အခန်း (၄၅၅-၄၅၆)
Vol. 46 Ch. 455-456
အခန်း (၄၅၅) ပြီးပြည့်စုံခြင်း
'ထျန်းယွဲ့ ဖျော်ဖြေရေး’ တည်ထောင်ခဲ့သည့် နှစ်များတစ်လျှောက်တွင် ကုမ္ပဏီဘက်မှ အထိအခိုက်မရှိဘဲ စာချုပ်ဖျက်သိမ်းနိုင်ခဲ့သော ဖောက်သည်ဟူသည်မှာ အလွန်ပင် ရှားပါးလှသည်။
စာချုပ်ဖျက်သိမ်းရေး သဘောတူညီချက်မှာ ခဏအတွင်းမှာပင် ပရင်တာမှ ထွက်ပေါ်လာပြီး ကျန်းရန်သည် သူ၏အမည်ကို တုံ့ဆိုင်းမှုမရှိဘဲ လျင်မြန်စွာ ရေးထိုးလိုက်တော့သည်။
“ကျွန်တော့်ရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေမယ့် အလုပ်တွေကို ခင်ဗျားတို့ ကုမ္ပဏီဘက်က အွန် လိုင်းပေါ်မှာ ထပ်မလုပ်တော့ဖို့ မျှော်လင့်ပါတယ်”
ခိုင်လုံသော အထောက်အထားများ လက်ဝယ်ရှိထားသဖြင့် ကျန်းရန်၏ လေသံမှာ အားမာန် အပြည့်ဖြင့် ယုံကြည်ချက်ရှိနေသည်။
အနုပညာလောကတွင် အင်အားကြီးသော ကျောထောက်နောက်ခံ ရှိခြင်းမှာ ကိစ္စရပ်တိုင်းကို ချက်ချင်းပင် ချောမွေ့သွားစေသည် မဟုတ်ပါလား။
ကျန်းရန်သည် ကုမ္ပဏီအပြင်ဘက်သို့ ထွက်လာချိန်တွင် အောင်နိုင်သူတစ်ဦး၏ ခံစားချက်ကို ပထမဆုံးအကြိမ်အဖြစ် နှစ်နှစ်ခြိုက်ခြိုက် ခံစားလိုက်ရသည်။
သူသည် ကောင်းကင်ယံသို့ မော့ကြည့်လိုက်ရာ တောက်ပစွာ ထွန်းလင်းနေသော နေရောင်ခြည်မှာ သူ၏ မျက်နှာပေါ်သို့ နွေးထွေးစွာ ကျရောက်လာသည်။
ဤမြင်ကွင်းကို 'ထျန်းယွဲ့' ရှေ့တွင် ချောင်းမြောင်းနေသော Paparazziများက လက်လွတ်မခံဘဲ မှတ်တမ်းတင်လိုက်ကြသည်။
ထိုဓာတ်ပုံတစ်ပုံမှာ အွန်လိုင်းပေါ်တွင် တဖြည်းဖြည်း ပြန့်နှံ့သွားပြီး လူမှုကွန်ရက်၌ ဆွေးနွေးမှုများ အကြီးအကျယ် မြင့်တက်လာတော့သည်။
“အလှပဂေးလေးများ ရှာဖွေခြင်း” ဟူသော
Hashtag မှာ ချက်ချင်းပင် ရေပန်းစားသွားသည်။
“ဒီလူငယ်လေးက ဘယ်သူလဲ ထျန်းယွဲ့ရဲ့ လူသစ်လား တော်တော်လေး ချောတာပဲ”
“သူ့ရဲ့ ပုံစံနဲ့ စတိုင်လ်က ကျွန်မတို့ 'ကျူယွီ' အစ်ကိုနဲ့ တော်တော်ဆင်တာပဲ တခြားလူဆီက အတုခိုးတတ်တဲ့ နေရာမှာတော့ ဆရာကြီးပဲ”
