သွေးဆံနွယ်ကို ရယူခြင်း
Vol. 9 Ch. 840
" နေလုံးကြီး ကျလာတာပါလား "
အက်ကွဲကြောင်းကြီးထဲမှနေ၍ ကောင်းကင်ဧကရာဇ်၏ ကျန်ရှိနေသေးသော ကောင်းကင်တံတားပုံရိပ်များဆီသို့ နေလုံးကြီးဆင်းသက်လာနေသည်ကိုကြည့်ရင်း ပိုင်ရှောင်ချန်း၏ မျက်လုံးများမှာ ဦးခေါင်းခွံထဲမှ ကျွတ်ထွက်လုမတတ် ပြူးကျယ်သွားသည်။
ကောင်းကင်ဧကရာဇ်မှာ ထိုတိုက်ကွက်ကြီးကို မည်သို့ပင် ကြိုးစားရှောင်တိမ်းစေကာမူ လွတ်မြောက်နိုင်မည်မဟုတ်ပေ။ လျှပ်တစ်ပြက်အတွင်း ထိုနေလုံးကြီးသည် ပုံရိပ်များကို ဝင်တိုက်သွားတော့သည်။
ထိုအခါ ထိုပုံရိပ်များမှာ အပြင်းအထန် တုန်ရီသွားပြီး ချက်ချင်းပင် အစိတ်စိတ်အမြွှာမြွှာ ကြေမွသွားတော့သည်။ ကောင်းကင်ဧကရာဇ်မှာလည်း ဖြူဆုတ်နေသည့်မျက်နှာဖြင့် ပေါ်ထွက်လာပြီး သူ၏ပါးစပ်ထောင့်မှ သွေးများစီးကျလာတော့သည်။ ယခုအကြိမ်တွင်မူ သူသည် အနည်းငယ်မျှပင်တွေဝေမနေပဲ နောက်သို့လှည့်၍ ထွက်ပြေးသွားတော့သည်။
သူသည် ထိုသို့ထွက်ပြေးရမည်ကို အလွန်မုန်းတီးပါသော်လည်း သူ၏အကြံအစည်မှာ ပျက်ပြားသွားပြီဖြစ်ကြောင်း သူကသိသည်။ သူနှင့် ကလေးမလေး ပူးပေါင်းတိုက်ခိုက်လျှင်ပင် သင်္ချိုင်းစောင့်ကြီးကို မယှဥ်နိုင်သဖြင့် သူ၏စိတ်နှလုံးထဲတွင် ဒေါသမီးများတောက်လောင်လာတော့သည်။
" သောက်ကျိုးနည်းကွာ။ ငါ့သူ့ကို အရင်တုံးက ဖိနှိပ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အခုသူက ကမ္ဘာကြီးကို အမြဲတမ်း ဒဏ်ရာရစေနိုင်မယ့် နတ်ဘုရားစွမ်းရည်တစ်ခုကို သုံးလိုက်တာပဲ။ ငါ့ကိုသတ်ဖို့ဆိုရင် သူကဘာမဆို လုပ်ဖို့အသင့်ဖြစ်နေတာပဲ။ ငါ တရားမဝင် ဖြစ်နေရတဲ့အကြောင်းအရင်းက သွေးမျိုးဆက်နဲ့ ထောက်ခံမှုကြောင့် မဟုတ်ပဲ အမွေအနှစ်ပညာရပ်ကြောင့် ဟုတ်လား။ အဲဒါကို ငါအရင်ထဲက သိတယ်လေ "
သို့သော် ကောင်းကင်ဧကရာဇ်သည် ဤနေရာတွင် ဆက်၍မနေရဲတော့ပေ။
သူထွက်ပြေးရန်ကြိုးစားနေသည်ကို သင်္ချိုင်းစောင့်ကြီးမှာ ဂရုမစိုက်သည့် ပုံပင်။ စတုတ္ထအကြိမ်အဖြစ် သူသည် တည်ကြည်မှုအပြည့်ရှိသောလေသံဖြင့် ဆိုလိုက်ပြန်သည်။
