တုဖက်ကင်းသည့် တိုက်ပွဲ
Vol. 9 Ch. 839
" မဖြစ်နိုင်ပါဘူး "
ပိုင်ရှောင်ချန်းမှာ ရင်တဒိန်းဒိန်းခုန်နေလျက် တွေးလိုက်သည်။ သင်္ချိုင်းစောင့်ကြီးကသာ သူ့ကိုအမှန်တကယ် ကြည့်ခဲ့သည်ဆိုပါက သူက ကြီးမားသော အန္တရာယ်ထဲသို့ ရောက်နေပြီဟု အဓိပ္ပါယ်ရပေသည်။ သူသည် သင်္ချိုင်းစောင့်ကြီးနှင့် ကောင်းကင်ဧကရာဇ်တို့ကြားရှိ အန္တရာယ်များသော တိုက်ပွဲကြီး၏ တစ်စိတ်တစ်ပိုင်း အဖြစ် ပါဝင်သွားမည် ဖြစ်သည်။
" ငါ့လို ဘာမှမဟုတ်တဲ့ကောင်က သူတို့လို တန်ခိုးစွမ်းအားကြီးတဲ့ လူတွေအတွက် အရေးမပါလောက်ပါဘူးလေ "
သူသည် ချက်ချင်းပင် ခေါင်းငုံ့လိုက်ပြီး နောက်သို့ ပို၍လျင်မြန်စွာပင် ထွက်ပြေးသွားတော့သည်။ သူသည် ထွက်ပြေးရန်အတွက်သာ အာရုံစိုက်နေစဥ် အထက်ရှိ တိုက်ပွဲမှာ နောက်ထပ်တစ်ကြိမ် ဇာတ်ရှိန်အမြင့်ဆုံး အခြေအနေသို့ ရောက်ရှိသွားပြန်သည်။ ပုံရိပ်ထင်ဟပ်နေသော ကောင်းကင်တံတားဒေသများ၏ အနောက်တွင် လူရိပ်တစ်ခု ပေါ်ပေါက်လာသည်။
၎င်းမှာ ကောင်းကင်ဧကရာဇ်ပင်ဖြစ်ပြီး သူသည် ကောင်းကင်တံတားဒေသတိုင်းကို ထိန်းချုပ်နေသည့် ပုံစံပေါ်နေသည်။ သူ၏ရှေ့တွင် လက်နှစ်ဖက်စလုံးကို ဝှေ့ယမ်း၍ ထိုကုန်းမြေများကို သင်္ချိုင်းစောင့်ကြီးထံသို့ စေလွှတ်လိုက်သောအခါ တဂျုန်းဂျုန်း မြည်ဟည်းသံများ ပေါ်ထွက်လာသည်။
တချိန်ထဲမှာပင် စက္ကူကြိုးကြာရုပ် အသွင်ပြောင်းထားသော ကလေးမလေးမှာ အနက်ရောင်မြူခိုးထဲမှ ထိုးထွက်လာပြီး သင်္ချိုင်းစောင့်ကြီးထံသို့ ဦးတည်သွားတော့သည်။
ထိုဖြစ်ရပ်များကြောင့် ကြည့်ရှုနေသူတိုင်းမှာ ရိုးတွင်းချဥ်ဆီထဲအထိ တုန်လှုပ်သွားရတော့သည်။ သင်္ချိုင်းစောင့်ကြီးမှာမူ သက်ပြင်းချလိုက်ပြီး သူ၏မျက်ဝန်းထဲတွင် ပြတ်သားသော အရိပ်အယောင်တစ်ခု ပေါ်ပေါက်လာသည်။ တုံ့ဆိုင်းနေ၍မရတော့သည့် အခြေအနေသို့ ရောက်သွားပြီဖြစ်ကြောင်း သူက သိထားသည်။ ကောင်းကင်ဧကရာဇ်သည် သူအပြင်သို့ မရမက ထွက်လာအောင်စိတ်ဆွရန် ကိစ္စအဝဝကို ကြိုးကိုင်၍ စီစဥ်ခဲ့သည်။ သို့သော် ၎င်းမှာလည်း သင်္ချိုင်းစောင့်ကြီးအတွက် ကောင်းကင်တံတားဒေသကို များစွာအနှောင့်အယှက်ပေးနေသည့် အရာတစ်ခုအား အဆုံးသတ်နိုင်မည့် အခွင့်အရေးတစ်ရပ်ကဲ့သို့ ဖြစ်နေသည်။