“ဟုတ်ပ... ကိုယ့်အရည်အချင်းကိုယ်ပဲ မြှင့်တင်ပါလား ဘာလို့ တခြားလူရဲ့ ပုံစံကို လိုက်လုပ်နေရတာလဲ ထျန်းယွဲ့... ငါတို့ ကျူယွီကို မြန်မြန် ကာကွယ်ပေးပါဦး”
ကျူယွီ၏ ပရိသတ်များ၏ ဝေဖန်သံများ ဆူညံနေချိန်တွင် ကျန်းရန်၏ ပရိသတ်အချို့ကလည်း ပြန်လည်တုံ့ပြန်လာကြသည်။
“ကျူယွီရဲ့ ပရိသတ်တွေ တော်တော်လွန်နေပြီကျန်းရန်က အခုနောက်ပိုင်း အွန်လိုင်းမှာ သိပ်မတွေ့ရပေမဲ့ သူ့ကို သိတဲ့သူတွေ ရှိနေသေးတယ်ဆိုတာ မမေ့ကြနဲ့ဦး”
“ဟား... ရယ်လိုက်ရတာ ကျန်းရန်က ကျူယွီကို အတုခိုးတယ် ဟုတ်လား။ နင်တို့ ဘာတွေ ပြောနေမှန်းရော သိရဲ့လား ကျန်းရန်က ပုန်ကန်တတ်တဲ့ ဝံပုလွေငယ်လေးလို ပုံစံနဲ့ နာမည်ကြီးခဲ့တာ ကျူယွီ စတင်ဝင်ရောက်လာတုန်းက ကျန်းရန်နဲ့ တစ်ချိန်တည်းပဲ၊ ဒါပေမဲ့ အဲ့ဒီတုန်းက ကျူယွီက ဝတ်စုံနဲ့ ချစ်စရာကောင်းတဲ့ ခွေးပေါက်လေး ပုံစံပဲ ရှိသေးတာ ဘယ်သူက ဘယ်သူ့ကို အတုခိုးနေတာလဲ”
ကျန်းရန်၏ ပရိသတ်အများစုမှာ လူစုကွဲသွားပြီဖြစ်သော်လည်း သူ၏ Weibo အကောင့်တွင် အမာခံပရိသတ်အချို့ ကျန်ရှိနေသေးသည်။
ထို့ပြင် ကျန်းရန်တွင် အောင်မြင်ကျော်ကြားခဲ့သော သီချင်းနှစ်ပုဒ် ရှိထားသဖြင့် လူအများက သူ့ကို မှတ်မိနေကြဆဲ ဖြစ်သည်။
ကျူယွီ၏ ပရိသတ်များ အဓိပ္ပာယ်မဲ့စွာ တိုက်ခိုက်နေသည်ကို မြင်သောအခါ ကြားနေသူများပင် ကျန်းရန်ဘက်မှ ဝင်ရောက်ကာကွယ်ပေးလာကြတော့သည်။
အမှန်တရားကို လိမ်ညာဖြည့်စွက်နေသည်ကို သူတို့ မကြည်ဖြူနိုင်ကြပေ။
ကျန်းရန် ထွက်ခွာသွားပြီးနောက် ဥက္ကဋ္ဌကျန်း၏ မျက်နှာပေါ်မှ ဒေါသရိပ်များကို မြင်သောအခါ ရှေ့နေဖြစ်သူက ဆက်လက်ဆွေးနွေးရန် မဖြစ်နိုင်တော့ကြောင်း သိလိုက်သဖြင့် နှုတ်ဆက်ကာ ထွက်ခွာခဲ့သည်။
“အသုံးမကျတဲ့ကောင်တွေ! အားလုံးက အသုံးမကျတဲ့ကောင်တွေ”
ရုံးခန်းထဲတွင် ဥက္ကဋ္ဌကျန်း တစ်ဦးတည်း ကျန်ရစ်ချိန်၌ စားပွဲပေါ်မှ ပစ္စည်းများကို ကြမ်းပြင်ပေါ်သို့ ဒေါသတကြီး ရိုက်ခွဲပစ်လိုက်သော်လည်း သူ၏ ဒေါသမှာ မပြေနိုင်သေးချေ။
