အခန်း (၄၆၇-၄၆၈)
Vol. 47 Ch. 467-468
အခန်း (၄၆၇) အမာခံပရိသတ်များ ကျောခိုင်း၍ ရန်သူအဖြစ် ပြောင်းလဲသွားခြင်း
ရှောင်ယူသည် သူမအား အမြဲတစေ ငွေကြေးထောက်ပံ့လေ့ရှိသော အမာခံပရိသတ်များနှင့် WeChat တွင် အုပ်စုဖွဲ့၍ အဆက်အသွယ်ရှိထားသည်။
"ကျွန်မဘက်ကနေ ကာကွယ်ပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ် ဒါပေမဲ့ ဒီကိစ္စကို နောက်ထပ် မပြောကြပါနဲ့တော့ရှင်၊ အွန်လိုင်းမှာ ဆူညံပွက်လောရိုက်နေတာက ကျွန်မရဲ့ ပုံရိပ်ကို ထိခိုက်စေလို့ပါ"
သူမသည် မိမိကိုယ်တိုင် ခိုးချထားမိသည်ကို ဝန်ခံရန် ရှက်ရွံ့နေသော်လည်း ပရိသတ်များက ထပ်မံဆူပူနေမည်ဆိုပါက ပြဿနာပိုကြီးလာမည်ကို စိုးရိမ်သဖြင့် ငြိမ်သက်သွားစေရန် ဖျောင်းဖျလိုက်ခြင်းဖြစ်သည်။
"မကြောက်ပါနဲ့ ရှောင်ယူရယ် သီချင်းသံစဉ်တွေက နည်းနည်းဆင်တူနေတယ်ဆိုပေမဲ့ ပီယာနိုမှာက ခလုတ်အနည်းငယ်ပဲ ရှိတာလေ၊ ပေါင်းစပ်ပုံတွေ တူသွားတာက သဘာဝပဲ နင် ခိုးမချဘူးဆိုတာ တို့တွေ ယုံကြည်တယ်"
နားမလည်သော သာမန်လူများမှာမူ သူမကို မျက်ကန်းမှိတ်၍သာ ကာကွယ်ပေးနေကြဆဲဖြစ်သည်။ ရှောင်ယူသည် အလွန်အမင်း စိတ်တိုသွားရသည်။
ဤပရိသတ်များသည် အသိဉာဏ်ကင်းမဲ့ရုံသာမက ပြဿနာကိုပါ ပိုမိုရှုပ်ထွေးအောင် လုပ်ဆောင်နေကြသည်ကို သူမ ပထမဆုံးအကြိမ် သိမြင်လိုက်ရသည်။
"ဒါကို ရပ်လိုက်ဖို့ ငါပြောနေတယ်လေ ဒီကိစ္စက ပိုပြီးကျယ်ပြန့်လာလေလေ၊ ငါ့အတွက် ပိုပြီးဆိုးလာလေလေပဲ ဖြစ်မှာ"
"မကြောက်ပါနဲ့ ရှောင်ယူ၊ တို့တွေ နင့်ကို ဘယ်တော့မှ ပစ်မသွားဘူး နင့်အတွက် တရားမျှတမှုကို ရှာပေးမှာပါ"
"ဒီအရူးတွေက တကယ်ကို မူမမှန်ကြဘူးပဲ"
သူမသည် အခန်းထဲရှိ မှီအုံးကို ဒေါသတကြီး ရိုက်ချလိုက်သည်။
ယခင်ကမူ ဤသူများ၏ အသိဉာဏ်မဲ့မှုကို သူမ သဘောကျခဲ့ဖူးသည်။ အဘယ်ကြောင့်ဆိုသော် သူတို့က သူမကို ငွေကြေးများစွာ ပေးကမ်းကြသလို သူမ၏ စကားကို နားထောင်ကာ အခြားသော အစီအစဉ်တင်ဆက်သူများကို ဝိုင်းဝန်းနှိပ်ကွပ်ပေးခဲ့ကြသောကြောင့်ပင်။
သို့သော် ယခုမူ အခြေအနေများမှာ သူမ၏ ထိန်းချုပ်မှုအောက်မှ လွတ်ထွက်နေသကဲ့သို့ ခံစားရသဖြင့် အလွန်အမင်း စိတ်ပျက်နေမိသည်။
သူမ၏ အမာခံပရိသတ်များသည် မင်ယွဲ့၏ တိုက်ရိုက်ထုတ်လွှင့်မှု ဆီသို့ ရောက်ရှိလာကာ တရားမျှတမှု ရှာရန် ကြိုးစားကြပြန်သည်။
