← Chapters

ကောင်းကင်ဧကရာဇ် ရောက်ရှိလာခြင်း

Vol. 9 Ch. 837

ကောင်းကင်ဧကရာဇ် ရောက်ရှိလာခြင်း

Vol. 9 Ch. 837

သရဲခေါင်းကြီးမှာ ကြီးမားပါသော်လည်း တောက်ပနေသော လျှပ်စီးတန်းများမှ ပေါ်ထွက်လာသည့် ဧရာမလက်ကြီးမှာ ပို၍ ကြီးမားနေသည်။

လူကြီးတစ်ယောက်၏ လက်နှင့် ကလေးငယ်တစ်ယောက်၏ ဦးခေါင် ယှဥ်ထားသကဲ့သို့ပင်ဖြစ်နေသည်။ ထိုလက်ကြီး ဆန့်တန်းသွားသောအခါ ပြင်းထန်ကျယ်လောင်သော ထစ်ချုန်းသံများမှာ ကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့တွင် ပြည့်နှက်သွားပြီး လျှပ်စီးတန်းများ၏ တဖျစ်ဖျစ် တဖြောက်ဖြောက် အသံများမှာလည်း မြည်ဟည်းနေတော့သည်။

ကလေးမလေးသည် ကောင်းကင်နှင့်ကမ္ဘာမြေကြီးတို့ကို ဝါးမျိုရန် ပြင်နေသည်ကို ထိုလက်ကြီးမှာ ဂရုစိုက်ဟန် မတူပေ။ သရဲခေါင်းကြီး၏ ပါးစပ်ပေါက်မှာ ရုတ်တရက် အသက်ရှူသွင်းနေခြင်းကို ရပ်တန့်လိုက်ပြီး ထိုလျှပ်စီး လက်ကြီးကို အစွမ်းကုန် ရှောင်တိမ်းရန် ပြင်နေသည့်အလား အော်ဟစ်လိုက်သည်။ သို့သော် ထိုလက်ကြီး၏ တရိပ်ရိပ်မြင့်တက်နေသော စွမ်းအင်များထဲတွင် ရှိရှိသမျှ အရာအားလုံး၏ ဖိအားများ ပါဝင်နေသဖြင့် ၎င်းသည် အလွယ်တကူပင် ထိုမြူခိုးဦးခေါင်းကြီး၏ ပတ်ပတ်လည်တွင် ရစ်ပတ်သွားတော့သည်။

ထို့နောက် ထိုလက်ကြီးမှာ လက်သီးဆုပ်လိုက်သောအခါ အက်ကွဲသံများ ပေါ်ထွက်လာတော့သည်။ သရဲခေါင်းကြီးသည် ပြန်လည်ခုခံတိုက်ခိုက်ရန် ကြိုးစားနေပါသော်လည်း မစွမ်းနိုင်ပဲ ပြိုကွဲသွားရတော့သည်။ ထိုအချိန်တွင် ကလေးမလေး ပေါ်ထွက်လာပြီး နောက်ဘက်သို့ အမြန်ဆုံး ဆုတ်ခွာသွားတော့သည်။ သူမ၏ မျက်ဝန်းထဲတွင် အကြောက်တရားများကို မြင်နေရသည်။ လျှပ်စီး လက်ကြီးထဲတွင်ပါဝင်နေသည့် ကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့၏ စုပေါင်းစွမ်းအားကို ထိတ်လန့်နေသည့် ကြောက်ရွံ့မှုများပင် ဖြစ်သည်။

သို့သော် မည်သို့ပင် သူမ လျှင်မြန်စွာထွက်ပြေးစေကာမူ ထိုလက်ကြီးကို ရှောင်တိမ်းနိုင်မည့်ပုံမပေါ်ပဲ ၎င်းမှာ သူမကို သုတ်သင်ချေမုန်းရန် ချိန်ရွယ်လိုက်တော့သည်။

