အခန်း (၄၆၅-၄၆၆)
Vol. 47 Ch. 465-466
အခန်း (၄၆၅) ညီမလေး... ဒါ နင်ပဲမလား
"ညီမလေး... ဒါ နင်ပဲမလား"
မင်ယွဲ့သည် သူမထံ ပေးပို့လာသော ဗီဒီယိုဖိုင်ကို နှိပ်ကြည့်လိုက်ရာ ထိုနေ့က စားသောက်ဆိုင်တွင် သူမ တီးခတ်နေသည်ကို တစ်စုံတစ်ယောက်က ရိုက်ကူးထားခြင်းဖြစ်ကြောင်း သိလိုက်ရသည်။
"ဟုတ်ကဲ့... ကျွန်မပါပဲ"
"နင့်မှာ အရင်က 'အချစ်ကို မြတ်နိုးခြင်း' ဆိုတဲ့ သီချင်းတစ်ပုဒ် ရှိခဲ့တာ ငါ မှတ်မိတယ်။ အခု ဒီပီယာနိုတေးသွားက အဲဒီသီချင်းကို ပြန်စီစဉ်ထားတာ မဟုတ်လား"
ဂီတလောကသားများ ဖြစ်ကြသဖြင့် တေးသွားကို နားထောင်ရုံမျှဖြင့် ကွဲပြားမှုကို သူတို့ ချက်ချင်း ခွဲခြားနိုင်ကြသည်။
"ဟုတ်ပါတယ်၊ 'မြတ်နိုးခြင်း' က လူငယ်ဘဝ ပထမဆုံးအချစ်၊ ပြင်းပြတဲ့ ချစ်ခြင်းနဲ့ ဝမ်းနည်းစရာ နိဂုံးအကြောင်းပါ။
ဒါပေမဲ့ အခု တီးထားတဲ့ သီချင်းရဲ့ အစပိုင်းနဲ့ ပထမတစ်ဝက်က ပထမဆုံးအချစ်ရဲ့ ရင်ခုန်သံတွေကို ဖော်ညွှန်းထားတာချင်း တူနေလို့ ကျွန်မ နောက်ပိုင်းမှာ ပြန်ပြီး ပြင်ဆင်တီးခတ်ခဲ့တာပါ"
ဟယ်ဝမ်က အနည်းငယ် စပ်စုလိုစိတ်ဖြင့် မေးလိုက်သည်။
"သီချင်းအသစ်ရဲ့ နာမည်က ဘာလဲဟင် ဒုတိယတစ်ဝက်က ခံစားချက်တွေက 'မြတ်နိုးခြင်း' နဲ့ လုံးဝ ဆန့်ကျင်ဘက်ဖြစ်နေသလိုပဲ"
မင်ယွဲ့က— "ဝန်ခံခြင်း (Confession) လို့ ခေါ်ပါတယ်၊ ဒီသီချင်းက အချစ်ရဲ့ ဝမ်းနည်းစရာ အဆုံးသတ်ကို မဟုတ်ဘဲ ချစ်သူနှစ်ဦး အထွတ်အထိပ် ရောက်နေတဲ့အချိန်မှာ လူသိရှင်ကြား အချစ်ကို ဖွင့်ဟဝန်ခံတဲ့ အပိုင်းကိုပဲ အဓိကထားထားတာပါ"
"တကယ်ကို နားထောင်လို့ ကောင်းသလို အဓိပ္ပာယ်နဲ့လည်း ကွက်တိပဲ"
စီနီယာကျောင်းသားများအားလုံးက သူမကို ချီးကျူးကြသည်။
ပိုင်ကျင်းက— "ဒါနဲ့ ယွဲ့ယွဲ့... အဲဒီ အင်တာနက် အကျော်အမော်က ပရိသတ် တော်တော်များတယ် ငါတို့တွေ နင့်ဘက်ကနေ ကူညီဖြေရှင်းပေးဖို့ လိုမလား"
ချန်ကျွင်းကလည်း— "အင်တာနက် အကျော်အမော်တွေက ပြဿနာတွေနဲ့ မကင်းတတ်ကြပါဘူး ငါတို့က ဂီတလောကမှာ အတိုင်းအတာတစ်ခုအထိ အသိအမှတ်ပြုခံထားရတော့ နင် လိုအပ်ရင် ပြောနော်"
ဝူရှောင်ကမူ ဒေါသတကြီးဖြင့်— "အဲဒီ 'ရှောင်ယူ' ဆိုတဲ့တစ်ယောက်က ယွဲ့ယွဲ့ကို တကယ်ပဲ လာရှုပ်နေတာပဲ သူ့ကိုယ်သူ ဘာမှတ်နေလဲမသိဘူး၊ တခြားသူရဲ့ ဂုဏ်သတင်းကို အလကား လိုက်စီးချင်နေတာလား"
