← Chapters

ခင်ဗျားရဲ့ ထောက်ခံချက်ရဖို့ ဘာလုပ်ရမှာလဲ

Vol. 9 Ch. 838

ခင်ဗျားရဲ့ ထောက်ခံချက်ရဖို့ ဘာလုပ်ရမှာလဲ

Vol. 9 Ch. 838

ပိုင်ရှောင်ချန်းမှာ ငိုချလိုက်ချင်သည့် မျက်နှာကြီးဖြင့် ဆူပုတ်နေစဥ် ကောင်းကင်ဧကရာဇ်သည် သင်္ချိုင်းစောင့်ကြီးအားကြည့်၍ တည်ကြည်စွာ ဆိုလိုက်သည်။

" ခင်ဗျားကြီး သိတော့ရော ဘာဖြစ်လဲ။ ကျုပ်က ခင်ဗျားကြီးကို အပြင်ထွက်လာအောင် ခေါ်ထုတ်နိုင်ခဲ့သည်ဖြစ်စေ ခင်ဗျားကြီးက ကျုပ်ကို ခေါ်ထုတ်နိုင်ခဲ့သည်ဖြစ်စေ အဆုံးမှာတော့ ဘယ်သူအနိုင်ရမလဲဆိုတဲ့အချက်ကပဲ အရေးကြီးတာပါ "

သူက ထိုသို့ဆိုလိုက်သောအခါ သူ့ထံမှ ဖိအားကြီးမားပြီး အထက်စီးဆန်သော အငွေ့အသက်များထွက်ပေါ်လာသဖြင့် သူသည် ကောင်းကင်နှင့် ကမ္ဘာမြေတစ်လွှားဝယ် ထိပ်ဆုံးအဆင့်သို့ ရောက်ရှိနေသည့် လူတစ်ယောက်နှင့် တူသွားတော့သည်။

သူ စကားပြောပြီးသွားသောအခါတွင် ကလေးမလေးသည် ထူးဆန်းစွာ ရယ်မောလိုက်ပြီး သူမ၏ခန္ဓာကိုယ်မှာ မှုန်ဝါးသွားကာ အနက်ရောင်ကျဥ်းတစ်ကျဥ်းပုံစံအသွင် ပြောင်းလဲသွားသည်။ တချိန်ထဲမှာပင် သက်ရှိများ မရေမတွက်နိုင်လောက်အောင် ပါဝင်ဖွဲ့စည်းထားသည်ဟုထင်ရသော သူမ၏ ထူးဆန်းသည့်စကားသံကြီး ထွက်လာတော့သည်။

" ဟင်းလင်းပြင် ဝါးမျိုခြင်း မဟာမှော်အတတ် "

ကလေးမလေး တဖြစ်လဲ အနက်ရောင်ကျဥ်းကြီးထဲမှ အနက်ရောင်အလင်းတန်းများ ပေါ်ထွက်လာပြီး မီတာသုံးသောင်း ပတ်ပတ်လည်နေရာတစ်ခုလုံးတွင် ပြည့်နှက်သွားကာ အရာအားလုံးကို ၎င်းဆီသို့ဆွဲယူနေတော့သည်။ အပင်များ၊ အသီးအရွက်များ၊ ကျောက်တုံးများ၊ တောင်တန်းများ အပါအဝင် အရာရာတိုင်းမှာ လေကိုခွင်း၍ သူမဆီသို့ ပျံဝဲလာကြတော့သည်။

သင်္ချိုင်းစောင့်ကြီးမှာ ထိုမီတာ သုံးသောင်းပတ်ပတ်လည် နေရာအတွင်းသို့ ရောက်ရှိနေသည်ဖြစ်ပြီး သူမ၏ဟင်းလင်းပြင်ဝါးမျိုခြင်းမှော်အတတ်၏ ဆုံချက်နေရာသို့ ရောက်နေခြင်းလည်းဖြစ်သည်။ မြင်ရသလောက်ဆိုလျှင် သူသည် ထိုအတတ်၏ ချုပ်နှောင်ခြင်းကိုခံထားရပြီး လှုပ်ရှားမှု မပြုနိုင်လောက်အောင် ဖြစ်နေရသည်။

