အခန်း (၄၃၉-၄၄၀)
Vol. 44 Ch. 439-440
အခန်း (၄၃၉) လမ်းကြုံ
မင်ယွဲ့သည် မိုဟန်ကျီကို တားမြစ်ကာ သူမကိုယ်တိုင်ပင် ကားမောင်း၍ ခရိုင်မြို့လေးဆီသို့ ဦးတည်မောင်းနှင်ခဲ့သည်။
မိုဟန်ကျီက မောင်းပေးရန် အကြိမ်ကြိမ် တောင်းဆိုသော်လည်း၊ ဤဒေသမှာ သူမ၏ ဇာတိမြေဖြစ်ပြီး လမ်းကြောင်းကို ပိုမိုကျွမ်းကျင်သည်ဟု အကြောင်းပြကာ သူမကပင် ဂုဏ်ယူစွာဖြင့် ပဲ့ကိုင်ရှင်အဖြစ် တာဝန်ယူလိုက်ခြင်း ဖြစ်သည်။
သူတို့နှစ်ဦး ရွာပြင်သို့ပင် မထွက်ရသေးမီမှာပင် ရွာထိပ်လမ်းဘေး၌ ကားစောင့်နေဟန်တူသော ရွာသားတစ်ဦးကို တွေ့လိုက်ရသည်။
"ဟော... အန်တီဟွာ၊ ဘယ်သွားမလို့လဲဟင်"
မင်ယွဲ့က ကားမှန်ကိုချ၍ ခင်မင်ရင်းနှီးစွာ လှမ်းမေးလိုက်သည်။
"အလို... ယွဲ့ယွဲ့ပါလား ညည်းအစ်မ ကျွမ်းက မနေ့ညကပဲ ကလေးမွေးလိုက်လို့လေ အန်တီလည်း အသည်းအသန် သွားကြည့်မလို့ ကားစောင့်နေတာ"
အဘွားအိုသည် ကားကို မမှတ်မိသော်လည်း မှန်အတွင်းမှ ပြုံးရွှင်နေသော မင်ယွဲ့၏ မျက်နှာလေးကို မြင်သည်နှင့် ဝမ်းသာအားရ ပြန်ဖြေရှာသည်။
သူမ၏ သမီးဖြစ်သူအကြောင်း ပြောရသဖြင့် မျက်နှာမှာလည်း အပြုံးများ ဝေဆာနေတော့သည်။
"ခရိုင်ဆေးရုံမှာလားဟင် လာ... တက်ပါအန်တီ၊ ကျွန်မ လိုက်ပို့ပေးမယ်"
မင်ယွဲ့က ထိုင်ခုံခါးပတ်ကို ဖြုတ်ကာ ဆင်းကူရန် ပြင်လိုက်သော်လည်း၊ မိုဟန်ကျီက သူမထက် အလျင်အမြန်ပင် ကားတံခါးဖွင့်၍ ဆင်းသွားကာ နောက်ဖုံးတံခါးကို ဖွင့်ပေးလိုက်သည်။
"ကျေးဇူးတင်လိုက်တာ ယွဲ့ယွဲ့ရယ် အန်တီ စောင့်နေတာလည်း တော်တော်ကြာပြီ နှစ်သစ်ကူး ရက်ကြီးဆိုတော့ လမ်းပေါ်မှာ ကားကလည်း ရှားသားလား"
အန်တီဟွာသည် အလွန်ပင် ဝမ်းသာသွားကာ သူမ ကိုင်ဆောင်လာသော ကြက်ဥခြင်းတောင်းလေးကို ဂရုတစိုက် ပွေ့ပိုက်ရင်း ကားပေါ်သို့ တက်လိုက်သည်။
မိုဟန်ကျီသည် တံခါးကို အသာအယာ ပြန် ပိတ်ပေးပြီးနောက် ရှေ့ခန်းတွင် ပြန်လည် ထိုင် လိုက်သည်။
