အခန်း (၄၂၁-၄၂၂)
Vol. 43 Ch. 421-422
အခန်း (၄၂၁) နောက်ပြောင်ခြင်းမျှသာ
'M' အမျိုးသားဝတ်စုံနှင့် 'ဟယ်ယို' တရုတ်ရိုးရာဝတ်စုံ ဒီဇိုင်းပြပွဲမှာ အွန်လိုင်းထက်တွင် ဟိုးဟိုးကျော်အောင် ရေပန်းစားလျက်ရှိသည်။
မင်ယွဲ့ ရိုက်ကူးထားသည့် ပရိုမိုးရှင်း ဗီဒီယိုမှာလည်း တစ်ကျော့ပြန် ထင်ပေါ်လာပြီး လူအများ၏ ချီးကျူးမှုကို တခဲနက် ရရှိနေတော့သည်။
"ဒီနေ့ ညနေ ပြပွဲကို ကျွန်မနဲ့အတူ လိုက်ခဲ့မလားဟင်"
မိုဟန်ကျီ၏ ရုံးခန်းအတွင်း၌ မင်ယွဲ့သည် ကျမ်းပြုစုနေသည့် လက်ကွက်များကို ခေတ္တရပ်နားကာ အချိန်ကို ကြည့်ရင်း မေးလိုက်သည်။
"သေချာတာပေါ့"
မိုဟန်ကျီသည် ညနေခင်းအချိန်ကို သူမအတွက် သီးသန့်ပေးနိုင်ရန် တစ်မနက်လုံး အလုပ်များကို အားသွန်ခွန်စိုက် လုပ်ကိုင်ထားခြင်း ဖြစ်သည်။
သူ၏ အဖြေကို မင်ယွဲ့ မအံ့ဩမိပေ။ အားလပ်သည့် အချိန်တိုင်းတွင် သူသည် သူမအနား၌သာ ကပ်တွယ်နေတတ်သူ မဟုတ်ပါလား။
မင်ယွဲ့သည် ကွန်ပျူတာကို ဘေးသို့ချကာ အလုပ်ကို အာရုံစိုက်လုပ်ကိုင်နေသည့် အမျိုးသား၏ ခန့်ညားသော ပုံရိပ်ကို ငေးမောကြည့်နေမိသည်။
ထိုစဉ် ကျန်းယီက တံခါးကို ခေါက်ကာ ရုံးခန်းထဲသို့ ဝင်လာခဲ့သည်။
"မမ... ရောက်နေတာလား"
မင်ယွဲ့ကို မြင်လိုက်သည်နှင့် သူ၏ မျက်ဝန်းများမှာ ချက်ချင်းပင် တောက်ပသွားပြီး စားပွဲတွင် ထိုင်နေသည့် မိုဟန်ကျီကို လုံးဝ လျစ်လျူရှုထားလိုက်သည်။
မိုဟန်ကျီကမူ အရေးမစိုက်ဘဲ အလုပ်များကိုသာ ဆက်လက် လုပ်ကိုင်နေသည်။
"ကိုဟန်ကျီ... ဒါက နောက်ဆုံးအခြေအနေ အစီရင်ခံစာပါ"
ကျန်းယီသည် မေ့နေသောအလုပ်ကို သတိရဟန်ဖြင့် မိုဟန်ကျီထံသို့ အစီရင်ခံစာ ကမ်းပေးလိုက်သည်။
"ချထားလိုက်”
မိုဟန်ကျီက ခေါင်းငြိမ့်ပြကာ အသိအမှတ်ပြုလိုက်သည်။
"ကျန်းယီ... တို့တွေ နေ့လယ်စာ အတူတူ စားကြမလား၊ မဆုံဖြစ်တာ တောင် တော်တော်ကြာပြီနော်"
ဟု မင်ယွဲ့က မေးလိုက်သည်။
"ကောင်းပြီလေ မမ”
