← Chapters

ငရဲဧကရာဇ်၏ ဆက်ခံသူ

Vol. 9 Ch. 846

ငရဲဧကရာဇ်၏ ဆက်ခံသူ

Vol. 9 Ch. 846

မဟာကောင်းကင်သခင်နှင့် အခြားတန်ခိုးအာဏာကြီးမားသည့် ပုဂ္ဂိုလ်များသာ ဖြစ်ရပ်မှန်ကို သိရှိကြသည်။ သူတို့အတွက် ငရဲဧကရာဇ်ဆက်ခံသူ ကိစ္စက ကြီးကြီးမားမား အံသြဖွယ်မဟုတ်ပေ။ သူတို့ မသေချာသည့် အဓိကအရာမှာ ငရဲဧကရာဇ်သည် ပိုင်ရှောင်ချန်းကို ပိုင်ဟောက်နာမည်နှင့် ဆက်နေရန် စီစဥ်မည်လားဆိုတာပင်။

ပိုင်ရှောင်ချန်းဟူသော နာမည်သည် များစွာ အထိအရှလွယ်၍ ပိုင်ဟောက်ဟုခေါ်သော လူတစ်ယောက်ကို ငရဲဧကရာဇ်အသစ်အဖြစ် တင်မြှောက်ခြင်းက ပြဿနာပေါင်းများစွာအား ဖြေရှင်းပေးမည်ဖြစ်သည်။

ထိုသတင်းက မြေရိုင်းဒေသအား တုန်လှုပ်ချောက်ချားသွားစဥ် ပိုင်ရှောင်ချန်းက တံခါးပိတ်ကျင့်ကြံရန်ဝင်ရောက်သွားသည်မှာ တစ်လနီးပါးကြာနေပြီဖြစ်သည့်အချိန်တွင် မြေအောက်ကမ္ဘာမြစ်သည် မြေရိုင်းဒေသအပေါ်ထက် မိုးကောင်းကင်တွင် ဖြစ်တည်လာ၏။

အချိန်အနည်းငယ်အကြာတွင် အရာအားလုံး မည်းမှောင်သွားပြီး ကြီးမားသော ဖိအားများ သက်ရောက်လာသည်။

ကောင်းကင်ယံကို လူတိုင်း မော့ကြည့်လိုက်သည်တွင် ဧရာမမြေအောက်ကမ္ဘာမြစ်ကြီးကို မြင်လိုက်ကြရ၏။ အတွင်းရှိ မရေမတွက်နိုင်သော အမုန်းဝိညာဥ်များက တစ်ခုတည်းသော အရပ်မျက်နှာထံ လှည့်၍ အရိုအသေ ဝပ်တွားဂါရဝပြုနေသဖြင့် ဖွေးဖွေးလှုပ်နေတော့သည်။

ထိုဝိညာဥ်များသာ ထိုသို့ ပြုမူကြသည်မဟုတ်။ မြေရိုင်းဒေသရှိ ဝိညာဥ်များအားလုံးသည်လည်း ထိုနည်းတူ ပြုမူလိုက်ကြသည်။

သူတို့ အရိုအသေပေးနေသည့်ဘက်ကား ဗဟိုဧကရာဇ်နိုင်ငံတော်က လွဲ၍ တခြားမဟုတ်ပေ။

ကောင်းကင်မြို့စား စေတီများ၊ ကောင်းကင်နယ်စား စေတီများနှင့် တော်ဝင်နန်းတော်အပါအဝင် ဗဟိုဧကရာဇ်မြို့တော်ရှိ မရေမတွက်နိုင်သော အဆောက်အဦများမှာ အနက်ရောင်အလင်းများ စူးရှတောက်ပလာ၏။ မြို့တော်၏ အပေါ်ထက် တိမ်တိုက်များအတွင်းရှိ နဂါးအိုကြီးက ကျယ်လောင်သော ဟိန်းဟောက်သံကြီးပြုလိုက်သော်လည်း ကောင်းကင်ထံ ပျံမတက်ဝံ့ပေ။

သာမန်ပြည်သူများ၊ မင်းမျိုးနွယ်များ၊ အထက်တန်းလွှာများ၊ မဟာကောင်းကင်သခင်နှင့် ဗဟိုဧကရာဇ်ပင်လျှင် အပြင်သို့ လျှောက်ထွက်လာကြပြီး မြစ်ကို မော့ကြည့်လိုက်သည်။

