← Chapters

ဝိုင်၏ စစ်တပ် ရောက်ရှိလာခြင်း

Vol. 11 Ch. 160

ဝိုင်၏ စစ်တပ် ရောက်ရှိလာခြင်း

Vol. 11 Ch. 160

ရဲ့လင်းချန် ပြန်မပြောနိုင်ခင်မှာပင် ဝူအာ၏ ထုတ်လွှင့်မှုချန်နယ်မှ တူညီသော ရွှေရောင်အလင်းတန်း ထွက်ပေါ်လာ၏။

[ဧကရာဇ် __ ဝိုင်နတ်ဘုရား၏ အမာခံ ပရိသတ်က ဝူအာရဲ့ ထုတ်လွှင့်မှုကို ပူးပေါင်းလာပါတယ်]

[ဧကရာဇ် __ ဝိုင်နတ်ဘုရားရဲ့ ပရိသတ်ကောင်လေးက ဝူအာရဲ့ ထုတ်လွှင့်မှုကို ပူးပေါင်းလာပါတယ်]

[ဧကရာဇ် __ ဝိုင်နတ်ဘုရားရဲ့ ချစ်စရာ ကောင်မလေးက ဝူအာရဲ့ ထုတ်လွှင့်မှုကို ပူးပေါင်းလာပါတယ်]

[ဧကရာဇ် __ ဝိုင်နတ်ဘုရားက ကြီးမြတ်တယ်က ဝူအာရဲ့ ထုတ်လွှင့်မှုကို ပူးပေါင်းလာပါတယ်]

….

လက်ရှိအချိန်တွင် ရွှေရောင်အလင်းတန်းက ကြာမြင့်စွာ တောက်ပနေသည်။ တစ်ယောက်ပြီး တစ်ယောက် ထုတ်လွှင့်မှုထဲ ဝင်လာသောကြောင့် စစ်ယွီတုန်းကထက် ပို၍ ရုတ်ရုတ်သဲသဲ ဖြစ်လာ၏။

[လခွမ်း ဧကရာဇ်တွေ အများကြီးပဲဟ၊ ပြီးတော့ သူတို့အားလုံးရဲ့ နာမည်က ဝိုင်နတ်ဘုရားနဲ့ စတာတွေချည်းပဲ]

[ငါ ကြောက်လာပြီ၊ ဒါ ကျူးကျော်တာပဲကွ၊ ငါ့တစ်ဘဝလုံး မြင်ဖို့လိုအပ်တဲ့ ဧကရာဇ်တွေအားလုံးကို တစ်နေ့တည်းနဲ့ ငါ အကုန် တွေ့လိုက်ရတာပဲ]

[လူချမ်းသာတွေ တော်တော်များတာပဲ၊ ငါ အထင်ကြီးမိသွားပြီ]

[စစ်ယွီ ခုနက ဘာပြောလိုက်တာလဲ၊ မျက်နှာ ဖြတ်ရိုက်တာက ကိုယ် မထင်ထားတဲ့အချိန်မှာ အမြဲ ရောက်လာတတ်တာပဲ]

အရေးမပါသော စကားများ ဆိုမနေကြဘဲ ဒုံးပျံများက ဖန်သားပြင်ပေါ်သို့ တစ်ခုပြီး တစ်ခု ပေါ်ထွက်လာပြီး ဝူအာ၏ မျက်နှာကိုပင် မမြင်ရလုနီးပါးအထိ ဖြစ်သွားကြသည်။

ဆယ်စက္ကန့်ကြာပြီးနောက် ဒုံးပျံများ အောက်သို့ပြန်ကျဆင်းသွားလေသည်။ ဝူအာ၏ စုစုပေါင်း လက်ဆောင်က ယွမ်သုံးသိန်းသို့ တန်းကျော်သွား၏။

[ဝိုင်နတ်ဘုရားရဲ့ စစ်တပ်က ဝိုင်နတ်ဘုရားကို အရိုအသေ ပေးပါတယ်]

[ဝိုင်နတ်ဘုရားရဲ့ စစ်တပ်က ဝိုင်နတ်ဘုရားကို အရိုအသေ ပေးပါတယ်]

