← Chapters

ကောင်းကင်ဧကရာဇ်၏ သွေးဆံနွယ်

Vol. 9 Ch. 843

ကောင်းကင်ဧကရာဇ်၏ သွေးဆံနွယ်

Vol. 9 Ch. 843

ပိုင်ရှောင်ချန်းသာ ကြက်သေသေသွားခြင်းမဟုတ်။ ပိုင်ဟောက်မှာလည်း ဝိညာဥ်သိုလှောင်စေတီထဲတွင် ပါးစပ်လေးအဟောင်းသားဖြစ်လျက် ထိုင်နေ၏။

အဖြစ်အပျက်များကား အလှည့်အပြောင်း များလွန်းလှသည်။ အံ့ဩဘနန်းဖြစ်ခဲ့ရသော တိုက်ပွဲအတောအတွင်းက ပိုင်ဟောက်မှာ အပြင် မထွက်ရဲခဲ့ချေ။ မြေအောက်ကမ္ဘာမြစ်ကို ပြန်ရောက်သည်နှင့် သူက သတိကြီးကြီးထားကာ အပြင်ကမ္ဘာကြီးကို ချောင်းကြည့်နေခဲ့ပြီး သင်္ချိုင်းစောင့်ကြီးစကားများကို နားစွင့်နေခဲ့ကာ သူ့ဆရာ ငရဲဧကရာဇ်ဖြစ်လာေတာ့မည့်အတွက်ပင် စိတ်လှုပ်ရှားနေခဲ့ရသည်။

သင်္ချိုင်းစောင့်ကြီးက သူ့ကို ရုတ်တရက် ဆွဲထည့်ကာ သူက ဆက်ခံသူဖြစ်ကြောင်း ပြောလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မထင်ထားခဲ့ပေ။

ပိုင်ရှောင်ချန်းက အခြေအနေအပေါ် အထင်လွဲသွားမည်ကို စိုးရိမ်သဖြင့် သူက အမောတကော ပြောလိုက်သည်။

" ဆရာကြီး၊ ဆရာ… မှားနေပြီထင်တယ်။ ကျွန်တော်က..."

ဘေးရှိ ပိုင်ရှောင်ချန်းက ကြက်သေသေနေလျက် လှည့်ကြည့်လိုက်သည်။ အမှန်တွင် သူ အနည်းငယ်မျှပင် စိတ်ကသိကအောက် မဖြစ်မိပေ။ သူ၏ခေါင်းထဲတွင် အတွေးတစ်ခုသာ ကြီးစိုးထားသည်။

" ငါ့တပည့်က ငရဲဧကရာဇ်အသစ်ဖြစ်တော့မှာပေါ့။ ဘုရား၊ ဘုရား ဒါ တကယ်ကြီးလား...။ ငါ့တပည့်သာ ငရဲဧကရာဇ်အသစ်ဖြစ်လာရင် မြေရိုင်းဒေသမှာရှိတဲ့ ဘယ်သူကမှ ငါ့ကို ရန်စရဲတော့မှာ မဟုတ်ဘူး "

သူသည် အဖြစ်အပျက်အလုံးစုံနှင့် ပတ်သက်၍ အလွန်စိတ်လှုပ်ရှားနေသည်။ သိသာထင်ရှားစွာပင် ယခုအချိန်ကစပြီး မည်သူကမှ သူ့ကို ပြဿနာရှာရဲတော့မည် မဟုတ်ပေ။ သူတို့သာ ပြဿနာရှာခဲ့လျှင် သူက လက်ကလေးဝှေ့လိုက်သည်နှင့် သူတို့ကို ရှင်းထုတ်ပေးမည့် သူ့တပည့် ရှိလာတော့မည်။ အထူးသဖြင့် သူ တန်ခိုးအာဏာ ကြီးမားလာတော့ပေမည်။

" သောကကင်းဝေးကိုးသွယ်ဘုရင်၊ မဟာကောင်းကင်သခင်၊ ချန်ဟောက်စုန့်။ ဘယ်သူကများ ငါ့ကိုထိရဲဦးမလဲ။ ဘယ်သူ ငါ့ကို စိုက်ကြည့်ရဲဦးမလဲ "

သူက လွန်စွာနှစ်ထောင်းအားရဖြစ်နေပြီး ပေါင်ကို ရိုက်ကာ ခေါင်းနောက်လှန်၍ အားပါးတရ အော်ဟစ်ရယ်မောလိုက်သည်။