သူတို့ သုံးဦး ကုမ္ပဏီအနီးရှိ စားသောက်ဆိုင် တစ်ဆိုင်သို့ ထွက်လာခဲ့ကြသည်။
ကျန်းယီသည် မိုဟန်ကျီနှင့် မင်ယွဲ့တို့ကြားတွင် ဝင်ရောက်ကာ စကားတပြောပြောဖြင့် လိုက်ပါလာသည်။ ကုမ္ပဏီဝန်ထမ်းများမှာ သူတို့ သုံးဦး၏ ရင်းနှီးမှုကို ကြည့်ကာ ကျန်းယီ၏ အဆင့်အတန်းမှာ မည်မျှ မြင့်မားမည်ကို ခန့်မှန်းနေကြတော့သည်။
"ကိုဟန်ကျီ... ကြားတာတော့ ကုမ္ပဏီထဲမှာ တစ်ယောက်ယောက်က အစ်ကို့ကို ကြံစည်နေတယ်ဆို”
စားပွဲတွင် စောင့်ဆိုင်းနေစဉ် ကျန်းယီက ရုတ်တရက် စကားစလိုက်သည်။
မိုဟန်ကျီက မျက်မှောင်ကြုတ်ကာ သူ့ကို စိုက်ကြည့်လိုက်သည်။ မပြောသင့်သည့် အကြောင်းအရာကို ဘာကြောင့် လာပြောသနည်းဟူသော အကြည့်မျိုးပင်။
ထို့နောက် သူသည် မင်ယွဲ့၏ မျက်နှာကို ခိုးကြည့်လိုက်သော်လည်း သူမ၏ မျက်နှာမှာ ပြောင်းလဲခြင်း မရှိသဖြင့် စိတ်အေးသွားရသည်။
"အလုပ်တွေ သိပ်မများသေးလို့ ဒီလိုစကားတွေ ပြောနေတာလား"
ဟု မိုဟန်ကျီက အေးစက်စွာ ဆိုသည်။
ကျန်းယီက မင်ယွဲ့ဘက်သို့ လှည့်ကာ—
"မမ... ကိုဟန်ကျီက ကျွန်တော့်ကို ဟောက်နေတယ်"
ဟု ကလေးတစ်ယောက်ကဲ့သို့ တိုင်တောလိုက် သည်။
မိုဟန်ကျီမှာမူ ဤကောင်လေး ကုမ္ပဏီကို အလုပ်လာလုပ်သည်လား၊ သရုပ်ဆောင်သင်တန်း လာတက်သည်လားပင် ဝေခွဲမရတော့ပေ။
"ရပါတယ်... အဲဒီတုန်းက ကျွန်မလည်း ရှိနေတာပဲ အဲဒီလူကိုလည်း အလုပ်က ထုတ်လိုက်ပြီလေ"
ဟု မင်ယွဲ့က ပြုံးလျက် ဆိုသည်။
ကျန်းယီကမူ မိုဟန်ကျီကို ဆက်၍ စနောက် ချင်နေဆဲပင်။
“မမ... စိတ်မပူနဲ့နော် ကိုဟန်ကျီကသာ မမအပေါ် မကောင်းရင် ကျွန်တော် ချက်ချင်းပဲ ရုပ်ချောပြီး ချမ်းသာတဲ့သူတစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်"
ထိုစကားကြောင့် မိုဟန်ကျီ၏ မျက်နှာမှာ ချက်ချင်း မည်းမှောင်သွားတော့သည်။
"ဘယ်သူ့ကို မိတ်ဆက်ပေးမလို့လဲ... ပြောစမ်းပါဦး"
ဟု အံကြိတ်ကာ မေးလိုက်သည်။
ကျန်းယီက မင်ယွဲ့ ရှိနေသဖြင့် လုံးဝ မကြောက်ပေ။