ကားလေးသည် လမ်းမပေါ်သို့ ပြန်လည် ရောက်ရှိလာခဲ့သည်။
"အန်တီ... ဘယ်ဆေးရုံလဲဆိုတာ သိလားရှင်"
"သားဖွားနဲ့ ကလေးဆေးရုံက အကောင်းဆုံးပဲလို့ အားလုံးက ပြောကြတာပဲ ယွဲ့ယွဲ့တို့ကရော ဘယ်သွားကြမလို့လဲ အန်တီကြောင့် အလုပ်ရှုပ်သွားဦးမယ် အဆင်မပြေရင် မြို့နယ်ကားဂိတ်မှာပဲ ချပေးခဲ့ပါ၊ အန်တီဘာသာ ဘတ်စ်ကားနဲ့ ဆက်သွားလိုက်ပါ့မယ်"
အန်တီဟွာက အားနာတကြီးဖြင့် ပြောရှာသည်။
"ဘာမှ အလုပ်မရှုပ်ပါဘူး အန်တီရဲ့ ကျွန်မတို့လည်း မြို့ထဲကို သွားမှာပဲဥစ္စာ၊ လမ်းကြုံတာနဲ့ တစ်ခါတည်း ပို့ပေးလိုက်မယ်လေ"
မင်ယွဲ့က အန်တီဟွာကို နှစ်သိမ့်ရင်း မိုဟန်ကျီအား ခိုးကြည့်လိုက်မိသည်။
သူ အနေရခက်နေမည်ကို သူမ စိုးရိမ်မိခြင်း ဖြစ်သည်။ သို့သော် မိုဟန်ကျီက သူမကို နားလည်မှုရှိစွာ ပြုံးပြလိုက်သည်။ သူသည် ဤမျှ သဘောထားကျဉ်းမြောင်းသူ မဟုတ်ပေ။
ကျေးလက်ဒေသ၏ နှစ်သစ်ကူး ဓလေ့တွင် အိမ်နီးချင်းများမှာ တစ်ဦးနှင့်တစ်ဦး ဆွေမျိုးသားချင်းသဖွယ် ရင်းနှီးကြသည်ကို သူ သဘောပေါက်ထားပြီး ဖြစ်သည်။
ထို့ကြောင့် အန်တီဟွာမှာ မင်ယွဲ့အတွက် လူကြီးမိဘတစ်ဦးသဖွယ် ဖြစ်နေသည်ကို သူ နားလည်သည်။
သူ ချစ်မြတ်နိုးရသော မင်ယွဲ့မှာ ဤကဲ့သို့ ဖြူစင်ရိုးသားသော စိတ်ထားရှိသူဖြစ်ခြင်းကပင် သူ ဂုဏ်ယူရသည့် အချက် ဖြစ်သည်။
လမ်းတစ်လျှောက်တွင် အန်တီဟွာက မင်ယွဲ့၏ ငယ်ဘဝ အကြောင်းများကို ရယ်မောဖွယ် ပြောပြနေသဖြင့် မိုဟန်ကျီမှာ သူ မသိသေးသော 'လမင်းငယ်' ၏ ပုံရိပ်များကို စိတ်ဝင်တစား နားထောင်နေမိသည်။
"ယွဲ့ယွဲ့ ငယ်ငယ်ကလေ... သူ့အဘွား သေသွားပြီဆိုပြီး ငါ့အိမ်ကို ငိုယိုပြီး ပြေးလာဖူးသေးတယ် ငါ့မှာဖြင့် လန့်သွားတာပဲ"
သူမ၏ ရှက်စရာ ကောင်းသော ငယ်ဘဝ အမှားများကို ပြန်ကြားရသောအခါ မင်ယွဲ့၏ မျက်နှာလေးမှာ နီမြန်းလာတော့သည်။
သူမသည် စကားကို မကြားချင်ယောင်ဆောင်ကာ ကားစတီယာရင်ကို တင်းတင်းဆုပ်ကိုင်ရင်း ရှေ့သို့သာ တည့်တည့်စိုက်ကြည့်နေမိသည်။
