← Chapters

အခန်း (၂၄၀၁-၂၄၀၂)

Vol. 181 Ch. 2401-2402

အခန်း (၂၄၀၁-၂၄၀၂)

Vol. 181 Ch. 2401-2402

အခန်း(၂၄၀၁)

“ကောင်လေး မင်းက သတ္တိရှိသားပဲ”

ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်က မချီးကျူးဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့သည်။

“မင်းသာ ငါ့ရဲ့ တိုက်ကွက်သုံးကွက်ကို ခံနိုင်ရည်ရှိမယ် ဆိုရင် ငါ့ရဲ့တစ်ဦးတည်းသော တပည့်ရင်း ဖြစ်ခွင့်ပေးမယ်”

ထိုစကားကို ပြောပြီးနောက်တွင် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်၏ ခန္ဓာကိုယ်ပေါ်မှ အရှိန်အဝါသည် လျင်မြန်စွာ ပြောင်းလဲသွားခဲ့ပြီး အဆုံးသတ်တွင် နတ်ဘုရင်အဋ္ဌမအဆင့်၌ ရပ်တန့်သွားခဲ့သည်။

“စီနီယာ အပြစ်ပြုမိရင် ခွင့်လွှတ်ပါ”

ကျန်းချန်က ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်ကို လက်သီးဆုပ်၍ ဂါဝရပြုလိုက်ပြီးနောက်တွင် ချက်ချင်းဆိုသလို ဝိညာဥ်ငြိမ်းသတ်ခြင်း ရှေးဟောင်းစည်းတံဆိပ်ကို ထုတ်ဖော်၍ တိုက်ခိုက်လိုက်သည်။

ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်သည် ကွယ်လွန်သွားပြီ ဖြစ်၍ သူ၏ ရှေ့မှ ပုံရိပ်ယောင်သည် ဝိညာဥ်စွမ်းအင်အကြွင်းအကျန်မျှသာ ဖြစ်၏။

လူသားဧကရာဇ် စည်းတံဆိပ်သုံးခု ထဲတွင် ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်သည် ဝိညာဥ်စွမ်းအားများကို နှိမ်နင်းနိုင်စွမ်း ရှိသည်။

ထိုအကြောင်းကြောင့်ပင် ကျန်းချန်သည် ထိုတိုက်ကွက်ကို ပထမဆုံး အသုံးပြုခဲ့ခြင်း ဖြစ်၏။

“ဒီတိုက်ကွက်က စိတ်ဝင်စားစရာပဲ.. အင်မော်တယ်အဆင့်အောက်က ဘယ်လို ဝိညာဥ်စွမ်းအားကို မဆို နှိမ်နင်းနိုင်စွမ်းရှိတယ်.. ဒါပေမဲ့ ဒီတိုက်ကွက်လောက်က ငါ့အတွက်တော့ အပိုပဲ”

ထိုစကားကို ပြောပြီးနောက်တွင် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်သည် လက်ချောင်းဖြင့် တောက်ထုတ်လိုက်ရာ ကျန်းချန်၏ တိုက်ကွက်သည် ချက်ချင်းပင် ပျက်စီးသွားခဲ့သည်။

“စီနီယာ.. အင်မော်တယ်ဆိုတာ ဘယ်လို နယ်ပယ်အဆင့်မျိုးလဲ”

ထိုမြင်ကွင်းကို မြင်လိုက်ရလျှင် ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

ဤတိုက်ကွက်သည် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်ကို ခြိမ်းခြောက်နိုင်မည် မဟုတ်မှန်း သူသိသော်လည်း လက်ချောင်း တောက်ချက် တစ်ချက်တည်းဖြင့် ပျက်စီးသွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်က ဖုံးကွယ်မထားဘဲ ပြုံး၍ ရှင်းပြလိုက်သည်။

“အင်မော်တယ်အဆင့် ဆိုတာက မင်းတို့ စကြဝဠာထဲက အုပ်စိုးသူအဆင့်ထက် ပိုပြီး မြင့်မားတဲ့အဆင့်ပဲ”

အင်‌မော်တယ်အဆင့်သည် နတ်ဘုရားနယ်မြေတွင်ပင် ဒဏ္ဍာရီလာ အဆင့်တစ်ခု ဖြစ်၏။

ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး စူးစမ်းစွာ ထပ်မေးလိုက်သည်။

“စီနီယာကရော ဘယ်အဆင့်မှာလဲ”

“အနာဂတ်မှာ အင်‌မော်တယ်လောကကို ရောက်ရင် မင်းအလိုလို နားလည်လာပါလိမ့် မယ်ကောင်လေး”

ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်က ခပ်ယဲ့ယဲ့ပြုံး၍ ပြောလိုက်သည်။

“ကဲ ကောင်လေး.. ငါ့ရဲ့တိုက်ကွက်ကို ထပ်ပြီး ခံယူလိုက်ဦး”

ထိုစကားကို ပြောပြီးသည်နှင့် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်သည် လက်ညှိုးတိုက်ကွက်ဖြင့် ကျန်းချန်ကို တိုက်ခိုက်လိုက်သည်။

ထိုလက်ညှိုးတိုက်ကွက်သည် သာမန် လူတစ်ယောက်၏ လှုပ်ရှားမှုကဲ့သို့ပင် မည်သည့် စွမ်းအားလှိုင်းထန်မှုမျှ ရှိမနေခဲ့ပေ။

သို့သော်လည်း ထိုလက်ညှိုးတိုက်ကွက်ကို ရင်ဆိုင်နေရသော ကျန်းချန်ကမူ ထိုတိုက်ကွက်၏ အန္တရာယ် အငွေ့အသက်ကို ခံစားမိနေခဲ့၏။

“လူသားအဖြစ် ပြောင်းလဲစေသော ဓားကွက်”

ကျန်းချန်က တုံ့ဆိုင်းမနေဘဲ အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ်ထဲမှ ဓားကွက်ကို ထုတ်သုံးလိုက်သည်။

လေထုထဲတွင် မမြင်ရသော စွမ်းအားနှစ်ခုသည် မည်သည့်အသံမှ မထွက်ဘဲ ထိပ်တိုက် ဆုံတွေ့သွားခဲ့သည်။

ခဏအကြာတွင် ကျန်းချန်၏ ခန္ဓာကိုယ်သည် တုန်ယင်သွားခဲ့ပြီး မျက်နှာတစ်ခုလုံး ဖြူဖျော့ကာ နောက်သို့ ပေရာချီ အကွာအဝေးအထိ ဆုတ်ခွာသွားခဲ့ရသည်။

ကျန်းချန်က သူ၏ ခန္ဓာကိုယ်ထဲမှ မတည်မငြိမ် ဖြစ်နေသော စွမ်းအားများကို အတင်းအကျပ် ထိန်းချုပ်လိုက်ရပြီး စိတ်ထဲတွင် တုန်လှုပ်နေမိသည်။

ဤထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်သည် အမှန်တကယ်ပင် အလွန်တရာ အစွမ်းထက်၏။

ယင်းက ဝိညာဥ်အကြွင်းအကျန်မျှသာ ဖြစ်ပြီး နတ်ဘုရင်အဋ္ဌမအဆင့် အစောပိုင်းထိ နှိမ့်ချပေးထားသည့်တိုင် ပြိုင်ဘက်ကင်းသော တည်ရှိမှုမျိုး ဖြစ်သည်။

သူ၏ လက်ရှိစွမ်းရည်ဖြင့် အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ်မှ ဓားသိုင်းကို အသုံးပြုသော်လည်း ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်၏ သာမန် တိုက်ကွက်ကိုပင် မတားဆီးနိုင်ခဲ့ပေ။

အကယ်၍ သူသာ အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ်မှ ဓားသိုင်းကို အသုံးမပြုခဲ့လျှင် အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေသို့ပင် ရောက်သွားနိုင်ခြေ ရှိ၏။

“ကောင်လေး.. မင်းရဲ့ဓားသိုင်းက ဒီစကြဝဠာက ဓားသိုင်းမဟုတ်ဘူး မဟုတ်လား”

ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်၏ မျက်ဝန်းထဲတွင် အံ့အားသင့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

“ဒီလို စကြဝဠာထဲမှာ ဓားအင်မော်တယ်ဧကရာဇ်ရဲ့ ဓားသိုင်းကို မင်းတတ်မြောက်ထားလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး.. မင်းမှာ ကြီးကျယ်တဲ့ ကံတရား ရှိနေပုံပဲ”

“စီနီယာက အင်မော်တယ်လောကရဲ့ တကယ့်ကို အစွမ်းထက်ပုဂ္ဂိုလ်ပါပဲ”

ကျန်းချန်က ခါးသီးစွာ ပြုံးလိုက်သည်။

“တကယ်လို့ ကျွန်တော်သာ ကံကောင်းပြီး ဒီဓားသိုင်းကို မတတ်မြောက်ခဲ့ဘူး ဆိုရင် စီနီယာရဲ့တိုက်ကွက်ကို ဘယ်လိုမှ တားဆီးနိုင်မှာ မဟုတ်ဘူး”