[ဝိုင်နတ်ဘုရားရဲ့ စစ်တပ်က ဝိုင်နတ်ဘုရားကို အရိုအသေ ပေးပါတယ်]

…

ဧကရာဇ်များထံမှ ထိုကောမန့်များ ပြိုင်တူ ထွက်ပေါ်လာသည်။

လူတိုင်း ထိတ်လန့်နေကြလေသည်။ ထိုအထဲ၌ စစ်ယွီလည်း ပါ၏။

ထိတ်လန့်စရာပင်၊ ခြယ်လှယ်လွန်းလှ၏။

ဧကရာဇ်များ၊ သူတို့သည် ပင်ကို ချမ်းသာသူများ ဖြစ်ပြီး အကထ်စီးဆန်ကြသည်။ သူတို့နှင့်ဆိုလျင် စစ်ယွီသည် အမြဲ မျက်နှာချိုသွေးရပြီး အမြဲ လေသံကို တလေးစားနှင့် နူးညံ့စွာ ပြောဆိုရသည်။ တစ်ခါတစ်ရံတွင် သူတို့အတွက် သူမကိုယ်သူမ ပရောပရည်လုပ်ကာ ဆွဲဆောင်ရသေးသည်။ သို့ရာတွင် ဝိုင်နတ်ဘုရား၏ ဧကရာဇ် အဆင့် ပရိသတ်များကမူ သူ့ကိုသာ တလေးတစား ပြောဆိုနေ၏။

ဤသည်က သူမတို့ အဆင့်အတန်းက လုံးဝမတူကြောင်း ပြသနေသည်။

ဧကရာဇ်အဆင့် အမာခံပရိသတ်များက များပြားလွန်းပြီး ဤသို့သော လွှမ်းမိုးနိုင်စွမ်းက ပလက်ဖောင်း တစ်ခုလုံးကို လှုပ်ခါနိုင်စေလောက်သည်။

မနာလိုစိတ်၊ အားကျစိတ်၊ ကြောက်စိတ်တို့ ဖြစ်ပေါ်လာ၏။

စစ်ယွီ၏ မျက်နှာအမူအရာက အဆက်မပြတ် ပြောင်းလဲနေသည်။ သူမနှုတ်ခမ်းက တဆတ်ဆတ် တုန်နေသော်လည်း ဘာတစ်ခွန်းမှ မပြောရဲချေ။

ရဲ့လင်းချန်သည် သူ့ပရိသတ်များကို ဘယ်သောအခါကမှ အရေးမစိုက်ခဲ့ဖူးပါ။ ဤမျှ များပြားသော အမာခံ ပရိသတ်များ ရှိနေလိမ့်မည်ဟု သူ ထင်မထားမိပေ။

[အားလုံးပဲ မင်္ဂလာပါ]

ရဲ့လင်းချန် သာမန် နှုတ်ဆက်စကားကို ဝင်မန့်လိုက်သည်။ သို့သော် ထိုသာမန် နှုတ်ဆက်စကားလေးက လုံလောက်သည်ထက်ပင် ပိုနေသေး၏။

ဝိုင်နတ်ဘုရားရဲ့ အမာခံ ပရိသတ် [ဝူးဟူး … ဝိုင်နတ်ဘုရား နောက်ဆုံးတော့ မင်း ပြန်လာပြီပဲ၊ မင်း ငါတို့ကို ဘယ်တော့ ပုံပြင်အသစ် ပြောပြမှာလဲ]

ဝိုင်နတ်ဘုရားရဲ့ ပရိသတ်ကောင်လေး [ဝိုင်နတ်ဘုရား မင်း အပိတ်ခံလိုက်ရပြီးတော့ ဒီပလက်ဖောင်းက ဘာတွေများ ကောင်းနေသလဲလို့ ငါ ထင်မိတယ်၊ ငါ မင်းကို သိပ်သတိရနေတာ]

ဝိုင်နတ်ဘုရားရဲ့ ချစ်စရာ ကောင်မလေး [အား … ဝိုင်နတ်ဘုရား၊ ရှင် တကယ် ဒီမှာ ရှိနေတာပဲ၊ ကျွန်မက တစ်ယောက်ယောက် နောက်ပြောင်နေတယ်လို့ ထင်နေခဲ့တာ]