တစ်ချက်တည်းနှင့် ချေမှုန်းပစ်နိုင်သော ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ ကျန်းရန်က သူ့ရှေ့တွင် မောက်မာသွားသည်ကို သူ မခံမရပ်နိုင် ဖြစ်နေရသည်။
သူသည် ကျန်းရန်ကို ကလဲ့စားချေချင်သော်လည်း ကျန်းရန်၏ လက်ထဲတွင် အထောက်အထားများ ရှိနေမည်ကို စိုးရိမ်နေရသည်။
ထိုပင်လယ်ပျော်သင်္ဘောပေါ်မှ ပါတီသည် အထက်တန်းလွှာများနှင့် အနုပညာရှင်များစွာ ပါဝင်နေသဖြင့် ပေါက်ကြားသွားပါက 'ထျန်းယွဲ့' မှာ လုံးဝ ပျက်စီးသွားပေလိမ့်မည်။
“စာချုပ်ဖျက်လိုက်နိုင်လို့လည်း ဘာထူးမှာလဲအနုပညာလောကမှာ မင်းက ဘာမှမဟုတ်တော့ဘူး မင်း ပျက်စီးဆင်းရဲသွားမှာကို ငါ ထိုင် စောင့်နေမယ်”
သူသည် ကျန်းရန်ကို ကျိန်ဆဲရင်းသာ စိတ်ဖြေနေရတော့သည်။
#ကျန်းရန်ကို ယွမ်ယွဲ့ ဖျော်ဖြေရေးက နွေးထွေးစွာ ကြိုဆိုပါတယ်
#ယွမ်ယွဲ့ ဖျော်ဖြေရေးက မင်းရဲ့ လာရောက်မှုကို မျှော်လင့်နေပါတယ်
'ယွမ်ယွဲ့ ဖျော်ဖြေရေး' ၏ တရားဝင် ဝေပိုအကောင့်မှ ဤသတင်းကို ချက်ချင်း ထုတ်ပြန်လိုက် သည်။
ကျန်းရန်သည် 'ထျန်းယွဲ့' မှ ထွက်လာပြီးနောက် စာချုပ်ချုပ်ရန်သာ စိတ်ကူးထားသော်လည်း ရှေ့နေဖြစ်သူက သူ့ကို ကုမ္ပဏီသို့ တိုက်ရိုက် ခေါ်ဆောင်လာခဲ့သည်။
“ဒါက မစ္စမင် ကြိုတင်စီစဉ်ပေးထားတဲ့ စာချုပ် ပါ ကျွန်တော်တို့ ကုမ္ပဏီမှာ A, B, C, D ဆိုပြီး အဆင့် ၄ ဆင့် ရှိသလို အမြင့်ဆုံး S အဆင့် စာချုပ်လည်း ရှိပါတယ် အခု သူဌေးက ခင်ဗျားကို ပေးထားတာက B အဆင့် စာချုပ်ပါ”
ကျန်းရန်သည် အလွန်ပင် ကျေနပ်သွားမိသည်။
သူသည် အွန်လိုင်းပေါ်တွင် အပယ်ခံထားရသူ ဖြစ်သော်လည်း မင်ယွဲ့က သူ့ကို B အဆင့် ပေးထားခြင်းမှာ ကြီးမားသော ဂုဏ်ပြုမှုပင် ဖြစ်သည်။
သူသည် အနာဂတ်တွင် A အဆင့်နှင့် နောက်ဆုံး S အဆင့်အထိ ရောက်အောင် ကြိုးစားမည်ဟု စိတ်ပိုင်းဖြတ်လိုက်ကာ ဝေခွဲမနေဘဲ စာချုပ်ပေါ်တွင် လက်မှတ်ရေးထိုးလိုက် တော့သည်။