“ကောင်လေး ဒီလို စကြဝဠာထဲမှာ ဒီလောက်အထိ အောင်မြင်မှုမျိုး ရယူနိုင်ခဲ့တာကို ငါချီးကျူးပါတယ်.. ကဲ ဒီတစ်ခေါက်က နောက်ဆုံးတိုက်ကွက်ပဲ.. ဒီတိုက်ကွက်ကို ခုခံနိုင်ရင် မင်းက ငါ့ရဲ့ တစ်ဦးတည်းသော အမွေဆက်ခံသူ ဖြစ်လာလိမ့်မယ်”

ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်က ရယ်မော၍ ပြောလိုက်ပြီး လက်ညှိုးတိုက်ကွက်ဖြင့် ထပ်မံ တိုက်ခိုက်လိုက်သည်။

ထိုလက်ညှိုးတိုက်ကွက်သည် သာမန် အတိုင်းသာဖြစ်သော်လည်း ကျန်းချန် အတွက်မူ တောင်တစ်လုံး ကဲ့သို့ ကြီးမားသော ဖိအားကို ခံစားလိုက်ရ၏။

သူက မပေါ့ဆရဲဘဲ ရှေးဟောင်းရွှေရောင်ဓားကို အသုံးပြုကာ ခန္ဓာကိုယ် တစ်ခုလုံးရှိ စွမ်းအင်များကို ထုတ်ဖော်လိုက်၏။

“ဝုန်း..”

ထိုအခိုက်အတန့်တွင် ကောင်းကင်ယံ၌ အလင်းတံခါး ပွင့်လာခဲ့ပြီး ဓားအင်မော်တယ် ဧကရာဇ်သည် ထိုအလင်းတံခါးကနေ ထွက်ပေါ်လာခဲ့သည်။

ကျန်းချန်က အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ်မှ နောက်ဆုံးဓားကွက် ဖြစ်သည့် အပြာရောင်ဧကရာဇ် ဓားကွက်ကို အသုံးပြုလိုက်ခြင်း ဖြစ်၏။

ထိုဓားကွက်သည် ယခင်ကထက် ပိုမို အစွမ်းထက်ပြီး ကောင်းကင်ယံတစ်ခုလုံးကို ဖြတ်တောက်တော့မည့်အလား တောက်ပနေခဲ့သည်။

သို့သော်လည်း ကျန်းချန်၏ ဓားချက်သည် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်၏ လက်ညှိုးနှင့် ထိပ်တိုက်ဆုံတွေ့သောအခါတွင် ဆက်လက် ရှေ့မတိုးနိုင်တော့ဘဲ ရပ်တန့်သွားခဲ့၏။

ခဏအကြာတွင် ဓားအလင်းသည် တုန်ခါလာခဲ့ပြီး အဆုံးသတ်၌ ပေါက်ကွဲ ပျက်စီးသွားခဲ့သည်။

ဓားအလင်း ပျက်စီးသွားသည်နှင့် တစ်ပြိုင်နက် ကျန်းချန်၏ ခန္ဓာကိုယ်က တုန်ယင်သွားခဲ့ပြီး ပါးစပ်ကနေ သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရသည်။

သူက သူ့ရှေ့မှ ပုံရိပ်ယောင်ကို ကြည့်ကာ ကူကယ်ရာမဲ့သလို ခံစားနေရ၏။

ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်၏ စွမ်းအားသည် အမှန်တကယ်ပင် အစွမ်းထက်လွန်းသည်။

ဤသည်က ဝိညာဥ် အကြွင်းအကျန်မျှသာ ဖြစ်သော်လည်း သူ့အနေဖြင့် လုံးဝ ရင်ဆိုင်နိုင်စွမ်း မရှိခဲ့ပေ။

ကျန်းချန်၏ ဆန့်ကျင်ဘက်ရှိ ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်၏ မျက်ဝန်းထဲတွင်လည်း အံ့အားသင့်သော အရိပ်အယောင်များ ဖြစ်ပေါ်နေခဲ့သည်။

အင်မော်တယ်လောက၏ နာမည်ကျော်ကြားသော အင်မော်တယ်ဘုရင် တစ်ပါး အနေဖြင့် သူ၏ မြင်နိုင်စွမ်းသည် အလွန်တရာ မြင့်မားသည်။

ဓားအင်မော်တယ်ဧကရာဇ်၏ ပုံရိပ်ယောင်က ပျောက်ကွယ်သွားပြီ ဖြစ်သော်လည်း သူက သေချာစွာ မြင်တွေ့ခဲ့ရ၏။

