အခန်း (၂၄၀၅-၂၄၀၆)
Vol. 181 Ch. 2405-2406
အခန်း(၂၄၀၅)
ဤတစ်ကြိမ် နတ်ဘုရားနယ်မြေစကြဝဠာ၏ ကောင်းကင်လမ်းစဥ်ကို ရှာဖွေရန် မြောက်ဘက်ဒေသသို့ လာရောက်သည့်ခရီးစဥ်တွင် မသေနိုင်သည့် အင်မော်တယ်ကောင်းကင်စွမ်းအားနှင့် ထပ်မံ ဆုံတွေ့ရလိမ့်မည်ဟု ကျန်းချန် လုံးဝမမျှော်လင့်ထားခဲ့ပေ။
စန်းယိုနတ်ဘုရင် အသတ်ခံရစဥ်က ကျန်းချန်သည် အင်မော်တယ် ကောင်းကင်ကျင့်စဥ်၏ နောက်ကွယ်ရှိ ကြောက်မက်ဖွယ်ရာကောင်းသောလျှို့ဝှက်ချက်ကို သိရှိခဲ့သည်။
စန်းယိုနတ်ဘုရင်ပင်လျှင် အခြားသူ တစ်ယောက်၏ လက်ထဲမှ နယ်ရုပ်လေး တစ်ရုပ်ထက် မပိုခဲ့ပေ။
အင်မော်တယ် ကျင့်ကြံခြင်းလောက၏ နတ်ဆိုးကျင့်ကြံသူသည် အင်မော်တယ်ကောင်းကင် ကျင့်စဥ်၏ စစ်မှန်သည့် အရှင်သခင်လော သို့မဟုတ် သူသည်လည်း စန်းယိုနတ်ဘုရင်ကဲ့သို့ နယ်ရုပ်တစ်ရုပ် ဖြစ်နေပါသလော။
အကယ်၍ နတ်ဆိုးကျင့်ကြံသူကပင် နယ်ရုပ်တစ်ရုပ် ဆိုလျှင် အင်မော်တယ် ကောင်းကင်ကျင့်စဥ်၏ အရှင်သခင်သည် မည်မျှပင် ကြောက်မက်ဖွယ်ရာကောင်းသော တည်ရှိမှုမျိုး ဖြစ်နေပါသနည်း။
ကျန်းချန်၏ စိတ်နှလုံးထဲတွင် အံ့အားသင့်နေသော အချိန်မှာပင် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်စွာ ကြုံးဝါးလိုက်သော အော်ဟစ်သံ တစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
“ဝူကျန့်ထျန်း.. အပြင်ကိုထွက်လာပြီး အသေလာခံစမ်း”
ထိုရုတ်တရက် အော်ဟစ်သံကိုကြားလျှင် ဝူကျန့်ထျန်း၏ မျက်နှာသည် ချက်ချင်းပင် သုန်မှုန်သွားခဲ့သည်။
“အဲဒါ နတ်ဆိုးကျင့်ကြံသူပဲ.. သူက ဒီအထိတောင် လိုက်လာခဲ့ပြီ”
“ဒါဆိုလည်း နတ်ဆိုးကျင့်ကြံသူကို သွားတွေ့ကြတာပေါ့”
ကျန်းချန်၏ မျက်ဝန်းက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။
သူက ချက်ချင်းဆိုသလိုပင် ထုံရှန်းတောင်ကြားထဲကနေ လျင်မြန်စွာ ထွက်လာခဲ့သည်။
အင်မော်တယ် ကောင်းကင်ကျင့်စဥ်ကို ကျင့်ကြံထားနိုင်ခြေအရှိဆုံး ဖြစ်သည့် ထိုလူက မည်သို့သော အခြေအနေမျိုးလဲ ဆိုသည်ကို သူကြည့်ချင်မိသည်။
ကျန်းချန်၏ အကြည့်သည် ထုံရှန်းတောင်ကြား၏ အပြင်ဘက်ရှိ မီတာရာချီ အကွာတွင် ဝံ့ကြွားစွာ ရပ်နေသည့် အနက်ရောင်ဝတ်စုံဝတ်လူ ဆီသို့ တိုက်ရိုက်ပင် ကျရောက်သွားခဲ့သည်။
အနက်ရောင်ဝတ်စုံဝတ် လူသည် အရပ်ရှည်ပြီး တည်ကြည်ခန့်ညားသော အသွင်အပြင်ရှိကာ အေးစက်စက် မျက်ဝန်းများကို ပိုင်ဆိုင်ထား၏။
သူ၏ မျက်လုံးကို အဖွင့်အပိတ် လုပ်လိုက်တိုင်းတွင် လူကို ချက်ချင်း သေစေနိုင်သည့် အဆိပ်ပြင်း မြွေတစ်ကောင်လိုမျိုး တဖျပ်ဖျပ် တောက်ပနေသည့် အလင်းတန်းများ ရှိနေခဲ့သည်။
“မိုရှောင်ထျန်း.. အင်မော်တယ် ကျင့်ကြံခြင်းလောကထဲက အင်မော်တယ်ဂိုဏ်းတွေရဲ့ ပူးပေါင်းနှိမ်နင်းခြင်းကို ခံရတဲ့အချိန်က မင်းနဲ့ အင်မော်တယ် ကျင့်ကြံခြင်းလောကကြားမှာ ကမ္ဘာမကြေ ရန်ငြိုးတွေ ရှိခဲ့တယ် မဟုတ်လား.. ဒါပေမဲ့ နှမြောစရာပဲ.. မင်းက အင်မော်တယ် ကျင့်ကြံခြင်းကမ္ဘာရဲ့ ခွေးတစ်ကောင် ဖြစ်သွားခဲ့ပြီ”