"နင်က ခိုးချတာလို့ ပြောတာကို ငါတို့မယုံဘူးရှောင်ယူက ဂီတအသင်းရဲ့ အဖွဲ့ဝင်တစ်ယောက်ပဲ၊ သူက ကိုယ်ပိုင်သီချင်းတွေကို ဖန်တီးနိုင်စွမ်းရှိတယ် နင်ကတော့ ဂီတအသင်းဆိုတာ ဘာလဲတောင် သိမှာမဟုတ်ပါဘူး"
သို့သော် မင်ယွဲ့ကမူ လှောင်ပြုံးတစ်ခုကိုသာ ပြုံးလိုက်သည်။
"နင် ဘာလို့ ရယ်တာလဲ"
မင်ယွဲ့၏ ခပ်တိုးတိုးရယ်သံက ရှောင်ယူ၏ ခုခံစစ်ကို ရိုက်ချိုးလိုက်သကဲ့သို့ ရှိသည်။
ရှောင်ယူသည် သူမ၏ ပရိသတ်များ ထိုနေရာသို့ ရောက်နေသည်ကို သိသဖြင့် အကောင့်တုတစ်ခုဖြင့် ခိုးဝင်ကြည့်ရှုနေခဲ့သည်။
သူမသည် ဂီတအသင်းဝင်ဖြစ်ခြင်းကို အလွန်ဂုဏ်ယူပြီး မည်သူမျှ သူမအား ခိုးချသူဟု ယုံကြည်မည်မဟုတ်ဟု ထင်မှတ်ထားခဲ့သည်။
သို့သော် မင်ယွဲ့၏ ရယ်သံက သူမ၏ ဂုဏ်သိက္ခာကို အမှုန့်ခြေဖျက်နေသကဲ့သို့ ရှိသည်။
ဂီတအသင်းဝင်ဖြစ်ခြင်းမှာ အနုပညာလောကရှိ ထိပ်တန်းကြယ်ပွင့်များပင် ရရှိရန် ခဲယဉ်းသော ဂုဏ်ထူးဆောင် အသိအမှတ်ပြုမှုတစ်ခု မဟုတ်ပါလား။
"နင်တို့ရဲ့ အသိဉာဏ်မဲ့မှုကို ငါက ရယ်တာပါ"
မင်ယွဲ့၏ စကားက ပရိသတ်များကို ပိုမိုဒေါသထွက်စေသည်။
"နင့်ကို Report ထုပြီး Live ပိတ်ပစ်အောင် လုပ် မယ်"
"နင်က အောက်တန်းစားပဲ နင်လိုလူမျိုးက ရှောင်ယူနဲ့ ယှဉ်နိုင်မယ် ထင်နေတာလား"
"ရှောင်ယူက ဂီတအသင်းရဲ့ အငယ်တန်းအဖွဲ့ဝင် မဟုတ်လား နင်က ဘယ်လောက်တောင် အရှက်မရှိလို့လဲ User 27927926 ရဲ့... ငါ့ကို ပြောစမ်းပါဦး"
မင်ယွဲ့က ထရပ်လိုက်ပြီး လက်မှတ်တစ်ခုကို သွားယူလိုက်သည်။
"နင်တို့က ဂီတအသင်းအကြောင်း ပြောနေမှတော့... ငါတို့ အချင်းချင်း မိတ်ဆက် ရအောင်လေ"
မင်ယွဲ့သည် ဂီတအသင်း၏ အဆင့်သတ်မှတ်ချက် လက်မှတ်ကို ဖွင့်ကာ သူမ၏ ဓာတ်ပုံနှင့် နာမည်ကို ဖုံးကွယ်ထားလျက် ကင်မရာရှေ့သို့ ပြသလိုက်သည်။
"အား... အထက်တန်း (Senior) အဖွဲ့ဝင်လား ငါ အားပေးနေတဲ့သူက တကယ့် ဆရာကြီးပဲ"
"ရယ်ချင်လိုက်တာ အငယ်တန်းအဖွဲ့ဝင်က အထက်တန်းအဖွဲ့ဝင်ကို လာပြီး လှောင်ပြောင်နေတာက ကိုယ့်မျက်နှာကို အဖြတ်ခံဖို့ လာကမ်းပေးတာနဲ့ အတူတူပဲ"
ရှောင်ယူသည် လက်မှတ်ပေါ်ရှိ 'အဆင့်မြင့်' (Advanced) ဟူသော စာလုံးကို စိုက်ကြည့်ရင်း မှင်သက်နေမိသည်။