" စီစဥ်ထားတာထက် စောနေလို့ မျှခြေတော့ နည်းနည်း မညီမညာ ဖြစ်သွားမှာပဲ။ ကမ္ဘာကြီးကိုလည်း ထိခိုက်သွားမှာ။ ဒါပေမဲ့ ငါက အချိန်ပြည့်တော့မှာ။ ငါ့ အနာဂတ်မျိုးဆက်အတွက် ဒါကို လုပ်ကိုလုပ်မှရမယ် "
သင်္ချိုင်းစောင့်ကြီးမှာ စိတ်ထဲတွင် သက်ပြင်းချလိုက်သော်လည်း သူ၏မျက်ဝန်းထဲတွင် ပြတ်သားမှု အရိပ်အယောင်များ တောက်ပလာသည်။ စက္ကူကြိုးကြာရုပ်နှင့် ကောင်းကင်တံတားဒေသ၏ ပုံရိပ်ထင်ဟပ်နေသော ကုန်းမြေများ အနီးသို့ရောက်လာသောအခါ သူသည် မျက်လုံးများကို မှိတ်လိုက်တော့သည်။
ထိုအခါ ပြင်းထန်ကျယ်လောင်သော ထစ်ချုန်းသံတစ်သံ မြေရိုင်းဒေသထဲတွင်သာမက ကောင်းကင်တံတားဒေသတွင်ပါ ပြည့်နှက်သွားတော့သည်။ ဂိုဏ်းအားလုံး၊ သက်ရှိအားလုံး၊ ကျင့်ကြံသူအားလုံး၊ သားရဲအားလုံးနှင့် သာမန်လူများပင်လျှင် ထိုအသံကြီးကို ကြားလိုက်ရသည်။
ဂျုန်းးး
ထိုအသံကြီးသည် ကမ္ဘာကြီးပင် ၎င်းကို မထိန်းသိမ်းနိုင်လောက်အောင်ပင် ကျယ်လောင်လွန်းလှသည်။ ပိုင်ရှောင်ချန်း၏ ခြေထောက်အောက်ရှိ မြေကြီးထဲမှ ပြင်းထန်သောအားတစ်ခု ထိုးထွက်လာကာ မြေရိုင်းဒေသထဲရှိ မြေပြင်များမှာ တုန်ရီသွားရပြီး ပိုင်ရှောင်ချန်းမှာ မျက်နှာပျက်သွားရသည်။ ဗဟိုဧကရာဇ်မြို့တော်၊ ဘုရင်လေးပါး၏ မြို့တော်လေးမြို့၊ မရေမတွက်နိုင်သော မျိုးနွယ်စုများနှင့် လူမျိုးစုများ အပါအဝင် လူတိုင်းမှာ ထိုပြင်းထန်လှသော တုန်ခါလှိုင်းကြီးကြောင့် တုန်လှုပ်သွားကြရတော့သည်။
" ဘာသံကြီးလဲ "
" မြေပြင်ကြီးက တုန်ခါနေတာပဲ၊ မဟုတ်မှလွဲရော မြေနဂါးတွေများ လှုပ်ရှားနေတာလား "
မြေရိုင်းဒေသတစ်ခုထဲပင် မဟုတ်ပေ။ မြစ်ဝဂိုဏ်းလေးဂိုဏ်း တည်ဆောက်ခဲ့သည့် ဧရာမ မဟာတံတိုင်းကြီးပင်လျှင် တုန်ရီစပြုလာသည်။ နံရံ၏ အဓိကအပိုင်းလေးပိုင်းတွင် စခန်းချထားကြသည့် စစ်တပ်များမှာ တအံ့တသြဖြစ်ကုန်ကြသည်။ နံရံထဲသို့ထည့်သွင်းတည်ဆောက်ထားခဲ့သည့် အချုပ်အနှောင်မန္တန်အစီအရင်များမှာ အက်ကွဲကြောင်းများဖြင့် ပြည့်နှက်လာပြီး အပြင်းအထန်တုန်ခါနေသည်ကို သိလိုက်ရသောအခါ ပို၍ပင်ဆိုးသွားတော့သည်။
