← Chapters

အခန်း (၃၀၃)

Vol. 28 Ch. 303

အခန်း (၃၀၃)

Vol. 28 Ch. 303

📝အပိုင်း - ၃၀၃

ဘာသာပြန် - Na Gar🐉

"ရိက္ခာတွေ ထပ်သိမ်းဦးမှာလား"

ဝမ်ဖုန်းက မျက်နှာပျက်ပျက်ဖြင့် ပြောလိုက်သည် "ဒူပေါင်ကျုံး... လွန်ခဲ့တဲ့ လအနည်းငယ်ကတင် မင်းတို့က ငါတို့ မေကျိီမြို့နယ် ကျီထဲမှာရှိတဲ့ ရိက္ခာအားလုံးကို စင်ဟွားခရိုင်ဆီ သယ်သွားခဲ့ကြပြီးပြီလေ။ အခု ငါတို့ဆီမှာ ဘယ်မှာ ရိက္ခာကျန်တော့မှာလဲ"

"စကားများမနေနဲ့တော့"

ဒူပေါင်ကျုံးက စိတ်မရှည်စွာဖြင့် ပြောလိုက်သည် "စစ်ဆေးရေးမှူးဝမ်

ဒါရှန်တပ်တွေက ငါတို့တံခါးဝအထိ ရောက်နေပြီ။ ရိက္ခာမရှိဘဲ ငါတို့မြို့ကို ဘယ်လိုကာကွယ်မလဲအကယ်လို့ စင်ဟွားခရိုင်မြို့ကြီးသာ ကျသွားရင် မင်းတို့လို မြို့နယ်လေးတွေက တောင့်ခံနိုင်မယ် ထင်နေလို့လား ဒါရှန်လူမျိုးတွေက ရက်စက်ကြတယ် သူတို့သာ ငါတို့ပိုင်နက်ထဲကို အလုံးအရင်းနဲ့ ဝင်လာပြီး ယောက်ျား မိန်းမ၊ လူကြီး လူငယ်မကျန် အကုန်သတ်ဖြတ်တော့မယ်ဆိုရင် ဒီရိက္ခာအနည်းငယ်က ဘာအရေးပါတော့မှာလဲ"

"ဟူး~"

ဝမ်ဖုန်းက သက်ပြင်းအရှည်ကြီး ချလိုက်မိသည်။ ပြန်လည်ချေပဖို့ အကြောင်းပြချက် ရှာမရတော့ပေ"မကြာသေးခင်ကမှ ငါတို့တွေ အရပ်သားတွေဆီကနေ ရိက္ခာတင်း ရာဂဏန်းလောက်ကို အတင်းအကျပ် သိမ်းထားတာ ရှိတယ်။ မြို့နယ်အစိုးရရဲ့ ရိက္ခာကျီထဲမှာ ရှိတယ်၊ မင်းသွားယူလိုက်တော့"

ဒူပေါင်ကျုံးက သံသယဖြင့် မေးသည် "တင်း ရာဂဏန်းပဲလား"

"အဲဒါတောင် လူတွေရဲ့ နောက်ဆုံးလက်ကျန် ရိက္ခာတွေလေ"

စစ်ဆေးရေးမှူးဝမ်က အားကိုးရာမဲ့စွာ ပြောရှာသည်"မြို့ထဲမှာ လူတွေ နေ့တိုင်း ငတ်သေနေကြတာ။ သိုင်းပညာခန်းမတွေရော၊ သူဌေးတွေရော ဘယ်သူမှ ထပ်ပြီး မလှူချင်ကြတော့ဘူး။ တင်း လေးရာဆိုတာတောင် တော်တော်များနေပြီ၊ ငါတို့ဆီမှာ အဲဒီထက် ပိုပြီးတော့ တကယ်ကို မရှိတော့တာ"

"ကောင်းပြီလေ"

ဒူပေါင်ကျုံးက ထပ်ပြီး ဖိအားမပေးတော့ဘဲ သူ့လူတွေကို ရိက္ခာတင်း လေးရာ တင်ခိုင်းလိုက်ပြီး မြို့ထဲကနေ အလျင်အမြန် ထွက်ခွာသွားတော့သည်။

