အခန်း (၃၀၇)
Vol. 28 Ch. 307
📝အပိုင်း - ၃၀၇
ဘာသာပြန် - Na Gar🐉
"ဟုတ်ပြီ"
ဖန်ထျန်းဖားက မြေပုံကို ညွှန်ပြလိုက်သည် "လောလောဆယ် တခြားနေရာတွေကို စိတ်မပူနဲ့ဦး။ အရင်ဆုံး ကျောက်ထုံခရိုင်ကို သိမ်းပိုက်နိုင်ဖို့ပဲ အာရုံစိုက်ကြစို့၊ အဲဒါပြီးမှ စစ်ကူတပ်တွေကို ရင်ဆိုင်ဖို့ အင်အား ဘယ်လိုခွဲထုတ်မလဲဆိုတာ စဉ်းစားလို့ရမယ်"
"သတင်းပို့ပါတယ်"
လက်အောက်ခံတစ်ဦးက ဝင်ရောက်အစီရင်ခံသည် "အခုဘဲသတင်းရပါတယ်။ ဒု-ဗိုလ်ချုပ်ချန်နဲ့ အနက်ရောင်သံချပ်ကာတပ်ဖွဲ့ လူသုံးထောင်ဟာ မြောက်ဘက်ကို ဦးတည်သွားနေပြီး အခု စင်ဟွားခရိုင် လက်အောက်က မေကျိီမြို့နယ်ကို ရောက်နေပါပြီ"
"မေကျိီမြို့နယ်... အဲဒါ ဘယ်နားမှာလဲ"
မုန့်ချူကျိီက မျက်မှောင်ကြုတ်ပြီး မြေပုံပေါ်တွင် လိုက်ရှာသော်လည်း အတော်ကြာသည်အထိ ရှာမတွေ့ပေ။
"ဒီမှာပါ"
နောက်ဆုံးတွင် ဒု-ဗိုလ်ချုပ် ကျန်းထောင်မင်းက မြေပုံပေါ်ရှိ ဖုန်မှုန့်တစ်စက်စာမျှသာ ရှိသော မြို့ငယ်လေးတစ်ခုပေါ်သို့ လက်ညှိုးတင်လိုက်သည်။
"ဒါက ဘယ်လို ငရဲခန်းက နေရာလဲငါ့ကို အလကားပေးရင်တောင် ငါမယူဘူး"
ဖန်ထျန်းဖားက မြေပုံကို လက်သီးဖြင့် ထုလိုက်သည် "ဒါတင်မကသေးဘူး၊ စင်ဟွားခရိုင်နဲ့ ကျောက်ထုံခရိုင်က တစ်ခုက အစွန်ဆုံးတောင်ဘက်၊ တစ်ခုက အစွန်ဆုံးမြောက်ဘက်မှာလေ။ သူက အဝေးကြီးကနေ တစ်မြို့ချင်းစီ လိုက်သိမ်းဖို့ ကြံနေတာလား ခရိုင်မြို့ကြီးတွေတင် ၃၆ မြို့ရှိတယ်၊ မြို့နယ်လေးတွေဆိုရင် ရာနဲ့ချီရှိတာ။ သူက နောက်ထပ် ငါးနှစ်လောက်အထိ ဒီလိုပဲ လုပ်နေဖို့ စိတ်ကူးနေတာလား"
"ဒု-ဗိုလ်ချုပ်ချန် ဘာတွေလုပ်ဖို့ ကြံစည်နေတာလဲ"
မုန့်ချူကျိီလည်း ဇဝေဇဝါ ဖြစ်နေပုံရပြီး အမိန့်ပေးလိုက်သည်"မြန်မြန်
ဒု-ဗိုလ်ချုပ်ကြီးချန်ဆီ ချက်ချင်း သတင်းပို့လိုက်။ သူ့ရဲ့ ဗျူဟာက ဘာပဲဖြစ်ဖြစ် ငါသူ့ကို တောင်ဘက်ကို ချက်ချင်းပြန်လာစေချင်တယ်၊ ကျောက်ထုံခရိုင်ကို အရင်ဆုံး သိမ်းပိုက်ရမယ်"
...
မေကျိီမြို့နယ်...
