ဆရာ၊ ကျွန်တော့်ကို ကယ်ပါဦး
Vol. 9 Ch. 841
မြေရိုင်းဒေသထဲရှိ တိုက်ပွဲဖြစ်ပွားခဲ့ရာနေရာတွင် မဟာကောင်းကင်သခင်နှင့် အခြားစွမ်းအားကြီး ကျင့်ကြံသူများမှာ အလွန်တည်ကြည်သော မျက်နှာအမူအရာများဖြင့် မတ်တတ်ရပ်နေကြသည်။ ပိုင်ရှောင်ချန်းမှာမူ ဧရာမ နွယ်ပင်ကြီးကို တွေ့မြင်ခဲ့ရသည့်အတွက် သူ၏အသိစိတ်များမှာ ချာချာလည်နေဆဲပင်။ သို့သော် မဟာတံတိုင်းကြီး၏ မြောက်ဘက်အပိုင်းမှာ အလွန်ဝေးကွာနေသည်ဖြစ်ရာ ထိုနွယ်ပင်ကြီးက ကောင်းကင်ဧကရာဇ်ကြီးအား မည်သို့အနိုင်ယူလိုက်သည်ကိုမူ မတွေ့လိုက်ရပေ။
သို့သော် ကောင်းကင်ဧကရာဇ်၏ ဒေါသတကြီးအော်ဟစ်သံမှာ မြေရိုင်းဒေသတစ်ခွင် ပဲ့တင်ထပ်နေသဖြင့် တိုက်ပွဲဖြစ်ခဲ့ရာနေရာရှိ လူတိုင်းမှာ မှင်တက်သွားကြပြီး သင်္ချိုင်းစောင့်ကြီးကို လှမ်းကြည့်လိုက်ကြသည်။
ထိုသင်္ချိုင်းစောင့်ကြီးမှာ စွမ်းအားကြီးမားကြောင်းကို ပိုင်ရှောင်ချန်းသည် ယခင်ထဲက သိထားသည်။ သို့သော်လည်း သူ၏မျက်လုံးများနှင့် မျက်ဝါးထင်ထင်တွေ့မြင်လိုက်ရသည့်ခံစားချက်မှာ လုံးဝမတူညီပေ။ ယခုတွင်မူ သင်္ချိုင်းစောင့်ကြီး၏ အတိုက်အခိုက်စွမ်းရည်မှာ စိတ်ကူးနှင့်ပင် ပုံဖော်၍မရနိုင်လောက်သည့် အဆင့်အထိ ရောက်ရှိနေပြီဖြစ်ကြောင်း သူသည် အမှန်တကယ် သိသွားပြီဖြစ်သည်။
" ကလေးမလေးက ကောင်းကင်ဧကရာဇ်နဲ့ ပူးပေါင်းထားတာတောင် နောက်ဆုံးရောက်တော့ သူတို့နှစ်ယောက်စလုံး ဒဏ်ရာရပြီး ထွက်ပြေးသွားရတာပဲ "
ပိုင်ရှောင်ချန်းမှာ ရုတ်တရက် တံတွေးများကို မျိုချမိလိုက်တော့သည်။ သူသည် သင်္ချိုင်းစောင့်ကြီးထံသို့ပြေးသွားကာ သူ၏ခြေထောက်ကိုပြေးဖက်ချင်စိတ်များ ပေါက်လာတော့သည်။ သူ၏သရုပ်အမှန်ကို လူတိုင်းက သိသွားပြီ မဟုတ်ပါလော။