အဆင့်မြင့်အဖွဲ့ဝင်တစ်ဦးသည် ဂီတအသင်းတွင် ဆရာတစ်ဦးပင် ဖြစ်နိုင်ပြီး ထူးကဲသော ပါရမီနှင့် စွမ်းဆောင်ရည်များ လိုအပ်သည်။
သို့သော် ရှေ့ကမိန်းကလေးမှာ အလွန် ငယ်ရွယ်နေဆဲ မဟုတ်ပါလား။
"ဒီလက်မှတ်က တခြားသူဆီက ငှားလာတာမလား နင့်ဟာလို့ ငါတို့မယုံဘူး"
ပရိသတ်များက ဇွဲနပဲဖြင့် ငြင်းဆန်နေကြဆဲဖြစ်သည်။
မင်ယွဲ့က ပြုံးလိုက်သည်။
မူလက သူမသည် လူသိရှင်ကြား သိပ်မပေါ်ထွက်လိုသော်လည်း ယခုအခါ ဖျော်ဖြေရေးကုမ္ပဏီတစ်ခုကို တည်ထောင်ထားပြီဖြစ်သဖြင့် ဤအခွင့်အရေးကို အသုံးချကာ ကုမ္ပဏီအတွက် ကြော်ငြာဝင်ရန် ဆုံးဖြတ်လိုက်သည်။
"နင်တို့ အလိုရှိတဲ့အတိုင်းပေါ့"
မင်ယွဲ့သည် သူမ၏ သွယ်လျသော လက်ချောင်းလေးများကို ဘေးသို့ဖယ်ကာ လက်မှတ်ပေါ်ရှိ အမည်ကို ထုတ်ဖော်ပြသလိုက်သည်။
"MOON တဲ့... နာမည်လေးကလည်း တကယ့် နတ်ဘုရားမ နာမည်လိုပဲ လှလိုက်တာ"
"မင်ယွဲ့... မင်ယွဲ့... ဒီနာမည်ကို တစ်နေရာရာမှာ ကြားဖူးသလိုပဲ"
"မင်းသမီး ကျန်းမင်ရဲ့ 'လွတ်လပ်မှုတေးသံ' ကို ရေးစပ်ပေးခဲ့တဲ့သူလေ"
မင်ယွဲ့၏ ပရိသတ်များမှာ ရင်ခုန်စိတ်လှုပ်ရှားမှုများဖြင့် ဆူညံသွားကြသည်။
သူတို့ ချစ်ခင်ရသော ပုဂ္ဂိုလ်မှာ အနုပညာနယ်ပယ်အသီးသီးတွင် ဤမျှအထိ ထူးချွန်နေလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ပေ။
ရှောင်ယူမှာမူ ကြောက်လန့်တကြားဖြင့် Live အတွင်းမှ ထွက်ပြေးသွားတော့သည်။ သူမ၏ ပရိသတ်များမှာလည်း ရှက်ကိုးရှက်ကန်းဖြင့် တဖြည်းဖြည်း ထွက်ခွာသွားကြသည်။
"အားပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ် 'ဝန်ခံခြင်း' ပီယာနိုတေးသွားကို ကျွန်မရဲ့ အကောင့်မှာ တင်ထားပေးပါမယ် သီချင်းစာသား ရေးပြီးတာနဲ့ သီချင်းကိုလည်း တင်ပေးသွားပါ့မယ်"
မင်ယွဲ့သည် အေးချမ်းသွားသော အခြေအနေတွင် သူမ၏ ကိုယ်ပိုင်ကိစ္စများကို စတင်ပြောဆိုတော့သည်။
"MOON မှာ ရည်းစားရှိလားဟင်"
ပရိသတ်များက စပ်စုလာကြသည်။
"ရှိတယ်"
မင်ယွဲ့က ဖုံးကွယ်ခြင်းမရှိဘဲ ဖြေလိုက်သည်။
"နှမြောစရာပဲ၊ ချစ်မိကာမှ အပစ်ခံလိုက်ရသလိုပဲ"
မင်ယွဲ့သည် သူတို့၏ စနောက်မှုများကို ကြည့်ကာ ပြုံးစိစိဖြစ်နေမိသည်။
"MOON ရဲ့ လက်မှတ်ပေါ်က ဓာတ်ပုံလေးက တကယ်လှတာပဲ အိုင်ဒီဓာတ်ပုံကို ဘယ်လိုရိုက် ရင် လှမလဲဆိုတာ ပြောပြပေးပါဦး"