ဆေးရိက္ခာ တွေနဲ့ ရတနာဆေးဝါးတွေကို သုံးစွဲပြီးနောက် ချန်ဆန်းရှီသည် မြို့ရိုးပေါ်တွင် သိုင်းလေ့ကျင့်နေသည်။ သူ၏ ဝိညာဉ်ဖျက်လှံသည် နဂါးတစ်ကောင်အသွင် ပြောင်းလဲသွားပြီး အေးစက်သော လေပြင်းများကြားတွင် ကြီးမားသော စွမ်းအားများဖြင့် ကပြနေသည်။ သူ၏ ပတ်ဝန်းကျင်တွင် မမြင်နိုင်သော လေဆင်နှာမောင်းတစ်ခုသဖွယ် စွမ်းအင်များ ဖြစ်ပေါ်နေပြီး မြို့ရိုးပေါ်က အုတ်ခဲတွေ၊ ကြွေပြားတွေ လွင့်စင်ပေါက်ကွဲနေမှုက ထိုစွမ်းအား၏ တည်ရှိမှုကို သက်သေပြနေသည်။
မဟာသွေးကြောအဆင့်၏ ကျွမ်းကျင်အဆင့်ကို သွေးကြောများဖွင့်လှစ်ခြင်းဟု ခေါ်သည်။
ခန္ဓာကိုယ်၏ အပေါက်ငယ်များကို ဖွင့်လှစ်ရသကဲ့သို့ပင် သွေးကြောများဖွင့်လှစ်ခြင်းဆိုသည်မှာ စွမ်းအင်သိုလှောင်ရန်အတွက် လူ့ခန္ဓာကိုယ်ရှိ အဓိက သွေးကြောမကြီး ၁၂ သွယ်ကို ဖွင့်လှစ်ခြင်း ဖြစ်သည်။ သိုလှောင်နိုင်သော စွမ်းအင်ပမာဏမှာ ယခင်က စုဆောင်းခဲ့သော အခြေခံပေါ်တွင် မူတည်သည်။
တစ်ကြိမ် အမှားအယွင်းမရှိ အောင်မြင်သွားလျှင် နောက်ထပ် အတားအဆီးများကို ကျော်ဖြတ်ရန် လွယ်ကူသွားသည်။
ဒီတစ်ကြိမ် အဟန့်အတားကို ဖောက်ထွက်ခြင်းမှာ ချန်ဆန်းရှီ၏ သမိုင်းတစ်လျှောက် အလွယ်ကူဆုံး ဖြစ်ခဲ့သည်။ သူသည် တိုင်းပြည်စောင့်နဂါးလှံကို လေ့ကျင့်သည့် အကြိမ်တိုင်းတွင် သွေးကြောမကြီးတစ်ခုစီ ပွင့်သွားပြီး တစ်နာရီအကြာတွင် သွေးကြောမကြီး ၁၂ သွယ်လုံး အပြည့်အဝ ပွင့်သွားတော့သည်။
သို့သော် သူ ရပ်မသွားပေ။
"မပြီးသေးဘူး"
စွမ်းအင်များကို အသုံးချကာ အပ်စိုက်မှတ်များကို ဖောက်ထွက်ပြီး သွေးကြောများကို ပွင့်စေပြီးနောက် ပြောင်းလဲမှုများက ဆက်လက်ဖြစ်ပေါ်နေဆဲ ဖြစ်သည်ကို ချန်ဆန်းရှီ ခံစားနေရသည်။
လှံပညာနှင့် စွမ်းအင်ထိန်းချုပ်မှုကို ပေါင်းစပ်ကာ ခန္ဓာကိုယ်အတွင်း တစ်ပတ်ပြည့်အောင် လှည့်ပတ်လိုက်သည့် အကြိမ်တိုင်းတွင် ပွင့်ပြီးသား သွေးကြောများသည် ပိုမိုကျယ်ပြန့်လာသည်။ ဒါမှသာ တကယ့် သွေးကြောများဖွင့်လှစ်ခြင်းဖြစ်သည်။
သာမန်သိုင်းသမား အများစုအတွက် ယခင်အဆင့်သည် အဆုံးသတ်ဖြစ်သော်လည်း ပါရမီထူးသော သိုင်းသမားများအတွက်မူ ဤအချိန်သည် တကယ့်အစပျိုးခြင်းသာ ဖြစ်သည်။ သူတို့သည် ခန္ဓာကိုယ်ရှိ စွမ်းအင်အားလုံးကို သုံးပြီး သွေးကြောများကို ရိုက်ခတ်ရမည်။ စွမ်းအင်များလေလေ သွေးကြောများ ပိုမိုကျယ်ပြန့်လေလေ ဖြစ်ပြီး အနာဂတ်တွင် စွမ်းအင်များစွာ သိုလှောင်နိုင်လေလေ ဖြစ်သည်။
