← Chapters

အခန်း (၄၃၇-၄၃၈)

Vol. 44 Ch. 437-438

အခန်း (၄၃၇-၄၃၈)

Vol. 44 Ch. 437-438

အခန်း (၄၃၇) စွန့်ကြဲပေးကမ်းခြင်း

မင်ယွဲ့၏ နေအိမ်မှာ အခြားသူများနှင့်မတူဘဲ ဗဟိုလေအေးပေးစက်စနစ် တပ်ဆင်ထားရာ၊ စက်နှိုးလိုက်သည်နှင့် တစ်အိမ်လုံးရှိ ယူနစ်များအားလုံး တစ်ပြိုင်နက် အလုပ်လုပ်ကြသဖြင့် အခန်းတွင်း အပူချိန်မှာ လျင်မြန်စွာပင် နွေးထွေးလာတော့သည်။

"ဝမ်းကွဲမောင်လေး... ဖဲကစားကြမလား"

တရုတ်နှစ်သစ်ကူး၏ မရှိမဖြစ် ဓလေ့တစ်ခုဖြစ်သည့်အတိုင်း မင်ကျောက်သည် ဖဲထုပ် တစ်ထုပ်ကို ကိုင်ဆောင်ကာ ရောက်ရှိလာသည်။

မကြာမီမှာပင် လူကြီးများလည်း ရောက်ရှိလာကြပြီး တစ်မိသားစုလုံး စုံစုံလင်လင်ဖြင့် စည်ကားသိုက်မြိုက်သွားတော့သည်။

မင်ယွဲ့တို့အိမ်တွင် မာဂျောင်စက်တစ်လုံး ရှိနေသော်လည်း ပုံမှန်အားဖြင့် စားပွဲအဖြစ်သာ အသုံးပြုလေ့ရှိသည်။

ယခုမူ ထိုစက်ကလေးမှာ အသုံးတည့်သွားရပြီ ဖြစ်သည်။ မင်ယွဲ့၏ဖခင်၊ ဦးလေးနှင့် ဒေါ်လေးတို့မှာ ကစားဖော်တစ်ဦး လိုအပ်နေသဖြင့် မင်ယွဲ့အမေကိုပါ ဝိုင်းထဲသို့ ဆွဲခေါ်လိုက်ကြသည်။

"ကျွန်မက သိပ်မကျွမ်းဘူးရှင်"

မင်ယွဲ့အမေက တွေဝေနေမိသည်။

သူမသည် စည်းမျဉ်းများကို သိထားသော်လည်း အနိုင်အရှုံးအတွက် သိပ်ပြီး အားမသန်သလို၊ ဤကဲ့သို့သော ကစားနည်းမျိုးတွင်လည်း ဉာဏ် ကစားနိုင်စွမ်း အားနည်းလှသည်။

"မိသားစုချင်း ကစားတာပဲဥစ္စာ၊ ဘာမှမဖြစ်ပါဘူး... ရပါတယ်"

ဟု ဒေါ်လေးဖြစ်သူက ဆိုကာ သူမကို ထိုင်ခုံပေါ်သို့ အတင်းဖိသိပ်၍ ထိုင်ခိုင်းလိုက်ပြီးနောက် သူတို့လေးဦးမှာ ပွဲစတင်လိုက်ကြတော့သည်။

မာဂျောင်စက်မှ အံစာတုံးများနှင့် အကွက်များ မွှေနှောက်နေသည့် အသံမှာ ဧည့်ခန်းအတွင်း ပဲ့တင်ထပ်သွားပြီး၊ အခြားတစ်ဖက်တွင်မူ မောင်နှမတစ်သိုက် ဖဲကစားရန် ပြင်ဆင်နေကြသည်။

"လူသုံးယောက် 'တိုးတီကျူး' ကစားမယ်၊ ဘယ်သူပါဦးမလဲ"