ဝိုင်နတ်ဘုရားက ကြီးမြတ်တယ် [ဟူယွီ ထုတ်လွှင့်ရေးက ဒီလောက် အရှက်မဲ့လိမ့်မယ်လို့ ငါ ထင်မထားမိဘူး၊ ဒီပလက်ဖောင်းမှာ ငါ့ပိုက်ဆံတွေ ဖြုန်းခဲ့မိတာကိုတောင် ငါ နောင်တရလာပြီ]

[ဟုတ်တယ် ဒီပလက်ဖောင်းက အရမ်းကို အရှက်မဲ့လွန်းတယ်၊ အဆိုးဆုံးကတော့ စစ်ယွီလို အမှိုက်ကို ကြော်ငြာ ပေးနေတာပဲ၊ ငါ နောက်ဆို ဘယ်တော့မှ ဒီကို မလာတော့ဘူး]

[ဒီလိုစရိုက်မျိုး ရှိတဲ့လူက ကျော်ကြားမှုကို ဆုံးရှုံးမှာပဲ၊ ဘာတွေပဲ ဖြစ်နေပါစေ ဝိုင်နတ်ဘုရား ငါ မင်းကို အားပေးနေမယ်]

[ငါ့လက်ကျန် ပိုက်ဆံတွေကို ဝူအာဆီ ပေးလိုက်ဦးမယ်၊ ပြီးရင် ဟူယွီမှာ ဘယ်တော့မှ ငွေထပ်ထည့်ပြီး မသုံးတော့ဘူး]

…

မရေတွက်နိုင်သော ကောမန့်များက ဖန်သားပြင်၌ စိတ်ရှုပ်ထွေးစေသော ကိစ္စများ ဖြစ်လာစေသည်။ ချက်ချင်းဆိုသလိုပင် ဝူအာ၏ ထုတ်လွှင့်မှု ဇယားက စစ်ယွီကို ကျော်သွားသည့် သင်္ကေတများ ပြနေသည်။ သူမ မည်သို့သော ကြော်ငြာမှုမျိုးကိုမှ မလိုအပ်ပါ။ သူ ရိုးရှင်းသော အရာတစ်ခုကိုသာ လိုအပ်၏။ ၎င်းမှာ ဝိုင်နတ်ဘုရား ပင်တည်း။

ဝူအာ စိတ်လှုပ်ရှားမှုကြောင့် ပြောစရာ စကားမဲ့နေသည်။ သူမ ငိုလည်း ငိုနေသလို ပြုံးလည်း ပြုံးနေမိသည်။ သူမ၏ ထုတ်လွှင့်မှုက ဤသို့သော အဆင့်သို့ ရောက်လာလိမ့်မည်ဟု သူမ တစ်ခါလေးမှ အိပ်မက် မမက်ဖူးပါ။

စစ်ယွီ ပါးစပ်အဟောင်းသား ဖြစ်ကာ ဆွံ့အ၍ နေ၏။ သူမ လက်ရှိတွင် ကျင်းတစ်ကျင်းရှာ၍ ပြေးပုန်းချင်စိတ်သာ ပေါက်နေသည်။ ထို့အပြင် သူမဘက်မှ ဧကရာဇ်များက တစ်ချိန်လုံး တိတ်နေပြီး ထုတ်လွှင့်မှုထဲမှ ထွက်သွားခြင်းလည်း ဖြစ်နိုင်လောက်သည်။

ပူးတွဲထုတ်လွှင့်မှု၏ ရလဒ်က သံသယ ဝင်စရာပင် မလိုလောက်အောင်ကို ဝူအာက အပြတ်အသတ် နိုင်သွားလေသည်။

စစ်ယွီက ထုတ်လွှင့်မှုကို မြန်မြန် ပိတ်၍ ထုတ်လွှင့်ရေး ပလက်ဖောင်း၏ ဌာနချုပ်သို့ အပြေးသွားတော့သည်။