မြို့တော်ထဲတွင်သာမက မြေရိုင်းဒေသရှိ အခြားနေရာများမှလည်း ပင့်သက်ရှိုက်သံများ ကြားလိုက်ရလေသည်။

မည်သို့ ဖြစ်ပျက်နေသည်ကို လူတိုင်း သေချာသိေပသည်။

ငရဲဧကရာဇ်အရိုက်အရာကို သူ၏ဆက်ခံသူထံ လွှဲပြောင်းနေခြင်း ဖြစ်ပေသည်။

ကောင်းကင်တစ်ပြင်လုံး ဖုံးလွှမ်းသွားသော မြေအောက်ကမ္ဘာမြစ်ကြောင့် အရာအားလုံး အမှောင်ထုထဲ ရောက်ရှိသွား၏။ နေကိုသော်လည်းကောင်း ၊ လကိုသော်လည်းကောင်း မမြင်ရတော့သည့်တိုင် ကြယ်အလင်းပမာ အလင်းတန်းများက အောက်ရှိမြေပြင်ဆီသို့ ဖြာကျနေသည်။

အနီးကပ်ကြည့်လိုက်သည့် မည်သူမဆို ထိုကြယ်အလင်းရောင်ဟုထင်ရသောအရာများမှာ အမှန်တွင် မြေအောက်ကမ္ဘာမြစ်အတွင်းရှိ မရေမတွက်နိုင်သော ဝိညာဥ်များထံမှ လာနေခြင်းဖြစ်ကြောင်း မြင်ရလေမည်။ဝိညာဥ်မီးများ သူတို့ကို လောင်ကျွမ်းနေသည့်အတွက် ခပ်ဝေးဝေးမှကြည့်လျှင် ကြယ်များအလား ထင်မှားရသည်။ ၄င်းမှာ လူအများစု တစ်သက်နှင့်တစ်ကိုယ် ပထမဆုံးအကြိမ်မြင်ဖူးသည့် အရာတစ်ခုဖြစ်သည်။

လူတိုင်းမှာ အသက်ပင်ရဲရဲမရှူနိုင်ဘဲ ဧရာမမြစ်ကြီးကို စိုက်ကြည့်နေကြ၏။ သူတို့သည် လေးစားကြည်ညိုသောခံစားချက်များ တဖွားဖွားပေါ်ပေါက်လာစေသည့် သူတို့၏ အရိုးများအတွင်းမှ သို့မဟုတ် သူတို့၏ဝိညာဥ်များမှ လာနေဟန်တူသော ဖိအားတစ်ခုကို ခံစားလိုက်ရသည်။ မဟာကောင်းကင်သခင်နှင့် သူ့နည်းတူ တန်ခိုးအာဏာကြီးမားသော ပညာရှင်များ အပါအဝင် ကျင့်ကြံခြင်းအခြေခံအဆင့် မည်သို့ပင် ဖြစ်စေကာမူ ဝိညာဥ်ကျင့်ကြံသူများနှင့် လူ့ဘီလူးများအားလုံးပင် ကြောက်ရွံရိုသေမှုများဖြင့် ရင်အစုံ ဒုန်းဆိုင်းခုန်လာသည်ကို ခံစားလိုက်ကြရသည်။

ယင်းမှာ မြေရိုင်းဒေသများရှိ တောရိုင်းသားရဲများမှာပင် တည်ရှိလာသော အရာတစ်ခု ၊ သူတို့၏ သွေးများအတွင်း တံဆိပ်ခတ်နှိပ်လိုက်သည့် အလိုအလျောက်ဖြစ်တည်လာသော တစ်စုံတစ်ခုဖြစ်ေပသည်။

မည်သူ ဦးစွာ လုပ်လိုက်ကြောင်း ပြောရန် ခဲယဥ်းပါသော်လည်း မကြာမီ အဆုံးမရှိသောလူအုပ်ကြီးက ဒူးထောက်၍ အရိုအသေပေးလိုက်ကြသည်။ မြေရိုင်းဒေသရှိ နေရာအနှံ့အပြားတွင် လူတိုင်းက ဗဟိုဧကရာဇ်မြို့တော်ရှိရာအရပ်သို့ အရိုအသေပေးလိုက်ကြ၏။ သာမန်လူများသာမက မဟာကောင်းကင်သခင်နှင့် ကောင်းကင်ဘုရင်လေးပါးကဲ့သို့ မင်းမျိုးနွယ်များပင်လျှင် ဦးညွှတ်အရိုအသေပေးလိုက်ကြသည်။