မိုဟန်ကျီကမူ ရှက်ကိုးရှက်ကန်း ဖြစ်နေသော သူမ၏ ခေါင်းလေးကို အသာအယာ ပွတ် သပ်ပေးချင်စိတ် ပေါက်နေတော့သည်။
"အမှန်ကတော့ သူ့အဘွားက ပဲဖတ်တွေစားပြီး အစာဆိပ်သင့်တာပါအေ"
ဟု အန်တီဟွာက ရယ်မောရင်း ဆက်ပြောသည်။
ထိုစဉ်က ရွာသားအားလုံး လန့်သွားခဲ့ရသဖြင့် ယခုတိုင် စနောက်စရာ ဖြစ်နေခြင်း ဖြစ်သည်။
ဆေးရုံသို့ ရောက်ရှိသောအခါ မင်ယွဲ့က ကားပါကင်ထိုးကာ အန်တီဟွာကို ဆေးရုံအတွင်းသို့ လိုက်လံပို့ဆောင်ပေးသည်။
ဆေးရုံကြီးမှာ ကျယ်ဝန်းလှသဖြင့် အန်တီဟွာမှာ မျက်စိလည်ကာ ကြောက်ရွံ့နေရှာသည်။
သူမသည် တုန်ယင်နေသော လက်များဖြင့် ဖုန်းကို ထုတ်ကာ သမီးဖြစ်သူထံ ခေါ်ဆိုလိုက်သည်။ မင်ယွဲ့က အခြေအနေကို ကြည့်ကာ ဖုန်းကို ယူ၍ လူနာဆောင်နှင့် အခန်းနံပါတ်ကို သေချာစွာ မေးမြန်းပေးလိုက်သည်။
မင်ယွဲ့သည် အန်တီဟွာကို ချန်ထားပြီး ချက်ချင်း ထွက်မသွားဘဲ၊ ရွာသူချင်းဖြစ်သည့်အပြင် ငယ်သူငယ်ချင်း ကျွမ်းလေးကိုလည်း တွေ့ဆုံနှုတ်ဆက်လိုသဖြင့် ဆေးရုံအနီးမှ နို့ဆီဘူးများနှင့် အာဟာရဖြည့်စွက်စာများကို ဝယ်ယူကာ လိုက်သွားခဲ့သည်။
"ယွဲ့ယွဲ့ရယ်... ညည်းကို ဒီလောက်အထိ အားနာစရာတွေ လုပ်ခိုင်းမိပြီ"
ဟု အန်တီဟွာက ဆိုသော်လည်း မင်ယွဲ့က
"ငယ်ငယ်က ကျွမ်းမမက ကျွန်မကို တောင်ပေါ်ထိ လိုက်ပို့ပြီး ကစားပေးခဲ့တာပဲဟာ၊ ခုလို လမ်းကြုံတွေ့တုန်း ဝင်တွေ့ရတာပေါ့"
ဟု ပြန်ဖြေလိုက်သည်။
မိုဟန်ကျီသည် လူရှုပ်လှသော ဓာတ်လှေကားအတွင်း၌ မင်ယွဲ့ကို တစ်ဦးတစ်ယောက်မျှ မတိုက်မိစေရန် သူမ၏ ဘေးမှနေ၍ ဂရုတစိုက် ကာကွယ်ပေးထားသည်။
လူနာခန်းထဲသို့ ဝင်လိုက်သောအခါ ကုတင်ပေါ်တွင် ကလေးငယ်ကို နွေးထွေးစွာ ပွေ့ပိုက်ကြည့်ရှုနေသော အမျိုးသမီးကို တွေ့ရသည်။
"အမေ... လာမကြည့်ပါနဲ့ဆိုတာကို သမီး နောက်ရက်ဆို အိမ်ပြန်မှာပဲဟာ"
ဟု ကျွမ်းလေးက ဆိုသော်လည်း မိခင်ဖြစ်သူကို မြင်ရသဖြင့် ဝမ်းသာနေရှာသည်။