"ဒူပေါင်ကျုံး... မေကျိီမြို့နယ်ကို စစ်သားတချို့လောက် လွှတ်ပေးနိုင်မလား"

ဝမ်ဖုန်းက နောက်ကနေ လှမ်းမေးသည်"ငါတို့ဆီမှာ လူအင်အား တကယ်ကို နည်းလွန်းလို့။ အကယ်လို့ ဒါရှန်တပ်တွေ တိုက်လာရင် ငါတို့ ဘယ်လိုမှ ခုခံနိုင်မှာ မဟုတ်ဘူး။ မြို့ထဲမှာ လူပေါင်း တစ်သောင်းနီးပါး ရှိနေတာလေ"

"စိတ်မပူပါနဲ့။ ဒါရှန်တပ်တွေက စင်ဟွားခရိုင် မြို့ပြင်မှာပဲ ရှိနေတာ။ ပြီးတော့ ဘယ်သူကများ ဝဝလင်လင် စားပြီးမှ မင်းတို့လို လူသူမနီးတဲ့ မေကျိီမြို့နယ်ကို လာတိုက်နေမှာလဲ"

ပြောပြီးသည်နှင့် ဒူပေါင်ကျုံးသည် နောက်လှည့်မကြည့်ဘဲ ရိက္ခာများကို ဆက်လက်သယ်ဆောင်သွားတော့သည်။

"ငရဲလားပါစေ"

ဝမ်ဖုန်းက နောက်ကနေ ကျိန်ဆဲလိုက်သည် "သူတို့သိတာဆိုလို့ ငါတို့ရိက္ခာတွေကို လုယူဖို့ပဲ၊ ငါတို့ အသက်ရှင်မရှင်ဆိုတာကိုတော့ စိုးစဉ်းမျှ ဂရုမစိုက်ကြဘူး"

သူသည် မြို့ရိုးပေါ်သို့ တက်ကာ သက်ပြင်းတရှုံ့ရှုံ့ ချနေမိသည်။

စစ်ပွဲနဲ့ ကသောင်းကနင်း အခြေအနေ၊ နေရာအနှံ့မှာ အလောင်းတွေပဲ

ဒါပေမဲ့ ဒီတိုက်ပွဲကို တိုက်ကိုတိုက်ရမည်။ ရန်သူ့ကျူးကျော်မှုဆိုတာ ဓားပြတွေနဲ့ မခြားပေ။ မြို့ကျသွားသည်နှင့် စစ်သည်တွေက အရင်ဆုံး အသတ်ခံရမည်ဖြစ်ပြီး နောက်မှ မြို့သူမြို့သားတွေ ဒုက္ခရောက်ကြမည်။ မခုခံနိုင်ရင်တောင်မှ တောင့်ခံထားရမည်သာ။

လေရှန်းခရိုင်နဲ့ တခြားနေရာတွေက ဒါကို ပြသနေတဲ့ သက်ရှိထင်ရှား သာဓကတွေပဲ ဖြစ်သည်။

"ဒုန်း ဒုန်း ဒုန်း—"

"မင်းတို့ ဘာလို့ ပြန်လာကြတာလဲ"

ဝမ်ဖုန်းမှာ မျက်လုံးအပြူးသားဖြင့် ကြည့်နေမိသည်။ ခုနကတင် ထွက်သွားတဲ့ ဒူပေါင်ကျုံးနဲ့ သူ့လူတွေဟာ ထိတ်လန့်တုန်လှုပ်စွာဖြင့် ပြန်ပြေးလာကြပြီး ခုနက သယ်သွားတဲ့ ရိက္ခာတွေလည်း မပါတော့ပေ။

သူက အလျင်အမြန် မေးလိုက်သည် "ဒူပေါင်ကျုံး... ဘာဖြစ်လို့လဲ"

"မြို့တံခါးကို ဖွင့်စမ်း မြန်မြန်"

ဒူပေါင်ကျုံးက ကြောက်လန့်တကြား အော်ဟစ်သည် "ဒါရှန်တပ်တွေ... ဒါရှန့်စစ်တပ်ကြီး ရောက်လာပြီ"