ထိုနေရာတစ်ခုလုံးမှာ ချုပ်နှောင်ခံလိုက်ရသဖြင့် ကလေးမလေးမှာ အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့သွားရတော့သည်။ သူမသည် လက်နှစ်ဖက်သုံး၍ မန္တန်လက်ကွက်တစ်ခုဖော်လိုက်သောအခါ သူမ၏ ပတ်ပတ်လည်တွင် ပုံပန်းသွင်ပြင် မသဲကွဲသော သရဲများ မရေမတွက်နိုင်လောက်အောင် ထွက်လာသည်။ သို့သော် ထိုသရဲများမှာလည်း ကြက်သွေးရောင်လျှပ်စီးကြောင့် လျင်မြန်စွာပင် လွင့်စင်ပပျောက်သွားရတော့သည်။

ဘေးနားရှိ ကြည့်ရှုနေကြသူများမှာ ဝမ်းမြောက်ဝမ်းသာဖြစ်သွားကြသည်။ ယခုဖြစ်ပျက်နေသည့် အချင်းအရာမှာ အလွန် တုန်လှုပ်ဖွယ်ကောင်းပြီး နတ်ဘုရားတစ်ပိုင်းအဆင့်ထက်ပင် သာလွန်နေပြီဖြစ်သည်။ ပိုင်ရှောင်ချန်းသည် လက်ကြီးနှင့် သရဲများကို လိုက်ကြည့်နေရင်း သူ၏ နှလုံးသားမှာ တဒိန်းဒိန်းခုန်နေတော့သည်။ ကလေးမလေးကမူ လက်ကြီးမှာ တဖြည်းဖြည်းနှင့် အနီးသို့ရောက်လာသည်ကို မြင်လိုက်ရသောအခါ အော်ဟစ်မြည်တမ်းနေလေ၏။

ထိုအချိန်တွင် ရုတ်တရက် ကောင်းကင်ယံတွင် ဧရာမ အက်ကွဲကြောင်းကြီး တစ်ကြောင်း ထွက်ပေါ်လာသည်။ ၎င်းမှာ မီတာသုံးထောင်အထိ ရှည်လျားပြီး ဧရာမမျက်လုံးကြီးတစ်လုံးနှင့်ပင် ဆင်တူနေသည်။

ထိုမျက်လုံးကြီးသည် သင်္ချိုင်းစောင့်ကြီးကို အေးစက်စက်နှင့် ခံစားချက်မပါသည့် အကြည့်ဖြင့် စိုက်ကြည့်လိုက်သောအခါတွင် ဒုတိယ အက်ကွဲကြောင်းတစ်ကြောင်း ပေါ်ထွက်လာပြန်သည်။ ထို့နောက် တတိယမြောက်တစ်ကြောင်း၊ စတုတ္ထမြောက်တစ်ကြောင်း....

တစ်ခဏလေးအတွင်း ကောင်းကင်ယံထဲတွင် မရေမတွက်နိုင်လောက်အောင်များပြားသော အက်ကွဲကြောင်းများ ပေါ်ထွက်လာပြီး မျက်လုံးပေါင်းများစွာကို မြင်လိုက်ရတော့သည်။

၎င်းတို့အားလုံးမှာ အေးစက်ကာ ခံစားချက်ကင်းမဲ့နေကြပြီး သင်္ချိုင်းစောင့်ကြီးကို စိုက်ကြည့်နေကြသည်။

ထိုသို့သော ရုတ်တရက်ပြောင်းလဲမှုများကြောင့် ကြည့်ရှုနေကြသူများ အလွန်အမင်း အံ့အားသင့်သွားကြရသည်။ မဟာကောင်းကင်သခင်မှာမူ မျက်နှာပျက်သွားပြီး သူ၏နှုတ်မှ လွှတ်ခနဲ ထွက်သွားတော့သည်။

" ကောင်းကင်ဧကရာဇ်ပဲ "

သူ၏ စကားသံထွက်လာသည်နှင့် ထိုမရေမတွက်နိုင်သော မျက်လုံးများစွာမှာ မျက်တောင်ခတ်လိုက်ကြပြီး ဓားအလင်းတန်းပေါင်း များစွာကို သင်္ချိုင်းစောင့်ကြီးထံသို့ ပစ်လွှတ်လိုက်လေသည်။