" ဘာတွေဖြစ်နေတာလဲ "
" ရန်သူတွေ တိုက်ခိုက်နေပြီဟေ့ "
ထိုအချင်းအရာများမှာ မြေရိုင်းဒေသနှင့် မဟာတံတိုင်းကြီးတို့တွင်သာ ဖြစ်နေသည်မဟုတ်ပေ။ မြစ်ဝကျွန်းပေါ်ဒေသများမှစ၍ အောက်ပိုင်းဒေသများ၊ အလယ်ပိုင်းဒေသများနှင့် မြစ်ဝဂိုဏ်းများအထိသာမက ရှင်းကုံကျစ်တာအိုဂိုဏ်း၏ သက်တံ့အဆောက်အဦကြီးတို့ အပါအဝင် ကောင်းကင်တံတားမြစ်ဒေသရှိ နေရာတိုင်းမှာ တုန်ရီသွားကြသည်။
မရေမတွက်နိုင်သော လူများစွာ ရုတ်ရုတ်သဲသဲဖြစ်ကုန်ကြသည်။ ကမ္ဘာပေါ်ရှိ သက်ရှိတိုင်းမှာ တုန်လှုပ်ခြောက်ခြားသွားကြတော့သည်။
ယခုချိန်အထိ သင်္ချိုင်းစောင့်ကြီး အသုံးပြုနေသည့် တုန်လှုပ်ဖွယ် နတ်ဘုရားစွမ်းရည်ကို ဖော်ပြရန် တစ်နည်းသာရှိသည်။ ၎င်းမှာ ကမ္ဘာကြီးတစ်ခုလုံးကို တုန်ခါသွားစေခြင်းပင်ဖြစ်သည်။
ကောင်းကင်ဧကရာဇ်မှာ မျက်နှာပျက်သွားပြီး စက္ကူကြိုးကြာရုပ်အသွင်ရှိသော ကလေးမလေးမှာ ရပ်တန့်သွားပြီး သူမ၏ရင်ထဲတွင် ကြီးမားသော အန္တရာယ်ကြီးတစ်ခု စိုးမိုးသွားတော့သည်။
" ဒါ ဘယ်လိုမှော်အတတ်ကြီးလဲ "
ကလေးမလေးသည် သင်္ချိုင်းစောင့်ကြီးအနားသို့ ထပ်မံမပျံသန်းရဲတော့ပဲ လျင်မြန်စွာ နောက်သို့ဆုတ်ရန် ပြင်လိုက်သည်။ သို့သော် သူမ ထိုသို့ဆုတ်ခွာလိုက်ချိန်တွင် ဧရာမ အက်ကွဲကြောင်းကြီးတစ်ကြောင်း ကောင်းကင်ယံတွင် ပွင့်ထွက်လာသဖြင့် အက်ကွဲသံများ ပြည့်နှက်သွားတော့သည်။ ၎င်းမှာ လျင်မြန်စွာပင် ပျံ့ထွက်သွားပြီး ဖော်ပြ၍မရနိုင်လောက်အောင် ရှည်လျားသည့် မီတာသုံးသိန်းအရှည်ထိ ရောက်သွားတော့သည်။
မြေရိုင်းဒေသရှိလူတိုင်းမှာ ၎င်းအက်ကွဲကြောင်းကြီးကို မြင်နေရသည်။ မဟာတံတိုင်းပေါ်ရှိ လူတိုင်းမှာလည်း မြင်နေရသည်။ ကောင်းကင်တံတားဒေသရှိ ဂိုဏ်းများမှာမူ တိုက်ရိုက်မမြင်ရပါသော်လည်း ကြီးမားသော ပြောင်းလဲမှုများ ဖြစ်နေပြီဖြစ်ကြောင်း အာရုံခံမိကြလေသည်။
ထိုအက်ကွဲကြောင်းကြီးမှာ ကောင်းကင်တံတားနယ်ပယ်၏ ကောင်းကင်ယံထဲတွင် ထာဝရတိုင်အောင် တည်ရှိနေတော့မည့် ဒဏ်ရာတစ်ခုနှင့်ပင် တူနေသည်။