ကျန်းချန်က အနက်ရောင်ဝတ်စုံဝတ်လူကို အကဲခတ်နေစဥ်မှာပင် ကျန်းချန်၏ နောက်ကနေ လိုက်ပါလာသည့် ဝူကျန့်ထျန်းက နှာခေါင်းရှုံ့ကာ အေးစက်စက် ပြောလိုက်သည်။
“မင်းလိုကောင်က ငါ့ကို ဘာမှဝေဖန်နေစရာ မလိုဘူး”
မိုရှောင်ထျန်း၏ မျက်နှာက အေးစက်နေခဲ့ပြီး ခန္ဓာကိုယ်တစ်ခုလုံးတွင် သတ်ဖြတ်လိုသော စိတ်ဆန္ဒများ ပြည့်နှက်နေခဲ့၏။
“ဝူကျန့်ထျန်း မင်းသာ အခြေအနေကို နားလည်တယ်ဆိုရင် မင်းရဲ့ အလောင်းကို အကောင်းအတိုင်း ချန်ထားပေးဖို့ ငါစဥ်းစားပေးမယ်”
“နတ်ဆိုးကျင့်ကြံသူ.. ခင်ဗျား အင်မော်တယ်တိုက်မှာ လူတွင်ကျယ် လုပ်နိုင်ရတဲ့ အကြောင်းအရင်းက ခင်ဗျားကျင့်ကြံထားတဲ့ ကျင့်စဥ်ကြောင့် မဟုတ်လား”
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးလိုက်ပြီး မိုရှောင်ထျန်းကို တည်ငြိမ်စွာ ကြည့်လိုက်သည်။
“ကျုပ်ရဲ့ ခန့်မှန်းချက်မမှားဘူး ဆိုရင် ခင်ဗျား ကျင့်ကြံထားတာက အင်မော်တယ်ကောင်းကင် ကျင့်စဥ်ပဲ ဖြစ်ရမယ်”
ကျန်းချန်၏ စကားကိုကြားလျှင် မိုရှောင်ထျန်း၏ အမူအရာသည် အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။
သူက ကျန်းချန်ကို စူးစိုက်ကြည့်လိုက်ပြီး လေးနက်စွာပြောလိုက်၏။
“မင်းက အင်မော်တယ် ကောင်းကင်ကျင့်စဥ်ကို သိနေတာလား.. ကြည့်ရတာ မင်းက အင်မော်တယ်ကောင်းကင် ကျင့်စဥ် ကျင့်ကြံထားတဲ့ လူတွေကို တွေ့ဖူးတယ် ထင်တယ်”
မိုရှောင်ထျန်းသည် အင်မော်တယ်ကောင်းကင် ကျင့်စဥ်ကို ထာဝရသက်ရှည်တောင်တန်းထဲကနေ ရရှိခဲ့ခြင်း ဖြစ်သည်။
သူက အင်မော်တယ်ကောင်းကင် ကျင့်စဥ်ကို ကျင့်ကြံပြီး ထိုကျင့်စဥ်၏ နက်ရှိုင်းမှုကို နားလည်သွားသည့် အချိန်တွင် ထိုကျင့်စဥ်က မည်မျှပင် ကြောက်မက်ဖွယ်ရာကောင်းမှန်း သဘောပေါက်သွားခဲ့သည်။
မိုရှောင်ထျန်းကို ဝမ်းသာစေသည့် အချက်မှာ အင်မော်တယ်ကောင်းကင် ကျင့်စဥ်ကို ဖန်တီးခဲ့သည့်ပုဂ္ဂိုလ်သည် ကျဆုံးသွားပြီဟု ထင်ရပြီး သူက အင်မော်တယ်ကောင်းကင် ကျင့်စဥ်၏ စစ်မှန်သော အရှင်သခင် ဖြစ်လာခဲ့ခြင်းပင်။
အင်မော်တယ် ကောင်းကင်ကျင့်စဥ်ကို ကျင့်ကြံနိုင်ရန် အတွက် မိုရှောင်ထျန်းသည် အင်မော်တယ်တိုက်၏ အင်မော်တယ် ကျင့်ကြံခြင်း လောကတွင် ထိုနည်းစနစ်ကို ဖြန့်ဝေခဲ့သည်။
ထိုအခါ အင်မော်တယ်လောကမှ မရေမတွက်နိုင်သော ပါရမီရှင်များသည် အင်မော်တယ်ကောင်းကင် ကျင့်စဥ်ကို ကျင့်ကြံမိခဲ့ပြီး မိုရှောင်ထျန်း၏ အာဟာရများ အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ဤသို့ဖြင့် အဆုံးသတ်တွင် မိုရှောင်ထျန်းသည် အင်မော်တယ်လောကမှ ဂိုဏ်းကြီးများ၏ ဝိုင်းရံတိုက်ခိုက်ခြင်းကို ခံခဲ့ရ၏။
ထိုအချိန်က သူ၏ ကျင့်ကြံခြင်းအဆင့်သည် လမ်းစဥ်ပေါင်းစည်းခြင်း အဆင့်ကိုပင် မရောက်ရှိသေးသောကြောင့် အင်မော်တယ်လောကမှ ဂိုဏ်းကြီးများကို သဘာဝကျစွာပင် ခုခံနိုင်စွမ်း မရှိခဲ့ပေ။