" ပျော်စရာကြီးပဲဟေ့ "

သူက ကျယ်လောင်စွာ ပြောသည်။

" သိပ်ကောင်းတဲ့ ရွေးချယ်မှုပဲ ဘိုးဘိုးကြီး။ ကျွန်တော့် ဒီတပည့်လေးက ငရဲဧကရာဇ်နေရာအတွက် အသင့်တော်ဆုံးပဲ။ တကယ်တမ်းေပြာရရင် မြေရိုင်းဒေသတခွင် ပိုင်ဟောက်ထက်သင့်တော်မယ့်လူ တစ်ယောက်မှ မရှိဘူး "

ပိုင်ဟောက်က တစ်ခုခု ဝင်ပြောတော့မည်ကို မြင်သောအခါ ပိုင်ရှောင်ချန်းက ဆရာတစ်ယောက်လုပ်သင့်သည့်အတိုင်း အရေးမပါဟန်ဖြင့် လက်ကို ဝေ့ယမ်းလိုက်သည်။

" မင်း ဆရာအနေနဲ့ ပိုင်ဟောက်ရေ၊ ဒီကမ်းလှမ်းချက်ကို မင်းကိုယ်စား လက်ခံလိုက်တယ်။ ဒါ စီစဥ်ပြီးသွားပြီ "

သင်္ချိုင်းစောင့်ကြီးက ပိုင်ရှောင်ချန်းနှင့် ပိုင်ဟောက်ကို ကြည့်လိုက်သည်တွင် သူ့မျက်လုံးများထဲ၌ လေးနက်သော အလင်းတစ်ခုကို မြင်နိုင်သည်။ သင်္ချိုင်းစောင့်ကြီး ကြိုတင်စီစဥ်ထားသော အစီအစဥ်များကို တစ်ယောက်မှ ခန့်မှန်းနိုင်မည် မဟုတ်ပေ။ အမှန်တွင် သူက ပိုင်ရှောင်ချန်းအား ဆက်ခံသူတစ်ယောက်အဖြစ် ဘယ်တုန်းကမှ မတွေးခဲ့ဖူးပေ။ ထိုမျှသာမက ပိုင်ဟောက်သည်သာ သူစောင့်ကြည့်နေခဲ့သည့် လူများထဲက တစ်ယောက်ဖြစ်သည်။

ဥပမာဆိုလျှင် ကျိုးရီရှင်းနှင့် ပိုင်ရှောင်ချန်းသတ်ခဲ့သည့် လောချိန်မျိုးနွယ်စုလက်ရွေးစင်၏ ဝိညာဥ်ရှိသည်။ ထို့ပြင် အခြားသူများစွာ ရှိသေးသည်။ သူ့အတွက် ငရဲဧကရာဇ်ကျောက်တိုင်ပေါ်ရှိ လူများအပါအဝင် ပြိုင်ပွဲဝင်အများအပြားရှိသည်။ သို့သော် ထိုပြိုင်ပွဲဝင်များအားလုံးကြားထဲ ပိုင်ဟောက်က တရားဝင် ဆက်ခံသူဖြစ်လာခဲ့သည့် အကြောင်းရင်းမှာ သင်္ချိုင်းစောင့်ကြီးနှင့် မသက်ဆိုင်ဘဲ ပိုင်ရှောင်ချန်းနှင့် ပို၍ သက်ဆိုင်သည်။

အမှန်ဆိုရလျှင် ပိုင်ရှောင်ချန်းသည် သင်္ချိုင်းစောင့်ကြီးအတွက် ပြိုင်ပွဲဝင်စာရင်းပေါ်ရှိ အခြားလူများထက် များစွာ အရေးကြီးသည်။ သချိုင်းစောင့်ကြီးက ပိုင်ရှောင်ချန်းကို ငရဲဧကရာဇ်ဖြစ်မလာစေချင်ပေ။ ပိုင်ရှောင်ချန်းအတွက် ပို၍အရေးကြီးသော တာဝန်တစ်ခု သူ့ခေါင်းထဲ၌ ရှိသည်။

ထိုအကြောင်းရင်းကြောင့် မြေရိုင်းဒေသထဲသို့ ပိုင်ရှောင်ချန်း တည်နေရာရွှေ့ပြောင်းလာသောအခါ ပိုင်ဟောက်နှင့် ဆုံတွေ့ခဲ့ခြင်းဖြစ်သည်။ ထိုစဥ်က ပိုင်ရှောင်ချန်း ထွက်ခွာသွားသောအခါ မျက်လုံးများထဲတွင် အလွန်နက်နဲသော အရိပ်အယောင်များဖြင့် သင်္ချိုင်းစောင့်ကြီးပေါ်လာခဲ့သည်။