“အခု ကျွန်တော် ပြန်လို့ရပြီလား”
“ခဏလေးပါ၊ မမချန်က ခင်ဗျားရဲ့ ကိစ္စတွေကို ဆက်ပြီး တာဝန်ယူပါလိမ့်မယ် သူက ခင်ဗျားရဲ့ မန်နေဂျာပါ”
ရှေ့နေ ထွက်သွားပြီးနောက် တည်ငြိမ်၍ စမတ်ကျသော အမျိုးသမီးတစ်ဦး ကျန်းရန်ထံသို့ လျှောက်လှမ်းလာသည်။
သူမ၏ နက်မှောင်သော ဒေါက်ဖိနပ်သံများက ကြမ်းပြင်ပေါ်တွင် တချက်ချက်နှင့် မြည်ဟည်းနေသည်။
“ငါ့နောက် လိုက်ခဲ့”
သူမ၏ စကားလုံးများမှာ ပြတ်သားလွန်းလှသည်။ ကျန်းရန်သည်လည်း ချက်ချင်းပင် လိုက်ပါသွားတော့သည်။
“အခု ယွမ်ယွဲ့ကို ရောက်ပြီဆိုတော့ အတိတ်က အမှိုက်တွေကို လွှင့်ပစ်လိုက်ပါ အသစ်ကနေ ပြန်စကြရအောင် ပထမဆုံး ဓာတ်ပုံတစ်စုံ အရင်ရိုက်မယ်”
ကျန်းရန်သည် ပြင်ဆင်ခန်းထဲသို့ ပို့ဆောင်ခံလိုက်ရပြီး မိတ်ကပ်ဆရာက သူ၏ မျက်နှာပေါ်တွင် လျင်မြန်စွာ အလှပြင်ပေးတော့သည်။
ကျန်းရန်သည် ယွမ်ယွဲ့၏ အလုပ်လုပ်ပုံကို သဘောကျမိသည်။
စကားနည်းသော်လည်း အလုပ်ကို တိကျစွာ လုပ်ဆောင်ခြင်းက သူ့အား ခိုင်မာသော ယုံကြည်မှုကို ဖြစ်စေသည်။
“ဒီနားတိုးဦး၊ ဆံပင်လေး နည်းနည်း ပြင်ပေးမယ်”
ကျန်းရန်သည် အဝတ်အစားလဲထားသဖြင့် ဆံပင်အနည်းငယ် ရှုပ်နေသော်လည်း မိတ်ကပ်ဆရာ ပြင်ဆင်ပေးနိုင်ရန် အရပ်ကို အနည်းငယ် နှိမ့်ပေးကာ အေးအေးဆေးဆေးပင် ရပ်နေပေးသည်။
ထိုမောက်မာတတ်သော ဝံပုလွေငယ်လေးမှာ ယခုမူ နူးညံ့စွာဖြင့် မျက်လွှာချနေသည်မှာ အလွန်ပင် ဆွဲဆောင်မှုရှိလှသည်။
မိတ်ကပ်ဆရာမမှာ ကျန်းရန်၏ နှာခေါင်းထိပ်ရှိ မှဲ့လေးကို မြင်လိုက်ရချိန်တွင် သူမ၏ နှလုံးသားလေးမှာ တုန်လှုပ်သွားရသည်။
ဤမှဲ့လေးမှာ မီးရောင်အောက်တွင် အလွန်ပင် ထူးခြားဆန်းပြားသော အလှကို ဖန်တီးပေးနေတော့သည်။
မန်နေဂျာ မမချန် ရောက်ရှိလာပြီး ကျန်းရန်ကို ဓာတ်ပုံရိုက်ရန် ခေါ်ဆောင်သွားသည်။
လွတ်လပ်ပေါ့ပါးသော လူငယ်တစ်ဦး၏ ဟန်ပန်မှာ ကျန်းရန်၏ အသက် ၂၀ အရွယ် လူငယ်ဘဝကို ပေါ်လွင်စေသည်။
“ဟုတ်ပြီ... အဲ့ဒီအတိုင်းပဲ”
ဓာတ်ပုံဆရာ၏ ချီးမွမ်းသံများက စတူဒီယိုအတွင်း ပဲ့တင်ထပ်နေသည်။
