အခန်း (၄၃၅-၄၃၆)
Vol. 44 Ch. 435-436
အခန်း (၄၃၅) သူ့ထက် သာလွန်သူ
"ညည်းတို့ကတော့ မြန်လွန်းနေပြီ မဖြစ်သေးဘူး၊ ငါ ကန့်သတ်ချက်လေးတစ်ခု ထပ်တိုးရမယ်"
ရွာသားများမှာ ဆုကြေးစာအိတ်များကို အလွယ်တကူ ရရှိနေကြသည်ကို မြင်သောအခါ ရွာလူကြီးက ဂိမ်း၏ ခက်ခဲမှုကို မြှင့်တင် လိုက်တော့သည်။
"ဒီနေ့ နွေဦးပွဲတော် မင်္ဂလာစာတန်းတွေ ရေးကြတာဆိုတော့ ညည်းတို့ရဲ့ စာတန်းတွေဟာ ဒီပွဲတော်နဲ့ပဲ သက်ဆိုင်ရမယ် ရေးသမျှ စာတန်းတွေကိုတော့ ကျွမ်းကျင်သူတစ်ယောက်က စနစ်တကျ ပြန်ကူးရေးပေးပြီး အိမ်ထောင်စုတိုင်းကို တိုက်ရိုက် ဝေပေးသွားမှာ ဖြစ်တယ်"
ရွာလူကြီး၏ စကားကို မည်သူမျှ မငြင်းဆန်ကြပေ။
ထို့ကြောင့် မင်ယွဲ့သည် ရွာသားများ ရွတ်ဆိုသမျှ စာတန်းများကို စက္ကူအနီပေါ်တွင် လက်ရေးလှလှဖြင့် ပြန်လည်ကူးရေးပေးရသည့် တာဝန်ခံ ဖြစ်လာခဲ့သည်။
မနက်ဖြန် နံနက်တွင်လည်း ဆုကြေးစာအိတ်များကို ဆက်လက် ဝေငှပေးဦးမည် ဖြစ်သည်။
"ယွဲ့လေး... ဒါ ညည်းရဲ့ လက်ရေးလား”
သက်ကြီးရွယ်အို တစ်ဦးသည် စာတန်းကို ရွတ်ဆိုအပြီး ဆုကြေးစာအိတ် ယူရန် ပြင်စဉ်တွင် မင်ယွဲ့ ကူးရေးနေသည်ကို မြင်ကာ အံ့အားသင့်သွားခြင်း ဖြစ်သည်။
ထိုမင်္ဂလာစာတန်းပေါ်ရှိ လက်ရေးမှာ စာပေအနုပညာမြောက်လှသည့် လက်ရာတစ်ခုပင်။
သူသည် စုတ်တံအရေးအသားနှင့် ပတ်သက်၍ အတွေ့အကြုံရှိသူဖြစ်ပြီး ပတ်ဝန်းကျင်ဒေသတွင်လည်း သူ၏ လက်ရေးမှာ ကျော်ကြားလှသည်။
မင်ယွဲ့က စာရေးခြင်းကို ခေတ္တရပ်ကာ မော့ကြည့်လိုက်သည်။ ထိုအခါမှ အဘိုးအိုသည် မိမိမေးခွန်းမှာ အပိုဖြစ်နေမှန်း သိလိုက် တော့သည်။ သူမကိုယ်တိုင် ရှေ့မှာ တင်ရေးနေသည်ကို မြင်နေရသည် မဟုတ်ပါလား။
"ဒါ တကယ့်ကို ပြောင်မြောက်လွန်းလှတယ်”
ဟု သူက မချီးမွမ်းဘဲ မနေနိုင်တော့ပေ။
"အဘိုးရဲ့ လက်ရေးကလည်း အရမ်းလှပါတယ် ရှင်”
မင်ယွဲ့က ပြန်လည် ချီးကျူးလိုက်သည်။
သူမ မူလတန်းကျောင်းသူဘဝက နှစ်သစ်ကူး မတိုင်မီ အဘိုးအို၏ ခြံထဲတွင် စက္ကူအနီများ ဖြန့်ခင်းကာ စာတန်းများ ရေးသားပုံ၊ မင်ခြောက်စေရန် ကျောက်ခဲများဖြင့် ဖိထားပုံတို့ကို စိတ်ဝင်တစား ကြည့်ခဲ့ရသည်ကို ပြန်လည်ပြောပြမိသည်။
ထိုစဉ်က သူမသည် လက်ရေးအလှပညာကို နားမလည်သေးသော်လည်း သူမ၏ စိတ်ထဲတွင် 'လှပသည်' ဟူသော စကားလုံးတစ်လုံးတည်းဖြင့်ပင် ပြည့်စုံနေခဲ့သည်။