" အဆုတ်၊ သတ္တု "
ထိုအခါ ကောင်းကင်တံတားနယ်ပယ်အတွင်း ကမ္ဘာကြီးကိုတုန်ရီသွားစေနိုင်သည့် အသံကြီးတစ်သံမှာ စတုတ္ထအကြိမ်အဖြစ် ပေါ်ထွက်လာပြီး ကောင်းကင်ယံတွင်လည်း ဒဏ်ရာနှင့်တူသော စတုတ္ထမြောက် အက်ကွဲကြောင်းတစ်ကြောင်း ပေါ်ပေါက်လာပြန်သည်။ ကောင်းကင်ဧကရာဇ်မှာ အရှိန်တင်ရန်ပြင်နေချိန်တွင် ထိုအက်ကွဲကြောင်းထဲမှ ရွှေရောင်အလင်းရောင်များ ဖိတ်စင်ထွက်ကျလာပြီး ဧရာမရွှေရောင်ဒယ်စောက်အိုးကြီးတစ်လုံး ကျဆင်းလာတော့သည်။
ထို ဒယ်စောက်အိုးကြီးမှာ မျက်စိကျိန်းမတတ် အလင်းရောင်များထုတ်လွှတ်နေပြီး ပြင်းထန်ကျယ်လောင်သော ထစ်ချုန်းသံများလည်း မြည်ဟည်းနေသည်။ ၎င်း၏ပတ်ပတ်လည်ရှိ အရာတိုင်းကို ချုပ်နှောင်နိုင်စွမ်းရှိသည့်ပုံပေါ်နေသဖြင့် ကောင်းကင်ဧကရာဇ်မှာ ထွက်ပြေးလွတ်မြောက်ရန် မဖြစ်နိုင်တော့ပေ။
သို့သော် အသက်တမျှအရေးကြီးသော အချိန်အပိုင်းအခြားလေးတွင် ကောင်းကင်ဧကရာဇ်၏ မျက်ဝန်းများထဲမှာ ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်များ ယှက်သန်းလာပြီး သူက လက်နှစ်ဖက်သုံး၍ မန္တန်လက်ကွက်တစ်ခုဖော်လိုက်တော့သည်။ ချက်ချင်းပင် သူ၏ပတ်ပတ်လည်တွင် မျက်လုံးပေါင်း များစွာပေါ်ပေါက်လာပြီး ၎င်းတို့အားလုံးမျက်တောင်ခတ်လိုက်ကြသောအခါ ဓားအလင်းတန်းများ ထွက်ပေါ်လာပြီး ထိုဒယ်စောက်အိုးကြီးထံသို့ ပြေးဝင်သွားသည်။
ဒယ်စောက်အိုးကြီး၏ အစွမ်းများမှာ လျှို့ဝှက်ဆန်းကြယ်ပြီး အလွန်တရာမှ နားလည်ရ ခက်ခဲလှသည်။ ကောင်းကင်ဧကရာဇ်ထံမှ မရေမတွက်နိုင်သော ဓားချီအလင်းတန်းများက ၎င်းကို တိုက်မိသွားသောအခါ ကျောက်တုံးကို ကြက်ဥနှင့် ပေါက်နေသည့်အလား ဖြစ်သွားသည်။ ၎င်းတို့အားလုံး ကြေမွသွားပြီး ရွှေရောင်ဒယ်စောင်အိုးကြီးမှာမူ အနည်းငယ်ပင်ထိခိုက်မှုမရှိပေ။ အတန်ငယ်အကြာတွင် ဒယ်စောက်အိုးကြီးမှာ အော်ဟစ်နေသည့် ကောင်းကင်ဧကရာဇ်နှင့် အရှိန်ပြင်းစွာ တိုက်မိသွားတော့သည်။