ကျန်းရန်သည် အနက်ရောင် ဝတ်စုံဖြင့် လဲလှယ်လိုက်သောအခါ သူ၏ ဆွဲဆောင်မှုမှာ ပို၍ပင် တောက်ပလာတော့သည်။
အခန်း (၄၅၆) စာချုပ်ဖျက်သိမ်းခြင်း
“အခုမှပဲ ဥက္ကဋ္ဌမင်က မင်းကို ဘာလို့ ဒီလောက်တန်ဖိုးထားရသလဲဆိုတာ ငါနားလည်တော့တယ် ဒီအတိုင်းပဲ ဆက်ကြိုးစားပြီး အကောင်းဆုံးပုံဖော်ပေးပါ”
အနုပညာလောက၏ အမှောင်ရိပ်ထဲတွင် နှစ်ပေါင်းများစွာ နစ်မြုပ်နေခဲ့ရသည့် လူငယ်တစ်ဦးအား ဥက္ကဋ္ဌမင်ကိုယ်တိုင် သွားရောက်ခေါ်ယူကာ စာချုပ်ဖျက်သိမ်းရေးအထိ ကူညီပေးခဲ့ခြင်းမှာ ကုမ္ပဏီသမိုင်းတွင် အလွန်ပင် ထူးခြားသည့် ဖြစ်ရပ်တစ်ခုပင် ဖြစ်သည်။
ယခင်က ရွေးချယ်ခံခဲ့ရသည့် 'လင်းကျိုး' သည်လည်း လက်ရှိ လေ့ကျင့်ရေးကာလတွင် အလွန်ထူးချွန်နေကြောင်း သတင်းများ ထွက်ပေါ်နေသည်။
မင်ယွဲ့၏ စီးပွားရေးအမြင်မှာ စူးရှလွန်းလှရာ သူမ ရွေးချယ်လိုက်သည့် ဝန်ထမ်းတိုင်းမှာ အရည်အသွေးမြင့်မားသူများသာ ဖြစ်ကြသည်။
“ရှပ်အင်္ကျီ ကော်လာက ကြယ်သီးအပေါ် နှစ်လုံးကို ဖြုတ်လိုက်ပါ၊ ဟုတ်ပြီ... အဲ့ဒီအတိုင်းပဲ”
ကျန်းရန်သည် ဓာတ်ပုံဆရာ၏ ညွှန်ကြားချက် အတိုင်း ပုံစံအမျိုးမျိုး ပြောင်းလဲပေးနေသည်။
“မေးစေ့ကို နည်းနည်းလေးမော့၊ ဘေးကို အနည်းငယ်စောင်းလိုက်... အိုကေ၊ မလှုပ်နဲ့တော့၊ ဒီထောင့်က အတော်ပဲ”
ယခင်က ရိုက်ခဲ့သည့်ပုံစံမှာ ပုန်ကန်လိုသော ဝံပုလွေငယ်တစ်ကောင်နှင့် တူနေလျှင်၊ ယခုပုံစံမှာမူ နူးညံ့သိမ်မွေ့သယောင်နှင့် ဆွဲဆောင်မှုရှိသော သူဌေးသားလေးတစ်ဦးအလား ထင်မှတ်ရသည်။
မန်နေဂျာဖြစ်သူ မမချန်သည် ကျန်းရန်၏ နောက်ကြောင်းကို စုံစမ်းသိရှိထားပြီး ဖြစ်သည်။
သူ၏ မိဘများမှာ ကွယ်လွန်သွားခဲ့ကြပြီး အသက် ၁၈ နှစ်အရွယ်တွင် အားကိုးရာဖြစ်သော အဖိုးဖြစ်သူမှာလည်း ဆုံးပါးသွားခဲ့သည်။
ထိုအချိန်မှစ၍ သူသည် လောကအလယ်တွင် တစ်ကိုယ်တည်း ရုန်းကန်ခဲ့ရသူ ဖြစ်သည်။