မင်ယွဲ့သည် စီနီယာများ၏ ကာကွယ်ပေးမှုကို မြင်တွေ့ရသောအခါ ရင်ထဲ၌ နွေးထွေးမှု တစ်စုံတစ်ရာ ဖြစ်ပေါ်လာသည်။
"ကျေးဇူးတင်ပါတယ် စီနီယာတို့ ဒီကိစ္စကို ကျွန်မဘာသာ ဖြေရှင်းနိုင်ပါတယ်"
သူမသည် WeChat မှ ထွက်ကာ Weibo ပေါ်ရှိ မူရင်းပို့စ်ကို သွားရောက် ကြည့်ရှုလိုက်သည်။
သူမ၏ ဗီဒီယိုကို တင်ခဲ့သော မိန်းကလေးမှာလည်း ပြင်းထန်စွာ ဝေဖန်ခံနေရသည်။
အချို့က သူမကို မျက်စိမပါသူ၊ အနုပညာကို နားမလည်သူဟု ဆိုကြသလို၊ အချို့ကလည်း မူရင်းလက်ရာကို မလေးစားဘဲ ခိုးချမှုကို အားပေးသူဟု ပြစ်တင်နေကြသည်။
အခြေအနေကို မသိသူများအဖို့ မင်ယွဲ့သည် တကယ့် ခိုးချသူတစ်ဦးအလား ထင်မှတ်စရာ ဖြစ်နေတော့သည်။
ရှောင်ယူမှာ ပလက်ဖောင်း အသီးသီးတွင် ပရိသတ် အခိုင်အမာ ရှိထားသူ ဖြစ်သည်။ သူမသည် တိုက်တိုက်ဆိုင်ဆိုင်ပင် တိုက်ရိုက်ထုတ် လွှင့်မှု ပြုလုပ်နေပြီး မင်ယွဲ့၏ ဖုန်းထဲသို့ အကြောင်းကြားချက် ရောက်လာသည်။
မင်ယွဲ့က ဝင်ကြည့်လိုက်သည်။ ထိုသူမှာ ပန်းခြံဝင်းတစ်ခုကဲ့သို့သော နောက်ခံတွင် ပီယာနိုတီးနေခြင်း ဖြစ်သည်။
"အားပေးကြတဲ့သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်"
တီးခတ်ပြီးနောက် သူမသည် ပရိသတ်များနှင့် စကားစမြည် ပြောဆိုတော့သည်။
"ရှောင်ယူ... အဲဒီတစ်ယောက်က ရှောင်ယူရဲ့ 'ပုံပြင်' ကို ခိုးချထားတာ သူ့ကို ချက်ချင်း တရားစွဲလိုက်ပါ၊ ကျွန်တော်တို့ အပြည့်အဝ ထောက်ခံတယ်"
"ဟုတ်တယ်၊ ငါတို့အားလုံးက ရှောင်ယူဘက်ကပဲ"
မင်ယွဲ့သည် မှတ်ချက်များကို ကြည့်ကာ စိတ်ပျက်လက်ပျက် ရယ်မောမိသည်။
ဤလူ၏ 'ပုံပြင်' ဆိုသော သီချင်းမှာ သူမ၏ 'မြတ်နိုးခြင်း' ကို ခိုးချထားခြင်းမှန်း မသိခဲ့လျှင် သူမကိုယ်သူမပင် သံသယဝင်မိပေလိမ့်မည်။
"ပြီးခဲ့တာတွေလည်း ပြီးပါစေတော့ အဲဒီမိန်းကလေးက စီးပွားဖြစ် တီးတာလည်း မဟုတ်ပါဘူး ကျွန်မကို တောင်းပန်တယ်ဆိုရင်ပဲ ကျေနပ်ပါပြီ၊ တရားစွဲဖို့အထိတော့ မလိုအပ်ပါဘူး"
အစီအစဉ်တင်ဆက်သူမလေးက ကြင်နာတတ်သော၊ သဘောထားကြီးသော ပုံစံဖြင့် ပြုံးလျက် ဆိုလိုက်သည်။
"တို့ရဲ့ ရှောင်ယူက တကယ် စိတ်ထားကောင်းတာပဲ၊ အားလုံး အတုယူသင့်တဲ့ သူမျိုးပဲ"