မင်ယွဲ့က မှတ်ချက်များကို ကြည့်ကာ ရယ်မောလျက် ပြန်ဖြေလိုက်သည်မှာ—
"ရုပ်ချောရင် အိုင်ဒီဓာတ်ပုံကလည်း အလိုလို လှနေမှာပါပဲ"
"Live လွှင့်တဲ့သူက တကယ်ကို ရိုးသားတာပဲ"
မင်ယွဲ့သည် တိတ်ဆိတ်စွာ ပြုံးနေစဉ်တွင် မှတ်ချက်တစ်ခုက တက်လာပြန်သည်။
"ဘာလို့ ဥက္ကဋ္ဌက ဟာသပြောနေတယ်လို့ ထင်ကြတာလဲ သူက တကယ့် အလှနတ်ဘုရားမပဲဥစ္စာ"
"Live လွှင့်တဲ့သူ မျက်နှာလေး ပြပေးပါဦးကျွန်တော်က အလှအပကို မြတ်နိုးတဲ့သူမို့လို့ပါ"
မင်ယွဲ့သည် ယွမ်ပေါ့၏ အကူအညီဖြင့် တစ်ဖက်ကလူမှာ မိန်းကလေးငယ်တစ်ဦးဖြစ်ကြောင်း သိနေသဖြင့်သာ တည်တည်ငြိမ်ငြိမ် ရှိနေခြင်းဖြစ်သည်။
"ကောင်းပါပြီ"
မင်ယွဲ့က ခေါင်းငုံ့လိုက်ပြီးနောက်—
"ကျွန်မကိုယ်ကျွန်မ မိတ်ဆက်ပါရစေ ကျွန်မက 'ချန်ယွဲ့ ဖျော်ဖြေရေး' ရဲ့ ပိုင်ရှင် မင်ယွဲ့ ဖြစ်ပါတယ် အားလုံးပဲ လမ်းညွှန်ပေးကြပါဦး"
တိုက်ရိုက်ထုတ်လွှင့်မှုကို ချက်ချင်း ပိတ်လိုက်သော်လည်း သူမ၏ လှပလွန်းသော ပုံရိပ်မှာ လူတိုင်း၏ အာရုံထဲတွင် စွဲထင်ကျန်ရစ်ခဲ့သည်။
ချန်ယွဲ့ ဖျော်ဖြေရေးသည် လူစိတ်ဝင်စားမှု အလုံးအရင်းဖြင့် ရရှိသွားတော့သည်။
ရှောင်ယူ၏ ပြဿနာရှာမှုမှာ မင်ယွဲ့အတွက်မူ အခမဲ့ ကြော်ငြာတစ်ခု ဖြစ်သွားရသည်။
မင်ယွဲ့သည် နောက်ဆုံးအနေဖြင့် Weibo တွင် ပို့စ်တစ်ခု တင်လိုက်သည်။
#ကျွန်မက ကျွန်မကိုယ်ကျွန်မ ပြန်ပြီး ခိုးချတယ်လို့ တစ်စုံတစ်ယောက်က ပြောလိုက် သလား#
ထို့နောက် သူမ၏ QuLe အကောင့်ကိုလည်း တွဲတင်လိုက်သည်။ မင်ယွဲ့၏ Weibo မှာ မိုဟန်ကျီ၏ ဇနီးလောင်းအဖြစ် လူသိများထားသဖြင့် အထူးပင် လူစိတ်ဝင်စားခံရသည်။
သို့သော် သူမသည် မိမိ၏ အရည်အချင်းကြောင့်သာ လူသိများလိုခြင်း ဖြစ်သည်။
"MOON က ပန်းချီလည်း ဆွဲတတ်တာလား အား... ငါတော့ တကယ့် အမာခံပရိသတ် ဖြစ်သွားပြီ သူက တကယ့် ပါရမီရှင်ပဲ"
"ဒါကိုမှ တကယ့် အရည်အချင်းရှိတဲ့ အလှလေးလို့ ခေါ်တာ ဟို ရှောင်ယူဆိုတဲ့ တစ်ယောက်ကတော့ ပညာတတ်မိန်းကလေးဆိုတဲ့ ပုံရိပ်တွေ အကုန်ပျက်ကုန်ပြီ"
"ဒီလောကမှာ အတုနဲ့အစစ်က ခွဲရခက်ပါတယ် လူတွေက လူစိတ်ဝင်စားဖို့ ပုံရိပ်အတုတွေ ဖန်တီးကြတာပဲ နှမြောစရာကောင်းတာက ရှောင်ယူက နာမည်ကြီးလာပြီးမှ မောက်မာသွားတာပဲ"
