အခန်း (၂၄၀၃-၂၄၀၄)
Vol. 181 Ch. 2403-2404
အခန်း(၂၄၀၃)
“နတ်ဘုရားနယ်မြေစကြဝဠာရဲ့ ကောင်းကင်လမ်းစဥ်က တကယ်ပဲ ဒီနေရာမှာ ရှိနေတာကိုး”
ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်၏ စကားကိုကြားပြီးနောက်တွင် ကျန်းချန်၏ မျက်ဝန်းထဲ၌ ဝမ်းသာသောအရိပ်အယောင်များ အထင်းသား ပေါ်လွင်လာခဲ့သည်။
သူက အလယ်ပိုင်းဒေသကနေ ဤနေရာအထိ တစ်လမ်းလုံးရှာဖွေလာရာကနေ ယခုအခါတွင် ကောင်းကင်လမ်းစဥ်ကို အဆုံးသတ်၌ ရှာတွေ့ခဲ့ချေပြီ။
ကျန်းချန်က သူ၏ စိတ်နှလုံးထဲမှ စိတ်လှုပ်ရှားမှုများကို ဖိနှိပ်လိုက်ပြီး အလျင်အမြန်ပင် မေးလိုက်သည်။
“စီနီယာအင်မော်တယ်ဘုရင်.. ကောင်းကင်လမ်းစဥ်က အခုဘယ်နေရာမှာလဲ.. ကျွန်တော် ကောင်းကင်လမ်းစဥ်နဲ့ တွေ့ခွင့်ရမလား”
“သူက အခု ပင်မခန်းမဆောင်ထဲမှာ ရှိနေတယ်.. ပင်မခန်းမဆောင်မှာ ငါ့ရဲ့ အမွေအနှစ်ကို ထိန်းသိမ်းထားပြီးတဲ့နောက်မှာ ပင်မခန်းမဆောင်ကို ငါလုံးဝ ပိတ်ထားခဲ့တယ်.. တစ်စုံတစ်ယောက်က ငါ့ရဲ့ ဆက်ခံသူ ဖြစ်မလာမချင်း ပင်မခန်းမဆောင်ကို ဖွင့်လို့ရမှာ မဟုတ်ဘူး”
ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်က ရယ်မော၍ ပြောလိုက်သည်။
“မင်းကောင်းကင်လမ်းစဥ်ကို တွေ့ချင်တယ်ဆိုရင် ငါ့အတွက် ဆက်ခံသူ တစ်ယောက်ကိုသာ အမြန်ဆုံး ရှာဖွေပေးပါ”
ထိုစကားကိုကြားလျှင် ကျန်းချန်သည် မျက်မှောင်မကျုံ့ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့သည်။
“စီနီယာအင်မော်တယ်ဘုရင်.. ကောင်းကင်လမ်းစဥ်ကို ပင်မခန်းမဆောင်ထဲမှာ ဘာကြောင့် ပိတ်ထားရတာလဲ ဆိုတာ ကျွန်တော်သိပါရစေ”
ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်က လေးနက်စွာ ရှင်းပြလိုက်သည်။
“ဒီကိစ္စက ပြောရရင်တော့ အရှည်ကြီးပဲ”
ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်က ထာဝရသက်ရှည်တောင်တန်းနှင့်အတူ နတ်ဘုရားနယ်မြေသို့ ရောက်ရှိလာသောအချိန်သည် နတ်ဘုရားနယ်မြေ စကြဝဠာနှင့် အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာတို့ တိုက်ခိုက်နေကြသည့် အချိန် ဖြစ်သည်။
နှစ်ဖက်စလုံး၏ တိုက်ပွဲက ပြင်းထန်သော်လည်း နတ်ဘုရားနယ်မြေကို အပိုင်းပိုင်း ပြတ်ထွက်သွားစေလောက်သည် အထိတော့ မဟုတ်ခဲ့ပေ။
သို့သော်လည်း ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်က ထာဝရသက်ရှည်တောင်တန်းနှင့်အတူ ရုတ်တရက် ရောက်ရှိလာသောကြောင့် အကန့်အသတ်ကို ရောက်ရှိနေပြီ ဖြစ်သည့် နတ်ဘုရားနယ်မြေသည် လုံးဝ ပျက်စီးသွားခဲ့ပြီး နတ်ဘုရားနယ်မြေ စကြဝဠာ၏ ကောင်းကင်လမ်းစဥ်သည်လည်း ကြီးမားသော ဆုံးရှုံးမှုများကို ကြုံတွေ့ခဲ့ရသည်။
ဤစကြဝဠာက သူ ရောက်ရှိလာသောကြောင့် ပျက်စီးသွားသည်ကိုမြင်လျှင် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်သည် ဒဏ်ရာအပြင်းအထန် ရရှိနေသည့် ကောင်းကင်လမ်းစဥ်ကို သူ၏ နန်းတော်ဆီသို့ ကယ်တင်လာခဲ့ပြီး နန်းတော်ထဲတွင် နာလန်ထူခွင့်ပေးခဲ့သည်။
ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်၏ စကားကိုကြားလျှင် ကျန်းချန်၏ မျက်ဝန်းထဲ၌ အံ့အားသင့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