မြေရိုင်းဒေသထဲတွင် သူပြုလုပ်ခဲ့သော အရာအားလုံးကို ပြန်တွေးမိလိုက်ပြီးနောက် သူ၏ နှလုံးသားမှာ စိုးရိမ်ထိတ်လန့်မှုများနှင့် အတူ တဒိန်းဒိန်းခုန်လာတော့သည်။ သူပိုင်ဟောက်အဖြစ် ဟန်ဆောင်ပြုလုပ်ခဲ့သည့် လုပ်ရပ်များကြောင့် လူအများမှာ သူ့အားမုန်းတီးနေကြပြီဖြစ်ပြီး ယခုတွင်မူ သူသည် နာမည်ဆိုးနှင့်ကျော်ကြားနေသည့် ပိုင်ရှောင်ချန်းဖြစ်ကြောင်းကိုပါ သိသွားကြပြီဖြစ်ရာ သူ့အား အသေသတ်ပစ်ချင်သော လူအရေအတွက်မှာ မည်သည်နည်းနှင့်မျှ ယခင်ကထက် နည်းပါးသွားမည်တော့ မဟုတ်ပေ။ ထိုလူများ တန်းစီ၍ အလှည့်ကျသတ်မည်ဆိုလျှင်ပင် နှစ်ပေါင်းတစ်ရာကျော် စောင့်ဆိုင်းနေရမည်သာဖြစ်သည်။
" ငါ့ကို ကယ်နိုင်မဲ့လူဆိုလို့ သင်္ချိုင်းစောင့်ဘိုးဘိုးကြီးပဲ ရှိတော့တယ်။ သူငါ့ကို သတိထားမိအောင် တစ်နည်းနည်းနဲ့ လုပ်မှရမယ် "
သူသည် တစ်ကိုယ်ထဲရေရွတ်လိုက်ပြီး မည်သူမှ သူ့အပေါ်တွင် အာရုံမထားသည်ကိုအခွင့်ကောင်းယူကာ သင်္ချိုင်းစောင့်ကြီးထံသို့ ကပ်သွားတော့သည်။
လူတိုင်းမှာ သူတို့မြင်လိုက်ရသည့် တုန်လှုပ်ဖွယ် တိုက်ပွဲကြီးကြောင့် ဆွံ့အနေဆဲပင်။ သင်္ချိုင်းစောင့်ကြီးမှာမူ သက်ပြင်းချ၍ ကောင်းကင်ဧကရာဇ်နောက်သို့ မလိုက်ရန် ဆုံးဖြတ်လိုက်တော့သည်။ သူ လိုက်ဖမ်းရန် ဆန္ဒမရှိသည်တော့မဟုတ်ပေ။ သူလိုက်ဖမ်း၍ မရနိုင်ခြင်းသာဖြစ်သည်။ ဖြစ်နိုင်မည်ဆိုပါက သူသည် ယခုအချိန်မှာ ကောင်းကင်ဧကရာဇ်နှင့် ထိုမျှလောက် အကြီးအကျယ် တိုက်ပွဲမဖြစ်လိုသေးပေ။
အမှန်မှာ သူ့ထံတွင် အချိန်များများစားစား မကျန်တော့ပေ။
သူသည် ကမ္ဘာကြီးအား ထာဝရ ဒဏ်ရာရသွားစေသည့် သူ၏နတ်ဘုရားစွမ်းရည်ကိုသုံးရန် အလွန်တုံ့ဆိုင်းနေခဲ့ရသည်။ ယခုတွင်မူ ကောင်းကင်ယံတွင် ဟပြဲနေသည့် ဒဏ်ရာကြီးငါးခု ရှိနေပြီဖြစ်သည်။
မြေပြင်ထက်တွင်လည်း တောင်ကြီးတစ်လုံး၊ သွေးမြစ်တစ်စင်း၊ ရွှေရောင်ဒယ်စောက်အိုးတစ်လုံးနှင့် နေလုံးကြီးတစ်လုံးတို့ ရှိနေသေးသည်။
ထိုအရာတိုင်းမှာ ထာဝရဖြစ်တည်နေမည့် အရာများဖြစ်သည်။ ကောင်းကင်ဧကရာဇ်ဆိုခဲ့သည့် စကားမှာမှန်ကန်ကြောင်း သင်္ချိုင်းစောင့်ကြီးကလည်း သိသည်။ သူသည် ထိုနတ်ဘုရားစွမ်းရည်ကို ထပ်၍အသုံးပြုနိုင်မည် မဟုတ်တော့ပေ။
ယင်ခန္ဓာကိုယ်အစိတ်အပိုင်းငါးခုနှင့် နီးကပ်စွာဆက်နွယ်နေသည့် ဓာတ်ကြီးငါးပါးဖြစ်သော သတ္တု၊ သစ်သား၊ ရေ၊ မီး၊ မြေကြီးတို့မှာ တမူထူးခြားပြီး သင်္ချိုင်းစောင့်ကြီးအတွက်ပင်လျှင် ဝှက်ဖဲတစ်ချပ်အဖြစ် သတ်မှတ်ထားကြသည်။