သူက အင်မော်တယ် ကောင်းကင် စွမ်းအားကို အားကိုးကာ အင်မော်တယ်တိုက်ကနေ နတ်ကုန်းမြေတိုက်သို့ ထွက်ပြေးလာခဲ့ရသည်။
နတ်ကုန်းမြေတိုက်ကို ရောက်ရှိပြီးနောက်တွင် မိုရှောင်ထျန်းသည် ယခင်ထက် ပို၍ ပါးနပ်လာခဲ့၏။
သူက နောက်ကွယ်တွင် ပုန်းအောင်းနေခဲ့ပြီး အင်မော်တယ်ကောင်းကင် ကျင့်စဥ်ကို လျှို့ဝှက်စွာ ဖြန့်ဝေခဲ့သည်။
ထိုကျင့်စဥ်ကို ကျင့်ကြံသူများသည် သူ၏ အာဟာရများ ဖြစ်လာခဲ့ပြီး သူ၏ ကျင့်ကြံခြင်းအဆင့်သည်လည်း ကပ်ဘေး အထွတ်အထိပ် အဆင့်ကို လျင်မြန်စွာ ရောက်ရှိသွားခဲ့သည်။
ယင်းနောက်တွင် သူက အင်မော်တယ်တိုက်ဆီ ပြန်လာပြီး အင်မော်တယ် ကျင့်ကြံခြင်းလောကကို လက်စားချေရန် ဆုံးဖြတ်လိုက်သည်။
သူ၏ ကပ်ဘေး အထွတ်အထိပ်အဆင့် ကျင့်ကြံမှုနှင့် အင်မော်တယ်ကောင်းကင် စွမ်းအားကို ပေါင်းစပ်လိုက်လျှင် အင်မော်တယ်တိုက်တွင် ပြိုင်ဘက်ကင်းပြီဟု မူလက သူ ထင်မှတ်ထားခဲ့သည်။
သို့သော်လည်း အင်မော်တယ် ကျင့်ကြံခြင်းလောကကို အထင်သေးမိခဲ့သောကြောင့် အဆုံးသတ်တွင် ရှုံးနိမ့်သွားခဲ့ရ၏။
သူ့အနေဖြင့် အင်မော်တယ် ကျင့်ကြံခြင်းလောက တစ်ခုလုံးကို ပရမ်းပတာ ဖြစ်အောင် လုပ်ဆောင်နိုင်ခဲ့သည့်တိုင် အဆုံးသတ်တွင် ထိုက်ယီအင်မော်တယ်ဂိုဏ်း ဦးဆောင်သည့် အင်မော်တယ် ဂိုဏ်းကြီးများ၏ နှိမ်နင်းခြင်းကို ခံခဲ့ရပြီး ပိတ်လှောင်ခံလိုက်ရသည်။
ဤတစ်ကြိမ် ထုံရှန်းတောင်ကြားတွင် အင်မော်တယ်ကျင့်ကြံခြင်း လောက အရေးနိမ့်သွားခဲ့ပြီးနောက် ဝူကျန့်ထျန်းသည် အင်မော်တယ် ကျင့်ကြံခြင်းလောကကို အသက်ရှူခွင့်မပေးဘဲ တစ်ချက်တည်းနှင့် ဖြိုလှဲပစ်ချင်ခဲ့သည်။
အင်မော်တယ် ကျင့်ကြံခြင်းလောက အနေဖြင့် သေရေးရှင်ရေး အကျပ်အတည်းနှင့် ရင်ဆိုင်နေရ၍ အင်မော်တယ် ကျင့်ကြံခြင်းလောကမှ ဂိုဏ်းကြီး ငါးဂိုဏ်းသည် အဆုံးသတ်တွင် သူ့ကို လာရောက် တွေ့ဆုံခဲ့ကြပြီး သူနှင့်သဘောတူ စာချုပ်တစ်ရပ် ချုပ်ဆိုကာ သူ့ကို လွှတ်ပေးခဲ့ခြင်းဖြစ်သည်။
စာချုပ်ပါ အချက်အလက်ကြောင့် မိုရှောင်ထျန်းသည် သိုင်းပညာ ကျင့်ကြံခြင်းလောကမှ ဝူကျန့်ထျန်းကို သတ်ဖြတ်ရန် လာရောက်ခဲ့ရခြင်း ဖြစ်၏။
သို့သော်လည်း မိုရှောင်ထျန်းသည် ဤနေရာကို ရောက်လာသောအခါတွင် အင်မော်တယ်ကောင်းကင် ကျင့်စဥ်ကို သိနေသည့် လူငယ်တစ်ဦးနှင့် ဆုံတွေ့ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
သိထားရမည့်အချက်မှာ အင်မော်တယ်တိုက်ရှိ အင်မော်တယ်ကျင့်ကြံခြင်း လောကသည် သူ၏ ကျင့်ကြံခြင်း နည်းစနစ်က ကောင်းကင်ကို အလွန်အမင်း ဆန့်ကျင်နေပြီး မသေနိုင်မှန်း သိထားသော်လည်း ကျင့်စဥ်၏ နာမည်ကို မသိရှိကြပေ။
အင်မော်တယ်ကောင်းကင် ကျင့်စဥ်ကို အဆင့်တစ်ခုအထိ ကျင့်ကြံထားသူများသာ ကျင့်စဥ်နာမည်ကို သိရှိကြ၏။