"ယွဲ့ယွဲ့ လိုက်ပို့လို့သာပေါ့ အေ၊ မဟုတ်ရင် ညည်းအမေ ဘယ်လိုလာမလဲ လာမယ်ဆိုရင်လည်း ကြိုပြောပါဦးတော့လား၊ ဒါဆိုရင် ဂေါ်ဖိန်ကို လာကြိုခိုင်းမှာပေါ့"
အန်တီဟွာမှာ သမီးဖြစ်သူ၏ ဆူပူမှုကို ခံနေရသော်လည်း မျက်နှာမှာ အပြုံးမပျက်ဘဲ သူမ သယ်ဆောင်လာသော ကြက်ဥများကို ကုတင်ဘေးရှိ စားပွဲပေါ်သို့ အသာအယာ တင် လိုက်တော့သည်။
ဤသည်မှာ မိခင်တစ်ဦး၏ ကြီးမြတ်သော မေတ္တာနှင့် သမီးဖြစ်သူ၏ ဒုက္ခများ ကုန်ဆုံးပြီး ဘဝသစ် စတင်နိုင်ပါစေဟူသော ဆုတောင်းချက်များ ပေါင်းစပ်နေသည့် မြင်ကွင်းလေးပင် ဖြစ်သည်။
အခန်း (၄၄၀) ဧည့်သည်တော်များ
"ညည်း ကိုယ်ဝန်ရှိကတည်းက အန်တီက ကြက်တွေ စမွေးထားတာ အိမ်မှာ မွေးထားတဲ့ ကြက်မကြီး ဆယ်ကောင်ရှိတယ်၊ ညည်း မီးဖွားပြီး အိမ်ပြန်နားတဲ့အခါ အန်တီ အားလုံး သတ်ကျွေးမယ်"
ကျွမ်းလေးသည် မိခင်ဖြစ်သူနှင့် သံယောဇဉ်ပြနေရုံတင်မကဘဲ မင်ယွဲ့ကိုလည်း နွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ရှာသည်။
"ယွဲ့ယွဲ့... မတွေ့တာ ကြာပြီနော်၊ ညည်းတောင် တကယ့်ကို လှပတဲ့ မိန်းမပျိုလေး ဖြစ်နေပြီပဲ"
သူမသည် မင်ယွဲ့ထက် ဆယ်နှစ်ကျော်ကြီးသူ ဖြစ်သဖြင့် မင်ယွဲ့ကို ညီမလေးတစ်ဦးကဲ့သို့ ကြင်နာစွာ ကြည့်နေခြင်း ဖြစ်သည်။
"ကျွမ်းမမ... နေရတာ သက်သာရဲ့လားဟင်"
မင်ယွဲ့က စိုးရိမ်တကြီး မေးမြန်းလိုက်သည်။
မိုဟန်ကျီကမူ သူဝယ်လာသော ပစ္စည်းများကို ကုတင်ဘေးတွင် အသာအယာ ချထားပေးလိုက်၏။
သားဖွားမီးယပ်ဆောင် ဖြစ်သဖြင့် အမျိုးသားတစ်ဦးအနေဖြင့် ဟိုကြည့်သည်ကြည့် လုပ်နေရန် မသင့်တော်ကြောင်း သူသိသည်။
ထို့ကြောင့် ပစ္စည်းများချပြီးနောက် မင်ယွဲ့ကို အသိပေးကာ အခန်းပြင်၌သာ စောင့်ဆိုင်းနေခဲ့သည်။
"အားလုံး အဆင်ပြေပါတယ်အေ၊ ကလေးက နှစ်နာရီအတွင်းမှာတင် လူ့လောကထဲ ရောက်လာတာ၊ လုံးဝကို မဂျီကျဘူး"
ဟု ကျွမ်းလေးက မိခင်မေတ္တာ အပြည့်ဖြင့် ဆိုသည်။