မင်ယွဲ့သည် ရှောင်ယူက ချီးကျူးမှုများကို သဘောကျနေပြီး လူတိုင်း အထင်လွဲနေသည်ကိုပင် ရှင်းပြရန် မကြိုးစားသည်ကို သတိပြုမိသည်။ ရှင်းပြလိမ့်မည်လည်း မဟုတ်ပေ။ 'ပုံပြင်' သီချင်းကြောင့် သူမသည် ညတွင်းချင်း ကျော်ကြားလာခဲ့ကာ ပရိသတ်များ၏ မြှောက်ပင့်မှုကို သာယာနေသူ ဖြစ်သောကြောင့် ပင်။
"ရှောင်ယူ... အဲဒီဗီဒီယိုထဲက မိန်းကလေးရဲ့ တီးခတ်မှုက ရှောင်ယူထက် ပိုကောင်းနေသလိုပဲနော်"
ထိုမှတ်ချက်ကို မြင်လိုက်ရသည်နှင့် ရှောင်ယူ၏ မျက်နှာ အမူအရာ ပျက်သွားသော်လည်း အတွေ့အကြုံရှိသူပီပီ ချက်ချင်းပင် အပြုံးနှင့် ပြန်လည် ဖုံးဖိလိုက်သည်။
သူမ ဘာမှမပြောရသေးမီမှာပင် သူမ၏ ပရိသတ်များက ဝိုင်းဝန်း တိုက်ခိုက်ပေးကြသည်။
"ဘယ်လောက်ပဲ ကောင်းကောင်း၊ သူက သူများလက်ရာကို ခိုးထားတဲ့သူပဲ ခိုးချသူတွေကို သပိတ်မှောက်ကြ"
"တို့ရဲ့ ရှောင်ယူက ဂီတအသင်းရဲ့ အဖွဲ့ဝင်လေ၊ သူနဲ့ ဘယ်သူက လာယှဉ်နိုင်မှာလဲ”
မင်ယွဲ့သည် ရှောင်ယူမှာ ဂီတအသင်းမှ ဖြစ် လိမ့်မည်ဟု မထင်ထားခဲ့ပေ။
သူမ၏ တီးခတ်ပုံမှာ သာမန်မျှသာဖြစ်ပြီး အမှားအယွင်းများပင် ပါဝင်နေသဖြင့် ဂီတအသင်း၏ အခြေခံစစ်ဆေးမှုကိုပင် အောင်မြင်ရန် ခဲယဉ်းပေလိမ့်မည်။
"ရှောင်ယူ... နင်ရဲ့ အချစ်သီချင်းမှာ ဒုတိယပိုဒ်နဲ့ တတိယပိုဒ်ကြားက အကူးအပြောင်းကို ဘာလို့ ဒီလိုပုံစံ ရွေးခဲ့တာလဲဆိုတာ ရှင်းပြပေးနိုင်မလား"
မင်ယွဲ့က အကောင့်အသစ်တစ်ခုဖြင့် ဝင် ရောက်မေးမြန်းလိုက်သည်။
ရှောင်ယူသည် ပညာရပ်ပိုင်းဆိုင်ရာ မေးခွန်းမျိုးကို မဖြေလိုသဖြင့် မင်ယွဲ့၏ မှတ်ချက်ကို မမြင်ချင်ယောင်ဆောင်ကာ အခြားသူများနှင့်သာ စကားပြောနေသည်။
မင်ယွဲ့က တိုက်ရိုက် စကားပြောရန်လျှောက်ထားသော်လည်း သူမ၌ 'Light Stick' မရှိသဖြင့် ငြင်းပယ်ခံရသည်။
ချက်ချင်းပင် သူမသည် ငွေ (၁၀၀၀) ဖိုး လက်ဆောင်ပေးလိုက်ရာ ပရိသတ်အဆင့်မှာ တဟုန်ထိုး မြင့်တက်သွားတော့သည်။
"ဟယ်လို... ဒီပရိသတ်က ဘာများ မေးစရာရှိလို့လဲဟင်"
ရှောင်ယူသည် မင်ယွဲ့ ခုနက မေးခဲ့သည်ကို မမှတ်မိတော့ပေ။
"ကျွန်မ သီချင်းတစ်ပုဒ် တီးပြချင်လို့ပါ၊ အကြံဉာဏ်လေး ပေးပါဦး"
မင်ယွဲ့က ပြောလိုက်သည်။