“မမ... ကိုဟန်ကျီထက် သာတဲ့သူ မရှိရင်တောင် ကျွန်တော်ဆိုရင်ကော ဘယ်လိုလဲ"
ဟု ဆိုကာ မိုဟန်ကျီကို ရန်စလိုက်သည်။
မိုဟန်ကျီ၏ နားထင်မှ သွေးကြောများမှာ ဒေါသကြောင့် ထောင်တက်လာရသည်။
"နောက်တာပါဗျာ... ကိုဟန်ကျီ မျက်လုံးတွေက ကျွန်တော့်ကို အစိမ်းလိုက် ဝါးတော့မယ့်အတိုင်းပဲ"
မင်ယွဲ့က စားပွဲအောက်မှ မိုဟန်ကျီ၏ လက်ကို အသာအယာ ဆုပ်ကိုင်လိုက်သည့်အခါမှ သူ၏ ဒေါသများမှာ ရုတ်ခြည်း ပျောက်ကွယ်သွားရသည်။
ထိုစဉ်—
“ဟေး... ဒါ ကျန်းသခင်လေး မဟုတ်လား အခုတလော ဘယ်ပျောက်နေတာလဲ၊ ငါတို့ညီအစ်ကိုတွေက မင်းကို သိပ်သတိရနေတာ"
မောက်မာရိုင်းစိုင်းသော အသံနှင့်အတူ လူတစ်စု ရောက်ရှိလာသည်။ ကျန်းယီက ထမင်းစားလက်စကို ရပ်ကာ—
“ငါက လူညစ်ပတ်တွေနဲ့ ပေါင်းလေ့မရှိဘူး၊ ရွံစရာကောင်းတယ်"
ဟု ခပ်ပြတ်ပြတ် တုံ့ပြန်လိုက်သည်။
ထိုသူမှာ ဟူခွန်းဖြစ်ပြီး ကျန်းယီနှင့် ငယ်စဉ်ကတည်းက ရန်သူတော်များ ဖြစ်ကြသည်။ ကျန်းယီက အပြင်ပန်းတွင် လျှပ်ပေါ်လော်လီသော်လည်း ဟူခွန်းမှာမူ အမှန်တကယ် ဆိုးသွမ်းသူ ဖြစ်သည်။
"မင်းရဲ့ ကတ်တွေ အပိတ်ခံထားရလို့ အပြင်မထွက်ရဲတာ မဟုတ်လား အားမနာပါနဲ့... ဒီနေ့ ငါပဲ ဒိုင်ခံကျွေးပါ့မယ်"
ဟု ဟူခွန်းက လှောင်ပြောင်သည်။
"ငါ့မြေးလေးက သူ့အဖိုးကို သိပ်ဂရုစိုက်တာပဲ။ ကဲ... သွားတော့၊ ငါ့ရဲ့ ထမင်းစားချိန်ကို မနှောင့်ယှက်နဲ့"
ဟု ကျန်းယီက ယင်ကောင်တစ်ကောင်ကို မောင်းထုတ်သကဲ့သို့ လက်ခါပြလိုက်သည်။
ဟူခွန်းသည် ဒေါသထွက်ကာ ရှေ့သို့ တိုးလာစဉ် မိုဟန်ကျီက ခြေထောက်ကို အသာအယာ ဆန့် ထုတ်လိုက်သည်။
ဟူခွန်းမှာ မြေပြင်ကိုပင် မကြည့်ဘဲ လျှောက်လာရာမှ မိုဟန်ကျီ၏ ခြေထောက်နှင့် ငြိကာ ရှေ့သို့ မှောက်ခုံ လဲကျသွားတော့သည်။
"ဘုန်း” ခနဲ အသံနှင့်အတူ ဆိုင်အတွင်းရှိ လူအားလုံး လှည့်ကြည့်လာကြသည်။
ဟူခွန်းမှာ အရှက်တကွဲ ဖြစ်သွားရကာ ဒေါသတကြီးဖြင့် ပြန်ထလာသည်။ မိုဟန်ကျီကမူ ဘာမျှမဖြစ်သကဲ့သို့ တည်ငြိမ်စွာ ထိုင်နေဆဲပင်။
