အခန်း (၂၄၀၇-၂၄၀၈)
Vol. 181 Ch. 2407-2408
အခန်း(၂၄၀၇)
အင်မော်တယ်လောက၏ အင်မော်တယ် ကျင့်ကြံခြင်းလောကရှိ ဂိုဏ်းကြီးငါးဂိုဏ်း၏ နံပါတ်တစ် ဖြစ်သော ထိုက်ယီအင်မော်တယ်ဂိုဏ်းသည် အင်မော်တယ် ကျင့်ကြံခြင်းလောက၏ အလယ်ဗဟိုတွင် တည်ထောင်ထားသော ဂိုဏ်း ဖြစ်သည်။
ယခုအချိန်တွင် ထိုက်ယီအင်မော်တယ်ဂိုဏ်း၏ ပင်မခန်းမဆောင်ထဲတွင် ဂိုဏ်းချုပ် မုချင်းစန်းသည် အဓိကထိုင်ခုံတွင် ထိုင်နေခဲ့သည်။
သူ၏ ဘေးတစ်ဖက် တစ်ချက်စီတွင်မူ အင်မော်တယ်ဂိုဏ်းကြီး ငါးဂိုဏ်းမှ ကပ်ဘေးအဆင့် ကျင့်ကြံသူများ ရှိနေကြ၏။
ကပ်ဘေးအဆင့် ကျင့်ကြံသူ ခုနစ်ယောက်၊ရှစ်ယောက်ခန့်သည် ခန်းမဆောင်ထဲတွင် တိတ်ဆိတ်စွာ ထိုင်နေကြပြီး ခန်းမ၏ အငွေ့အသက်သည် အလွန်ပင် လေးနက်နေခဲ့သည်။
“အားလုံးပဲ.. မိုရှောင်ထျန်း အရေးနိမ့်ပြီး ထွက်ပြေးသွားပြီ ဆိုတဲ့ သတင်းကို အခုလေးတင် ရရှိခဲ့တယ်”
အချိန်မည်မျှ ကြာသွားသည်မသိပေ။
မုချင်းစန်းသည် အဆုံးသတ်တွင် ခန်းမထဲရှိ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်၏။
မုချင်းစန်း၏ စကားကိုကြားလျှင် ခန်းမထဲရှိ ကပ်ဘေးအဆင့်ကျင့်ကြံသူများ၏ မျက်နှာအမူအရာသည် ချက်ချင်းဆိုသလိုပင် အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။
“ဒါ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
မြူခိုးအင်မော်တယ်ဂိုဏ်း၏ ဘိုးဘေးထျန်းယွမ်က ထိတ်လန့်တကြားပြောလိုက်သည်။
“မိုရှောင်ထျန်းက မသေနိုင်တဲ့ ကျင့်စဥ်ကို တတ်မြောက်ထားတယ်.. ငါတို့ အင်မော်တယ် ကျင့်ကြံခြင်းလောက တစ်ခုလုံးရဲ့ အင်အားကို စုစည်းခဲ့တာတောင် သူ့ကို မသတ်နိုင်ဘဲ ပိတ်လှောင်ထားရုံပဲ တတ်နိုင်ခဲ့တယ်.. မိုရှောင်ထျန်းက ဘယ်လိုလုပ်ပြီး အလွယ်တကူ အရေးနိမ့်သွားရတာလဲ”
မိုရှောင်ထျန်းသည် ကျင့်ကြံခြင်းအဆင့်တွင် ကပ်ဘေး အထွတ်အထိပ် အဆင့်ထက် မနိမ့်ကျသလို သူ ကျင့်ကြံထားသည့် ကျင့်စဥ်သည်လည်း ကောင်းကင်ကို ဆန့်ကျင်နေပြီး သတ်၍ မသေနိုင်လောက်သည် အထိ အစွမ်းထက်သည်။
ဝူကျန့်ထျန်းက မည်မျှပင် သန်မာနေစေကာမူ မိုရှောင်ထျန်းကို အနိုင်ယူရန်မှာ ဘယ်လိုမှ မဖြစ်နိုင်ပေ။
ထို့ကြောင့်လည်း သူတို့သည် မိုရှောင်ထျန်းနှင့် သဘောတူညီချက် တစ်ခု ပြုလုပ်ခဲ့ပြီး မိုရှောင်ထျန်းကို လွှတ်ပေးခဲ့ခြင်းဖြစ်သည်။
ဆိုရလျှင် သူတို့သည် ဝူကျန့်ထျန်းကို ရှင်းပစ်ရန်အတွက် မိုရှောင်ထျန်းကို အသုံးချရန် ရည်ရွယ်ခဲ့ကြခြင်းပင်။
မိုရှောင်ထျန်းက ယခုလိုမျိုး အရေးနိမ့်သွားလိမ့်မည်ဟု သူတို့ လုံးဝ မမျှော်လင့်ထားခဲ့ကြပေ။