"မင်းပဲ ခုနက မေကျိီမြို့နယ်ကို ဘယ်သူမှ မတိုက်ဘူးလို့ ပြောခဲ့တယ်

မဟုတ်လား"

ဝမ်ဖုန်း၏ မျက်နှာမှာ သေလူကဲ့သို့ ဖြူလျော်သွားသည် "လူအင်အား ဘယ်လောက်လဲ"

"သုံးထောင်ကျော်တယ်၊ ပြီးတော့ သူတို့က ဒါရှန်အင်ပါယာရဲ့ အထူးရွေးချယ်ထားတဲ့ အနက်ရောင်သံချပ်ကာတပ်ဖွဲ့ တွေပဲ"

ဒူပေါင်ကျုံး၏ အသံမှာ တုန်ရီနေသည် "ခေါင်းဆောင်က ချန်ဆိုတဲ့ အလံကို ကိုင်ထားတဲ့ လှံရှည်ကိုင် ဗိုလ်ချုပ်လူငယ်လေးတစ်ယောက်ပဲ။ သူတို့ နောက်ထပ် လီ ၂၀ အကွာကို ရောက်နေပြီ၊ တံခါးဖွင့်ပြီး လူတွေအားလုံးကို ကူညီဖို့ မြို့ရိုးပေါ် တက်ခိုင်းလိုက်တော့"

"ဒေါင် ဒေါင် ဒေါင်—"

မေကျိီမြို့နယ်၏ လမ်းကြားလမ်းကြားများတွင် မောင်းသံများ ဟိန်းထွက်သွားသည်။

အခြေအနေက အလွန်အမင်း အရေးကြီးနေသဖြင့် လူအများအပြား စုမိရန် အချိန်မရသလို၊ မြို့ရိုးကာကွယ်ဖို့ သစ်တုံးတွေ၊ အကာအကွယ်ပစ္စည်းတွေ ပြင်ဆင်ဖို့လည်း အချိန်မရှိပေ။ သူတို့သည် မီးဖိုချောင်သုံးဓားများ၊ ပေါက်ပြားများ၊ ကျောက်တုံးများနှင့် အုတ်ခဲများကိုသာ ဆုပ်ကိုင်ထားကြရသည်။ အခြေခံအားဖြင့်တော့ ဘာသတ်ဖြတ်နိုင်စွမ်းမှ မရှိကြပေ။

"အနက်ရောင်သံချပ်ကာတပ်ဖွဲ့ လူသုံးထောင်"

ဝမ်ဖုန်းမှာ စိုးရိမ်တကြီးဖြင့် ခြေဆောင့်နေမိသည်"အထူးတပ်ဖွဲ့ဝင် သုံးထောင်၊ ပြီးတော့ ခေါင်းဆောင်က အနည်းဆုံး မဟာသွေးကြောအဆင့်ရှိမှာပဲ— ဘယ်လိုဖြစ်ပြီး... ဘယ်လိုဖြစ်ပြီး သူတို့က ငါတို့ဆီကို ရောက်လာရတာလဲ"

"ဘာဖြစ်ရဦးမှာလဲ"

ဒူပေါင်ကျုံးက ဆိုသည်"အငြိုးဖြေဖို့ပေါ့ ဘယ်လောက်ပဲ ဆင်းရဲတဲ့နေရာဖြစ်ဖြစ် ငွေနဲ့ မိန်းမတော့ ရှိတာပဲ မဟုတ်လား၊ ဒါရှန်တပ်တွေ ကျူးကျော်တာက ဒါတွေအတွက်ပဲ မဟုတ်လား"

ဝမ်ဖုန်း၏ မျက်လုံးများမှာ ဒေါသမာန်များဖြင့် ပြည့်လျှံသွားပြီး သူ၏ စစ်ဓားကို ပြတ်သားစွာ ဆွဲထုတ်လိုက်သည် "ညီအစ်ကိုတို့ ဒီနေ့ ငါတို့အားလုံး သေကျေပျက်စီးသွားမယ်ဆိုရင်တောင် ဒါရှန်တပ်တွေကို မြို့ထဲ တစ်လှမ်းမှ အဝင်မခံနိုင်ဘူး"

"ဓားပြတွေကို သတ်ကြ"

"အသေခံတိုက်မယ်"

"..."