မင်ကျောက်က ဖဲထုပ်အသစ်ကို ဖောက်လိုက်ပြီး ကျွမ်းကျင်စွာပင် မွှေနှောက်လိုက်သည်။

မိသားစုသုံးစုမှ တစ်ဦးစီ ပါဝင်လျှင်ပင် လုံလောက်နေပြီဖြစ်ရာ၊ မင်ချန်က မကစားသဖြင့် မင်မင်းက ဝင်ရောက်ကစားသည်။

"ရှင် သူတို့နဲ့ ကစားမလို့လား"

မင်ယွဲ့က မိုဟန်ကျီ၏ ခါးကို တံတောင်နှင့် အသာတို့ကာ လေသံတိုးတိုးဖြင့် မေးလိုက်သည်။

အဝတ်အစားပေါ်မှတစ်ဆင့် သူမ၏ လက်ချောင်းလေးများက တိုးဝှေ့လာသဖြင့် မိုဟန်ကျီမှာ ခါးလေးယားကျိကျိ ဖြစ်သွားကာ ထိုကလူလိုသော လက်ကလေးကို အသာအယာ ဆုပ်ကိုင်လိုက် သည်။

"ကောင်းပြီလေ"

ပထမဆုံးအချီမှာပင် မိုဟန်ကျီက 'မြေရှင်' ရာထူးကို တောင်းဆိုလိုက်သည်။

မင်မင်းနှင့် မင်ကျောက်တို့မှာ မယှဉ်နိုင်ကြပေ။ သုံးချီဆက်တိုက် မိုဟန်ကျီသည် ဖဲချပ်ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ မြေရှင်ရာထူးကိုသာ ယူပြီး သူ၏ ကျွမ်းကျင်မှုနှင့် ကံတရားတို့ ပေါင်းစပ်ကာ သုံးချီစလုံး အနိုင်ရရှိခဲ့သည်။

မင်ကျောက်မှာမူ သူမ၏ နှစ်သစ်ကူးမုန့်ဖိုးလေးများကို နှမြောတသစွာဖြင့် ထိုးပေးနေရသော်လည်း၊ မနေ့က အစ်ကိုလောင်းပေးခဲ့သည့် ယွမ် ၆၀,၀၀၀ ကို ပြန်တွေးမိပြီး ချက်ချင်းပင် မျက်နှာပြန်ပွင့်သွားသည်။

မိသားစုချင်း ကစားခြင်းဖြစ်သဖြင့် 'ဘေးမှကြည့်သူ စကားမပြောရ' ဟူသော စည်းကမ်းမှာ မတည်မြဲပေ။

မင်ချန်သည် မင်မင်း၏ ဘေးမှနေ၍ ဆရာကြီးလုပ်နေတော့သည်။

"ဒီဖဲချပ်ကို ဘာလို့ ကပ်ထားတာလဲ၊ နံပါတ် ၂ ကတ်ကို သားဖောက်မလို့လား အောက်မှာ ဘာတွေထွက်ကုန်ပြီလဲ မကြည့်ဘူးလား"

မင်မင်းသည် ချက်ချင်းသဘောပေါက်သွားကာ ဖဲချပ်ကို ခွဲထုတ်ပြီး နံပါတ် ၂ ကို ချလိုက်သည်။ နောက်ဆုံးတွင် မင်မင်း နိုင်သွားသဖြင့် မင်ချန်ကပါ စိတ်ကျေနပ်သွားရသည်။

"ဒီလောက် ဖဲချပ်အခြေအနေ ဆိုးနေတာကို ဘာလို့ မြေရှင်လုပ်တာလဲ"

မင်ယွဲ့က မိုဟန်ကျီ၏ လက်ထဲမှ ဟိုတစ်စ ဒီတစ်စ ပြန့်ကျဲနေသော ဖဲချပ်များကို ကြည့်ကာ ရယ်မောမိသည်။

ဤမျှ ဖဲညံ့နေပါလျက် သူက မြေရှင်ရာထူးကို မလွှတ်တမ်း ယူနေဆဲပင်။

"မြေရှင်တစ်ယောက်ရဲ့ ခံစားချက်ကို သိချင်လို့ပါ"

