အခန်း (၄၅၃-၄၅၄)
Vol. 46 Ch. 453-454
အခန်း (၄၅၃) စာချုပ်ချုပ်ဆိုခြင်း
မင်ယွဲ့သည် ကျန်းရန်၏ အပြုံးကို ကြည့်ကာ မချီးကျူးဘဲ မနေနိုင်တော့ချေ။
ထိုအပြုံးသည် ဝင်းပတောက်ပလွန်းပြီး မည်သည့်အရာကိုမျှ ထည့်တွက်မနေသည့် လွတ်လပ်မှုအတိပြီးသော ရောင်ခြည်တန်းတစ်ခုသဖွယ် ဖြစ်နေတော့သည်။
ဒုတိယမြောက် သီချင်းမှာ ပထမသီချင်းနှင့် လုံးဝကွဲပြားခြားနားလှသည်။
ခုနက ကျန်းရန်သည် ဝမ်းနည်းကြေကွဲဖွယ်ရာ အချစ်သီချင်းများကို သီဆိုသည့် မင်းသားလေးတစ်ပါးဆိုလျှင်၊ ယခုစင်ပေါ်ရှိ ကျန်းရန်မှာမူ လမ်းသရဲဆန်ဆန် ပုံစံမျိုးဖြင့် ခေတ်မီဆန်းသစ်သော မင်းသားလေးတစ်ပါးသဖွယ် ဖြစ်နေပြန်သည်။
စည်းချက်ဝါးချက် ကျကျဖြင့် အားမာန်အပြည့် ပါဝင်သော 'ရက်ပ်' စာသားများမှာ သူ၏ နှုတ်ခမ်းဖျားမှ တသွင်သွင် စီးဆင်းလာသည်။
အရှိန်အဟုန်ပြင်းသော ထိုရက်ပ်သီချင်းမှာ အစောပိုင်းက သီချင်းနှင့် ဆန့်ကျင်ဘက် ဖြစ်နေသော်လည်း နှစ်မျိုးစလုံးမှာ ငြင်းမရနိုင်
လောက်အောင်ပင် ထူးကဲကောင်းမွန်လှသည်။
ပရိသတ်များ၏ မိုးခြိမ်းသံပမာ လက်ခုပ်သံများက ထိုအချက်ကို သက်သေထူနေတော့သည်။
“ဒါက ဒီနေ့အတွက် မင်းရဲ့ အလုပ်အားခပဲ ဒီတစ်ပတ်မှာ ခဏခဏ လာပေးနိုင်မလား၊ လစာကို သီးသန့် ထပ်ဆွေးနွေးလို့ ရပါတယ်”
နန်ယန်ဘားပိုင်ရှင်က နောက်ကွယ်တွင် ကျန်းရန်ကို စည်းရုံးနေခြင်း ဖြစ်သည်။
ကျန်းရန်သည် တစ်ပတ်လျှင် နှစ်ကြိမ်သာ လာသော်လည်း သူလာသည့်နေ့တိုင်း ဖောက်သည်ဦးရေမှာ နှစ်ဆတိုးလာပြီး သောက်စရာ ရောင်းအားမှာလည်း ကောင်းကင်သို့ ထိုးတက်သွားလေ့ရှိသည်။
ကျန်းရန်သည် သူ့အတွက်တော့ ရွှေဥအုပေးသော ငန်းတစ်ကောင် ဖြစ်နေသဖြင့် နေ့တိုင်းလာစေချင်မိသည်။
“ဟို... ကျန်းရန်နဲ့ တွေ့ချင်လို့ပါ၊ ကူညီပြီး ပြောပေးလို့ ရမလားဟင်”
မင်ယွဲ့က ဝန်ထမ်းလေးကို ခေါ်ကာ ညင်သာစွာ ပြောလိုက်သည်။
ကျောင်းကပွဲမှ ထွက်လာသည့် လူငယ်လေးတစ်ဦးကဲ့သို့ စင်ကြယ်ဝင်းပသော မင်ယွဲ့၏ အပြုံးကို မြင်လိုက်ရချိန်တွင် ဝန်ထမ်းလေးမှာ မျက်နှာတစ်ခုလုံး နီမြန်းသွားရသည်။
“ရ... ရပါတယ်၊ ကျွန်တော် အခုပဲ သွားပြောပေးပါ့မယ်”
မင်ယွဲ့က ကျေးဇူးတင်စကားပင် မပြောရသေးမီ ထိုဝန်ထမ်းလေးမှာ အပြေးအလွှား ထွက်ခွာသွားတော့သည်။
“မလိုတော့ဘူး၊ အရင်အတိုင်းပဲ ထားလိုက်ပါ”
ကျန်းရန်သည် ဘားတွင် သီချင်းဆိုရသည့် အချိန်က သူ၏ ကိုယ်ပိုင်အချိန်များကို ဝါးမြိုသွားခြင်းကို မလိုလားပေ။
“ဒါဆိုလည်း ပြီးတာပါပဲ၊ စိတ်ပြောင်းသွားရင်တော့ ပြောဦးနော်”
ဘားပိုင်ရှင်မှာ အနည်းငယ် စိတ်ပျက်သွားမိသည်။
ထိုစဉ် ဝန်ထမ်းလေး ရောက်လာပြီး ကျန်းရန်ကို တစ်စုံတစ်ဦးက တွေ့ချင်နေကြောင်း ပြောလာသည်။
ဘားရှိ ဝန်ထမ်းအားလုံးမှာ ကျန်းရန်နှင့် ရင်းနှီးကြသော်လည်း သူသည် ဧည့်သည်များကို အလွယ်တကူ တွေ့ဆုံလေ့မရှိသည်ကို သိထားကြသည်။
သို့သော် ယခုတစ်ကြိမ်တွင်မူ ဝန်ထမ်းလေးမှာ မင်ယွဲ့၏ ဆွဲဆောင်မှုကြောင့် ထူးထူးခြားခြား လာရောက်အကြောင်းကြားခြင်း ဖြစ်သည်။
“မတွေ့ဘူး...”