ကျန်းချန် အသုံးပြုခဲ့သော ဓားသိုင်းသည် ထိုဒဏ္ဍာရီလာပုဂ္ဂိုလ်နှင့် ဆက်စပ်မှု ရှိနေလိမ့်မည်ဟု ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင် တစ်ခါမှ မတွေးထားခဲ့ပေ။

ထိုပုဂ္ဂိုလ်၏ ဓားသိုင်းသည် ဤစကြဝဠာထဲသို့ မည်ကဲ့သို့ရောက်ရှိလာပြီး ဤကောင်လေးက တတ်မြောက်နေရပါသနည်း။

ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်သည် အချိန်အတော်ကြာ မှင်တက်နေခဲ့ပြီးမှ သတိပြန်ဝင်လာခဲ့သည်။

သူက တစ်ခဏမျှ တိတ်ဆိတ်နေခဲ့ပြီးမှ ကျန်းချန်ကို ကြည့်ကာ မေးလိုက်၏။

“ကောင်လေး.. မင်း အခုအသုံးပြုတဲ့ဓားသိုင်းကို ဘယ်နေရာက ရခဲ့တာလဲ”

ကျန်းချန်သာ ထိုပုဂ္ဂိုလ်၏ အမွေခံ ဖြစ်နေခဲ့လျှင် သူ၏ အမွေအနှစ်ကို ကျန်းချန်အား ပေးရန် ပြန်လည် စဥ်းစားရလိမ့်မည် ဖြစ်သည်။

ကျန်းချန်က ထိုမေးခွန်းကြောင့် အနည်းငယ် အံ့အားသင့်သွားသော်လည်း ပြန်လည် ဖြေကြားလိုက်၏။

“စီနီယာအင်မော်တယ်ဘုရင်.. ကျွန်တော် ဒီဓားသိုင်းကို အင်မော်တယ်ကျောက်တိုင် တစ်ခုထဲကနေ မတော်တဆ ရရှိခဲ့တာပါ”

“အင်‌မော်တယ်ကျောက်တိုင် ဟုတ်လား.. မင်းအဲဒီကနေ ဒီဓားသိုင်းကို ရခဲ့တာလား”

ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်သည် တစ်စုံတစ်ရာကို စဥ်းစားမိသွားခဲ့ပြီး မျက်နှာထက်တွင် အံ့အားသင့်သောအမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

မကြာမီမှာပင် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်သည် ပါးစပ်ကနေ တီးတိုး ရေရွတ်လိုက်၏။

“ဒဏ္ဍာရီလာ အင်မော်တယ်ကျောက်တိုင်က ဒီစကြဝဠာထဲကို ရောက်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး.. ကြည့်ရတာ သူတောင် အင်မော်တယ်ကျောက်တိုင်ကို မထိန်းသိမ်းနိုင်ခဲ့ဘူးထင်ပါရဲ့”

အခန်း(၂၄၀၁)ပြီး၏။

အခန်း(၂၄၀၂)

“စီနီယာအင်မော်တယ်ဘုရင်.. စီနီယာလည်း အင်မော်တယ်ကျောက်တိုင် အကြောင်း ကြားဖူးတယ်လား”

ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်၏ တီးတိုးရေရွတ်သံကိုကြားလျှင် ကျန်းချန်သည် အံ့အားသင့်သွားခဲ့သည်။

သူသိထားသလောက် ဆိုလျှင် မဟာနဂါးနန်းတော်ကနေ မတော်တဆရရှိခဲ့သော အင်မော်တယ်ကျောက်တိုင်သည် နတ်ဘုရားနယ်မြေ ပြင်ပရှိ အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာမှဖြစ်ပြီး ထိုအထဲတွင် အင်မော်တယ် ဖြစ်နိုင်မည့် လျှို့ဝှက်ချက်များ ပါဝင်နေခဲ့သည်။

ယခုကြည့်ရသည်မှာ အင်မော်တယ်ကျောက်တိုင်၏ မူလအစသည် သူထင်ထားသလောက် မရိုးရှင်းဘဲ အင်မော်တယ်လောကကနေ လာခြင်း ဖြစ်နိုင်လောက်၏။

ထို့အပြင် အင်မော်တယ်လောကမှာပင် အင်မော်တယ်ကျောက်တိုင်သည် အလွန် လူသိများဟန် ရှိသည်။

