← Chapters

မြေရိုင်းဒေသတခွင် တုန်လှုပ်သွားခြင်း

Vol. 9 Ch. 845

မြေရိုင်းဒေသတခွင် တုန်လှုပ်သွားခြင်း

Vol. 9 Ch. 845

သွေးဆံနွယ်သည် ပြာအဖြစ် တဖြည်းဖြည်း ပြောင်းလာပြီး ပိုင်ရှောင်ချန်းမှာ သူ၏ ကျင့်ကြံအားထုတ်ခြင်းတွင် လုံးလုံးလျားလျား နစ်မြောနေ၏။ ထို့ကြောင့် အချိန်မည်မျှကုန်ဆုံးသွားသည်ကိုပင် သူ မသိပေ။ သူ ထာဝရအရိုး၏ ခုနစ်ဆင့်မြောက်ရောက်သည့်အချိန်တွင် လဝက်ကုန်ဆုံးသွားလေပြီ။

သွေးဆံနွယ်အတွင်းမှာ သက်စောင့်အား များပြားလွန်းပြီး ပိုင်ရှောင်ချန်းထံ စီးဝင်သွားသည်နှင့် သူသည် ထာဝရအပိုင်း၏ အဆင့်များအား ကျော်ဖြတ်၍ တရစပ် တိုးတက်နေသည်။

အမှန်တကယ်ဆိုရလျှင် သူ ထာဝရအရိုး၏ အထွတ်အထိပ်ကို ရောက်သည့်အချိန် သွေးဆံနွယ်မှာ သက်စောင့်အားများ ကျန်သေးနိုင်ရာ သူ၏ နောင်ထာဝရသွေးအတွက် လောင်စာအဖြစ် အသုံးပြုနိုင်လိမ့်မည်။

ထိုအချိန်တွင် အယောင်ဆောင် ပိုင်ရှောင်ချန်းနှင့် ကောင်းကင်ဧကရာဇ်က ငရဲဧကရာဇ်ကို မည်သို့ တိုက်ခိုက်ခဲ့သည်ဟူသော သတင်းက နေရာတခွင် ပျံ့နှံ့နေပြီ ဖြစ်သည်။ သတင်းမှာ တောမီးကဲ့သို့ ပျံ့နေပြီး ဝိညာဥ်ကျင့်ကြံသူများ၊ အောက်လမ်းဆရာများနှင့် လူ့ဘီလူးမျိုးနွယ်စုများအကြားတွင် ဆွေးနွေးငြင်းခုံစရာ ခေါင်းစီးသတင်းဖြစ်လာ၏။

၄င်းမှာ အလွန်ကြီးကျယ်သော အဖြစ်အပျက်ကြီးဖြစ်၍ ပထမဆုံးကြားလိုက်ရသည့် မည်သူမဆို ပင့်သက်ရှိုက်သွားရမည်သာ ဖြစ်သည်။

မြေရိုင်းဒေသများနှင့် ဗဟိုဧကရာဇ်နိုင်ငံတော်ရှိ လူတိုင်း ကောင်းကင်ဧကရာဇ်မည်သူမည်ဝါဖြစ်သည်ကို မသိကြသော်လည်း အများစုက သိထားကြသည်။ သူ့ကို နတ်ဘုရားတစ်ပိုင်းအဆင့်ထက် ကျော်လွန်သော ကျင့်ကြံခြင်းအခြေခံနှင့် ဗဟိုဧကရာဇ်နိုင်ငံတော်နှင့် တူညီသော အဆင့်အတန်းရှိသည့် ကောင်းကင်တံတားမြစ်ဒေသတွင် အုပ်ချုပ်စိုးစံနေသော ဧကရာဇ်အဖြစ် ကောင်းကောင်းသိကြသည်။

လွန်ခဲ့သောနှစ်ပေါင်းများစွာက ဗဟိုဧကရာဇ်နိုင်ငံတော် မြေရိုင်းဒေသထံ ရွှေ့ပြောင်းခံခဲ့ရသည်မှာလည်း သူ့ကြောင့် ဖြစ်သည်။ ထိုကတည်းက နှစ်ကာလမည်မျှ ကုန်လွန်သွားစေကာမူ ရန်သူနှစ်ဖက်လုံးက ဆက်လက်တိုက်ခိုက်နေခဲ့ကြ၏။