"ဟားဟား... ဟူခွန်း၊ ကောင်းကင်ကြီးကတောင် မင်းကို မကြည့်ချင်တော့ဘူး ထင်တယ် အမြန် လစ်တော့"
ဟု ကျန်းယီက အားရပါးရ လှောင်လိုက်သည်။
ဟူခွန်းသည် မိုဟန်ကျီကို ရန်မမူမီ ကျန်းယီကိုသာ အရင်ဆုံး ရန်တွေ့တော့သည်။
“မင်း သေချင်နေတာလား"
ဟု အော်ဟစ်ကာ ကိုယ်ထိလက်ရောက် ကျူးလွန်ရန် ပြင်ဆင်နေတော့သည်။
ဆိုင်ဝန်ထမ်းများက တားဆီးရန် ကြိုးစားသော်လည်း ဟူခွန်း၏ လူများက လမ်းပိတ်ထားလိုက်ကြသည်။
အခန်း (၄၂၂) ရွံရှာဖွယ်ရာများ
ကျန်းယီသည် တစ်ဖက်လူ၏ မောက်မာလွန်းလှသော အမူအရာကို အမုန်းဆုံးပင် ဖြစ်သည်။
သူကိုယ်တိုင်မှာလည်း တစ်ခါတစ်ရံ အလိုလိုက်ခံထားရသော သခင်လေးတစ်ဦးကဲ့သို့ ဆိုးနွဲ့တတ်သော်လည်း ဟူခွန်းနှင့် ယှဉ်လိုက်လျှင်မူ ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလှပေသည်။
"ငါကတော့ အသက်ရာကျော်ရှည်မှာ သေချာတယ်၊ မင်းကတော့ အဲဒီလောက် နေရပါ့မလား မသိဘူးနော်"
ကျန်းယီက မေးစေ့ကို အသာပင့်ကာ ဆိုလိုက် သည်။
ထိုစဉ် ဆိုင်တံခါးဝဆီမှ ဒေါသတကြီး ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာသောအခါ သူ၏ မျက်ဝန်းများမှာ စိတ်ဝင်စားစရာ တစ်ခုခုကို တွေ့လိုက်ရသကဲ့သို့ တောက်ပသွားတော့သည်။
"ဟူခွန်း... မင်း ဘာတွေ ရူးကြောင်ကြောင် လုပ်နေတာလဲ”
မင်ယွဲ့သည် ဘေးနားရှိ အမျိုးသားဖြစ်သူ ဖုန်းကို အသာအယာ ပြန်သိမ်းလိုက်သည်ကို သတိထားမိလိုက်သည်။
သူသည် မိမိ၏ လုပ်ဆောင်ချက်ကို လျှို့ဝှက်ထားကာ အောင်မြင်မှုကို အေးဆေးစွာ ခံစားနေသည့် ပုံစံမျိုးပင်။
‘ဟောင်တဲ့ခွေးက လူမကိုက်ဘူး' ဟူသော စကားပုံကို သူမ ရုတ်တရက် သတိရသွားကာ ပြုံးမိသွားသည်။
အကယ်၍ မိုဟန်ကျီသာ သူမ ဘာတွေးနေသည်ကို သိသွားပါက မည်သို့ ခံစားရမည်နည်း။ ခွေးလေးဆိုလျှင်ပင် သူမ၏ 'ဝံပုလွေခွေးလေး' သာ ဖြစ်ပေလိမ့်မည်။
"ဖေဖေ... ဖေဖေက ဒီကို ဘယ်လိုဖြစ်ပြီး..."