“ကြားဖူးတာပေါ့.. အဲဒီ အင်မော်တယ်ကျောက်တိုင်ရဲ့ အရင်ပိုင်ရှင်က မင်းကို ဓားသိုင်းသင်ပေးခဲ့တဲ့သူပဲ.. တကယ်လို့ ငါသာ မသေသေးဘူး ဆိုရင် အခုအချိန်မှာ တုံ့ဆိုင်းမနေဘဲ မင်းကို သတ်ပစ်ပြီး မင်းလက်ထဲက အင်မော်တယ်ကျောက်တိုင်ကို လုယူမိမှာပဲ.. ဒီကိစ္စနဲ့ပတ်သက်ပြီး မင်းအများကြီး ထပ်မမေးနဲ့ဦး.. အခုအချိန်မှာ အများကြီးသိတာက မင်းအတွက် ဘာမှမကောင်းဘူး”

ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်က ကျန်းချန်ကို ကြည့်ကာ လေးနက်စွာ ပြောလိုက်သည်။

“ဒါပေမဲ့ မင်းမှတ်ထားရမဲ့ အချက်တစ်ချက် ရှိတယ်.. မဖြစ်မနေ ထုတ်ပြရမဲ့ အခြေအနေမျိုး မဟုတ်သရွေ့ မင်းမှာ အင်မော်တယ်ကျောက်တိုင် ရှိနေတာကို ထုတ်မပြမိစေနဲ့.. အထူးသဖြင့် အနာဂတ်မှာ အင်မော်တယ်လောကက လူတွေနဲ့ တွေ့တဲ့အခါမျိုးမှာပေါ့”

ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်သည် ကျန်းချန်၏ လက်ထဲမှ အင်မော်တယ်ကျောက်တိုင်ကို မမြင်ဖူးသော်လည်း ထိုကောင်လေးသည် ထိုပုဂ္ဂိုလ်၏ ဓားသိုင်းကို တတ်မြောက်ထားခြင်းကပင် ထိုကောင်လေး၏ နှုတ်မှပြောသော ကျောက်တိုင်သည် ဒဏ္ဍာရီလာ အင်မော်တယ်ကျောက်တိုင် ဖြစ်ကြောင်း သက်သေပြနေခဲ့သည်။

ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်၏ စကားကိုကြားလျှင် ကျန်းချန်သည် သူ၏စိတ်ထဲရှိ သံသယအားလုံးကို မျိုသိပ်လိုက်ရ၏။

သို့သော်လည်း ကျန်းချန် အသေအချာ သိလိုက်သည့် အချက်တစ်ခုမှာ အင်မော်တယ်ကျောက်တိုင်၏ မူလအစသည် သူထင်ထားသည်ထက်ပင် ပို၍ ကြောက်မက်ဖွယ် ကောင်းနေခြင်းပင်။

အခြေအနေအရ အနာဂတ်တွင် အင်မော်တယ် ကျောက်တိုင်ကို တတ်နိုင်သမျှ လျှော့သုံးရမည်ဟု သူတွေးမိလိုက်သည်။

“ကောင်လေး.. မင်းက အဲဒီပုဂ္ဂိုလ်နဲ့ ရေစက်ပါလာပြီး ဓားသိုင်း သင်ယူခွင့်ရခဲ့တာ ဆိုတော့ ငါ့ရဲ့အမွေခံဖြစ်ဖို့ မသင့်တော်တော့ဘူး”

ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်က ခါးသီးစွာ ပြုံး၍ ပြောလိုက်သည်။

“ငါမင်းကို အမွေခံ ဖြစ်ခွင့် မပေးနိုင်ပေမဲ့ မင်းရဲ့ခရီးစဥ်ကို အလကား မဖြစ်စေရပါဘူး.. ငါမင်းကို တောင်းဆိုချင်တာလေး တစ်ခုရှိတယ်.. မင်းသဘောတူမယ်လို့ မျှော်လင့်ပါတယ်”

ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်သည် သူ၏ အမွေအနှစ် အတွက် ကျေနပ်စရာကောင်းသော အမွေခံကို စောင့်ဆိုင်းခဲ့သော်လည်း အဆုံးသတ်တွင် သူရွေးချယ်လိုက်သော အမွေခံသည် အင်မော်တယ်လောက၏ အစွမ်းအထက်ဆုံးပုဂ္ဂိုလ်နှင့် ဆက်စပ်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။

အကယ်၍ သူသာ ထိုပုဂ္ဂိုလ်ဆီကနေ ထိုကောင်လေးကို လုယူပြီး သူ၏ အမွေခံ လုပ်ခိုင်းလိုက်လျှင် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင် မျိုးဆက်အတွက် ဘေးဒုက္ခများ သယ်ဆောင်လာနိုင်ပေသည်။

“စီနီယာ ပြောပါ”