ကျန်းရန်က လှည့်ပင်မကြည့်ဘဲ ငြင်းဆိုလိုက် သည်။
ချမ်းသာသော အသိုင်းအဝိုင်းမှ ပျော်ပါးလိုသော မိန်းကလေးတစ်ဦးသာ ဖြစ်လိမ့်မည်ဟု သူက တထိုက်တည်း မှတ်ယူထားသည်။
“အဲ့ဒါကလေ... ကျန်းရန်အစ်ကို၊ ဒီတစ်ခါလာတဲ့သူက တခြားသူတွေနဲ့ မတူဘူးဗျ”
ဝန်ထမ်းလေးက အတင်းအကျပ် တိုက်တွန်းနေသဖြင့် ကျန်းရန်နှင့် ဘားပိုင်ရှင်တို့မှာ စပ်စုလိုစိတ် ဖြစ်ပေါ်လာရသည်။
မိမိတို့ ဝန်ထမ်းကပင် ရှေ့နေလိုက်ပေးနေရသည့် ထိုသူမှာ မည်သူနည်း။
“ဒါဆိုလည်း ဝင်ခိုင်းလိုက်ပါ”
ကျန်းရန်သည် အကြောင်းမဲ့ ရိုင်းစိုင်းသူ မဟုတ်သော်လည်း ပြဿနာများကိုသာ ရှောင်လွှဲလိုခြင်း ဖြစ်သည်။
သူ၏ ဖြောင့်မတ်လွန်းသော စရိုက်ကြောင့် အနုပညာလောကတွင် အဖုအထစ်များစွာ ကြုံခဲ့ရသည်။
လူယုတ်မာများကို ဖားယားရန် စိတ်ကူးပင် မရှိသဖြင့် သူသည် ဘေးဖယ်ခံထားရသော ဘဝကိုသာ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
လူအများ၏ အကြည့်အောက်မှ ကွယ်ပျောက်နေခြင်းက သူ့အတွက် ပြဿနာနည်းပါးစေသည် မဟုတ်ပါလား။
ကျွီ...။
တံခါးပွင့်သွားသည်နှင့် တစ်ပြိုင်နက် ကောင်းကင်ယံမှ ကြယ်စင်စုကြီး ရုတ်တရက် ပေါ်ထွက်လာသကဲ့သို့ ထူးကဲလှပသော မျက်နှာလေးတစ်ခု ပေါ်လာသည်။
အနုပညာလောကထဲတွင် ကျင်လည်နေသော ကျန်းရန်ပင်လျှင် ဤမျှ ပြိုင်ဘက်ကင်းသော အလှတရားမျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့ချေ။
“ကျွန်မနာမည် မင်ယွဲ့ပါ၊ တွေ့ရတာ ဝမ်းသာပါတယ်”
မင်ယွဲ့က ပြုံးလျက် လက်ကမ်းနှုတ်ဆက် လိုက်သည်။
ဘားပိုင်ရှင်မှာလည်း မင်ယွဲ့သည် သာမန်လူတစ်ယောက် မဟုတ်သည်ကို ရိပ်မိသဖြင့် သူတို့နှစ်ဦး စကားပြောနိုင်ရန် အခန်းထဲမှ ထွက်ခွာပေးလိုက်သည်။
“အလုပ်ပြောင်းဖို့ စိတ်ကူးရှိလား”
မင်ယွဲ့က စကားကို ကွေ့ပတ်မနေဘဲ တဲ့တိုးပင် မေးမြန်းလိုက်သည်။
ကျန်းရန်၏ မျက်နှာအမူအရာမှာ ချက်ချင်း ပြောင်းလဲသွားပြီး ရှုပ်ထွေးသော မျက်ဝန်းများဖြင့် မင်ယွဲ့ကို ကြည့်လိုက်မိသည်။
သူသည် အပယ်ခံထားရသည်မှာ ကြာပြီဖြစ်ရာ အနုပညာလောက၏ လျင်မြန်သော အပြောင်းအလဲများကြားတွင် သူ၏ အရှိန်အဝါတို့မှာ မှေးမှိန်နေပြီ ဖြစ်သည်။
ယခင်ကလည်း လူအချို့က သူ့ကို အနုပညာ အကြောင်းပြချက်ဖြင့် ကမ်းလှမ်းခဲ့သော်လည်း အားလုံးမှာ ကိုယ်ကျိုးစီးပွားနှင့် မဖွယ်မရာ ကိစ္စရပ်များသာ ပါဝင်နေခဲ့သည်။
“ပြောင်းချင်တာပေါ့...”