ရှောင်ယူသည် သူမ၏ ပရိသတ်များ တဖြည်းဖြည်း လျော့နည်းလာကာ အချို့မှာ သူမကို ပြန်လည် တိုက်ခိုက်လာကြသည်ကို ကြည့် ရင်း အားကိုးရာမဲ့စွာဖြင့် ငိုင်ကျနေတော့သည်။
အခန်း (၄၆၈) ကျွန်မရဲ့ ရည်းစားကို အသုံးချဖို့ မလိုသေးပါဘူး
"ငါ ဘာလုပ်ရမလဲ ကိစ္စတွေ ဒီလောက်ထိ ကြီးကျယ်သွားလိမ့်မယ်လို့ မထင်ထားဘူး မင်ယွဲ့ဆိုတဲ့ တစ်ယောက်က ဘာလို့ ဒီလောက်တောင် ဇွတ်တရစပ် လုပ်နေရတာလဲ"
ရှောင်ယူသည် သူမ၏ ရည်းစားထံသို့ ဖုန်းဆက်ကာ ငိုယိုတိုင်တန်းနေမိသည်။
သူမ၏ ရင်ထဲတွင် မင်ယွဲ့အပေါ် ထားရှိသော မုန်းတီးမှုမှာ အထွတ်အထိပ်သို့ ရောက်ရှိနေလေပြီ။
"ရှောင်ယူ... အဲဒီမင်ယွဲ့ဆိုတာ သာမန်လူမဟုတ်ဘူး သူက ရှင်းယောင်လုပ်ငန်းစုရဲ့ ဥက္ကဋ္ဌမိုရဲ့ ချစ်သူ၊ ပြီးတော့ လူကြီးချင်းတွေနဲ့တောင် တွေ့ပြီးသားလို့ သိရတယ် သူ့ကို ထိပ်တိုက်မသွားနဲ့တော့ အရင်ဆုံး သီးသန့်စာပို့ပြီး တောင်းပန်လိုက်ပါ၊ သူ့ရဲ့ ခွင့်လွှတ်မှုကို ရအောင်ယူ အင်တာနက်ပေါ်က သတင်းတွေဆိုတာ မြန်မြန်ပေါ်ပြီး မြန်မြန်ပျောက်တာပဲ၊ ရက် နည်းနည်းကြာရင် လူတွေမေ့သွားလိမ့်မယ် အဲဒီကျမှ နင် ပြန်ထွက်လာလို့ ရတာပေါ့"
ရည်းစားဖြစ်သူက မင်ယွဲ့အား တောင်းပန်ရန် ပြောသောအခါ သူမ အလွန်အမင်း မလိုလားသော်လည်း အခြားရွေးချယ်စရာ မရှိတော့ပေ။
"ကောင်းပြီလေ... ငါ အရင် ကြိုးစားကြည့် လိုက်မယ်"
သူမသည် မင်ယွဲ့၏ တရားဝင် Weibo အကောင့်ကို ရှာဖွေကာ သီးသန့်စာ ပို့ခဲ့သော်လည်း အချိန်အတော်ကြာသည်အထိ မည်သည့်တုံ့ပြန်မှုမျှ မရရှိခဲ့ပေ။
သူမသည် ဒေါသတကြီးဖြင့် သွားကြိတ်နေမိသော်လည်း ပို၍ဆိုးဝါးသော အခြေအနေက စောင့်ကြိုနေခဲ့သည်။
တိုက်ရိုက်ထုတ်လွှင့်မှု ပလက်ဖောင်းက သူမ၏ အကောင့်ကို တိုက်ရိုက်ဖျက်သိမ်းလိုက်ခြင်းပင် ဖြစ်သည်။
ဤသည်မှာ သူမအနေဖြင့် ထိုပလက်ဖောင်းတွင် နောက်နောင် တိုက်ရိုက်ထုတ်လွှင့်ခွင့် မရှိတော့ခြင်း ဖြစ်သည်။
သူမသည် ဤအဆင့်သို့ ရောက်ရှိရန် အလွန် ပင်ပန်းစွာ ကြိုးစားခဲ့ရသည်။
အွန်လိုင်းပေါ်တွင် သီချင်းအနည်းငယ် တီးခတ်ကာ ပရိသတ်များနှင့် စကားပြောရုံမျှဖြင့် ငွေများစွာ ရရှိနေသည်ကို မည်သူက စွန်ခွာချင်ပါမည်နည်း။
သို့သော် ဖော်လိုဝါ သန်းချီရှိသော အကောင့်ကြီးမှာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားခဲ့လေပြီ။