ထိုအက်ကွဲကြောင်းကြီးပေါ်ထွက်လာသည်နှင့် သင်္ချိုင်းစောင့်ကြီး၏မျက်လုံးများပွင့်လာပြီး မိုးချုန်းသံကဲ့သို့ ပဲ့တင်ထပ်နေသည့် လေသံဖြင့် ဆိုလိုက်လေသည်။
" သရက်ရွက်၊ မဟာပထဝီမြေကြီး "
သူ၏နှုတ်မှ ထိုစကားလုံးများ ထွက်လာသည်နှင့် အက်ကွဲကြောင်းကြီးမှာ ပို၍ကျယ်သွားပြီး တောင်ကြီးတစ်လုံးကျဆင်းလာသဖြင့် တဝီဝီမြည်သံများ လေထဲတွင်ပြည့်နှက်သွားသည်။
ထိုတောင်ကြီးမှာ ကြီးမားလွန်းလှသဖြင့် ကောင်းကင်ယံရှိ ဂြိုဟ်တစ်လုံးလုံးနှင့်ပင် တူနေတော့သည်။ ထိုမြင်ကွင်းကြီးမှာ ယုံကြည်နိုင်ဖွယ်မရှိလွန်းသဖြင့် ပိုင်ရှောင်ချန်းနှင့် အခြားလူတိုင်းမှာ အံ့အားသင့်သွားကြသည်။
" ကောင်းကင်ဘုံကနေ တောင်တစ်လုံး ဆင်းသက်လာတာပါလား "
မှင်တက်နေသည့် ပိုင်ရှောင်ချန်းနှင့် မဝေးကွာသော နေရာတစ်ခုတွင် သခင်မလေးဟုန်ချိန်နှင့် သရဲကြီးဘုရင်တို့မှာလည်း အလွန်အမင်း အံ့သြမှင်တက်နေသည့် အမူအရာဖြင့် မော့ကြည့်နေကြသည်။
ထိုတောင်မှာ သူတို့ပတ်ပတ်လည်ရှိ နယ်မြေပေါ်မှ တောင်မဟုတ်ပေ။ ကောင်းကင်ဘုံမှ အမှန်တကယ် ဆင်းသက်လာခြင်း ဖြစ်သည်။
ထိုမည်းနက်နေသည့် တောင်ကြီးမှာ ကောင်းကင်ဧကရာဇ် ထုတ်ဖော်ထားသည့် ကောင်းကင်တံတားဒေသပုံရိပ်များနှင့် စက္ကူကြိုးကြာရုပ်အသွင်ရှိသော ကလေးမလေးအပေါ်သို့ ဒေါသူပုန်ထလျက် ကျဆင်းလာသဖြင့် နားကွဲလုမတတ်ဆူညံနေသော တဂျုန်းဂျုန်း မြည်ဟည်းသံများ ကြည့်ရှုနေသူတိုင်း၏ နားထဲတွင် ပဲ့တင်ထပ်သွားသည်။
ကောင်းကင်ဧကရာဇ်မှာ မျက်နှာပျက်သွားသည်။ ယခုအကြိမ်သည် သူ သင်္ချိုင်းစောင့်ကြီးနှင့်တိုက်ခိုက်ဖူးသည့် ပထမဆုံးအကြိမ်မဟုတ်ပါသော်လည်း ဤသို့သော နတ်ဘုရားစွမ်းရည်မျိုးကို မြင်ဖူးသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။ သူသည် လက်နှစ်ဖက်ကိုသုံး၍ မန္တန်လက်ကွက်တစ်ခု ဖော်လိုက်ပြီး ထိရောက်သော တန်ပြန်တိုက်ကွက်တစ်ခုအဖြစ် ကောင်းကင်တံတားဒေသပုံရိပ်များကို ရှေ့သို့ ပျံသန်းသွားစေလိုက်သည်။