သက်ရှိအရာဟူသမျှ ဦးညွှတ်အရိုအသေပေးလိုက်ကြပေသည်။

၎င်းသည်ကား မြေအောက်ကမ္ဘာမြစ်ကို လေးစားခြင်း၏ ပြယုဂ်တစ်ခု ဖြစ်ပြီး ငရဲဧကရာဇ်ကို မည်မျှကြည်ညိုကြောင်း ဖော်ပြချက်တစ်ရပ်လည်း ဖြစ်ပေသည်။

ပိုင်ရှောင်ချန်းက တံခါးပိတ်ကျင့်ကြံနေဆဲဖြစ်သည့်အတွက် ပါဝင်ခြင်းမရှိပေ။ ထို့ပြင် အရိုအသေမပေးသည့် နောက်ထပ်လူတစ်ယောက်ရှိသည်။ ဗဟိုဧကရာဇ်ပင်။ မျက်မှောက်ခေတ်တွင် ရုပ်သေးရုပ်တစ်ရုပ်သာ ဖြစ်သည့်တိုင် သူသည် ဗဟိုဧကရာဇ်ဖြစ်နေသေး၍ မိုးကောင်းကင်ကို တင်းမာခက်ထန်စွာ ဆက်လက်မော့ကြည့်နေခွင့်ရှိသည့် တစ်ဦးတည်းသော လူတစ်ယောက်ဖြစ်သည်။

ကောင်းကင်ယံတွင် တဖွေးဖွေးလှုပ်လျက် ဟိန်းဟောက်နေသော မြေအောက်ကမ္ဘာမြစ်ကြီးအတွင်း ပုံရိပ်တစ်ခုပေါ်လာ၏။ ယင်းကား သင်္ချိုင်းစောင့်ကြီးဖြစ်ပြီး ဤသည်မှာ မြေရိုင်းဒေသတွင်နေထိုင်သော လူအများအရှေ့ ပထမဆုံးအကြိမ် မျက်နှာထွက်ပြခြင်းဖြစ်သည်။

သူသည် ပိုင်ရှောင်ချန်းနှင့် ဆုံတွေခဲ့စဥ်ကနှင့် လားလားမျှ မတူတော့ချေ။ သူက ရစ်ခွေနေသော မြေအောက်ကမ္ဘာမြစ်နဂါးများဖြင့် တန်ဆာဆင်ထားသော အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထား၏။ သူ၏ တော်ဝင်ဝတ်ရုံမှ မြှင့်တင်ပေးလိုက်သော သက်ရောက်မှုက သူ့ကို အဆုံးစွန်ထိ ကြည်ညိုလေးစားသွားေစသည်။ သူသည် အမှန်စင်စစ် မြေရိုင်းဒေသတစ်ခွင်လုံးကို လှုပ်ရမ်းပစ်နိုင်သော ဧကရာဇ်တစ်ပါးနှင့် တူသည်။

မြေရိုင်းဒေသရှိ လူအားလုံးမှာ သင်္ချိုင်းစောင့်ကြီး၏မြင်ကွင်းကြောင့် နက်နက်နဲနဲတုန်လှုပ်သွားကြရ၏။ ပင့်သက်ရှိုက်သံများကြားလိုက်ရပြီး မျက်လုံးပေါင်းများစွာသည် ပြင်းပြသော ချစ်ခင်စိတ်အဟုန်၊ ကြည်ညိုလေးစားခြင်းများဖြင့် စူးရှတောက်ပလာတော့သည်။ အမှန်တကယ်ဆိုရလျှင် ဤလူများအတွက် ငရဲဧကရာဇ်သည် ဗဟိုဧကရာဇ်ထက် များစွာပို၍ အရေးကြီးပေသည်။