သို့သော်လည်း ထိုကဲ့သို့သော သူများသည် ခြွင်းချက်မရှိ သူ၏ အင်မော်တယ်စွမ်းအား အတွက် အာဟာရများ ဖြစ်လာခဲ့ကြသည်။
သူ့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် သူကျင့်ကြံထားသည့် ကျင့်စဥ်က အင်မော်တယ် ကောင်းကင် ကျင့်စဥ်မှန်း မည်ကဲ့သို့ သိနေပါသနည်း။
သူ့အပြင် ဤကမ္ဘာတွင် အင်မော်တယ် ကောင်းကင် ကျင့်စဥ်ကို အဆင့်တစ်ခု အထိ ကျင့်ကြံထားသည့် တခြားလူများ ရှိနေသေးပါသလော။
အကယ်၍ ဤကမ္ဘာတွင် အင်မော်တယ်ကောင်းကင် ကျင့်စဥ်ကို ကျင့်ကြံထားသည့် တခြားလူ ရှိနေသည်ဆိုလျှင် ထိုလူ၏ တည်ရှိမှုကို သူက မည်ကဲ့သို့ အာရုံမခံနိုင်ဘဲ နေပါမည်နည်း။
ကျန်းချန်က မိုရှောင်ထျန်းကို စိုက်ကြည့်လိုက်သည်။
“လွန်ခဲ့တဲ့ နှစ်အနည်းငယ်က အင်မော်တယ်ကောင်းကင် ကျင့်စဥ်ကို ကျင့်ကြံထားတဲ့ နတ်ဘုရင်တစ်ပါးကို ကျုပ်သတ်ခဲ့တယ်.. အဲဒီအချိန်က စိတ်အာရုံတစ်ခု ပေါ်လာခဲ့တယ်.. အဲဒီစိတ်အာရုံရဲ့ ပိုင်ရှင်က ခင်ဗျား ဖြစ်မယ်ထင်တယ်”
ကျန်းချန်၏ စကားကိုကြားလျှင် မိုရှောင်ထျန်း၏မျက်ဝန်းထဲ၌ သတ်ဖြတ်လိုသော စိတ်ဆန္ဒများ ရုတ်တရက်ပေါက်ကွဲထွက်လာခဲ့သည်။
“ကောင်လေး လက်စသတ်တော့ အဲဒီတုန်းက ကိစ္စကြီးကို ဖျက်ဆီးခဲ့တဲ့သူက မင်း ဖြစ်နေတာကိုး”
သူအင်မော်တယ်လောက၏ ပိတ်လှောင်ခံမှုကို ခံရပြီးနောက်တွင် အင်မော်တယ်ကောင်းကင် ကျင့်စဥ်ကို ကျင့်ကြံခဲ့သည့် ကောင်လေးတစ်ယောက်သည် နတ်ဘုရင်တစ်ပါး ဖြစ်လာခဲ့သည်ကို သူခံစားမိခဲ့သည်။
နောက်ပိုင်းတွင် အင်မော်တယ်ကောင်းကင် ကျင့်စဥ်ကို ကျင့်ကြံထားသည့် ထိုကောင်လေးသည် အကြောင်းရင်းမသိရဘဲ သူနှင့် အဆက်အသွယ် ပြတ်တောက်သွားခဲ့သည်။
ထိုအချိန်က ထိုကောင်လေး အမြစ်ပြတ် သုတ်သင်ခံလိုက်ရပြီဟု မိုရှောင်ထျန်း ထင်ခဲ့သည်။
သို့သော်လည်း နှစ်အနည်းငယ် အကြာတွင် အင်မော်တယ်ကောင်းကင်ကျင့်စဥ်ကို ကျင့်ကြံထားသည့် ထိုကောင်လေးကို သူ နောက်တစ်ကြိမ် အာရုံခံမိခဲ့သည်။
ထိုအချိန်တွင် ထိုကောင်လေး၏ ခွန်အားသည် များစွာပို၍ သန်မာနေခဲ့ပြီ ဖြစ်၏။
မိုရှောင်ထျန်းသည် ထိုကောင်လေးကို တစ်ခဏမျှ ထပ်မံ ကြီးထွားခွင့်ပေးပြီးသည့် နောက်မှသာ ဝါးမျိုရန် ရည်ရွယ်ထားခဲ့သည်။
ဆိုရလျှင် သူက ထိုကောင်လေးကို ဝါးမျိုပြီး မဟာယာနအဆင့်ကို ထိုးဖောက်ရန် ရည်မှန်းထား၏။
သူသာ မဟာယာနအဆင့်ကို ထိုးဖောက်နိုင်လျှင် အချုပ်အနှောင်ကို ဖျက်ဆီးပြီး ပြန်လည် လွတ်မြောက်နိုင်မည် ဖြစ်၏။
သို့သော်လည်း မိုရှောင်ထျန်း မျှော်လင့်မထားသည်မှာ အင်မော်တယ် ကောင်းကင်ကျင့်စဥ်ကို ကျင့်ကြံထားသည့် နတ်ဘုရင်သည် လွန်ခဲ့သော နှစ်အနည်းငယ်က သေရေးရှင်ရေးအကျပ်အတည်းနဲ့ ကြုံတွေ့ခဲ့ရခြင်းပင်။
မိုရှောင်ထျန်းက သူ၏ စိတ်အာရုံကို တိမ်းညွတ်ပြီး တားဆီးရန် ကြိုးစားခဲ့သော်လည်း အဆုံးသတ်တွင် ခြေလှမ်းတစ်လှမ်း နောက်ကျသွားခဲ့ရ၏။