ဓားအလင်းတန်း မည်မျှပါဝင်နေသည်ကို ရေတွက်ရန်မှာ မဖြစ်နိုင်ပေ။ ကောင်းကင်ကြီးတစ်ခုလုံးမှာ ၎င်းတို့နှင့် ပြည့်နှက်နေသည့်အလားဖြစ်နေပြီး ထိုအလင်းရောင်များမှာ လွန်စွာစူးရှတောက်ပနေပြီး ဓားကွန်ချာတစ်ခုကဲ့သို့ဖြစ်လာကာ ချက်ချင်းပင် ဧရာမ လျှပ်စီး လက်ကြီးကို အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားစေရန် ခုတ်ထစ်လိုက်တော့သည်။

ထိုလက်ကြီးတွင် ကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့၏ စုစည်းထားသော စွမ်းအားများပါဝင်နေသည်ဖြစ်၍ ၎င်းနှင့်တူညီသော စွမ်းအားမျိုးကသာလျှင် ၎င်းအပေါ် အကျိုးသက်ရောက်မှုတစ်ခုခု ပြုနိုင်မည်ဖြစ်သည်။ ဤကမ္ဘာထဲတွင် ထိုသို့သော စွမ်းအားမျိုးကို အသုံးချနိုင်သူမှာ သင်္ချိုင်းစောင့်ကြီးမှလွဲလျှင် နောက်ထပ်တစ်ယောက်သာ ရှိတော့သည်။

သူကား.....

ကောင်းကင်တံတားကျွန်းပေါ်မှ ကောင်းကင်ဧကရာဇ်ပင် ဖြစ်သည်။

မြေရိုင်းဒေသတစ်ခွင် ထစ်ချုန်းသံများဖြင့် ပြည့်နှက်နေပြီး မြေပြင်မှာ တသိမ့်သိမ့်တုန်ကာ ကောင်းကင်ကြီးမှာလည်း ခါယမ်းနေတော့သည်။ မရေမတွက်နိုင်လောက်အောင်များပြားသည့် ဓားအလင်းတန်းများမှာ ဧရာမလက်ကြီးကို တိခနဲ ခုတ်ထစ်ပိုင်းဖြတ်လိုက်ပြီး ကလေးမလေးကို ကယ်တင်၍ သင်္ချိုင်းစောင့်ကြီးကိုတိုက်ခိုက်ရန် ရှေ့သို့ဆက်သွားနေတော့သည်။

ထိုအရာများမှာ ဖော်ပြရသည်သာ ကြာသော်လည်း ဓားအလင်းတန်းပေါ်ထွက်လာသည့်အချိန်မှစ၍ လက်ကြီးကို ဖျက်ဆီးကာ သင်္ချိုင်းစောင့်ကြီးထံသို့ ဦးတည်လာသည့်အချိန်အထိ အသက်ရှူကြိမ် တစ်ကြိမ်သာ ကုန်ဆုံးသွားသေးသည်။

ထိုဓားအလင်းတန်းများထဲမှ အလင်းတန်းတစ်တန်းပင်လျှင် နတ်အဆင့်ကျင့်ကြံသူ တစ်ယောက်ကို သတ်ပစ်နိုင်လောက်သည်။ ယခုတွင်မူ အလင်းတန်းများမှာ မရေမတွက်နိုင်လောက်အောင် များပြားနေပြီး ဧရာမအလင်းတိုင်ကြီးတစ်တိုင်အသွင် အချင်းချင်း ချိတ်ဆက်နေကြပြီဖြစ်သည်။

ပိုင်ရှောင်ချန်း၏ အတွေးထဲတွင် တုန်လှုပ်ခြောက်ခြားမှုလှိုင်းများစွာ ရိုက်ခတ်နေပြီဖြစ်သည်။ ဤတိုက်ပွဲစဖြစ်ခဲ့သည့်အချိန်မှစ၍ ယခုအထိ သူသည် တစ်ကမ္ဘာလုံးတွင်ရှိသော အရေးအကြီးဆုံး လျှို့ဝှက်ချက်များကို လေ့လာသိရှိလိုက်ရပြီဖြစ်ကြောင်း ခံစားနေရတော့သည်။

