အခန်း (၄၅၁-၄၅၂)
Vol. 46 Ch. 451-452
အခန်း (၄၅၁) တိမ်စင်လေမှ လသာပမာ
လူအများရှေ့မှောက်တွင်မူ သူမသည် နူးညံ့သိမ်မွေ့ပြီး အပြစ်ကင်းစင်သော မိန်းကလေးတစ်ဦး ဖြစ်သော်လည်း၊ သူမ၏ မန်နေဂျာရှေ့တွင်မူ ဟန်ဆောင်နေရန်ပင် စိတ်မကူးတော့ဘဲ အေးစက်ခက်ထန်ကာ မောက်မာရိုင်းစိုင်းသော အမူအရာကိုသာ ပြုမူလေသည်။
အကြောင်းမှာ သူမသည် ‘လိမော်နီဖျော်ဖြေရေး' လုပ်ငန်းစု၏ အရှင်သခင် သမီးတော်ဖြစ်နေသောကြောင့် ကုမ္ပဏီအတွင်း အထူးအခွင့်အရေးဟူသမျှကို လက်ဝါးကြီးအုပ် ရရှိထားသူ ဖြစ်သည်။
“လျိုယဲ့... နင် ကုမ္ပဏီနဲ့ စာချုပ်ဖျက်ဖို့ ဆန္ဒရှိလား”
မင်ယွဲ့က တည်ငြိမ်စွာ မေးလိုက်သည်။
သူမတို့၏ စကားဝိုင်းကို မမျှော်လင့်ဘဲ ကြားလိုက်ရသော လက်ထောက်မိန်းကလေးမှာ စိတ်မသက်မသာ ဖြစ်သွားရသည်။
သူမသည် 'လိမ္မော်နီ” ၏ ဝန်ထမ်းတစ်ဦး ဖြစ်နေသဖြင့် ဆက်နေရမည်လော သို့မဟုတ် ထွက်သွားရမည်လောဟူသော ဝေခွဲမရသည့် သံသယများက စိတ်ထဲတွင် ရိုက်ခတ်နေတော့သည်။
“ဟူး... ငါလည်း ထွက်ချင်တာပေါ့ ဒါပေမဲ့ ငါက ငါးနှစ်စာချုပ်ချုပ်ထားတာလေ၊ အခုမှ သုံးနှစ်ပဲ ရှိသေးတော့ နောက်ထပ် နှစ်နှစ်တောင် ကျန်သေးတယ် နောက်ပြီး အဲ့ဒီတုန်းက ငါက ဘာမှနားမလည်ဘဲ အနုပညာလောကထဲကို ဇွတ်တိုးဝင်ခဲ့မိတာဆိုတော့ အခု စာချုပ်ဖျက်ရင် ပေးရမယ့် ဒဏ်ကြေးက မတရားများလွန်းနေတယ်”
လျိုယဲ့သည် ဆင်းရဲသူတစ်ဦး မဟုတ်သော်လည်း အလွန်အမင်း ကြွယ်ဝသူတော့ မဟုတ်ပေ။
ထို့ကြောင့် ထိုစာချုပ်ဖျက်သိမ်းကြေးမှာ သူမအတွက် မခံမရပ်နိုင်အောင် ကြီးမားသော ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်နေခဲ့သည်။
“ဘယ်လောက်လဲ”
ငွေကြေးဖြင့် ဖြေရှင်းနိုင်သော ပြဿနာဟူသမျှကို ပြဿနာဟု မသတ်မှတ်သော မင်ယွဲ့က အေးအေးဆေးဆေးပင် ထပ်မံမေးမြန်းလိုက် သည်။
“သန်း ခုနစ်ဆယ်...”
ထိုပမာဏကို ကြားလိုက်ရချိန်တွင် လက်ထောက်မိန်းကလေးမှာ အသက်ရှူပင် မှားသွားရသည်။
ကုမ္ပဏီ၏ ရက်စက်ယုတ်မာမှုကို တွေးမိကာ ရွံရှာစိတ်များလည်း တဖွားဖွား ပေါ်ပေါက်လာမိသည်။
အနုပညာလောကဆိုသည်မှာ သာမန်လူတစ်ယောက်အတွက် ရှင်သန်ရန် မလွယ်ကူသော နေရာတစ်ခုပါတကား။
မင်ယွဲ့သည် သူမ၏ ဒူးပေါ်တွင် လက်နှစ်ဖက်ကို တင်ထားရင်း လက်ညှိုးဖြင့် စည်းချက်ကျကျ ခေါက်နေမိသည်။
သူမ တစ်ခုခုကို အလေးအနက် စဉ်းစားနေသည်ကို မြင်သောအခါ လျိုယဲ့နှင့် လက်ထောက်တို့မှာ အနှောင့်အယှက် မဖြစ်စေရန် ငြိမ်သက်စွာ စောင့်ဆိုင်းနေကြသည်။
“နင် စာချုပ်ဖျက်ချင်တယ်ဆိုရင်သာ ပြောလိုက်၊ ကျန်တာကို ငါ အကုန်တာဝန်ယူတယ်”