အကယ်၍ ထိုကောင်လေးသာ အင်မော်တယ်ကောင်းကင်ကျင့်စဥ်ကို ကျင့်ကြံထားသည့် နတ်ဘုရင်ကို မသတ်ခဲ့လျှင် သူ့အနေဖြင့် ယခုလိုမျိုး အင်မော်တယ် ကျင့်ကြံခြင်းလောကနှင့် စာချုပ် ချုပ်စရာ အဘယ်ကြောင့် လိုအပ်ပါမည်နည်း။
ယခုအခါတွင် သူ့ကို အကြီးအကျယ် ဒုက္ခပေးခဲ့သည့်သူက သူ၏ ရှေ့တွင် ပေါ်ထွက်လာပြီ ဖြစ်ရာ မိုရှောင်ထျန်း၏ စိတ်နှလုံးထဲတွင် သတ်ဖြတ်လိုသော စိတ်ဆန္ဒများ ပေါက်ကွဲထွက်လာခဲ့သည်။
အခန်း(၂၄၀၅)ပြီး၏။
အခန်း(၂၄၀၆)
“ဒါဆို အဲဒီလူက ခင်ဗျားပေါ့”
ကျန်းချန်၏ မျက်ဝန်းများက ကျဥ်းမြောင်းသွားခဲ့သည်။
သူ့ရှေ့မှ လူသည် အင်မော်တယ်ကောင်းကင် ကျင့်စဥ်ကိုဖန်တီးခဲ့သူ မဟုတ်ခဲ့လျှင် ထိုကျင့်စဥ်ကို ပထမဆုံး ကျင့်ကြံခဲ့သူ ဖြစ်နိုင်ခြေ အလွန်များ၏။
“မျိုးမစစ်လေး ကောင်းကင်ကိုသွားဖို့ လမ်းရှိနေတာကို မသွားဘဲ ငရဲကိုမှ အတင်းတိုးဝင်လာရဲတယ်.. အဲဒီအချိန်က ငါခြေတစ်လှမ်း နောက်ကျသွားလို့သာ မင်းလွတ်သွားခဲ့တာပဲ.. ဒီနေ့တော့ မင်းကိုယ်တိုင် လာအသေခံလိမ့်မယ် ငါမမျှော်လင့်ထားခဲ့ဘူး.. သေဖို့သာ ပြင်ထားလိုက်တော့”
မိုရှောင်ထျန်းက ကျယ်လောင်စွာ ကြုံးဝါးလိုက်သည်။
သူ၏ ခန္ဓာကိုယ် တစ်ခုလုံးတွင် အနက်ရောင် အလင်းများ လွှမ်းခြုံသွားခဲ့၏။
ထို့နောက်တွင် သူက ကျန်းချန် ဆီသို့ လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။
“မိုရှောင်ထျန်း.. ခင်ဗျားက ကျုပ်တို့ သိုင်းပညာကျင့်ကြံခြင်းလောကက လူကို အနိုင်ကျင့်ချင်နေတာလား.. ခင်ဗျား တိုက်ချင်တယ်ဆိုရင် ကျုပ်ခင်ဗျားနဲ့ အဖော်လုပ်ပေးမယ်”
ဝူကျန့်ထျန်းက ဒေါသတကြီး အော်ဟစ်လိုက်ပြီး ချက်ချင်းဆိုသလိုပင် ရှေ့သို့ တိုးထွက်ကာ မိုရှောင်ထျန်း၏ လက်သီးချက်ကို သူ၏ လက်သီးချက်ဖြင့် ထိပ်တိုက် ရင်ဆိုင်လိုက်သည်။
“ဝုန်း..”
ကျယ်လောင်သော ပေါက်ကွဲသံက လေထုထဲတွင် ထွက်ပေါ်လာခဲ့ပြီး စွမ်းအားနှစ်ခု ထိပ်တိုက် တွေ့ဆုံသည့် နေရာကနေ ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းဂယက်များ ပျံ့နှံ့လာခဲ့ကာ ပတ်ဝန်းကျင်ရှိ နေရာလွတ်များကို ဆက်တိုက်ဆိုသလို ပြိုလဲသွားစေခဲ့ပြီး မိုင်တစ်ထောင် ဧရိယာကို ချက်ချင်းပင် ပရမ်းပတာ ဖြစ်သွားစေခဲ့သည်။
ခဏအကြာတွင် ပရမ်းပတာဖြစ်နေသည့် လေထုထဲကနေ ပုံရိပ်တစ်ခု လွင့်စင်လာခဲ့သည်။
ထိုပုံရိပ်မှာ မိုရှောင်ထျန်းပင် ဖြစ်သည်။
“ဝူကျန့်ထျန်း.. မင်းဒီလောက်တောင် သေချင်နေမှတော့ ငါမင်းဆန္ဒကို ဖြည့်ဆည်းပေးရသေးတာပေါ့”
မိုရှောင်ထျန်းက ဒေါသတကြီး ကြုံးဝါးလိုက်ပြီး သူ၏ ခန္ဓာကိုယ်မှ စွမ်းအားများကို အမြင့်ဆုံးအထိ လှုံ့ဆော်လိုက်သည်။
ထို့နောက်တွင် ကြောက်မက်ဖွယ် လက်သီးချက်သည် ဝူကျန့်ထျန်းဆီသို့ နောက်တစ်ကြိမ် ဦးတည်လာခဲ့သည်။
ဝူကျန့်ထျန်းက နောက်ဆုတ်သွားခြင်း မရှိဘဲ မိုရှောင်ထျန်း၏ လက်သီးချက်ကို သူ၏ လက်သီးချက်ဖြင့် ထပ်မံ ရင်ဆိုင်လိုက်သည်။
“ဝုန်း..”