" သူ့ကို အပြီးတိုင် မသတ်နိုင်လိုက်ပဲ အဲဒီသွေးဆံနွယ်ကိုပဲ ထိနိုင်လိုက်တာ နာသကွာ... "
သူက တီးတိုးရေရွတ်လိုက်သည်။ သူသည် ယခင်ကထက် များစွာအိုစာသွားသည့် ပုံစံပေါ်နေပြီး သူ၏အငွေ့အသက်မှာလည်း ပြန်လည်ဖြည့်တင်းရန် မဖြစ်နိုင်တော့သည့်အလား တဖြည်းဖြည်း မှေးမှိန်လာတော့သည်။
ကောင်းကင်ဧကရာဇ်မှာ သူ့အား ထောင်ချောက်ဆင်ခဲ့သည်ဖြစ်ပြီး သူက ထိုထောင်ချောက်ကို အသက်အန္တရာယ် ပြုနိုင်လောက်သည့် တိုက်ခိုက်မှုတစ်ခုအသွင် ပြောင်းလဲခဲ့သည်။
သို့သော် အဆုံးတွင်မူ သူတို့နှစ်ယောက်စလုံး၏ကိုယ်ပိုင် ရည်မှန်းချက်များမှာ မဖြစ်မြောက်သွားကြပေ။
ကလေးမလေး ထွက်ပြေးလွတ်မြောက်သွားသည့်အချက်မှာ သူ့အတွက်အရေးမကြီးပေ။ အမှန်တွင် သူသည် သူမအား လွှတ်ပေးလိုက်ခြင်းပင်ဖြစ်သည်။ သူမ မည်သည့်နေရာမှ ရောက်ရှိလာကြောင်းကို သူ အတိအကျသိထားပြီး သူမကို မသတ်လိုက်ခြင်းမှာ ဘေးကင်းစေမည့် ကြိုတင်ကာကွယ်မှုတစ်ခုပင် ဖြစ်သည်။ ထို့အပြင် သူ၏အတွေးထဲတွင် အခြားစိတ်ကူးတစ်ခုလည်း ရှိနေသည်။ သူမသည် သူ့အား ကူညီမှန်းမသိ ကူညီနေသည့် အခြေအနေသို့ရောက်စေရန် ဖန်တီးနိုင်ကြောင်း သူက သိထားသည်။
သူ၏ စိတ်ကူးထဲမှ အဓိကအရာမှာ ကောင်းကင်ဧကရာဇ်သာ ဖြစ်သည်။
သင်္ချိုင်းစောင့်ကြီးမှာ သက်ပြင်းချ၍ ထိုအချင်းအရာများကို ချင့်ချိန်တွက်ဆနေစဥ် အမျိုးသမီးတစ်ယောက်၏ အေးစက်စက်စကားသံတစ်သံ ရုတ်တရက် ပေါ်ထွက်လာသဖြင့် တိတ်ဆိတ်ငြိမ်သက်နေသည့် အခိုက်အတန့်လေး ပျက်စီးသွားရတော့သည်။
" နင့်ကိုယ်နင် ထွက်ပြေးလို့ လွတ်မယ်များ ထင်နေလား ပိုင်ရှောင်ချန်း "
ထိုအသံပိုင်ရှင်မှာ ငေးမောနေရာမှာ ပြန်လည်သတိဝင်လာသည့် သခင်မလေးဟုန်ချိန်ပင်ဖြစ်သည်။ ပိုင်ရှောင်ချန်းမှာ သူမ၏အဝေးသို့ ကုပ်ချောင်းကုပ်ချောင်းနှင့် ထွက်သွားနေသည်ကို မြင်လိုက်ရသောအခါ သူမသည် ဝင်္ကပါထဲတွင် သူနှင့်ဆုံတွေ့ခဲ့သည့် ဖြစ်ရပ်ကို ပြန်တွေးမိသွားသဖြင့် ချက်ချင်းပင် ဒေါသထွက်သွားတော့သည်။