ဟူခွန်းသည် ဘီလူးတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ တုန်လှုပ်ချောက်ချားသွားကာ စကားများပင် ထစ်ကုန်တော့သည်။
"ရှင်ပဲ သူ့အဖေကို ခေါ်လိုက်တာလား"
ဟု မင်ယွဲ့က မိုဟန်ကျီ၏ လက်မောင်းကို အသာတို့ကာ တိုးတိုးလေး မေးလိုက်သည်။
မိုဟန်ကျီက သူမ၏ လက်ကလေးကို သူ၏ လက်ဖဝါးကြီးကြီးထဲတွင် ထည့်ကာ အသာအယာ ဆုပ်ကိုင်ထားလိုက်သည်။
"သူ့အဖေက အခုတလော ရှင်းယောင်းနဲ့ လက်တွဲဖို့ ကြိုးစားနေတာလေ ဒီနေ့လည်း ကုမ္ပဏီကို လာတွေ့သေးတယ်၊ ဒါပေမဲ့ ကိုယ်က ငြင်းလိုက်တာ"
မိုဟန်ကျီသည် ဟူမိသားစု၏ လုပ်ကိုင်ပုံများကို သဘောမကျပေ။
သူတို့သည် စီးပွားရေး အောင်မြင်နေသော်လည်း ကိုယ်ကျင့်တရားပိုင်းတွင် အားနည်းချက်များ ရှိနေကြသည်။
ထိုသို့သော မိသားစုမျိုးနှင့် လက်တွဲခြင်းမှာ ရေရှည်တွင် ဘေးထွက်ဆိုးကျိုးများ ရှိနိုင်သည်ဟု သူ တွေးထားခြင်း ဖြစ်သည်။
အမှန်စင်စစ်တွင်မူ သားအဖနှစ်ဦးစလုံး ယနေ့ ဤနေရာသို့ ရောက်နေခြင်းမှာ တိုက်ဆိုင်မှုဟု ဆိုနိုင်သော်လည်း မိုဟန်ကျီက ၎င်းကို အခွင့်ကောင်းယူကာ ဖန်တီးလိုက်ခြင်း ဖြစ်သည်။
သူသည် လက်ထောက်လင်းအား ဟူဥက္ကဋ္ဌကို ဤဆိုင်သို့ ခေါ်ဆောင်လာရန် ညွှန်ကြားခဲ့ခြင်းပင်။
"မင်း ငါ့အလုပ်တွေကို မဖျက်စီးစမ်းနဲ့၊ ဒီနေ့ ငါ့မှာ အရေးကြီးတဲ့ ကိစ္စရှိတယ်"
ဟူဥက္ကဋ္ဌသည် သားဖြစ်သူအား အေးစက်စွာ သတိပေးလိုက်သည်။
သူသည် မိုဟန်ကျီနှင့် တွေ့ဆုံခွင့်ရရန် အသည်းအသန် ကြိုးစားနေသူ ဖြစ်ရာ ယခုကဲ့သို့ အခွင့်အရေး ရလာချိန်တွင် သားဖြစ်သူ၏ ရိုင်းစိုင်းမှုများက အနှောင့်အယှက် ဖြစ်မည်ကို စိုးရိမ်နေခြင်း ဖြစ်သည်။
သူသည် ကျန်းယီကို မြင်လိုက်သည့်အခါ မျက်မှောင်ကြုတ်သွားသည်။
ကျန်းမိသားစု၏ သခင်လေးမှာ ငွေဖြင့် ဖြေရှင်း၍ရသော လူစားမျိုး မဟုတ်ကြောင်း သူ သိထားသည်။
"ရှောင်ယီ... ဟူခွန်းက ကလေးဆိုတော့ ဘာမှနားမလည်လို့ပါ ဦးလေးက သူ့ကို အခုပဲ ပြန်လွှတ်လိုက်ပါ့မယ်၊ စိတ်ထဲမထားပါနဲ့နော်"
ဟု ဟူဥက္ကဋ္ဌက မျက်နှာချိုသွေးကာ ဆိုသည်။
"သူ့ကို ကျွန်တော့်ကို တောင်းပန်ခိုင်းလိုက်ပါ"
ဟု ကျန်းယီက ခပ်ပြတ်ပြတ် ဆိုသည်။
သူသည် အကြောင်းမဲ့ အနိုင်ကျင့်ခံရမည့် လူစားမျိုး မဟုတ်ပေ။
"မင်း အိပ်မက်မက်နေတာလား! ဘယ်တော့မှ မဖြစ်နိုင်ဘူး”
ဟု ဟူခွန်းက အော်ဟစ်လိုက်ပြန်သည်။
"ပါးစပ်ပိတ်စမ်း”
ဟု ဆိုကာ ဟူဥက္ကဋ္ဌက သားဖြစ်သူ၏ ကျောကို ဖြတ်ခနဲ ရိုက်ချလိုက်သည်။
"ရှောင်ယီ... ဦးလေးက မင်းရဲ့ လူကြီးတစ်
ယောက်ပဲလေ၊ မျက်နှာလေးတော့ ထောက်ပါဦး"
ကျန်းယီက မေးစေ့ကို ပင့်ကာ တစ်ဖက်လူအား အထက်စီးမှ ကြည့်လိုက်ပြီးနောက်—
“ဦးလေးရဲ့ မျက်နှာကို ကြည့်ဦး၊ ပြီးရင် ကျွန်တော့်မျက်နှာကို ကြည့် ဘယ်လိုလုပ် ဦးလေးက ကျွန်တော့်ရဲ့ လူကြီး ဖြစ်နိုင်မှာလဲ ပြီးတော့ ကျွန်တော့်ကို 'ရှောင်ယီ' လို့ မခေါ်ပါနဲ့... ရွံဖို့ကောင်းလို့"
ဟု ပြောချလိုက်တော့သည်။
"ခစ်..."