သူသည် စင်ထက်တွင် ရှိနေချင်သောကြောင့် အနုပညာလောကထဲသို့ ဝင်လာခဲ့ခြင်း ဖြစ်သည်။
ယခုမူ စင်မြင့်ကို ဆုံးရှုံးထားရသဖြင့် ကုမ္ပဏီပြောင်းရန် အမြဲ အိမ်မက်မက်နေခဲ့သည်။
သို့သော် ကူညီမည့်သူတိုင်းက မတရားသော တောင်းဆိုချက်များ ရှိနေသဖြင့် သူက ငြင်းပယ်ခဲ့ခြင်း ဖြစ်သည်။
“ကျွန်မကတော့ ငွေထွက်မယ့် အပင်တစ်ပင် လိုချင်တာ၊ နင်က ကျွန်မရဲ့ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီနေတယ်”
မင်ယွဲ့က ပြတ်သားစွာ ပြောလိုက်သည်။
“ထပ်ပြီး မိတ်ဆက်ပါရစေ ကျွန်မက ယွမ်ယွဲ့ ဖျော်ဖြေရေးက မင်ယွဲ့ပါ မစ္စမင်လို့ပဲ ခေါ်နိုင်ပါတယ်”
ကျန်းရန်၏ မျက်ဝန်းများမှာ ချက်ချင်းပင် ဝင်းပသွားတော့သည်။
ယွမ်ယွဲ့ ဖျော်ဖြေရေးသည် လက်ရှိတွင် အင်အားကြီးမားသော နောက်ခံရှိသည့် ကုမ္ပဏီသစ်တစ်ခုအဖြစ် နာမည်ကြီးနေသည် မဟုတ်ပါလား။
သူသည် ဤကုမ္ပဏီ၏ လျှို့ဝှက်သော အရှင်သခင်နှင့် တွေ့ဆုံရလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
“ကျွန်တော့်ရဲ့ အရင်ကုမ္ပဏီနဲ့ စာချုပ်ဖျက်ဖို့ ကူညီပေးနိုင်မယ်ဆိုရင် ကျွန်တော် ယွမ်ယွဲ့ကို ဝင်ဖို့ အဆင်သင့်ပါပဲ”
“အဲ့ဒါအတွက် ဘာမှ စိတ်မပူနဲ့”
မင်ယွဲ့က အေးအေးဆေးဆေးပင် ကတိပေးလိုက်သည်။
“ဘာလို့ ကျွန်တော့်ကို ရွေးချယ်ရတာလဲဟင်၊ ကျွန်တော့်နာမည်က အွန်လိုင်းမှာ သိပ်မကောင်းဘူးလေ”
ကျန်းရန်သည် စိတ်လှုပ်ရှားစွာဖြင့် သူ၏ လက်များကို ကြည့်နေမိသည်။
ဤသည်မှာ သူ၏ ဘဝအတွက် ဒုတိယအကြိမ်မြောက် အခွင့်အရေးတစ်ခု ဖြစ်လာနိုင်သည် မဟုတ်ပါလား။
“နင့်အကြောင်း ကောလာဟလတွေကို ငါ မယုံဘူး၊ ငါက တကယ့် ကျန်းရန်ကိုပဲ သိတာကျောက်လင်းကျန့်က နင်ဟာ တကယ့် ဂျူနီယာကောင်းတစ်ယောက်လို့ ပြောခဲ့တယ်၊ ငါ့အမြင်မှာလည်း နင်က အဲ့ဒီလို ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါတယ်”
ကျန်းရန်မှာ သူ့ကို ယုံကြည်ပေးသော မင်ယွဲ့ကို မော့ကြည့်လိုက်မိသည်။
အပယ်ခံထားရသော တစ်နှစ်တာအတွင်း “ငါ မင်းကို ယုံတယ်” ဟု ပြောမည့်သူ တစ်ယောက်မျှ မရှိခဲ့ပေ။
မိဘများကပင် သူ၏ စရိုက်သည် ဤလောကနှင့် မသင့်တော်ဟု ဆိုကာ ဆရာတစ်ယောက်သာ လုပ်ရန် အကြံပေးခဲ့ကြသည်။ သို့သော် သူက မကျေနပ်ခဲ့ပေ။
“အနုပညာလောကမှာ ကျွန်တော်က တစ်မျိုးကြီး ဖြစ်မနေဘူးလား”
ကျန်းရန်၏ စိတ်ဓာတ်များမှာ ပိုမိုတက်ကြွလာပြီး မင်ယွဲ့ကို စူးစိုက်ကြည့်ကာ အဖြေကို စောင့်ဆိုင်းနေမိသည်။