မင်ယွဲ့သည် ကင်မရာကို ဖွင့်လိုက်သော်လည်း သူမ၏ မျက်နှာကိုမူ မပြခဲ့ပေ။
ရှောင်ယူကလည်း သင်ကြားပေးမည်ဟူသော အမူအရာဖြင့် လက်ခံလိုက်သည်။
မင်ယွဲ့သည် သူမ၏ ဖုန်းကို ပီယာနို၏ ဘေးဘက်တွင် အသေတပ်ဆင်လိုက်ရာ သူမ၏ လည်ပင်းအောက်ပိုင်းနှင့် လက်ချောင်းများကိုသာ မြင်ရတော့သည်။
"နေဦး... အဲဒီပီယာနိုက ဘာပီယာနိုလဲ"
တစ်စုံတစ်ယောက်က သတိပြုမိသွားကာ ပြောလိုက်သည်။
"ဘာဖြစ်လို့လဲ... ရှောင်ယူက သင်ပေးမလို့လေ ရှောင်ယူက ချမ်းသာတဲ့မိသားစုကလာတာ၊ မူလတန်းကတည်းက ပီယာနိုသင်လာတာ နင်က ဘာမို့လို့ လာဝေဖန်နေတာလဲ"
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ထိုသူက ပြန်ပြောလိုက်သည်မှာ—
"အဲဒီပီယာနိုကို ကြည့်လိုက်ဦး၊ ကျွန်တော် မမှားဘူးဆိုရင် ဒါက ဆရာကြီးတစ်ယောက် ကိုယ်တိုင် ပြုလုပ်ပေးထားတဲ့ ပစ္စည်းပဲ တန်ဖိုးက သိန်းနှစ်သောင် (သန်း ၂၀) ရှိတယ်"
မင်ယွဲ့သည် လက်ရှိတွင် 'ယွမ်တန်း' ဗီလာရှိ သူမ၏ ကိုယ်ပိုင် ဂီတခန်းမ၌ ရှိနေခြင်းဖြစ်သည်။
သူမသည် အခန်းအချို့ကို ဖြိုချကာ အခန်းကျယ်ကြီးတစ်ခုအဖြစ် ပြောင်းလဲထားခြင်းဖြစ်သည်။
ပီယာနိုကို ကြမ်းပြင်မှ မျက်နှာကြက်အထိ အပြည့်ရှိသော မှန်ပြတင်းပေါက်အနားတွင် ထားရှိထားရာ နေရောင်ခြည်က ၎င်းအပေါ်သို့ ကျရောက်ကာ အရောင်မျိုးစုံ တောက်ပနေသည်။
နေရောင်အောက်တွင် မိန်းကလေး၏ လက်ချောင်းများမှာ ပိုမိုဖြူစင်ကာ အပြစ်ပြောစရာမရှိအောင် လှပနေသည်။
"သန်း ၂၀ တောင်လား"
ဤစျေးနှုန်းက လူအများကို အံ့အားသင့်သွားစေသည်။ ရှောင်ယူမှာမူ မင်ယွဲ့ကို ကြည့်ကာ စိုးရိမ်စိတ်များ ဝင်လာတော့သည်။
တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း ကြည့်ရှုသူအရေအတွက်မှာလည်း ရုတ်တရက် တိုးပွားလာသည်။
မင်ယွဲ့က သီချင်းစတင် တီးခတ်လိုက်သည်နှင့် ပရိသတ်များမှာ သူမသည် သာမန်လူမဟုတ်ဘဲ ပရော်ဖက်ရှင်နယ် တစ်ဦးဖြစ်ကြောင်း သိလိုက်ကြသည်။
"ဒါက ရှောင်ယူရဲ့ 'ပုံပြင်' နဲ့ တူနေသလိုပဲနော်၊ အလယ်ပိုင်း အကူးအပြောင်းက လုံးဝ အတူတူပဲ"
"ဟုတ်တယ်... ကော့ဒ် တွေကလည်း အတူတူပဲ"
ရှောင်ယူ၏ မျက်နှာမှာ ဖြူလျော့သွားသည်။