သူမ ရုံးခန်းတံခါးကို ဖွင့်လိုက်သည်။ သူမ ထင်ထားသလိုပင် ရုံးခန်းထဲ၌ ကျိုးမင်နှင့် ဝမ်ယွမ်တို့ နှစ်ယောက်လုံး ရှိနေသည်။

သူတို့၏ မျက်နှာက ကြည့်ရဆိုးကာ သုန်မှုန်နေ၏။

“ဝိုင်နတ်ဘုရားရဲ့ လွှမ်းမိုးမှုက ငါတို့ ထင်ထားတာထက် ကျော်နေတာပဲ၊ စုန့်ချမ် မှန်ကောင်း မှန်နေလောက်တယ်”

ထိုအခိုက်တွင် ဝမ်ယွမ်၏ မျက်နှာ၌ နောင်တရစိတ်တို့ ပေါ်လွင်နေသည်။

“စီအီးအိုဝမ် ရှင် အဲ့လောက် စိုးရိမ်ဖို့ မလိုပါဘူး၊ ဝိုင်နတ်ဘုရားက ပြန်လာရုံလေးပဲ ရှိတာပါ၊ ဒါ မတော်တဆ ပြန်လာတဲ့အဖြစ်က ကြီးကျယ်သွားရုံလေးပါ”

ကျိုးမင်၏ မျက်လုံးများက အရောင်တောက်နေပြီး ထပ်၍ အကြံပေးလိုက်သည်။

“သူက အပိတ်ခံလိုက်ရတာ မကြာသေးတော့ သူ့လွှမ်းမိုးမှုက မကျသေးတာပါ၊ ဒါ သူ့လွှမ်းမိုးမှုရဲ့ အထွတ် အထိပ်ပဲ၊ အတက်မြန်ရင် အကျလည်း မြန်မှာပဲ၊ မကြာခင် သူ့ကို အားလုံးက မေ့သွားတော့မှာ”

ကျိုးမင်၏ စကားကို နားထောင်ပြီးမှ ဝမ်ယွမ်၏ အမူအရာက အနည်းငယ် စိတ်အေးသွားဟန် ပေါ်လာသည်။

ထိုစဉ် ကျိုးမင်က စစ်ယွီကို မျက်လုံးဖြင့် အချက်ပြလိုက်ပြီး စစ်ယွီကလည်း ချက်ချင်း သဘောပေါက်သွားသည်။ ထို့နောက် သူမက ညုတုတု အပြုံးကို ချိတ်ဆွဲ၍ ဝမ်ယွမ်ထံ လျှောက်လာသည်။

“စီအီးအိုဝမ် ဂူသင်္ချိုင်းဖောက်သူရဲ့ သမိုင်းမှတ်တမ်းက ဝိုင်နတ်ဘုရားရဲ့ အောင်မြင်မှု မှတ်ကျောက်ပဲလေ၊ ရှင်က သူ့မူပိုင်ခွင့် တစ်ဝက်ကို ပိုင်ထားပြီးပြီပဲ၊ ရှင် ဘာကိုများ စိုးရိမ်စရာ ရှိမလဲ၊ အဲ့ဒီ လက်ရာကောင်းကို ဖြတ်ကျော်နိုင်မယ့် နောက်ထပ် လက်ရာမျိုး သူ ဖန်တီးဖို့ မဖြစ်နိုင်ဘူးလေ”

စစ်ယွီက ဝမ်ယွမ်၏ ပေါင်ပေါ်ထိုင်ရင်း သူမကိုယ်နှင့် ပွတ်ကာ ပြုံး၍ ပြောလေသည်။

“အင်း … မင်းပြောတာ ဟုတ်တယ်”

ဝမ်ယွမ် ခေါင်းညိတ်လိုက်သည်။ သူက စစ်ယွီကို ကြည့်၍ ညစ်ကျယ်ကျယ် ပြုံးကာ သူမကို ဆက်၍ ပွတ်သပ်နေသည်။

ပူးတွဲ ထုတ်လွှင့်မှုပြီးနောက် ဝူအာက လူတိုင်းကို ကျေးဇူးတင်စကားဆို၍ လိုင်းပေါ်မှ ဆင်းလိုက်သည်။ ထို့နောက် သူမက ချက်ချင်း ရဲ့လင်းချန်ဆီ ဖုန်းဆက်လိုက်သည်။