“အနုပညာလောကဆိုတာ ဘယ်သူ့ပိုင်နက်မှ မဟုတ်သလို သတ်မှတ်ချက် တစ်ခုတည်းလည်း မရှိဘူး အဖုံဖုံ ကွဲပြားနေတဲ့ အရည်အချင်းတွေ လိုအပ်တာ နောက်ပြီး နင်လုပ်ခဲ့တာတွေက မှားတယ်လို့ ငါမယူဆဘူး မလျော်ကန်တဲ့ စည်းမျဉ်းတွေကို 'ဟင့်အင်း' လို့ ပြောပိုင်ခွင့် နင့်မှာ ရှိတယ်”
“ဒါပေမဲ့ ကျွန်တော် အပယ်ခံလိုက်ရတယ်လေ၊ အားလုံးက ကျွန်တော့်အမှားလို့ ပြောကြတာ”
“အဲ့ဒါက နင့်ကုမ္ပဏီက အသုံးမကျလို့ပေါ့ နင်က နင့်ရဲ့ အခွင့်အရေးကို အသုံးချခဲ့ပေမဲ့ ကုမ္ပဏီက နင့်ကို ကာကွယ်ပေးနိုင်တဲ့ အစွမ်းအစ မရှိတော့ နင့်ကိုပဲ အပြစ်ပုံချလိုက်တာ”
“ဒါဆို မစ္စမင်ကရော...”
ကျန်းရန်က နောက်ဆုံးမေးခွန်းကို မေးလိုက် သည်။
“ယွမ်ယွဲ့ ဖျော်ဖြေရေးကတော့ အဲ့ဒီလို မဟုတ်
ဘူး အတွင်းပိုင်းက မကောင်းတဲ့ အကျင့်တွေကို အမြစ်ပြတ်အောင် လုပ်မှာဖြစ်သလို၊ အပြင်က လာသမျှ အန္တရာယ်တွေကိုလည်း ငါတို့ အစွမ်းကုန် ကာကွယ်ပေးမယ်”
ဤသည်မှာ မင်ယွဲ့၏ ရည်မှန်းချက်ပင် ဖြစ်သည်။
အနုပညာလောကတွင် သန့်ရှင်းသော နယ်မြေတစ်ခု ဖန်တီးပေးရန် သူမ စိတ်ပိုင်းဖြတ် ထားသည်။
“မစ္စမင်... စာချုပ်ဖျက်ဖို့ ဘယ်တော့လောက် စီစဉ်ပေးမှာလဲဟင်”
ကျန်းရန်သည် ထရပ်ကာ မင်ယွဲ့ကို လေးစားစွာ ဦးညွှတ်လျက် လက်ဆွဲနှုတ်ဆက်လိုက်သည်။
“မနက်ဖြန် ကုမ္ပဏီက ရှေ့နေနဲ့အတူ စာချုပ်သွားဖျက်မယ်၊ ပြီးရင် စာချုပ်သစ် ချုပ်ကြတာပေါ့”
ကျန်းရန်သည် ကျေးဇူးတင်လွန်းသဖြင့် စကားပင် မဆိုနိုင်တော့ချေ။
နောက်တစ်နေ့ နံနက်တွင် 'ယွဲ့ဟွာ နည်းပညာ' မှ စေလွှတ်လိုက်သော ရှေ့နေ ရောက်ရှိလာသည်။
ကျန်းရန်သည် ဝတ်စုံအသစ်ကို ဝတ်ဆင်ကာ ကုမ္ပဏီဟောင်းသို့ သွားရောက်ခဲ့သည်။
ကုမ္ပဏီသို့ ရောက်သောအခါ သူနှင့် တစ်ချိန်တည်း ဝင်ခဲ့ပြီး ယခုအခါ အောင်မြင်နေသော 'ကျူယွီ' နှင့် ဆုံတွေ့ရသည်။
ကျူယွီသည် ကျန်းရန်ကို လှောင်ပြောင်သရော် ရင်း ငွေချေးရန် ဟန်ဆောင်ကမ်းလှမ်းခဲ့သည်။
ကျန်းရန်ကလည်း သူ၏ စာချုပ်ဖျက်သိမ်းကြေး သန်းရှစ်ဆယ်ကို ချေးရန် ပြောလိုက်ရာ ကျူယွီမှာ ဆွံ့အသွားရသည်။
သူတို့နှစ်ဦးကြားတွင် စကားနာထိုးမှုများ ဖြစ်ပေါ်ခဲ့သော်လည်း ကျန်းရန်ကမူ ဂရုမစိုက်ဘဲ ရှေ့နေနှင့်အတူ ကုမ္ပဏီအတွင်းသို့ ရဲရဲဝံ့ဝံ့ ဝင်ရောက်သွားတော့သည်။
သူ၏ ဘဝသစ်သည် ယခုမှပင် စတင်တော့မည် မဟုတ်ပါလား။