နတ်ဘုရားနယ်မြေ ပြိုလဲသွားရသည့် အဓိကအကြောင်းအရင်းသည် အင်မော်တယ်စကြဝဠာနှင့် တိုက်ပွဲကြောင့် မဟုတ်ဘဲ သူ့ရှေ့မှ ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်ကြောင့် ဖြစ်နေလိမ့်မည်ဟု သူလုံးဝ မျှော်လင့်မထားခဲ့ပေ။
“ကောင်လေး.. ကောင်းကင်လမ်းစဥ်အတွက် မင်းဘာမှ စိတ်မပူနဲ့.. ငါ့အတွက် ဆက်ခံသူတစ်ယောက်သာ ရှာလာခဲ့ပါ.. ငါ့ရဲ့နန်းတော်ထဲမှာဆိုရင် မင်းတို့ နတ်ဘုရားနယ်မြေ စကြဝဠာရဲ့ ကောင်းကင်လမ်းစဥ်က ဘယ်နေရာထက်မဆို ပိုပြီး ဘေးကင်းတယ်.. ဒါ့အပြင် တခြားနေရာတွေထက်ပိုပြီး မြန်မြန်ဆန်ဆန် နာလန်ထူနိုင်စွမ်းလည်းရှိတယ်"
"ငါ့ရဲ့ ပင်မခန်းဆောင်ကို ဖွင့်လှစ်ပေးနိုင်မဲ့ ဆက်ခံသူကို မင်းရှာဖွေပေးနိုင်တဲ့အခါကျရင် နတ်ဘုရားနယ်မြေကို မပျက်စီးခင်က ပုံစံအတိုင်း ပြန်လည် ကောင်းမွန်အောင် လုပ်ဆောင်ပေးနိုင်တဲ့ ဒဏ်ရာကင်းစင်တဲ့ ကောင်းကင်လမ်းစဥ် တစ်ခုကို မင်းဆီ ပြန်ပေးမယ်လို့ ငါကတိပေးတယ်”
ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်က လေးနက်စွာ ကတိပေးလိုက်သည်။
ကျန်းချန်က ရုတ်တရက် ခါးသီးစွာ ပြုံးလိုက်မိသည်။
“စီနီယာအင်မော်တယ်ဘုရင် နတ်ဘုရားနယ်မြေ စကြဝဠာရဲ့ ကောင်းကင်လမ်းစဥ်က စီနီယာရဲ့ နန်းတော်ထဲမှာဆိုရင် အင်မတန် ဘေးကင်းတယ် ဆိုတာ ကျွန်တော်သိပါတယ်.. ဒါပေမဲ့ နတ်ဘုရားနယ်မြေမှာ ကောင်းကင်လမ်းစဥ် ဖြေရှင်းပေးဖို့ လိုအပ်တဲ့ ကိစ္စတချို့ ကျွန်တော့်မှာ ရှိနေလို့ပါ”
“ဘယ်လိုကိစ္စမျိုးလဲ.. ငါ့ကို ပြောပြကြည့်ပါဦး”
ထာဝရရှင်သန်ခြင်းအင်မော်တယ်ဘုရင်က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
“ကောင်းကင်လမ်းစဥ် ဖြေရှင်းပေးနိုင်တဲ့ ကိစ္စဆိုရင် ငါလည်း ကူညီဖြေရှင်းပေးနိုင်လောက်မှာပါ”
ကျန်းချန်က ခဏမျှ မှင်တက်သွားပြီးနောက်တွင် လနတ်နန်းတော်၏ အကြောင်းကို ပြောပြလိုက်သည်။
“ဒီလို စကြဝဠာထဲမှာ ဒီလို လုပ်ဆောင်နိုင်တဲ့ ပုဂ္ဂိုလ်မျိုး ရှိနေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး.. လနတ်နန်းတော်ရဲ့ လနတ်ဘုရားက တကယ်ကို ထူးခြားတာပဲ.. သူက အင်မော်တယ်အဆင့်ကို မရောက်သေးရင်တောင်မှ သိပ်မဝေးတော့ဘူးလို့ ငါထင်တယ်”
[မှတ်ချက်။ လနတ်ဘုရားသည် လနတ်နန်းတော်မှ နန်းတော်သခင်မ၏ ဆရာ ဖြစ်ပြီး သူ၏ စွမ်းအားကို အကုန်အစင် အသုံးပြု၍ လနတ်နန်းတော်ကို အကာအကွယ်ပေးခဲ့သည့် အတွက် သေဆုံးသွားခဲ့ပြီ ဖြစ်သည်]
ကျန်းချန်၏ ရှင်းပြမှုများကို ကြားလျှင် ထာဝရရှင်သန်ခြင်းအင်မော်တယ်ဘုရင်၏ မျက်ဝန်းထဲတွင် အံ့အားသင့်သောအရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
သူက တစ်ခဏမျှ စဥ်းစားလိုက်ပြီးနောက်တွင် ကျန်းချန်ကို ကြည့်၍ ပြောလိုက်သည်။
“ဒီကိစ္စကို ဖြေရှင်းဖို့က မခက်ပါဘူး.. ငါမင်းကို လျှို့ဝှက်ကျင့်စဥ်တစ်ခု သင်ပေးမယ်.. ဒီကျင့်စဥ်ကို ကျင့်ကြံမယ်ဆိုရင် သူတို့တွေက ကောင်းကင်လမ်းစဥ် နိယာမရဲ့ ကန့်သတ်မှုတွေကို ခေတ္တခဏတော့ ခံရတော့မှာ မဟုတ်ဘူး”