ထိုကလေးမလေး တိုက်ခိုက်လိုက်သောအခါတွင် ကောင်းကင်ဧကရာဇ်မှာ ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်လေသည်။ ဤတိုက်ပွဲကို အလျင်အမြန် အဆုံးသတ်သင့်ကြောင်းကို သူကသိသဖြင့် ထိုသို့ အဆုံးသတ်နိုင်ရန်အတွက် ပြင်ဆင်ထားသည်။ သူ၏ခြေထောက် မြေပြင်ပေါ်သို့ ကျဆင်းလာသည်နှင့် မြေကြီးမှာ တသိမ့်သိမ့်တုန်သွားရသည်။ တချိန်ထဲမှာပင် သူသည် ညာလက်ကို ဆန့်ထုတ်၍ ဖမ်းဆုပ်သည့် အမူအရာတစ်ခု လုပ်လိုက်သည်။

" ကောင်းကင်တံတားပင်လယ် "

သူက တည်ကြည်စွာ ဆိုလိုက်၏။ ထိုအခါ ထစ်ချုန်းသံများ မြည်ဟည်းလာပြီး လေထုထဲတွင် တုန်ခါမှု လှိုင်းများပြည့်နှက်သွားပြီးနောက် ပင်လယ်တစ်စင်း၏ ပုံစံရှိသော ရွှေရောင်အဆင်းတစ်ခု ပေါ်ထွက်လာတော့သည်။

ပိုင်ရှောင်ချန်းမှာမူ ပါးစပ်အဟောင်းသား ဖြစ်သွားရပြီး သူ၏အတွေးများ ဂယောင်ခြောက်ခြား ဖြစ်သွားတော့သည်။ ထို ရွှေအရောင်အဆင်းရှိသော ရေပြင် အတုအယောင်ကြီးမှာ မည်သည့်အရာဖြစ်ကြောင်းကို သူ ချက်ချင်းပင် သိလိုက်လေသည်။ ၎င်းမှာ ကောင်းကင်တံတား ပင်လယ်ဖြစ်သည်။

" ဒါ ဘယ်လိုမှော်အတတ်တွေတုံး "

သူသည် ရင် တဒိန်းဒိန်းခုန်နေလျက် တွေးနေတော့သည်။

" သူက တကယ်ပဲ ကောင်းကင်တံတားပင်လယ်ကို လက်နက်တစ်ခုလို သုံးနေတာလား "

ယခုတွင်မူ ဤသုံးယောက် အသုံးပြုနေသည့် သိုင်းကွက်များမှာ စစ်မှန်သော နတ်ဘုရားစွမ်းရည်များဖြစ်ကြောင်း သူက ကောက်ချက်ချလိုက်တော့သည်။ ထိုသိုင်းကွက်များသည် သူမြင်တွေ့နေကြ မှော်အတတ်များကိုပင် အရှက်ရသွားစေနိုင်သည်။ သို့သော် ရွှယ်ကျဲကော်တုနှင့် ထာဝရဧကရာဇ် လက်သီးတို့၏ ကြီးကျယ်ခန်းနားပုံကို ပြန်၍တွေးမိသွားသောအခါ အနည်းငယ် စိတ်သက်သာရာ ရသွားတော့သည်။ သူ့မှာ မြင့်မားသော ကျင့်ကြံခြင်းအခြေခံတစ်ခု ရှိလာပါက သူ၏ ရွှယ်ကျဲကော်တုသည် ဤကဲ့သို့သော လူများကို မြက်ခြောက်များကဲ့သို့ ချေမှုန်းပစ်နိုင်မည်ဖြစ်သည်။

" အိမ်း ငါ့ရဲ့ ကျင့်ကြံခြင်းအခြေကိုက တော်တော် အဆင့်နိမ့်နေသေးလို့ပါ "

သူက စူပုတ်ပုတ်မျက်နှာဖြင့် တွေးလိုက်သည်။ တချိန်ထဲမှာပင် သူသည် တတ်နိုင်သမျှ အမြန်ဆုံး နောက်သို့ဆုတ်ခွာသွားလိုက်သည်။ မဟာကောင်းကင်သခင်နှင့် အခြားစွမ်းအားကြီး ကျင့်ကြံသူများ၏ မျက်နှာပေါ်တွင် အလွန်တည်ကြည်သော အမူအရာများ ထင်ဟပ်နေတော့သည်။ ကောင်းကင်ဧကရာဇ်သည် ကောင်းကင်တံတားပင်လယ်ကို အသုံးပြု၍ ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို အကြီးအမားပြောင်းလဲနေသည်ဖြစ်ကြောင်း သူတို့လည်း သိကြသည်။