ဤမျှ ခက်ခဲသော အခြေအနေများကြားမှ ကျန်းရန်၏ ထံတွင် မည်သည့်နေရာက ရောက်ရှိလာမှန်းမသိသော မြင့်မြတ်သည့် အငွေ့အသက်နှင့် လွတ်လပ်သော ဟန်ပန်များ ရှိနေသည်ကို မမချန် အံ့ဩမိသည်။
ကျန်းရန်သည် မိသားစု၏ ကာကွယ်မှုမရှိသဖြင့် ကျောင်းတွင် မည်သူမျှ အနိုင်မကျင့်ရဲအောင် မိမိကိုယ်မိမိ ပုန်ကန်တတ်သူအဖြစ် ဟန်ဆောင်ခဲ့ရခြင်း ဖြစ်သည်။
ဤသည်မှာ သူ၏ ရှင်သန်ရေး စည်းမျဉ်းတစ်ခုပင် ဖြစ်သည်။ အကယ်၍ သူသာ တစ်ကြိမ်တစ်ခါမျှ အလျှော့ပေးခဲ့လျှင် ထိုယုတ်မာသော လူများ၏ နှိပ်စက်မှုကို ခံရပေလိမ့်မည်။
သို့သော် မမချန်ကမူ သူ့အတွက် မည်သည့် ဟန်ဆောင်မှုကိုမျှ ဖန်တီးပေးရန် စိတ်ကူးမရှိချေ။ ဟန်ဆောင်မှုဟူသည် တစ်နေ့တွင် ပြိုလဲသွားတတ်သဖြင့် မိမိကိုယ်မိမိ ရိုးသားစွာ ဖော်ပြခြင်းကသာ အကောင်းဆုံးသော လက်နက်
ဖြစ်သည်ဟု သူမ ယုံကြည်သည်။
ယနေ့တွင် ကျန်းရန်သည် ဝတ်စုံငါးမျိုးဖြင့် ဓာတ်ပုံရိုက်ခဲ့ရသည်။
“မမချန်... ဘာလို့ ဒီလောက်အများကြီး ရိုက်နေရတာလဲဟင်”
ပုံစံအမျိုးမျိုး ပေးနေရသဖြင့် သူ အနည်းငယ် ပင်ပန်းလာသည်။
“နင်က အခု ယွမ်ယွဲ့ကို ရောက်နေပြီဆိုတော့ ကုမ္ပဏီက နင့်ကို လူသိများအောင် ကြော်ငြာရမယ်လေ အခါတိုင်း ဓာတ်ပုံလာရိုက်နေဖို့ မဖြစ် နိုင်ဘူး ဒါကြောင့် တစ်ခါတည်း အများကြီးရိုက်ထားမှ ရေရှည်သုံးလို့ရမှာ လာ... ကုမ္ပဏီက စီစဉ်ပေးထားတဲ့ တိုက်ခန်းကို သွားကြည့် ရအောင်”
ကုမ္ပဏီသည် ဝန်ထမ်းတစ်ဦးချင်းစီအတွက် ရေရှည်စီမံကိန်းများ ချမှတ်ထားသဖြင့် စာချုပ်ချုပ်ဆိုပြီးသည်နှင့် လေ့ကျင့်ရေးများ ချက်ချင်း စတင်တော့သည်။
ကျန်းရန်သည်လည်း ကုမ္ပဏီဟောင်းနှင့် ယခုကုမ္ပဏီကြားမှ ခြားနားချက်ကို ခံစားမိသည်။
ကုမ္ပဏီဟောင်းတွင် အရာရာကို လုယူတိုက်ခိုက်နေရသော်လည်း၊ ဤနေရာတွင်မူ မင်ယွဲ့က သူ့အတွက် အစစအရာရာ စီစဉ်ပေးထားသည်။
“မမချန်... ကုမ္ပဏီက ဝန်ထမ်းတိုင်းအပေါ် ဒီလိုပဲ ကောင်းတာလားဟင်”
မန်နေဂျာက ရပ်လိုက်ပြီး ကျန်းရန်ကို ကြည့်ကာ ပြောလိုက်သည်။