ထိုအကြောင်းရင်းကြောင့်ပင် ပိုင်ရှောင်ချန်းက ပိုင်ဟောက်ဝိညာဥ်ကို ဝိညာဥ်ရေနွေးအိုးထဲတွင် ကြုံတွေ့ခဲ့ရခြင်းလည်း ဖြစ်သည်။

သင်္ချိုင်းစောင့်ကြီးက ပိုင်ဟောက်နှင့် ပိုင်ရှောင်ချန်းကို တွေ့ဆုံစေလိုပြီး ထိုသို့ဖြစ်လာစေရန် သူသည် နောက်ကွယ်မှ အဖြစ်အပျက်များကို ကြိုးကိုင်ခဲ့ရသည်။ ပိုင်ရှောင်ချန်းမှာ နှစ်ပေါင်းများစွာ ထိုကိစ္စများနှင့်ပတ်သက်၍ သံသယဝင်ခဲ့သော်လည်း သူ့အတွက် ကောက်ချက်ချရန် သဲလွန်စများ အလွန်စမ်းတဝါးဝါးဖြစ်နေခဲ့သည်။

အချက်ကျကျဆိုရလျှင် သင်္ချိုင်းစောင့်ကြီးပင် ပိုင်ရှောင်ချန်းနှင့် ပိုင်ဟောက်က ဆရာတပည့် ဖြစ်လာပြီး ကိစ္စရပ်များစွာကို အတူလက်တွဲလုပ်ဆောင်ကာ တစ်ယောက်နှင့်တစ်ယောက်အကြား နက်ရှိုင်းသော ခံစားချက်များ ပေါက်ဖွားလာလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။ သင်္ချိုင်းစောင့်ကြီးလုပ်ခဲ့သည်က သူတို့နှစ်ယောက်လုံးအား ဆုံတွေ့စေခြင်းပင် ဖြစ်သည်။ ပိုင်ဟောက်က ပိုင်ရှောင်ချန်း၏ အသိအမှတ်ပြုမှုကို ရယူနိုင်လျှင် သူက ရွေးချယ်ခံရသော ဆက်ခံသူဖြစ်လာလိမ့်မည် ဖြစ်ပေသည်။

သူသာ ထိုသို့ မလုပ်နိုင်ပါက သင်္ချိုင်းစောင့်ကြီးက သူ့အစား နောက်ထပ်လူတစ်ယောက်ကို ရွေးရန် လက်တွန့်နေမည် မဟုတ်ပေ။ နောက်ထပ်ငရဲဧကရာဇ်ဖြစ်စေနိုင်မည့်လူကိုလည်း ပိုင်ရှောင်ချန်းနှင့် တွေ့ဆုံစေပြီး ထိုလူ့အကြောင်း သိစေမည် ဖြစ်သည်။ ထို့ပြင် သူက ပိုင်ရှောင်ချန်း အသိအမှတ်ပြုသည့် ဆက်ခံသူတစ်ယောက်ကို တွေ့သည့်တိုင်အောင် ထိုသို့ ဆက်လုပ်နေမည်ဖြစ်သည်။

အမှန်တကယ်တော့ သူ့အတွက် သူ၏ဆက်ခံသူဖြစ်လာစေရန် အဓိကလိုအပ်ချက်က ပိုင်ရှောင်ချန်း၏ အသိအမှတ်ပြုမှုသာ ဖြစ်သည်။

အမှန်တွင် သူက ထိုအကြောင်းကို ပိုင်ရှောင်ချန်းအား ရှင်းမပြပေ။ ပိုင်ဟောက်နှင့် ပိုင်ရှောင်ချန်းကို သေချာကြည့်ရှုပြီးနောက် သူက ပိုင်ဟောက်ထံ ပြန်လှည့်လိုက်သည်။ ထို့နောက် ရှေးခေတ်များဆီမှ ပဲ့တင်ထပ်လာဟန်တူသော အသံကြီးဖြင့် စကားပြောလိုက်လေသည်။

" ပိုင်ဟောက်။ ငါ့ရဲ့ ဆက်ခံသူ ဖြစ်ချင်စိတ်ရှိလား"