ကောင်းကင်ကြီးတစ်ခုလုံးမှာ ပင်လယ်ကြီးတစ်စင်းအသွင် ပြောင်းလဲသွားပြီး တလိပ်လိပ်ထနေသည့် လှိုင်းလုံးကြီးများ ရေပြင်ကြီးများဖြင့် ပြည့်နှက်နေသည်။ အချိန်အနည်းငယ် အတွင်း ရွှေရောင်ရေများမှာ ဧရာမလက်ကြီးတစ်ဖက်အသွင် ပြောင်းလဲသွားပြီး သင်္ချိုင်းစောင့်ကြီးအပေါ်သို့ ကျဆင်းစပြုလာတော့သည်။

ကောင်းကင်ယံကြီးမှာ ပင်လယ်တစ်စင်း အသွင်ပြောင်းသွားပြီး ထိုပင်လယ်မှာ လက်တစ်ဖက်အသွင် ပြောင်းလဲသွားခဲ့ခြင်းဖြစ်သည်။ ကလေးမလေး၏ ဟင်းလင်းပြင်ဝါးမျိုခြင်း မဟာမှော်အတတ်မှာ သင်္ချိုင်းစောင့်ကြီးကို မလှုပ်နိုင်အောင် ချုပ်နှောင်ထားသည် ဖြစ်ရာ သူ့အတွက် ထိုဖျက်ဆီးနိုင်စွမ်းအပြည့်ရှိသော တိုက်ကွက်ကြီးကို ရှောင်တိမ်းနိုင်ရန် အခွင့်အရေး လုံးဝမရှိတော့သည့်ပုံစံ ပေါ်နေသည်။

ထိုသို့ အန္တရာယ်ကြီးမားလှသော အချိန်တွင် ပိုင်ရှောင်ချန်း၏ နှလုံးမှာ လည်မျိုအထိ ခုန်တက်လုမတတ် ဖြစ်နေပြီဖြစ်သည်။ သို့သော် ထိုအချိန်တွင် သင်္ချိုင်းစောင့်ကြီးမှာ အဓိပ္ပါယ်နက်နဲသော အလင်းရောင်များ တလက်လက်ထနေသည့် မျက်ဝန်းများဖြင့် မော့ကြည့်လိုက်ပြီး လက်နှစ်ဖက်ကို ဦးခေါင်းအပေါ်သို့ မြှောက်၍ အက်ကွဲသည့်အသံဖြင့် ဆိုလိုက်သည်။

" မြေအောက်မြစ် "

သူ၏ပတ်ပတ်လည်တွင် သေခြင်းတရားအခိုးအငွေ့များနှင့်အတူ အရာအားလုံးကို ဖုံးလွှမ်းပြည့်နှက်သွားစေနိုင်သည့် ဒလဟော စီးဆင်းနေသော အနက်ရောင် မြစ်ရေများ ပေါ်ထွက်လာသည်။ ထို့နောက် သူသည်ရှေ့သို့ တစ်လှမ်းလှမ်းလိုက်သောအခါ ထိုမြစ်ရေမှာ အနက်ရောင်နဂါးတစ်ကောင် ဟိန်းဟောက်နေသည့်အလား ရှေ့သို့ စီးဆင်းသွားတော့သည်။

သင်္ချိုင်းစောင့်ကြီးသည် မြေအောက်မြစ်၏ ရင်းမြစ်တစ်ခုကဲ့သို့ ဖြစ်နေပြီး ရေပန်းတစ်ခုအလား အချိန်နှင့်အမျှ ကြီးထွားများပြား လာနေတော့သည်။ သူ၏ပတ်ပတ်လည်တွင် ရေများမှာ အဆက်မပြတ် စီးဆင်းလှည့်ပတ်နေစဥ် သူသည် ကောင်းကင်ယံပေါ်သို့တက်လှမ်းသွားပြီး ကောင်းကင်တံတားပင်လယ်တဖြစ်လဲ ဧရာမလက်ကြီးကို ရင်ဆိုင်ရန် ပြင်လိုက်တော့သည်။