ယခုအခါ မင်ယွဲ့၏ လက်ရေးပညာမှာ အဘိုးအိုထက် သာလွန်နေပြီ ဖြစ်သော်လည်း ငယ်ဘဝကို ပြန်တွေးမိတိုင်း သူမ၏ ရင်ထဲ၌ လေးစားမှုများ ရှိနေဆဲပင်။
အချိန်တွေ ကုန်လွန်သွားခဲ့ပြီးနောက် ယခုအခါ သူမကိုယ်တိုင်လည်း သူတစ်ပါး အားကျရသည့် အဆင့်တစ်ခုသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
သူမကို ဝိုင်းရံကြည့်ရှုနေသော ကလေးငယ်များ၏ တောက်ပသည့် မျက်ဝန်းများကို ကြည့်ရင်း မင်ယွဲ့သည် မိမိကိုယ်ကိုယ် ဂုဏ်ယူခြင်းထက်၊ သူတစ်ပါးအတွက် စံပြပုဂ္ဂိုလ်တစ်ဦး ဖြစ်လာနိုင်ခြင်းအပေါ် ကြည်နူးပီတိ ဖြစ်နေမိသည်။
"ငါလည်း အိုပါပြီ၊ လူငယ်တွေကို မမီတော့ပါဘူး”
ဟု အဘိုးအိုက အားငယ်သလို ပြောရှာသည်။
"တစ်သက်လုံး စာရေးလာခဲ့တာတောင် လူငယ်တစ်ယောက်ကို မယှဉ်နိုင်ဘူးဆိုတော့ စိတ်မကောင်းဖြစ်မိသား"
မိမိထက် တော်သူ အမြဲရှိနေနိုင်သည်ကို သူ သိထားသော်လည်း၊ ဤပတ်ဝန်းကျင်တွင် လက်ရေးလှသူအဖြစ် လေးစားခံရသည့် ခံစားချက်ကို သူ နှစ်သက်နေခဲ့မိသည်။
မင်ယွဲ့၏ လက်ရေးကို မြင်လိုက်ရသောအခါမှ သူသည် အိပ်မက်မှ နိုးထလာခဲ့ရသည်။
ဤရွာကလေးမှ ထွက်ခွာလိုက်လျှင် သူသည် ဘာမှမဟုတ်တော့ဘဲ ပြင်ပလောကတွင် သူ့ထက်သာသည့် ပညာရှင်များစွာ ရှိနေသည်ကို သဘောပေါက်သွားသည်။
"ညည်းက ငယ်သေးတော့ ဉာဏ်လည်းကောင်း၊ လက်လည်း သွက်တာပေါ့”
ထိုသို့ပြောပြီးနောက် အဘိုးအိုသည် တစ်စုံတစ်ခုကို သိမြင်သွားသကဲ့သို့ ပြန်လည် ပြုံးရွှင်သွားသည်။
ပြင်ပလောကတွင် သူ့ထက်တော်သူများ ရှိနေသည်ကို လက်ခံနိုင်လျှင် မိမိရွာမှ လူငယ်လေးတစ်ဦးက သူ့ထက် ပို၍ လှပတင့်တယ် နေသည်ကို အဘယ်ကြောင့် လက်မခံနိုင်ရမည် နည်း။
သူ မရောက်နိုင်သော ကမ္ဘာသစ်ကို ဤလူငယ်များက ဆက်လက် မြင်တွေ့ရပေတော့မည်။ သူ၌ မရှိသော သတ္တိနှင့် စွမ်းဆောင်ရည်ကို မင်ယွဲ့က ပိုင်ဆိုင်ထားသည် မဟုတ်ပါလား။
"အဘိုး... ကျွန်မ ငယ်ငယ်ကတည်းက စာရေးချင်ခဲ့တာဟာ အဘိုးရဲ့ လက်ရေးလှလှလေးတွေကြောင့်ပါ အဘိုးက ကျွန်မအတွက် စံပြပုဂ္ဂိုလ် ပါ"
မင်ယွဲ့၏ စကားကြောင့် အဘိုးအိုသည် စိတ်ပေါ့ပါးသွားကာ ဂိမ်းထဲသို့ ပြန်လည်ဝင်ရောက် ဆင်နွှဲပြီး ဆုကြေးစာအိတ်တစ်ခု ထပ်မံရရှိခဲ့သည်။
မင်ယွဲ့သည် စာတန်းတွဲပေါင်း ဒါဇင်နှင့်ချီ၍ ရေးပေးခဲ့ရသည်။
သူမ ရေးပြီးသည်နှင့် လိုချင်သူများက အလုအယက် ယူသွားကြသည်။ သူတို့သည် လက်ရေးပညာကို နားမလည်ကြသော်လည်း မင်ယွဲ့၏ လက်ရေးဖြင့် ရေးထားသော စာတန်းကို အိမ်ရှေ့တွင် ကပ်ထားခြင်းက လမ်းပေါ်မှ ဝယ်လာသည့် စာတန်းများထက် ပို၍ ကျက်သရေရှိသည်ဟု ယူဆကြသည်။