သို့သော် ကောင်းကင်တံတား ကုန်းမြေများသည် ဧရာမတောင်ကြီးဆီသို့ရောက်ရှိသွားသောအခါ ၎င်းတို့မှာ ထိုတောင်ကြီးကို ထုတ်ချင်းသာဖောက်သွားတော့သည်။ ၎င်းတို့နှစ်ခုမှာ မတူညီသည့် နယ်ပယ်များတွင် ရှိနေသည့်အလား။ တောင်ကြီးမှာ မည်သည့်အရာမှ မဖြစ်ပျက်ခဲ့သည့်အလား ရှေ့သို့ဆက်၍ ချီတက်သွားပြီး စက္ကူကြိုးကြာရုပ်အသွင်ရှိသော ကလေးမလေး၏ အပေါ်တည့်တည့်သို့ ရောက်သွားတော့သည်။
ထိုအခါ ကလေးမလေး၏ ပါးစပ်မှ အော်ဟစ်သံတစ်သံ ပေါ်ထွက်လာသည်။ သူမသည် ဤတိုက်ကွက်ကို ရှောင်တိမ်းနိုင်မည်မဟုတ်ကြောင်း သိလိုက်သည်။ ထို့ကြောင့် ရက်စက်မှုအပြည့်ဖုံးလွှမ်းနေသည့် မျက်ဝန်းများဖြင့် သူမသည် မြူခိုးများဝန်းရံနေသည့် စက္ကူကြိုးကြာရုပ်အား တောင်ကြီးဆီသို့ ပစ်လွှတ်လိုက်တော့သည်။
ထိုအရာနှစ်ခု ထိတိုက်မိသွားသောအခါတွင် ပိုင်ရှောင်ချန်းမှာ " ခါချဥ်ကောင် မာန်ကြီးလို့ တောင်ကြီးဖြိုမဲ့ကြံ ခါးမသန် " ဟူသော ဆိုရိုးစကားကို ရှင်းရှင်းလင်းလင်း နားလည်သွားတော့သည်။
ကလေးမလေးမှာ ဧရာမတောင်ကြီး၏ အလေးချိန်ကို ယှဥ်ပြိုင်နိုင်စွမ်းမရှိပေ။ သူမ၏ စက္ကူကြိုးကြာရုပ်မှာ အစိတ်စိတ်အမြွှာမြွှာ ကြေမွသွားပြီး တောင်ကြီးမှာ သူမကို မြေပြင်ပေါ်သို့ရောက်သည်အထိ ဖိချလိုက်သဖြင့် ကလေးမလေး၏ ဝိညာဥ်မှာ သနားစဖွယ် အော်ဟစ်မြည်တမ်းသွားတော့သည်။
သူမ၏ ဝိညာဥ်မှာ အလင်းမှုန်လေးများအသွင် ပြိုကွဲသွားသည်။ ယခုအကြိမ်တွင် ထိုအလင်းမှုန်လေးများ၏ တစ်ဝက်ခန့်သာ တိုက်ခိုက်မှုဒဏ်ကို တောင့်ခံနိုင်လိုက်ပြီး ကလေးမလေးအသွင် ပြန်လည်ဖွဲ့စည်းသွားသောအခါတွင် သူမသည် ယခင်ကထက်ပင် ပို၍မှုန်ဝါးနေတော့သည်။ သူမသည် လေပြည်လေညင်းလေးတစ်ခု တိုက်ခတ်လာလျှင်ပင် လွင့်စင်သွားမည့်ပုံစံပေါ်နေပြီး သူမ၏မျက်ဝန်းထဲတွင် ကြောက်ရွံ့မှုအတိ ဖုံးလွှမ်းနေတော့သည်။ သူမသည် နောက်သို့လှည့်လိုက်ပြီး တစ်ချက်ကလေးပင် ပြန်၍လှည့်မကြည့်ပဲ ထွက်ပြေးသွားတော့သည်။
သင်္ချိုင်းစောင့်ကြီးမှာမူ သူမအား တစ်ချက်လှမ်းကြည့်လိုက်ပြီး လျစ်လျူရှုလိုက်သည်။ ထို့နောက် တည်ကြည်သောလေသံဖြင့် ဒုတိယအကြိမ်မြောက် ဆိုလိုက်ပြန်သည်။
" ကျောက်ကပ်။ ရေ "