ကျန်းချန်သည် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင် ဆိုလိုသည့်သူက သူ့ကို အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ် သင်ပေးခဲ့သည့် ဓားအင်မော်တယ်ဧကရာဇ် ရှချင်း ဖြစ်မှန်း သိလိုက်သည်။

သူ့ရှေ့မှ ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်သည် ဓားအင်မော်တယ်ဧကရာဇ် ရှချင်းကို အလွန်အမင်း ကြောက်ရွံ့နေပုံရပြီး သူ့ကို အမွေခံအဖြစ် မသတ်မှတ်ရဲခြင်း ဖြစ်ပုံရ၏။

ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်က အပိုစကားများပြောမနေဘဲ တိုက်ရိုက်ပင် ပြောလိုက်သည်။

“ငါ့အတွက် သင့်တော်တဲ့ အမွေခံတစ်ယောက်ကို ရှာပေးစေချင်တယ် ကောင်လေး.. ရှာတွေ့ရင် ငါ့ရဲ့အမွေအနှစ်ကို ဆက်ခံဖို့အတွက် ဒီကို ခေါ်လာပေးပါ”

ဤစကြဝဠာ၏ အင်မော်တယ်လမ်းစဥ်မှာ မပြည့်စုံသဖြင့် အင်မော်တယ်တစ်ယောက် မွေးဖွားရန် မဖြစ်နိုင်ပေ။

သူက ဤစကြဝဠာထဲတွင် သူစိတ်ကျေနပ်လောက်မည့်အမွေခံတစ်ဦးကို ရှာဖွေရန်မှာ မလွယ်ကူသော အလုပ်တစ်ခု ဖြစ်၏။

နှစ်ပေါင်းများစွာ စောင့်ဆိုင်းပြီးမှ ကျန်းချန် တစ်ယောက်သာ ဤနေရာသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

အကယ်၍ သူသာ ဤအတိုင်း ဆက်လက် စောင့်ဆိုင်းနေမည်ဆိုလျှင် မည်သည့်အချိန်မှ အမွေခံကို တွေ့မည်မှန်း မသိနိုင်ပေ။

ထိုအကြောင်းကြောင့်ပင် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်သည် ကျန်းချန်ကို အမွေခံ ရှာခိုင်းလိုက်ခြင်း ဖြစ်၏။

ထို့အပြင် သူကွယ်လွန်ပြီးကတည်းကပင် အင်မော်တယ်လောကရှိ ထာဝရရှင်သန်ခြင်း အင်မော်တယ် မျိုးဆက်၏ အခြေအနေသည် အလွန်တရာ ဆိုးရွားနေနိုင်ဖွယ် ရှိသည်။

ကျန်းချန်သည် အင်မော်တယ်ကျောက်တိုင်ကို ရရှိထားပြီး ဓားအင်မော်တယ်ဧကရာဇ် ရှချင်း၏ ဓားသိုင်းကိုပါ တတ်မြောက်ထားသူ ဖြစ်ရာ ကံတရားက ရွေးချယ်ထားသူ ဖြစ်နိုင်၏။

ကျန်းချန် ရှာပေးမည့်အမွေခံသည် ကျန်းချန်နှင့် ထူးခြားသော ပတ်သက်မှု ရှိမည်မှာ သေချာသလောက်ပင်။

ဤနည်းအားဖြင့် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်၏ မျိုးဆက်သည် ထိုပုဂ္ဂိုလ်နှင့် ဆက်နွှယ်သွားနိုင်ပေလိမ့်မည်။

သူက ကျန်းချန်ကို အားကိုး၍ သူ၏ မျိုးဆက်အတွက် တောက်ပသော အနာဂတ်ကို ဖန်တီးပေးချင်နေခြင်း ဆိုလည်း မမှားပေ။

“ဒါက ပြဿနာမရှိပါဘူး.. စီနီယာအတွက် ကျေနပ်စရာကောင်းတဲ့ အမွေခံတစ်ယောက်ကို ကျွန်တော် အသေအချာ ရှာပေးပါ့မယ်”

သူ့ကို အမွေခံ ရှာခိုင်းသော ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်ကို ကျန်းချန်က ပြုံး၍ ကတိပေးလိုက်သည်။

သူကိုယ်တိုင်က ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်၏ အမွေကို မဆက်ခံနိုင်သော်လည်း သူ၏ လူတစ်ယောက်က ထိုအမွေအနှစ်အား ဆက်ခံနိုင်မည် ဆိုလျှင် ကောင်းမွန်သော ကိစ္စပင် မဟုတ်ပါလော။