ဟု သူက ဆိုသည်။

နောက်ဆုံးတွင် မြေရှင်ကြီး မိုဟန်ကျီမှာ အရှုံးကြီး ရှုံးနိမ့်သွားတော့သည်။

"ကိုယ့်ပိုက်ဆံတွေ ကုန်အောင်လုပ်ပြီး ညည်းက ရယ်နေသေးတယ်ပေါ့"

မိုဟန်ကျီက မင်ယွဲ့၏ ပါးပြင်လေးကို အသာအယာ ဆွဲဖဲ့လိုက်သည်။

သူ ရှုံးသွားသည်ကို စိုးစဉ်းမျှ ဂရုမစိုက်ဘဲ မင်ယွဲ့၏ ပျော်ရွှင်မှုကိုသာ အလေးထားနေခြင်း ဖြစ်သည်။

"ဒါ ရှင့်ပိုက်ဆံလေ၊ ရှင့်မောင်နှမတွေဆီ ရောက်သွားတာပဲဟာ၊ ကျွန်မက ဘာလို့ စိတ်မကောင်းဖြစ်ရမှာလဲ"

မင်ယွဲ့က ဆိုကာ သူရှုံးသည့်ငွေများကို သူမကိုယ်တိုင် ထုတ်ပေးလိုက်သည်။

မင်မင်းနှင့် မင်ကျောက်တို့မှာ ပျော်မဆုံး ဖြစ်နေကြပြီး၊ ယနေ့တော့ ဤသိုးကြီးကို သေချာပေါက် အမွှေးနှုတ်မည်ဟု ကြံစည်နေကြတော့သည်။

"ကိုယ့်ဆီမှာရှိသမျှ အရာအားလုံးက မင်းပိုက်ဆံတွေပဲပေါ့"

ဟု မိုဟန်ကျီက ဆိုလိုက်ရာ မင်မင်းက

"ဟွန်း... နှစ်သစ်ကူးကြီးမှာ လာပြီး ချွဲမနေနဲ့၊ လူပျိုကြီး အပျိုကြီးတွေကို အားနာဦး"

ဟု စနောက်လိုက်တော့သည်။

အမှန်စင်စစ် မင်ယွဲ့ သတိထားမိသည်မှာ မိုဟန်ကျီသည် နောက်ပိုင်းအချီများတွင် တမင်တကာ လျှော့ပေးနေခြင်း ဖြစ်သည်။

မဟုတ်ပါက သူသည် ဤမျှ အရှုံးကြီး ရှုံးလိမ့်မည် မဟုတ်ပေ။ မကြာမီမှာပင် လူကြီးများပွဲလည်း ပြီးဆုံးသွားသည်။

မင်ယွဲ့အဖေ ရှုံးသမျှကို အမေဖြစ်သူက ပြန်နိုင်လိုက်သဖြင့် အခြေအနေမှာ ဟန်ချက်ညီသွားသည်။

သက်ကြီးရွယ်အို အဖိုးနှင့် အဖွားတို့မှာ တီဗီကြည့်ရင်း မြေးများ ကစားနေကြသည်ကို ကြည့်ကာ ပီတိဖြစ်နေကြသည်။

လူကြီးလူငယ် သုံးဆက်စလုံး တစ်အိမ်တည်းတွင် ဆုံစည်းနေရသည့် ဤစည်ကားမှုမှာ သူတို့အတွက် အကြီးမားဆုံးသော ပျော်ရွှင်မှုပင်။

ထမင်းစားချိန် ရောက်သောအခါ လူဦးရေ များပြားလှသဖြင့် မင်ယွဲ့အမေက အားလုံးကို ဧည့်မခံနိုင်ခြင်းအတွက် အားနာနေမိသည်။

မင်ယွဲ့သည် မီးဖိုချောင်ထဲသို့ဝင်ကာ သူမ၏ အမေကို ကူညီပေးလိုက်သည်။ မိုဟန်ကျီမှာမူ ဤနေရာတွင် နှစ်သစ်ကူးရခြင်းကြောင့် သူ တစ်ခါမျှ မကြားဖူးသော ဓလေ့ထုံးတမ်းများကို လေ့လာခွင့်ရသဖြင့် အလွန်ပင် စိတ်ဝင်စားနေမိသည်။