ပိုင်ဟောက်က အလွန်စိတ်ရှားနေရင်း ပိုင်ရှောင်ချန်းကို လှမ်းကြည့်လိုက်သည်။

" ဆရာ "

ပိုင်ရှောင်ချန်းမှာ အခွင့်အရေးကောင်းတစ်ခု လက်လွတ်သွားမည်ကို စိုးရိမ်နေ၏။ ထို့ပြင် ဤသည်က ပိုင်ဟောက်အတွက် အံမခန်းအရာတစ်ခုဖြစ်ကြောင်း သူ ခံစားနေရသည်။

" မြန်မြန် သဘောတူလိုက်၊ ငါ့တပည့်လေးရေ "

သူက ပြောသည်။

" ဒါက မင်းအတွက် ကောင်းမွန်တဲ့ ကံကြမ္မာပဲ"

ပိုင်ဟောက်က ခံစားချက်များရောထွေးနေသည့် မျက်လုံးများဖြင့် သူ့ဆရာကို ကြည့်ရင်း တခဏကြာတုံ့ဆိုင်းနေ၏။ အမှန်တွင် သူသည် ငရဲဧကရာဇ် ဆက်ခံသူဖြစ်ရခြင်း ဂုဏ်ပုဒ်ကို ဂရုစိုက်လှသည် မဟုတ်ပေ။ သူသည် သူ့ဆရာကို အဖော်ပြုပေးခြင်းဖြင့် ခံစားရသော ပျော်ရွှင်မှုများ ဆုံးရှုံးရမည်ကိုသာ စိုးရိမ်နေသည်။

သူ့ဆရာက သူ၏တစ်ဦးသော မိသားစု၊ သူ အမှန်တကယ် သဘောကျနှစ်သက်သော လူတစ်ယောက်၊ ထိုသံယောဇဥ်လေးသည်သာ သူ့ဘဝတစ်ခုလုံးတွင် အရေးအကြီးဆုံးအရာဖြစ်သည်။

သို့သော် သူ့ဆရာမှာ မြေရိုင်းဒေသရှိ လူများစွာကို အတိုက်အခံလုပ်ခဲ့ကြောင်းလည်း သဘောပေါက်လိုက်သည်။ ငရဲဧကရာဇ်ဖြစ်လာခြင်းဖြင့် သူ့ဆရာကို မည်သူမှ ပြဿနာမရှာရဲစေရန် သူလုပ်ပေးနိုင်လိမ့်မည်။

ကိစ္စရပ်တစ်ခုလုံးကို ခြုံကြည့်လိုက်လျှင် ဤသည်က အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ကြောင်း သုံးသပ်လိုက်ရင်း သူက အံတင်းတင်းကြိတ်ပြီး သင်္ချိုင်းစောင့်ကြီးကို ပြန်ကြည့်လိုက်သည်။

"ဆရာကြီး၊ ခင်ဗျားရဲ့ဆက်ခံသူ ကျွန်တော်ဖြစ်ချင်ပါတယ်။ ဒါပေမယ့် ကျွန်တော် ခင်ဗျားကို ကျွန်တော့် ဆရာအဖြစ်မြင်လို့မရဘူး။ ကျွန်တော့်တစ်သက်လုံး ဆရာတစ်ယောက်ပဲ ရှိပါလိမ့်မယ် "

သူ့လေသံ၊ သူ့မျက်လုံးများကား တည်ကြည်ပြတ်သားမှုများဖြင့် တောက်ပနေ၏။ သူသည် သူ့ဆရာကို ကာကွယ်ရန်အတွက် ငရဲဧကရာဇ်အသစ်ဖြစ်ချင်သော်လည်း ထိုသည်က သူ၏သစ္စာရှိခြင်းကို ပြောင်းလဲနိုင်မည် မဟုတ်ပေ။

ပိုင်ရှောင်ချန်းမှာ ပိုင်ဟောက်၏ စကားလုံးများ ကြားလိုက်ရသည်တွင် အံ့သြသွားပြီး သူ့တပည့်ကို ကြည့်နေသော အကြည့်က ပို၍ပင် နူးညံ့သွား၏။ သို့သော် သူက သူ့တပည့်ကို ကောင်းကောင်းသိထားသည့်အတွက် ပိုင်ဟောက် သူတို့၏ ဆရာတပည့်သံယောဇဥ်ကို မည်မျှ အလေးအနက်ထားကြောင်း နားလည်သည်။