“ကျေးဇူးတင်ပါတယ် ကောင်လေး”

ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်က ကျန်းချန်ကို ကျေးဇူတင်စကား ပြောလိုက်ပြီးနောက်တွင် လက်ဝါးတစ်ဖက်ကို ကျန်းချန် ဆီသို့ ဆန့်ထုတ်လိုက်သည်။

နောက်ထပ် တစ်စက္ကန့်တွင် အလွန်တရာ ဆန်းကြယ်သော သတင်း အချက်အလက်များသည် ကျန်းချန်၏ စိတ်ထဲသို့ တိုက်ရိုက်ပင် စီးဝင်လာခဲ့သည်။

“ကောင်လေး.. မင်းဆီမှာ အဲဒီပုဂ္ဂိုလ် သင်ပေးထားတဲ့ အထွတ်အထိပ် ဓားသိုင်း ရှိပေမဲ့ ဓားပညာရပ်တွေကတော့ အနည်းငယ် လိုအပ်နေသေးတယ်.. ငါအခု မင်းကို လွှဲပေးလိုက်တဲ့ အင်မော်တယ်ဓားသိုင်းက ငါ့ရဲ့ မိတ်ဆွေဟောင်းတစ်ယောက်ရဲ့ ဓားသိုင်းပဲ.. ဒါက မင်းအတွက် အသုံးဝင်နိုင်လိမ့်မယ်လို့ ငါယုံကြည်တယ်”

သူ၏ စိတ်ထဲတွင် စီးဝင်လာသော သတင်းအချက်အလက်များကို ခံစားလိုက်ရပြီးနောက်တွင် ကျန်းချန်၏ မျက်ဝန်းထဲ၌ ဝမ်းသာသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

သူက ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်၏ စကားကို သဘောတူခဲ့၏။

သူ့အနေဖြင့် ကျင့်ကြံခြင်းလမ်းစဥ်ကို စတင်သည်မှာ ရေတွက်ကြည့်လျှင် နှစ်တစ်ရာပင် မပြည့်သေးပေ။

ဤတိုတောင်းသော နှစ်ကာလအတွင်းမှာပင် ကျန်းချန်သည် နတ်ဘုရင် ဆဋ္ဌမအဆင့် အထိ ရောက်ရှိလာခဲ့သည်။

အထူးသဖြင့် ဓားလမ်းစဥ် အထူးပြုသည့် နတ်ဘုရင်အဆင့်သို့ ရောက်ရှိပြီးနောက်တွင် ကျန်းချန်သည် ဓားသိုင်းများကို ကျင့်ကြံရန် အချိန်များစွာ မရရှိခဲ့ပေ။

လက်ရှိအချိန်တွင် ကျန်းချန် တတ်မြောက်ထားသော ဓားသိုင်းဟူ၍ ကူရွှယ်သောင်း သင်ကြားပေးခဲ့သည့် ခုနစ်စဥ်ကြယ် ကောင်းကင်ဓားသိုင်းနှင့် နတ်ခန္ဓာပုံရိပ် ဖြစ်သည့် လူသားဧကရာဇ်ဓားကို အသုံးပြု၍ တိုက်ခိုက်သော တိုက်ကွက်နှင့် အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ် ထဲမှ ဓားသိုင်းသာ ရှိသည်။

ယနေ့အချိန်တွင် ခုနစ်စဥ်ကြယ် ကောင်းကင်ဓားသိုင်းသည် ကျန်းချန် အတွက် သိပ်အသုံးမဝင်တော့ပေ။

အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ်ထဲရှိ ဓားသိုင်းသုံးကွက်တွင် ပထမနှစ်ကွက်သည် ဆန်းကြယ်သော်လည်း တကယ့် တိုက်ခိုက်ရေးနည်းစနစ်များ မဟုတ်ပေ။

သူနှင့် အဆင့်တူ သို့မဟုတ် သူ့ထက် နိမ့်ကျသော ကျင့်ကြံသူများကို ရင်ဆိုင်ရာတွင် ထိုဓားချက်သည် ပြိုင်ဘက်၏ ကျင့်ကြံမှု နှင့် သက်တမ်းကို အလွယ်တကူ ဖြတ်တောက်နိုင်စွမ်း ရှိသည်။

သို့သော်လည်း သူ့ထက် အစွမ်းထက်သူများကို ရင်ဆိုင်ရလျှင် ထိုဓားကွက် နှစ်ကွက်သည် အသုံးမဝင်ပေ။