မဟာတံတိုင်း၏ အဆုံးမရှိသော ခံတပ်များသည် အဆက်မပြတ် ရန်လိုမုန်းတီးခြင်းများနှင့်အတူ သွေးပင်လယ်များစွာ ဖန်တီးခဲ့သည်။ တိုက်ပွဲက ဖြန်ဖြေ၍မရနိုင်တော့သည့် အခြေအနေသို့ မရောက်သေးသည့်တိုင် နီးကပ်နေပြီ ဖြစ်သည်။

ဗဟိုဧကရာဇ်နိုင်ငံတော်၏ သာမန်လူများသည် ကောင်းကင်တံတားမြစ်ဒေသကို ပြန်သွား၍ သူတို့နိုင်ငံတော်၏ ဂုဏ်အရှိန်အဝါကို ပြန်လည်ထူထောင်ရန် တိုက်ခိုက်လိုစိတ်များ ပြင်းပြ​ခဲ့ကြသည်။ သို့သော် ယခုတွင် ကောင်းကင်တံတားဒေသ၏ ဧကရာဇ်က ငရဲဧကရာဇ်ကို တိုက်ခိုက်ရန် သရဲတစ်ကောင်နှင့် ပူးပေါင်းခဲ့သည်။ ယင်းမှာ အမှန်စင်စစ် အံသြတုန်လှုပ်ဖွယ် ကိစ္စရပ်ကြီးတစ်ခု ဖြစ်သည်။

ပို၍ အံအားသင့်ဖွယ်ကောင်းသည်က ပိုင်ရှောင်ချန်းအယောင်ဆောင်ခဲ့သည့် သရဲမ ဒဏ်ရာအပြင်းအထန်ရသွားပြီး ထွက်ပြေးသွားခြင်းပင်။ ကောင်းကင်ဧကရာဇ်သည်လည်း ထိခိုက်သွားခဲ့၏။ ၄င်းက မြေရိုင်းသားများအတွက် ပြင်းထန်သော စိတ်လှုပ်ရှားစရာ ကိစ္စရပ်တစ်ခုဖြစ်ပြီး သူတို့ စိတ်ဓာတ်တက်ကြွလာတော့သည်။

မဟာတံတိုင်း၏ အပိုင်းလေးခု ပြိုကျသွားခဲ့သည့်အချက်က မြေရိုင်းဒေသထဲရှိ မရေမတွက်နိုင်သော လူပေါင်းများစွာကို စစ်ချီတက်လိုစိတ်များ ပြင်းထန်သွားစေ၏။ အမှန်တကယ်တော့ ထိုကိစ္စ အကောင်အထည်ပေါ်ရန် အကြံပေးချက်များ၊ အဆိုတင်သွင်းမှုများ တင်ပြလာကြ၏။

သို့သော် မဟာကောင်းကင်သခင်သည် အမြော်အမြင်ရှိသောလူတစ်ယောက်ဖြစ်ပြီး ထိုကဲ့သို့ ကမ္ဘာစစ်ပွဲတစ်ပွဲက အလွန်တန်ဖိုးကြီးမားမည်ကို သိသည်။ ထို့ပြင် ကောင်းကင်ဧကရာဇ်သည် ထွက်ပြေးရင်း ပြိုကျပျက်စီးသွားသော မဟာတံတိုင်း၏ နေရာတွင် ယာယီအကာအရံများ စီမံခဲ့၏။

ထိုအကာအရံများအား.... ချိုးဖောက်မရပေ။

သို့သော် ထိုသည်က မဟာကောင်းကင်သခင်၏ စစ်ပွဲအတွက် ပြင်ဆင်မှုများ စတင်လာခြင်းကို မဟန့်တားနိုင်ပေ။