“အစ်ကို ဝိုင်နတ်ဘုရား၊ ဒီနေ့အတွက် ကျွန်မ ရှင့်ကို ကျေးဇူးတင်စကား ပြောချင်လို့ပါ၊ ရှင့်ကြောင့်သာ မဟုတ်ရင် ကျွန်မ ဘာလုပ်ရမလဲ သိမှာ မဟုတ်ဘူး”

ဝူအာက သူ့ကို ကျေးဇူးတင်နေသည်။ သူမသည် မိန်းကလေး တစ်ယောက်ဖြစ်ပြီး အုပ်လိုက် အနိုင်ကျင့်ခြင်းကို မခံနိုင်ပေ။ ယခင်က သူမသည် တိုက်ရိုက် ထုတ်လွှင့်သူဟူသော သူမ အလုပ်အကိုင်ကိုပင် စွန့်လွှတ်လိုက်ရန် စဉ်းစားထားခဲ့ပြီးသား ဖြစ်သည်။

ဝိုင်နတ်ဘုရား၏ အချိန်ကိုက် ပေါ်ထွက်လာမှုကြောင့်သာမ ဟုတ်လျင် အဖြစ်အပျက်က ထိန်းချုပ်မရအောင် ပို၍ ရှုပ်ထွေးလာလောက်သည်။ သူမသည်လည်း ထုတ်လွှင့်ရေး ပလက်ဖောင်း တစ်ခုလုံး၏ လူရယ်စရာ ဖြစ်လာပေလိမ့်မည်။

“ဂျပန်နဲ့ ပြိုင်တုန်းက မင်း ငါတို့ကို ကူညီခဲ့တာပဲ၊ ကျေးဇူးတင်သင့်တာက ငါပါ၊ ငါက ဘယ်လိုလုပ် မင်းကို ဒီလို ဒုက္ခခံခွင့် ပေးနိုင်မှာလဲ”

ရဲ့လင်းချန် ပြုံး၍ ပြန်ပြောလိုက်သည်။

ဂျပန်နှင့် ပြိုင်သော ပွဲတွင် ဝူအာ အစွမ်းကုန် ကြိုးစား၍ ယှဉ်ပြိုင်ခဲ့သည်။ အမှားလေး တစ်ခုသာ လုပ်မိ သော်လည်း ထိုအတွက်နှင့် ဘာမှမကူညီနိုင်သော လူများစွာထံမှ မပြီးဆုံးနိုင်သော ဝေဖန်မှုများကို ဆက်တိုက် ရရှိခဲ့သည်။ ယင်းက မမျှတသော လုပ်ရပ်ပင်။

ထိုပြိုင်ပွဲ၌ ဝူအာထက်ပို၍ ပိုကောင်းအောင် ကစားနိုင်သူ များများစားစား မရှိဟု သူ ယုံကြည်သည်။

“အစ်ကို ဝိုင်နတ်ဘုရား၊ ရှင် နောက်ဆက်လုပ်ဖို့ စိတ်ကူးထားလဲ”

ဝူအာ သိချင်စိတ်ဖြင့်‌ မေးလိုက်သည်။

“မသိသေးဘူး၊ ငါ ဒီအတိုင်း ရေလိုက်ငါးလိုက် နေလိုက်ဦးမယ်”

ရဲ့လင်းချန် ပြန်ပြောလိုက်သည်။

“စိတ်မပူပါနဲ့၊ ငါက တော်ပြီးသားပါ၊ ငါ လမ်းပေါ်မှာ ငတ်မသေပါဘူး”

ဝူအာက လျှာလေးထုတ်၍ ပြောလေသည်။

“ဒါဆို ကျွန်မ ခုနက ဆုကြေးပိုက်ဆံတွေကို ရှင့်ဆီ လွှဲပေးလိုက်မယ်၊ ဒီပိုက်ဆံတွေက ရှင့်ရဲ့ အမာခံ ပရိသတ်တွေက ရှင့်ကို ပေးတာလေ”