“ဒါနဲ့... အပြင်မှာ စောင့်နေတာ ညည်းရဲ့ ချစ်သူမလား၊ ကြည့်ရတာ တစ်ယောက်နဲ့တစ်ယောက် သိပ်လိုက်ဖက်တာပဲ"
ထိုစဉ် အသံကျယ်ကျယ်နှင့် အမျိုးသားတစ်ဦး အခန်းတံခါးကို တွန်းဖွင့်ကာ ဝင်လာခဲ့သည်။
သူ၏နောက်တွင် မိန်းကလေးငယ်တစ်ဦးလည်း ပါလာရာ ထိုကလေးမှာ ကျွမ်းလေး၏ သမီးဦးလေးပင် ဖြစ်သည်။
"အမေ... ဘာလို့ ဒီထိ ရောက်လာတာလဲ"
ယောက္ခမဖြစ်သူမှာ ခရီးဝေး မသွားတတ်ကြောင်း သိသဖြင့် သူသည် သူမ လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
"ယွဲ့ယွဲ့နဲ့ လိုက်လာတာပါ"
အန်တီဟွာသည် ဤသားမက်ကို သိပ်သဘောမကျပေ။ သူသည် တာဝန်ယူလိုစိတ်နည်းပြီး ဇနီးသည်ကို ကာကွယ်ပေးနိုင်စွမ်း မရှိသူ ဖြစ်သည်။
သို့သော် သမီးဖြစ်သူအပေါ် မကောင်းဆက်ဆံမည်ကို စိုးရိမ်သဖြင့် စိတ်ထဲရှိသမျှကို အပြင်မထုတ်ဘဲ ထိန်းထားရသည်။
"အပြင်မှာ လူတစ်ယောက် ရပ်နေတယ်၊ ဘာလုပ်နေမှန်းလည်း မသိပါဘူး"
ဟု သူက ဆိုကာ အိမ်မှ ယူလာသော ကြက် စွပ်ပြုတ်ကို ခွက်ထဲသို့ လောင်းထည့်လိုက်သည်။
"အဲဒါ ယွဲ့ယွဲ့ရဲ့ ချစ်သူပါ"
"ယွဲ့ယွဲ့ကတော့ ကံကောင်းတာပဲ ဝတ်ထားတာကြည့်ရတာ သူဌေးသားပဲ ဖြစ်ရမယ်"
သူ၏ စကားလုံးများမှာ နားဝင်မချိုလှပေ။
မင်ယွဲ့က ပြန်လည် တုံ့ပြန်ရန် ပြင်လိုက်သော်လည်း သူက စကားလမ်းကြောင်းကို ချက်ချင်း ပြောင်းလိုက်သည်။
"ကဲ... မြန်မြန်သောက်လိုက်၊ ဒါ နို့ထွက်စေမယ့် ဆေးတွေလည်း ပါတယ်လို့ အမေက ပြောလိုက်တယ် ငါ့သားလေး ကျန်းကျန်းမာမာနဲ့ ဝ ဝဖြိုးဖြိုး ဖြစ်ဖို့က မိခင်နို့သောက်မှ ဖြစ်မှာ"
ကလေးမလေးမှာ သူမ၏ မိခင်အနီးသို့ တိုးကပ်လာသော်လည်း ကျွမ်းလေးက
"ရှောင်ဖန်း... မောင့်ကို မနှိုးနဲ့လေ၊ သွား... တစ်ယောက်တည်း သွားဆော့ချေ"
ဟု ဆိုကာ ခေါင်းကို ပွတ်ပေးလိုက်သည်။
မင်ယွဲ့သည် မျက်မှောင်ကြုတ်မိသည်။
ကျွမ်းလေး၏ ခင်ပွန်းဖြစ်သူမှာ အလွန်ပင် ရက်စက်ပြီး အတွေးအခေါ် လွဲမှားနေသူ ဖြစ်သည်။
သူသည် ဇနီးသည်ကို ဂရုမစိုက်ရုံတင်မကဘဲ သမီးကြီးဖြစ်သူကိုလည်း နှိမ်ချဆက်ဆံကာ ယောက္ခမအပေါ်၌လည်း လေးစားမှု ကင်းမဲ့လှသည်။