ထိုအခါ ကမ္ဘာကြီးကို တုန်ရီသွားစေနိုင်သည့် ဒုတိယမြောက် အသံကြီးတစ်သံ ပဲ့တင်ထွက်လာပြီး ကမ္ဘာပေါ်ရှိ သက်ရှိတိုင်းကို အံ့သြမှင်တက်သွားစေတော့သည်။ တောင်စဥ်တန်းပေါင်းများစွာ ပြိုလဲသွားကြပြီး မြေပြင်ပေါ်တွင်လည်း ကြီးများကျယ်ပြန့်သော လျှိုမြောင်များ ပွင့်ထွက်လာကြတော့သည်။ မဟာတံတိုင်းကြီး၏ မျက်နှာပြင်ပေါ်တွင် အက်ကွဲကြောင်းများ ထပ်မံ ထွက်ပေါ်လာပြီး ကောင်းကင်တံတားမြစ်ဒေသရှိ တောင်စဥ်တန်းများစွာ အပြင်းအထန် တုန်ရီစပြုလာတော့သည်။
တချိန်ထဲမှာပင် ကောင်းကင်ယံထဲတွင် ဒဏ်ရာတစ်ခုနှင့်တူသော ဒုတိယမြောက် အက်ကွဲကြောင်းတစ်ကြောင်း ပွင့်ထွက်လာပြန်သည်။ အက်ကွဲသံများကို ထပ်မံကြားလိုက်ရပြီးနောက် ဧရာမမြစ်ကြီးတစ်စင်း ဆင်းသက်လာသဖြင့် ကောင်းကင်ဧကရာဇ်မှာ မှင်တက်သွားတော့သည်။
၎င်းမှာ ကောင်းကင်တံတားမြစ်မဟုတ်သလို မြေအောက်မြစ်လည်းမဟုတ်ပေ။ ၎င်းမှာ သွေးမြစ်တစ်စင်းဖြစ်သည်။
လတ်ဆတ်စွာ စီးဆင်းနေသော သွေးများမှာ ကောင်းကင်ဧကရာဇ်ဆီသို့ ဦးတည်သွားကြသဖြင့် သူသည် အော်ဟစ်လိုက်ပြီး ကောင်းကင်တံတားဒေသ၏ ပုံရိပ်များကို ရှေ့သို့စေလွှတ်ကာ သူ့ကိုယ်သူ ကာကွယ်လိုက်သည်။
သို့သော် ထိုအရာနှစ်ခု တွေ့ဆုံသွားသည်နှင့် ကောင်းကင်ဧကရာဇ်၏ ပုံရိပ်များမှာ အစွမ်းအစမဲ့နေသည့်ပုံစံ ပေါ်သွားတော့သည်။ ကောင်းကင်တံတားဒေသ၏ ကုန်းမြေများမှာ သစ်ကိုင်းခြောက်များကဲ့သို့ အလွယ်တကူ ဖျက်ဆီးခံလိုက်ရသည်။
ထိုအချင်းအရာများကို ပိုင်ရှောင်ချန်းမှာ ဆွံ့အစွာဖြင့်ငေးကြည့်နေမိတော့သည်။ ပထမဆုံးတွင် ကောင်းကင်ဘုံမှ တောင်ကြီးတစ်လုံးဆင်းသက်လာခဲ့ပြီး ယခုတွင်မူ မြစ်တစ်စင်း စီးဆင်းလာနေသည်။
ယခုတွင် ကောင်းကင်ဧကရာဇ်မှာ ကောင်းကင်ထဲတွင် တစ်ယောက်ထဲကျန်ခဲ့ပြီး သူ၏မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုများနှင့် တုန်လှုပ်မှုများ ရောယှက်နေသည့် အမူအရာတစ်ခုကို မြင်နိုင်သည်။ သို့သော် ကလေးမလေးနှင့် မတူပဲ သူသည် ထွက်မပြေးပဲ သင်္ချိုင်းစောင့်ကြီးထံသို့ ဦးတည်သွားလိုက်တော့သည်။
သူသည် သတ်ဖြတ်လိုစိတ်များ အပြည့်ပါဝင်နေသည့် အေးစက်စက်လေသံဖြင့် ဆိုလိုက်လေသည်။