မိုရှောင်ထျန်း၏ ခန္ဓာကိုယ်က နောက်သို့ ခြေလှမ်းပေါင်းများစွာ လွင့်စင်သွားခဲ့သည်။
မိုရှောင်ထျန်း၏ ကျင့်ကြံခြင်းအဆင့်သည် ကပ်ဘေး အထွတ်အထိပ် အဆင့်ကို ရောက်ရှိနေပြီ ဖြစ်သော်လည်း တိုက်ခိုက်ရေးစွမ်းအားကမူ ဝူကျန့်ထျန်းထက် တစ်ဆင့်နိမ့်နေသည်မှာ ထင်ရှားနေခဲ့၏။
သို့သော်လည်း မိုရှောင်ထျန်းသည် အင်မော်တယ်ကောင်းကင် ကျင့်စဥ်ကို ကျင့်ကြံထားသဖြင့် သတ်၍ မသေနိုင်အောင် ဖြစ်နေခဲ့သည်။
ဝူကျန့်ထျန်းသည် မိုရှောင်ထျန်းကို အကြိမ်ကြိမ် နောက်ဆုတ်အောင် လုပ်ဆောင်နိုင်သော်လည်း သတ်ပစ်ရန်အထိမူ မစွမ်းနိုင်ခဲ့ပေ။
ထို့အပြင် အင်မော်တယ်ကောင်းကင် ကျင့်စဥ်၏ ဆန်းကြယ်သော စွမ်းအားကြောင့် ဝူကျန့်ထျန်းသည် သူ၏ စွမ်းအားများကို အကုန်အစင် ထုတ်မသုံးရဲဘဲ ချွေတာ၍သာ တိုက်ခိုက်နေရသည်။
ဤအတိုင်းသာ ဆက်တိုက်နေမည်ဆိုလျှင် ဝူကျန့်ထျန်းသည် အင်အားကို ချွေတာ၍ တိုက်ခိုက်နေသည့်တိုင် အချိန်ကြာလာသည်နှင့်အမျှ အားအင်ကုန်ခမ်းသွားလိမ့်မည် ဖြစ်၏။
“စီနီယာဝူ.. သူ့ကို လှုပ်ရှားလို့မရအောင် ထိန်းချုပ်ထားပေးပါ.. ကျွန်တော် သူ့ကို သတ်ဖို့ တာဝန်ယူလိုက်မယ်”
ကျန်းချန်က တုံ့ဆိုင်းမနေဘဲ ဝူကျန့်ထျန်းကို ပြောလိုက်သည်။
ထိုစကားကိုကြားလျှင် ဝူကျန့်ထျန်းသည် ခဏမျှ မှင်တက်သွားခဲ့၏။
မိုရှောင်ထျန်း၏ အင်မော်တယ်ကောင်းကင် ကျင့်စဥ်က မည်မျှအထိ ကြောက်မက်ဖွယ်ရာ ကောင်းသည်ကို ဝူကျန့်ထျန်း ကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရသည်။
ကျန်းချန်သည် အမှန်တကယ်ပင် မိုရှောင်ထျန်းကို သတ်နိုင်ပါမည်လော။
ဝူကျန့်ထျန်းက အနည်းငယ် တွေဝေနေခဲ့သော်လည်း အဆုံးသတ်တွင် ကျန်းချန်ကို ယုံကြည်ရန် ရွေးချယ်လိုက်သည်။
သူက လက်ဟန်တစ်ခုကို ပြုလုပ်လိုက်ပြီး လျှို့ဝှက်နည်းစနစ်တစ်ခုကို ထုတ်ဖော်ကာ သူ၏ ခွန်အားကို အစွမ်းကုန် အသုံးပြုလိုက်သည်။
ချက်ချင်းဆိုသလိုပင် ကြောက်မက်ဖွယ် စွမ်းအား တစ်ခုသည် မိုရှောင်ထျန်း ရှိနေသည့် ပတ်ဝန်းကျင်မီတာရာချီ ဧရိယာကို အေးခဲသွားစေခဲ့၏။
ထိုစွမ်းအားအောက်တွင် မိုရှောင်ထျန်း၏ ခွန်အားဖြင့်ပင်လျှင် တစ်ခဏမျှ လှုပ်ရှားရန် ခက်ခဲသွားခဲ့သည်။
မိုရှောင်ထျန်းသည် ဝူကျန့်ထျန်း၏ စွမ်းအားကြောင့် ချုပ်နှောင်ခံလိုက်ရသော်လည်း တစ်စက်ကလေးမှ ထိတ်လန့်မနေခဲ့ပေ။
သူက ဝူကျန့်ထျန်းကို လှမ်းကြည့်လိုက်ပြီး မထီမဲ့မြင် ပြုံးကာ လှောင်ပြောင်လိုက်သည်။
“ဝူကျန့်ထျန်း.. မင်း ငါ့ကို ပိတ်မိအောင် လုပ်နိုင်ရင်တောင်မှ ငါ့ကို သတ်နိုင်မှာ မို့လို့လား”
ထိုခဏဝယ် ကျန်းချန်က ရှေ့သို့ လှမ်းထွက်လာခဲ့ပြီး မိုရှောင်ထျန်းကို အေးစက်စက်ပြောလိုက်သည်။
“စီနီယာဝူက ခင်ဗျားကို မသတ်နိုင်ပေမဲ့ ကျုပ်ကတော့ သတ်နိုင်တယ်”
သူ့ရှေ့မှ ကျန်းချန်ကို မြင်လျှင် မိုရှောင်ထျန်း၏ မျက်ဝန်းက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။
ကျင့်ကြံခြင်းအဆင့်အရ ဆိုလျှင် သူ့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် ဝူကျန့်ထျန်းနှင့် ယှဥ်လျှင် များစွာ နိမ့်ကျသော်လည်း ထိုလူငယ်အပေါ် မိုရှောင်ထျန်း၏ ကြောက်ရွံ့မှုသည် ဝူကျန့်ထျန်း ထက်ပင် ပို၍ ကြီးမားနေခဲ့၏။
ဆိုရလျှင် ထိုအချိန်က အင်မော်တယ်ကောင်းကင် ကျင့်စဥ်ကို ကျင့်ကြံထားသည့် နတ်ဘုရင် ပင်လျှင် ထိုကောင်လေး၏ လက်ထဲတွင် ကျဆုံးသွားခဲ့ရသည် မဟုတ်ပါလား။