“နင်နဲ့ ကုမ္ပဏီက အကျိုးတူ ပူးပေါင်းဆောင်ရွက်တဲ့ ဆက်ဆံရေးမျိုးပဲ ကုမ္ပဏီက နင့်ကို လေ့ကျင့်ပေးမယ်
စင်မြင့်တစ်ခု ဖန်တီးပေးမယ်၊ နင်က ကုမ္ပဏီကို အလုပ်နဲ့ ပြန်ပေးဆပ်ရမယ်
ဒါကြောင့် ဒါက ကုမ္ပဏီရဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခုပဲလို့ မှတ်ယူလိုက်ပါ ကုမ္ပဏီရဲ့ အနုပညာရှင်တိုင်း ဒီလိုအခွင့်အရေး ရကြပါတယ် အကောင်းဆုံးသာ ကြိုးစားပါ၊ အနာဂတ်မှာ အရာရာ ပိုကောင်းလာပါလိမ့်မယ်”
ကုမ္ပဏီ၏ အနုပညာရှင်များအား 'ချွန်းဟယ်' လူနေအိမ်ရာတွင် ထားရှိသည်။
မင်ယွဲ့သည် ထိုနေရာရှိ အဆောက်အဦးအချို့ကို သီးသန့်ခွဲထုတ်ကာ လုံခြုံရေးနှင့် လျှို့ဝှက်မှုကို မြှင့်တင်ပေးထားသည်။
သူမသည် အနာဂတ်တွင် ကြိုးစားအားထုတ်သော ဝန်ထမ်းများအား အိမ်ဝယ်ယူပါက ၅၀ ရာခိုင်နှုန်းအထိ လျှော့စျေးပေးရန်ပင် စီစဉ်ထားသေးသည်။
ကျန်းရန်သည် သူတစ်ဦးတည်း နေထိုင်ရမည့် သန့်ရှင်းသပ်ရပ်သော တိုက်ခန်းလေးကို ကြည့်ကာ အံ့အားသင့်သွားရသည်။
ကုမ္ပဏီဟောင်းတွင် လေးယောက်တစ်ခန်း နေခဲ့ရသဖြင့် ဤအစီအစဉ်မှာ သူ့အတွက် အလွန်ပင် ဝမ်းမြောက်စရာ ကောင်းလှသည်။
“နင်က B အဆင့် စာချုပ်ဆိုတော့ ဒီလိုအခန်းမျိုး ရတာပေါ့ C အဆင့်ဆိုရင် နှစ်ယောက်တစ်ခန်း၊ D အဆင့်ဆိုရင် သုံးယောက်တစ်ခန်း နေရမယ်”
“ဒါဆို... S အဆင့်ကရောဟင်”
“အိပ်ခန်း ၄ ခန်း၊ ဧည့်ခန်း ၂ ခန်းပါတဲ့ စတုရန်းမီတာ ၁၃၀ ကျယ်တဲ့ တိုက်ခန်းမျိုး ရမှာပေါ့ဒါပေမဲ့ နင်တကယ် S အဆင့် ရောက်တဲ့အချိန်ကျရင်တော့ ကိုယ်ပိုင်အိမ် ဝယ်နိုင်နေပြီမို့ ကုမ္ပဏီက ပေးတာကို ဂရုစိုက်တော့မှာ မဟုတ်ပါဘူး”
မမချန်က ရယ်မောရင်း ပြောလိုက်သည်။
ကျန်းရန်ကမူ မင်ယွဲ့ကဲ့သို့သော သူဌေးမျိုးနှင့် စောစောဆုံခဲ့လျှင် နှစ်ပေါင်းများစွာ အချိန်ဖြုန်းနေရမည် မဟုတ်ဟု တွေးတောမိသော်လည်း၊ ဤအတွေ့အကြုံများကပင် သူ့ကို ပိုမိုရင့်ကျက်စေခဲ့သည်ဟု ယုံကြည်လိုက်သည်။