ထိုသည်က သာမန်လူများပင် တိုက်ခိုက်မည့် စစ်ပွဲတစ်ပွဲ ဖြစ်လာပေမည်။ ထိုမျှသာမက ၄င်းက မဟာကောင်းကင်သခင်အား ဘုံဝါဒ အချုပ်အခြာအာဏာတည်တံ့အောင် ဆက်လက်လုပ်ဆောင်ရာတွင် ခိုင်လုံသော အကြောင်းပြချက်ပေးသည်။ ယင်းက သူ့ကို လူအများကြား ပို၍ ကျော်ကြားသွားစေ၏။ အမှန်တွင် လာမည့်စစ်ပွဲသည် အလွန့်အလွန် အရေးကြီးသည်။ သရဲကြီးဘုရင်နှင့် အခြားသော နတ်ဘုရားတစ်ပိုင်းများ၏ ခေါင်းထဲရှိ အဓိကအကြောင်းအရာများထဲက တစ်ခုမှာ သူတို့သည် လက်ရှိငရဲဧကရာဇ် မည်သူဖြစ်ကြောင်း ကောင်းကောင်းသိသော်လည်း နောက်တစ်ယောက်က မည်သူဖြစ်မည်နှင့်ပတ်သက်၍ မသေချာကြပေ။

ကောင်းကင်ဘုရင်လေးပါးပေးအပ်သည့် အထောက်အပံ့များကြောင့် မြေရိုင်းဒေသတစ်ခွင် တုန်လှုပ်သွားကြပြီး လူတိုင်း တိုက်ခိုက်လိုစိတ်များ ပြင်းပြလာတော့သည်။

ထိုစဥ် တတိယသတင်း ပျံ့နှံ့လာ၏။ ၄င်း မည်သည့်နေရာမှ စတင်ခဲ့ကြောင်း ပြောရခက်သော်လည်း ထိုသတင်းအကြောင်းမှာ ပထမနှစ်ခုထက်ပင် များစွာ အံသြတုန်လှုပ်ဖွယ်ကောင်းသည်။ ဗဟိုဧကရာဇ်မြို့တော်တွင် ဖြစ်စေ၊ ကောင်းကင်ဘုရင်လေးပါး မြို့တော်တွင် ဖြစ်စေ၊ အမျိုုးမျိုးသော မျိုးနွယ်စုများနှင့် လူ့ဘီလူးများအကြားတွင် ဖြစ်စေ မကြာမီ လူတိုင်း ထိုအကြောင်း ပြောလာကြ၏။

ထိုသတင်းကား ပိုင်ရှောင်ချန်းနှင့် သက်ဆိုင်သည်။ သူ့အကြောင်းကို မည်သူမှ အသေးစိတ်အတိအကျမသိသော်လည်း သူက မြေရိုင်းဒေသရှိ မယုံကြည်နိုင်ဖွယ် တန်ခိုး အာဏာရှိသော လူတစ်ယောက်ဖြစ်နိုင်ကြောင်း ယူဆနေကြသည်။

" ငရဲဧကရာဇ်ကြီးကို တိုက်ခိုက်ခဲ့တဲ့ သရဲမက ပိုင်ရှောင်ချန်းအယောင်ဆောင်ထားတာဆိုတော့ ပိုင်ရှောင်ချန်းအစစ်က ဒီလောက်နှစ်အကြာကြီး ဘယ်မှာများ ပုန်းနေတာတုန်း "

" အေး ဟုတ်တယ်ကွ။ ပိုင်ရှောင်ချန်းက မြေရိုင်းဒေသက တစ်နေရာရာမှာ ပုန်းနေတာပဲ ဖြစ်ရမယ်။ ဒါပေမဲ့ သူ ရုပ်ဖျက်ထားတာ ဘယ်သူများလဲ "

သတင်းများ ပျံ့နှံ့လာစဥ် လူတိုင်းသည် ထိုကိစ္စနှင့်ပတ်သက်၍ ရမ်းသမ်းထင်ကြေးပေးလာကြပြီး များမကြာမီ ပိုင်ရှောင်ချန်းသည်ကား..... အမှန်တွင် ဗဟိုဧကရာဇ်မြို့တော်၏ စစ်ဆေးရေးအရာရှိမင်းဟောင်း၊ လောကဓာတ်အောက်လမ်းဆရာ ပိုင်ဟောက်ဖြစ်သည်ဟု လူတိုင်း ပြောလာကြတော့သည်။