သို့သော် ယခုမှာ သေရေးရှင်ရေး တမျှအရေးကြီးသော အချိန်ဖြစ်နေပြီဖြစ်၍ ထိုအချင်းအရာ၏ အကျိုးဆက်များကို တွေးတောနေရန် အချိန်မရှိပေ။ သင်္ချိုင်းစောင့်ကြီးက ခေါင်းကိုလှည့်၍ သူ၏မျက်ဝန်းများထဲတွင် အဓိပ္ပါယ်နက်နဲသော အလင်းတန်းများတောက်ပနေသည်ကို သူက ရပ်၍သာကြည့်နေမိတော့သည်။ သင်္ချိုင်းစောင့်ကြီးမှာ ကောင်းကင်ဧကရာဇ် ရောက်လာမည်ကို မျှော်နေသည့်အလား အံသြနေသည့်ပုံ လုံးဝမပေါ်ပေ။ သူ့ထံသို့ ဦးတည်လာနေသည့် ဓားအလင်းတန်းဆီသို့ သူ၏လက်ကိုမြှောက်လိုက်ပြီး ရှေးဟောင်း လေသံကြီးဖြင့် ရေရွတ်လိုက်ပြန်သည်။

" မိုးခြိမ်းသံ "

ဤအခါတွင်လည်း ထိုစကားတစ်ခွန်းသာဖြစ်သည်။ သို့သော် သူ၏နှုတ်မှ ထိုစကားသံထွက်လာသည်နှင့် ထိုအသံမှာ တဖြည်းဖြည်း ကျယ်လောင်လာပြီး မရေမတွက်နိုင်သော အသံပေါင်းများစွာ အော်ဟစ်နေသကဲ့သို့ ဖြစ်သွားသည်။ အမုန်းဝိညာဥ်များသာမက ပိုင်ရှောင်ချန်းအပါအဝင် သက်ရှိများအားလုံးတို့မှာ ဆန္ဒပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ သူတို့၏ စိတ်နှလုံးထဲတွင် ထိုစကားလုံးများကို အော်ဟစ်နေကြတော့သည်။

မဟာကောင်းကင်သခင်၊ သရဲကြီးဘုရင်၊ ချန်ဟောက်စုန့်နှင့် အခြားသော နတ်ဘုရားတစ်ပိုင်းအဆင့် ဘုရင်များနှင့် နတ်အဆင့်ကျင့်ကြံသူများအားလုံးမှာလည်း ထိုနည်းတူပင်။

ထိုအသံကြီးမှာ အချိန်တိုလေးအတွင်း ယုံကြည်နိုင်ဖွယ်မရှိသော အဆင့်အထိ မြင့်တက်သွားသည်။ ကောင်းကင်ကြီးမှာ တုန်ခါနေပြီး မြေပြင်မှာလည်း တသိမ့်သိမ့်တုန်ကာ အသံလှိုင်းများ နေရာအနှံ့သို့ ပျံ့နှံ့သွားတော့သည်။ အနီးသို့ ရောက်လာနေသည့် ဓားအလင်းတန်းမှာမူ ထိုအသံလှိုင်းများနှင့် ဆုံတွေ့သွားသည်နှင့် တပြိုက်နက် မရေမတွက်နိုင်သည့် အသေးစား ကြယ်ပွင့်လေးများပမာ ကြေမွကွဲအက်သွားတော့သည်။

မရေမတွက်နိုင်သော ဓားအလင်းတန်းများစွာ တစ်ပြိုင်နက်တည်း ပြိုကွဲသွားကြသော်လည်း အသံလှိုင်းများကမူ ကွယ်ပျောက်မသွားကြပေ။ ၎င်းတို့မှာ ကောင်းကင်ကို ဆုတ်ဖြဲကာ မြေပြင်ကို ချေမွပစ်နိုင်သည့် စွမ်းအားမျိုးဖြင့် ကလေးမလေး၏ နားထဲသို့ ထိုးနှက်နေသဖြင့် သူမသည် အပြင်းအထန်တုန်ရီနေပြီး သူမ၏ခန္ဓာကိုယ်မှာ အလင်းပေါက်စ ပြုလာတော့သည်။