မင်ယွဲ့သည် ကျန်းရန်ကိစ္စ ပြီးစီးပြီးနောက် လျိုယဲ့ ကို ခေါ်ဆောင်ကာ သူမ၏ ကုမ္ပဏီဟောင်းဖြစ်သော 'ဟုန်ချန် ဖျော်ဖြေရေး’ သို့ သွားရောက်ခဲ့သည်။
“ဥက္ကဋ္ဌကျိုး... ကျွန်မ စာချုပ်ဖျက်ချင်ပါတယ်”
လျိုယဲ့သည် ခြေထောက်တွင် ကျောက်ပတ်တီးဖြင့်ပင် ဝှီးချဲလ်ကို စီးကာ ရဲဝံ့စွာ ပြောလိုက် သည်။
ဥက္ကဋ္ဌကျိုးသည် လျိုယဲ့ကို ကျေးဇူးမသိသူဟု စွပ်စွဲကာ ဒဏ်ကြေး သန်း ၇၀ တောင်းဆိုခဲ့သည်။
သို့သော် လျိုယဲ့က သူမ၏ အိတ်ကပ်ထဲမှ ယူအက်စ်ဘီ (USB) လေးကို ထုတ်ကာ စားပွဲပေါ်သို့ တင်လိုက်သည်။
ထိုအထဲတွင် ကုမ္ပဏီအရာရှိကြီးများ၏ မလျော်ကန်သော လုပ်ရပ်များနှင့် ပတ်သက်သည့် အထောက်အထားများ ပါဝင်နေသည်။
ဥက္ကဋ္ဌကျိုးသည် ဒေါသထွက်လွန်းသဖြင့် မျက်နှာတစ်ခုလုံး နီမြန်းသွားရသော်လည်း ကုမ္ပဏီ၏ ဂုဏ်သိက္ခာ ပျက်စီးမည်ကို စိုးရိမ်သဖြင့် လျိုယဲ့၏ စာချုပ်ကို အခမဲ့ ဖျက်သိမ်းပေးလိုက်ရတော့သည်။
“ယွဲ့ယွဲ့... ဒီနေ့တော့ တကယ့်ကို အားရစရာပဲ”
ကုမ္ပဏီမှ ထွက်လာချိန်တွင် လျိုယဲ့သည် ကလေးတစ်ယောက်ကဲ့သို့ ပျော်ရွှင်စွာ ရယ်မောနေတော့သည်။
“ကျေးဇူးတင်ပါတယ် ယွဲ့ယွဲ့ရယ် အခုကစပြီး ငါက ကုမ္ပဏီအတွက် အစွမ်းကုန် အလုပ်လုပ်ပေးမယ့် ကျွန်တစ်ယောက် ဖြစ်စေရမယ်”
“နင့်ကို ကျွန်မဖြစ်စေချင်တာ မဟုတ်ပါဘူး နင်က ကုမ္ပဏီရဲ့ မျက်နှာဖုံးဖြစ်တဲ့ ထိပ်တန်းမင်းသမီးတစ်ယောက် ဖြစ်လာရမှာ အခုကစပြီး မမချန်ကပဲ နင့်ကိုပါ တာဝန်ယူပေးလိမ့်မယ်”
လျိုယဲ့၏ လက်ထောက်လေးမှာလည်း ယခင်ကထက် လစာပိုရကာ ကုမ္ပဏီမှ အိမ်ရာပါ စီစဉ်ပေးသဖြင့် ပျော်လွန်း၍ ငိုချင်စိတ်ပင် ပေါက်နေတော့သည်။
နေဝင်ချိန်၌ မင်ယွဲ့သည် ပါမောက္ခရန်၏ ဖိတ်ကြားချက်အရ သူ၏ နေအိမ်သို့ ထမင်းစားသွားခဲ့သည်။
ထိုနေရာတွင် စီနီယာ အစ်ကို၊ အစ်မများနှင့် ဆုံတွေ့ရကာ ပညာရေးကိစ္စများကို ရင်းနှီးစွာ ဆွေးနွေးခဲ့ကြသည်။
မင်ယွဲ့၏ ဘွဲ့လွန်စာတမ်းမှာလည်း ထိပ်တန်း ဘဏ္ဍာရေးဂျာနယ်တွင် ဖော်ပြခံရတော့မည် ဖြစ်ရာ ပါမောက္ခရန်မှာ သူမအတွက် အလွန်ပင် ဂုဏ်ယူနေတော့သည်။