ထိုစကားကိုပြောပြီးနောက်တွင် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်သည် ကျန်းချန် ဆီသို့ ထိုကျင့်စဥ်ကို လွှဲပြောင်းပေးလိုက်သည်။
ကျန်းချန်က ကျင့်စဥ်ကို လက်ခံရယူပြီးနောက်တွင် ချက်ချင်းဆိုသလို အလွန်တရာ ဝမ်းသာသွားခဲ့ပြီး အလျင်အမြန် ကျေးဇူးတင်လိုက်သည်။
“ကျေးဇူးတင်ပါတယ် စီနီယာအင်မော်တယ်ဘုရင်”
သူ ဤတစ်ကြိမ် ကောင်းကင်လမ်းစဥ်ကို လာရောက်ရှာဖွေရသည့် အဓိက အကြောင်းအရင်းမှာ ကောင်းကင်လမ်းစဥ်ဘေးကင်းရန်နှင့် လနတ်နန်းတော်၏ ပြဿနာကို ဖြေရှင်းဖို့အတွက်ဖြစ်သည်။
ယခုအခါတွင် ကောင်းကင်လမ်းစဥ်သည် ဤထာဝရရှင်သန်ခြင်း နန်းတော်ထဲတွင် ရှိနေပြီ ဖြစ်သည်။
ဆိုရလျှင် နတ်ဘုရားနယ်မြေ တစ်ခုလုံးတွင် ဤနေရာထက်ဘေးကင်းသော နေရာ မရှိတော့ပေ။
ထို့ကြောင့် ကောင်းကင်လမ်းစဥ် တစ်စုံတစ်ရာ လုပ်ကြံခံရမည်ကို ကျန်းချန် စိတ်ပူစရာ မလိုအပ်ချေ။
လနတ်နန်းတော်၏ ပြဿနာအတွက်ကမူ ထာဝရရှင်သန်ခြင်းအင်မော်တယ်ဘုရင် သူ့ကို ပေးလိုက်သည့် လျှို့ဝှက်ကျင့်စဥ်ဖြင့် ဖြေရှင်းပေးနိုင်လိမ့်မည် ဖြစ်၏။
ဆိုရလျှင် ဤတစ်ကြိမ် ထာဝရသက်ရှည်တောင်တန်း ခရီးစဥ်သည် သူ၏ ရည်ရွယ်ချက်ကို အပြည့်အဝ ဖြေရှင်းနိုင်ခဲ့ပြီ ဖြစ်သည်။
ယခုအခါတွင် သူ့အနေဖြင့် နတ်ကုန်းမြေတိုက်ဆီ စိတ်အေးလက်အေးဖြင့် ပြန်သွားနိုင်ပြီး လနတ်နန်းတော်ကို ပြန်လည်ပေါ်ထွက်လာအောင် လုပ်ဆောင်နိုင်မည် ဖြစ်သလို ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကိုလည်း နတ်ဘုရားနယ်မြေကနေ လုံးဝ ဖယ်ရှားပစ်နိုင်ပေတော့မည်။
“သွားတော့ ကောင်လေး.. ငါ့အတွက် ဆက်ခံသူတစ်ယောက်ကို အမြန်ဆုံးခေါ်လာပေးဖို့ မမေ့နဲ့ဦး”
ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်က ထိုစကားကို ပြောလိုက်ပြီးနောက်တွင် လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ကာ ကျန်းချန်ကို နန်းတော်ထဲကနေ နှင်ထုတ်လိုက်သည်။
နောက်ထပ် တစ်ခဏတွင် ကျန်းချန်၏ ပုံရိပ်သည် ထာဝရရှင်သန်ခြင်း နန်းတော်၏ ခန်းမအပြင်ဘက်၌ ပေါ်လာခဲ့၏။
“မိတ်ဆွေလေးကျန်းချန်.. အခြေအနေဘယ်လိုလဲ”
ထိုမြင်ကွင်းကိုမြင်လျှင် ကျိထျန်းမိုင်သည် အနားကို တိုးလာပြီး ကျန်းချန်ကို မေးလိုက်သည်။
သူတို့ ကျိလင်သားရဲမျိုးနွယ်စုသည် ထာဝရရှင်သန်ခြင်းနန်းတော်ကို နှစ်ပေါင်းများစွာ စောင့်ကြပ်လာခဲ့ခြင်း ဖြစ်ပြီး ကျန်းချန် ကဲ့သို့ အရည်အချင်း ပြည့်မီသော ပါရမီရှင်ကို ယခုမှသာ တွေ့ဖူးခြင်း ဖြစ်သည်။
အကယ်၍ ကျန်းချန်သာ အင်မော်တယ်ဘုရင်၏ အမွေအနှစ်ကို မဆက်ခံနိုင်လျှင် သူတို့သည် ကမ္ဘာ့လဆန်း တစ်ရက်နေ့အထိ ထပ်မံ၍ စောင့်ဆိုင်းနေရပေလိမ့်မည်။
ကျန်းချန်က ခေါင်းခါရမ်း၍ ပြောလိုက်၏။
“ကျွန်တော် စမ်းသပ်မှုကို အောင်မြင်ခဲ့ပြီး စီနီယာအင်မော်တယ်ဘုရင်နဲ့ တွေ့ခွင့်ရခဲ့ပါတယ်.. ဒါပေမဲ့ အကြောင်းပြချက်တချို့ကြောင့် ကျွန်တော် အင်မော်တယ်ဘုရင်ရဲ့ အမွေအနှစ်ကိုတော့ ဆက်ခံခွင့်မရခဲ့ဘူး.. ဒါပေမဲ့ စီနီယာအင်မော်တယ်ဘုရင်က သူ့အတွက် ဆက်ခံသူ တစ်ယောက် ရှာပေးဖို့ ကျွန်တော့်ကို မှာလိုက်ပါတယ်”