ထိုစဥ် ကောင်းကင်ယံရှိ အခြားအစိတ်အပိုင်းတစ်ခုတွင် ခြုံလွှာတစ်ခုကို ဖယ်ရှားလိုက်သည့်အလား လေထုကြီး တွန့်လိမ်သွားပြီး ပုန်းကွယ်နေသည့် လူတစ်ယောက် ပေါ်လာတော့သည်။

ထိုလူသည် ဓားပုံစံ မျက်ခုံးများကို ပိုင်ဆိုင်ထားသည့် ရင်သပ်ရှုမောဖွယ် ကောင်းလောက်အောင် ခန့်ညားသည့် သက်လတ်ပိုင်းလူတစ်ယောက် ဖြစ်ပြီး ရွှေရောင် ချပ်ဝတ်တန်ဆာကို ဆင်မြန်းထားသည်။ သူသည် ဒေါသထွက်မနေသော်လည်း ကြောက်မက်ဖွယ် ကောင်းနေပြီး သူ၏မျက်ဝန်းများမှာ နေမင်း၊လမင်းအလား စူးရှတောက်ပနေသည်။

သူသည် တော်ဝင်သရဖူတစ်ခုကို ဆောင်ထားပြီး သူ၏အနက်ရောင်ဆံပင်ရှည်များမှာ သူ့ပတ်ပတ်လည်ရှိ လေထဲတွင်လွင့်နေသည်။ သူ၏ အနက်ရောင်ဆံပင်ရှည်များနှင့် လုံးဝမတူပဲ နဖူးပေါ်တွင် ကွေးကောက်နေသော အနီရောင်ဆံခွေတစ်ခုလည်း ရှိနေသည်။ ကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့၏ ခြုံထည်ကွက်ပျောက်သွား၍ ယခုတွင် သူပေါ်ထွက်လာပြီဖြစ်ရာ သူသည် ရှေ့သို့လှမ်းလာပြီး လက်ကို ဆန့်ထုတ်၍ လေပေါ်သို့ မြှောက်တင်လိုက်သည်။

ထိုအခါ မျက်လုံးဖြင့်မမြင်နိုင်သော ဧရာမ လက်ကြီးများမှာ ကောင်းကင်ယံကို ဆုတ်ဖြဲနေသည့်အလား မိုးချုန်းသံများ ပြည့်နှက်သွားတော့သည်။ တချိန်ထဲမှာပင် ထွက်ပေါ်လာသော အက်ကွဲကြောင်းထဲမှ အပြာနုရောင် လှံတစ်ချောင်းပေါ်ထွက်လာသည်။ ထိုလှံသည် ချပ်ဝတ်တန်ဆာနှင့် လူဆီသို့ ပျံသန်းမသွားပေ။ ၎င်းမှာ လျှပ်စီးကဲ့သို့သော အမြန်နှုန်းဖြင့် မြေပြင်ထဲသို့ စိုက်ဝင်သွားသည်။

ထိုအခါ မြေပြင်မှာ တုန်ရီသွားပြီး တစ်ဖက်တစ်ချက်ဆီတွင် အက်ကွဲကြောင်းများ ပျံ့နှံ့သွားတော့သည်။ ထိုလှံစိုက်ဝင်သွားရာမှ ထွက်ပေါ်လာသည့်အသံနှင့် ယခင်မိုးချုန်းသံတို့မှာ ပေါင်းစည်းသွားပြီး မျက်လုံးဖြင့် မမြင်နိုင်သောတိုက်ကွက်တစ်ခုအဖြစ် အရပ်မျက်နှာအနှံ့သို့ ပျံ့လွင့်သွားသည်။

