← Chapters

ကျွန်တော်က ထင်သလောက် မတော်ပါဘူး

Vol. 9 Ch. 842

ကျွန်တော်က ထင်သလောက် မတော်ပါဘူး

Vol. 9 Ch. 842

ပိုင်ရှောင်ချန်းမှာ တအံ့တသြနှင့် ထိုအမိန့်ပေးဆွဲပြားကို လက်ခံယူလိုက်သည်။ ၎င်းမှာ သူ၏အရေပြားကို ထိသွားသည်နှင့် သူ၏ခန္ဓာကိုယ် ထဲသို့ ကျောချမ်းစေသည့် အေးစက်မှုများ စီးဝင်သွားတော့သည်။ ၎င်းမှာ တန်ဖိုးကြီး ပစ္စည်းတစ်ခုဖြစ်နေမည်မှာ အသေအချာပင်။ ပိုင်ရှောင်ချန်းသည် သေမင်းနွံတော အကြောင်းကို ယခင်ထဲက ကြားဖူးထားသည်။ ၎င်းကို လွင်တီးခေါင်နွံတော ဟုခေါ်သည့် လူအချို့ပင်ရှိသည်။ အကြောင်းမှာ ထိုနေရာကြီးသည် ကောင်းကင်တံတားဒေသနှင့် မြေရိုင်းဒေသအကြားတွင်ရှိပြီး သက်ရှိအရိပ်အယောင် လုံးဝမတွေ့ရသောနေရာကြီး ဖြစ်နေသောကြောင့် ဖြစ်သည်။

သေမင်းနွံတောဆီသို့ သွားနိုင်သည့် နေရာလေးနေရာသာ ရှိပြီး ထိုနေရာအားလုံးမှာ မဟာတံတိုင်းကြီးနားတွင် ရှိနေသည်။ ယခု သူ ပိုင်ဆိုင်ထားပြီဖြစ်သော အမိန့်ပေးဆွဲပြားအသစ်နှင့် ဆိုပါက ထိုအထဲသို့ဝင်ရောက်နိုင်မည်ဖြစ်ပြီး မြေရိုင်းဒေသမှ ထွက်ခွာသွားနိုင်မည်ဖြစ်သည်။ ထို့အပြင် သူ၏ အဏ္ဏဝါခေါ်သံဂိုဏ်းသို့ အပြန်လမ်းကိုလည်း ပို၍ မြန်ဆန်သွားစေမည်ဖြစ်သည်။ သူ၏ မူလအကြံအစည်မှာ မဟာတံတိုင်းကြီးကိုဖြတ်ရန် ဖြစ်ပြီး အဆုံးတွင် ရှင်းကုံကျစ်တာအိုဂိုဏ်းသို့ ပြန်ရန် သင်္ဘောစီးပြီးသွားခြင်း ဖြစ်သည်။

သင်္ချိုင်းစောင့်ကြီးမှာ သူ့အား အလွန်ကောင်းမွန်စွာ ဆက်ဆံနေသည့်အချက်က သူ့ကို စိတ်လှုပ်ရှားသွားစေသည်။ ဤအမိန့်ပေးဆွဲပြားက အတုမဟုတ်သည်မှာတော့ အသေအချာပင်။ သင်္ချိုင်းစောင့်ကြီးသာ သူ့အား ဇီဝိန်ချုပ်လိုပါက ထောင်ချောက်များဆင်နေရန်ပင် လိုအပ်မည်မဟုတ်ပေ။

" ဘိုးဘိုးကြီးက ကျွန်တော့်ရဲ့ အဘိုးအရင်းလိုပါပဲဗျာ။ အဲ.... အဲဒါဆိုလည်း ကျွန်တော်သွားတော့မယ်နော် "

ထိုသို့ဆိုကာ သူသည် ထွက်ခွာရန်ပြင်လိုက်သည်။ မြေရိုင်းဒေသမှာ အန္တရာယ်များသော နေရာတစ်ခုဖြစ်ပြီး လူတိုင်းမှာ ပိုင်ရှောင်ချန်း၏ ဆရာမှာ မည်သူမည်ဝါဖြစ်ကြောင်း သိလိုက်ရ၍ မှင်တက်နေကြပြီဖြစ်သဖြင့် ယခုက ထွက်သွားရန် အကောင်းဆုံးအချိန်ဖြစ်နေသည် မဟုတ်ပါလော။