၎င်းတို့ တဖြည်းဖြည်းနီးကပ်လာပြီးနောက် တောင်များကိုပြိုကွဲစေနိုင်ပြီး ကောင်းကင်ယံကို ဖျက်ဆီးပစ်နိုင်ကာ မြေပြင်ကို အမှုန့်ချေပစ်နိုင်သည့် အားကြီးဖြင့် ဝင်တိုက်သွားကြတော့သည်။ လက်ကြီး၏ မျက်နှာပြင်ပေါ်တွင် မရေမတွက်နိုင်သော အက်ကွဲကြောင်းများ ပျံ့နှံ့သွားပြီး နားကွဲလုမတတ်ဆူညံနေသော ထစ်ချုန်းသံများ လေထဲတွင် ပြည့်နှက်သွားတော့သည်။ သင်္ချိုင်းစောင့်ကြီးနှင့် ကောင်းကင်ဧကရာဇ်တို့သည် မြေအောက်မြစ်နှင့် ကောင်းကင်တံတားပင်လယ်တို့ကို လက်နက်များအဖြစ်အသုံးချကာ တစ်ယောက်ကိုတစ်ယောက် ရင်ဆိုင်နေသည့် တိုက်ခိုက်မှုတစ်ခုပင် ဖြစ်သည်။

အနက်ရောင် နဂါးကြီးတစ်ကောင်မှာ ရွှေရောင်လက်တစ်ဖက်ကို တိုက်ခိုက်နေသည်။

ရွှေရောင်လက်ကြီးမှာ ပထမဆုံး အားအင်ကုန်ခန်းသွားလေသည်။ ၎င်းမှာ အစိတ်စိတ်အမြွှာမြွှာ ကြေမွသွားပြီး ထိုအပိုင်းအစများ လွင့်စင်သွားသောအခါ ရက်စက်ကြမ်းကြုတ်ဖွယ်ကောင်းသည့် ကောင်းကင်ဧကရာဇ်ပေါ်ထွက်လာပြီး အထက်တွင် ဝဲပျံနေသည်ကို မြင်လိုက်ရသည်။

မြေအောက်မြစ်မှာ ပို၍ စွမ်းအားကြီးမားနေသည်မှာ အထင်အရှားပင်။ လက်ကြီးကို ဖျက်ဆီးလိုက်ပြီးနောက် ၎င်းသည် အနက်ရောင် လျှပ်စီးတန်းတစ်တန်းအလား ရှေ့သို့ ဆက်စီးဆင်းသွားသည်။ ထို့နောက် သင်္ချိုင်းစောင့်ကြီးမှာ ရှေ့ဆုံးမှနေ၍ ကောင်းကင်ဧကရာဇ်ကို တည့်မတ်စွာ ဝင်တိုက်ခိုက်လိုက်တော့သည်။

ထိုအခါ အုန်းခနဲအသံတစ်သံ ထွက်ပေါ်လာပြီး ကောင်းကင်ဧကရာဇ်မှာ နောက်သို့ဆုတ်သွားသည်။ သို့သော် ထိုသို့ မတိုက်မိလိုက်စဥ် သင်္ချိုင်းစောင့်ကြီးမှာ ဘေးဖက်သို့ စောင်းလိုက်သဖြင့် သူ၏ ပစ်မှတ်မှာ ကောင်းကင်ဧကရာဇ်မဟုတ်ပဲ ကလေးမလေးသာဖြစ်ကြောင်း သိလိုက်ရတော့သည်။

ကလေးမလေးမှာ မျက်နှာပျက်သွားပြီး ချက်ချင်းပင် နောက်သို့ အလျင်အမြန် ဆုတ်ခွာလိုက်သည်။ သို့သော်လည်း သူမ၏ အံ့အားသင့်ဖွယ် အမြန်နှုန်းမှာ သင်္ချိုင်းစောင့်ကြီးကို မယှဥ်နိုင်သေးပေ။ အနည်းငယ်အကြာတွင် ခမ်းနားကြီးကျယ်လှသော မြေအောက်မြစ်ကြီးမှာ သတ်ဖြတ်၍မရနိုင်သော ဝိညာဥ်ဖြစ်သည့် ကလေးမလေးကို ရိုက်ခတ်သွားသဖြင့် အုန်းခနဲ အသံကျယ်ကြီး တစ်သံထွက်ပေါ်လာတော့သည်။