တစ်နည်းအားဖြင့် ထိုအနက်ရောင်ဝတ်စုံဝတ် လူငယ်သည် အင်မော်တယ်ကောင်းကင် ကျင့်စဥ်၏ စွမ်းအားကို ထိန်းချုပ်နိုင်သည့် နည်းလမ်းအား တတ်မြောက်ထားရန် အလားအလာ အလွန် များနေခဲ့၏။
မိုရှောင်ထျန်းက ချက်ချင်းဆိုသလိုပင် ခန္ဓာကိုယ်မှ စွမ်းအားများကို ထုတ်ဖော်ကာ ဝူကျန့်ထျန်း၏ အချုပ်အနှောင်ကနေ ရုန်းထွက်ရန် ကြိုးစားလိုက်သည်။
ဤမြင်ကွင်းကို မြင်လျှင် ကျန်းချန်သည် မိုရှောင်ထျန်းကို မည်သည့် အခွင့်အရေးမှ မပေးလိုခဲ့ပေ။
သူက လက်ဖဝါးကို လှုပ်ရှားလိုက်ရာ ဆန်းကြယ်သည့် အနက်ရောင် ဓားမြှောင်တစ်လက်သည် သူ၏ လက်ထဲတွင် ပေါ်လာခဲ့သည်။
ချက်ချင်းဆိုသလိုပင် ကျန်းချန်သည် နေရာကနေ ရိပ်ခနဲပျောက်ကွယ်သွားခဲ့ပြီး မိုရှောင်ထျန်း၏ ရှေ့တွင် ထွက်ပေါ်လာခဲ့ကာ မိုရှောင်ထျန်း၏ လည်ပင်းကို ဓားမြှောင်ဖြင့် ပွတ်ဆွဲလိုက်သည်။
မိုရှောင်ထျန်းက ဝူကျန့်ထျန်း၏ အချုပ်အနှောင်အောက်မှာပင် အတင်းအကျပ် နောက်သို့ ခြေတစ်လှမ်းဆုတ်ကာ ကျန်းချန်၏ သေစေနိုင်သော ဓားမြှောင်ထိုးချက်ကို ရှောင်တိမ်းနိုင်ခဲ့သည်။
သို့သော်လည်း သူ၏ လည်ပင်းသည် ကျန်းချန်၏ လက်ထဲမှ အနက်ရောင်ဓားမြှောင်ဖြင့် အနည်းငယ် ရှမိသွားခဲ့ပြီး လည်ပင်းတွင် ဒဏ်ရာတစ်ခု ထင်ကျန်ရစ်ခဲ့သည်။
အလွန်လျင်မြန်စွာပင် မိုရှောင်ထျန်းသည် သူကျင့်ကြံထားသည့် အင်မော်တယ်ကောင်းကင် ကျင့်စဥ်၏ စွမ်းအားက ထိုအနက်ရောင်ဓားမြှောင်ကနေ ရရှိလာသည့် ဒဏ်ရာကို မကုသနိုင်မှန်း ထိတ်လန့်တကြား သတိပြုမိလိုက်၏။
“ဒါ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
မိုရှောင်ထျန်းသည် စိတ်နှလုံးထဲကနေ အလွန်အမင်း ထိတ်လန့် တုန်လှုပ်သွားခဲ့သည်။
အင်မော်တယ်ကောင်းကင် ကျင့်စဥ်ကို အောင်မြင်ပြီးကတည်းကပင် မည်မျှ ပြင်းထန်သောဒဏ်ရာကို ရရှိပါစေ၊သူ၏ ခန္ဓာကိုယ်ထဲမှ အင်မော်တယ်ကောင်းကင် စွမ်းအားများသည် ချက်ချင်းပင် ပြန်လည် ကုသပေးနိုင်ပြီး သူ့ကို အလျင်အမြန်ပင် အထွတ်အထိပ် အခြေအနေသို့ ပြန်လည် ရောက်ရှိစေခဲ့သည်။
သူ၏ ခန္ဓာကိုယ်ထဲမှ အင်မော်တယ် ကောင်းကင် စွမ်းအားများက ပြန်လည် မကုသပေးနိုင်သည့် ဒဏ်ရာမျိူးနှင့် ကြုံတွေ့ရသည်မှာ ဤတစ်ကြိမ်သည် ပထမဆုံးအကြိမ်ဖြစ်၏။
ဤအခိုက်အတန့်တွင် မိုရှောင်ထျန်းသည် အင်မော်တယ်ကောင်းကင် ကျင့်စဥ်ကို ကျင့်ကြံထားသည့် နတ်ဘုရင်က သူ့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ လက်ထဲတွင် အဘယ်ကြောင့် အမြစ်ပြတ် သုတ်သင်ခံခဲ့ရမှန်း အဆုံးသတ်၌ နားလည်သွားခဲ့သည်။
ရှင်းလင်းစွာဆိုရလျှင် အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ လက်ထဲတွင် ရှိသည့် အနက်ရောင်ဓားမြှောင်သည် အင်မော်တယ်ကောင်းကင်စွမ်းအား၏ ရန်သူတော် ဖြစ်နေခဲ့ခြင်းပင်။
မိုရှောင်ထျန်းက သူ၏ ထိုးနှက်ချက်ကို ရှောင်တိမ်းသွားသည်ကို မြင်လျှင် ကျန်းချန်သည် မိုရှောင်ထျန်းကို နောက်ထပ် တစ်ကြိမ် ထပ်မံ ထိုးနှက်လိုက်သည်။
မိုရှောင်ထျန်းက ထိတ်လန့်သွားခဲ့ပြီး ချက်ချင်းဆိုသလိုပင် သူ၏ သွေးအဆီအနှစ်ကို လောင်ကျွမ်းစေကာ စွမ်းအားများကို အဆပေါင်းများစွာ မြှင့်တင်လိုက်ပြီး ဝူကျန့်ထျန်း၏ အချုပ်အနှောင်ကနေ ဖောက်ထွက်ရန် ကြိုးစားလိုက်သည်။
သို့သော်လည်း ကျန်းချန်၏ အနက်ရောင်ဓားမြှောင်သည် မိုရှောင်ထျန်း၏ ရှေ့တွင် ပေါ်လာခဲ့ချေပြီ။
မိုရှောင်ထျန်းက ရှောင်တိမ်းဖို့ အချိန်မရှိတော့သောကြောင့် သူ့ထံသို့ ဦးတည်လာသည့် အနက်ရောင်ဓားမြှောင်ကို ကာကွယ်ရန် သူ၏ လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ရသည်။
“ရွှစ်..”