ကောင်းကင်ဧကရာဇ်၏ သဘောထားကို တွေးမိလိုက်သောအခါ သူသည် ခေတ္တမျှ ရပ်တန့်သွားသည်။ သို့သော် သူသည် ဤ အချင်းအရာအားလုံးကို ခြုံငုံကြည့်လိုက်ပါက အလွန်အရေးမပါသည့်လူတစ်ယောက် ဖြစ်နေသဖြင့် ကောင်းကင်ဧကရာဇ်ကဲ့သို့သော အရေးပါအရာရောက်လှသည့် လူတစ်ယောက်မှာ သူ့အား ဂရုစိုက်နေမည်မဟုတ်ဟု တွေးလိုက်သည်။ ထို့အပြင် သူသည် ကောင်းကင်ဧကရာဇ်ကို အမျက်ထွက်စေမည့် အရာတစ်ခုတစ်လေပင် မလုပ်ခဲ့သည် မဟုတ်ပါလော။

" တိတ်တိတ်လေးပြန်သွားမယ်ဆိုရင် အဆင်ပြေမှာပါ "

သူသည် အနည်းငယ်မျှတွေဝေနေသေးသော်လည်း ယခုတွင်မူ သူ၏သရုပ်အမှန် ပေါ်သွားပြီဖြစ်၍ မြေရိုင်းဒေသမှာ အဏ္ဏဝါခေါ်သံဂိုဏ်းထက် များစွာအန္တရာယ်ရှိနေပြီ ဖြစ်သည်။

သို့သော် သူထိုသို့ဆုံးဖြတ်ချက် ချလိုက်စဥ် သင်္ချိုင်းစောင့်ကြီးမှာ ရုတ်တရက် စကားစပြောလိုက်သည်။ သူသည် လက်နှစ်ဖက်နောက်ပစ်၍ မြေအောက်မြစ်ကမ်းပါးပေါ်တွင် ရပ်နေရင်း မေးလိုက်လေသည်။

" လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက မင်း ငါ့နာမည်ကို အော်ခေါ်ခဲ့တုံးက ငါဘယ်လိုပြန်ဖြေခဲ့လဲဆိုတာကို မင်းမှတ်မိသေးလား "

" ဗျာ "

ပိုင်ရှောင်ချန်းမှာ တုံ့ခနဲရပ်သွားပြီး နောက်လှည့် ကြည့်လိုက်သည်။

" ဒီကမ္ဘာကြီးက အခြေခံအားဖြင့်ဆိုရင် ဗဟိုအရှင်သခင်လို့ အမည်ရတဲ့ ဥသျှောင်ဘုရင်မင်းမြတ်တစ်ပါးထဲမှာ မြှုပ်နှံထားတဲ့ ဧရာမ သင်္ချိုင်းဂူကြီးတစ်ခုပဲ။ ငါကတော့ သူ့သင်္ချိုင်းကို စောင့်ရှောက်နေရတဲ့ သင်္ချိုင်းစောင့်ကြီးပေါ့ " မည်သည့်အကြောင်းကြောင့်တော့မသိ သင်္ချိုင်းစောင့်ကြီးမှာ စကားပြောနေသည်နှင့်အမျှ ပို၍အိုစာလာတော့သည်။

" အဲဒီ ဥသျှောင်ဘုရင် နတ်ရွာစံတော့ သူက ကမ္ဘာတံခါးကို ပိတ်သွားပြီး သူ့ရဲ့ အမွေအနှစ်ပညာရပ်ကို မဟာယနအဆင့်ထိ ကျင့်ကြံထားတဲ့ ကောင်းကင်ဧကရာဇ်တစ်ပါးသာလျှင် အဲဒီတံခါးပေါက်ကို ဖွင့်ဖို့ မှာသွားခဲ့တာ။ အဲဒီမတိုင်ခင်အထိ ဘယ်သူမှ ဒီကမ္ဘာထဲကနေ ထွက်ခွာလို့မရဘူး "

သူသည် ညင်သာသော လေသံဖြင့် ပြောဆိုနေပြီး အတိတ်အကြောင်းကို ပြန်ပြောင်းတွေးတောနေသည့်အလား သူ၏မျက်ဝန်းထဲတွင် ရှေးဆန်သော အလင်းရောင်များ တောက်ပနေသည်။