သူမသည် စိတ်ကို မထိန်းနိုင်တော့ဘဲ မင်ယွဲ့အား တောင်းပန်ရန် စိတ်ကူးများကို လွှင့်ပစ်လိုက်ကာ အစွန်းရောက်သော တိုက်ခိုက်မှုတစ်ခုကို လုပ်ဆောင်လိုက်တော့သည်။
"ရှင်က မစ္စတာမိုရဲ့ ချစ်သူဖြစ်နေရုံနဲ့ အာဏာကိုသုံးပြီး လူတွေကို နှိပ်ကွပ်လို့ရမလား ကျွန်မရဲ့ အကောင့်ကို ပိတ်ပစ်ဖို့ ရှင့်မှာ ဘာအခွင့်အရေးရှိလို့လဲ ဒါဟာ ရှင့်ရဲ့ ယဉ်ကျေးမှုပဲလား"
ရှောင်ယူသည် လုံးဝ စိတ်ဓာတ်ကျကာ အဆုံးအစွန်အထိ ရောက်သွားခဲ့ပြီဖြစ်သည်။
သူမ၏ အသက်သွေးကြောဖြစ်သော အကောင့် ပျောက်ဆုံးသွားခြင်းက သူမအား တည်ငြိမ်မှုကို ဆုံးရှုံးစေခဲ့သည်။
သူမသည် အနုပညာလောကတွင် ပြိုင်ဆိုင်မှု ပြင်းထန်လွန်းသောကြောင့် အွန်လိုင်း အစီအစဉ်တင်ဆက်သူဘက်သို့ ကူးပြောင်းခဲ့ခြင်း ဖြစ်သည်။
ဂီတအသင်းတွင်ပင် အလယ်တန်းအဖွဲ့ဝင်များစွာ ရှိနေပြီး အထက်တန်းအဖွဲ့ဝင်များမှာမူ တစ်နိုင်ငံလုံး၏ ထက်ဝက်ခန့်ကို စိုးမိုးထားကြသည်။
အခြားသူများက သူမကို ပါရမီရှင်ဟု ထင်ကြသော်လည်း သူမကိုယ်တိုင်သာလျှင် မည်မျှအထိ သိမ်ငယ်ရကြောင်း သိသည်။
ပီယာနိုတီးခြင်းနှင့် စဉ်ဆက်မပြတ် လေ့လာခြင်းမှာ အနုပညာဆန်သည်ဟု ထင်ရသော်လည်း လက်တွေ့တွင်မူ လက်ချောင်းများတွင် အသားမာများ တက်လာသည်အထိ စက်ရုပ်ကဲ့သို့ လေ့ကျင့်ရသည့် ဝေဒနာမှာ သူမအတွက် ငြီးငွေ့စရာ ဖြစ်ခဲ့သည်။
မင်ယွဲ့၏ ပရိသတ်များကလည်း ရှောင်ယူ၏ ပို့စ်ကို ချက်ချင်းမြင်တွေ့သွားကာ မင်ယွဲ့အား တက်ဂ် (Tag) လုပ်၍ အသိပေးခဲ့ကြသည်။ မင်ယွဲ့သည် ထိုပို့စ်ကို မြင်သောအခါ လှောင်ရယ်မိလိုက်သည်။
"အာဏာနဲ့ နှိပ်ကွပ်တယ် ဟုတ်လား လုံးဝမဟုတ်ပါဘူး နင့်ရဲ့ တီးခတ်မှုမှာ ခိုးချမှုတွေ ပါဝင်နေသလို၊ နင့်ရဲ့ Live ကနေတစ်ဆင့် တခြားသူတွေကို အွန်လိုင်းကနေ အနိုင်ကျင့်ဖို့ ပရိသတ်တွေကို မသမာတဲ့နည်းနဲ့ လှုံ့ဆော်ခဲ့တာကြောင့် အကောင့်ပိတ်ခံရတာပါ ဒါက လုံလောက်တဲ့ အကြောင်းပြချက် မဟုတ်ဘူးလား"
မင်ယွဲ့က ချက်ချင်းပင် တုံ့ပြန်လိုက်သည်။
"နောက်ပြီးတော့... နင့်ကို ရှင်းထုတ်ဖို့ ငါ့ရည်းစားကို အသုံးချဖို့ မလိုသေးပါဘူး နင်အလုပ်လုပ်တဲ့ ပလက်ဖောင်းမှာ ငါက ရှယ်ယာရှင် တစ် ယောက်ပဲ ကုမ္ပဏီက စာချုပ်ချုပ်ထားတဲ့ အစီအစဉ်တင်ဆက်သူတွေကို စီမံခန့်ခွဲပိုင်ခွင့် ငါ့မှာ ရှိတယ်၊ အဲဒီထဲမှာ နင်လည်း ပါတာပေါ့"
