်နှင့် တပြိုင်နက် နောက်ထပ်တစ်ခုလည်း ဆက်တိုက် ပေါ်ထွက်လာတော့သည်။
တစ်ခဏလေးအတွင်းမှာပင် လျှပ်စီးတန်း သုံးတန်းပေါ်ပေါက်လာသည်။ ထို့နောက် အခုတစ်ရာ၊ ထို့နောက် အခုတစ်သောင်း၊ ၎င်းတို့၏နောက်တွင် မည်သည့်အသံမှ လိုက်မလာပေ။ သို့သော် ၎င်းတို့မှာ အလွန်သိပ်သည်းထူထပ်နေသည့်အတွက် မကြာသေးမီက မိုးရေစက်များနှင့် တထေရာထဲ တူနေတော့သည်။ ၎င်းတို့ထံမှ ပေါ်ထွက်လာသည့် အနီရောင်အလင်းရောင်များဖြင့် တစ်ကမ္ဘာလုံးမှာ ဖြေးညင်းစွာဖြင့် ထွန်းလင်းတောက်ပနေတော့သည်။
ထို့နောက် ထိုမရေမတွက်နိုင်သော အနီရောင် လျှပ်စီးတန်းများမှာ ကလေးမလေး ဖန်ဆင်းထားသည့် မြူခိုးသရဲကြီးဆီသို့ ဦးတည်၍ ပစ်ခတ်သွားလေသည်။ ပိုင်ရှောင်ချန်း မော့ကြည့်လိုက်သောအခါ လျှပ်စီးတန်းများမှ ဖြစ်ပေါ်လာသည့် လက်ကြီးတစ်ဖက်မှာ ထိုဧရာမ သရဲဦးခေါင်းကြီးထံသို့ ဆန့်တန်းသွားနေသည်ကို မြင်လိုက်ရလေသည်။