" သင်္ချိုင်းဂူကြီး ဟုတ်လား "

ပိုင်ရှောင်ချန်းက ပင့်သက်ရှိုက်ပြီး မေးလိုက်သည်။ ဤနှစ်ပေါင်းများစွာအတွင်း သူသည် ဤကမ္ဘာကြီး၏ အစိတ်စိတ်အမြွှာမြွှာ ကွဲနေသော အစိတ်အပိုင်းပေါင်းစုံအကြောင်းကို အနည်းငယ်မျှ လေ့လာသိရှိခဲ့ပါသော်လည်း ယခုမှသာ ဤကဲ့သို့ အသေးစိတ်သောရှင်းလင်းချက်တစ်ခုကို သိခဲ့ရသည်။ သူနေထိုင်ရာ ကမ္ဘာကြီးမှာ သင်္ချိုင်းဂူကြီးတစ်ခု ဖြစ်နေကြောင်း သိလိုက်ရသောကြောင့် မျက်လုံးပြူးသွားရပြီး နှလုံးခုန်နှုန်းများ မြန်လာတော့သည်။

" သူ့မျိုးဆက်တွေက တော်ဝင်မျိုးနွယ်စုတွေ ဖြစ်သွားကြတာပေါ့ "

သင်္ချိုင်းစောင့်ကြီးက ဆက်ပြောလိုက်သည်။

" အဲဒီကနေ ဗဟိုဧကရာဇ်တွေ စဖြစ်လာပြီး ဒီကမ္ဘာကြီးရဲ့ နာမည်အမှန်ကိုလည်း ဗဟိုဧကရာဇ်နယ်မြေလို့ ခေါ်တွင်ခဲ့တာ " သင်္ချိုင်းစောင့်ကြီးမှာ ပိုင်ရှောင်ချန်းကို ကြည့်မနေသဖြင့် ရှေးခေတ်အကြောင်းကို ပြန်ပြောင်းသတိရကာ သူတစ်ယောက်ထဲ စကားပြောနေသည့်ပုံစံ ပေါက်နေသည်။

" မျှော်လင့်မထားတဲ့ မတော်တဆဖြစ်ရပ်တွေသာ ဖြစ်မလာခဲ့ဘူးဆိုရင် ဒီကမ္ဘာကြီးမှာ ဟိုးအရင်ကထဲက နတ်ဘုရားတစ်ပိုင်းအဆင့်ကနေ မဟာယနအဆင့်အထိ အဆင့်တက်သွားနိုင်မဲ့ ဧကရာဇ်တစ်ပါး ပေါ်ထွက်လာပြီးပြီ။ ဒါပေမဲ့လည်း မတော်တဆဖြစ်ရပ်တွေ ပေါ်လာခဲ့တာကွ။ တမူထူးခြားတဲ့ ပါရမီကို ပိုင်ဆိုင်ထားတဲ့ကျင့်ကြံသူတစ်ယောက်က သိုင်းကွက်အသစ်တစ်ခုဖြစ်တဲ့ ကောင်းကင်မှော်အတတ်တစ်ခုကို ဖန်တီးခဲ့တယ်။ သူက သူ့ကိုယ်ပိုင် ကျင်ကြံခြင်းလမ်းစဥ်ကိုဖောက်ခဲ့ပြီး နောက်ဆုံးမှာ ဗဟိုဧကရာဇ်မင်းဆက်ကို ပြိုလဲသွားစေခဲ့တယ် "

ယခုတွင် သင်္ချိုင်းစောင့်ကြီး၏ စကားသံမှာ အလွန်တိုးညင်းနေပါသော်လည်း ထိုတစ်ယောက်သော ကျင့်ကြံသူကို ဖော်ပြရာတွင် သူ၏လေသံထဲတွင် ချီးကျုးမှုများ ပါဝင်နေကြောင်း ပိုင်ရှောင်ချန်းက သတိထားမိပေသည်။ ထိုကျင့်ကြံသူမှာ သင်္ချိုင်းစောင့်ကြီး၏ ချီးကျုးမှုကို ခံရလောက်အောင် အလွန် တမူထူးခြားပြီး အစွမ်းထက်နေမည်မှာ အသေအချာပင်။ ထို့အပြင် ထိုလူမှာ မည်သူမည်ဝါဖြစ်ကြောင်း ပိုင်ရှောင်ချန်းက အတိအကျသိလိုက်ပြီလည်းဖြစ်သည်။