ဒါဟာ သွေးကြောဖွင့်လှစ်တဲ့ အခြေအနေမှာ ဘယ်သူက ပိုပြီး အချိန်ကြာကြာ တောင့်ခံနိုင်မလဲဆိုတဲ့ ပြိုင်ပွဲပဲ ဖြစ်သည်။
ပြီးတော့ 'ခံနိုင်ရည်' ဆိုတာက သူ့ရဲ့ အားသာချက် အမြဲဖြစ်ခဲ့သည်။
"ဝုန်း——"
ချန်ဆန်းရှီ၏ ခန္ဓာကိုယ်သည် အရှိန်အမြင့်ဆုံး အလုပ်လုပ်သည့်အဆင့်သို့ ရောက်ရှိသွားသည်။ နဂါးဆင်သွေးများသည် မနားတမ်း စီးဆင်းနေပြီး သွေးပေါက်ကွဲသည့်အခြေအနေသို့ တဖြည်းဖြည်း ပြောင်းလဲသွားသည်။ သာမန်လူသားများ မမှီနိုင်သော အရှိန်ဖြင့် ထွက်ပေါ်လာသော စွမ်းအင်များသည် သူ၏ သွေးကြောများကို အဆက်မပြတ် ရိုက်ခတ်နေသည်။
ဝရဇိန်ခန္ဓာကြောင့် ဖြစ်ပေါ်လာသော နာကျင်မှုအားလုံးကို အံတုရင်း သူ၏ အားသာချက်အားလုံးက ပေါ်လွင်လာသည်။ အကြိမ်ပေါင်း ရာနှင့်ချီ လှည့်ပတ်ပြီးနောက်မှာတောင် သူသည် အနည်းငယ်မျှ မောပန်းခြင်း မရှိပေ။ သူ၏ သွေးကြောများသည် တစ်ကြိမ်ပြီးတစ်ကြိမ် ပိုမိုခိုင်မာကာ ကျယ်ပြန့်လာသည်။ အကြိမ် ၃၀၀ ပြည့်ပြီးနောက်မှသာ သူသည် မောပန်းနွမ်းနယ်မှုကို စတင်ခံစားရပြီး သွားကြိတ်ကာ ဆက်လက် တောင့်ခံနေခဲ့သည်။
ထိုကာလအတွင်း ဟိုင်တုန်ချင်း(သိမ်းငှက်)သည် သတင်းအချက်အလက်များနှင့်အတူ ပြန်ရောက်လာသော်လည်း သူသည် ကြည့်ပင်မကြည့်ဘဲ ရှာချုံကိုသာ ကိုင်တွယ်ခိုင်းလိုက်သည်။
အကြိမ်ပေါင်း ၆၀၀ ပြည့်သည့်တိုင်အောင်...
ချန်ဆန်းရှီ၏ ခန္ဓာကိုယ်သည် မိုးသည်းထန်စွာ ရွာသွန်းခံထားရသကဲ့သို့ ချွေးများဖြင့် ရွှဲနစ်နေသည်။ သူ၏ မျက်နှာမှာ အလွန်အမင်း အားနည်းဖြူလျော့နေပြီး သွေးကြောများမှာ ဖောင်းကြွနေသည်။ သူ့ရှေ့တွင် မည်သူမျှ မရှိသော်လည်း သူသည် ကြောက်မက်ဖွယ်ကောင်းသော ရန်သူတစ်ယောက်နှင့် တိုက်ခိုက်နေရသကဲ့သို့ ရှိနေသည်။
ထိုရန်သူမှာ မိမိကိုယ်ကိုယ်ပင် ဖြစ်သည်။
အကြိမ်ပေါင်း ၈၀၀..
ချန်ဆန်းရှီ၏ မျက်လုံးများမှာ သွေးကဲ့သို့ရဲနေပြီး အဆိပ်ရှိသော သားရဲတစ်ကောင်နှင့် တူနေသည်။ သူ၏ နှလုံးခုန်သံမှာ စစ်ဗုံတီးသံကဲ့သို့ ဖြစ်နေပြီး အဝေးက စစ်သည်များပင် ကြားနိုင်သည်အထိ ကျယ်လောင်နေသည်။ သူ၏ အဆုတ်များမှာ ထုံကျင်နေပြီး လည်ချောင်းနှင့် ပါးစပ်ထဲတွင် ပျို့အန်ချင်စဖွယ် သွေးနံ့များဖြင့် ပြည့်နေသည်။ သူ၏ ခန္ဓာကိုယ်မှ ပူပြင်းလှသော အငွေ့ဖြူများ အဆက်မပြတ် ထွက်ပေါ်နေပြီး အဝေးကကြည့်လျှင် နတ်ဘုရားတစ်ပါး သို့မဟုတ် မိစ္ဆာတစ်ကောင်နှင့် တူသော်လည်း သေခါနီးလူတစ်ယောက်နှင့် ပိုတူနေသည်။
အကြိမ်ပေါင်း ၉၀၀..