နောက်ပိုင်းတွင် အခြားသူနှစ်ဦး ထပ်မံကူညီပေးသဖြင့် အလုပ်မှာ ပိုမိုမြန်ဆန်သွားပြီး ရွာအတွက် လိုအပ်သော စာတန်းများအားလုံး အောင်မြင်စွာ ရေးသားပြီးစီးသွားခဲ့သည်။
မင်ယွဲ့သည် ညောင်းညာနေသော လက်ကောက်ဝတ်ကို နှိပ်နယ်ရင်း အောင်မြင်မှု၏ အရသာကို ခံစားနေမိသည်။
ပျော်ရွှင်မှုကို ရှာဖွေနိုင်ခြင်းကလည်း စွမ်းရည် တစ်ခုပင် ဖြစ်သည်။
မကြာမီမှာပင် နှစ်သစ်ကူးအကြိုညသို့ ရောက်ရှိလာခဲ့သည်။
အိမ်တိုင်းသည် ဘိုးဘွားပိုင် နတ်စင်များတွင် ကန်တော့ကြသည်။ လီအောက်ကျေးရွာသည် အမျိုးသမီးများကို နတ်စင်ခန်းအတွင်း ဝင်ခွင့်မပြုသည့် ရှေးရိုးစွဲဝါဒီ မရှိသော်လည်း၊ သမိုင်းကြောင်းအရ အမျိုးသမီး တက်ရောက်မှု နည်းပါးခဲ့သည်။ သို့သော် ယခုနှစ်တွင်မူ မင်ယွဲ့က ခြွင်းချက် ဖြစ်လာခဲ့သည်။
ခန့်ညားထည်ဝါလှသော ကျေးရွာ နတ်စင်ဆောင်သစ်ကြီးမှာ ပတ်ဝန်းကျင်ဒေသတွင် ပြိုင်ဘက်မရှိသော လက်ရာတစ်ခု ဖြစ်သည်။
ရွာသားများ၏ မျက်နှာတွင် ဂုဏ်ယူဝင့်ကြွားမှုများမှာ ဖုံးဖိ၍ မရနိုင်တော့ပေ။ နတ်စင်ဆောင်ရှိ နံရံပေါ်တွင် မင်ယွဲ့၏ အမည်ကို အထင်အရှား တွေ့ရသည်။
'မင်ယွဲ့ - လီအောက်ကျေးရွာ ဇာတိ၊ ယန်ကျင်းတက္ကသိုလ်ကျောင်းသူ ထက်မြက်ဖျတ်လတ်၍ ဂရုဏာတရားနှင့် ပြည့်စုံသူ...'
စသည်ဖြင့် သူမ၏ အကြောင်းကို အနုပညာမြောက်စွာ ထွင်းထု မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။
မင်ယွဲ့သည် စနစ်နှင့် မတွေ့ဆုံမီက မိမိဘဝမှာ သာမန်မျှသာဟု ထင်ခဲ့သော်လည်း၊ နံရံပေါ်ရှိ သူမ၏ ဘဝမှတ်တမ်းကို ဖတ်ကြည့်သောအခါ အံ့ဩသွားရသည်။
သူမ ကိုယ်တိုင်ပင် သတိမထားမိခဲ့သော အချက်များကို အခြားသူများက လေးစားစွာ မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။
စနစ်မရရှိခင်ကပင် သူမသည် ထက်မြက်သည့် ကျောင်းသူတစ်ဦးအဖြစ် လူသိများခဲ့သည်။ ဤမှတ်တမ်းကို ကြည့်ရင်း သူမသည် မိမိကိုယ်ကိုယ် ပြန်လည် ရှာဖွေတွေ့ရှိသွားသည်။
သူမသည် မည်သည့်အခါမျှ ပြောင်းလဲမသွားဘဲ မင်ယွဲ့ အဖြစ်သာ အမြဲ ရှိနေခဲ့ခြင်း ဖြစ်သည်။
ရွာသားများ၏ အမြင်တွင် သူမသည် 'ယုံကြည်မှုရှိသော်လည်း နှိမ့်ချတတ်သူ၊ ကြံ့ခိုင်စွဲမြဲပြီး အလျှော့မပေးတတ်သူ၊ ဖြောင့်မတ်မှန်ကန်၍ ကိုယ်ကျိုးစွန့် အနစ်နာခံသူ' ဖြစ်သည်။