ကျန်းချန်၏ စကားကိုကြားလျှင် ကျိထျန်းမိုင်၏ အိုမင်းသော မျက်နှာထက်တွင် နားမလည်နိုင်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
သူက ကျန်းချန်ကို မေးခွန်းမေးရန် ပြင်လိုက်စဥ်မှာပင် ပုံရိပ်တစ်ခုသည် နန်းတော် တံခါးဝကနေ လွင့်စင်ထွက်လာခဲ့ပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျလာခဲ့သည်။
ထိုပုံရိပ်သည် ထာဝရရှင်သန်ခြင်း နန်းတော်ထဲသို့ အတင်းအကျပ် ဝင်ရောက်သွားသည့် ရွမ်ရှောင် ဖြစ်သည်။
ယခုအချိန်တွင် ရွမ်ရှောင်၏ ခန္ဓာကိုယ်သည် မည်သည့် အသက်ဓာတ်မှ မရှိတော့သည့် အေးစက်စက် အလောင်းတစ်လောင်း အဖြစ်သို့ ပြောင်းလဲသွားခဲ့ချေပြီ။
“ဒီကောင်က ကိုယ့်သေတွင်း ကိုယ်တူးပြီး သေသွားတာပဲ”
ကျိထျန်းမိုင်က သက်ပြင်းချလိုက်ပြီး ခပ်တိုးတိုး ရေရွတ်ကာ ခေါင်းခါရမ်းလိုက်သည်။
အင်မော်တယ်ဘုရင်၏ အမွေအနှစ်ကို အခြားသူများသည် အဘယ်ကဲ့သို့ အလွယ်တကူ စွက်ဖက်ခွင့် ရနိုင်ပါမည်နည်း။
ရွမ်ရှောင်က ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင် ကျဆုံးသွားပြီဟု ထင်ပြီး အင်မော်တယ်ဘုရင်၏ အမွေအနှစ်ကို ရရှိရန် ကြံစည်ခဲ့သော်လည်း အဆုံးသတ်တွင် သေပွဲဝင်ခဲ့ရသည်။
ကျန်းချန်က ရွမ်ရှောင်၏ အလောင်းကိုကြည့်ကာ မအံ့ဩခဲ့ပေ။
အင်မော်တယ်ဘုရင် အမွေအနှစ်၏ နောက်ဆုံး စမ်းသပ်မှုကို ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင် ချန်ထားရစ်ခဲ့သည့် ဝိညာဥ်ကိုယ်တိုင် စောင့်ကြပ်နေခဲ့ခြင်း ဖြစ်ရာ အနက်ရောင်ဖီးနစ် နတ်ဆိုးသားရဲမျိုးနွယ်စု ကဲ့သို့ သစ္စာဖောက်များကို မည်ကဲ့သို့ ရယူခွင့် ပေးနိုင်ပါမည်နည်း။
ယွမ်ရှောင်သည် အလွန်တရာ သန်မာပြီး မဟာယာန အထွတ်အထိပ် အဆင့်ကိုပင် ရောက်ရှိနေပြီ ဖြစ်ကာ အင်မော်တယ်အဆင့်ကို ရောက်ရန် ခြေတစ်လှမ်းမျှသာ လိုအပ်တော့သည်။
သို့သော်လည်း ထိုစွမ်းရည်လောက်သည် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်၏ ရှေ့တွင် ခုခံနိုင်စွမ်း လုံးဝ ရှိမည်မဟုတ်ချေ။
“ကျိယောင်.. ရွမ်ရှောင်ရဲ့ အလောင်းကို အနက်ရောင်ဖီးနစ်နတ်ဆိုးသားရဲ မျိုးနွယ်စုဆီ ပြန်ပေးပြီး သူတို့လူတွေ အကုန်လုံးကို ထွက်သွားခိုင်းလိုက်ပါ”
ကျိထျန်းမိုင်က နံဘေးတွင် ရှိနေသည့် ကျိယောင်ကို အမိန့်ပေးလိုက်သည်။
ရွမ်ရှောင် ကျဆုံးသွားသည့် အတွက် အနက်ရောင်ဖီးနစ် နတ်ဆိုးသားရဲ မျိုးနွယ်စုသည် ကြီးမားသော လှိုင်းတံပိုးများကို ဖန်တီးနိုင်တော့မည် မဟုတ်ပေ။
ကျိထျန်းမိုင်သည် အနက်ရောင်ဖီးနစ် နတ်ဆိုးသားရဲ မျိုးနွယ်စုကို အကုန်အစင် သတ်ပစ်ရန် မရည်ရွယ်ထားခဲ့ပေ။
ကျိယောင်က ရွမ်ရှောင်၏ အလောင်းကို သယ်ကာ အလျင်အမြန်ပင် ထွက်ခွာသွားခဲ့သည်။
ကျိယောင် ထွက်သွားပြီးနောက်တွင် ကျိထျန်းမိုင်သည် ကျန်းချန်ကို နားမလည်နိုင်သော အမူအရာဖြင့် ကြည့်ကာ မေးလိုက်၏။
“မိတ်ဆွေလေးကျန်းချန်.. မင်းက စမ်းသပ်မှုကို အောင်မြင်ပြီး ဘာလို့ အမွေအနှစ်ကို မဆက်ခံနိုင်ရတာလဲ”
“ကျွန်တော်က စီနီယာအင်မော်တယ်ဘုရင်ရဲ့ အမွေအနှစ်ကို ဆက်ခံဖို့အတွက် မသင့်တော်လို့ပါ”