သူမသည် ဤသီချင်းကို ယခင်က ကြားဖူးခဲ့ခြင်းဖြစ်သည်။ သူမ၏ 'ပုံပြင်' သီချင်းမှာ ဤသီချင်းကို မှီငြမ်းထားခြင်းဖြစ်ရာ အွန်လိုင်းပေါ်တွင် မူရင်းဗားရှင်း ကို ပြန်ကြားရလိမ့်မည်ဟု သူမ လုံးဝ မထင်ထားခဲ့ပေ။
အခန်း (၄၆၆) တိုက်ရိုက်ထုတ်လွှင့်မှုမှတစ်ဆင့် မျက်နှာဖြတ်ရိုက်လိုက်ခြင်း
အွန်လိုင်းလောကတွင် တေးဂီတကို အလှဆင် မွမ်းမံခြင်းမှာ ထူးဆန်းသောအရာမဟုတ်ပေ။
ထို့ကြောင့်လည်း ရှောင်ယူသည် အခြားသူ၏ တေးသွားအစအနအချို့ကို ဖြတ်တောက်ကာ မိမိ၏ ဂီတအတွင်းသို့ ပေါင်းစပ်ထည့်သွင်းခဲ့ခြင်းဖြစ်ပြီး ၎င်းကို အမှီအခိုပြုရုံမျှသာဟု သူမ ကိုယ်တိုင် ဆင်ခြေပေးထားသည်။
မူရင်းဖန်တီးသူက အရေးမယူသရွေ့ အရာအားလုံးသည် အဆင်ပြေချောမွေ့နေလိမ့်မည်ဟု သူမ တွေးထင်ထားခဲ့သည်။
တရားရုံးသို့ ရောက်ရှိသွားလျှင်ပင် လက်ရှိ ဉာဏပစ္စည်းမူပိုင်ခွင့်ဥပဒေ၏ အားနည်းချက်များကြောင့် သူမ ရှုံးနိမ့်ရန် ခဲယဉ်းလှသည်။
သို့သော် တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း တစ်စုံတစ်ရာ မှားယွင်းသွားပါက ကြည့်ရှုသူ ထောင်သောင်းချီသော ဤအခန်းထဲတွင် သူမ၏ ဂုဏ်သိက္ခာမှာ တစ်စက္ကန့်အတွင်း ပြာကျသွားနိုင်ပေသည်။
"အစီအစဉ်တင်ဆက်သူ... ရှင် အဆုံးထိ နားထောင်ရမယ်နော်၊ လမ်းတစ်ဝက်မှာတင် ထွက်မပြေးနဲ့ဦး"
မင်ယွဲ့က ရုတ်တရက် စကားပြောလိုက်ရာ ရှောင်ယူမှာ တိုက်ရိုက်ထုတ်လွှင့်မှုကို ပိတ်ပစ် ချင်သော်လည်း မဝံ့မရဲ ဖြစ်နေတော့သည်။
"ဒါက မတူဘူးပဲ ဒီတစ်ယောက် တီးပြတဲ့ တေးသွားက ပိုပြီး နားဝင်ချိုသလိုပဲနော်"
"ငါလည်း အဲဒီလို ခံစားရတယ် 'ပုံပြင်' သီချင်းက နားထောင်လို့ကောင်းတယ်ဆိုပေမဲ့ တစ်နေရာရာမှာ ချောမွေ့မှု မရှိသလို ခံစားနေရတာ အခု ဒီသီချင်းကျတော့ အဲဒီလိုမဟုတ်ဘူး"
"နင်တို့ ဘာတွေ လျှောက်ဟောင်နေကြတာလဲတစ်ယောက်ယောက်က ပိုက်ဆံပေးပြီး ခိုင်းလိုက်တဲ့ အဖျက်သမားတွေလား"
"ဟုတ်တယ်... ဘယ်ကုမ္ပဏီက တို့ရဲ့ ရှောင်ယူရဲ့ ကျော်ကြားမှုကို လာပြီး အလကား အမြတ် ထုတ်ချင်နေတာလဲ နာမည်ကြီးချင်ရင် တည့်တည့်ပြောလေ၊ တို့ရဲ့ ယူယူ့ နာမည်ကို လာသုံးနေတာ ဘယ်လို အကျင့်လဲ"
"မျက်နှာမပြရဲတဲ့ အရုပ်ဆိုးမက ဘာတွေ လာဟန်ဆောင်နေတာလဲ"
မှတ်ချက်ကဏ္ဍတွင် ဆူညံပွက်လောရိုက်နေသော်လည်း မင်ယွဲ့ကမူ ထိုအရာများကို လုံးဝ အရေးမစိုက်ပေ။