သူမ၏ အမည်မှာ မင်မျိုးနွယ်စု နတ်စင်ဆောင်၏ နံရံပေါ်တွင် ထာဝရ ကမ္ပည်းတင်ခံလိုက်ရပြီ ဖြစ်သလို၊ ဂုဏ်ထူးဆောင်မှတ်တမ်းတွင် ပါဝင်သည့် ပထမဆုံးသော အမျိုးသမီး ဖြစ်လာခဲ့သည်။
မီးရှူးမီးပန်းများ ကောင်းကင်ယံတွင် ပွင့်အံလာပြီး ယမ်းပေါက်သံများက နှစ်သစ်၏ ရောက်ရှိခြင်းကို ကြေညာလိုက်သည်။
လီအောက်ကျေးရွာ၏ အလှအပမှာ မင်ယွဲ့ကြောင့် မူလအလှကို မပျက်စေဘဲ ပိုမို တင့်တယ်လာခဲ့သည်။
ရွာလူကြီးသည်လည်း ယခုနှစ်တွင် ရက်ရက်ရောရော သုံးစွဲထားသဖြင့် ရွာလေးမှာ အလွန်ပင် စည်ကားနေသည်။
လမ်းဘေး သစ်ပင်တိုင်းတွင် မီးအိမ်နီများ ချိတ်ဆွဲထားပြီး၊ ရွာအပြင်ဘက် တံတားတွင်လည်း နှစ်သစ်ကူး ပန်းချီကားများ ကပ်ထားသည်။
ရွာသားများ ရေးထားသော မင်္ဂလာစာတန်းများကိုလည်း သစ်ပင်များတွင် အစီအရီ ချိတ်ဆွဲထားရာ ကျေးလက်အလှနှင့် ရှေးဟောင်းအနုပညာတို့ ပေါင်းစပ်ထားသကဲ့သို့ ခံစားရစေသည်။
မင်ယွဲ့၏ ဦးလေးမိသားစုလည်း ပြန်ရောက်လာပြီး အတူတကွ ထမင်းစားကာ နှစ်သစ်ကူး စာတန်းများ ကပ်ကြသည်။
လူကြီးမိဘများက အောက်ထပ်တွင် နှစ်သစ်ကူး အစီအစဉ်များ ကြည့်ရင်း စကားပြောနေကြသလို၊ လူငယ်များကမူ အပေါ်ထပ်တွင် ပျော် ရွှင်နေကြသည်။
မင်ယွဲ့သည် ဂိမ်းကစားနေသော မောင်ဖြစ်သူနှင့် ညီမဖြစ်သူတို့ကို ကြည့်ရင်း ဖုန်းကိုင်ကာ အပြင်သို့ ခဏ ထွက်လာခဲ့သည်။
ညသန်းခေါင်ယံ အချိန်သို့ ရောက်ရန် နီးကပ်နေပြီ ဖြစ်သည်။ သူမသည် မိုဟန်ကျီ၏ နံပါတ်ကို ခေါ်ဆိုလိုက်သည်။
"နှစ်သစ်မှာ ပျော်ရွှင်ပါစေ ယွဲ့ယွဲ့”
ဟု တစ်ဖက်မှ အရင်ဆုံး နှုတ်ဆက်လိုက်သံကို ကြားရသည်။
"နှစ်သစ်မှာ ပျော်ရွှင်ပါစေရှင်"
"မမ... အောက်ဆင်းရအောင်၊ မီးရှူးမီးပန်းတွေ လွှတ်တော့မယ်"
ဟု မင်ချန်က လာခေါ်သည်။
"နင်တို့ အရင်ဆင်းနှင့်၊ မမ ချက်ချင်း လိုက်လာခဲ့မယ်"
မင်ချန်တို့ ထွက်သွားသောအခါ အခန်းထဲတွင် မင်ယွဲ့တစ်ဦးတည်း ကျန်ရစ်ခဲ့သည်။
"ယွဲ့ယွဲ့... အောက်ဆင်းလာခဲ့ပါ"
ဟု မိုဟန်ကျီက ရုတ်တရက် ဆိုသည်။
မင်ယွဲ့သည် ဝမ်းသာအားရဖြင့် ပြတင်းပေါက်ကို ဖွင့်ကြည့်လိုက်သော်လည်း၊ အိမ်ရှေ့တွင် မည်သူ့ကိုမျှ မတွေ့ရပေ။ သူမသည် မိမိကိုယ်ကိုယ် ပြန်လည် ရယ်မောမိသည်။
သူသည် မိသားစုနှင့်အတူ ပွဲတော်ဆင်နွှဲနေရမည်ဖြစ်ရာ ဤရွာကလေးကို မည်သို့ ရောက်လာနိုင်မည်နည်း။ သူမ၏ ရင်ထဲ၌ အနည်းငယ်တော့ စိတ်ပျက်သွားမိသည်။