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံး၍ ပြောလိုက်သည်။
“ဒါပေမဲ့ စိတ်မပူပါနဲ့.. သူ့အတွက် ကျေနပ်စရာကောင်းတဲ့ ဆက်ခံသူ တစ်ယောက်ကို ရှာဖွေပေးမယ်လို့ ကျွန်တော် စီနီယာ အင်မော်တယ်ဘုရင်ကို ကတိပေးထားပါတယ်”
အင်မော်တယ်ဘုရင် အမွေအနှစ် အတွက် ဆက်ခံနိုင်မည့်သူကို ကျန်းချန်သည် အလျင်မြန်ဆုံး ရှာဖွေရလိမ့်မည် ဖြစ်သည်။
သို့မှသာ ထာဝရရှင်သန်ခြင်း နန်းတော်ထဲမှ ကောင်းကင်လမ်းစဥ်ကို တွေ့မြင်ခွင့်ရလိမ့်မည် မဟုတ်ပါလော။
ထို့အပြင် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်က နတ်ဘုရားနယ်မြေကို မဖျက်ဆီးခင်က အခြေအနေအတိုင်း ပြန်လည် လုပ်ဆောင်ပေးမည်ဟု ကတိပေးထားခဲ့သည်။
ထိုအချိန်သို့ ရောက်လျှင် နတ်ဘုရားနယ်မြေသည် ရှေးခေတ်ကာလ ကဲ့သို့ ခမ်းနားသော အခြေအနေကို ပြန်လည်ပိုင်ဆိုင်နိုင်ပေလိမ့်မည်။
အခန်း(၂၄၀၃)ပြီး၏။
အခန်း(၂၄၀၄)
ထာဝရရှင်သန်ခြင်းနန်းတော်၏ ခန်းမဆောင်ကနေ ထွက်ခွာပြီးနောက်တွင် ကျန်းချန်သည် ဤနေရာတွင် ကြာကြာနေရန် အစီအစဥ်မရှိခဲ့ပေ။
ထာဝရရှင်သန်ခြင်းနန်းတော် ပတ်ဝန်းကျင်သည် ကျင့်ကြံရန်အတွက် အကောင်းမွန်ဆုံး ပတ်ဝန်းကျင် ဖြစ်သော်လည်း ယခုအချိန်တွင် ဤနေရာ၌ ကျင့်ကြံရန် ရည်ရွယ်ချက် မရှိခဲ့ပေ။
အကြောင်းအရင်းမှာ နတ်ကုန်းမြေတိုက်၏ လက်ရှိအခြေအနေသည် အလွန်အမင်း ဆိုးရွားနေပြီး ပြင်ပတွင် သူဖြေရှင်းရမည့် ကိစ္စအများအပြား ရှိနေသေးသောကြောင့်ပင်။
နတ်ကုန်းမြေတိုက်ကနေ ထွက်ခွာပြီး ဤနေရာသို့ သူရောက်လာသည်မှာ လပေါင်းများစွာ ကြာမြင့်ခဲ့ပြီ မဟုတ်ပါလော။
နတ်ကုန်းမြေတိုက်နှင့် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုတို့ကြားရှိ စစ်ပွဲက မည်ကဲ့သို့ အခြေအနေကို ရောက်ရှိနေပြီမှန်းပင် ကျန်းချန် မသိတော့ပေ။
ယခုအခါတွင် ကောင်းကင်လမ်းစဥ်၏ ကိစ္စက အပြည့်အဝပြေလည်သွားပြီဖြစ်ရာ နတ်ကုန်းမြေတိုက်ကို ကျူးကျော်ဝင်ရောက်နေသည့် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို လုံးဝအမြစ်ပြတ် ချေမှုန်းရန် အတွက် နတ်ကုန်းမြေတိုက်ဆီ အမြန်ဆုံး ပြန်သွားရလိမ့်မည် မဟုတ်ပါလော။
ကျန်းချန်က ကျိထျန်းမိုင်နှင့် တခြားသူများကို နှုတ်ဆက်ပြီး လျင်မြန်စွာပင် တစ်ကိုယ်တည်း ထွက်ခွာလာခဲ့သည်။
ရှချင်းလီနှင့် လဲ့ချမ်းယွမ် တို့ကမူ ဤပတ်ဝန်းကျင်၏ ဆွဲဆောင်မှုကြောင့် လွယ်လွယ်နှင့် မထွက်သွားခဲ့ပေ။
သူတို့က ဤနေရာမှာပင် နေထိုင်ပြီး ပိုမို မြင့်မားသော အဆင့်ကို တက်လှမ်းနိုင်ရန် အာရုံစိုက်၍ ကျင့်ကြံဖို့ ဆုံးဖြတ်လိုက်သည်။
အင်မော်တယ်နယ်မြေထဲကနေ ထွက်ခွာလာပြီးနောက်တွင် ကျန်းချန်သည် ထာဝရသက်ရှည်တောင်တန်း ထဲတွင် အချိန်အကြာကြီး မနေခဲ့သလို အင်မော်တယ် ကျင့်ကြံခြင်း မဟာမိတ်အဖွဲ့သို့လည်း ပြန်မသွားခဲ့ပေ။
သူက ထာဝရသက်ရှည်တောင်တန်း၏ ထွက်ပေါက် ဆီသို့ တိုက်ရိုက်ပင် ပျံသန်းသွားခဲ့သည်။
ခရီးလမ်းတစ်လျှောက်လုံး ကျန်းချန်သည် အရှိန်အဝါကို ဖုံးကွယ်ထားသောကြောင့် တစ်လမ်းလုံး မည်သည့်အတားအဆီးမှ မရှိခဲ့ဘဲ သိပ်မကြာခင်မှာပင် ထာဝရသက်ရှည်တောင်တန်းကနေ ထွက်ခွာပြီး ထုံရှန်းတောင်ကြား ဆီသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။