ကျန်းယီ၏ အမူအရာကို ကြည့်ကာ မင်ယွဲ့သည် မနေနိုင်ဘဲ ရယ်မောမိသွားသည်။
ဟူဥက္ကဋ္ဌသည် ဒေါသတကြီးဖြင့် ကြည့်လိုက်ရာ ကျန်းယီ၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေသော မိုဟန်ကျီကို မြင်လိုက်ရသည့်အခါ တစ်ကိုယ်လုံး တုန်တက်သွားတော့သည်။
"ဥက္ကဋ္ဌမို... ဥက္ကဋ္ဌမို”
သူသည် ထိတ်လန့်တုန်လှုပ်သွားကာ အခြေအနေမှာ ဆိုးရွားနေပြီဖြစ်ကြောင်း သိလိုက်ရသည်။
မိမိ၏ သားဖြစ်သူ ပြဿနာတက်နေသည့် လူမှာ ဥက္ကဋ္ဌမိုနှင့် ဆက်စပ်နေသူ ဖြစ်လိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ။
"လက်တွဲဖို့ ကိစ္စကို ထပ်ပြောနေစရာ မလိုတော့ဘူး ထင်တယ်"
မိုဟန်ကျီသည် မင်ယွဲ့၏လက်ကို ဆွဲကာ ထရပ်လိုက်သည်။
ကျန်းယီကလည်း နောက်မှ လိုက်ပါလာရင်း ဟူခွန်းအား လှောင်ပြောင်သော အကြည့်ဖြင့် ကြည့်ကာ ထွက်ခွာသွားတော့သည်။
မိုဟန်ကျီ၏ ကျောပြင်ကြီးကို ကြည့်ရင်း ကျန်းယီသည် အားကျစိတ်များ ဖြစ်ပေါ်လာသည်။
"လက်တွဲစရာ မလိုတော့ဘူး"
ဟူသော စကားတစ်ခွန်းတည်းဖြင့် ရန်သူတော်ကို အပြတ်အသတ် အနိုင်ယူနိုင်စွမ်းမှာ အလွန်ပင် ခန့်ညားလှပေသည်။
ကိုယ်ပိုင်အရည်အချင်းနှင့် အာဏာရှိခြင်း၏ အရေးပါပုံကို သူ ပထမဆုံးအကြိမ် လေးလေးနက်နက် ခံစားမိသွားတော့သည်။
"နေဦး... ကျွန်တော့်ကို စောင့်ကြဦးလေ”
သူသည် ရှေ့မှ ထွက်ခွာသွားသော နှစ်ဦးသားနောက်သို့ အပြေးလိုက်သွားခဲ့သည်။
"မင်း ကုမ္ပဏီကိုပဲ ပြန်တော့၊ တို့တွေ ညနေကျရင် လုပ်စရာရှိသေးတယ်"
ဟု မိုဟန်ကျီက တားမြစ်လိုက်သည်။
ကျန်းယီသည် သက်ပြင်းတစ်ချက်ချကာ လက်နှစ်ဖက်ကို ဘောင်းဘီအိတ်ထဲ ထည့်လျက် ကုမ္ပဏီဘက်သို့ ပြန်လည် ထွက်ခွာခဲ့တော့သည်။