"ကျွန်မ အောက်ဆင်းတော့မယ်၊ နောက်မှ ပြန်ပြောကြတာပေါ့"
ဟု ဆိုကာ ဖုန်းချလိုက်သည်။
သို့သော် အောက်ထပ်သို့ ဆင်းသွားသောအခါ စည်ကားနေသော လူအုပ်ကြားတွင် သူမ အလွန် ရင်းနှီးလှသော ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။
မိုဟန်ကျီသည် တစ်စုံတစ်ခုကို အာရုံရသွားသကဲ့သို့ နောက်သို့ လှည့်ကြည့်လိုက်ရာ သူတို့နှစ်ဦး၏ အကြည့်များမှာ ဆုံစည်းသွားကြတော့သည်။
လွမ်းဆွတ်တမ်းတမှုများ ပြည့်နှက်နေသည့် ထိုအကြည့်များမှာ အချိန်အတော်ကြာအောင် ရပ်တန့်နေခဲ့သည်။
"ဟဲ့... မိယွဲ့၊ အကြောင်သား ရပ်မနေနဲ့လေ၊ မြန် မြန် ဆင်းလာခဲ့”
ဟု မင်ယွဲ့အမေက စနောက်လိုက်သည်။
မင်ယွဲ့၏ မျက်နှာလေးမှာ ရှက်သွေးဖြန်းသွားကာ လှေကားမှ အမြန်ဆင်းလာခဲ့သည်။ မိုဟန်ကျီသည် မတ်တတ်ရပ်ကာ သူမ၏ လက်ကလေးကို ဆုပ်ကိုင်ပြီး ဘေးနားတွင် အတူတကွ ထိုင် စေလိုက်တော့သည်။
အခန်း (၄၃၆) ပျော်ရွှင်ဖွယ်နှစ်သစ်ဖြစ်ပါစေ
"ရှင် ဘာလို့ ဒီကို ရောက်နေတာလဲ"
မင်ယွဲ့က လေသံတိုးတိုးဖြင့် မေးလိုက်သည်။
"မင်းကို ကိုယ်တိုင်ကိုယ်ကျ နှစ်သစ်ကူး နှုတ်ခွန်းဆက်ချင်လို့ပေါ့"
မိုဟန်ကျီက ပြုံးလျက် ပြန်ဖြေ၏။
ယန်ကျင်းတွင် ရှိနေစဉ်ကပင် မင်ယွဲ့၏ ပုံရိပ်မှာ သူ၏ အာရုံတွင် အမြဲစွဲထင်နေခဲ့ပြီး သူမကို တွေ့ဆုံရန် အစဉ်တစိုက် တမ်းတနေခဲ့ခြင်း ဖြစ်သည်။
ဖုန်းပြောရုံ၊ ဗီဒီယိုခေါ်ရုံဖြင့် သူ၏ လွမ်းဆွတ်မှုများကို မဖြေဖျောက်နိုင်ပေ။ သူမ၏ အနီးအနားတွင် ရှိနေခြင်း၊ စိတ်ဝိညာဉ်ချင်း ထိတွေ့ဆက်နွှဲခြင်းကို သူ အလိုရှိခဲ့သည်။
ယောက္ခမလောင်းဖြစ်သူ မင်ယွဲ့အမေ၏ မျက်ဝန်းထဲတွင်မူ မိုဟန်ကျီမှာ ကြည့်လေ ကြည့်ကောင်းလေ ဖြစ်နေတော့သည်။
ခရီးဝေးမှ မိမိသမီးလေးထံ အရောက်လာသော သူ၏ စိတ်ရင်းကို မြင်ရသဖြင့် သူမသည် ဤသားမက်လောင်းအပေါ် ပိုမို စိတ်ချယုံကြည်သွားမိသည်။
"ဒါက ကျွန်မရဲ့ ဝမ်းကွဲအစ်ကိုပါ"
ဟု မင်ယွဲ့က မိတ်ဆက်ပေးလိုက်သည်။
"မင်္ဂလာပါ အစ်ကို"
မိုဟန်ကျီက မင်ယုံကို ပြုံး၍ နှုတ်ဆက်လိုက်ရာ သူ၏ ရင့်ကျက်တည်ငြိမ်သော အမူအရာမှာ အထင်အရှားပင်။
မင်ယုံသည် မင်ယွဲ့၏ ချစ်သူကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်သည်။