မင်ယွဲ့၏ စကားမှာ ပြိုင်ဘက်ကို အဆင့်အတန်းချင်း မိုးနဲ့မြေလို ကွာခြားစေသည့်တစ်ခုပင် ဖြစ်သည်။
"ဟားဟား... အာဏာပြတယ်လို့ စွပ်စွဲကာမှ ကိုယ်ပိုင်အစွမ်းနဲ့ပဲ အပြတ်ရှင်းခံလိုက်ရတာပဲ"
"ချမ်းသာပြီး လှပတဲ့ ပီယာနိုသမားလေးဆိုပြီး ဟန်ဆောင်နေတာ အခုတော့ ဘယ်လိုဖြစ်သွားပြီလဲ ငါ့ရဲ့ ပီယာနိုအတတ်ပညာကို လှောင်ပြောင်ခဲ့တုန်းက ငါတောင် ဂီတလောကက ထွက်မလို့ ဖြစ်သွားခဲ့တာ အခုတော့ နင် ဝဋ်လည်ပြီပေါ့"
"သူ Live လွှင့်တဲ့ ဗီလာက အိမ်ရှင်မှာ သမီးမရှိဘူးဆိုတာ ငါစုံစမ်းပြီးသွားပြီ ဟန်ဆောင်မှုတွေကတော့ ကြောက်စရာပဲ"
"အား... နင်တို့တွေ... နင်တို့တွေ အကုန်လုံးပဲ”
ရှောင်ယူသည် ကဲ့ရဲ့ရှုံ့ချသော မှတ်ချက်များကို ကြည့်ကာ ဒေါသတကြီးဖြင့် သူမ၏ ဖုန်းကို လွှင့်ပစ်လိုက်သည်။
ဖန်သားပြင် ကွဲအက်နေသော ဖုန်းမှာ မြေပြင်
ပေါ်၌ တုန်ခါလျက် မြည်လာပြန်သည်။
"ဘာဖြစ်လို့လဲ”
သူမက ရိုင်းစိုင်းစွာ ထူးလိုက်သည်။
"ငါပြောတာကို နင် နားထောင်ရဲ့လား ငါက တောင်းပန်ခိုင်းတာလေ၊ သွားပြီး ရန်စခိုင်းတာ မဟုတ်ဘူး”
သူမ၏ ရည်းစားဖြစ်သူမှာလည်း ရှောင်ယူ၏ မိုက်မဲသော လုပ်ရပ်ကြောင့် ဆွံ့အသွားရသည်။
"ဒါပေမဲ့ သူက ငါ့အကောင့်ကို ဖျက်လိုက်တာလေ”
ရှောင်ယူသည် ဒေါသကို မထိန်းနိုင်ဘဲ ဖုန်းကို ချိုးပစ်ချင်လောက်အောင် တင်းကျပ်စွာ ဆုပ်ကိုင်ထားမိသည်။
"Live လွှင့်တဲ့ ပလက်ဖောင်းက တစ်ခုတည်းရှိတာ မဟုတ်ဘူး နင် အချိန်တစ်ခုစောင့်ပြီး တခြားနေရာမှာ ပြန်လုပ်လို့ ရသေးတာပဲ နင့်မှာ ပရိသတ်အင်အား ရှိနေသေးတော့ ပြန်ထလာဖို့ မခဲယဉ်းဘူး ဒါပေမဲ့ အခုလို ပြဿနာကို အကြီးအကျယ် ရှာလိုက်တော့ မင်ယွဲ့နဲ့ ဥက္ကဋ္ဌမိုတို့ရဲ့ ပတ်သက်မှုကို ကြောက်ပြီး ဘယ်ကုမ္ပဏီကမှ နင့်ကို စာချုပ်ချုပ်မှာ မဟုတ်တော့ဘူး"
ရှောင်ယူနှင့် သူမ၏ ရည်းစားမှာ တက္ကသိုလ်ကျောင်းနေဖက်များ ဖြစ်ကြသည်။
သူမက အသံပိုင်းဆိုင်ရာ ကို အဓိကထားပြီး ပီယာနိုကို ငယ်စဉ်ကတည်းက သင်ယူခဲ့ခြင်းဖြစ်ကာ၊ သူမ၏ ရည်းစားကမူ တေးရေးပညာ ကို လေ့လာခဲ့သူ ဖြစ်သည်။
သူမ နာမည်ကြီးလာစေရန်အတွက် ရည်းစားဖြစ်သူ၏ အကူအညီများစွာ ပါဝင်ခဲ့သော်လည်း 'ပုံပြင်' သီချင်းနှင့် နာမည်ကြီးလာပြီးနောက်တွင် သူမသည် ရည်းစားဖြစ်သူကို အဆင့်မရှိဟု အထင်သေးလာခဲ့သည်။