သူမ၏ အော်ဟစ်သံကြောင့် လူတိုင်း သတိပြန်လည်လာပြီး သူတို့ အားလုံးက သခင်မလေးဟုန်ချိန်နှင့် ပိုင်ရှောင်ချန်းတို့အား လှမ်းကြည့်လိုက်ကြသည်။ သရဲကြီးဘုရင်၏ မျက်နှာပေါ်တွင် ထူးဆန်းသောအမူအရာတစ်ခုကို မြင်နိုင်သည်။ မဟာကောင်းကင်သခင်၏ မျက်ဝန်းထဲတွင်မူ ခပ်မှိန်မှိန် အလင်းရောင်တစ်ခု ဖျတ်ခနဲလက်သွားပြီး သင်္ချိုင်းစောင့်ကြီးအား လှမ်းကြည့်လိုက်သည်။ စစ်အောင်ဘုရင်နှင့် သောကကင်းဝေးကိုးသွယ်ဘုရင်တို့မှာမူ မျက်မှောင်ကြုတ်သွားကြသည်။ ဝိညာဥ်ခရီးဘုရင်တစ်ယောက်သာလျှင် ပျော်ပျော်ရွှင်ရွှင် နေတတ်သည့် လူတစ်ယောက်အလား ဟန်ဆောင်မှုမပါပဲ ပြုံးနေသည်။
ချန်ဟောက်စုန့်နှင့် အခြားကောင်းကင်နယ်စားများ၏ မျက်နှာများပေါ်တွင်မူ အရုပ်ဆိုးသော အမူအရာများပေါ်လာတော့သည်။ မကြာသေးမီက ဖြစ်ပွားခဲ့သော တုန်လှုပ်ဖွယ် တိုက်ပွဲကြီးအတွင်းတွင်မူ သူတို့သည် ပိုင်ရှောင်ချန်းအား ဂရုမစိုက်နိုင်ခဲ့ပေ။ သို့သော် ယခုတွင်မူ တိုက်ပွဲမှာပြီးဆုံးသွားပြီဖြစ်ပြီး သူသည် ပိုင်ဟောက်ဆိုသော အမည်ကိုအသုံးချ၍ မြေရိုင်းဒေသတစ်ခွင် ပြဿနာပေါင်းစုံရှာခဲ့သည်ကို ပြန်လည်တွေးတောမိသွားကြတော့သည်။ ထို့ကြောင့် သူတို့၏ မျက်ဝန်းများထဲတွင် ရန်လိုသော အရိပ်အယောင်များ ထင်ဟပ်လာတော့သည်။
ပိုင်ရှောင်ချန်း၏ နှလုံးသားကိုမူ အကြောက်တရားများက စိုးမိုးသွားပြီး သူ့မျက်နှာအမူအရာပြောင်းလဲသွားတော့သည်။ သူသည် နောက်သို့ ခြေလှမ်းအနည်းငယ် အလျင်အမြန်ဆုတ်လိုက်ပြီး ကျယ်လောင်စွာ အော်ပြောလိုက်လေသည်။
" အားလုံး စိတ်အေးအေးထားကြပါ။ ကျွန်တော်ရှင်းပြနိုင်ပါတယ် "
နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူများမှာ ကျောက်ရုပ်အလား အနည်းငယ်မျှ မလှုပ်ရှားသလို ကောင်းကင်နယ်စားများမှာလည်း ထိုနည်းတူပင်။ သို့သော် သခင်လေးဟုန်ချိန်၏ မျက်နှာပေါ်မှ ဒေါသများမှာမူ အမြင့်ဆုံး အဆင့်သို့ရောက်နေပြီဖြစ်သည်။ ဝင်္ကပါထဲတွင် သူက သူမကိုလုပ်ခဲ့သည့် လုပ်ရပ်များနှင့် ယခုတွင် သူသည် သူမနှင့် စေ့စပ်ထားသူဖြစ်နေပြီဖြစ်ကြောင်းကို တွေးမိလိုက်သောအခါ သူမသည် ဒေါသကိုမထိန်းနိုင်တော့ပဲ သူ့ဆီသို့ ပြေးသွားတော့သည်။