ကျယ်လောင်သော အုန်းခနဲ မြည်ဟည်းသံကြီးတစ်သံ အရပ်မျက်နှာအနှံ့သို့ ပဲ့တင်ထပ်လွင့်ပျံသွားပြီး တုန်ခါလှိုင်းတစ်ခုလည်း ပျံ့ထွက်လာတော့သည်။ ကောင်းကင်ဧကရာဇ်ကြီး၏ ပါးစပ်ထဲမှ သွေးများပန်းထွက်လာပြီး သူသည် ချက်ချင်းပင် အိုမင်းရင့်ရော်လာကာ သူ၏မျက်ဝန်းများမှာအလွန်အမင်း နီမြန်းသွားသည်။ သို့သော် သူသည် ဤကမ္ဘာပေါ်တွင် သင်္ချိုင်းစောင့်ကြီးပြီးလျှင် စွမ်းအားအကြီးဆုံးလူဖြစ်နေသည် မဟုတ်ပါလော။
ရွှေရောင်ဒယ်စောက်အိုးကြီးက သူ့အား တိုက်မိသွားပါသော်လည်း သူက သွေးအနည်းငယ် အန်ထွက်လာရုံထက် မပိုပေ။ သူသည် လုံးဝ တွေဝေတုံ့ဆိုင်းမနေပဲ အဝေးသို့ ဆက်၍ ပြေးထွက်သွားပြန်သည်။
ဖြစ်ရပ်တိုင်းမှာ မြန်ဆန်လွန်းနေသည့်အတွက် ပိုင်ရှောင်ချန်းနှင့် အခြားကြည့်ရှုနေကြသူများမှာ တုံ့ပြန်ချိန်ပင် မရလိုက်ပေ။ ကလေးမလေးမှာ ဆုတ်ခွာသွားပြီဖြစ်ပြီး ကောင်းကင်ဧကရာဇ်မှာလည်း ထွက်ပြေးသွားပြီဖြစ်၍ တိုက်ပွဲမှာ ပြီးဆုံးသွားသည်ဟုပင် ထင်လိုက်ရသည်။
သို့သော် ထိုအချိန်တွင် သင်္ချိုင်းစောင့်ကြီး၏ မျက်ဝန်းများထဲတွင် ပထမဆုံးအကြိမ်အဖြစ် အေးစက်စက်အလင်းရောင်တစ်ခု စူးရှတောက်ပလာပြီး သူသည် ပဥ္စမအကြိမ်အဖြစ် ဆိုလိုက်ပြန်သည်။
" အသည်း၊ သစ်သား "
ထိုအခါ ကမ္ဘာမြေကြီးကို တုန်ခါစေနိုင်သည့် အသံကြီးတစ်သံ ပဥ္စမအကြိမ် ပေါ်ထွက်လာသည်။ မြေရိုင်းဒေသထဲရှိ တောင်တန်းအများစုမှာ ၎င်းတို့နှင့် ချိတ်ဆက်နေသည့် မြို့များနှင့်အတူ ပြိုလဲသွားကြသည်။ ယခုအချိန်တွင် မြေရိုင်းဒေသနှင့် ကောင်းကင်တံတားဒေသတို့၏ ကြားတွင် မည်သည့် အကာအကွယ် အတားအဆီးမှ ရှိမနေတော့ပေ။
မရေမတွက်နိုင်သော ကျင့်ကြံသူများမှာ လက်ရှိအဖြစ်အပျက်များကြောင့် ထပ်ခါထပ်ခါ တအံ့တဩဖြစ်နေကြရပြီး ယခုတွင်မူ အလန်တကြားအော်ဟစ်နေကြကာ မဟာတံတိုင်းကြီး၏အနားမှ ထွက်ပြေးနေကြတော့သည်။
ကောင်းကင်တံတားဒေသရှိ တောင်တန်းများစွာမှာလည်း ပြိုလဲသွားကြပြီး မြစ်လက်တက် တစ်ခုဆိုလျှင် ကုန်းမြေထုအပြောင်းအလဲများကြောင့် ပိတ်ဆို့သွားတော့သည်။