ထမင်းစားပြီးနောက် မိုဟန်ကျီသည် သူ၏ မိသားစုထံ ဖုန်းဆက်လိုက်သည်။

"ဟန်ကျီ... ဟိုမှာ အဆင်ပြေရဲ့လား"

ဟု မိခင်ဖြစ်သူက စိုးရိမ်တကြီး မေးသည်။

"အဆင်ပြေပါတယ် အမေ နှစ်သစ်မှာ ပျော်ရွှင်ပါစေဗျာ"

သူ၏ သားဖြစ်သူထံမှ ထိုကဲ့သို့ နူးညံ့လှသော အသံကို ကြားလိုက်ရသဖြင့် မိုအမေမှာ မိမိနားကိုပင် မယုံနိုင်အောင် ဖြစ်သွားရသည်။

သူမသည် မင်ယွဲ့၏ မိသားစုကိုလည်း နှုတ်ခွန်းဆက်စကား ပါးလိုက်သေးသည်။

"နောက်နှစ်ရက်နေရင် ကျွန်တော် ပြန်လာခဲ့ပါ့မယ်"

"ငါတို့က နင့်ကို သိပ်လွမ်းနေတာ မဟုတ်ပါဘူး မင်ယွဲ့ ပြန်လာမှပဲ အတူတူ ပြန်လာခဲ့ကြ"

ဟု မိခင်ဖြစ်သူက ဆိုသည်။

မိုမိသားစုသည် ခေတ်မီပြီး ပွင့်လင်းသော မိသားစုဖြစ်ရာ၊ သားဖြစ်သူက ချစ်သူ၏ အိမ်တွင် နှစ်သစ်ကူးနေခြင်းကို လုံးဝ အပြစ်မမြင်ကြပေ။

မင်ယွဲ့သည် မိုဟန်ကျီ၏ မိခင်က သူမအပေါ် ထားရှိသော သဘောထားကြီးမှုကို သိလိုက်ရသောအခါ အံ့ဩဝမ်းသာ ဖြစ်သွားရသည်။

ယန်ကျင်းရှိ အထက်တန်းလွှာ မိသားစုကြီးတစ်ခုဖြစ်သော်လည်း ဤမျှ ပွင့်လင်းမြင်သာမှု ရှိလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။

ထို့ကြောင့် သူမသည် မိဘများနှင့် တိုင်ပင်ကာ နှစ်သစ်ကူး ၅ ရက်မြောက်နေ့တွင် ယန်ကျင်းသို့ ပြန်ရန် ဆုံးဖြတ်လိုက်သည်။

"ဟန်ကျီ ဒီမှာရှိနေတာဆိုတော့ သူ့ကို တစ်ယောက်တည်း ပြန်မလွှတ်သင့်ဘူး ညည်းလည်း လိုက်သွားလိုက်ပါ"

ဟု မင်ယွဲ့အမေက နားလည်မှုရှိစွာ ဆိုသည်။

"တခြားမိသားစုတွေ တစ်နှစ်ပတ်လုံး အိမ်မပြန် နိုင်ကြပေမယ့်၊ ညည်းကတော့ လတိုင်း အိမ် ပြန်လာနိုင်တာပဲလေ ဟန်ကျီကလည်း ညည်းအပေါ် အရမ်းကောင်းတာဆိုတော့ ငါတို့ စိတ်ချပါတယ်"

ဟု အဖေဖြစ်သူကလည်း ထောက်ခံလိုက်သည်။

ထို့ကြောင့် နှစ်သစ်ကူး၏ ပျော်ရွှင်မှုများ မကုန်ဆုံးမီမှာပင် မင်ယွဲ့သည် မိုဟန်ကျီနှင့်အတူ ယန်ကျင်းသို့ ပြန်ရန်နှင့် မိုမိသားစုနှင့်အတူ အချိန်အချို့ ကုန်ဆုံးရန် စီစဉ်လိုက်တော့သည်။