ထုံရှန်းတောင်ကြားသည် တိတ်ဆိတ် ငြိမ်သက်နေခဲ့ပြီး သိုင်းပညာ ကျင့်ကြံခြင်းလောကမှ လူငယ်တပည့် နှစ်ယောက်သာ ထိုနေရာတွင် ရှိနေကြသည်။
“သခင်လေးကျန်းချန်”
ထာဝရသက်ရှည်တောင်တန်းထဲကနေ ထွက်လာသည့် ကျန်းချန်ကို မြင်လျှင် လူငယ်နှစ်ယောက်သည် ချက်ချင်းပင် နှုတ်ဆက်လိုက်ကြသည်။
ကျန်းချန်က ခေါင်းညိတ်ပြလိုက်ပြီး နားမလည်နိုင်သောအမူအရာဖြင့် မေးလိုက်၏။
“မင်းတို့နှစ်ယောက်ပဲ ဒီနေရာမှာ ရှိနေတာလား.. ဝူကျန့်ထျန်းရော”
“သခင်လေးကျန်းချန် ထာဝရသက်ရှည်တောင်တန်းထဲကို ဝင်သွားပြီး ကာလတစ်ခု ကြာပြီးတဲ့နောက်မှာ မျိုးနွယ်စုခေါင်းဆောင်ဝူက သိုင်းပညာ ကျင့်ကြံခြင်းလောကက ကျင့်ကြံသူတွေကို ဦးဆောင်ပြီး အင်မော်တယ် ကျင့်ကြံခြင်းလောကကို တိုက်ခိုက်ဖို့ သွားခဲ့တယ်”
လူငယ်က အလျင်အမြန်ပင် ပြန်ဖြေလိုက်သည်။
ထိုစကားကိုကြားလျှင် ကျန်းချန်၏ မျက်ခုံးသည် အနည်းငယ် ပင့်သွားခဲ့သည်။
“တိုက်ပွဲအခြေအနေကရော ဘယ်လိုလဲ”
ထာဝရသက်ရှည်တောင်တန်းထဲကနေ သူ မထွက်ခွာလာခင်မှာပင် ဝူကျန့်ထျန်းသည် သိုင်းပညာ ကျင့်ကြံခြင်းလောကမှ လူများကို ဦးဆောင်ပြီး အင်မော်တယ် ကျင့်ကြံခြင်းလောကကို သွားရောက်တိုက်ခိုက်လိမ့်မည်ဟု သူလုံးဝ မျှော်လင့်မထားခဲ့ပေ။
အခြား လူငယ်တစ်ယောက်က ခါးသီးစွာ ပြုံး၍ ပြောလိုက်သည်။
“တိုက်ပွဲအစပိုင်းမှာတော့ အားလုံးက အဆင်ပြေ ချောမွေ့နေခဲ့တယ်.. ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်ရက်ကစပြီး ပြဿနာနဲ့ ရင်ဆိုင်ခဲ့ရတယ်.. အခုတော့ အင်မော်တယ် ကျင့်ကြံခြင်းလောကကနေ ထုံရှန်းတောင်ကြားထိ ဆုတ်ခွာလာခဲ့ကြပြီ”
ထိုစကားကိုကြားလျှင် ကျန်းချန်သည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။
ဝူကျန့်ထျန်းသည် အင်မော်တယ် ကျင့်ကြံခြင်းလောကတွင် မမျှော်လင့်ဘဲ ပြဿနာနှင့် ကြုံတွေ့ခဲ့ရပါသလော။
ဝူကျန့်ထျန်း၏ ကျင့်ကြံခြင်း အဆင့်သည် နတ်ဘုရင်နဝမအဆင့်ကို ရောက်ရှိနေပြီဖြစ်ကာ တိုက်ခိုက်ရေးစွမ်းရည်သည်လည်း အနှိုင်းမဲ့ ဖြစ်သောကြောင့် ကပ်ဘေး အထွတ်အထိပ် အဆင့်ကို ရောက်ရှိနေသည့် ပုဂ္ဂိုလ်များကိုပင် အနိုင်ယူနိုင်စွမ်း ရှိသည်။
ထိုနေ့က တိုက်ပွဲတွင်လည်း အင်မော်တယ် ကျင့်ကြံခြင်းလောက၏ ခေါင်းဆောင်ဖြစ်သည့် ထိုက်ချင်းဘိုးဘေး၏ ခန္ဓာကိုယ်က ပျက်စီးသွားခဲ့သည်။
သို့ဖြစ်ရာ အင်မော်တယ် ကျင့်ကြံခြင်းလောကတွင် ဝူကျန့်ထျန်းကို ခြိမ်းခြောက်နိုင်သူ တစ်ယောက်မျှ မရှိတော့ပေ။
သို့ဆိုလျှင် အင်မော်တယ်တိုက်တွင် ဝူကျန့်ထျန်းကို မည်သူက အခက်တွေ့စေပါသနည်း။
"စီနီယာဝူက ဘယ်လိုပြဿနာနဲ့ ရင်ဆိုင်ခဲ့ရတာလဲ"
“ဒါတော့ ကျွန်တော်တို့လည်း မသိဘူး”
ကျန်းချန်၏ မေးခွန်းကိုကြားလျှင် နှစ်ယောက်လုံးက ခေါင်းခါရမ်းလိုက်ကြသည်။
“ဒါဆို ဘာတွေဖြစ်နေတာလဲ ဆိုတာ ငါသွားကြည့်လိုက်ဦးမယ်”
စကားဆုံးသည်နှင့် ကျန်းချန်၏ ပုံရိပ်သည် ထုံရှန်းတောင်ကြားကနေ သိုင်းပညာ ကျင့်ကြံခြင်းလောကဆီသို့ သွားသည့် ဝင်ပေါက်တွင် ပေါ်လာခဲ့သည်။