အခန်း (၄၅၄) ခြိမ်းခြောက်ခြင်းမဟုတ်၊
သတိပေးခြင်းသာဖြစ်သည်
“ဘယ်သူ့ကို ရှာတာလဲ၊ ကျန်းရန်လား”
ဥက္ကဋ္ဌ၏ လက်ထောက်ဖြစ်သူသည် ကျန်းရန်ကို မြင်သည်နှင့် မှတ်မိသွားသည်။
ကုမ္ပဏီသို့ ခြေဦးမလှည့်သည်မှာ ကြာပြီဖြစ်သောသူက ရုတ်တရက် ပေါ်လာသဖြင့် သူ အနည်းငယ် အံ့အားသင့်သွားရသည်။
“သူဌေးနဲ့ တွေ့ချင်လို့ပါ”
ကျန်းရန်သည် စကားကို လိုရင်းသာ ပြောလိုက်သည်။ သူသည် ဤကိစ္စကို အမြန်ဆုံး အပြတ်ရှင်းလိုရုံသာ ရှိတော့သည်။
“ကျန်းရန်... ဒီနေ့ ဘာကိစ္စရှိလို့လဲ၊ ဥက္ကဋ္ဌက အရေးကြီးကိစ္စတွေ လုပ်နေတာ”
လက်ထောက်၏ လေသံမှာ အပေါ်ယံတွင် ယဉ်ကျေးသယောင် ရှိသော်လည်း စိတ်ထဲတွင်မူ ပြဿနာ အရှုပ်အရှင်းများ မဖြစ်စေလိုသည့် သဘောသာ ဖြစ်သည်။
ကျန်းရန်မှာ ဒေါသ မထွက်မိပေ။
အနုပညာလောကဆိုသည်မှာ ဤသို့ပင် မဟုတ်ပါလား။
နာမည်ကျော်နေချိန်တွင် ပတ်ဝန်းကျင်၌ လူကောင်းများ ဝန်းရံနေတတ်သော်လည်း၊ ကံဆိုးမိုးမှောင်ကျချိန်တွင်မူ လူယုတ်မာများသာ ကျန်ရစ်တော့သည်။
လောကဓံ၏ အတက်အကျကြားတွင် မနက်ဖြန်၌ ဘာဖြစ်လာမည်ကို မည်သူမျှ ကြိုတင်မသိနိုင်ချေ။
“အဲ့ဒီကောင်က ဘာမို့လို့ ဒီလောက်တောင် မောက်မာနေရတာလဲ”
ဗန်ကားပေါ်သို့ တက်လိုက်စဉ် ကျူယွီက ဒေါသတကြီး ရေရွတ်လိုက်သည်။
“ကျူယွီအစ်ကို... အဲ့ဒီလိုလူမျိုးအတွက်နဲ့ စိတ်မတိုပါနဲ့”
သူတို့နှစ်ဦးသည် ကျန်းရန်ကို ဝိုင်းဝန်းကဲ့ရဲ့ပြီးနောက်မှပင် စိတ်ကျေနပ်သွားပုံရသည်။
ထိုအချိန်တွင် ကျန်းရန်မှာ ရုံးခန်းတံခါးကို ခေါက်လိုက်ပြီ ဖြစ်သည်။
“ဝင်ခဲ့ပါ”
ကျန်းရန်နှင့် ရှေ့နေတို့ အခန်းထဲသို့ ဝင်လိုက်သောအခါ သူဌေးဖြစ်သူသည် လူတစ်ယောက်နှင့် စကားပြောနေသည်ကို တွေ့လိုက်ရသည်။
ထိုလူမှာ ကုမ္ပဏီ၏ စီနီယာတစ်ဦးဖြစ်သော 'ကျိုးချီ' ဖြစ်သည်။ ကျန်းရန် အနုပညာလောကသို့ စတင်ဝင်ရောက်ချိန်တွင် ကျိုးချီမှာ အောင်မြင်မှု၏ ထိပ်ဆုံးသို့ ရောက်ရှိနေသူ ဖြစ်သည်။
“မင်းတို့က ဘယ်သူတွေလဲ”
အခန်းထဲရှိ လူများက စကားဖြတ်ကာ ကျန်းရန်ကို အံ့ဩတကြီး ကြည့်လိုက်ကြသည်။
“ဥက္ကဋ္ဌကျန်း... ခင်ဗျား မှတ်ဉာဏ် တော်တော်တိုတာပဲ လွန်ခဲ့တဲ့ တစ်နှစ်က ကျွန်တော့်ကို အပယ်ခံလိုက်ဖို့ အမိန့်ပေးခဲ့တာ ခင်ဗျားပဲလေ၊ မမှတ်မိတော့ဘူးလား”
ကျန်းရန်က ခပ်အေးအေးပင် ထိုင်ခုံတစ်ခုတွင် ဝင်ထိုင်လိုက်သည်။ သူသည် မိမိကိုယ်မိမိ ပင်ပန်းခံရန် စိတ်မကူးတော့ပေ။
“ကျန်းရန်...”