ကမ္ဘာကြီးတစ်ခုလုံး အပြင်းအထန် ဒဏ်ရာရရှိနေပြီဖြစ်ပြီး ကောင်းကင်ကြီးမှာလည်း ယခုဆိုလျှင် ဟပြဲနေသည့်ဒဏ်ရာကြီးလေးခုက နေရာယူထားသည်။ ၎င်းတို့ကို ကြည့်မိလိုက်သူတိုင်း၏ စိတ်နှလုံးသားထဲတွင် အကြောက်တရားများ စိုးမိုးသွားမည်သာဖြစ်သည်။
ထိုအချိန်တွင် ဒဏ်ရာတစ်ခုနှင့်ဆင်တူသော ပဥ္စမမြောက်အက်ကွဲကြောင်းတစ်ကြောင်း ပွင့်ထွက်လာပြန်သည်။ ထို့နောက် မီတာသုံးထောင်ခန့် အထူရှိသော နွယ်ပင်ကြီးမှာ ငိုက်စိုက်ကျလာသဖြင့် အက်ကွဲသဲများ ပေါ်ထွက်လာတော့သည်။ ၎င်းနွယ်ပင်ကြီးမှာ မရေမတွက်နိုင်သော သစ်ရွက်များစွာက ဖုံးလွှမ်းထားပြီး သက်စောင့်အားများအပြည့်ဖြင့် ယခင်က မြောက်ပိုင်းမဟာတံတိုင်းရှိနေခဲ့သည့် နေရာသို့ ဦးတည်ဆင်းသက်သွားတော့သည်။
၎င်းမှာ မျက်စိကျိန်းစရာ ကောင်းသည့် အမြန်နှုန်းမျိုးဖြင့် ရွေ့လျားနေသည်ဖြစ်၍ ၎င်း၏ပတ်ပတ်လည်ရှိလေထုမှာ ကြေမွသွားပြီး ကမ္ဘာကြီးထဲတွင် ကောင်းကင်ကိုတုန်ခါစေကာ မြေပြင်ကိုအက်ကွဲစေနိုင်သည့်အသံများဖြင့် ပြည့်နှက်သွားတော့သည်။
ထိုတိုက်ကွက်မှာ လေထုကို အပိုင်းပိုင်းပြတ်သွားစေပြီး ကောင်းကင်ဧကရာဇ်အပေါ်သို့ ကျဆင်းသွားသဖြင့် သူက မြင်ကွင်းထဲသို့ ပေါ်ထွက်လာတော့သည်။
ကောင်းကင်ဧကရာဇ်၏ ပါးစပ်မှ သွေးများထပ်မံ ပန်းထွက်လာသည်။ သူ၏ ဖြူဆုတ်နေသော မျက်နှာပေါ်တွင် ကြောက်ရွံ့တုန်လှုပ်မှုအပေါင်း ဖုံးလွှမ်းနေသည်။ သင်္ချိုင်းစောင့်ကြီးမှာ ဤမျှစွမ်းအားကြီးမားသော နတ်ဘုရားစွမ်းရည်မျိုးကို အသုံးပြုလိမ့်မည်ဟု သူကလုံးဝ မတွေးထားမိပေ။
" သင်္ချိုင်းစောင့် သရဲအိုကြီး "
သူက ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။ ထို့နောက် အခြားဘက်သို့လှည့်၍ ထွက်ပြေးရန်ပြင်လိုက်ပါသော်လည်း နွယ်ပင်ကြီးမှာ သူ့ကိုရုတ်တရက် ထပ်မံခုတ်ထစ်လိုက်ပြန်သည်။