ထိုမြစ်ကြီးနှင့် ထိပ်တိုက်တွေ့ဆုံသွားသောအခါ ကလေးမလေးသည် အော်ဟစ်မြည်တမ်းလိုက်ပြီး အလင်းမှုန်များစွာအသွင် ကြေမွသွားတော့သည်။ ထိုအလင်းရောင်မှာ အဝေးတစ်နေရာသို့ ထိုးထွက်သွားပြီး ဝိညာဥ်အရိပ်တစ်ခုအသွင် ပြန်လည်ဖွဲ့စည်းသွားသည်။ သူမသည် သူမကိုယ်သူမ သတ်ဖြတ်၍ မရနိုင်ဟု ဆိုထားခဲ့သည် မဟုတ်ပါလော။ သို့သော် သင်္ချိုင်းစောင့်ကြီး၏ တိုက်ခိုက်မှုမှာ သူမကိုအပြင်းအထန် ဒဏ်ရာရသွားစေခဲ့သည်မှာ အသေအချာပင်။

ထိုသို့သော တိုက်ခိုက်မှုမျိုးကိုသာ အကြိမ်အနည်းငယ်မျှထပ်မံ ခံလိုက်ရပါက သူမက ပျက်စီးပျောက်ကွယ်သွားနိုင်ချေပင် ရှိနေသည်။

မဟာကောင်းကင်သခင်နှင့် အခြားစွမ်းအားကြီး ကျင့်ကြံသူများမှာ ထိုအချင်းအရာကြောင့် အားရကျေနပ်သွားကြသည်။ ထို့အပြင် သင်္ချိုင်းစောင့်ကြီးမှာ မည်မျှအထိစွမ်းအားကြီးမားနေသည်ကို ယခုတွင်မြင်နေရပြီဖြစ်သည်။ သူ၏ အတွေးထဲတွင် ကောင်းကင်ဧကရာဇ်သာ ရှိမနေပါက ထိုကလေးမလေးကို အနိုင်ယူနိုင်မည်မှာ အသေအချာပင်။

မြေအောက်မြစ်ပုံစံရှိနေသော သင်္ချိုင်းစောင့်ကြီးမှာ အသစ်ပြန်လည် ပေါ်ထွက်လာသည့် ကလေးမလေးဆီသို့ ဦးတည်သွားနေသည်ကို ကောင်းကင်ဧကရာဇ် မြင်လိုက်ရသောအခါ သူ၏မျက်နှာထား အလွန်တင်းမာသွားသည်။ ထိုကလေးမလေး အသတ်ခံနေရသည်ကို သူရပ်ကြည့်နေ၍ မဖြစ်ပေ။ သူတို့သည် မဟာမိတ်များ ဖြစ်နေသည်သာမက သူတို့နှစ်ယောက်ကို ချုပ်နှောင်ထားသည့် သစ္စာတရားတစ်ခုရှိနေသေးသည်လည်း ဖြစ်သည်။ အရေးအကြီးဆုံးအချက်မှာ သူသည် သူတစ်ယောက်ထဲနှင့် သင်္ချိုင်းစောင့်ကြီးကို ရင်ဆိုင်ရန် ယုံကြည်မှု မရှိခြင်းပင်ဖြစ်သည်။ သူ့ဘက်မှ ကူညီပေးမည့်လူကို လိုအပ်နေသည်။

ထို့ကြောင့် သူ၏မျက်လုံးများထဲတွင် ချက်ချင်းပင် စူးရှသော ပြတ်သားမှုများ တောက်ပလာတော့သည်။

" ကောင်းကင်တံတားပင်လယ်က ခင်ဗျားကြီးကို အနိုင်မယူနိုင်ဘူးဆိုရင် ကောင်းကင်တံတားဒေသဆိုရင်ရော "

သူသည် လက်နှစ်ဖက်သုံး၍ မန္တန်လက်ကွက်တစ်ခု ထပ်ဖော်လိုက်ပြီး ကောင်းကင်သို့ လက်ညှိုးထိုးလိုက်လေသည်။ ချက်ချင်းပင် ကောင်းကင်ကြီးမှာ အသွင်ပြောင်းနေသည့်အလား တစ်လွှာပြီးတစ်လွှာ ကွကျလာတော့သည်။