ဗဟိုဧကရာဇ်ရာထူးသည် ရိုးရာအမွေဖြစ်ပြီး မျိုးရိုးစဥ်ဆက်လက်ဆင့်ကမ်းလာခဲ့သည် မဟုတ်ပါလော။ သို့သော် ယခုအချိန်အထိ မိုးကောင်းကင်နှင့်ကမ္ဘာမြေကြီးတွင် ငရဲဧကရာဇ်တစ်ပါးသာ ရှိခဲ့၏။

ဗဟိုဧကရာဇ်နိုင်ငံတော်၏ လူတိုင်းအတွက် ငရဲဧကရာဇ်သည် သူတို့ ကိုးကွယ်ကြသည့် တန်ခိုးရှင်တစ်ပါးအလား။

" ငရဲဧကရာဇ်"

" ငရဲဧကရာဇ်"

" ငရဲဧကရာဇ်"

သူတို့၏အသံများ အတူတကွပေါင်းစပ်သွားသည်တွင် မြေရိုင်းဒေသတစ်ခွင်လုံး မြည်ဟည်းသွားလေရာ အရာအားလုံးတုန်ခါသွားတော့သည်။

သူတို့၏တန်ခိုးရှင်ရောက်ရှိလာသည်ဖြစ်ရာ လူတိုင်း ပြင်းပြင်းထန်ထန် တုန်လှုပ်သွားကြရ၏။

သူတို့၏ မိုးခြိမ်းသံကဲ့သို့ အသံကြီး တစ်လောကလုံး ပြည့်နှက်သွားစဥ် သင်္ချိုင်းစောင့်ကြီးက ညာလက်ကို ဝှေ့ယမ်းလိုက်သဖြင့် အပ်ကျသံပင် မကြားရလောက်အောင် တိတ်ဆိတ်သွား၏။

ထိုအချိန်တွင် မြေအောက်ကမ္ဘာမြစ်သည် တပွက်ပွက်ထလာကာ ဒုတိယပုံရိပ်တစ်ခု ထွက်ပေါ်လာတော့သည်။

သူသည် အနက်ရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး ဖြူနုသောအသားအရေနှင့် ငယ်ရွယ်ချောမောကာ ဝိညာဥ်မီးများ၏ အကန့်အသတ်မဲ့သော အလင်းများကို ဖိနှိပ်နိုင်စွမ်းရှိဟန်တူသော စွမ်းအင်တစ်ခု ထုတ်လွှတ်နေသည်။ သူက သင်္ချိုင်းစောင့်ကြီးရှေ့ ရပ်လိုက်စဥ် သူနှင့်ပတ်သက်သည့်အရာမှန်သမျှက မအပ်မစပ်ဖြစ်နေသည့်ဟန်မတူဘဲ အမှန်တကယ်ဆိုရလျှင် ဤနေရာနှင့် သူက သက်ဆိုင်နေသည့်အလား။

သူ မြင်ကွင်းထဲ ပေါ်လာသည့် အခိုက်အတန့်တွင် မြေရိုင်းဒေသရှိ မရေမတွက်နိုင်သော လူများ တအံ့တသြပင့်သက်ရှိုက်လိုက်ကြရပြီး သူတို့၏ အတွေးများကို နှုတ်မှ လွှတ်ခနဲ ထွက်သွားခြင်းမှ မထိန်းနိုင်တော့သည့်လူများစွာ ရှိသည်။

" ပိုင်ဟောက် "

" လောကဓာတ်အောက်လမ်းဆရာ ပိုင်ဟောက် "

" ဒီတော့ ကောလဟာလတွေက အမှန်ပဲကိုး။ ပိုင်ဟောက်တော့..... ငရဲဧကရာဇ်အသစ်ဖြစ်တော့မယ် "

ကျိူးဟုန်၊ နတ်ဝံပုလွေလေးနှင့် အခြားလက်ရွေးစင်များအားလုံး ခါးသီးမှုများ ပြည့်ကြပ်နေသော နှလုံးသားများဖြင့် သိသိသာသာ တုန်လှုပ်သွားကြ၏။ သူတို့ပင် ထိုသို့တုံ့ပြန်ကြလျှင် ပိုင်ရှောင်ချန်းနှင့် ရန်ပွဲများ ရှိခဲ့သော လူများကား ဆိုဖွယ်မရှိတော့ပြီ။ ကံကောင်းထောက်မစွာ အများစုမှာ ဤရလဒ်ကို ကြိုတင်ပြင်ဆင်ထားခဲ့ပြီးဖြစ်သည်။ မဟုတ်လျှင် ကယောင်ချောက်ချားဖြစ်သွားသော လူများစွာ ရှိသွားပေလိမ့်မည်။