သူ၏ ညီမလေး မင်မင်းထံမှ မိုဟန်ကျီ၏ အဆင့်အတန်းမှာ အလွန်မြင့်မားကြောင်း ကြားဖူးနားဝ ရှိသော်လည်း၊ လူချင်းတွေ့လိုက်ရချိန်တွင် ခံစားရသည့် ရှိန်စက်စက် အရှိန်အဝါမှာ ပြောစကားများထက် ပို၍ ပြင်းထန်လှသည်။
ဟိုတယ်တွင် အလုပ်လုပ်စဉ်က လူအမျိုးမျိုးကို တွေ့ဖူးခဲ့သော်လည်း ယခုကဲ့သို့ အေးစက်တည်ငြိမ်ပြီး ထက်မြက်လှသည့် ဂုဏ်သရေရှိ ပုံရိပ်မျိုးကိုမူ သူ တစ်ခါမျှ မကြုံဖူးပေ။
မိုဟန်ကျီသည် မောက်မာခြင်း မရှိသော်လည်း လူတိုင်းနှင့် မရင်းနှီးနိုင်သော အကွာအဝေးတစ်ခုကို ဖန်တီးထားသကဲ့သို့ ရှိသည်။
သို့သော် သူသည် မင်ယွဲ့၏ စကားကို နားထောင်ရန် ကိုယ်ကိုအသာကိုင်းလိုက်ချိန် တွင်မူ သူ၏ မျက်ဝန်းထဲမှ နူးညံ့လှသော အချစ် ရိပ်များကို ဖုံးကွယ်၍ မရနိုင်တော့ပေ။
စစ်မှန်သော မေတ္တာတရားသည် နှိုင်းယှဉ်ကြည့်မှသာလျှင် ပို၍ ထင်ရှားလာသည် မဟုတ်ပါလား။
မင်ယုံသည်လည်း မင်ယွဲ့အတွက် ဝမ်းသာမိသည်။
လီအောက်ကျေးရွာ၏ ကျဉ်းမြောင်းသော ဘောင်အတွင်း၌ မင်ယွဲ့ မနေနိုင်သည်ကို သူ သိထားသည်။
သူမသည် ပိုမိုမြင့်မားသော ကောင်းကင်ယံသို့ ပျံသန်းရမည့်သူ ဖြစ်သည်။
မင်မိသားစုဝင် အားလုံးသည် ဧည့်ခန်းအတွင်း၌ စုံစုံလင်လင် ရှိနေကြသည်။
ထို့နောက်တွင် ကလေးများ အနှစ်သက်ဆုံး အစီအစဉ်ဖြစ်သည့် မုန့်ဖိုးပေးပွဲ စတင် တော့သည်။
"ကဲ... မုန့်ဖိုးပေးရမယ့် အချိန်ရောက်ပြီ"
အဖိုးဖြစ်သူက ပြင်ဆင်ထားသော စာအိတ်အနီများကို ထုတ်လိုက်ပြီး ပထမဆုံးအဖြစ် ဦးလေးဖြစ်သူ၏ လက်ထဲမှ ထန်ထန်လေးအတွက် စာအိတ်ကို အရင်ပေးလိုက်သည်။
ထို့နောက် မင်ချန်နှင့် မင်ကျောက်တို့ကလည်း အစဉ်လိုက် လက်ခံကြသည်။
"ဒါကတော့ မင်မင်းနဲ့ ယွဲ့ယွဲ့အတွက် ညည်းတို့က ကျောင်းတက်နေတုန်းဆိုတော့ လူကြီးတွေ ပေးတာကို ယူရမယ်"
သူတို့တွင် ငွေကြေး ချမ်းသာနေပြီ ဖြစ်သော်လည်း လူကြီးများ၏ စေတနာကို ပြုံးရွှင်စွာဖြင့် လက်ခံလိုက်ကြသည်။
"ဒါကတော့ မင်ယုံနဲ့ ဟန်ကျီအတွက် မင်းတို့ကလည်း ငါ့မြေးတွေပဲဆိုတော့ နှစ်သစ်ကူး မုန့်ဖိုးပေးရမှာပေါ့"
မိုဟန်ကျီသည် ညနေမှ ရောက်လာခြင်း ဖြစ်သော်လည်း အဖိုးဖြစ်သူက သူ့အတွက်ပါ သီးသန့် ပြင်ဆင်ပေးထားခြင်း ဖြစ်သည်။
"ကျေးဇူးတင်ပါတယ် အဖိုး"
မိုဟန်ကျီက ရိုသေစွာဖြင့် လှမ်းယူလိုက်သည်။
မင်ယွဲ့သည်လည်း သူမ ပြင်ဆင်ထားသော စာအိတ်များကို ထုတ်လိုက်သည်။
"အဖိုးနဲ့ အဖွား... ဒါက သမီးရဲ့ ကန်တော့ခြင်းပါ”