" ငါက အဲဒီကိစ္စတွေကို ဝင်စွက်ဖက်ခွင့် မရှိခဲ့ဘူး။ ငါ ဝင်စွက်ဖက်ခွင့်မရှိတာတွေကတော့ အများကြီးပါပဲ။ ငါကသင်္ချိုင်းစောင့် တစ်ယောက်အဆင့်ပဲ ရှိတာကိုး။ ငါက ဥသျှောင်ဘုရင်ကြီးရဲ့ သင်္ချိုင်းဂူကို စောင့်ရှောက်တယ်၊ အသစ်ပြန်လည်မွေးဖွားခြင်းဆိုတဲ့ စက်ဝန်းကို ထိန်းသိမ်းပေးတယ်။ ပြီးတော့ ကမ္ဘာတံခါးကို ကာကွယ်ပေးတယ်။ ငါပထမဆုံးအကြိမ်အဖြစ် အရေးတယူဆောင်ရွက်မှုတစ်ခုလုပ်ခဲ့တာက တော်ဝင်မျိုးနွယ်စု အကွက်မျက်မခံရစေဖို့နဲ့ ကမ္ဘာကြီးရဲ့ မီးတောက်အမွှေးတိုင်က ဒီမြေရိုင်းဒေသထဲမှာ ဆက်ပြီးလောင်ကျွမ်းနေဖို့ပဲ။ ဒါပေမဲ့ ငါအဲဒီလို ဝင်ပြီးစွက်ဖက်ခဲ့တဲ့အကျိုးဆက်က ငါ့အသက်တစ်ဝက်တိတိ ဖြတ်တောက်ခံလိုက်ရတာပဲ "

" ငါစောစောက ပြောခဲ့တဲ့ ကျင့်ကြံသူက ငါ့ကိုနှစ်ပေါင်းများစွာ လိုက်ရှာနေခဲ့တာ။ သူငါ့ကိုတွေ့တော့ ကမ္ဘာတံခါးကိုဖွင့်ပေးဖို့ တောင်းဆိုခဲ့တယ်။ သူက တရားမဝင်တဲ့အတွက် ငါကငြင်းလိုက်တာပေါ့။ ဒါပေမဲ့ သူ့ရည်မှန်းချက် အထမြောက်ဖို့အတွက် လိုအပ်တဲ့ နည်းလမ်းအစစ်အမှန်ကို ငါသူ့ကို ပြောပြလိုက်တယ် "

" ဒါပေမဲ့ ဗဟိုအရှင်သခင်ရဲ့ အမွေအနှစ်ပညာရပ်က သူနဲ့ မသင့်တော်ဘူးဖြစ်နေတာ။ သူက ထပ်ခါထပ်ခါ ငါ့ဆီရောက်လာပြီး နည်းလမ်းပေါင်းစုံနဲ့ ငါ့ကိုနားချခဲ့တယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ သူက ငါ့ကိုသတ်ပြီးမှ ဒီနေရာကနေ ထွက်သွားနိုင်မယ်လို့ ကောက်ချက်ချလိုက်ပါရော "

" အဲဒီကျင့်ကြံသူက ဘယ်သူလဲဆိုတာ မင်းသိပြီးသားဖြစ်မှာပါ။ သူက ကောင်းကင်ဧကရာဇ်လို့ လူအများသိကြတဲ့ တာအိုကောင်းကင်တံတားပဲ "

ထိုသို့ဆိုလိုက်ပြီး သင်္ချိုင်းစောင့်ကြီးသည် ပိုင်ရှောင်ချန်းအား လှည့်ကြည့်လိုက်သည်။

သင်္ချိုင်းစောင့်ကြီး၏ စကားများကြောင့် ပိုင်ရှောင်ချန်းမှာ အံ့သြမှင်တက်ကာ အတွေးများ ချာချာလည်နေရပြီဖြစ်ပြီး သင်္ချိုင်းစောင့်ကြီး၏ မျက်နှာကိုမြင်လိုက်ရသောအခါ ပိုင်ရှောင်ချန်းမှာ ပို၍ အံ့အားသင့်သွားရတော့သည်။

" ဘိုးဘိုး "