" နင်ငါ့ကို ရှင်းပြစမ်း ပိုင်ရှောင်ချန်း "
သူမက ငယ်သံပါအောင် အော်ပြောလိုက်သည်။
" ကျစ်မို၊ နင်ဟာ.... ငါ မင်းအသက်ကို ကယ်ခဲ့တာလေ။ ငါက မင်းရဲ့ အကြီးမားဆုံး ကျေးဇူးရှင်လေဟာ။ "
သူ၏ စိုးရိမ်ထိတ်လန့်နေမှုများမှာ အချိန်နှင့်အမျှကြီးထွားလာနေပြီး သူသည် နောက်သို့ပို၍လျင်မြန်စွာ ဆုတ်သွားလေသည်။
ထို့နောက် သူသည် သရဲကြီးဘုရင်ဘက်သို့ လှည့်၍ အော်ပြောလိုက်သည်။
" ယောက္ခမကြီးရေ ကယ်ပါဦးဗျ "
သူ၏ စကားကြောင့် နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူများ၏ မျက်နှာများပေါ်ရှိ အမူအရာများမှာ ပို၍ထူးဆန်းသွားရတော့သည်။ သရဲကြီးဘုရင်မှာ အနေရခက်နေဟန်တူပြီး ချောင်းဟန့်လိုက်ကာ သူ၏စကားသံကို မကြားလိုက်သည့်အလား ဟန်ဆောင်နေလိုက်သည်။ သို့သော် သခင်မလေးဟုန်ချိန်၏ ဒေါသမှာမူ ပို၍သာ ကြီးထွားလာတော့သည်။
" ပါးစပ်ပိတ်ထားစမ်း "
သူမသည် လွှတ်ခနဲ ပြန်ပြောလိုက်ပြီး အရှိန်မြှင့်ကာ ပိုင်ရှောင်ချန်းဆီသို့ ဦးတည်သွားတော့သည်။ ပိုင်ရှောင်ချန်းမှာ ထိတ်လန့်တုန်လှုပ်လျက် သင်္ချိုင်းစောင့်ကြီးရှိရာဘက်သို့ ပြေးသွားတော့သည်။
" ဆရာ၊ ကယ်ပါဦး "
သူသည် ' ဆရာ ' ဆိုသော စကားလုံးကို ဆိုလိုက်သောအခါ မဟာကောင်းကင်သခင်မှာ မှင်တက်သွားပြီး သရဲကြီးဘုရင်မှာ ပါးစပ်အဟောင်းသားဖြစ်သွားရသည်။ သောကကင်းဝေးကိုးသွယ်ဘုရင်၊ စစ်အောင်ဘုရင်နှင့် ဝိညာဥ်ခရီးဘုရင်တို့အားလုံးမှာ အမူအရာများ ပြောင်းလဲသွားကြပြီး ချန်ဟောက်စုန့်နှင့် အခြားသော ကောင်းကင်နယ်စားတို့မှာ ရင်တဒိန်းဒိန်းခုန်လာတော့သည်။
သခင်မလေးဟုန်ချိန်ပင် အငိုက်မိသွားပြီး တုန့်ခနဲ ရပ်တန့်သွားသည်။ ပိုင်ရှောင်ချန်းက သင်္ချိုင်းစောင့်ကြီးအနားသို့ ပြေးသွားပြီး တပည့်တစ်ယောက်က သူ၏ဆရာအား အရိုအသေဂါဝရပြုနေသကဲ့သို့ ပြုမူနေသည်ကို သူမသည် မျက်လုံးပြုးကြီးများဖြင့် ကြည့်နေတော့သည်။