သူမသည် မိဘများနှင့် ဦးလေးတို့အတွက် မပြင်ဆင်သော်လည်း အဖိုးအဖွားများအတွက်မူ အထူးစီစဉ်ထားခြင်း ဖြစ်သည်။
"အလို... ကလေးရယ်၊ မြေးက လူကြီးကို မုန့်ဖိုးပေးတယ်လို့ မရှိပါဘူး ညည်း ငါတို့အတွက် အများကြီး သုံးထားပြီးပြီပဲ၊ ပြန်ယူလိုက်ပါ"
အဖွားဖြစ်သူက ငြင်းဆန်နေသော်လည်း မင်ယွဲ့က အတင်းပင် အိတ်ထဲသို့ ထည့်ပေးလိုက်သည်။
"အဖွားရယ်... မြေးတွေ ကြီးကုန်ပြီလေ အဖွားတို့ အနားယူပြီး သာသာယာယာ နေရမယ့်အချိန် ရောက်ပါပြီ"
မိုဟန်ကျီမှာမူ အနည်းငယ် အနေရခက်သွားသည်။
သူသည် အလွန်အမင်း အလျင်စလို လာခဲ့ရသဖြင့် ငွေစက္ကူများ အလုံအလောက် ပါမလာခဲ့ပေ။
သို့သော် သူသည် တည်ငြိမ်စွာဖြင့်ပင် သူ၏ ချက်လက်မှတ်စာအုပ်ကို ထုတ်ကာ ဂဏန်းများကို အလျင်အမြန် ရေးသားပြီး မင်ချန်နှင့် မင်ကျောက်တို့ကို ပေးလိုက်သည်။
"မမ... အစ်ကိုက ကျွန်တော့်ကို ယွမ် ၆၀,၀၀၀ ပေးတယ်”
မင်ချန်သည် သူ၏ ညီမလေး ချမ်းသာလာပြီးနောက်ပိုင်း မိမိကိုယ်ကိုယ် တောသားတစ်ဦးကဲ့သို့ ခံစားလာရကာ ချက်လက်မှတ်ပေါ်မှ သုညများကို ထပ်ခါတပ်ခါ ရေတွက်နေမိသည်။
မင်ကျောက်မှာမူ အံ့ဩလွန်း၍ စကားပင် မပြောနိုင်တော့ပေ။ သူဌေးကြီးများ၏ ပုံစံအတိုင်း ချက်လက်မှတ်များကို အေးအေးလူလူ ပေးလိုက်သည့် မိုဟန်ကျီ၏ ပုံစံမှာ အလွန်ပင် ခန့်ညားလှသည်။
မင်ယွဲ့က ပြုံးလျက် ကြည့်နေစဉ်မှာပင် မိုဟန်ကျီက ဖုန်းကို ထုတ်လိုက်သည်။
မင်ယွဲ့၏ ဖုန်းထဲသို့ ယွမ် ၅.၂ သန်း ဝင်ရောက်လာသည့် အကြောင်းကြားစာ ရောက်ရှိလာခြင်း ဖြစ်သည်။
"တခြားသူတွေ ရသလိုမျိုး မင်းလည်း ရရမယ်”
ဟု (WeChat) မှ မက်ဆေ့ခ်ျ ပေးပို့လာသည်။ မင်ယွဲ့၏ အပြုံးမှာ ပိုမိုကျယ်ပြန့်သွားတော့သည်။
"ဟန်ကျီရာ... သူတို့က ကလေးတွေပဲ ရှိသေးတာ၊ ဒါက များလွန်းပါတယ်"
ဟု ဦးလေးဖြစ်သူက အားနာတကြီး ဆိုလာသည်။
သူသည်လည်း ဆင်းရဲတွင်းမှ ရုန်းကန်လာရသူဖြစ်ရာ ငွေသောင်းချီကို တစ်ခါတည်း ပေးပစ်လိုက်ခြင်းမှာ သူ၏ အမြင်တွင် အလွန် များပြားလှသည်။
"ယူထားလိုက်ကြပါစေ ဒါက ကျွန်တော် သူတို့ရဲ့ အစ်ကိုတစ်ယောက်အနေနဲ့ ပထမဆုံး နှစ်သစ်ကူးမှာ ပေးတဲ့ အမှတ်တရလေးပါ"
ဟု မိုဟန်ကျီက အေးအေးဆေးဆေးပင် ဆိုလိုက်သည်။
သူသည် ဦးလေးဖြစ်သူ၏ သမီးငယ်လေးအတွက်ပါ နောက်ထပ် ချက်လက်မှတ်တစ်ခု ထပ်မံပေးအပ်ခဲ့ရာ စုစုပေါင်း ယွမ် ၁၂၀,၀၀၀ ခန့်မှာ ခဏချင်းအတွင်း ဝေငှပြီးသား ဖြစ်သွားတော့သည်။