" ကမ္ဘာကြီးကို ထာဝရသက်ဆုံးတိုင် ဒဏ်ရာရစေမဲ့ အဲဒီလိုမျိုး နတ်ဘုရားစွမ်းရည်ကို ခင်ဗျားကြီး ဘယ်နှစ်ကြိမ် ထပ်ထုတ်သုံးနိုင်မလဲ ကြည့်ကြသေးတာပေါ့ "
သူသည် အနီးသို့ရောက်လာသောအခါ သူ၏လက်ချောင်းကို သင်္ချိုင်းစောင့်ကြီးရှိရာဘက်သို့ ဝှေ့ယမ်းလိုက်သည်။
သင်္ချိုင်းစောင့်ကြီးမှာမူ နာကျည်းနေသည့် အမူအရာဖြင့် သက်ပြင်းချကာ တတိယအကြိမ်အဖြစ် ထပ်၍ ဆိုလိုက်ပြန်သည်။
" နှလုံး၊ မီး "
ထိုအခါ ကျယ်လောင်ပြင်းထန်လှသည့် အသံကြီးတစ်သံ တတိယအကြိမ်အဖြစ် တစ်ကမ္ဘာလုံးတွင် ပြည့်နှက်သွားတော့သည်။ ထိုအခါ မြေရိုင်းဒေသနှင့် ကောင်းကင်တံတားဒေသကို ပိုင်းခြားထားသည့် မဟာတံတိုင်းကြီးမှာ စတင် တုန်ခါလာတော့သည်။ မဟာတံတိုင်းကြီး၏ မျက်နှာပြင်ပေါ်တွင် ပျံ့နှံ့နေပြီဖြစ်သော အက်ကွဲကြောင်းများကို ပြုပြင်ရန် မရေမတွက်နိုင်သော ကျင့်ကြံသူများစွာမှာ အပြေးအလွှားကြိုးပမ်းနေကြပါသော်လည်း ယခုအကြိမ်တွင်မူ ထိုနံရံကြီးမှာ ထပ်မံ တောင့်မခံနိုင်တော့ပဲ ပြိုကျသွားတော့သည်။
မဟာတံတိုင်းကြီး၏ အစိတ်အပိုင်းလေးခုကို စတင်တည်ဆောက်ခဲ့ချိန်မှ ယခုအထိ ၎င်းမှာ အချို့သောနေရာများတွင် ဖျက်ဆီးဖောက်ထွင်းခံခဲ့ရဖူးသော်လည်း တစ်ကြိမ်မျှ ပြိုမကျဖူးပေ။ သို့သော် ယခုတွင်မူ အရှေ့၊အနောက်၊တောင်၊မြောက်တို့တွင် ရှိကြသော မဟာတံတိုင်းကြီး၏ အစိတ်အပိုင်းလေးခုမှာပြိုကျသွားပြီဖြစ်သည်။
မရေမတွက်နိုင်သော ကျင့်ကြံသူများမှာ ဖြစ်ပျက်နေသည်များကိုကြည့်၍ ကြောက်ရွံ့တုန်လှုပ်နေကြတော့သည်။
" ကောင်းကင်ကဖန်တီးတဲ့ ဖြစ်ရပ်ပဲ "
" မဟာတံတိုင်းကြီး ပြိုကျသွားပြီဟေ့ "
မဟာတံတိုင်းတစ်ခုသာ မဟုတ်ပေ။ ကောင်းကင်တံတားဒေသရှိ တောင်များစွာမှာလည်း အပြင်းအထန်တုန်ရီသွားကြပြီး ပြိုကျကုန်တော့သည်။ တချိန်ထဲမှာပင် မြေရိုင်းဒေသတွင်မူ တတိယမြောက် အက်ကွဲကြောင်းကြီး ပေါ်ထွက်လာသည်ကို ပိုင်ရှောင်ချန်းမှာ စိုက်ကြည့်နေသည်။
ထိုအက်ကွဲကြောင်းထဲမှ ဆင်းသက်လာသည်မှာ တောင်တစ်လုံးလည်းမဟုတ်၊ မြစ်တစ်စင်းလည်းမဟုတ်၊ မီးလုံးကြီးတစ်လုံးသာဖြစ်သည်။
အတိအကျဆိုရမည်ဆိုလျှင် နေလုံးကြီးတစ်လုံး ဖြစ်ပေသည်။