ထို့နောက် ကောင်းကင်တံတားပင်လယ်ကြီး ထပ်မံပေါ်ထွက်လာပြန်သည်။

ယခုအကြိမ်တွင် ၎င်းမှာ ပို၍ပင် ကြီးကျယ်ခမ်းနားနေပြီး အဆုံးစမဲ့သော ရွှေရောင်အလင်းများ စူးရှတောက်ပနေသည်။ ထိုပင်လယ်၏ အလယ်တွင် အံ့အားသင့်ဖွယ်ကောင်းစွာပင် အနက်ရောင်ကျွန်းတစ်ကျွန်းကို မြင်နေရသည်။ ထို့အပြင် တန်ခိုးကြီး မြစ်ကြီးလေးသွယ်မှာ ပင်လယ်ထဲမှနေ၍ အရပ်လေးမျက်နှာသို့ ခွဲဖြာစီးဆင်းနေသေးသည်။ ထိုမြစ်များကို ကုန်းမြေများက ဝန်းရံထားပြီး ထိုကုန်းမြေများပေါ်တွင် တောင်စဥ်တန်းများ၊ လွင်ပြင်ကျယ်ကြီများနှင့် ထူထပ်လှသော သစ်တောများ ပေါက်ရောက်နေသည်။

အနီးကပ်ကြည့်ရှု လိုက်ပါက မြစ်ဝနေရာတွင် ဧရာမ ဂိုဏ်းဌာနချုပ်လေးခုကိုပင် မြင်နိုင်သေးသည်။ သို့သော် ထိုမျှလောက်သာ မဟုတ်ပေ။ အလယ်ဒေသများ၊ အောက်ပိုင်းဒေသများနှင့် မြစ်ဝကျွန်းပေါ်ဒေသများကိုပင် ရှင်းရှင်းလင်းလင်း မြင်နေရသည်။

အဏ္ဏဝါခေါ်သံဂိုဏ်းကိုပါ မြင်လိုက်ရ၍ ပိုင်ရှောင်ချန်းမှာ တအံ့တသြငေးကြည့်နေမိတော့သည်။ ကောင်းကင်ယံပေါ်တွင် ကောင်းကင်တံတား ဒေသတစ်ခုလုံးမှာ ပုံရိပ်ထင်ဟပ်နေသည်။

" သင်္ချိုင်းစောင့်ကြီး၊ အရင်တုံးက ကျုပ်က မျိုးမစစ်၊ တရားမဝင်တဲ့လူတစ်ယောက်မလို့ ကမ္ဘာတံခါးကို ကျုပ်အတွက် ခင်ဗျားမဖွင့်ပေးဘူးလို့ ပြောခဲ့တာနော်။ ဒါပေမဲ့ ခင်ဗျားကြီးက သင်္ချိုင်းစောင့် တစ်ယောက်သာသာပါပဲ။ ခင်ဗျားကြီးက ကမ္ဘာတံခါးကို စောင့်ကြပ်နေတဲ့ သရဲအိုကြီးတစ်ယောက်ပါပဲ။ ကျုပ်ရဲ့ခန္ဓာကိုယ်ထဲမှာ ဗဟိုဧကရာဇ်တွေရဲ့ သွေးတွေ ရှိချင်မှရှိလိမ့်မယ်။ ဒါပေမဲ့ ကောင်းကင်တံတားနယ်မြေက ကျုပ်ကို သဘောတူ ထောက်ခံတယ်ဗျ။ ခင်ဗျားကြီးက ကျုပ်ကို မထောက်ခံဘူးလုပ်ပိုင်ခွင့်ရှိလား။ အခုချက်ချင်း ကျုပ်အတွက် အဲဒီတံခါးဖွင့်ပေးရင်ဖွင့်ပေး၊ မဖွင့်ပေးရင်တော့ သေပေတော့ "

ကောင်းကင်ဧကရာဇ်မှာ လှစ်ခနဲ လှုပ်ရှားလိုက်ပြီး ကောင်းကင်တံတားနယ်မြေများနှင့် ပေါင်းစည်းသွားကာ ၎င်းတို့၏ ဝိညာဥ်ကဲ့သို့ ဖြစ်သွားတော့သည်။

ကောင်းကင်ဧကရာဇ်မှာ တစ်ကမ္ဘာလုံးရှိ စွမ်းအားများအားလုံးကို စုပ်ယူနေသည့်အလား ကြီးမားသော စွမ်းအင်ကြီးတစ်ခုမှ တဖြည်းဖြည်း စုဝေးလာတော့သည်။