မင်ယွဲ့က ရုတ်တရက် မော့ကြည့်လိုက်ရာ သူမ၏ တောက်ပပြတ်သားသော မျက်ဝန်းများကြောင့် လျိုယဲ့မှာ အားသစ်လောင်းသကဲ့သို့ ခံစားလိုက်ရ
သည်။
လက်ထောက်မိန်းကလေးမှာမူ အံ့အားသင့်လွန်းသဖြင့် အော်ပင်အော်မိတော့မတတ် ဖြစ်သွားသည်။
ဤသည်မှာ သူဌေးကြီးများ၏ ကမ္ဘာလောကလော။ သန်း ခုနစ်ဆယ်ဆိုသည်မှာ သူမ တစ်သက်နှင့်တစ်ကိုယ် မြင်ပင်မမြင်ဖူးသော ငွေပမာဏပင်။
သူမသည် ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့် မင်ယွဲ့ကို ကြည့်နေမိသည်။ လျိုယဲ့မှာမူ မင်ယွဲ့ကို ကြည့် ရင်း စကားလုံးတို့ ဆွံ့အလို့နေသည်။
သူမ၏ သူငယ်ချင်းမှာ အလွန်ချမ်းသာမှန်း သိသော်လည်း အနုပညာအခွင့်အလမ်းများအတွက် သူမကို အကူအညီတောင်းရန် တစ်ခါမျှ စိတ်မကူးခဲ့ဖူးပေ။
သူမ၏ မန်နေဂျာက အကြိမ်ကြိမ် အရိပ်အမြွက် ပြောခဲ့သော်လည်း သူငယ်ချင်းဖြစ်မှုတွင် ကိုယ်ကျိုးစီးပွားများ မရောယှက်စေချင်ခဲ့ခြင်း ဖြစ်သည်။
“နင် အရင်နားလိုက်ဦး၊ မနက်ဖြန်မှ ငါ ထပ်လာခဲ့မယ်”
ပင်ပန်းနွမ်းလျနေသော လျိုယဲ့မှာ ခဏအတွင်းမှာပင် နှစ်ခြိုက်စွာ အိပ်ပျော်သွားတော့သည်။
မင်ယွဲ့ ထရပ်လိုက်သောအခါ လက်ထောက်မိန်းကလေးက လူနာခန်းတံခါးဝအထိ လိုက်ပါပို့ဆောင်ပေးလေသည်။
“လျိုယဲ့ ထွက်သွားရင် နင်ရော သူမနဲ့အတူ လိုက်မှာလား၊ ဒါမှမဟုတ် 'လိမ္မော်နီ’ မှာပဲ ဆက်နေမှာလား”
လျိုယဲ့၏ လူမှုဆက်ဆံရေးမှာ ကျဉ်းမြောင်းသော်လည်း ဤလက်ထောက်လေးမှာ စိတ်ထားကောင်းသူဖြစ်ကြောင်း မင်ယွဲ့ သတိပြုမိသည်။
ထို့ကြောင့် သူမကို လျိုယဲ့နှင့်အတူ ရှိနေစေချင် မိသည်။
“ဟို... မစ္စမင်၊ လျိုယဲ့မမက ထွက်သွားပြီးရင် ဘယ်ကုမ္ပဏီနဲ့ စာချုပ်ချုပ်မှာလဲဟင်”
အနုပညာလောကတွင် ကျောထောက်နောက်ခံမရှိသော အနုပညာရှင်တစ်ဦးအတွက် ရှင်သန်ရန်မှာ အလွန်ခက်ခဲလှသည် မဟုတ်ပါလား။
“ယွမ်ယွဲ့ ဖျော်ဖြေရေး”
မင်ယွဲ့က တဲ့တိုးပင် ဖြေလိုက်သည်။
“ယွမ်ယွဲ့ ဖျော်ဖြေရေး ဟုတ်လား”
လက်ထောက်လေး၏ အသံမှာ အံ့ဩလွန်းသဖြင့် မြင့်တက်သွားသည်။
ယွမ်ယွဲ့သည် ကုမ္ပဏီသစ် ဖြစ်သော်လည်း အရှိန်အဝါ ကြီးမားလှပြီး မကြာသေးမီက အနုပညာရှင်များကို အကြီးအကျယ် စုဆောင်းနေသဖြင့် တစ်လောကလုံး ဟိုးဟိုးကျော်နေသော နေရာဖြစ်သည်။
'လိမ္မော်နီ’ မှာမူ ငါးနှစ်တိုင်တိုင် ရပ်တည်လာခဲ့သော်လည်း ယခင်က ကြော်ငြာငယ်လေးများသာ ရိုက်ကူးပေးနိုင်ခဲ့ပြီး အနှစ်သာရရှိသော အမြတ်စွန်း မရရှိခဲ့ပေ။
လျိုယဲ့ နာမည်ကြီးလာပြီးနောက်မှသာ ကုမ္ပဏီမှာ အသက်ဝင်လာခဲ့ခြင်း ဖြစ်သည်။