ဝူကျန့်ထျန်းနှင့် တခြားသော သိုင်းပညာ ကျင့်ကြံခြင်းလောကမှ ကျင့်ကြံသူများသည် ထိုနေရာတွင် စခန်းတစ်ခုကို တည်ဆောက်ထားခဲ့ပြီး သူတို့၏ အင်အားအလုံးစုံကို စုစည်းကာ တပ်စွဲထားသည်ကို သူတွေ့လိုက်ရ၏။
“မိတ်ဆွေလေးကျန်းချန်.. မင်းထာဝရသက်ရှည်တောင်တန်းထဲကနေ ထွက်လာပြီပေါ့”
ဝူကျန့်ထျန်းက ကျန်းချန် ရောက်ရှိလာသည်ကို မြင်လျှင် ချက်ချင်းဆိုသလို နှုတ်ဆက်လိုက်သည်။
ကျန်းချန်က ဝူကျန့်ထျန်း၏ ခန္ဓာကိုယ်ကို အကဲခတ်ကြည့်လိုက်ရာ ချက်ချင်းပင် အမူအရာ ပြောင်းလဲသွားခဲ့သည်။
“စီနီယာဝူ ဘယ်လိုလုပ်ပြီး ဒဏ်ရာရနေတာလဲ”
ဝူကျန့်ထျန်းက မည်မျှအထိ သန်မာမှန်း ကျန်းချန် ကောင်းစွာသိထားခဲ့သည်။
ကပ်ဘေး အထွတ်အထိပ်အဆင့်တွင် ရှိသည့် ထိုက်ချင်းဘိုးဘေးပင်လျှင် ထိုက်ယီလက်ကောက်ကို အသုံးပြုခဲ့သည့်တိုင် ဝူကျန့်ထျန်း၏ လက်ထဲတွင် အသာစီးမရခဲ့ပေ။
ယနေ့ခေတ် အင်မော်တယ်တိုက်တွင် ဝူကျန့်ထျန်းကို ဒဏ်ရာရရှိအောင် လုပ်ဆောင်နိုင်စွမ်း ရှိသူ ရှိနေပါသလော။
ဝူကျန့်ထျန်းက ရုတ်တရက် ခါးသီးစွာ ပြုံးလိုက်၏။
“အင်မော်တယ် ကျင့်ကြံခြင်းလောကမှာ ထိုက်ချင်းဘိုးဘေးထက် အဆပေါင်းများစွာ ပိုပြီး ကြောက်စရာကောင်းတဲ့သူ တစ်ယောက် ပေါ်ထွက်လာတယ်”
ဝူကျန့်ထျန်း၏ စကားကို ကြားလျှင် ကျန်းချန်၏ မျက်ဝန်းများသည် ရုတ်တရက် ကျဥ်းမြောင်းသွားခဲ့သည်။
“ဒါဆို အင်မော်တယ် ကျင့်ကြံခြင်းလောကမှာ မဟာယာနအဆင့် ကျင့်ကြံသူ ရှိနေတာလား”
မဟာယာနအဆင့် ကျင့်ကြံသူ ဆိုသည်မှာ အုပ်စိုးသူအဆင့်နှင့် အဆင့်အတန်း အတူတူပင် ဖြစ်သည်။
အကယ်၍ အင်မော်တယ် ကျင့်ကြံခြင်းလောကတွင်သာ မဟာယာနအဆင့် ကျင့်ကြံသူ ရှိနေမည်ဆိုလျှင် အခြေအနေသည် အနည်းငယ် ခက်ခဲသွားပေလိမ့်မည်။
“အဲဒီလိုမဟုတ်ပါဘူး.. အင်မော်တယ်ကျင့်ကြံခြင်းလောကက အားကောင်းပေမဲ့လည်း မဟာယာနအဆင့် ကျင့်ကြံသူ တစ်ခါမှတော့ မရှိခဲ့ဖူးဘူး.. မဟုတ်ရင် သိုင်းပညာ ကျင့်ကြံခြင်းလောကက သူတို့လက်ထဲမှာ ပျက်စီးသွားလောက်ပြီပေါ့”
ဝူကျန့်ထျန်းက ခေါင်းခါရမ်းလိုက်ပြီး အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်ကာ လေးနက်စွာ ပြောလိုက်သည်။
“ငါ့ကို ဒဏ်ရာရအောင် လုပ်လိုက်တာက နှစ်ပေါင်းများစွာ ပိတ်လှောင်ခံထားရတဲ့ ပြိုင်ဘက်ကင်း နတ်ဆိုးကျင့်ကြံသူ တစ်ယောက်ပဲ”
လွန်ခဲ့သည့် နှစ်ပေါင်းများစွာက အင်မော်တယ်တိုက်၏ အင်မော်တယ် ကျင့်ကြံခြင်းလောကတွင် ပြိုင်ဘက်ကင်း နတ်ဆိုးကျင့်ကြံသူ တစ်ယောက် ပေါ်ပေါက်လာခဲ့ဖူးသည်။
ထိုနတ်ဆိုးကျင့်ကြံသူသည် ထူးခြားသောစွမ်းအားကို ပိုင်ဆိုင်ထားပြီး အင်မော်တယ်တိုက်တွင် ပြိုင်ဘက်ကင်း ဖြစ်ခဲ့၏။
ထိုအချိန်က အင်မော်တယ် ကျင့်ကြံခြင်းလောကမှ အင်မော်တယ်ဂိုဏ်း အများအပြားသည် ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြသည့်တိုင် အဆုံးသတ်တွင် ထိုနတ်ဆိုးကျင့်ကြံသူကို မသတ်ဖြတ်နိုင်ခဲ့ဘဲ ပိတ်လှောင်ထားရုံသာ တတ်နိုင်ခဲ့သည်။
ဤတစ်ကြိမ်တွင် ဝူကျန့်ထျန်းသည် အင်မော်တယ် ကျင့်ကြံခြင်းလောက ပြင်းထန်စွာ ထိခိုက်နေသည်ကို အခွင့်ကောင်းယူကာ အင်မော်တယ် ကျင့်ကြံခြင်းလောကကို တစ်ချက်တည်းဖြင့် ဖြိုလဲပစ်ချင်ခဲ့သည်။