သို့သော် ပိုင်ရှောင်ချန်းနှင့် သာမန်လူထက်ပို၍ ရင်းနှီးသော မဟာကောင်းကင်သခင်နှင့် ကောင်းကင်ဘုရင်လေးပါးမှာ အမှန်တွင် သူတို့မြင်နေရသော အရာကြောင့် ကြက်သေသေသွားကြသည်။

" ဒါက ပိုင်ရှောင်ချန်းမဟုတ်ဘူး။ သူ့ကို အမြဲအဖော်လုပ်ပေးနေတဲ့ ဝိညာဥ်ကျွန်ပဲ " မဟာကောင်းကင်သခင်မှာ အမှန်ကို ပထမဆုံးသဘောပေါက်လိုက်သောသူ ဖြစ်သည်။ ဤပိုင်ဟောက်အတွက် ပိုင်ရှောင်ချန်းသည် ကောင်းကင်နယ်စားတစ်ဦးကို သတ်ခဲ့၏။ ဤနည်းဖြင့် မဟာကောင်းကင်သခင်သည် ပိုင်ဟောက်က ပိုင်ရှောင်ချန်း၏ တပည့်ဖြစ်ကြောင်း သိလာခဲ့ပေသည်။

" သူ့တပည့်က ငရဲဧကရာဇ်ဖြစ်တော့မှာ" အစွမ်းထက်သော မဟာကောင်းကင်သခင်ပင်လျှင် ရုတ်တရက်အပြောင်းအလဲကြောင့် အံသြတုန်လှုပ်သွား၏။

ကောင်းကင်နယ်စားလေးဦးသည်လည်း တူညီသော တုံ့ပြန်မှုများ ရှိပြီး အထူးသဖြင့် သရဲကြီးဘုရင်ပင်။

သူတို့က ပိုင်ရှောင်ချန်းကို အနီးကပ်မြင်ခဲ့ဖူး၏။ ထိုသည်နှင့် သူတို့၏ စွမ်းအားကြီးကျင့်ကြံခြင်းအခြေခံများ ပေါင်းစပ်လိုက်သည်တွင် ပိုင်ဟောက်နှင့် ပိုင်ရှောင်ချန်း၏ မတူညီမှုများအား သေချာသတိထားမိသွားတော့သည်။

ထိုမတူညီမှုများအား မျက်စိဗလာသက်သက်ဖြင့် မြင်နိုင်လောက်မည် မဟုတ်သော်လည်း နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူများ၏ စူးရှသော နတ်ဘုရားအာရုံက နေ့အလား ရှင်းလင်းသည်။

"သူတို့က တစ်ယောက်တည်းမဟုတ်ဘူး "

သရဲကြီးဘုရင်မှာ ပင့်သက်ရှိုက်လျက် တွေးလိုက်သည်။ ဤရုတ်တရက် အပြောင်းအလဲလှည့်ကွက်ကို သူ လုံးဝ မခန့်မှန်းနိုင်ခဲ့ပေ။ သူက ပိုင်ရှောင်ချန်းသည် ငရဲဧကရာဇ်အရိုက်အရာဆက်ခံမည့်သူတစ်ယောက်ဟု ယူဆခဲ၏။ သူက ပိုင်ဟောက်မည်သူဆိုသည်ကိုလည်း သတိထားမိသဖြင့် မဟာကောင်းကင်သခင်နည်းတူ ကြက်သေသေသွားတော့သည်။

ချန်ဟောက်စုန့်နှင့် စွမ်းအားကြီး ထိပ်တန်းပညာရှင်များသည်လည်း လက်ဖျားခါလောက်အောင် အကင်းပါးသောကြောင့် ပိုင်ဟောက်နှင့် ပိုင်ရှောင်ချန်းက တစ်ယောက်တည်းမဟုတ်ကြောင်း သုံးသပ်နိုင်သည်။