ဥက္ကဋ္ဌကျန်းသည် သူ့ကို အသေအချာ ကြည့်ပြီးနောက်မှ မှတ်မိသွားဟန် တူသည်။
ကျိုးချီကလည်း ကျန်းရန်ကို ကြည့်ကာ စိတ်မကောင်း ဖြစ်သွားမိသည်။
ထိုစဉ်က ကျန်းရန် အပယ်ခံရသည်ကို သူ နှမြောခဲ့သော်လည်း ယနေ့တွင် ဤကဲ့သို့ ပြန်လည်ဆုံတွေ့ရမည်ဟု မထင်မှတ်ထားခဲ့ပေ။
“ကျွန်တော်ပါပဲ”
ကျန်းရန်၏ ပြတ်သားသော အသံမှာ နားထဲတွင် ပဲ့တင်ထပ်သွားသည်။
ပြဿနာရှာရန် လာသူနှင့် တူနေသော်လည်း ထိုအသံမှာ အလွန်ပင် နားဝင်ချိုလှသဖြင့် သူ၏ ရိုင်းစိုင်းမှုကိုပင် ခွင့်လွှတ်ချင်စရာ ဖြစ်နေတော့သည်။
“ကျန်းရန်... အဲ့ဒီတုန်းက ကုမ္ပဏီမှာလည်း ရွေးချယ်စရာ မရှိလို့ပါ မင်းက 'ဆန်း' မိသားစုရဲ့ သမီးကို သွားပြီး စိတ်ဆိုးအောင် လုပ်မိတာကိုး၊ ကုမ္ပဏီက မင်းကို မကာကွယ်ပေးနိုင်ခဲ့ဘူး”
ဥက္ကဋ္ဌကျန်းက စာနာသယောင်ဟန်ဆောင်ရင်း ဆက်ပြောသည်။
“စိတ်မပူပါနဲ့၊ အခု ဆန်းမိသားစုသမီးက ကျူယွီနဲ့ စကားပြောနေပြီဆိုတော့ မကြာခင် မင်းအတွက် အလုပ်တွေ ပြန်ရှာပေးပါ့မယ်”
ကျန်းရန်က ထိုစကားများမှာ အနှစ်သာရမရှိသော ကတိကဝတ်များသာ ဖြစ်ကြောင်း ကောင်းစွာ သိသည်။
ကုမ္ပဏီကသာ သူ့ကို တကယ် ကူညီချင်လျှင် လွန်ခဲ့သော တစ်နှစ်ကတည်းက လုပ်ဆောင်ပေးခဲ့မည် ဖြစ်သည်။
“မလိုပါဘူး၊ ကျွန်တော် ဒီနေ့ လာတာက စာချုပ်ဖျက်ဖို့ပါ”
ကျန်းရန်က လက်ကာပြလိုက်သည်။
ဟန်ဆောင်နေရသည်ကို သူ ငြီးငွေ့နေပြီ ဖြစ်သည်။ ဘေးတွင် ရပ်နေသော ရှေ့နေက ချောင်းတစ်ချက် ဟန်ပါပါ ဟန့်လိုက်သောအခါမှ အားလုံး၏ အကြည့်များက ရှေ့နေထံသို့ ရောက်သွားတော့သည်။
“ဥက္ကဋ္ဌကျန်း... ကျွန်တော်က ကျန်းရန်ရဲ့ ရှေ့နေပါ ဒီနေ့ ကျန်းရန်ရဲ့ စာချုပ်ဖျက်သိမ်းရေးကိစ္စကို လာရောက်ဆွေးနွေးတာပါ”
ဥက္ကဋ္ဌကျန်း၏ ဟန်ဆောင်အပြုံးများမှာ ပျောက်ကွယ်သွားတော့သည်။
ကျန်းရန်သည် အလုပ်ပြန်တောင်းရန် လာသည်ဟု သူ ထင်မှတ်ခဲ့ခြင်း ဖြစ်သည်။
အနုပညာလောကတွင် လူမေ့ခံထားရသော ကျန်းရန်က စာချုပ်ဖျက်ရန် မည်သို့သော အရည်အချင်းနှင့် လာတောင်းဆိုသနည်း။
“ကျန်းရန်... မင်း တကယ်ပဲ စာချုပ်ဖျက်ချင်တာလား ဒဏ်ကြေး သန်းရှစ်ဆယ်... မင်းမှာ အဲ့ဒီလောက် ငွေရှိလို့လား”
ကျိုးချီကလည်း ကျန်းရန်ကို စူးစမ်းစွာ ကြည့်နေမိသည်။