သင်္ချိုင်းစောင့်ကြီးမှာ ယခင်ကထက်ပင် ပို၍အိုစာနေပြီး အုတ်ဂူထဲမှ ထလာသည့်ပုံစံနှင့် တူနေတော့သည်။ သူသည်ယခင်ကနှင့် လုံးဝမတူတော့ပဲ အားအင်ချည့်နဲ့နေသည့် အငွေ့အသက်တစ်ခု သူ့ထံမှ ပေါ်ထွက်နေသည်။

" ငါက အသက်အရမ်းကြီးနေပြီ။ ဒီနေရာမှာ ငါရောက်နေတာ အချိန်အတော်ကြာနေပြီ။ ကြည့်ရတာ ဥသျှောင်ဘုရင် ငါ့ကိုဖန်တီးခဲ့တုံးက ဒီလောက်ထိ အကြာကြီးနေနိုင်အောင် ဖန်တီးခဲ့တာမဟုတ်လောက်ဘူး။ ငါ့ ကံကြမ္မာအစစ်က ကမ္ဘာတံခါးပွင့်တဲ့အချိန်မှာ ပျောက်ကွယ်သွားဖို့ပဲ "

သင်္ချိုင်းစောင့်ကြီးမှာ သူအလွန်အမင်းအိုစာနေသည့်အချင်းအရာကို စိတ်ထဲပင်မထားသည့်ပုံစံပင်။

" ငါ့မှာ အချိန်သိပ်မကျန်တော့လို့ စောစောက ငါ လှုပ်ရှားဖို့ ဆုံးဖြတ်ခဲ့တာ။ ဒါပေမဲ့လည်း တားမြစ်မှော်အတတ်ကိုသုံးခဲ့တာတောင် ငါသူ့ကို မသတ်နိုင်ခဲ့ဘူး "

" အဲဒီလိုသုံးခဲ့လို့ ငါ့သက်တမ်းက ပိုတိုသွားသေးတယ်။ ပြီးတော့ အဲဒီတားမြစ်မှော်အတတ်ကြောင့် ပေါ်လာတဲ့ ဒဏ်ရာတွေကြောင့် ကမ္ဘာကြီးက ပြိုလဲပျက်စီးဖို့ ပိုနီးစပ်သွားပြီ။ "

သင်္ချိုင်းစောင့်ကြီးမှာ နောင်တအရိပ်အယောင်များ ထင်ဟပ်နေသည့် မျက်ဝန်းများဖြင့် ခေါင်းခါနေတော့သည်။

ယခုတွင်မူ ပိုင်ရှောင်ချန်းမှာ အရာအားလုံးကို နားလည်သွားသည့်အလား ခံစားလိုက်ရတော့သည်။ သင်္ချိုင်းစောင့်ကြီးမှာ ပြီးခဲ့သည့်တိုက်ပွဲတွင် ကောင်းကင်ဧကရာဇ်ကို မသတ်နိုင်ခဲ့သည့်အချက်တစ်ခုထဲကိုသာ နောင်တရနေသည်မဟုတ်ပေ။ ထိုသို့သတ်ရန် အစောကြီးထဲက မကြိုးစားမိခဲ့သည်ကိုပါ နောင်တရနေသည်။ သူရင်ဆိုင်နေရသည့် တားမြစ်ချက်များစွာကြောင့် ကောင်းကင်ဧကရာဇ်အား အသက်ဆက်ရှင်ခွင့်ပေးခဲ့ရပြီး ယခုအချိန်အထိ စွမ်းအားကြီးထွားခွင့်ပေးခဲ့ရသည်။

သူသည် ထိုယခင်က အမှားအချို့ကို ပြန်လည်ပြင်ဆင်ရန်ဟူသော မျှော်လင့်ချက်ဖြင့် ယနေ့တွင် လှုပ်ရှားမှုများ ပြုလုပ်ခဲ့သည်။

" ငါသူ့ကို သတ်ချင်မှသတ်နိုင်မှာဆိုတာကို အစကထဲက သိတယ်။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ကြိုးစားကြည့်ဖို့ ဆုံးဖြတ်ခဲ့တာ၊ တကယ်တမ်း မင်းမြေရိုင်းဒေသကို ရောက်မလာခင်ထဲက ငါသေပြီးသွားရင် ဆက်ဖြစ်မဲ့အရာတွေအတွက် ကြိုတင်စီစဥ်ထားပြီးသား "