"ရယ်ရတယ်... ဘာတေးသွားတွေလဲ ပျော်စရာကောင်းရမယ့် သီချင်းက လူသေလို့ ငိုနေတဲ့အတိုင်းပဲ"
"ဟားဟား... သူ့ဘက်ကနေ ကူပြောပေးနေတဲ့သူတွေလည်း ရှိသေးတာပဲ တစ်ကြောင်းကို ဘယ်လောက်ရလဲ၊ ငါလည်း အဲဒီပိုက်ဆံကို ရချင်လို့"
ရှောင်ယူသည် သူမ၏ ပရိသတ်များက မှတ်ချက်ကဏ္ဍကို စိုးမိုးလိုက်သည်ကို မြင် သောအခါမှ သက်ပြင်းချနိုင်တော့သည်။
သတင်းအချက်အလက်ခေတ်တွင် 'ထရက်ဖစ်' သည်သာ အဓိကဖြစ်သည်။ အမှန်တရားက ဘာလဲဆိုသည်မှာ အရေးမကြီးဘဲ လူစိတ်ဝင်စားမှုကို ထိန်းချုပ်နိုင်သူကသာ အသာစီးရမြဲ ဖြစ်သည်။
"တောက်... နင်တို့တွေ ရူးနေကြတာလား ဒီသီချင်းက 'မြတ်နိုးခြင်း' လို့ ခေါ်တာ တေးသွားကို ခိုးသုံးထားတာ ငါတို့က မသိဘူးများ မှတ်နေလား ရှောင်ယူ ဖန်တီးထားတယ်ဆိုတဲ့ 'ပုံပြင်' က တကယ့်ကို အမှိုက်ပဲ"
"ရွှေချထားတဲ့ အိမ်သာလိုပဲ၊ အပြင်ပန်းပဲ လှတာ"
"တို့ရဲ့ MOON က အေးအေးဆေးဆေး နေတတ်ပြီး အင်တာနက်ပေါ် သိပ်မလာတာကို နင်တို့က စိတ်ကြိုက် လာစော်ကားနေတာလား သူ မရှိပေမဲ့ တို့လို ပရိသတ်တွေ ရှိသေးတယ်နော်"
နောက်ဆုံး တေးမှတ်စုလေး ပျောက်ကွယ်သွားချိန်တွင် မင်ယွဲ့က သူမ၏ ဖုန်းကို ကြည့်လိုက်ရာ သူမ၏ တေးဂီတအကောင့်တွင် Followersများစွာ ရှိနေဆဲဖြစ်သည်ကို အံ့ဩစွာ တွေ့လိုက်ရသည်။
"နင်က MOON လား သီချင်းအသစ် ဘယ်တော့ ထွက်မှာလဲ"
"ဆရာကြီး... ဆရာကြီးလားဟင်"
မင်ယွဲ့ ကြည့်လိုက်သောအခါ မျက်နှာပြင်တစ်ခုလုံးတွင် မှတ်ချက်များ တရစပ် တက်လာတော့သည်။
MOON သည် ပရိသတ်များနှင့် စကားပြောလေ့မရှိဘဲ သီချင်းများကိုသာ ပလက်ဖောင်းပေါ် တင်ထားတတ်သည့် 'ဇင်' ဆန်သော အနုပညာရှင်တစ်ဦး ဖြစ်သည်။
ရှောင်ယူမှာမူ လုံးဝ ထိတ်လန့်သွားလေပြီ။
သူမသည် ထိုတေးသွားကို တိုက်တိုက်ဆိုင်ဆိုင် ကြားဖူးခဲ့ခြင်းဖြစ်ပြီး လူမသိသည့် သီချင်းဟု ထင်မှတ်ကာ အနည်းငယ် ခိုးယူသုံးစွဲခဲ့ခြင်းဖြစ်သည်။
ရှောင်ယူ၏ ထိုအတွေးကို သိပါက လူတိုင်းက လှောင်ရယ်ကြပေလိမ့်မည်။ "လူမသိခြင်း" ဆိုသည်မှာ ထိုသူက ကြော်ငြာအားကောင်းကောင်းဖြင့် မိမိကိုယ်ကို မရောင်းခြင်းသာ ဖြစ်သည်။