မေကျိီမြို့နယ်မှ စစ်သည်များမှာ ဒေသခံ တပ်ဖွဲ့ဝင်များသာ ဖြစ်ကြပြီး သူတို့၏ လက်များ တုန်ရီနေသော်လည်း မလွဲမရှောင်သာဘဲ အားတင်းကာ လက်နက်များကို မြှောက်ကိုင်လိုက်ကြသည်။

အဝေးမှနေ၍ မြင်းခွာသံများ တုန်ဟည်းလာသည်ကို ကြားလိုက်ရသည်။

မကြာမီမှာပင် အနက်ရောင်သံချပ်ကာတပ်ဖွဲ့ ဆိုသည့် လှိုင်းလုံးကြီးမှာ မြို့တံခါးအပြင်ဘက် အလှမ်းငါးရာအကွာတွင် ပေါ်လာပြီး စစ်ဗျူဟာခင်းလိုက်ကြသည်။

မထင်မှတ်ထားသည်မှာ သူတို့သည် မြို့ကို တိုက်ရိုက် စီးနင်းတိုက်ခိုက်ခြင်း မပြုကြပေ။

ယင်းအစား ဗိုလ်ချုပ်တစ်ဦးကို မြို့ရိုးအနီးသို့ စေလွှတ်ကာ အော်ဟစ်ပြောဆိုခိုင်းလိုက်သည်။

"မေကျိီမြို့နယ်က လူတွေ နားထောင်ကြစမ်း"

"ငါတို့က ဒါရှန်အင်ပါယာရဲ့ ဟိုင်ယွမ်ဗိုလ်ချုပ်ကြီး ချန်ဆန်းရှီ ရဲ့ လက်အောက်ခံ အနက်ရောင်သံချပ်ကာတပ်ဖွဲ့ ဖြစ်တယ်။ မင်းတို့ကို အညံ့ခံဖို့ လာပြောတာပဲ"

"မင်းတို့သာ မြို့တံခါးကိုဖွင့်ပြီး လိမ်လိမ်မာမာ အညံ့ခံမယ်ဆိုရင် ငါတို့ ဗိုလ်ချုပ်ကြီးချန်က အရပ်သားတွေရဲ့ ဆံပင်တစ်ပင်တောင် အထိခိုက်မခံစေရဘူးလို့ အာမခံတယ်။ ပြီးတော့ မင်းတို့ကို ရိက္ခာတွေပါ ဝေပေးမယ်"

"အဲဒီလိုမှမဟုတ်ဘဲ"

"ငါတို့ရဲ့ စေတနာကို နားမလည်ဘဲ ခေါင်းမာမာနဲ့ ဆက်ပြီးခုခံနေမယ်ဆိုရင်တော့ မြို့ကျသွားတာနဲ့ တစ်ယောက်မှ အသက်ချမ်းသာပေးမှာ မဟုတ်ဘူးယောက်ျား၊ မိန်းမ၊ လူကြီး၊ လူငယ် အကုန်လုံးပဲ"

"ဘယ်လမ်းကို ရွေးမလဲဆိုတာ ကိုယ့်ဘာသာ ဆုံးဖြတ်ကြ"

"..."

မြို့ရိုးပေါ်တွင်...

ဝမ်ဖုန်းနှင့် တခြားသူများမှာ ထိုစကားကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။

သူတို့သည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။

"ဒါ တကယ်ပဲလား"

"မြို့ကို သွေးချောင်းစီးအောင် မလုပ်ဘူးဆိုရင်တင် ကျေးဇူးတင်လှပြီ၊ အခုတော့ ဆံပင်တစ်ပင်တောင် မထိခိုက်စေရဘူးတဲ့"

"ပြီးတော့ ရိက္ခာတွေပါ ဝေပေးဦးမယ် ဟုတ်လား"

"မဖြစ်နိုင်တာ၊ ဒါက သိသိသာသာ လိမ်နေတာပဲ"