ထိုအချိန်တွင် ကလေးမလေး၏ မျက်ဝန်းထဲတွင် ဒေါသအရိပ်အယောင်တစ်ခု ပေါ်ထွက်လာသည်။ သူမသည် အရာအားလုံးကိုရင်း၍ စွန့်စားရန် အဆင်သင့်ဖြစ်နေသည့်အလား ကျယ်လောင်စွာ အော်ဟစ်မြည်တမ်းလိုက်ပြီး စက္ကူကြိုးကြာရုပ်တစ်ခုအသွင် ပြောင်းလဲသွားသည်။

သူမအား အနက်ရောင်မြူခိုးများက ဝန်းရံသွားပြီး ထိုမြူခိုးအတွင်း အော်ဟစ်နေကြသည့် သရဲပုံရိပ်များစွာ ရှိနေလေသည်။ ၎င်းမှာ ကောင်းကင်ဘုံအလွန်မှ စွမ်းအားဖြစ်ကြောင်း ပိုင်ရှောင်ချန်းမှာ သေချာပေါက် သိလိုက်လေသည်။

ထိုသို့သော စွမ်းအားမျိုးမှာ ဤကမ္ဘာ၏ သဘာဝတရားကြီးနှင့် မအပ်စပ်ပေ။ ၎င်းမှာ အဖြူရောင်စာရွက်တစ်ရွက်ပေါ်ရှိ အနက်ရောင် မှင်စက်တစ်စက်ကဲ့သို့ ဖြစ်နေသည်။ ချက်ချင်းပင် မျက်လုံးထဲတွင် ထင်းကနဲပေါ်လာသည့် အရာတစ်ခုဖြစ်သည်။

အနက်ရောင် စက္ကူကြိုးကြာရုပ်မှာ ကောင်းကင်ဘုံအလွန်မှ စွမ်းအားများကိုအသုံးချကာ ကောင်းကင်ဧကရာဇ်နှင့်အတူ ပူးပေါင်း၍ သင်္ချိုင်းစောင့်ကြီးကို တိုက်ခိုက်လိုက်တော့သည်။

" အဲဒီတံခါးကို ဖွင့်မှာလား၊ မဖွင့်ဘူးလား သရဲအိုကြီး "

မဟာကောင်းကင်သခင်နှင့် အခြားစွမ်းအားကြီး ကျင့်ကြံသူများမှာ ထိုနတ်ဘုရားအတတ်များနှင့် စွမ်းအင်များကြောင့် အလွန်အမင်း တုန်လှုပ်သွားတော့သည်။ ပိုင်ရှောင်ချန်းမှာမူ စိတ်ထဲတွင် ငိုကြွေးနေပြီး ခံစားရခက်နေလျက် နောက်သို့ အမြန်ဆုံးဆုတ်ခွာသွားသည်။

သင်္ချိုင်းစောင့်ကြီးမှာ ကောင်းကင်ဧကရာဇ်ကို မော့ကြည့်လိုက်သည်။ သူ၏အမူအရာမှာမူ တချိန်လုံး မပြောင်းလဲပေ။ သို့သော် သူ၏မျက်ဝန်းထဲတွင် ပင်ပန်းနွမ်းနယ်မှုအရိပ်အယောင်တစ်ခုပေါ်လာပြီး သူသည်သက်ပြင်းချကာဆိုလိုက်တော့သည်။

" မင်းက နားမလည်သေးပဲကိုး။ မင်း တရားမဝင်ဘူးဆိုတာက ထောက်ခံမှုတွေ၊ မင်းရဲ့သွေးမျိုးဆက်တွေနဲ့ မဆိုင်ဘူး။ မင်းမှာ အမွေအနှစ်ပညာရပ် မရှိလို့ပဲ "

မည်သည့်အကြောင်းကြောင့် မသိပါသော်လည်း ထွက်ပြေးနေသည့်ပိုင်ရှောင်ချန်းမှာ သင်္ချိုင်းစောင့်ကြီးက ထိုစကားလုံးများကို ရေရွတ်လိုက်စဥ် သူ့ကိုစိုက်ကြည့်နေသည်ဟု ခံစားလိုက်ရတော့သည်။

All Chapters