ကျန်းရန်သည် မည်သည့် အားကိုးအားထားကြောင့် ဤမျှ ယုံကြည်ချက်ရှိနေသနည်း။ သူကိုယ်တိုင်လည်း ကုမ္ပဏီက သူ့ကို ကန့်သတ်ထားသဖြင့် စာချုပ်ဖျက်ရန် ကြိုးစားနေသော်လည်း ညှိနှိုင်းမှုမှာ အဆင်မပြေသေးပေ။
“ဥက္ကဋ္ဌကျန်း... ကျန်းရန်က အခု အပိတ်ခံထားရတော့ ကုမ္ပဏီအတွက်လည်း အမြတ်မထွက်ဘူးလေ ဒါကြောင့် သန်းငါးဆယ်နဲ့ စာချုပ်ဖျက်ဖို့ ညှိနှိုင်းချင်ပါတယ်”
ရှေ့နေ၏ စကားကို ကြားသောအခါ ဥက္ကဋ္ဌကျန်း၏ မျက်နှာမှာ ပို၍ပင် ပျက်သွားရသည်။
“သန်းငါးဆယ်ကတော့ မဖြစ်နိုင်ဘူး၊ စာချုပ်အရဆိုရင် သန်းရှစ်ဆယ် ပေးရမှာပဲ”
သူသည် ကျန်းရန်တွင် ထိုမျှသော ငွေမရှိကြောင်း အပိုင်တွက်ထားသည်။
သို့သော် ကျန်းရန်က သူ့ကို ဂရုမစိုက်ဘဲ ရှေ့နေကိုသာ ကြည့်လိုက်သည်။ မင်ယွဲ့က ကူညီမည်ဟု ကတိပေးထားသဖြင့် သူ စိုးရိမ်စရာ မရှိတော့ချေ။
“ခင်ဗျား တကယ်ပဲ လျှော့မပေးဘူးလား”
ရှေ့နေက အေးစက်စွာ မေးလိုက်သည်။
ဥက္ကဋ္ဌကျန်းက စိတ်မရှည်တော့ဟန်ဖြင့် -
“ငွေအပြည့်ပေးရင် ပေး၊ မပေးနိုင်ရင်လည်း ထွက်သွားတော့”
သူသည် ကျန်းရန်ကို ကုမ္ပဏီတွင်သာ ဆက်လက်ချုပ်နှောင်ထားလိုသည်။
'ဆန်း' မိသားစုနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်နေရသဖြင့် ကျန်းရန် နာမည်ပြန်ကြီးလာပြီး အနှောင့်အယှက် ဖြစ်မည်ကို သူ စိုးရိမ်နေခြင်း ဖြစ်သည်။
“လွန်ခဲ့တဲ့ တစ်နှစ်က ကျန်းရန်ရဲ့ မန်နေဂျာဟာ အွန်လိုင်းမှာ ကျန်းရန်ကို တိုက်ခိုက်ဖို့ လူတွေကို ငှားခဲ့တယ် အဲ့ဒါ ခင်ဗျားရဲ့ အမိန့်လား ခင်ဗျားက သန်းငါးဆယ်ကို မကျေနပ်ဘူးဆိုရင်တော့ ကျွန်တော်တို့ ထပ်ပြီး ညှိနှိုင်းမနေတော့ပါဘူးဒါပေမဲ့ အွန်လိုင်းမှာ ခင်ဗျား မမြင်ချင်တဲ့အရာတွေ ပေါ်လာရင်တော့ နောင်တမရနဲ့နော်”
ရှေ့နေက တိုက်ရိုက်ပင် ပြောချလိုက်သည်။
“မင်း... မင်းက ရှေ့နေတစ်ယောက်ဖြစ်ပြီး ငါ့ကို ခြိမ်းခြောက်နေတာလား၊ ငါ မင်းကို တရားစွဲမယ်”
“ဒါက ခြိမ်းခြောက်တာမဟုတ်ဘူး၊ သတိပေးတာပါ ခင်ဗျားတို့ ကုမ္ပဏီက ကျန်းရန်အပေါ် မဟုတ်မမှန် သတင်းတွေလွှင့်ပြီး စိတ်ပိုင်းဆိုင်ရာ နစ်နာအောင် လုပ်ခဲ့တယ် နောက်ပြီး ကျန်းရန်ရဲ့ သီချင်းတွေကိုလည်း မတရား အသုံးပြုပြီး မူပိုင်ခွင့် ချိုးဖောက်ခဲ့တယ် တကယ်လို့ ခင်ဗျားက အေးအေးဆေးဆေး မဖြေရှင်းချင်ဘူးဆိုရင်တော့... ပြီးခဲ့တဲ့ မတ်လက ခင်ဗျားတို့ ကုမ္ပဏီက ကျင်းပခဲ့တဲ့ ပင်လယ်ပျော် သင်္ဘောပေါ်က ပါတီအကြောင်းကိုပါ ဆွေးနွေးရပါလိမ့်မယ်”