၎င်း၏ အမြန်နှုန်းကြောင့် ကောင်းကင်ဧကရာဇ်ပင်လျှင် အံ့အားသင့်သွားရသည်။ သူသည် လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်တစ်ခု ဖော်လိုက်ရာ သူ၏ပတ်ပတ်လည်တွင် ရွှေရောင်အလင်းရောင်များ စူးရှတောက်ပလာတော့သည်။ ၎င်းမှာ ကောင်းကင်တံတားမြစ်ရေများသာ ဖြစ်သည်။ ထိုရေများသည် လျင်မြန်စွာပင် ဧရာမလှံကြီးတစ်ချောင်းအသွင်ပြောင်းလဲသွားပြီး သူသည် ထိုလှံကို အနားသို့ကပ်လာနေသည့် နွယ်ပင်ကြီးရှိရာဘက်သို့ ထိုးနှက်လိုက်သည်။
ထိုတိုက်ကွက်ကြောင့် ကမ္ဘာပေါ်ရှိ အလင်းရောင်အားလုံး မှေးမှိန်သွားကြသည်။ ထို့အပြင် အဝေးတွင်ရှိနေသော ကောင်းကင်တံတားပင်လယ်ထဲရှိ ရေများမှာ လေပေါ်သို့မြင့်တက်လာကြသဖြင့် လှိုင်းတံပိုးသံများဖြင့် ဆူညံသွားတော့သည်။
ကောင်းကင်တံတားပင်လယ်တစ်စင်းလုံးမှာ ခမ်းခြောက်နေသည့် မြစ်ဝှမ်းကြီးတစ်ခုဖြစ်သွားတော့သည်။
ရေအားလုံး လေပေါ်သို့မြင့်တက်လာပြီး ကြီးမားများပြားလှသော စွမ်းအားဖြင့် ရွေ့လျား၍ မဟာတံတိုင်းကြီး၏ မြောက်ပိုင်းသို့ ဦးတည်လာကြသည်။ ကောင်းကင်ဧကရာဇ်၏ လက်ထဲတွင်ရှိနေသည့် လှံသည် ကောင်းကင်တံတားပင်လယ်၏ ဗဟိုချက်ဖြစ်နေသည့်ပုံပင်။ ၎င်းဦးတည်နေရာအရပ်သို့ ထိုပင်လယ်ကြီးက လိုက်သွားမည်သာဖြစ်သည်။
ကောင်းကင်တံတားဒေသမှ မရေမတွက်နိုင်သော ကျင့်ကြံသူများစွာမှာ ခေါင်းပေါ်မှ ဖြတ်ပျံသွားသည့် ကောင်းကင်တံတားပင်လယ်ကြီးကို မြင်လိုက်ရသောအခါ တအံ့တသြ အော်ဟစ်ကုန်ကြတော့သည်။
" ဒါ "
" ကောင်းကင်တံတားပင်လယ်ထဲက ရေတွေပဲ "
" ဘုရားရေ ဘာတွေဖြစ်နေတာလဲ "
မြောက်ပိုင်းမှ ကျင့်ကြံသူများသာ ဖြစ်ပျက်နေသည်များကို ရှင်းရှင်းလင်းလင်း မြင်ရလေသည်။ သူတို့သည် ကောင်းကင်ဧကရာဇ်ကြီး၊ သူ၏လှံနှင့် ထိုဧရာမ နွယ်ပင်ကြီးကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။