သင်္ချိုင်းစောင့်ကြီး၏ မျက်နှာပေါ်တွင် မည်သည့်အရိပ်အယောင်မှ မမြင်ရသော်လည်း စိတ်ထဲတွင် ပြုံးနေ၏။ အမှန်တွင် သူက ပိုင်ဟောက်အကြောင်းကိုသိသည့်တိုင် ငရဲဧကရာဇ်အသစ်ဖြစ်ရန် အသင့်တော်ဆုံးလူတစ်ယောက်ဖြစ်သည်ဟု သေချာမယုံကြည်သေးပေ။ ၄င်းမှာ အလွန်အရေးကြီးသော နေရာတစ်ခု ဖြစ်သည် မဟုတ်ပါလော။ သို့ကြောင့် သူက စစ်ဆေးမှုအနည်းငယ် ဆောင်ရွက်နေဆဲ ဖြစ်သည်။

သို့သော် ပိုင်ဟောက်၏ အဖြေကား သင်္ချိုင်းးစောင့်ကြီးရှာဖွေနေသည်နှင့် ပြီးပြည့်စုံစွာ ကိုက်ညီနေသည်။ ထိုစကားလုံးများထဲတွင် မဟုတ်မှန်သော ခံစားချက်များမပါသဖြင့် သင်္ချိုင်းစောင့်ကြီးမှာ ပို၍ သဘောကျကျေနပ်သွား၏။

" ကောင်းတယ် "

သင်္ချိုင်းစောင့်ကြီးက ခေါင်းတညိတ်ညိတ်နှင့် ပြောသည်။ ပိုင်ဟောက်တွင် မေးခွန်းများစွာရှိသော်လည်း သင်္ချိုင်းစောင့်ကြီးက သူ့ကို မေးခွင့်မပေးပေ။ သူက လက်ကို ဝှေ့ယမ်းလိုက်ရာ အနီရောင်အလင်းတန်းတစ်တန်းက ပိုင်ရှောင်ချန်းထံ ပျံသန်းသွား၏။

ပိုင်ရှောင်ချန်း ကိုယ်တိုင် လှမ်းဖမ်းလိုက်ချိန်တွင် သူ့မျက်လုံးများ ပြူးကျယ်သွား၏။ သွေးရောင်ဆံခွေတစ်ခု။

၄င်း ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ကောင်းကင်နှင့်မြေပြင်တွင် ပြင်းထန်သော ထစ်ခြုန်းမြည်ဟည်းသံများ ပြည့်နှက်လာ၏။ မိုးကောင်းကင်က မှေးမှိန်လာပြီး လေဆင်နှာမောင်းတစ်ခုက ပိုင်ရှောင်ချန်း၏ပတ်ပတ်လည်တွင် ဖြစ်တည်လာသည်။

ထိုဆံနွယ်က သူလက်တွင်းမှ ထွက်ပြေးရန် ကြိုးစားနေသည့်အလား။ ထို့ကြောင့် သူက လက်ကို ချက်ချင်း အမြန်ဆုပ်၍ အောက်ချလိုက်သည်။ ထိုစဥ် သူသည် တစ်စုံတခု ဟိန်းဟောက်နေသည်ကို ခံစားလိုက်ရပြီး ၄င်းအတွင်းမှ သက်စောင့်အားများ အံဖွယ်ကောင်းလောက်အောင် လှုပ်ရှားထကြွနေကြောင်းကိုပင် သတိထားမိလိုက်သည်။

သင်္ချိုင်းစောင့်ကြီး၏ မျက်လုံးများ ဝင်းလက်သွား၏။ သူက အင်္ကျီလက်စကို ခါယမ်းလိုက်ရာ ဟိန်းဟောက်သံများ ရပ်တန့်သွားသည်။ မမြင်ရသော အချုပ်အနှောင်အမှတ်အသားတစ်ခု ဆံခွေအပေါ်တွင် ရိုက်နှက်ခံလိုက်ရလေရာ ၄င်းမှာ ထွက်မပြေးနိုင်တော့ပေ။ ၄င်းမှာ သက်စောင့်အားများ ယခုထက်ပို၍ ရှိနေလျှင်ပင် တတ်နိုင်မည်မဟုတ်ပေ။ ၄င်းမှာ ပိုင်ရှောင်ချန်း၏လက်ဖဝါးပေါ်တွင်သာ ဝပ်တွားခယစွာ လှဲနေနိုင်တော့သည်။