သင်္ချိုင်းစောင့်ကြီးမှာ သက်ပြင်းချကာ ပိုင်ရှောင်ချန်းအား လှမ်းကြည့်လိုက်သည်။

" ငရဲဧကရာဇ်နေရာကို ဆက်ခံမဲ့သူ ဆိုတာလား " ပိုင်ရှောင်ချန်းမှာ နှလုံးခုန်နှုန်းများမြန်လာတော့သည်။ သင်္ချိုင်းစောင့်ကြီးမှာ ခေါင်းညိတ်ပြလိုက်သဖြင့် ပိုင်ရှောင်ချန်း၏ ရင်ခုန်သံများ ပို၍မြန်ဆန်လာရတော့သည်။ ပိုင်ရှောင်ချန်းသည် အကယ်၍သူသာ အခြေအနေကို မရိပ်မိသေးပါက သူသည် အရူးတစ်ယောက်ဖြစ်နေမည်ဖြစ်ကြောင်း တွေးနေတော့သည်။ သူအလွန်ထူးချွန်ထက်မြက်သည်ကို သင်္ချိုင်းစောင့်ကြီးက သတိထားမိသွားသဖြင့် သူ၏အမွေအနှစ်အားလက်ခံပြီး သူ့အား ငရဲဧကရာဇ်အသစ်အဖြစ် တင်မြှောက်လိုသည့် အချက်မှာ သိသာထင်ရှားပေသည်။

ငရဲဧကရာဇ်ဖြစ်သွားနိုင်သည်ဆိုသည့် အတွေးတစ်ခုထဲနှင့်ပင် ပိုင်ရှောင်ချန်းမှာ အလွန်စိတ်လှုပ်ရှားသွားတော့သည်။ သို့သော် သူကချောင်းဟန့်လိုက်ပြီး သူ့ကိုယ်သူနှိမ့်ချသည့်လေသံဖြင့် ဆိုလိုက်သည်။

" အမ်၊ ဘိုးဘိုးကြီး။ တကယ်တော့ ကျွန်တော်က အဲဒီလောက်ကြီး ထူးချွန်ထက်မြက်နေတာလည်း မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော် အဆင်သင့်ဖြစ်နေပြီလို့တော့ ပြောရဲပါတယ်။ ဒါနဲ့လေ ငရဲဧကရာဇ်ဆိုတာ ဘာအလုပ်လုပ်ရတာလဲဗျ "

သင်္ချိုင်းစောင့်ကြီးမှာ ပိုင်ရှောင်ချန်း၏ မျက်ဝန်းထဲသို့ အဓိပ္ပါယ်ပါပါ စိုက်ကြည့်လိုက်ပြီး ဆိုလိုက်သည်။

" ငရဲဧကရာဇ်က မြေအောက်မြစ်ထဲကို ဝင်ပြီးတော့ သူ့ဝိညာဥ်ကို မြေအောက်နန်းတော်ဆီကို ဆက်သရမယ်။ ဥသျှောင်ဘုရင်ကြီးရဲ့ သင်္ချိုင်းဂူကိုကာကွယ်ပြီး အသစ်ပြန်လည်မွေးဖွားခြင်းဆိုတဲ့ စက်ဝန်းကို စောင့်ရှောက်ပေးရမယ်။ ကမ္ဘာတံခါးကို ကာကွယ်ပြီး တရားမဝင်တဲ့သူတွေအတွက်ဆိုရင် မဖွင့်ပေးဖို့ လုပ်ဆောင်ရမယ် "

ထိုအခါ ပိုင်ရှောင်ချန်းမှာ အနည်းငယ်မျှ အံ့အားသင့်သွားသည်။ သင်္ချိုင်းစောင့်ကြီးဆိုခဲ့သောစကားများ၏ နောက်ဆုံးအပိုင်းမှာ စိတ်ဝင်စားစရာ ကောင်းသော်လည်း ပထမအပိုင်းမှာမူ အနည်းငယ် စိတ်ကသိကအောက် ဖြစ်စရာကောင်းနေသည်။

" ဘိုးဘိုးကြီး၊ မြေအောက်နန်းတော်ဆီကို ဝိညာဥ် ဆက်သရမယ်ဆိုတာ ဘာကိုပြောတာလဲ။ သူ့ဝိညာဥ်သာ မြေအောက်မြစ်ထဲကို ရောက်သွားမယ်ဆိုရင် သူသေရမယ်လို့ပြောတာလား "