တစ်နည်းအားဖြင့် ဆိုရလျှင် သူ့အတွက် အမှန်တကယ်အားကိုးရသည့် ဓားသိုင်း ဟူ၍ နတ်ခန္ဓာပုံရိပ် ဖြစ်သည့် လူသားဧကရာဇ်ဓားကို အသုံးပြု၍ တိုက်ခိုက်သော ဓားကွက်နှင့် အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ်၏ တတိယမြောက်ဓားကွက်သာ ရှိသည်။

ထိုတိုက်ကွက် နှစ်ခုစလုံးသည် အင်အားကို အလွန်အမင်းကုန်ဆုံးစေ၍ ကျန်းချန်သည် စိတ်ကြိုက် အသုံးမပြုနိုင်ခဲ့ပေ။

အကယ်၍ သူသာ ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင် သင်ပေးသော အင်မော်တယ်ဓားသိုင်းကို ကျွမ်းကျင်သွားခဲ့လျှင် သူ၏ တိုက်ခိုက်ရေးစွမ်းအင်သည် နောက်တစ်ဆင့်သို့ သေချာပေါက် တက်လှမ်းနိုင်လိမ့်မည် မဟုတ်ပါလား။

“အင်မော်တယ်ဓား ကျင့်စဥ်ကို သင်ပေးတဲ့အတွက် စီနီယာကို ကျေးဇူးတင်ပါတယ်”

သူ၏ စိတ်ထဲမှ အင်မော်တယ်ဓား ကျင့်စဥ်ကို ခံစားကြည့်ရင်း ကျန်းချန်သည် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်ကို လျင်မြန်စွာ ကျေးဇူးတင်လိုက်သည်။

“ရပါတယ် ကောင်လေး”

ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်က ပြုံး၍ ပြောလိုက်သည်။

“ကောင်လေး.. မင်း ငါ့အတွက် သင့်တော်တဲ့အမွေခံကို အမြန်ဆုံး ရှာပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်.. အဲဒီအချိန်ကျရင် မင်းကို ငါ ကြီးမားတဲ့ လက်ဆောင်တစ်ခု ထပ်ပေးဦးမှာပါ”

ထိုစကားကို ပြောပြီးနောက်တွင် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်သည် ကျန်းချန်ကို ဤနေရာမှ ထွက်သွားရန် လက်ရမ်းပြလိုက်သည်။

ထိုအချင်းအရာကိုမြင်လျှင် ကျန်းချန်သည် အလျင်အမြန်ပင် ပြောလိုက်သည်။

“စီနီယာအင်မော်တယ်ဘုရင်.. ကျွန်တော်မသွားခင် တစ်ခုလောက် မေးလို့ရမလား”

ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်က ကျန်းချန်ကို နားမလည်နိုင်သော အမူအရာဖြင့် ကြည့်ကာ မေးလိုက်သည်။

“ဘာမေးမလို့လဲ ကောင်လေး”

“စီနီယာအင်မော်တယ်ဘုရင်.. အမှန်အတိုင်းပြောရရင် ကျွန်တော် ဒီတစ်ခေါက် ထာဝရသက်ရှည်တောင်တန်းကို လာရတဲ့ တကယ့်အကြောင်းအရင်းက ကျွန်တော်တို့ စကြဝဠာရဲ့ ကောင်းကင်လမ်းစဥ်က ဒီထာဝရသက်ရှည်တောင်တန်း ထဲမှာ ပုန်းကွယ်နေနိုင်တယ်လို့ သိရတဲ့အတွက် ရှာဖွေဖို့ လာခဲ့တာပါ”

ထိုစကားကို ပြောပြီးနောက်တွင် ကျန်းချန်သည် တိုက်ရိုက်ပင် မေးလိုက်သည်။

“ဒီထာဝရသက်ရှည်တောင်တန်း ထဲမှာ ကျွန်တော်တို့ နတ်ဘုရားနယ်မြေ စကြဝဠာရဲ့ ကောင်းကင်လမ်းစဥ် ရှိနေသလားဆိုတာ သိချင်ပါတယ် စီနီယာအင်မော်တယ်ဘုရင်”

“မင်းက အဲဒီ‌ကောင်ကို လာရှာတာကိုး”

ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်က ခပ်ယဲ့ယဲ့ ပြုံး၍ ပြောလိုက်သည်။

“ဟုတ်တယ်.. မင်းတို့စကြဝဠာရဲ့ ကောင်းကင်လမ်းစဥ်က ဒီမှာပုန်းနေတာပဲ.. သူက အခု ငါ့ရဲ့နန်းတော်ထဲမှာ ရှိပါတယ်”

အခန်း(၂၄၀၂)ပြီး၏။

All Chapters