ဆံနွယ်ထဲရှိ သက်စောင့်အားများကို ထိတွေ့လိုက်ရုံနှင့်ပင် ပိုင်ရှောင်ချန်း၏ တစ်ကိုယ်လုံးကို ဗြောင်းဆန်သွားစေသည်။ အမှန်တွင် ဤဆံနွယ်ကို သူ မှတ်မိသည်။ ၎င်းသည်ကား ကောင်းကင်ဧကရာဇ်၏နဖူးထက်တွင် သူမြင်ခဲ့ရသည့် သွေးရောင်ဆံနွယ်ပင်။

" အဲဒီဆံပင်ထဲက သက်စောင့်အားတွေက မင်းရဲ့ ထာဝရအရိုးကို အထွတ်အထိပ်ရောက်စေလိမ့်မယ်။ မင်းအတွက် ငါ့ရဲ့ ကံကောင်းခြင်းလက်ဆောင်လို့သာ သဘောထားလိုက် "

ထို့နောက် သင်္ချိုင်းစောင့်ကြီးက ပိုင်ဟောက်ကို သူနှင့်အတူခေါ်ကာ မြေအောက်ကမ္ဘာမြစ်ထဲ ဝင်ရောက်သွား၏။ သူဝင်ရောက်သွားသည်တွင် လှိုင်းလုံးများ ရုန်းကြွလာပြီးနောက် သူတို့သည် အဝေးသို့ စီးမြောသွားကာ နောက်ဆုံးပျောက်ကွယ်သွားတော့သည်။

မြေအောက်ကမ္ဘာမြစ်သည် တဖြေးဖြေး ပျောက်ကွယ်လာပြီး ခြောက်သွေ့သော မြစ်ကြမ်းသာ ကျန်ခဲ့တော့သည်။ ပတ်ဝန်းကျင်ရှိ အရာအားလုံး အပ်ကျသံပင် မကြားရလောက်အောင် တိတ်ဆိတ်သွားလေပြီ။

ခြောက်ကပ်နေသော မြစ်ကမ်းပြင်ပေါ်တွင် ပိုင်ရှောင်ချန်းမှာ သွေးဆံနွယ်ကို ကိုင်လျက် သူ့တပည့် ပျောက်ကွယ်သွားခဲ့သည့်ဘက်ကိုကြည့်ရင်း တစ်ယောက်တည်းကျန်ခဲ့လေသည်။

အဖြစ်အပျက်များကား မြန်ဆန်လွန်းသည်။ ပိုင်ရှောင်ချန်းသည် ငရဲဧကရာဇ်တင်မြှောက်ရေးကို စိတ်မဝင်စားသော်လည်း သူ့တပည့်အောင်မြင်လိမ့်မည်ဟု မျှော်လင့်နေသည်။ သို့သော် ပိုင်ဟောက် ရုတ်တရက် ပျောက်သွားခြင်းက သူ့ကို အတန်ငယ်အထီးကျန်ပြီး စိတ်ပျက်သွားစေ၏။

" သိမ်းငှက်ပေါက်လေးတွေ ကြီးလာတဲ့အခါ အသိုက်အမြုံကနေ စွန့်ခွာပြီး ဝေဟင်မှာ ပျံဝဲရတာပဲလေ "

သူက သက်ပြင်းချလိုက်ပြီး အနည်းဆုံးတော့ ဖြစ်ပျက်သွားခဲ့သည့် အရာရာတိုင်းကြောင့် သူက အလွန်အရေးကြီးသော လူတစ်ယောက်ဖြစ်လာခဲ့ကြောင်း သူ့ကိုယ်သူ သတိပေးလိုက်သည်။

" အခုဆိုရင် မြေရိုင်းဒေသမှာ ငါ့ထက် တန်ခိုးအာဏာကြီးမားတဲ့လူ မရှိတော့ဘူး။ ငါ့တာအိုလက်တွဲဖော်က နတ်တစ်ပါး၊ ငါ့ယောက္ခမက နတ်ဘုရားတစ်ပိုင်း၊ ပြီးတော့ ငါ့တပည့်က ငရဲဧကရာဇ်။ မဟာကောင်းကင်သခင်တောင် ငါ့ကို မယှဥ်နိုင်တော့ဘူး "

ထိုအကြောင်းကို တွေးမိလိုက်သည်တွင် သူ စိတ်လှုပ်ရှားလျက် ရင်တဒိန်းဒိန်းခုန်လာတော့သည်။

All Chapters