လူသည် ထိတ်လန့်လာသောအခါ အသိဉာဏ်မဲ့သော အပြုအမူများကို လုပ်ဆောင်တတ်ကြသည်။ ရှောင်ယူသည် တိုက်ရိုက်ထုတ်လွှင့်မှုမှ ချက်ချင်း ထွက်ခွာသွားသဖြင့် မင်ယွဲ့နှင့် ချိတ်ဆက်ထားမှု ပြတ်တောက်သွားတော့သည်။ ထိုအခါ ကြည့်ရှုနေသူများက ဝိုင်းဝန်း ဆဲဆိုကြတော့သည်။
မင်ယွဲ့ကမူ တည်ငြိမ်စွာဖြင့် ကိုယ်ပိုင် တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုကို ချက်ချင်း စတင်လိုက်သည်။
ထို့နောက် ဗီဒီယိုတင်ခဲ့သော မိန်းကလေးထံသို့ စာပို့ကာ လူတိုင်း လာရောက်ကြည့်ရှုနိုင်ရန် Weibo တွင် ထပ်မံ မျှဝေခိုင်းလိုက်သည်။
ထိုမိန်းကလေးမှာလည်း ရှောင်ယူ၏ ပရိသတ်များ၏ တိုက်ခိုက်မှုကို ခံနေရသဖြင့် စိတ်ညစ်နေချိန်တွင် မင်ယွဲ့က ရှေ့ထွက်လာသောကြောင့် ဝမ်းသာသွားရသည်။
"တောင်းပန်ပါတယ်၊ အဲဒီဗီဒီယိုကို မတင်ခဲ့သင့်ဘူး နင့်ကို ဒုက္ခပေးမိသွားပြီ"
မိန်းကလေးက တောင်းပန်စာ ပို့လာသည်။
မင်ယွဲ့ကမူ ယဉ်ကျေးသူကို ယဉ်ကျေးစွာ ဆက်ဆံတတ်သူဖြစ်သဖြင့် "ရပါတယ်" ဟုသာ ပြန်ပြောလိုက်သည်။ သို့သော် နောင်တမရသော ရှောင်ယူကိုမူ သူမ မျက်နှာသာပေးရန် မလိုတော့ပေ။
"ရှောင်ယူ့ Live ကနေ လာခဲ့တာ တကယ် ဒေါသထွက်ဖို့ကောင်းတယ်၊ MOON ရဲ့ မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုတော့မလို့ကို သူက Live ပိတ်ချလိုက်တယ်"
"ဒီ Live ကို ကြည့်ကြရအောင် ဒီပြဿနာက စားသောက်ဆိုင်မှာ ပီယာနိုတီးတဲ့ မိန်းကလေးနဲ့ သက်ဆိုင်နေတာပဲ သီချင်း သုံးပုဒ်လုံးက ဆင်တူနေပေမဲ့ ဒီမိန်းကလေး တီးတာက 'မြတ်နိုးခြင်း' နဲ့ ပိုတူတယ်"
တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း ခန့်မှန်းချက်များစွာ ပေါ်ထွက်လာသည်။ ရှောင်ယူ၏ ပရိသတ်အချို့ကလည်း လာရောက် နှောင့်ယှက်နေကြဆဲ ဖြစ်သည်။
"အားလုံးပဲ မင်္ဂလာပါ၊ ကျွန်မရဲ့ Live ကနေ ကြိုဆိုပါတယ်"
ကင်မရာ ပွင့်လာသည်နှင့် လူတိုင်း အသက်ရှူမှားသွားရသည်။ ကြည့်ရှုသူ များပြားလွန်းသဖြင့် Live ပင် လိုင်းကျချင်နေသည်။
"ငါ ဘာကို မြင်လိုက်တာလဲ ခုနက ရှောင်ယူနဲ့ ချိတ်ထားတဲ့ အနေအထား၊ အဲဒီ ပီယာနိုကြီးပဲ မဟုတ်လား"
မင်ယွဲ့သည် သူမ၏ မည်သူမည်ဝါဖြစ်ကြောင်းကို ဖုံးကွယ်မထားတော့ပေ။