သို့သော်လည်း အင်မော်တယ် ကျင့်ကြံခြင်းလောကသည် သေရေးရှင်ရေး အချိန်တွင် သူတို့ ပိတ်လှောင်ထားသည့် ပြိုင်ဘက်ကင်း နတ်ဆိုးကျင့်ကြံသူနှင့် သဘောတူညီချက် တစ်ခု ပြုလုပ်ကာ လွှတ်ပေးလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
ဝူကျန့်ထျန်း ကဲ့သို့ အစွမ်းထက်သူပင်လျှင် ထိုပြိုင်ဘက်ကင်း နတ်ဆိုးကျင့်ကြံသူ၏ လက်ထဲတွင် အရေးနိမ့်ခဲ့ရပြီး ထုံရှန်းချိုင့်ဝှမ်းဆီ ဆုတ်ခွာလာခဲ့ရသည်။
“စီနီယာဝူ.. စီနီယာရဲ့ ခွန်အားနဲ့ ဆိုရင် မဟာယာနအဆင့် ကျင့်ကြံသူ မဟုတ်သရွေ့ စီနီယာကို ယှဥ်နိုင်ဖို့ ခက်ခဲလိမ့်မယ်ထင်တယ်”
ဝူကျန့်ထျန်း၏ ရှင်းပြချက်ကို ကြားပြီးနောက်တွင် ကျန်းချန်သည် မျက်မှောင်ကို ခပ်တင်းတင်း ကြုတ်လိုက်မိသည်။
“ငါလည်း ကိုယ့်ကိုယ်ကို အဲဒီလိုပဲ ထင်ခဲ့မိတယ်”
ဝူကျန့်ထျန်းက ခါးသီးစွာ ပြုံးလိုက်သည်။
“ဒါပေမဲ့လည်း အဲဒီကောင်နဲ့ တကယ်တမ်း ရင်ဆိုင်ရတဲ့အခါမှာ ငါရှုံးနိမ့်သွားခဲ့ရတယ်”
ထိုစကားကိုကြားလျှင် ကျန်းချန် စိတ်နှလုံး တုန်လှုပ်သွားခဲ့သည်။
ဝူကျန့်ထျန်း၏ တိုက်ခိုက်ရေးစွမ်းအားသည် နတ်ဘုရင်နဝမအဆင့် ကျင့်ကြံသူများထဲမှာပင် အစွမ်းအထက်ဆုံးဟု ဆို၍ ရ၏။
ဝူကျန့်ထျန်းကို အနိုင်တိုက်နိုင်သည် ဆိုလျှင် လနတ်နန်းတော်သခင်မ အဆင့်လောက်သာ ရှိနိုင်ပေလိမ့်မည်။
ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး လေးနက်သော လေသံဖြင့် ချက်ချင်းဆိုသလို မေးလိုက်၏။
“စီနီယာဝူ.. အဲဒီ ပြိုင်ဘက်ကင်း နတ်ဆိုးကျင့်ကြံသူရဲ့ အသေးစိတ် အခြေအနေကို ကျွန်တော့်ကို ပြောပြပါ”
“အဲဒီ ပြိုင်ဘက်ကင်း နတ်ဆိုးကျင့်ကြံသူက တိုက်ပွဲအစတိုင်းမှာ သိပ်တော့ အားမကောင်းဘူး.. သူက ထိုက်ချင်းဘိုးဘေးထက်တောင် အနည်းငယ် နိမ့်ကျနေသေးတယ်.. ငါသူ့ကို အလွယ်တကူ အသာစီးရခဲ့တယ်.. ဒါပေမဲ့ သူ့မှာ ကောင်းကင်ကိုတောင် ဆန့်ကျင်နေတဲ့ စွမ်းရည်တစ်ခု ရှိနေတယ်.. အဲဒါက ဘယ်လိုမှ သတ်လို့မရနိုင်တဲ့ အင်မော်တယ် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတာပဲ.. ငါသူ့ကို သတ်ဖို့ ကြိုးစားတိုင်းမှာ သူ့ရဲ့စွမ်းအားက ပိုပြီးတော့ အားကောင်းလာခဲ့တယ်”
ဝူကျန့်ထျန်းက ခါးသီးစွာ ပြုံး၍ ပြောလိုက်သည်။
“အဲဒါကြောင့်ပဲ ငါက သူ့လက်ထဲမှာ အရေးနိမ့်ခဲ့ပြီး ထုံရှန်းတောင်ကြားဆီ ဆုတ်ခွာလာခဲ့ရတာပဲ”
ဝူကျန့်ထျန်း၏ စကားကို ကြားပြီးနောက်တွင် ကျန်းချန်၏ မျက်ဝန်းထဲ၌ မယုံကြည်နိုင်လောက်အောင် ထိတ်လန့်သောအမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
ပြိုင်ဘက်ကင်း နတ်ဆိုးကျင့်ကြံသူ၏ အချက်အလက်သည် ထိုအချိန်က မဟာမြေရိုင်းနယ်မြေတွင် ကြုံတွေ့ခဲ့ရသည့် စန်းယိုနတ်ဘုရင်နှင့် အတော်လေး ဆင်တူနေသည် မဟုတ်ပါလား။
သတ်ရွေ့မသေနိုင်သည့် အင်မော်တယ် ကောင်းကင်ကျင့်စဥ်။
သို့ဆိုလျှင် အင်မော်တယ်တိုက်မှ ပြိုင်ဘက်ကင်း နတ်ဆိုးကျင့်ကြံသူသည်လည်း အင်မော်တယ်ကောင်းကင်ကျင့်စဥ်ကို ကျင့်ကြံထားပါသလော။
အခန်း(၂၄၀၄)ပြီး၏။