ပိုင်ရှောင်ချန်းမှာ အတော်အတန် ဝေးကွာသောနေရာသို့ ရောက်နေပါသော်လည်း ထိုစွမ်းအင်မှာ သူ့ကို ရိုက်ခတ်မိသွားသဖြင့် သူ၏ပါးစပ်မှ သွေးများပန်းထွက်လာပြီး နောက်ဘက်သို့ လူးလိမ့်သွားတော့သည်။ ချန်ဟောက်စုန့်နှင့် အခြားနတ်အဆင့်ကျင့်ကြံသူများမှာလည်း နောက်ဘက်သို့ ဒယိမ်းဒယိုင် ဖြစ်သွားကြပြီး သူတို့၏ပါးစပ်ထဲမှ သွေးများစီးကျလာကြသည်။ မဟာကောင်းကင်သခင်နှင့် အခြား နတ်တစ်ပိုင်းအဆင့် ကျင့်ကြံသူများပင် နောက်သို့ဆုတ်ခွာလိုက်ရပြီး မျက်နှာများ ဖြူဆုတ်သွားကြတော့သည်။

နတ်အဆင့်အောက်တွင်ရှိနေသည့် သရဲကြီးမြို့တော်မှ ဝိညာဥ်ကျင့်ကြံသူများမှာမူ တုန့်ပြန်ချိန်ပင်မရလိုက်ပဲ ချက်ချင်းပင် ပြာမှုန်အသွင်ပြောင်းလဲသွားကြသည်။

သရဲကြီးဘုရင်သာ သခင်မလေးဟုန်ချိန်၏ အရှေ့တွင် အကာအကွယ်ပေး၍ မတ်တတ်ရပ်မနေခဲ့ပါက သူမသည်လည်း သေဆုံးသွားမည်မှာ အမှန်ပင်။

" ကောင်းကင်ဧကရာဇ် "

သရဲကြီးဘုရင်သည် အကြောက်တရားများ တဖျတ်ဖျတ် လက်နေသည့်မျက်ဝန်းဖြင့် ချပ်ဝတ်တန်ဆာ ဆင်မြန်းထားသည့် လူကို မော့ကြည့်လိုက်တော့သည်။

စစ်အောင်ဘုရင်၊ ဝိညာဥ်ခရီးဘုရင်၊ သောကကင်းဝေးကိုးသွယ်ဘုရင်နှင့် မဟာကောင်းကင်သခင်တို့သာမက ကောင်းကင်နယ်စားကြီးများမှာလည်း အကြောက်တရားများဖြင့် ရင်တဒိန်းဒိန်းခုန်နေလျက် ထိုတစ်ယောက်ထဲသောလူကို စိုက်ကြည့်နေကြသည်။

" ကောင်းကင်ဧကရာဇ် ဟုတ်လား "

ပိုင်ရှောင်ချန်းမှာ မှင်တက်သွားတော့သည်။ သူသည် ကောင်းကင်ယံပေါ်မှနေ၍ ဝင့်ဝါမှု၊အထင်သေးမှုတို့ဖြင့် ပြည့်နှက်နေသည့်အကြည့်ဖြင့် အောက်ကိုငုံကြည့်နေသော ကြောက်မက်ဖွယ်လူအား ကြည့်၍ မည်သို့တွေးတောရမှန်း မသိလောက်အောင် ဖြစ်နေတော့သည်။

ထိုသူသည် ကောင်းကင်တံတား ဒေသအားလုံး၏ အုပ်ချုပ်သူဖြစ်သော ကောင်းကင်တံတားကျွန်းပေါ်မှ ကောင်းကင်ဧကရာဇ်ပင် ဖြစ်သည်။

ပိုင်ရှောင်ချန်းသည် သူ့အား ယခုမှ ပထမဆုံး အကြိမ် တွေ့ဖူးသည်ဖြစ်ပြီး တစ်ချက်ကြည့်လိုက်ရုံနှင့် ထိုလူသည် ကမ္ဘာကြီးနှင့် တစ်သားထဲဖြစ်နေသည့် လူစားမျိုးဖြစ်သည်ကို ချက်ချင်းပင် သိလိုက်လေသည်။ ထိုလူ၏ မျက်ဝန်းများမှာ အချွန်ထက်ဆုံးသော ဓားသွားများ၊ အပ်ချောင်းများကဲ့သို့ စူးရှထိုးဖောက်နိုင်စွမ်းအပြည့် ရှိနေသည်လည်းဖြစ်သည်။