၄င်းက မြေရိုင်းဒေသတစ်ခုလုံးကို တုန်လှုပ်သွားစေသည့် အံသြဖွယ်အယူအဆတစ်ခုဖြစ်လေသည်။ ကောင်းကင်မြို့စားများ၊ ကောင်းကင်နယ်စားများနှင့် ပိုင်ရှောင်ချန်းနှင့် နှစ်ပေါင်းများစွာ ရန်ငြိုးများရှိခဲ့သည့် မရေမတွက်နိုင်သော လူများ၊ အထူးသဖြင့် တိုက်ရိုက်သွေးမျိုးဆက် ဆက်ခံသူများနှင့် လက်ရွေးစင်များမှာ သူတို့ကြားနေရသည်များအား မယုံကြည်နိုင်လောက်အောင် ဖြစ်နေကြ၏။ သို့သော်လည်း သူတို့ ဝမ်းသာအားရ ဖြစ်သွားကြသည်။ သူတို့အတွက် ပိုင်ဟောက်က ပိုင်ရှောင်ချန်း အစစ် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ သူ့ကို သတ်ရန် အကောင်းဆုံးအခွင့်အရေးဖြစ်ပေသည်။ လောကဓာတ်အောက်လမ်းဆရာဖြစ်ခြင်းကပင် သူ့ကို အန္တရာယ်ကင်းစေမည် မဟုတ်ပေ။

"ဟားဟားဟား။ ပိုင်ရှောင်ချန်း မဟုတ်တရုတ်လုပ်တာ ငါသိတာပေါ့။ သူက ပိုင်ဟောက်အယောင်ဆောင်ထားတာပဲ။ ဘယ်လောက်တောင် ကောက်ကျစ်ယုတ်မာလိုက်တုန်း "

" မင်း ပိုင်ဟောက်အစစ်မကလို့ ပိုင်ရှောင်ချန်းပဲ ဖြစ်နေပါစေ အရေးမကြီးဘူးကွ။ ငါ မင်းနဲ့ တစ်မိုးအောက်ထဲ အတူမနေချင်ဘူး။ အဲဒီ ကာမအားတိုးဆေးကြောင့် ငါအရှက်ကွဲခဲ့ရတာကို ဘယ်တော့မှ မေ့မှာမဟုတ်ဘူးကွ "

" ပိုင်ဟောက်ကို သတ် "

အထူးသဖြင့် တိုက်ရိုက်သွေးမျိုးဆက်များသည် ဒေါသူပုန်ထလျက် ချက်ချင်းပင် ပိုင်ဟောက်ကို မြေလှန်ရှာတော့သည်။

ကျောက်ရှောင်လင်းနှင့် လျှိုယုံကဲ့သို့ မြို့စားများမှာ များစွာ စိတ်လှုပ်ရှားသွားကြပြီး အထူးသဖြင့် ကျောက်ရှောက်လင်းပင်။ သူ သတင်းကိုကြားပြီးနောက် ဝါးလုံးကွဲမတတ် အော်ဟစ်ရယ်မောလိုက်သဖြင့် ကျောက်မျိုးနွယ်စံအိမ်တစ်ခုလုံး ပြည့်နှက်သွားတော့သည်။

ပိုင်ရှောင်ချန်းနှင့် ရင်းနှီးကျွမ်းဝင်ခဲ့သော လူများမှာမူ မှင်သက်သွားကြလေသည်။ အထူးသဖြင့် သရဲကြီးမြို့တော်မှ လူများ ဖြစ်သည်။

ဝိညာဥ်ခရီးဘုရင်၏ သမီးတော် ရွှီရှန်မှာ လုံးလုံးလျားလျား အံအားသင့်သွား၏။

ကျိုးရီရှင်းမှာမူ နှလုံးသားတွင် ခါးသီးမှုများ ပြည့်နှက်နေလျက် အချိန်အတော်ကြာကတည်းက ပုန်းအောင်းနေခဲ့သည်။ သူက စုန့်ချွဲကို သူနှင့်အတူ ခေါ်လာ၏။ စုန့်ချွဲသည် ပိုင်ရှောင်ချန်းက ပိုင်ဟောက်ဖြစ်သည်ဟူသော ခန့်မှန်းချက်ကို ကြားလိုက်ရသည့်အခါ နွေခေါင်ခေါင်မိုးကြိုးပစ်ခံလိုက်ရသည့်အလား ခံစားလိုက်ရသည်။