"နင်က တစ်နေ့ကုန် ငါ့ကို အော်ဟစ်နေတာကလွဲလို့ ဘာလုပ်တတ်သေးလဲ နင်သာ အဆင့်အတန်း မြင့်တဲ့သူဆိုရင် ငါ့ကို ဘယ်သူကမှ လာနှိပ်ကွပ်ရဲမှာ မဟုတ်ဘူး မင်ယွဲ့မှာ ဥက္ကဋ္ဌမို ရှိတယ်၊ ငါ့မှာက ဘာရှိလဲ"
အမျိုးသားဖြစ်သူသည် ခေတ္တမျှ တိတ်ဆိတ်သွားသည်။
သူ၏ ရည်းစားထံမှ ဤကဲ့သို့သော စကားကို ကြားရလိမ့်မည်ဟု မထင်ထားခဲ့ပေ။
"ဟက်... နင့်ရဲ့ အောင်မြင်မှုလမ်းကြောင်းကို ငါက ပိတ်ပင်ထားမိတာ ငါ့အမှားပေါ့ ငါက နင့်ကို မကာကွယ်နိုင်ဘူး၊ ဒါဆိုရင် ကာကွယ်နိုင်တဲ့သူကိုသာ သွားရှာလိုက်တော့”
အမျိုးသားဖြစ်သူသည် အေးစက်သော ရယ်သံနှင့်အတူ ဖုန်းကို ချပစ်လိုက်သည်။
သူသည် မိမိကိုယ်ကို သူတော်စင်ဟု မသတ်မှတ်သော်လည်း ရည်းစားဖြစ်သူအတွက် အတတ်နိုင်ဆုံး ကြိုးစားပေးခဲ့သူ ဖြစ်သည်။
ရှောင်ယူသည် ဖုန်းကျသွားမှသာ ထိတ်လန့်သွားရသည်။ သူမ၌ ဘာမှမရှိတော့သဖြင့် ရည်းစားကိုပါ ထပ်မံ အဆုံးရှုံးမခံနိုင်ပေ။
အမှန်စင်စစ် ရှောင်ယူမှာ ချမ်းသာသော မိသားစုမှ မဟုတ်ပေ။ သူမ၏ မိဘများမှာ သူဌေးအိမ်
တစ်ခုတွင် အလုပ်လုပ်နေကြသူများ ဖြစ်သည်။
သူမ၏ မိခင်မှာ အိမ်ရှင်၏ သားလေးကို ငယ်စဉ်ကတည်းက ထိန်းကျောင်းပေးခဲ့သူဖြစ်သဖြင့် အိမ်ရှင်မိသားစုက သူမတို့ မိသားစုအပေါ် လွန်စွာ ကောင်းမွန်ကြသည်။
သူမ Live လွှင့်နေသော ဗီလာမှာလည်း အိမ်ရှင်က နိုင်ငံခြားသို့ သွားရောက်နေစဉ် သူမ၏ မိခင်အား ခေတ္တ စောင့်ရှောက်ခိုင်းထားသော နေရာဖြစ်ခဲ့သည်။
"ဘာကို ဆိုလိုတာလဲ"
ရှောင်ယူသည် မာနကြီးသူဖြစ်သဖြင့် ချက်ချင်းပင် ဖုန်းပြန်ဆက်ကာ မေးမြန်းလိုက်သည်။
"ဆိုလိုတာက... ငါတို့ လမ်းခွဲကြရအောင်"
အမျိုးသားဖြစ်သူသည် ပြတ်သားသောသူ ဖြစ်သည်။ သူတို့နှစ်ဦးမှာ လုံးဝ မကိုက်ညီတော့ကြောင်း သူ ခံစားလိုက်ရသည်။
"ငါ သဘောမတူဘူး”
ရှောင်ယူသည် ဖုန်းထဲမှနေ၍ ကျယ်လောင်စွာ အော်ဟစ်လိုက်သော်လည်း အမျိုးသားဖြစ်သူကမူ အေးစက်စွာဖြင့်—
"လမ်းခွဲဖို့က နင့်ရဲ့ သဘောတူညီချက် မလိုဘူး ငါက လမ်းခွဲလိုက်ပြီဆိုတာကို အသိပေးတာပဲ"
ဟု ဆိုကာ ဖုန်းကို ထပ်မံ ချပစ်လိုက်တော့သည်။
ရှောင်ယူက ထပ်မံ ဖုန်းခေါ်သော်လည်း ယခုတစ်ကြိမ်တွင်မူ ခေါ်ဆို၍ မရတော့ပေ။