ထိုအရာများမှာ ဖော်ပြရသည်သာ ကြာသော်လည်း လျှပ်တစ်ပြက်အတွင်း ဖြစ်ပျက်သွားကြသည်သာဖြစ်သည်။ ကောင်းကင်ဧကရာဇ်ကြီးက သူ၏လှံကိုရှေ့သို့ ထိုးလိုက်သောအခါ သူ၏နောက်ရှိလေထဲတွင် ကောင်းကင်တံတားပင်လယ်ရေများဖြင့် ပြည့်နှက်သွားပြီး လှိုင်းလုံးကြီးတစ်လုံးအသွင်ပြောင်းလဲကာ ဖော်ပြ၍မရနိုင်လောက်အောင် တုန်လှုပ်ဖွယ်ကောင်းသည့် စွမ်းအားမျိုးဖြင့် ရှေ့သို့ ရိုက်ခတ်သွားတော့သည်။
ထို နွယ်ပင်ကြီးနှင့် တိုက်ခတ်မိသွားသောအခါတွင် တစ်ကမ္ဘာလုံးကို တုန်ရီသွားစေနိုင်သည့် အုန်းခနဲ အသံကြီးတစ်သံ ပေါ်ထွက်လာတော့သည်။ ထိုအခါ နွယ်ပင်ကြီး၏တစ်ဝက်ကျော်ကျော်မှာ လုံး ပျက်စီးသွားတော့သည်။
သို့သော် ထိုနွယ်ပင်ကြီးမှာလည်း ကောင်းကင်တံတားပင်လယ်အား နှစ်ပိုင်းခြမ်းနိုင်လိုက်သည်။
ကောင်းကင်ဧကရာဇ်မှာ ထိုအခြမ်းနှစ်ခြမ်းအကြားတွင် ရှိနေပြီး အသားများတုန်ရီကာ သွေးများအန်နေတော့သည်။ ထို့အပြင် သူ၏နဖူးပေါ်တွင် ချထားသည့် အနီရောင်ဆံခွေမှာ ပြတ်သွားပြီး အောက်သို့ ကျဆင်းသွားတော့သည်။ သူသည် ထိုဆံခွေကို လှမ်းဖမ်းရန်ကြိုးစားလိုက်ပါသော်လည်း သူဖမ်းမမိခင်မှာပင် ၎င်းကို အခြားတစ်ယောက်က လုယူသွားသည့်အလား ပျောက်ကွယ်သွားတော့သည်။
" မဖြစ်ဘူး "
သူသည် ဒေါသတကြီးအော်ဟစ်လိုက်ပြီး သူ၏မျက်ဝန်းထဲတွင် ဒေါသ၊ ကြောက်ရွံ့မှုနှင့် ထိတ်လန့်ခြင်းတို့ကြောင့် အရောင်ပေါင်းစုံ လင်းလက်နေတော့သည်။
ထိုစိတ်ခံစားချက်အားလုံး၏ အကြောင်းအရင်းမှာ သူ၏အနီရောင်ဆံခွေ ပြတ်သွားရသည့်အတွက်ကြောင့်ဖြစ်သည်။ ၎င်းမှာ သာမန်ဆံပင်မဟုတ်ပေ။ သူ၏တစ်ဘဝလုံး ကျင့်ကြံခဲ့ရသည့် အသက်ကယ် သွေးဆံနွယ်ပင်ဖြစ်သည်။ သက်စောင့်အား အမြောက်အမြား ပါဝင်နေသဖြင့် ဒုတိယအသက်တစ်ချောင်းနီးပါးပင် အသုံးပြုနိုင်သည့် တန်ဖိုးကြီးရတနာတစ်ခုဖြစ်သည်။
သူ မကြာသေးမီက ရရှိလိုက်သော ဒဏ်ချက်ကြီးမှာ သူ့အားသတ်နိုင်လောက်သည့်အထိ စွမ်းပေသည်။ သူသည် နောက်ဆုံးအချိန်ကလေးတွင် ထိုသွေးဆံနွယ်ကိုသုံး၍ သူ၏အသက်ကို ကာကွယ်ခဲ့သည်။
ထိုဆံနွယ် မပျောက်ကွယ်သွားခင် သူသာ ၎င်းကို ဖမ်းယူနိုင်ခဲ့ပါက ဆက်၍ကျင့်ကြံနိုင်မည်ဖြစ်သည်။ ထိုသို့ကျင့်ကြံရန်အတွက် များစွာပေးဆပ်ရမည်ဖြစ်သော်လည်း သူ၏ခန္ဓာကိုယ်ထဲသို့ ပြန်၍ စုပ်ယူပြီးသွားပါက နောက်ထပ်တစ်ကြိမ် ထပ်မံအသုံးပြုနိုင်မည်ဖြစ်ပေသည်။