သို့သော် မဟာကောင်းကင်သခင်သော်လည်းကောင်း၊ ကောင်းကင်ဘုရင်လေးပါးသော်လည်းကောင်း၊ ကောင်းကင်နယ်စားဆယ်ဦးသော်လည်းကောင်း၊ ပိုင်ရှောင်ချန်းကိစ္စနှင့်ပတ်သက်၍ စကားတစ်ခွန်းမဆိုသည်ကို လူအများ သတိထားမိသွား၏။

မကြာမီ ကောင်းကင်နယ်စားများသည်လည်း ထူးဆန်းစွာ ထိုအကြောင်းပြောကြားခြင်း ရပ်တန့်သွားကြပြီး သူတို့၏ မျိုးနွယ်စုဝင်များကို မပြောရန် တားမြစ်လိုက်ကြသည်။ ကျောက်ရှောင်လင်းမှာ တစ်စုံတစ်ခုကြောင့် တုန်လှုပ်ချောက်ခြားသွားဟန်တူပြီး တုံ့ဆိုင်းနေခြင်းမရှိ တံခါးပိတ်ကျင့်ကြံသွားလေသည်။

ပိုင်ရှောင်ချန်း၏ သရုပ်မှန်နှင့် ပတ်သက်သည့် ထိုရုန့်ရင်းဆန်ခတ်အခြေအနေနှစ်ရပ် ဖြစ်ပေါ်လာစဥ် မြေရိုင်းဒေသကို ရိုးတွင်းခြင်ဆီအထိ တုန်လှုပ်သွားစေပြီး အခြားအရာများထက် သာလွန်သော လေးခုမြောက်သတင်းပေါ်လာပြန်သည်။

အမှန်တကယ်ဆိုရလျှင် ၄င်းက မြေရိုင်းသားအားလုံး၏ ဝိညာဥ်များထဲအထိ ရိုက်ခတ်သွား၏။

" ငရဲဧကရာဇ်က ပိုင်ဟောက်ကို ဆယ်ခံသူအဖြစ် ရွေးချယ်လိုက်တယ်"

" ပိုင်ဟောက်က ပိုင်ရှောင်ချန်းမဟုတ်ဘူး။ ငရဲဧကရာဇ်အသစ်ပဲ "

ထိုသတင်းသည် ပိုင်ဟောက်ကို သတ်ချင်နေခဲ့သည့် မြေရိုင်းဒေသရှိ မရေမတွက်နိုင်သော လူများအား ပါးဖြတ်ချလိုက်သည့်အလား။ သူတို့မှာ ပိုင်ဟောက်ကိုသတ်မည့် အတွေးများအား ဘယ်တော့မှ ထုတ်ဖော်ရတော့မည်မဟုတ်သည်ကို သဘောပေါက်လိုက်သဖြင့် သူတို့ပတ်ပတ်လည်ရှိ ကမ္ဘာကြီး ချာချာလည်သွားသည့်ပမာ ခံစားလိုက်ရတော့သည်။

"ဘုရားရေ။ သူက ငရဲဧကရာဇ်အသစ်။ ဒါ၊ ဒါဆို မြေရိုင်းဒေသက ဘယ်သူမှ သူ့ကို လွန်ဆန်မရတော့တဲ့ သဘောပေါ့ "

" ချီးတဲ့မှပဲ။ ဘာလို့ ဒီလိုဖြစ်လာတာတုန်း။ သရဲကြီးမြို့တော်က ပိုင်မျိုးနွယ်စု သူ့ကို သတ်ချင်ခဲ့ပေမယ့်လဲ အဲဒီသေရေးရှင်ရေးအခြေအနေမှာ သရဲကြီးဘုရင်က သူ့ကို ကာကွယ်ခဲ့တယ်။ ဗဟိုဧကရာဇ်မြို့တော်က လက်ရွေးစင်တွေ သူ့ကို သတ်ချင်ခဲ့ပေမယ့် အဲဒီအခိုက်အတန့်မှာ မဟာကောင်းကင်သခင်က သူ့ကို ကယ်ခဲ့ပြန်တယ် "