မကြာမီ ယောက္ခမဖြစ်သူ ရောက်လာပြီး ကလေးအဝတ်အစားများကို လာပေးသည်။
ကျွမ်းလေးသည် ယောက္ခမဖြစ်သူ၏ အပြုအမူကို ကြည့်ကာ စိတ်ထဲ၌ မကျေမနပ် ဖြစ်နေမိသည်။ သားဦးလေး ရလာသဖြင့် အကောင်းဆုံး ပြင်ဆင်ပေးနေသော်လည်း၊ သူမ၏ သမီးဦးလေး မွေးဖွားစဉ်ကမူ တစ်ပါးသူ၏ အဝတ်ဟောင်း စုတ်ပြတ်သတ်များကိုသာ ပေးခဲ့ခြင်း ဖြစ်သည်။
ယောက်ျားကြီးစိုးသည့် ဝါဒမှာ ဤမိသားစုအတွင်း၌ သိသာလွန်းလှသည်။
"ကျွမ်းမမ... ကျွန်မ ပြန်တော့မယ်နော်၊ ဒါက ကလေးအတွက် အမှတ်တရလေးပါ"
မင်ယွဲ့က ကားထဲတွင် ပါလာသော စာအိတ်အနီကို ထုတ်ပေးလိုက်သော်လည်း ကျွမ်းလေးက အားနာစွာဖြင့် ငြင်းဆန်သည်။
သို့သော် ယောက္ခမဖြစ်သူက ချက်ချင်းပင် ရှေ့သို့တိုးကာ စာအိတ်ကို လှမ်းယူလိုက်ပြီး
"ဒါ ကလေးအတွက် ပေးတာပဲဟာ၊ ငြင်းစရာလား"
ဟု ဆိုကာ မင်ယွဲ့ကို ဟန်ဆောင်ပြုံး ပြလိုက် သည်။
မင်ယွဲ့သည် ထိုမိသားစုအတွင်းမှ အခြေအနေများကို မြင်ရသဖြင့် စိတ်မသက်မသာ ဖြစ်သွားသည်။
သူမ အခန်းပြင်သို့ ထွက်လာချိန်တွင် ရှောင်ဖန်းလေးမှာ သူမကို စပ်စုသလို ကြည့်နေသည်ကို တွေ့ရသည်။
မင်ယွဲ့သည် ထိုကလေးငယ်လေးနှင့် မျက်လုံးချင်း ဆုံအောင် ဆောင့်ကြောင့်ထိုင်လိုက်ပြီး
"ဒါက သမီးလေးအတွက် လက်ဆောင်ပါ၊ နေ့တိုင်း ပျော်ရွှင်ပါစေနော်"
ဟု ဆိုကာ စာအိတ်တစ်ခု ထပ်ပေးလိုက်သည်။
သို့သော် သူမ ထွက်သွားသည်နှင့် ထိုစာအိတ်မှာ အလုခံလိုက်ရပြန်သည်။
"မိန်းကလေးတွေက မုန့်ဖိုးမလိုပါဘူး မောင့် အတွက် ဒိုင်ပါဝယ်ရဦးမယ် နင်က အစ်မကြီးဖြစ်နေပြီ၊ မောင့်ကို သေချာ ဂရုစိုက်ရမယ်နော်"
ဟူသော စကားသံများကို မင်ယွဲ့ ကြားလိုက်ရသည်။
ဆေးရုံပြင်ပသို့ ရောက်သောအခါ မင်ယွဲ့၏ စိတ်အခြေအနေမှာ မကောင်းလှပေ။
မိုဟန်ကျီက သူမ၏ လက်ကို ဆုပ်ကိုင်ကာ
"ဘာဖြစ်လို့လဲ၊ ကလေးမွေးရမှာ ကြောက်သွားတာလား"
ဟု စိုးရိမ်တကြီး မေးသည်။