သင်္ချိုင်းစောင့်ကြီးမှာမူ ငိုရမလို ရယ်ရမလို ဖြစ်နေတော့သည်။ သူ့အား ဇာတ်တိုက်နေသည့်အလား ကြည့်နေသည့် ပိုင်ရှောင်ချန်းကို လှမ်းကြည့်လိုက်ပြီး မနေနိုင်တော့သည့်အဆုံး ခေါင်းယမ်းလိုက်တော့သည်။ ထို့နောက် သူ၏ အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ပြီး မည်သည့်စကားမှ ပြောမနေတော့ပဲ သူနှင့်အတူပိုင်ရှောင်ချန်းကို ခေါ်ဆောင်သွားပြီး ပျောက်ကွယ်သွားတော့သည်။
မဟာကောင်းကင်သခင်နှင့် အခြားလူအားလုံးမှာ သင်္ချိုင်းစောင့်ကြီးပျောက်ကွယ်သွားသည့် နေရာကိုစိုက်ကြည့်ရင်း သူတို့၏နှလုံးသားများထဲတွင် တုန်လှုပ်မှုများပြည့်နှက်သွားသည်။ ပိုင်ရှောင်ချန်း၏ ' ဆရာ ' ဟုခေါ်လိုက်သောစကားကြောင့် သူတို့မှာ အလွန်အမင်း အံ့အားသင့်သွားရသည်။
ချန်ဟောက်စုန့်မှာ ရုတ်တရက် အလွန်အမင်း စိုးထိတ်သွားပြီး အနာဂတ်တွင် ပိုင်ရှောင်ချန်းအားပြဿနာရှာမည်ဟုတွေးထားသော အတွေးများကို ပယ်ရှားလိုက်တော့သည်။ သင်္ချိုင်းစောင့်ကြီးမှာ သူ၏နှုတ်မှ အမှန်တရားကို ဝန်မခံခဲ့သော်လည်း သူနှင့်အတူ ပိုင်ရှောင်ချန်းအား ခေါ်ဆောင်သွားသည့်အချက်မှာ အရာအားလုံးကို ဖြေရှင်းပြီးသား ဖြစ်နေတော့သည်။
သင်္ချိုင်းစောင့်ကြီးမှာ ပိုင်ရှောင်ချန်းအား စိတ်ဝင်စားနေခဲ့သည့်အချက်ကို မဟာကောင်းကင်သခင် သတိထားမိနေခဲ့သည်မှာ အတော်ကြာပြီဖြစ်သည်။ အနည်းငယ်မျှ တိတ်ဆိတ်ငြိမ်သက်သွားပြီးနောက် သူသည် ကောင်းကင်ဘုရင်လေးပါးထံသို့ သတင်းများ ပေးပို့လိုက်လေသည်။ ငရဲဧကရာဇ်အား လေးစားသမှုပြုသည့်အနေဖြင့် ပိုင်ရှောင်ချန်း၏ သရုပ်အမှန်အား လျှို့ဝှက်ထားပေးရန် သူတို့အားလုံး သဘောတူလိုက်ကြသည်။
ကလေးမလေးသည် ပိုင်ရှောင်ချန်းအသွင် ဟန်ဆောင်ထားခဲ့သည်ဟူသော သတင်းတစ်ခုထဲကိုသာ ပျံ့နှံ့စေလိုက်သည်။ သူ၏ သရုပ်မှန်အစစ်ကိုမူ မဖော်ပြပေ။