အခန်း (၄၃၈) အလည်အပတ်ခရီး

နှစ်သစ်ကူး ဒုတိယရက်သို့ ရောက်ရှိလာသောအခါ မင်ယွဲ့တို့မိသားစုသည် ဓလေ့ထုံးတမ်းအရ အမေဘက်မှ အမျိုးများရှိရာ အဘွားအိမ်သို့ သွားရောက်ရန် ပြင်ဆင်ကြသည်။

မိုဟန်ကျီသည်လည်း ဝတ်ကောင်းစားလှများ ဝတ်ဆင်ကာ အဆင်သင့် စောင့်ဆိုင်းနေခဲ့ပြီ ဖြစ်သည်။ မင်ယွဲ့ဖခင် ကိုယ်တိုင် ကားမောင်း၍ မကြာမီမှာပင် အဘွားအိမ်သို့ ရောက်ရှိလာကြတော့သည်။

အဘွားဖြစ်သူနှင့် အမျိုးအဆွေများမှာ အိမ်ရှေ့တွင် ကြိုတင်စောင့်ဆိုင်းနေကြပြီး ဧည့်သည်များကို နွေးထွေးစွာ ကြိုဆိုကြသည်။

"ရောက်လာကြပြီပဲ၊ ကဲ... အထဲကို အမြန်ဝင်ကြ"

ဒေါ်လေးဖြစ်သူက ရှေ့သို့တိုးကာ မင်ယွဲ့၏လက်ကို ဆုပ်ကိုင်လိုက်ပြီး၊ သူမ၏နောက်မှ ကပ်လျက်ပါလာသော မိုဟန်ကျီကိုလည်း ပြုံး၍ နှုတ်ဆက်သည်။

"ဝမ်းကွဲအစ်ကို... အစ်မ"

မင်ယွဲ့က တစ်ဦးချင်းစီကို နှုတ်ဆက်ရာ မိုဟန်ကျီကလည်း သူမ၏ ဘေးမှနေ၍ ယဉ်ကျေးပျူငှာစွာ လိုက်လံနှုတ်ဆက်သည်။

ပထမဆုံးအကြိမ် ရောက်ရှိလာသော မိုဟန်ကျီသည် လူတိုင်း၏ အာရုံစိုက်မှုကို ခံနေရတော့သည်။

"ယွဲ့ယွဲ့... နင့်ချစ်သူက တကယ့်ကို ခန့်ညားတာပဲ"

ဟု ဝမ်းကွဲအစ်မဖြစ်သူက မင်ယွဲ့ကို မျက်စိတစ်ဖက် မှိတ်ပြရင်း စနောက်လိုက်သည်။

မင်ယွဲ့သည် ဝမ်းကွဲအစ်မ လက်ထပ်စဉ်က တန်ဖိုးကြီး လက်ကိုင်အိတ်များအပါအဝင် လက်ဆောင်များစွာ ပေးခဲ့ဖူးသဖြင့် သူတို့နှစ်ဦး မှာ အလွန်ပင် ရင်းနှီးကြသည်။

"ကျွန်မကရော မလှဘူးလား"

ဟု မင်ယွဲ့က သူမ၏ ပါးပြင်လေးကို ထိကာ မျက်မှောင်ကြုတ်၍ မေးလိုက်ရာ ဝမ်းကွဲအစ်မမှာ

“လှတာပေါ့... ညည်းက အလှဆုံးပါအေ"

ဟု ဆိုကာ အားရပါးရ ရယ်မောတော့သည်။

မင်ယွဲ့၏ ဦးလေးသုံးဦးမှာမူ ဧည့်ခန်းတွင် ခန့်ညားစွာ ထိုင်နေကြပြီး၊ မိုဟန်ကျီအား အလုပ်အင်တာဗျူး တစ်ခုကဲ့သို့ စစ်ဆေးမေးမြန်းရန် ပြင်နေကြသည်။