သို့သော် ယခုတွင်မူ ထိုအသက်တမျှ အရေးကြီးသော သွေးဆံနွယ်ကို အခြားတစ်ယောက်က လုယူသွားခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ကောင်းကင်ဧကရာဇ်မှာ အကြီးအကျယ်ဒေါသထွက်၍ တုန်ရီကာ ကျန်ခဲ့ရတော့သည်။ ယခုတွင် သူသည်မြေရိုင်းဒေသထဲတွင် ဆက်၍ မနေရဲတော့ပေ။ ကောင်းကင်တံတားကျွန်းပေါ်တွင် ပြန်၍အားဖြည့်ရန် ခံပြင်းမှုများ၊ ဒေါသများဖြင့် ဆုတ်ခွာသွားတော့သည်။
ထိုသို့ဆုတ်ခွာသွားစဥ်တွင် သူသည် ပြိုလဲနေသည့် မဟာတံတိုင်းကြီးကို ကြည့်လိုက်ပြီး သူ၏လက်ကို ဝှေ့ယမ်း၍ ကောင်းကင်တံတားပင်လယ်ရေအချို့ကို စီးဆင်းသွားစေကာ ကောင်းကင်တံတားဒေသကို အကာအကွယ်ပေးနေသည့် အကာအရံတစ်ခုအဖြစ် ပြောင်းလဲလိုက်သည်။ ယခုအချိန်တွင်မူ ထိုအကာအရံသည် မဟာတံတိုင်းကြီးကဲ့သို့ ဖြစ်သွားမည်ဖြစ်ပြီး မြေရိုင်းဒေသမှလူများ အထဲသို့ မဝင်နိုင်ရန်အတွက် တားဆီးပေးမည့် အချုပ်အနှောင်မန္တန်တစ်ခုကို ဖန်ဆင်းလိုက်မည်သာဖြစ်သည်။
သူကိုယ်တိုင် ထိုအချုပ်အနှောင် မန္တန်တော်ကို တပ်ဆင်ခဲ့သည်ဖြစ်၍ နတ်ဘုရားတစ်ပိုင်းအဆင့်ထက် ပို၍အဆင့်မြင့်ပြီး ကောင်းကင်ဧကရာဇ်ကဲ့သို့ စွမ်းအားကြီးသော ကျင့်ကြံခြင်းအခြေခံကိုပိုင်ဆိုင်ထားသည့်သူသာ ၎င်းကိုကျော်ဖြတ်နိုင်မည်ဖြစ်သည်။
သူသည် ဖြူဆုတ်ကာ အရုပ်ဆိုးလှသော မျက်နှာဖြင့် အော်ပြောလိုက်တော့သည်။
" သင်္ချိုင်းစောင့်ကြီး၊ သရဲအိုကြီး။ ဒီပွဲတော့ ခင်ဗျားနိုင်တယ်။ နောက်တစ်ကြိမ်တော့ ခင်ဗျားကြီးအဲဒီလို နတ်ဘုရားစွမ်းရည်ကို ထပ်သုံးနိုင်ဦးမယ်လို့ ကျုပ်တော့မထင်ဘူး။ နောက်တစ်ကြိမ်ရောက်ရင် ခင်ဗျားကို ကျုပ်ကိုယ်တိုင်သတ်မယ် "
ထိုသို့ဆိုကာ သူသည် ခက်ခဲကြမ်းတမ်းပြီး အချိန်ကြာမြင့်စွာ ဆောင်ရွက်ရမည်ဖြစ်သော အားအင်ပြန်လည်ဖြည့်တင်းရမည့် လုပ်ငန်းစဥ်ကိုစတင်ရန် ပျောက်ကွယ်သွားတော့သည်။