လျိုယဲ့က ကုမ္ပဏီငယ်လေးကို တစ်ကိုယ်တော် မတင်ပေးခဲ့ခြင်း ဖြစ်သော်လည်း ယခုအခါ ကုမ္ပဏီက အင်အားတောင့်တင်းလာချိန်တွင် သူမအပေါ် မောက်မာပြလာကြခြင်း ဖြစ်သည်။
“ကျွန်မ လိုက်ချင်ပါတယ်၊ လျိုယဲ့မမ သွားတဲ့နေရာတိုင်းကို ကျွန်မ လိုက်သွားမှာပါ”
သူမသည် မင်ယွဲ့ကို ကြည်ညိုလေးစားစွာ ကြည့်လိုက်မိသည်။
မင်ယွဲ့၏ နောက်ခံကို မသိသော်လည်း ယွမ်ယွဲ့ကဲ့သို့ ကုမ္ပဏီမျိုးထဲသို့ ထည့်သွင်းပေးနိုင်သည်မှာ သာမန်လူတစ်ယောက် မဟုတ် နိုင်ကြောင်း သူမ ခန့်မှန်းမိသည်။
မင်ယွဲ့သည် လက်ထောက်လေး၏ နီမြန်းနေသော မျက်နှာကို ကြည့်ကာ ပြုံးလျက် ထွက်ခွာခဲ့သည်။ ထိုလက်ထောက်လေးမှာ တံခါးဝတွင် ရင်ခုန်သံကို ခဏကြာ ထိန်းချုပ်ပြီးမှ ပြုံးရွှင်စွာဖြင့် လျိုယဲ့ကို စောင့်ရှောက်ရန် အခန်းထဲသို့ ပြန်ဝင်သွားတော့သည်။
သူမတို့အတွက် မျှော်လင့်ချက် အလင်းတန်းကို မြင်တွေ့လိုက်ရပြီ ဖြစ်သည်။
အိမ်သို့ ရောက်သောအခါ မင်ယွဲ့မှာ အနားမယူဘဲ လက်ပ်တော့ပ်ကို ချက်ချင်းဖွင့်ကာ စာရိုက် တော့သည်။
ကွန်ပျူတာမျက်နှာပြင်မှ ထွက်ပေါ်လာသော အလင်းတန်းများမှာ သူမ၏ လှပသော မျက်နှာပေါ်တွင် ဖြတ်သန်းနေပြီး သူမကို လျှို့ဝှက်နက်ရှိုင်းကာ ခန့်မှန်းရခက်သော အသွင်ကို ဆောင်စေသည်။
သူမ၏ သွယ်လျသော လက်ချောင်းလေးများမှာ ကီးဘုတ်ပေါ်တွင် ကျွမ်းကျင်စွာ ပြေးလွှားနေပြီး တိတ်ဆိတ်သော အခန်းထဲ၌ ကီးဘုတ်နှိပ်သံများသာ ပဲ့တင်ထပ်နေတော့သည်။
“တွေ့ပြီ...”
ပြတ်သားသော အသံလေးနှင့်အတူ ကီးဘုတ် နှိပ်သံတို့ ရပ်တန့်သွားသည်။
မင်ယွဲ့သည် သူမဘေးတွင် အိပ်မောကျနေသော 'ယွမ်ပေါ့' ကို အသာအယာ ပွတ်သပ်လိုက်သည်။ နူးညံ့လှသော အထိအတွေ့ကြောင့် စိတ်အာရုံတို့ အနည်းငယ် လန်းဆန်းသွားရသည်။
မောက်စ်ကို လှည့်ကြည့်လိုက်သောအခါ သူမ ရှာဖွေနေသော အချက်အလက်များမှာ မျက်စိရှေ့သို့ ရောက်ရှိလာသည်။
မူလက လျိုယဲ့ကို စာချုပ်ဖျက်ရန် ငွေအလုံးအရင်း ပေးချင်သော်လည်း၊ သန်း ၇၀ ဟူသော မတရားသည့် စာချုပ်နှင့် နေ့စဉ် ရက်စက်စွာ ခေါင်းပုံဖြတ်နေမှုများကို မြင် သောအခါ သူမ စိတ်ပြောင်းသွားသည်။
သန်း ၇၀ ကို မတတ်နိုင်၍ မဟုတ်ဘဲ ထိုကဲ့သို့ ကိုယ်ကျင့်တရားပျက်ပြားသော စီးပွားရေးသမားကို အလကားသက်သက် မပေးလိုခြင်း ဖြစ်သည်။
‘လိမ္မော်နီ’ က မတရားလျှင် သူမကလည်း ထိုနည်းအတိုင်း တုံ့ပြန်ရုံသာ ရှိတော့သည်။
လူကြီးလူကောင်းကို လူကြီးလူကောင်းပီသစွာ ဆက်ဆံမည် ဖြစ်သော်လည်း လူယုတ်မာကိုမူ ပြင်းထန်စွာ နှိမ်နင်းရပေမည်။
“တိရစ္ဆာန်ထက် ယုတ်ညံ့တဲ့ကောင်...”