မိုဟန်ကျီသည် အခြားသူများကိုသာ အင်တာဗျူး စစ်ဆေးလေ့ရှိသော်လည်း ယခုမူ မိမိကိုယ်တိုင် အမေးခံနေရသည့် အခြေအနေသစ်ကို ကြုံတွေ့နေရသည်။

သို့သော် သူသည် တည်ငြိမ်ရင့်ကျက်စွာဖြင့်ပင် ဦးလေးများ၏ မေးခွန်းများကို ရိုသေလေးစားစွာ ဖြေကြားပေးခဲ့ရာ လူကြီးများအားလုံး သူ၏အပေါ် အလွန်ပင် ကျေနပ်သွားကြတော့သည်။

ညနေ ၃ နာရီခန့်တွင် အိမ်ပြန်ရန် ပြင်ဆင်ကြစဉ် မင်ယွဲ့က သူမ၏ အဘိုးနှင့် အဘွားအား ဆုကြေးစာအိတ်ကြီးများ ကန်တော့လိုက်သည်။

"ဒါက မြေးရဲ့ ကန်တော့ခြင်းမို့ လက်ခံပေးပါဦးရှင်"

တစ်နှစ်ပတ်လုံး မိဘနှင့် ဆွေမျိုးများကို မပြုစုနိုင်သဖြင့် ငွေကြေးအားဖြင့်သာ သူမ၏ သိတတ်မှုကို ပြသနိုင်ခြင်း ဖြစ်သည်။

"ကလေးရယ်... ငါတို့မှာ ငွေတွေ အလုံအလောက် ရှိပါတယ်"

အဘိုးအဘွားများက ငြင်းဆန်သော်လည်း မင်ယွဲ့က အတင်းပင် လက်ထဲသို့ ထည့်ပေးခဲ့ပြီး မိုဟန်ကျီကို ဆွဲကာ ကားပေါ်သို့ အမြန်တက်၍ ထွက်ခွာခဲ့တော့သည်။

"ဒီကလေးမကတော့... လက်အင်အားကလည်း သန်လိုက်တာ"

ဟု အဘွားဖြစ်သူက သူမ၏ လက်ကောက်ဝတ်လေးကို ပွတ်ရင်း ဆိုရှာသည်။

အိမ်ထဲသို့ ရောက်၍ စာအိတ်ကို ဖွင့်ကြည့်လိုက်သောအခါ တစ်အိတ်လျှင် ယွမ် ၁၀,၀၀၀ စီ ပါဝင်နေသည်ကို တွေ့ရသည်။

လတ်လတ်ဆတ်ဆတ် ထုတ်ယူထားသော ငွေစက္ကူအသစ်စက်စက် အထပ်လိုက်ကြီးကို ကြည့်ရင်း အဘွားဖြစ်သူက

“ဒီလောက်အများကြီး... ပြန်ပေးသင့်သလား မသိဘူး"

ဟု စိုးရိမ်တကြီး မေးသည်။

မြေးမလေး၏ သိတတ်မှုကို ရင်ထဲ၌ နွေးထွေးနေသော်လည်း ယွမ် ၂၀,၀၀၀ ဟူသည်မှာ သူတို့အတွက် များပြားလွန်းလှသည်။

"ကလေးတွေ ပေးတာပဲ ယူထားလိုက်ပါ"

ဟု အဘိုးဖြစ်သူက ဆိုသည်။

မြေးမလေး ချမ်းသာကြွယ်ဝလာပြီး မိမိတို့အပေါ် စေတနာထားသည်ကို လက်ခံပေးခြင်းကပင် သူတို့အား စိတ်အေးစေခြင်း ဖြစ်သည်။

အဘွားဖြစ်သူသည် သူမ လက်ထပ်စဉ်က ရရှိခဲ့သော ရှေးဟောင်း သေတ္တာနီလေးထဲတွင် ထိုငွေများကို အထပ်ထပ် ထုပ်ပိုးကာ အမြတ်တနိုး သိမ်းဆည်းလိုက်တော့သည်။