ဒူပေါင်ကျုံးက သွားကြိတ်လျက် အော်ဟစ်သည်"ဒါရှန်လူမျိုးတွေက စစ်တိုက်ဖို့ လာတာလား၊ ဒါမှမဟုတ် ကုသိုလ်ကောင်းမှု လာလုပ်နေတာလားလို့ မင်းတို့ ထင်နေကြတာလား"

"နေဦး အဲဒီလူ ခုနက ဘာပြောလိုက်တာလဲ၊ သူတို့ရဲ့ ခေါင်းဆောင်က ချန်ဆန်းရှီ ဟုတ်လား"

ဝမ်ဖုန်းက သတ္တိမွေးကာ လှမ်းအော်လိုက်သည် "မင်းတို့ရဲ့ ခေါင်းဆောင်က ဘယ် ချန်ဆန်းရှီ လဲ"

"တခြား ဘယ် ချန်ဆန်းရှီ ရှိဦးမှာလဲ"

ရှာချုံက ယုံကြည်မှုအပြည့်ဖြင့် ကြေညာလိုက်သည် "ဟုန်ကျဲမြစ်ကိုဖြတ်ကျော်ပြီး အရပ်သားတွေကို မြစ်တစ်ဖက်ကမ်းအထိ ဦးဆောင်ကယ်တင်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး ချန်ဆန်းရှီ ပေါ့"

အရပ်သားတွေကို မြစ်တစ်ဖက်ကမ်းအထိ ဦးဆောင်ကယ်တင်ခဲ့တဲ့ ချန်ဆန်းရှီ..

မြို့ရိုးပေါ်က လူတွေဟာ ရုတ်တရက် စိတ်လှုပ်ရှားစွာဖြင့် ဆူညံသွားကြတော့သည်။

အရပ်သားတွေကို မြစ်တစ်ဖက်ကမ်းအထိ ကယ်တင်ခဲ့တဲ့ ပုံပြင်ဟာ တစ်နှစ်ကျော်ကြာ တစ်ပြည်လုံးမှာ ပျံ့နှံ့နေခဲ့တာဖြစ်ပြီး လက်ဖက်ရည်ဆိုင်တွေနဲ့ အရက်ဆိုင်တွေက ပုံပြောကောင်းသူတွေရဲ့ အကြိုက်ဆုံး အပိုင်းတစ်ခု ဖြစ်ခဲ့သည်။

တိုက်ပွဲက အရမ်းခက်ခဲလွန်းလို့ မဟုတ်ပေ။

မိမိအသက်ကို အန္တရာယ်ဖြစ်စေနိုင်တဲ့ကြားက အရပ်သားတွေကို အရင်ဆုံး ဘေးကင်းအောင် ပို့ဆောင်ပေးခဲ့တဲ့ ဗိုလ်ချုပ်တစ်ဦးဆိုတာ ခေတ်အဆက်ဆက် မရှိခဲ့ဖူးတဲ့ ကိစ္စဖြစ်လို့ပင်။

စစ်သားမိသားစုတွေအတွက်တော့၊

ဟုန်ကျဲမြစ်ကို ဖြတ်ကျော်ခဲ့တာက မကြုံစဖူး ကြီးကျယ်တဲ့ အောင်မြင်မှု ဖြစ်ကောင်းဖြစ်နိုင်သော်လည်း၊

သာမန်အရပ်သားတွေအတွက်တော့၊

သူတို့ကို မြစ်တစ်ဖက်ကမ်းအထိ ကယ်တင်ပေးခဲ့တဲ့ အပြုအမူက ပိုပြီး အမှတ်ရထိုက်တာ ဖြစ်သည်။

တခြားသူတွေရဲ့ စကားကိုတော့ သူတို့ မယုံကြပေ။

ဒါပေမဲ့ သူ့ပြည်သူတွေကို ကိုယ့်သားသမီးတွေလို ချစ်မြတ်နိုးတဲ့ ချန်ဆန်းရှီလို ဗိုလ်ချုပ်တစ်ယောက်ရဲ့ စကားကရော မှန်နိုင်မလား။

"ချန်ဆန်းရှီ ဘယ်မှာလဲ"

ဝမ်ဖုန်းက သူ့အားရှိသမျှ အော်လိုက်သည် "ငါတို့ သူ့ကို တွေ့ချင်တယ်"

All Chapters