အချက်အလက်များကို မြင်လိုက်ရသောအခါ မင်ယွဲ့မှာ ဒေါသထွက်လွန်းသဖြင့် မောက်စ်ကိုပင် ညှစ်ခြေမိတော့မတတ် ဖြစ်သွားသည်။
သူမသည် ကုမ္ပဏီ၏ အပြစ်အနာအဆာအချို့ကို ရှာဖွေကာ ခြိမ်းခြောက်၍ လူထုတ်ရန်သာ ရည်ရွယ်ခဲ့သော်လည်း တကယ့်အမှန်တရားမှာ သူမ ထင်ထားသည်ထက် ပို၍ ဆိုးရွားလွန်းနေသည်။
ကျိုးဝူ ဆိုသူမှာ အလွန်ယုတ်မာကောက်ကျစ်သော တိရစ္ဆာန်တစ်ကောင်ကဲ့သို့ပင်။
သူသည် ကုမ္ပဏီမှ ဝန်ထမ်းများကို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ရုံတင်မကဘဲ အရွယ်မရောက်သေးသူများကိုပါ စော်ကားခဲ့ခြင်း ဖြစ်သည်။ မင်ယွဲ့သည် ဒေါသကို ထိန်းချုပ်ထားရသည်။
ထိုလူယုတ်မာသည် ရွံရှာဖွယ်ကောင်းသော ဝါသနာတစ်ခုကိုလည်း ပိုင်ဆိုင်ထားပြီး စော်ကားခံရသူများ၏ ပုံရိပ်များကို 'နုနယ်သော ပန်းလေးများ' ဟု အမည်ပေးကာ မှတ်တမ်းတင် သိမ်းဆည်းထားတတ်သေးသည်။
သူမသည် 'ယွမ်ပေါ့' ကို ပွတ်သပ်ရင်း စိတ်ကို ငြိမ်သက်အောင် အကြာကြီး ကြိုးစားလိုက်ရသည်။ မိုဟန်ကျီ ပြန်ရောက်လာသောအခါ ဧည့်ခန်းတွင် ထိုင်နေသော မင်ယွဲ့ကို တွေ့လိုက်ရသည်။
“တစ်ခုခု စားပြီးပြီလား၊ မစားရသေးရင် မှာလိုက်ကြမလား”
သူက မင်ယွဲ့ဘေးတွင် ဝင်ထိုင်ရင်း မေးလိုက် သည်။
“မစားရသေးဘူး၊ တစ်ခုခု မှာစားကြရအောင်”
ဟင်းချက်ရန် ပျင်းရိနေသောကြောင့် စားသောက်ဆိုင်မှသာ မှာယူရန် ဆုံးဖြတ်လိုက်ကြသည်။
အွန်လိုင်းပေါ်တွင်မူ “အလှပဆုံး ယာယာ၊ နတ်သမီးလေး မြေသို့သက်ဆင်းလာသယောင်”
ဟူသော ခေါင်းစဉ်များဖြင့် ဟိုးဟိုးကျော် နေသည်။
အတွေ့အကြုံမရှိသေးသော မျက်နှာသစ်တစ်ဦးအတွက် ဤမျှ ဟိုးဟိုးကျော်နေခြင်းမှာ ငွေအမြောက်အမြား အသုံးပြုထားကြောင်း သိသာလှသည်။
“လျိုယဲ့... နင့်ရဲ့ ဂျူနီယာညီမလေး နာမည်ကြီးအောင် ဝိုင်းကူပေးလိုက်ဦး”
လျိုယဲ့သည် မင်ယွဲ့ကိုယ်တိုင် ချက်ကျွေးထားသော ကြက်စွပ်ပြုတ်ကို သောက်နေရင်း မန်နေဂျာထံမှ မက်ဆေ့ချ်ကို ကြည့်ကာ မျက်နှာပျက်သွားသည်။
ဤရက်ပိုင်းအတွင်း မင်ယွဲ့၏ လက်ရာကောင်းများကြောင့် ဒဏ်ရာရထားသော်လည်း ကိုယ်အလေးချိန်ပင် တက်လာသကဲ့သို့ ခံစားနေရသည်။
သူမ ဖုန်းဖွင့်ကြည့်လိုက်သောအခါ ကျိုးယာ ၏ ပို့စ်တွင် သူမကို Tag ထားသည်ကို တွေ့လိုက်ရသည်။
“စီနီယာမမလိုပဲ အားလုံးရဲ့ ချစ်ခင်မှုကို ရရှိနိုင်ပါစေလို့ မျှော်လင့်ပါတယ်”
ထိုပို့စ်အောက်တွင် လျိုယဲ့နှင့် ရိုက်ထားသော ဓာတ်ပုံကိုလည်း တွဲတင်ထားသေးသည်။
“ယာယာလေးက နတ်သမီးလေးပဲ၊ လျိုယဲ့ထက်တောင် ပိုပြီး နာမည်ကြီးမှာ သေချာတယ်၊ ယုံကြည်ချက်ရှိရှိ ရှေ့ဆက်ပါ”
“အပေါ်ကလူ ရူးနေတာလား၊ လျိုယဲ့ကို လာနှိုင်းမနေနဲ့”
ဝေဖန်တိုက်ခိုက်သံများဖြင့် အွန်လိုင်းလောကတစ်ခုလုံး ဆူညံသွားပြီးနောက် ကျိုးယာ၏ နောက်ကွယ်မှ ဓာတ်ပုံများစွာ ပျံ့နှံ့လာတော့သည်။