နှစ်သစ်ကူးအကြိုည၏ မီးရှူးမီးပန်းများ ကောင်းကင်ယံတွင် ပွင့်အံလာချိန်၌ မင်ယွဲ့နှင့် မိုဟန်ကျီတို့သည် တစ်ဦး၏လက်ကို တစ်ဦး တင်းကြပ်စွာ ဆုပ်ကိုင်ထားကြသည်။
သူတို့သည် ခြံဝင်းအတွင်း၌ လှပသော မီးရှူးမီးပန်းများကို ကြည့်ရင်း နှစ်သစ်ကို အတူတကွ ကြိုဆိုခဲ့ကြသည်။
နောက်တစ်နေ့ နံနက်တွင် မင်ယွဲ့ နိုးလာသောအခါ ဖုန်းထဲ၌ ဆုတောင်းစကားများစွာ ရောက်ရှိနေသည်ကို တွေ့ရသည်။
အပြင်ဘက်တွင်မူ ယမ်းပေါက်သံများကြောင့် အိပ်၍ မရတော့ပေ။ သူမ အောက်ထပ်သို့ ဆင်းလာသောအခါ မိုဟန်ကျီသည် သူမ၏ မိဘများနှင့် စကားပြောနေသည်ကို တွေ့ရသည်။
"ယွဲ့ယွဲ့... လာလေ၊ ထမင်းစားရအောင်"
မိုဟန်ကျီသည် ကျေးလက်ဒေသ၏ နှစ်သစ်ကူး အငွေ့အသက်ကို ပထမဆုံးအကြိမ် ခံစားနေရခြင်း ဖြစ်သည်။
နတ်စင်ဆောင်သို့ သွားရောက် ကန်တော့ကြသည့် ရွာသားများ၏ စည်ကားမှုကို ကြည့်ရင်း ဤသည်မှာ လူတိုင်း၏ အမြစ်တွယ်ရာ ဇာတိမြေဖြစ်ကြောင်း သူ သဘောပေါက်လာသည်။
ထမင်းစားပြီးနောက် မင်ယွဲ့က မိုဟန်ကျီကို အပေါ်ထပ်သို့ ခေါ်သွားကာ သူမ ပြင်ဆင်ထားပေးသော အဝတ်အစားသစ်များကို ဝတ်ဆင် စေသည်။
"နှစ်သစ်ကူးရဲ့ ပထမဆုံးနေ့မှာ အဝတ်သစ် ဝတ်ရတယ်လေ ရှင် ကြိုက်တာ ရွေးဝတ်ပါ"
မိုဟန်ကျီသည် မင်ယွဲ့ ရွေးချယ်ပေးထားသော အနက်ရောင် ကုတ်အင်္ကျီနှင့် ဝိုင်နီရောင် ပုဝါလေးကို ဝတ်ဆင်လိုက်သောအခါ အလွန်ပင် ခန့်ညားသွားတော့သည်။
"နောင်ဆိုရင် အမှောင်ရောင်တွေချည်းပဲ မဝတ်ပါနဲ့ အခုလို အရောင်တောက်တောက်လေးတွေက ရှင့်နဲ့ သိပ်လိုက်တာပဲ"
၎င်းနောက် သူတို့ သုံးဦးသည် ရွာထဲသို့ လှည့်လည်ကာ အမျိုးအဆွေများကို နှုတ်ဆက်ကြသည်။
မင်ယွဲ့က မိုဟန်ကျီ၏ လက်ကို တင်းတင်းဆုပ်ကိုင်ထားပြီး ရွာသားများနှင့် မိတ်ဆက်ပေးနေ၏။ ရွာသားများမှာလည်း မင်ယွဲ့၏ ချစ်သူမှာ အလွန်ခန့်ညားကြောင်း တစ်ခဲနက် ချီးကျူးနေကြသည်။
မိုဟန်ကျီသည် ဒေသန္တရစကားများကို ကောင်းကောင်း နားမလည်သော်လည်း လူတိုင်း၏ စိတ်ရင်းမှန်သည့် အပြုံးများကို မြင်ရသောအခါ ရင်ထဲ၌ နွေးထွေးမှုကို ခံစားရသည်။
သူတို့သည် ဆွေမျိုးများထံ သွားရောက် နှုတ်ဆက်ပြီးနောက် မင်ယွဲ့၏ အိမ်သို့ ပြန်လာခဲ့ကြသည်။
ဧည့်ခန်းအတွင်း၌ လေအေးပေးစက်ကြောင့် နွေးထွေးနေသဖြင့် အားလုံးမှာ စိတ်လက်ပေါ့ပါးစွာဖြင့် နှစ်သစ်ကူး၏ ပျော်ရွှင်စရာ အခိုက်အတန့်များကို ဖြတ်သန်းနေကြတော့သည်။