ထိုသဘောတူညီချက် ပြုလုပ်လိုက်ပြီးနောက် လူတိုင်း လမ်းခွဲသွားကြသည်။ ဖြစ်ပျက်သွားခဲ့သည့် တိုက်ပွဲကြီးမှာ ရုတ်တရက်ဆန်လွန်းလှပြီး အလွန်တရာအရေးကြီးနေသည်။ တပ်ဖွဲ့များကို နေရာချရတော့မည်ဖြစ်သည်။ မဟာတံတိုင်း ပြိုကျသွားသည့်အချက်ကြောင့် ကြီးမားသော အပြောင်းအလဲများ ဖြစ်ပေါ်လာတော့မည် မဟုတ်ပါလော။
သရဲကြီးဘုရင်နှင့် သခင်မလေးဟုန်ချိန်တို့မှာ နောက်ဆုံးမှ ထွက်ခွာသွားကြသည်။ သရဲကြီးဘုရင်သည် ခံစားချက်ပေါင်းစုံ ရောထွေးနေသည့် မျက်နှာဖြင့် မှင်တက်နေသည့် သူ၏သမီးဘက်သို့လှည့်၍ သက်ပြင်းချလိုက်လေသည်။
" မိုအာရေ။ အဖေ ကိစ္စရပ်တွေကို သေသေချာချာ မစဥ်းစားခဲ့မိဘူး။ လက်ထပ်ဖို့ သဘောတူညီချက်ကိုပယ်ဖျက်လိုက်တာပေါ့ကွာ "
သခင်မလေးဟုန်ချိန်မှာ တိတ်ဆိတ်ငြိမ်သက်စွာဖြင့် မတ်တတ်ရပ်၍ အဝေးသို့မျှော်ကြည့်နေတော့သည်။ သူမသည် စကားတစ်ခွန်းမှ မပြောပေ။ အလွန်အန္တရာယ်များသော အခြေအနေတစ်ခုတွင် ပိုင်ရှောင်ချန်းတစ်ယောက် သူမကို ဘေးကင်းရာသို့ဆွဲခေါ်သွားခဲ့သည့် ပုံရိပ်တစ်ခုမှာ သူမ၏အတွေးထဲတွင် ပြည့်နှက်နေသည်။ သူတစ်ယောက်ထဲ မထွက်ပြေးခဲ့ပဲ သူမကိုပါ တာဝန်ယူ၍ ကာကွယ်စောင့်ရှောက်ပေးခဲ့သည်မဟုတ်ပါလော။
နောက်ဆုံးတွင် လူတိုင်းမှာ ထွက်ခွာသွားကြပြီး မြေပြင်တွင် တိတ်ဆိတ်ငြိမ်သက်မှုက ကြီးစိုးနေတော့သည်။ သို့သော် ကောင်းကင်ယံရှိ ဒဏ်ရာငါးခုမှာ ရှိနေဆဲဖြစ်ပြီး တိုက်ပွဲအတွင်း မြေပြင်ပေါ်တွင် ဖြစ်ပေါ်လာခဲ့သည့် လျှိုမြောင်ကြီးများမှာလည်း ကျန်ရစ်နေဆဲပင်။ ကမ္ဘာကြီးကို တုန်ခါသွားစေခဲ့သည့် တိုက်ပွဲကြီး၏ သက်သေများမှာ ထိုနေရာတွင် ရှိနေဆဲ။
မြေအောက်မြစ်၏ ကန့်သတ်ထားသောနေရာတွင် လူရိပ်နှစ်ခုမှာ လေထုထဲမှနေ၍ မြစ်ကမ်းပါးအပေါ်သို့ ထွက်လာသည်။ သူတို့မှာ သင်္ချိုင်းစောင့်ကြီးနှင့် ပိုင်ရှောင်ချန်းတို့ပင် ဖြစ်သည်။
ပိုင်ရှောင်ချန်းမှာ ယခင်အတိုင်း စိုးရိမ်ထိတ်လန့်နေဆဲ။ သူ၏သရုပ်မှန်ကို လျှို့ဝှက်ချက်တစ်ခုအဖြစ်ထားရှိရန် သတ်မှတ်လိုက်ပြီဖြစ်ကြောင်း သိလိုက်သဖြင့် ယခုတွင် သူသည် အလွန်ရိုသေလေးစားသည့် အမူအရာဖြင့် သင်္ချိုင်းစောင့်ကြီးအား လက်ယှက်၍ ဆိုလိုက်လေသည်။