သူမကို 'ပထမအချစ်ဦး' ပုံစံမျိုး၊ တက္ကသိုလ်တစ်ခု၏ ထူးချွန်ကျောင်းသူပုံစံမျိုးဖြင့် ဈေးကွက်မြှင့်တင်နေကြခြင်း ဖြစ်သည်။
မင်ယွဲ့သည် ထိုလှည့်ကွက်များကို အထင်အရှား မြင်နေရသည်။ အနုပညာလောကတွင် ပညာတတ်ပုံစံဖြင့် နာမည်ဖော်သူများစွာ ရှိသော်လည်း နောက်ဆုံးတွင် အရှက်ရကာ ပြိုလဲသွားကြသည်မှာ မနည်းတော့ပေ။
“ငါ အဲ့ဒီထဲမှာ မပါချင်ဘူး”
လျိုယဲ့သည် ကုမ္ပဏီမှ ထွက်ရန် ဆုံးဖြတ်ထားပြီးဖြစ်ရာ သူမ၏ နာမည်ဂုဏ်သတင်းကို အလွဲသုံးစားလုပ်ရန် ခွင့်ပြုမည်မဟုတ်သလို မန်နေဂျာ၏ စကားကိုလည်း နားထောင်ရန် အစီအစဉ်မရှိပေ။
“ရိုက်ကူးရေး ပြီးဖို့ ဘယ်လောက်လိုသေးလဲ”
မင်ယွဲ့က မေးလိုက်သည်။
သူမသည် စာချုပ်ဖျက်သိမ်းရေးကို အမြန်ဆုံး လုပ်ဆောင်ပေးချင်သော်လည်း လက်ရှိ ရိုက်ကူးရေးကိုတော့ အနှောင့်အယှက်မဖြစ်စေဘဲ အဆုံးသတ်စေချင်မိသည်။
အခန်း (၄၅၂) ကျန်းရန်
“ပြန်ရိုက်တဲ့အချိန်မှာ မတော်တဆ ချော်လဲသွားတာပါ၊ ဒါပေမဲ့ ကျွန်မရိုက်ရမယ့် အခန်းတွေကတော့ အားလုံးနီးပါး ပြီးသလောက်ရှိပါပြီ”
လျိုယဲ့က သူမ၏ အခြေအနေကို ရှင်းပြလိုက် သည်။
ထို့ကြောင့်လည်း သူမအနေဖြင့် လူနာခန်းထဲတွင် စိုးရိမ်ပူပန်မှုကင်းစွာဖြင့် အေးအေးဆေးဆေး အနားယူနိုင်ခြင်း ဖြစ်သည်။
ထိုစဉ် အခန်းတံခါးကို ခေါက်သံတစ်ချက် ထွက်ပေါ်လာပြီး လူတစ်ယောက် ဝင်ရောက်လာသည်။
“သီချင်းဘုရင် ကျောက်လင်းကျန့်”
လျိုယဲ့သည် ရုတ်တရက် ရောက်ရှိလာသော ဧည့်သည်ကို ကြည့်ကာ အံ့အားသင့်စွာ ရေရွတ် မိသည်။
သူတို့နှစ်ဦးစလုံးမှာ အနုပညာလောကထဲတွင် ရှိနေကြသော်လည်း မင်ယွဲ့ ရင်းနှီးမြှုပ်နှံထားသည့် ဖျော်ဖြေရေးအစီအစဉ်တစ်ခုတွင်သာ ဆုံတွေ့ခဲ့ဖူးပြီး ထူးထူးခြားခြား ရင်းနှီးမှုတော့ မရှိခဲ့ကြပေ။
အကြောင်းမှာ ကျောက်လင်းကျန့်သည် ဂီတလောက၏ ထိပ်တန်းအဆိုတော်တစ်ဦး ဖြစ်နေပြီး လျိုယဲ့မှာမူ သရုပ်ဆောင်လောကမှ ဖြစ်နေသောကြောင့်ပင်။
သူတို့နှစ်ဦး၏ လူမှုပတ်ဝန်းကျင်နှင့် ပရိသတ်အင်အားမှာလည်း ကွာခြားချက် ကြီးမားလှသည်။
“မင်း ဒဏ်ရာရတယ်လို့ ကြားလို့ လာကြည့်တာပါ၊ ငါ့ကို မကြိုဆိုဘူးလား”
လျိုယဲ့က မျက်လုံးအဝိုင်းသားဖြင့် ငေးကြည့်နေသည်ကို မြင်သောအခါ ကျောက်လင်းကျန့်က ညင်သာစွာ ပြုံးပြလိုက်သည်။
ထိုအပြုံးက လူပျိုဖော်ဝင်စ မိန်းကလေးတစ်ဦး၏ ရင်ကို တုန်လှုပ်စေနိုင်လောက်အောင်ပင် ဆွဲဆောင်မှု ရှိလှသည်။
“မဟုတ်... မဟုတ်တာ... ကြိုဆိုပါတယ်”
လျိုယဲ့မှာ အနည်းငယ် ပျာယာခတ်သွားကာ ထပ်ခါတလဲလဲ ရှင်းပြနေမိသည်။
မင်ယွဲ့က ရောက်ရှိလာသူကို အကဲခတ်ကြည့်လိုက်ရာ ကျောက်လင်းကျန့်ကလည်း သူမကို ချက်ချင်း မှတ်မိသွားသည်။
“နေကောင်းပါစေ မစ္စမင်”
သူသည် ဂီတလောကတွင် အရှိန်အဝါရှိသူဖြစ်ရာ မင်ယွဲ့၏ အဆင့်အတန်းကို ကောင်းစွာ သိရှိထားသူ ဖြစ်သည်။