ထိုခဏဝယ် မိုရှောင်ထျန်း၏ လက်တစ်ဖက်သည် အနက်ရောင်ဓားမြှောင်၏ လက်ချက်ဖြင့် ပြတ်တောက်သွားခဲ့သည်။
သူ၏ ခန္ဓာကိုယ်ထဲတွင် ပြန်လည် ကုသနိုင်သော စွမ်းအားရှိနေခဲ့သည့်တိုင် အနက်ရောင်ဓားမြှောင်ကြောင့် ဖြတ်တောက်ခံလိုက်ရသည့် လက်ကို ပြန်လည်ရရှိရန် မဖြစ်နိုင်ခဲ့ပေ။
မိုရှောင်ထျန်း၏ စိတ်နှလုံးထဲတွင် ကြောက်စိတ်များဖြင့် ပြည့်နှက်သွားခဲ့ပြီး ချက်ချင်းဆိုသလိုပင် အနက်ရောင် အလင်းတန်းတစ်ခု အဖြစ်သို့ ပြောင်းလဲကာ အဝေးရှိ ကောင်းကင်ယံ ဆီသို့ အလျင်အမြန်ပင် ပျံသန်းသွားခဲ့သည်။
လေထုထဲတွင် သူ၏ ထိတ်လန့်တကြား အော်ဟစ်သံ တစ်သံသာ ကျန်ရစ်ခဲ့၏။
“ကောင်လေး.. မင်းငါ့ကို စောင့်နေလိုက်.. ငါမိုရှောင်ထျန်း မင်းကို လုံးဝ အလွှတ်ပေးမှာ မဟုတ်ဘူး”
မိုရှောင်ထျန်း ထွက်ပြေးသွားသည်ကို မြင်လျှင် ဝူကျန့်ထျန်းသည် လိုက်လံဖမ်းဆီးရန် ပြင်လိုက်သော်လည်း ကျန်းချန်က ဟန့်တားလိုက်သည်။
“စီနီယာဝူ.. သူ့ကို လိုက်မဖမ်းပါနဲ့တော့”
မိုရှောင်ထျန်း၏ ခွန်အားသည် ဝူကျန့်ထျန်းထက် အနည်းငယ် နိမ့်ကျသော်လည်း ၎င်းကျင့်ကြံထားသည်မှာ အင်မော်တယ်ကောင်းကင်ကျင့်စဥ် ဖြစ်ပြီး သူ့လက်ထဲရှိ အနက်ရောင်ဓားမြှောင် တစ်လက်တည်းကသာ ထိုစွမ်းအားကို ထိန်းချုပ်နိုင်ခြင်း ဖြစ်သည်။
အကယ်၍ မိုရှောင်ထျန်းသာ အသည်းအသန် ထွက်ပြေးမည် ဆိုလျှင် ဝူကျန့်ထျန်း ပင်လျှင် တားဆီးရန် လွယ်လိမ့်မည်မဟုတ်ပေ။
ယခုအခါတွင် ဝူကျန့်ထျန်းသည် လျှို့ဝှက်နည်းစနစ်ကို အသုံးပြုထားသောကြောင့် မိုရှောင်ထျန်းကို လိုက်လံဖမ်းဆီးနေစဥ် အားနည်းသော အခြေအနေသို့ ရောက်ရှိသွားခဲ့လျှင် ယင်းသည် ပြဿနာ ဖြစ်လာပေလိမ့်မည် မဟုတ်ပါလော။
ဝူကျန့်ထျန်းက အနည်းငယ် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
“မိတ်ဆွေလေးကျန်းချန်.. ဒီနေ့ ဒီကောင့်ကို လွှတ်ပေးလိုက်ရင် အနာဂတ်မှာ ပြဿနာတွေ အဆုံးမရှိ ဖြစ်လာမှာကို ငါ စိုးရိမ်မိတယ်”
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
“စိတ်မပူပါနဲ့ စီနီယာဝူ.. ဒီနေ့ပြီးတာနဲ့ ဒီကောင် အဝေးမှာပဲ ပုန်းနေတော့မှာပါ.. အင်မော်တယ် ကျင့်ကြံခြင်းလောကက လူတွေနဲ့လည်း အတူ ရှိတော့မှာ မဟုတ်ပါဘူး”
အင်မော်တယ်ကောင်းကင် ကျင့်စဥ်၏ စွမ်းအားသည် တခြားသူများ အတွက်သာ အသုံးဝင်မည် ဖြစ်သည်။
သူ့တွင် အနက်ရောင်ဓားမြှောင် ရှိနေသရွေ့ မိုရှောင်ထျန်းသည် သူ၏ ရှေ့တွင် သာမန် ကပ်ဘေး အထွတ်အထိပ် အဆင့် ကျင့်ကြံသူ တစ်ယောက်နှင့် ဘာမှမခြားပေ။
အကယ်၍ မိုရှောင်ထျန်းသာ ပေါ်လာရဲသည် ဆိုလျှင် မိုရှောင်ထျန်းကို သတ်ပစ်ရန်မှာ သူ့အတွက် မခက်ခဲချေ။
အခန်း(၂၄၀၆)ပြီး၏။