"လူတိုင်းက အမှန်တရားကို သိချင်လို့ ဒီကို ရောက်လာကြတာ ဖြစ်မှာပါ ဒီပြဿနာက စားသောက်ဆိုင်တစ်ခုမှာ ကျွန်မ 'ဝန်ခံခြင်း' ဆိုတဲ့ သီချင်းကို တီးခတ်ရာကနေ ရှောင်ယူရဲ့ ပရိသတ်တွေက ကျွန်မကို ခိုးချသူလို့ စွပ်စွဲရာက စတာပါ ရှောင်ယူကိုယ်တိုင်လည်း ကျွန်မက ခိုးချသူပါလို့ အတည်ပြုခဲ့ပါတယ် ဒါပေမဲ့ ခုနက ကျွန်မ တီးပြခဲ့တဲ့ 'မြတ်နိုးခြင်း' က 'ဝန်ခံခြင်း' နဲ့ ပိုတူပါတယ် တကယ်လို့ ကျွန်မက ခိုးချသူဆိုရင် ကျွန်မဟာ 'မြတ်နိုးခြင်း' ဆိုတဲ့ သီချင်းကိုပဲ ခိုးချတာ ဖြစ်ပါလိမ့်မယ်"
မင်ယွဲ့က စကားကို ခေတ္တရပ်လိုက်သည်။ မှတ်ချက်ကဏ္ဍမှာ ရူးသွပ်လုနီးပါး ဖြစ်သွားရသည်။
"အား... ဒါဆိုရင် ဒီမိန်းကလေးက MOON ပေါ့"
"ဒါဆို ခိုးချတာ မဟုတ်ဘူးပေါ့နော်"
"ဘယ်လိုဖြစ်နိုင်မှာလဲ၊ ဘာသက်သေရှိလို့လဲ"
ရှောင်ယူ့ ပရိသတ်များက မေးခွန်းထုတ်ကြသည်။
မင်ယွဲ့က ထိုစကားကို စောင့်နေခြင်းဖြစ်သည်။
"သက်သေကတော့ အဆင်သင့်ရှိပါတယ်"
သူမသည် ထရပ်လိုက်ရာ သူမ၏ သွယ်လျဖြောင့်စင်းသော ခြေတံအလှကို မြင်တွေ့ရသဖြင့် ချီးကျူးသံများ ပြည့်နှက်သွားသည်။
မင်ယွဲ့သည် ကွန်ပျူတာမျက်နှာပြင်ကို ကင်မရာ ဘက်သို့ လှည့်ကာ FunLe ဝက်ဘ်ဆိုဒ်သို့ ဝင် ရောက်လိုက်သည်။
"မြင်ပြီ... မြင်ပြီ... တကယ်ပဲ MOON ပဲ"
"MOON က သူ့ရဲ့ မျက်နှာကို ပြပေးနိုင်မလားသေချာပေါက် အလှလေး ဖြစ်မှာပဲ"
"ထားလိုက်ပါတော့... ဒါကိုပဲ လျှို့ဝှက်ချက် အဖြစ် ထားရအောင် ဒီလောက် ပါရမီရှိတဲ့သူက ကွယ်ရာမှာပဲ နေတာက ပိုကောင်းပါတယ်"
မင်ယွဲ့က တည်ငြိမ်စွာဖြင့် နောက်ဆုံးစကားကို ဆိုလိုက်သည်။
"ကျွန်မရဲ့ 'မြတ်နိုးခြင်း' လက်ရာကို ခိုးချမှု၊ ပရိသတ်တွေကို လှုံ့ဆော်ပြီး ကျွန်မအပေါ် ကောလာဟလဖြန့်မှုနဲ့ အွန်လိုင်းကနေ အနိုင်ကျင့်မှုတွေအတွက် အစီအစဉ်တင်ဆက်သူ ရှောင်ယူကို တရားဥပဒေအရ အရေးယူသွားမှာပါ"
တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း ခိုးဝင်ကြည့်နေသော ရှောင်ယူသည် မင်ယွဲ့၏ စကားကို ကြားလိုက်ရချိန်တွင် လုံးဝ တုန်လှုပ်ခြောက်ခြားသွားတော့သည်
တရားစွဲခံရခြင်းက ကြီးမားသော ပြစ်ဒဏ်မဟုတ်နိုင်သော်လည်း သူမကဲ့သို့ အွန်လိုင်းမှတစ်ဆင့် အသက်မွေးဝမ်းကျောင်းပြုသူအတွက် ဂုဏ်သိက္ခာညှိုးနွမ်းသွားခြင်းမှာ အနာဂတ်လမ်းကြောင်း ပိတ်သွားခြင်းပင် ဖြစ်ပေတော့သည်။