ထိုမေးခွန်းကို သင်္ချိုင်းစောင့်ကြီးက ခေါင်းညိတ်၍ပြန်ဖြေလိုက်သောအခါ ပိုင်ရှောင်ချန်းမှာ ပင့်သက်ရှိုက်မိသွားပြီး သူ၏မျက်နှာမှာ စက္ကူတစ်ရွက်အလား ဖြူဆွတ်သွားသည်။

" ဘိုးဘိုးကြီး၊ အာ... ဒီမှာဗျာ.... ကျွန်တော်က ထင်သလောက် မတော်ဘူးဗျ။ သာမန်လူတစ်ယောက်ပါပဲ။ ကျွန်တော်က ငြိမ်ငြိမ်လည်း မနေတတ်ဘူး။ အမှားတွေလည်း ခဏခဏလုပ်တာ။ ကျွန်တော်သာ မြေအောက်မြစ်ကို တာဝန်ယူရမယ်ဆိုရင် ဆိုးဆိုးရွားရွားတွေ ဖြစ်ကုန်မှာ။ ကျွန်တော့်လို ကလေးတစ်ယောက်အဖို့ အဲဒီတာဝန်ကြီးကကြီးလွန်းပါတယ်။ အမ်...တခြားတစ်ယောက်ယောက်ကို ရွေးပါလား။ နောက်....နောက်မှတွေ့မယ်နော် ဘိုးဘိုး "

သူသည် ထိုသို့ဆိုကာ နောက်သို့ခြေတစ်လှမ်းဆုတ်လိုက်လေသည်။ သို့သော် သူမည်သည့်အရာမှ ဆက်မလုပ်နိုင်ခင်မှာပင် သင်္ချိုင်းစောင့်ကြီးမှာ သူ့ကိုဖမ်းဆုပ်တော့မည့်အလား သူ၏လက်ကို ဆန့်ထုတ်လိုက်သည်။

ပိုင်ရှောင်ချန်းကမူ ဂယောင်ခြောက်ခြားနှင့် အော်ဟစ်မြည်တမ်းလိုက်သည်။

" ကျွန်တော်က အသင့်တော်ဆုံး ရွေးချယ်မှုမဟုတ်ဘူး ဘိုးဘိုးကြီး။ ကျွန်တော်ဘယ်သွားသွား ပြဿနာအကြီးကြီးတွေပဲ ရှာမိတာ။ ဘိုးဘိုးအတွက် ပြဿနာမတက်စေချင်လို့ပါဗျာ၊ ကျွန်တော်.... "

" ပါးစပ်ပိတ်ထားကွာ။ မင်းကိုငါ့ ဆက်ခံသူအဖြစ်ရွေးရလောက်အောင် ငါမတုံးသေးဘူး။ "

သင်္ချိုင်းစောင့်ကြီး ဖမ်းဆုပ်လိုက်သည်မှာ ပိုင်ရှောင်ချန်းမဟုတ်ပဲ သူ၏အိတ်သာဖြစ်နေကြောင်း သိလိုက်ရသည်။ ရုတ်တရက် ပိုင်ဟောက်၏ ဝိညာဥ်သိုလှောင်စေတီတော်မှာ အပြင်သို့ပျံထွက်လာပြီး သင်္ချိုင်းစောင့်ကြီး လက်ဖဝါးပေါ်သို့ ရောက်သွားသည်။

" ငါ့နေရာကိုဆက်ခံဖို့ ငါရွေးထားတဲ့လူက မင်းမဟုတ်ဘူး " သူကတည်ကြည်စွာဆိုလိုက်သည်။

" ပိုင်ဟောက်ပဲ "

" ဗျာ "

ပိုင်ရှောင်ချန်းမှာမူ ဆွံ့အနေသည့် အမူအရာဖြင့် ပါးစပ်မှ လွှတ်ခနဲထွက်သွားတော့သည်။

#ဘာသာပြန်မှတ်စု၊ ကောင်းကင်ဧကရာဇ်ဆိုတာ သူ့ဘာသာပေးထားတဲ့ နာမည်ပါ။ တာအိုကောင်းကင်တံတားဆိုတာကတော့ ကောင်းကင်တံတားတာအိုကို ကျင့်ကြံရာမှာ အောင်မြင်သွားလို့ခေါ်တဲ့ တာအိုနာမည်ပါ။

All Chapters