“နေကောင်းပါတယ် မစ္စတာကျောက်”
မင်ယွဲ့သည် မသောက်ရသေးသည့် ဓာတ်ဗူးကို အသာအယာ သိမ်းဆည်းလိုက်သည်။
ဧည့်သည်ရောက်လာပြီ ဖြစ်ရာ သူမ ဆက်ရှိနေရန် မလိုအပ်တော့ဟု ယူဆမိသည်။
“ဒီကိစ္စနဲ့ ပတ်သက်ပြီး တစ်ခုခု သိရပြီလား၊ ငါ့ဘက်က ဘာကူညီပေးရမလဲ”
ကျောက်လင်းကျန့်က ကုတင်ဘေးသို့ တိုးလာကာ စိုးရိမ်တကြီး မေးမြန်းလိုက်သည်။
လျိုယဲ့တွင် အားကိုးရမည့် နောက်ခံမရှိသည်ကို သူသိသည်။ သူကိုယ်တိုင် သရုပ်ဆောင်မဟုတ်သော်လည်း သူ့၏ အဆက်အသွယ်များကို အသုံးပြုကာ စုံစမ်းပေးနိုင်မည်ဟု ယုံကြည် နေသည်။
သို့သော် စကားအဆုံးတွင် မင်ယွဲ့ကို ကြည့်မိကာ မိမိကိုယ်မိမိ အားနာသွားမိသည်။
မင်ယွဲ့၏ အရှိန်အဝါနှင့် လုပ်ပိုင်ခွင့်မှာ သူ့ထက် အဆပေါင်းများစွာ သာလွန်နေသည် မဟုတ်ပါလား။
“ကျေးဇူးတင်ပါတယ် စီနီယာ”
လျိုယဲ့က ကျေးဇူးတင်စကား ဆိုသော်လည်း စိတ်ထဲတွင်မူ မိမိကိုယ်မိမိ အသုံးမကျဟု ခံစားနေမိသည်။
အကြောင်းပြချက်မရှိဘဲ ဒဏ်ရာရခဲ့ပြီး ဆေးရုံကုတင်ပေါ်တွင် ခေါင်းမပါသော ယင်ကောင်ကဲ့သို့ အမှန်တရားကို စမ်းတဝါးဝါး ရှာဖွေနေရသည့် ဘဝကို ငြီးငွေ့မိသည်။
သူမသည် အနုပညာလောကနှင့် မသင့်တော်လေသလောဟုပင် တွေးတောမိတော့သည်။
“ငါ စုံစမ်းပြီးပြီ၊ ပစ္စည်းပိုင်းဆိုင်ရာဌာနက ရှောင်ချန် လုပ်တာပဲ နင် သူ့ကို ဘာများ စိတ်ဆိုးအောင် လုပ်မိလို့လဲ”
မင်ယွဲ့က ခပ်အေးအေးပင် ပြောလိုက်သည်။
သူမသည် ရိုက်ကူးရေးကွင်းအတွင်းရှိ လုံခြုံရေးကင်မရာများကို ဟက်ကာ နည်းပညာဖြင့် အလွယ်တကူ စစ်ဆေးခဲ့ခြင်း ဖြစ်သည်။
ထိုဝန်ထမ်းက မှတ်တမ်းများကို ဖျက်ဆီးခဲ့သော်လည်း မင်ယွဲ့အတွက်တော့ မူရင်းဗီဒီယိုကို ပြန်လည်ဖော်ထုတ်ရန်မှာ လက်ဖျားခါလောက်အောင် လွယ်ကူလှသည်။
“ဟင့်အင်း... မရှိပါဘူး”
လျိုယဲ့သည် အချိန်အတော်ကြာ စဉ်းစားပြီးမှ ခေါင်းခါလိုက်သည်။
သူမသည် ရိုက်ကူးရေးကွင်းမှ လူတိုင်းအပေါ် အမြဲတမ်း နူးညံ့သိမ်မွေ့စွာ ဆက်ဆံခဲ့သူ ဖြစ်သည်။
“စိတ်မပူနဲ့၊ ငါ အကုန်စီစဉ်ပေးမယ် နောက်ရက်
အနည်းငယ်နေရင် နင့်ကို ဆေးရုံက လာခေါ်မယ်”
မင်ယွဲ့သည် ဓာတ်ဗူးကို ဆွဲကာ ထွက်ခွာရန် ပြင်လိုက်သည်။
ကျောက်လင်းကျန့်ကလည်း ဆက်နေရန် မသင့်တော်တော့သဖြင့် သူမနောက်မှ လိုက်ပါလာခဲ့သည်။
“မစ္စမင်၊ လိုအပ်တာရှိရင် ကျွန်တော့်ကို အချိန်မရွေး ဆက်သွယ်နိုင်ပါတယ်”
ဆေးရုံအပေါက်ဝတွင် ကျောက်လင်းကျန့်က မင်ယွဲ့ကို နှုတ်ဆက်ရင်း စကားစလိုက်သည်။
မင်ယွဲ့သည် တစ်ခုခုကို တွေးတောမိသွားကာ သူ့ကို ကြည့်လိုက်သည်။
“အလုပ်ပြောင်းဖို့ စိတ်ကူးရှိလား”
ယွဲ့ဟွာ နည်းပညာ၏ လက်အောက်ခံ ယွမ်ယွဲ့ ဖျော်ဖြေးရေးသည် အရှိန်အဟုန်ဖြင့် တက်လှမ်းနေသော ကုမ္ပဏီသစ် ဖြစ်သည်။