" ပြီးတော့ သူက ကောင်းကင်မြို့စားတစ်ယောက်ကို သတ်တဲ့အပြစ်ကျုူးလွန်ခဲ့လို့ တစ်နိုင်ငံလုံးက အထက်တန်းလွှာတွေအားလုံး ပေါင်းပြီး သူ့ကိုတိုက်ခိုက်ခဲ့တယ်။ ဒါပေမဲ့ သူရဲ့ လောကဓာတ်အောက်လမ်းဆရာ အဆင့်အတန်းက သူ့ကို ကယ်ခဲ့တယ်။ အခု သူ့ သရုပ်မှန်ကို မေးခွန်းထုတ်နေကြပြီး လူတိုင်း သူ့သတ်ချင်နေတဲ့အချိန် သောက်ချီးတဲ့မှကွာ၊ သူက ငရဲဧကရာဇ်ဖြစ်လာတော့မယ်ဆိုတာ ငါမယုံနိုင်ဘူး "

ပိုင်ရှောင်ချန်းနှင့် ရန်ငြိုးရှိသည့် လူတိုင်းမှာ ထိုသတင်းကြားသည်နှင့် အတွေးများထဲ နစ်မြောသွားကြ၏။

ကျိုးဟုန်၊ နတ်ဝံပုလွေလေး၊ ကျောက်ရှောင်လင်းနှင့် အခြားသူများအားလုံးမှာ ကြောက်လန့်မှုများဖြင့် ဆွံ့အသွားကြပြီး စိတ်ထဲတွင် နောင်တများနှင့် ငိုကြွေးနေရုံမှ တစ်ပါး မတတ်နိုင်ကြတော့ပေ။

ထိုမျှသာမက သူတို့မှာ သူကဲ့သို့ မည်သည့်နေရာရောက်ရောက် ပြဿနာမီးထွန်းရှာသည့် လူတစ်ယောက်က ထိုသို့ ရာထူးအာဏာရသွားသည့်အခါ မည်သို့ဖြစ်ပျက်လိမ့်မည်ကို မတွေးမိဘဲ မနေနိုင်တော့ပေ။

ပိုင်ရှောင်ချန်းက မြေရိုင်းဒေသကို မွှေနှောက်သွားခဲ့ပြီး ဒဏ္ဍာရီတစ်ပုဒ် ကမ္ဗည်းတင်သွားခဲ့သည်။ အမှန်တွင် ယခုအခါ လူပေါင်းများစွာသည် ပိုင်ရှောင်ချန်းမှာ အလွန် ထူးခြား ဆန်းကြယ်သည့်အတွက် တန်ခိုးရှင်တစ်ပါးအလား ထင်မှတ်သွားကြတော့သည်။

အမှန်တွင် ကျိုးရီရှင်းကား ဝမ်းမြောက်သည်ထက် ပိုသည်။ စုန့်ချွဲမှာမူ စိတ်သက်သာရာရကာ သက်ပြင်းချလိုက်ပြီး လူတိုင်း ခန့်မှန်းချက်များ မှားယွင်းခဲ့သည်ကို အလွန်ပျော်ရွှင်သွား၏။ သိသာစွာပင် ပိုင်ဟောက်နောက်လိုက်ခဲ့သည်မှာ မှန်ကန်သော ရွေးချယ်မှုဖြစ်ပေသည်။ သူကား ငရဲဧကရာဇ်အသစ်ဖြစ်လာတော့မည်မဟုတ်ပါလော။

စုန့်ချွဲသည်ကား ေမာက်မာဝင့်ကြွားစွာဖြင့် အောက်ပါအတိုင်း စိတ်ထဲပြောဆိုနေ​ေတာ့သည်။

" ဟမ့်၊ ပိုင်ရှောင်ချန်းက ပိုင်ဟောက် ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ သူက ဖိနပ်တိုက်ဖို့တောင်ဘောင်မဝင်ဘူး "

All Chapters