"ကျွန်မ ကလေးမယူချင်ဘူးဆိုရင် ရှင် ဘာလုပ်မလဲ"
ဟု မင်ယွဲ့က ရုတ်တရက် မေးလိုက်သည်။
"မယူချင်ရင် မယူနဲ့ပေါ့ ငါက မျိုးရိုးဆက်ခံဖို့ကို အရေးကြီးတယ်လို့ မယူဆဘူး"
ဟု မိုဟန်ကျီက အေးအေးဆေးဆေးပင် ပြန် ဖြေသည်။
"တကယ်လား... မိုမိသားစုက ဒီလောက် စီးပွားရေးအင်ပါယာကြီး ရှိတာကို"
"ဘာလို့ မယုံရမှာလဲ ငါသေသွားရင် နိုင်ငံတော်ကို လှူပစ်လိုက်ရင်လည်း ရတာပဲလေ ဒါမှမဟုတ် ကလေးတစ်ယောက် မွေးစားလို့လည်း ရတာပဲ လူဆိုတာ တစ်ခါပဲ နေရတာ၊ သေပြီးနောက် ဘာဖြစ်မလဲဆိုတာ ပူနေစရာ မလိုပါဘူး"
မိုဟန်ကျီ၏ စကားကြောင့် မင်ယွဲ့ ရင်ထဲတွင် ပေါ့ပါးသွားရသည်။
သူမသည် တစ်ပါးသူ၏ အလိုကို လိုက်ရန် အတွက် မိမိ၏ ဘဝကို အနစ်နာခံရန် မလိုအပ် ပေ။
နှစ်သစ်ကူး ၅ ရက်မြောက်နေ့တွင် သူတို့နှစ်ဦး ယန်ကျင်းသို့ ပြန်လာခဲ့ကြသည်။
လေဆိပ်တွင် မိုအမေနှင့် မိုယွီတို့က ကြိုတင်စောင့်ဆိုင်းနေကြသည်။ မိုအမေသည် မင်ယွဲ့ကို မြင်သည်နှင့် လှမ်းဖက်ကာ နွေးထွေးစွာ ကြိုဆိုသည်။
မင်ယွဲ့သည် မိုမိသားစု၏ အိမ်ဟောင်းကြီးသို့ လိုက်ပါသွားခဲ့ပြီး ထိုနေရာတွင် အဘွားဖြစ်သူ မို၏ ကြင်နာမှုများကိုလည်း ရရှိခဲ့သည်။
မိုမိသားစု၏ အိမ်ဟောင်းကြီး၌ နေထိုင်ရသည်မှာ မင်ယွဲ့အတွက် အလွန်ပင် သက်သောင့်သက်သာ ရှိလှသည်။
ထိုရက်များအတွင်း မိုမိသားစု၏ ဆွေမျိုးအချို့ လာရောက်လည်ပတ်ကြသည်။ မိုဟန်ကျီ၏ အရှိန်အဝါကြောင့် အဝေးနီး ဆွေမျိုးများမှာ နှစ်သစ်ကူးတိုင်း လာရောက် မျက်နှာပြကြလေ့ရှိသည်။
သူတို့သည် မိုမိသားစုနှင့် ရင်းနှီးကြောင်း ပြသခြင်းဖြင့် ပြင်ပလောကတွင် မျက်နှာပွင့်ရန် ကြိုးစားနေကြခြင်း ဖြစ်သည်။
မင်ယွဲ့သည် ထိုလူများ၏ ဟန်ဆောင်မှုများကို နားလည်သော်လည်း၊ သူမကိုယ်တိုင်ကမူ သူမ၏ ရည်မှန်းချက်ဖြစ်သော အဆင့်မြင့် စာပေနှင့် အနုပညာလောကတွင် ပိုမို တောက်ပရန်အတွက် စွမ်းအင်များကို ပြန်လည် ဖြည့်တင်းနေခဲ့တော့သည်။