ထို့ကြောင့် အနုပညာလောက၏ ထိပ်သီးနေရာကို တိုက်ရိုက်သိမ်းပိုက်နိုင်ရန်အတွက် အမှတ်တံဆိပ်တစ်ခုကဲ့သို့ အားကိုးရမည့် ထိပ်တန်းအနုပညာရှင်များ လိုအပ်နေသည်။
“အမှန်အတိုင်း ပြောရရင် ကျွန်တော့်စာချုပ်က ကုန်တော့မှာပါ ကိုယ်ပိုင် စတူဒီယို တစ်ခု ထောင်ဖို့ စိတ်ကူးထားပါတယ်”
သူသည် ဤလောကထဲတွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ပြီး ငွေကြေးနှင့် အဆက်အသွယ် အလုံအလောက် ရှိထားသူ ဖြစ်ရာ တစ်ကိုယ်တော် ရပ်တည်ရန်သာ ဆန္ဒရှိနေသည်။
မင်ယွဲ့ကလည်း အမှတ်မထင် မေးမြန်းခဲ့ခြင်း ဖြစ်ရာ ငြင်းပယ်ခံရသော်လည်း စိတ်မပျက်မိပေ။
“ဒါဆို သင့်တော်တဲ့သူ ရှိရင် အကြံပေးပါဦးယွမ်ယွဲ့ ဖျော်ဖြေရေးက ကျွန်မရဲ့ ကုမ္ပဏီပဲ၊ အလားအလာရှိတဲ့ လူငယ်တွေကို လက်တွဲချင်လို့ပါ”
မင်ယွဲ့က သူမ၏ ပိုင်ဆိုင်မှုကို မဖုံးကွယ်ဘဲ ပွင့် ပွင့်လင်းလင်း ပြောလိုက်သည်။
ကျောက်လင်းကျန့်မှာ အံ့အားသင့်သွားရသည်။ ဤမျှ ပြိုင်ဆိုင်မှု ပြင်းထန်သော အနုပညာလောကထဲသို့ မင်ယွဲ့ ဝင်ရောက်လာလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။
“ကျွန်တော် တစ်ခါက ကျန်းရန် ဆိုတဲ့ လူငယ်လေးတစ်ယောက်နဲ့ ဆုံဖူးတယ် သူက ဂီတပါရမီ အလွန်ကောင်းပြီး အသံကလည်း ထူးခြားတယ် အရင်က အွန်လိုင်းမှာ နာမည်ကြီးခဲ့ပေမဲ့ သူက နည်းနည်း ခေါင်းမာပြီး ပွင့်လင်းလွန်းတော့ အပယ်ခံလိုက်ရတာ”
မင်ယွဲ့ မေးမြန်းသည်ကို သူက အလေးအနက် ပြန်လည်ဖြေကြားပေးလိုက်သည်။
[ယွမ်ပေါ့... အဲ့ဒီလူရဲ့ အခြေအနေကို စုံစမ်းပေးဦး]
သူတို့နှစ်ဦးသည် ဆေးရုံရှေ့တွင်ပင် လမ်းခွဲခဲ့ကြသည်။
[ကျန်းရန်၊ အသက် ၂၀ ၁၈ နှစ်သားမှာ အနုပညာလောကထဲကို ရောက်ခဲ့တယ် အစွန်းရောက်ပရိသတ်တွေနဲ့ ပြဿနာတက်လို့ အမြဲ ဝေဖန်ခံခဲ့ရတယ် ပြီးခဲ့တဲ့နှစ်က သူဌေးသမီးတစ်ယောက်ရဲ့ အလိုကျ မလိုက်လျောလို့ အပိတ်ခံလိုက်ရတာ
အခုတော့ နန်ယန် ဘားမှာ သီချင်းဆိုနေရတယ်]
ယွမ်ပေါ့က သတင်းအချက်အလက်များကို ဖတ်ပြသောအခါ မင်ယွဲ့က ပြုံးလိုက်မိသည်။
ကျန်းရန်ဆိုသော အမည်နှင့်အညီ အမှန်တကယ်ပင် ခေါင်းမာပြီး ပွင့်လင်းသူဖြစ်ကြောင်း သိလိုက်ရသဖြင့် သူမ စိတ်ဝင်စားသွားသည်။
[နန်ယန်ဘားကို အခုပဲ သွားကြစို့]
ဘားထဲသို့ ဝင်လိုက်သောအခါ နေ့ခင်းဘက် ဖြစ်၍ သီချင်းသံမှာ ငြိမ့်ညောင်းနေသည်။
အတွင်းပိုင်းတွင် မီးအလင်းအမှောင်တို့က ဝေဝါးနေပြီး Spotlight မီးများက ဟိုဟိုဒီဒီ ဖြတ်သန်းနေကြသည်။ ဝင်လိုက်သည်နှင့် အပြင်လောကနှင့် မတူဘဲ တခြားကမ္ဘာတစ်ခုသို့ ရောက်ရှိသွားသကဲ့သို့ ခံစားရသည်။
“ဘာသုံးဆောင်မလဲခင်ဗျာ”
မင်ယွဲ့ ဆိတ်ငြိမ်သော နေရာတစ်ခုတွင် ထိုင်လိုက်သည်နှင့် ဝန်ထမ်းလေးက ရောက်ရှိလာသည်။
“နွေဦးလက်ဖက်စိမ်း တစ်ခွက်ပေးပါ”
သူမ၏ ဖြူဖွေးသွယ်လျသော လက်ချောင်းလေးများက သောက်စရာစာရင်းရှိ ပုံရိပ်ကို အသာအယာ ထိတွေ့လိုက်သည်။