ပိုင်ရှောင်ချန်းမှာ ထိုသို့ မော့ကြည့်နေစဥ် ကလေးမလေးမှာ ကောင်းကင်ဧကရာဇ်ဆီသို့ ပျံသန်းလာတော့သည်။ ထို့နောက် ခပ်လှမ်းလှမ်းမှနေ၍ လှမ်းပြောလိုက်လေသည်။

" ရှင်နောက်ကျတယ်၊ တာအိုရောင်းရင်း ကောင်းကင်တံတား "

ကောင်းကင်ဧကရာဇ်မှာမူ ပြုံးလိုက်သည်။ ကလေးမလေးကို လျစ်လျူရှုလိုက်ပြီး သူ တချိန်လုံး မျက်စိဒေါက်ထောက်ကြည့်နေသည့်လူဖြစ်သော သင်္ချိုင်းစောင့်ကြီးထံမှ အကြည့်ကိုမူ လုံးဝမခွာပေ။

" ကျုပ် တချိန်လုံး ဘာကြံနေလဲဆိုတာကို ခင်ဗျားကြီးသိတယ်မလား အဘိုးကြီး "

" သိပ်သိတာပေါ့ကွာ "

သင်္ချိုင်းစောင့်ကြီးက အမူအရာမပြောင်းပဲ တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။ သို့သော် သူ၏မျက်ဝန်းထဲတွင် အဓိပ္ပါယ် နက်နဲသော အလင်းရောင်တစ်ခု လင်းလက်နေပြီး သူ၏စကားလုံးများမှာလည်း အတွေးအာရုံကို အလွန်ဖမ်းစားနေတော့သည်။

ပိုင်ရှောင်ချန်းမှာမူ ရင်တဒိန်းဒိန်းခုန်နေတော့သည်။ ကလေးမလေးနှင့် ကောင်းကင်ဧကရာဇ်တို့ ပူးပေါင်းထားသည်မှာ အချိန်အတော်အတန်ကြာနေမည်မှာ ဧကန်ပင်။ ယနေ့ တိုက်ပွဲတွင် ကလေးမလေးသည် တစ်ယောက်ထဲတိုက်နေသည်မဟုတ်ဘဲ ကောင်းကင်ဧကရာဇ်နှင့်ပူးပေါင်း၍ သင်္ချိုင်းစောင့်ကြီးကို တိုက်ခိုက်နေသည်သာဖြစ်သည်။

ထိုသို့တိုက်ခိုက်နေရသည့် အကြောင်းအရင်းမှာမူ ကလေးမလေး မကြာသေးမီက ထုတ်ပြောခဲ့သည့် လျှို့ဝှက်ဆန်းကြယ် ကမ္ဘာဂိတ်တံခါးကြောင့် ဖြစ်နိုင်သည်။

" များလိုက်တဲ့ လျှို့ဝှက်ချက်တွေ " သူကတွေးလိုက်သည်။ တချိန်ထဲမှာပင် သူသည် အလွန်ကိုးရိုးကားယားနိုင်သော အခြေအနေတစ်ခုထဲသို့ ရောက်နေကြောင်း ခံစားလိုက်ရသည်။ ဤနေရာရှိလူတိုင်းမှာ တစ်ဖက်ထဲဖြစ်ကြောင်းကို သူသည် ကောင်းကင်ဧကရာဇ်အား အော်ပြောလိုက်လိုက်ချင်နေသည်။ သို့သော် ကလေးမလေးသည် သင်္ချိုင်းစောင့်ကြီးကိုရှာဖွေရန် သူ၏နောက်သို့လိုက်နေခဲ့သည်ဖြစ်ပြီး ထိုအချင်းအရာကို ကောင်းကင်ဧကရာဇ်လည်း သိနေမည်ဖြစ်ကြောင်း တွေးမိသွားသောအခါ ထိုဆန္ဒများမှာ ချက်ချင်းပင်ပျောက်ကွယ်သွားတော့သည်။

" ငါက အသုံးချခံနေခဲ့ရတာပဲ "

သူသည် လေပေါ်တွင် ဝဲပျံနေသည့် စွမ်းအားကြီး လူသုံးယောက်ကိုကြည့်၍ သူ့နှလုံးသားမှာ တုန်ရီလာတော့သည်။

All Chapters