“ရတယ်၊ အဲ့လိုလုပ်ဖို့ မလိုဘူး၊ သူတို့က မင်းကို လက်ဆောင်ပေးမှတော့ မင်းပဲ သိမ်းထားလိုက်၊ ငါ ပိုက်ဆံ မပြတ်ပါဘူး”

သာမန် စကားစမြည် ပြောဆိုနေပြီးနောက် ရဲ့လင်းချန် ဖုန်းချလိုက်သည်။ သူ့မျက်လုံးများက ရုတ်တရက် အရောင် တောက်လာပြီး စုန့်ချမ်ကို ဖုန်းဆက်လိုက်လေသည်။

“ဝိုင်နတ်ဘုရားလား”

စုန့်ချမ်၏အသံက ပင်ပန်းနွမ်းနယ်နေပုံ ပေါ်သည်။

“အင်း”

ရဲ့လင်းချန် တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။

“ခင်ဗျား ကျုပ်ကို ရှင်းပြဖို့ လိုနေတယ်လို့ မထင်ဘူးလား”

“ငါ တောင်းပန်ပါတယ်”

စုန့်ချမ် ခြောက်ကပ်ကပ် ရယ်မောလိုက်သည်။

“ငါ မင်းအတွက် ကြိုးစားပြီး အတိုက်အခံ လုပ်ခဲ့တယ်၊ ဒါပေမဲ့ ဝမ်ယွမ်က သူ့ဆုံးဖြတ်ချက်ကို မပြောင်းဘူး၊ ပြီးတော့ ကျိုးမင်ကလည်း စစ်ယွီကို အစွမ်းကုန် ထောက်ပံ့နေတယ်၊ ငါ လုပ်နိုင်တာ ဘာမှမရှိဘူး”

“ကျုပ် အပိတ်ခံလိုက်ရတာက ဘာမှမဖြစ်ဘူး၊ ဒါပေမဲ့ စစ်ယွီ ကျုပ်မိတ်ဆွေတွေကို မတိုက်ခိုက်သင့်ဘူး”

ရဲ့လင်းချန် လေးနက်သော အသံဖြင့် ပြောလိုက်သည်။

“စစ်ယွီက မင်းမိတ်ဆွေတွေကို တိုက်ခိုက်နေတာလား”

စုန့်ချမ် အံ့ဩသွားသည်။

“ငါ ထင်ထားထက် သူတို့ ပိုယုတ်မာလိမ့်မယ်လို့ ထင်မထားမိဘူး”

“ခင်ဗျား ဒီကိစ္စကို မသိဘူးလား”

“ငါ ဟူယွီထုတ်လွှင့်ရေးနဲ့ အလုပ်မလုပ်တော့ဘူး”

စုန့်ချမ် သက်ပြင်းချလိုက်သည်။

“ကုမ္ပဏီတစ်ခုလုံးမှာ မင်းကို ပိတ်ပင်တဲ့ကိစ္စကို ဆန့်ကျင်တဲ့လူက ငါ တစ်ယောက်တည်းပဲ ရှိခဲ့တယ်၊ ငါ နည်းနည်း သွေးပူသွားခဲ့ပြီးတော့ စိတ်လိုက်မာန်ပါ အလုပ်ထွက်ခဲ့လိုက်တာ”

စုန့်ချမ်က ဆက်ပြောသည်။

“ဒီလူတွေက ဆိုးဆိုးရွားရွားကို အမြင်ကျဉ်းလွန်းတယ်၊ အရင်တုန်းက ဟူယွီ ထုတ်လွှင့်ရေး အကျဘက် ရောက်လာတာ အဆန်း မဟုတ်ဘူး၊ မင်း ပေါ်လာတာက ပလက်ဖောင်းကို ပြန်ဦးမော့လာအောင် ကူညီပေးခဲ့တာပဲ၊ ဒါပေမဲ့ သူတို့က ချက်ချင်း မင်းအပေါ် မျက်နှာလွှဲခဲပစ် လုပ်ခဲ့တယ်၊ ပလက်ဖောင်းမှာ ဘာအနာဂတ်မှ မရှိတော့ဘူး၊ အဲ့လိုအလုပ်ကိုလည်း ငါ လုပ်စရာ မလိုတော့ဘူးလေ …”

All Chapters