" ဘိုးဘိုး သင်္ချိုင်းစောင့်ကြီးရာ၊ အမ်း၊ ကျွန်တော်က လူတိုင်းကို လှည့်စားချင်တာမဟုတ်ပါဘူးဗျ။ ဘိုးဘိုး နားလည်တယ်မလား။ ပိုင်ရှောင်ချန်းဆိုတဲ့ ကျွန်တော်က အင်မတန် စိတ်သဘောထားနူးညံ့တဲ့ လူတစ်ယောက်ပါ။ ပြဿနာရှာရတာကို ကျွန်တော်က ကြိုက်တာမဟုတ်ဘူး။ အနေအထိုင်လည်း သိုသိပ်သေးတယ်။ ကျွန်တော်က အဏ္ဏဝါခေါ်သံဂိုဏ်းကိုပဲ ပြန်ချင်တာဗျ။ သူတို့အကုန်လုံးကသာ ကျွန်တော့်ကို သတ်ချင်နေတာ။ ကျွန်တော်က အိမ်ပြန်နိုင်ဖို့အတွက် ဟန်ဆောင်ရုပ်ဖျက်ထားရတာ။ ဘုံဝါဒတို့၊ စစ်ဆေးရေးအရာရှိတို့ ၊ ငွေညှစ်တာတို့ဆိုတာ ကျွန်တော် ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာတွေ တစ်ခုမှမဟုတ်ပါဘူး။ အီး တစ်ခါတစ်လေတော့လဲ ဘဝမှာ အလျှော့အတင်းလေးတွေ လုပ်ရသေးတာကိုးဗျ "
သူသည် စကားပြောနေရင်း သင်္ချိုင်းစောင့်ကြီးအားကြည့်၍ သူ၏ ကိုယ်နေဟန်ထားကို အကဲခတ်ရန်ကြိုးပမ်းနေသည်။ သို့သော် သူသည် အချိန်ကြာလာသည်နှင့်အမျှ အခြေအနေမဟန်တော့ကြောင်း ပို၍ ခံစားလာရတော့သည်။ သူသည် စကားထဲတွင်မျောသွားသည်ဖြစ်၍ သူ မရည်ရွယ်ထားသည့်အရာများကိုပါ လုပ်မိသွားတော့သည်။
သင်္ချိုင်းစောင့်ကြီးမှာမူ အသက်မဲ့နေသည့် မျက်နှာဖြင့် ပိုင်ရှောင်ချန်း၏စကားများကို နားထောင်နေသည်။ အဆုံးတွင် သူသည် လက်ကို ဝှေ့ယမ်းလိုက်ပြီး အနက်ရောင် အမိန့်ပေးဆွဲပြားတစ်ခုကိုထုတ်၍ ပိုင်ရှောင်ချန်းဆီသို့ ပစ်ပေးလိုက်သည်။
" ကောင်းကင်ဧကရာဇ်က ကောင်းကင်တံတားပင်လယ်ကိုသုံးပြီး အရင်က မဟာတံတိုင်း အပိုင်းလေးပိုင်းရှိခဲ့တဲ့နေရာမှာ အကာအရံတစ်ခုကို ဖန်တီးလိုက်ပြီ။ အဲဒီအကာအရံကို လတ်တလောအတွင်း ဘယ်သူမှဖြတ်နိုင်ဦးမှာမဟုတ်ဘူး။ ငါကလည်း မြေရိုင်းဒေသကနေ ထွက်ခွာလို့မရဘူးဆိုတော့ မင်းကိုအိမ်လိုက်ပို့လို့ ရမှာမဟုတ်ဘူး။ မင်းတကယ်ပဲ အဏ္ဏဝါခေါ်သံ ဂိုဏ်းဆီကိုပြန်ချင်တယ်ဆိုရင် သေမင်းနွံတောကိုဖြတ်မှရမယ်။ အဲဒီနေရာကို ဘေးကင်းကင်းနဲ့ဖြတ်ဖို့ဆိုရင် ဒီအမိန့်ပေးဆွဲပြား လိုတယ် "