မင်ယွဲ့ ပေးအပ်ထားသော အချက်အလက်များကြောင့် ရှေ့နေမှာ အပြည့်အဝ ပြင်ဆင်ထားပြီး ဖြစ်သည်။
အကယ်၍ နှစ်ဦးနှစ်ဖက် အဆင်ပြေလျှင် ငွေအနည်းငယ်ပေးကာ အဆုံးသတ်မည် ဖြစ်သော်လည်း၊ တစ်ဖက်က မတရားလျှင်မူ သူမတို့ဘက်ကလည်း အလျှော့ပေးရန် အကြောင်းမရှိပေ။
“ခင်ဗျား... ခင်ဗျား လက်ထဲမှာ ဘာတွေရှိနေတာလဲ”
ဥက္ကဋ္ဌကျန်းသည် ဒေါသထွက်လွန်းသဖြင့် သွားများကို ကြိတ်ထားမိသည်။
အနုပညာလောက၏ ဖုံးကွယ်ထားသော လျှို့ဝှက်ချက်များမှာ လူသိရှင်ကြား ဖြစ်သွားပါက လူများစွာ နစ်နာဆုံးရှုံးနိုင်သည် မဟုတ်ပါလား။ သူသည် ရှေ့နေကို စိုက်ကြည့်ရင်း မည်သည့်အဖွဲ့အစည်းက ဖြစ်နိုင်မည်ကို ခန့်မှန်းနေမိသည်။
“ခင်ဗျား အခု တွေးနေတဲ့ အရာအားလုံး ကျွန်တော့်ဆီမှာ ရှိတယ်”
ရှေ့နေက မကြောက်မရွံ့ ပြန်လည်တုံ့ပြန်လိုက်သည်။ သူ့နောက်တွင် မင်ယွဲ့ရှိနေသဖြင့် သူ ဘာကိုမျှ စိုးရိမ်စရာ မရှိချေ။
“ငါ အထောက်အထားကို မြင်ချင်တယ်”
ထိုစကားကို ကြားရချိန်တွင် ဥက္ကဋ္ဌကျန်း အလျှော့ပေးလိုက်ပြီဖြစ်ကြောင်း အားလုံး သိလိုက်ကြသည်။
ရှေ့နေက ယူအက်စ်ဘီ (USB) တစ်ခုကို ထုတ်ပေးလိုက်ရာ ဥက္ကဋ္ဌကျန်းက သူ့လက်ပ်တော့ပ်တွင် တပ်ဆင်ကာ စစ်ဆေးလိုက်သည်။
ထိုဗီဒီယိုဖိုင်များကို မြင်လိုက်ရချိန်တွင် သူ၏ မျက်နှာမှာ ဖြူလျော်သွားရသည်။
“အခု စာချုပ်ဖျက်လို့ ရပြီလား”
ကျန်းရန်၏ စကားမှာ ဥက္ကဋ္ဌကျန်း၏ ရင်ဘတ်ကို ဓားနှင့် ထိုးလိုက်သကဲ့သို့ပင်။ သို့သော် သူ ဘာမျှ မတတ်နိုင်တော့ပေ။
“ကောင်းပြီ... ဒါပေမဲ့ အဲ့ဒီအထောက်အထားတွေကို ငါ့ကို ပေးခဲ့ရမယ်၊ မိတ္တူတွေအားလုံးကိုလည်း ဖျက်ဆီးပစ်ရမယ်”
ဥက္ကဋ္ဌကျန်းသည် လက်ထောက်ကို ခေါ်ကာ စာချုပ်ဖျက်သိမ်းရေး သဘောတူညီချက်ကို ရိုက်နှိပ်ခိုင်းလိုက်တော့သည်။
လက်ထောက်မှာ အံ့ဩတကြီးဖြင့် ကျန်းရန်ကို ကြည့်နေမိသည်။
ကျန်းရန်သည် အမှန်တကယ်ပင် ဤကုမ္ပဏီမှ လွတ်မြောက်သွားနိုင်ခဲ့ပြီ ဖြစ်သည်။