လှုပ်ခတ်နေသော မီးရောင်အောက်တွင် သူမ၏ လက်ကလေးများမှာ ပို၍ပင် ဆွဲဆောင်မှုရှိနေပြီး နူးညံ့သော အနမ်းတစ်ခုကို ခြွေချချင်စရာကောင်းလှသည်။
သို့သော် ဤနေရာတွင် လူနည်းသဖြင့် ဤအလှတရားကို ခံစားမည့်သူ မရှိသလောက်ပင်။
“ဟုတ်ကဲ့ပါ”
ဝန်ထမ်းလေးက ဘားကောင်တာသို့ သွားကာ မင်ယွဲ့ရှိရာဘက်သို့ လက်ညှိုးညွှန်ပြရင်း ဘားတင်ဒါကို တိုးတိုးလေး ပြောလိုက်သည်။
“တကယ်ပဲ မင်းပြောသလောက် လှလို့လား”
ဘားတင်ဒါက စပ်စုလိုစိတ်ဖြင့် လှမ်းကြည့် လိုက်သည်။
သူသည် ဘားတွင် လှပသော မိန်းကလေးများစွာကို မြင်ဖူးသဖြင့် နတ်သမီးတစ်မျှ လှသည် ဆိုသည်ကို သိပ်မယုံကြည်ချင်ပေ။
“ငါ ဘာလို့ လိမ်ရမှာလဲ အဲ့ဒီအမျိုးသမီးက ငါ့ကို တစ်ချက်ကြည့်လိုက်တာနဲ့ ငါ့ရင်တွေ တုန်သွားတာပဲ နှလုံးသားထဲမှာ နွေဦးရောက်လာပြီး ပန်းတွေ ပွင့်သွားသလို ခံစားချက်မျိုး မင်းနားလည်မှာ မဟုတ်ဘူး”
ဝန်ထမ်းလေးက ပြောရင်းဖြင့် သူ့ဘာသာ ခပ်ပြုံးပြုံး ဖြစ်နေတော့သည်။
“တော်စမ်းပါ၊ မင်းကတော့ ရူးနေပြီ ရပြီ... သွားပို့လိုက်တော့”
ဘားတင်ဒါက ဝန်ထမ်းလေး၏ ခေါင်းကို အသာအယာ တောက်လိုက်ကာ သောက်စရာကို ကမ်းပေးလိုက်သည်။
[ယွဲ့ယွဲ့... ကျန်းရန် စင်ပေါ်တက်လာပြီ]
ယွမ်ပေါ့၏ အသံလေးက စိတ်လှုပ်ရှားစွာဖြင့် ထွက်ပေါ်လာသည်။
မင်ယွဲ့သည် ဖန်ခွက်ထဲမှ စိမ်းစိုသော အရောင်အသွေးကို တစ်ငုံမြည်းစမ်းလိုက်သည်။ အရသာမှာ သူမ ထင်ထားသည်ထက် ပို၍ ကောင်းမွန်လှသည်။
စင်ပေါ်သို့ ကြည့်လိုက်သောအခါ ကျန်းရန်သည် ဂစ်တာတစ်လုံးနှင့်အတူ ရောက်ရှိလာသည်။
သူမ လာခဲ့သည်မှာ တစ်နှစ်ကြာ အပိတ်ခံထားရသော ဘဝက သူ့၏ ပင်ကိုယ်စရိုက်ကို မှေးမှိန်သွားစေပြီလားဆိုသည်ကို သိချင် သောကြောင့် ဖြစ်သည်။
ယွမ်ယွဲ့ ဖျော်ဖြေရေးသည် ရိုက်ထုတ်ထားသကဲ့သို့ တူညီနေသည့် အလှအပများကို မလိုချင်ဘဲ ထူးခြားသော ကိုယ်ပိုင်ဟန်ရှိသူများကိုသာ ပျိုးထောင်ပေးချင်ခြင်း ဖြစ်သည်။
ကျန်းရန်၏ အသံမှာ ကျောက်လင်းကျန့် ပြောခဲ့သကဲ့သို့ပင် အလွန်ထူးခြားလှသည်။
သူ သီဆိုနေသော အချစ်သီချင်းမှာ နားထောင် သူ၏ ရင်ကို တိုက်ရိုက်ထိမှန်စေသည်။
အနက်ရောင် ဝတ်စုံရိုးရိုးလေးနှင့်ပင် သူ၏ ဆွဲဆောင်မှုမှာ ဖုံးကွယ်ထား၍ မရပေ။ ထိုအခိုက်အတန့်တွင် သူသည် ဘားအတွင်းရှိ တောက်ပနေသော ကြယ်တစ်ပွင့် ဖြစ်လို့နေသည်။
“နောက်တစ်ပုဒ်... နောက်တစ်ပုဒ်”
သီချင်းဆုံးသွားသောအခါ လူတိုင်းက ဝိုင်းဝန်းအော်ဟစ်ကာ ထပ်ဆိုရန် တောင်းဆိုကြသည်။
ကျန်းရန်ကလည်း မငြင်းပယ်ဘဲ အားလုံးကို ပြုံးပြလိုက်သည်။
“သူက မွေးရာပါ ကြယ်တစ်ပွင့်ပဲ”
မင်ယွဲ့သည် ကျန်းရန်ကို ကြည့်ရင်း တိုးတိုးလေး ရေရွတ်မိသည်။
အနုပညာလောကတွင် သူမ ပျိုးထောင်မည့် မျိုးဆက်သစ်တို့၏ အနာဂတ်မှာ တောက်ပနေတော့မည် ဖြစ်သည်။