ကျိုးရီရှင်းအတွက်မူ မြေရိုင်းဒေသတွင် သူ့ထက် ပိုင်ရှောင်ချန်းအား ကောင်းကောင်းသိနိုင်သူ မရှိပေ။ သူ၏ ကျင့်ကြံခြင်းအခြေခံက အမှန်တရားကို သိမြင်ရန် မလုံလောက်သော်လည်း သူ့အတွက် ပြောရန် အခြားနည်းလမ်းများရှိသည်။

" ဒါက သခင်လေးရဲ့ တပည့် ပိုင်ဟောက်လား "

ကျိုးရီရှင်းမှာ မှင်သက်သွား၏။ ဆန့်ကျင်ဘက်တွင် စုန့်ချွဲမှာ မည်သည့်ခြားနားမှုကိုမှ သတိမထားမိသဖြင့် ယခင်အတိုင်း စိတ်လှုပ်ရှားနေသည်။

မကြာသေးမီက ခမ်းနားကြီးကျယ်သော တိုက်ပွဲကို မျက်စိနှင့်တပ်အပ်မြင်ခဲ့ကြရသည့် လူများအနက် တချို့မှာ သတိမထားမိဘဲ ရောထွေးသော ခံစားချက်များရှိနေကြသည်။ အချို့က မတူညီမှုများကို အမှန်တကယ် သတိထားမိသွားကြပြီး အံ့သြတုန်လှုပ်သွားကြ၏။ မည်သို့ပင်ဆိုစေ ကောင်းကင်ထက်အမြင့်ရှိ ပုံရိပ်နှစ်ခုကို ကြည့်လိုက်ကြစဥ် တစ်နည်းနည်းဖြင့် မတုန်လှုပ်သွားကြသူ တစ်ယောက်တစ်လေပင် မရှိပေ။ တချိန်တည်းမှာပင် ဗဟိုဧကရာဇ်မြို့လယ်ရှိ ငရဲဧကရာဇ်ကျောက်တိုင်သည် တစတစပျောက်ကွယ်ကာ နောက်ဆုံးဘာမှမရှိတော့ပေ။

ထိုအခိုက်အတန့်တွင် မြေအောက်ကမ္ဘာမြစ်တားမြစ်နေရာ၊ ယာယီအင်မော်တယ်ဂူထဲတွင် ပိုင်ရှောင်ချန်း၏ခန္ဓာကိုယ်တစ်ခုလုံး တသိမ့်သိမ့်တုန်ရီသွားပြီး ကောင်းကင်ဧကရာဇ်၏ သွေးဆံနွယ်သည် ပြာအဖြစ် ပြောင်းလဲသွားကာ ပြင်းထန်သော ထစ်ခြုန်းသံများ သူ့ခန္ဓာကိုယ်ထဲ ပြည့်နှက်သွားတော့သည်။

ဖော်ပြ၍ပင်မရနိုင်လောက်အောင် များပြားလှသော သက်စောင့်အားများက သူ၏ ထာဝရအရိုးများကို အထွတ်အထိပ်သို့ တောက်လျှောက်တွန်းပို့ရင်း သူ့ခန္ဓာကိုယ်ထဲ ဖြတ်သန်းစီးဆင်းနေသည်။

ထို့နောက် သူ့မျက်လုံးများ ပွင့်လာ၏။ လက်ရှိအချိန်တွင် သူ့ကိုယ်တွင်း၌ စိတ်ကူးယဥ်နိုင်သည့်အတိုင်းအတာထက်ပင် ကျော်လွန်သည့် လည်ပတ်နေသော စွမ်းအားများကို သူ ခံစားလိုက်ရသည်။ ၄င်းတို့မှာ အချိန်မရွေး ပေါက်ကွဲထွက်ရန် အဆင်သင့်ဖြစ်နေလေပြီ။

ထိုသို့သာ ဖြစ်လာခဲ့လျှင် သူက တောင်တန်းများ ပြိုလဲ၍ ပင်လယ်တို့ ခမ်းခြောက်သွားအောင် ပြုလုပ်လိမ့်မည်။

" ထာဝရအရိုးရဲ့ မဟာစက်ဝန်း "

သူ၏မျက်လုံးများကား ကြယ်ပွင့်လေးများပမာ တလက်လက်တောက်ပလာကာ အင်မော်တယ်ဂူတစ်ခုလုံး လင်းထိန်လာတော့သည်။

All Chapters