နံနက်ခင်းတွင် မင်ယွဲ့ နိုးလာသောအခါ အောက်ထပ်မှ စကားသံများကို ကြားရသည်။ မိုဟန်ကျီသည် စောစီးစွာ နိုးနေပြီး မင်ယွဲ့အတွက် မုန့်နှင့် ကြက်ဥပြုတ်များကို အဆင်သင့် ပြင်ဆင်ပေးထားခဲ့သည်။

"ယွဲ့ယွဲ့... နင့်ချစ်သူက တကယ့်ကို ဂရုစိုက် တတ်တာပဲ"

ဟု ဒေါ်လေးဖြစ်သူက ပြုံးလျက် ချီးကျူးသည်။

"ဒါက ကျွန်တော့်ရဲ့ တာဝန်ပါ"

ဟု မိုဟန်ကျီက ဆိုကာ မင်ယွဲ့အတွက် ကြက်ဥကို အခွံနွှာပေးနေပြန်သည်။

နောက်ရက်များတွင် မိုဟန်ကျီသည် မင်ယွဲ့၏ အိမ်၌ စည်ကားလှသော နှစ်သစ်ကူး ရက် မြတ်များကို ဖြတ်သန်းခဲ့ရသည်။

အမျိုးများထံ လက်ဆောင်သွားပေးလိုက်၊ ဧည့်သည်များကို ဧည့်ခံလိုက်ဖြင့် အလုပ်ရှုပ်နေရသည်။

အထူးသဖြင့် မြို့ပြမှ ရောက်လာသော ဤသားမက်လောင်းမှာ ဒေသခံများ၏ အာရုံစိုက်မှုကို အထူးရရှိနေပြီး၊ မိုဟန်ကျီကလည်း စိတ်ရှည်လက်ရှည်ပင် လူကြီးများ၏ စကားကို နားထောင်ပေးခဲ့သည်။

"ယွဲ့ယွဲ့... ဟန်ကျီကို အပြင်ထွက်ပြီး အပျော်ခရီး လိုက်ပို့လိုက်ပါဦး လူကြီးတွေကြားထဲမှာ သူ အနေရခက်နေမှာပေါ့"

ဟု မင်ယွဲ့အမေက ဆိုလာသည်။

"ဟုတ်ကဲ့... ဒါဆို သမီးတို့ အပြင်ခဏ သွားလိုက်ဦးမယ်"

မင်ယွဲ့က မိုဟန်ကျီကို ဆွဲကာ အိမ်ပြင်သို့ ထွက်လာခဲ့သည်။

"မောင်လေး... ရုပ်ရှင်သွားကြည့်မလား"

ဟု မင်ယွဲ့က အပေါ်ထပ်ရှိ မင်ချန်ကို လှမ်းခေါ်သည်။

သို့သော် ပါးနပ်လှသော မင်ချန်က

“မမတို့ပဲ သွားကြပါ၊ ကျွန်တော် မင်ကျောက်နဲ့ ဂိမ်းကစားဖို့ ချိန်းထားလို့"

ဟု ဆိုကာ ငြင်းဆန်လိုက်သည်။

မိုဟန်ကျီသည် သူတို့နှစ်ဦး၏ သီးသန့်အချိန်ကို မနှောင့်ယှက်လိုသော မောင်ဖြစ်သူ၏ စေတနာကို နားလည်သဖြင့် ကျေးဇူးတင်မိသည်။

နောက်တစ်နေ့ နံနက်တွင် မင်ချန်၏ ဖုန်းထဲသို့ ယွမ် ၅၀,၀၀၀ ဝင်ရောက်လာသည်။ မိုဟန်ကျီက သူ၏ 'ပါးနပ်မှု' အတွက် ဆုချလိုက်ခြင်း ဖြစ်သည်။

"မင်ကျောက်... မြန်မြန်လာခဲ့၊ ငါတော့ သူဌေးကြီး ဖြစ်သွားပြီဟေ့"

ဟု မင်ချန်က ဝမ်းသာအားရဖြင့် ကုန်းအော် တော့သည်။

All Chapters