သူ၏ လက်မောင်းများမှာ အာရုံမရှိတော့ပေ။ သူ၏ ခြေလှမ်းများမှာလည်း တောင်ကြီးများကဲ့သို့ မခိုင်ခံ့တော့ဘဲ မျက်စိရှေ့တွင် အမှောင်ကျလာသည်။ ဘယ်နှစ်ခုနှစ်၊ ဘယ်နေရာရောက်နေမှန်းပင် မသေချာတော့ဘဲ သူ၏ နောက်ဆုံးကျန်ရှိသော သတိတရားအားလုံးကို လှံရှည်ပေါ်တွင်သာ အာရုံစိုက်ထားသည်။ ကြွက်သားများ၏ မှတ်ဉာဏ်ဖြင့် လှံပညာကို ဆက်လက် ကပြနေပြီး နောက်ဆုံးကျန်ရှိသော သွေးချီနှင့် စွမ်းအားများကို အကုန်ထုတ်သုံးလိုက်ပြီးနောက်မှသာ ဝုန်းခနဲ လဲကျသွားတော့သည်။
တစ်ထောင်..
အကြိမ်ပေါင်း တစ်ထောင်တိတိ..
သာမန်သိုင်းသမားများမှာ အများဆုံး အကြိမ် ၁၀၀ ခန့်သာ လုပ်နိုင်ကြပြီး ပါရမီရှင်များပင်လျှင် အကြိမ် ၃၀၀ ထက် မကျော်လွန်ကြပေ။
[သိုင်းပညာ - တိုင်းပြည်စောင့်နဂါးလှံ( မဟာသွေးကြောအဆင့်-ကျွမ်းကျင်အဆင့်)]
[တိုးတက်မှု့ - ၀/၁၀၀၀]
[စွမ်းဆောင်ရည် - စွမ်းအားမှာ သမုဒ္ဒရာကြီးသဖွယ် ကျယ်ပြောလှသည်]
စွမ်းအားမှာ သမုဒ္ဒရာကြီးသဖွယ်..
အကယ်၍ သာမန် သွေးကြောဖြတ်သန်းခြင်း အဆင့် သိုင်းသမားတစ်ဦး၏ စွမ်းအင်ကို စမ်းချောင်းလေးတစ်ခုနှင့် နှိုင်းယှဉ်လျှင်၊ သူ၏ စွမ်းအင်မှာ အဆုံးမရှိသော သမုဒ္ဒရာကြီးနှင့် တူနေပေလိမ့်မည်။
"ဗိုလ်ချုပ်..."
လက်အောက်ခံ နှစ်ဦးက ရှေ့တက်လာပြီး သူ့ကို ထူပေးချင်ကြသည်။
ချန်ဆန်းရှီက မကူညီရန် လက်ပြတားလိုက်ပြီး မြို့ရိုးကို မှီကာ အသက်ကို ခက်ခဲစွာ ရှူနေရသည်။ သွေးချီကို ဖြည့်တင်းပေးသည့် ဆေးလုံးနှစ်လုံးကို စားသုံးပြီးနောက် သူ အလျင်အမြန် ပြန်လည်သက်သာလာသည်။
"ဗိုလ်ချုပ်.."
ရှာချုံက အဲဒီအချိန်ကျမှ စကားပြောရဲတော့သည် "စာထဲမှာ ရေးထားတာက ချင်နိုင်ငံဧကရာဇ် ကိုယ်တိုင် စစ်တပ်ကြီးကို ဦးဆောင်လာနေပြီ၊ နောက်ထပ် ရက် ၅၀ အတွင်း အစိမ်းရောင်တောင်တန်းကို ရောက်လာလိမ့်မယ်တဲ့။ စစ်သေနာပတိချုပ်မုန့်က ကျွန်တော်တို့ ဘာတွေလုပ်နေလဲဆိုတာကို မေးနေပါတယ်။ ကျွန်တော်တို့ကို ချက်ချင်းပြန်လာဖို့၊ ကျောက်ထုံခရိုင်ကို တိုက်ရိုက်ဖိအားပေးဖို့နဲ့ တိုက်ပွဲအခွင့်အရေး မဆုံးရှုံးစေဖို့အတွက် မလိုအပ်တဲ့ ကိစ္စတွေမှာ အချိန်မဖြုန်းဖို့ သူက မျှော်လင့်နေပါတယ်"
ဒါကို ကြားပြီးနောက် ချန်ဆန်းရှီက တည်ငြိမ်စွာ မေးလိုက်သည်"ဒီနေ့ ဘယ်နှစ်ရက်နေ့လဲ"