“ဝူကျန့်ထျန်းက ဘယ်လောက်ပဲ သန်မာနေပါစေ.. မိုရှောင်ထျန်းကို ဘယ်လိုမှ သတ်နိုင်မှာမဟုတ်ဘူး.. ငါ့အထင်တော့ မိုရှောင်ထျန်းက ငါတို့ အင်မော်တယ် ကျင့်ကြံခြင်းလောကကို သိုင်းပညာ ကျင့်ကြံခြင်းလောကရဲ့ လက်ထဲမှာ ပျက်စီးစေချင်တာကြောင့် တမင်တကာ အရှုံးပေးပြီး ထွက်ပြေးသွားတာ ဖြစ်မယ်”
မဟာသူရိန်အင်မော်တယ်ဂိုဏ်းမှ လဲ့ယန်ဘိုးဘေးက ဒေါသတကြီး ပြောလိုက်သည်။
“မိုရှောင်ထျန်းက ငါတို့ကို သစ္စာဖောက်ခဲ့တာ မဟုတ်ဘူး.. ငါ့ကို သတင်းပို့တဲ့သူက မိုရှောင်ထျန်းနဲ့ ဝူကျန့်ထျန်းတို့ရဲ့ တိုက်ပွဲကို မျက်မြင်တွေ့ခဲ့တဲ့လူပဲ.. မိုရှောင်ထျန်းက အမှန်တကယ် အရေးနိမ့်သွားခဲ့တာပါ”
မုချင်းစန်းက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။
“နတ်ဘုရားနယ်မြေရဲ့ပါရမီရှင်က ထာဝရသက်ရှည်တောင်တန်းကနေ ထွက်လာခဲ့ပြီ သူ့ရဲ့ လက်ထဲမှာ မိုရှောင်ထျန်းကို ထိန်းချုပ်နိုင်တဲ့ ရတနာတစ်ခု ရှိနေပုံရတယ်”
မုချင်းစန်း၏ စကားကိုကြားလျှင် ခန်းမထဲရှိ လူတိုင်း၏ အမူအရာသည် နောက်ထပ် တစ်ကြိမ် ပြောင်းလဲသွားခဲ့သည်။
ယခု မိုရှောင်ထျန်းက ဆုတ်ခွာသွားပြီ ဖြစ်ရာ သူတို့အနေဖြင့် ဝူကျန့်ထျန်းနှင့် သိုင်းပညာ ကျင့်ကြံခြင်းလောကကို မည်ကဲ့သို့ တားဆီးရပါမည်နည်း။
“အားလုံးပဲ အခြေအနေက ဒီအထိ ရောက်လာပြီ ဆိုမှတော့ ငါတို့ အင်မော်တယ် ကျင့်ကြံခြင်းလောက အနေနဲ့ နောက်ဆုတ်စရာလမ်း မရှိတော့ဘူး.. အင်မော်တယ် ကျင့်ကြံခြင်းလောကထဲမှာ ရှိတဲ့ အဓိကဂိုဏ်းကြီးတွေရဲ့ အင်အားတွေကို ထိုက်ယီအင်မော်တယ်ဂိုဏ်းမှာ အမြန်ဆုံး စုစည်းမှ ဖြစ်တော့မယ်.. ငါဝူကျန့်ထျန်းဆီ စစ်ကြေညာစာ တစ်စောင် ပေးပို့ပြီး သိုင်းပညာ ကျင့်ကြံခြင်းလောကနဲ့ သူသေကိုယ်သေ တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်လိုက်ပြီ”
လူတိုင်းက တိတ်ဆိတ်နေသည်ကို မြင်လျှင် မုချင်းစန်းသည် သူ၏ ဆန္ဒကို ထုတ်ပြောလိုက်သည်။
“ကောင်းပြီ.. ငါတို့တွေ သူသေကိုယ်သေ တိုက်ပွဲဝင်ကြတာပေါ့ အရင်တုန်းကလည်း ငါတို့ရဲ့ဘိုးဘေးတွေက သိုင်းပညာကျင့်ကြံခြင်း လောကထက် အဆပေါင်းများစွာ အားနည်းခဲ့ပေမဲ့ သိုင်းပညာ ကျင့်ကြံခြင်းလောကကို တဖြည်းဖြည်း ဖိနှိပ်နိုင်ခဲ့တယ်.. ငါတို့တွေလည်း အင်အားတွေ အားလုံး စုပေါင်းလိုက်မယ် ဆိုရင် သိုင်းပညာ ကျင့်ကြံခြင်းလောကကို အနိုင်မယူနိုင်ဘူးလို့ မပြောနိုင်ဘူး”
ထျန်းကန်း အင်မော်တယ်ဂိုဏ်းမှ ဘိုးဘေးက သိုင်းပညာ ကျင့်ကြံခြင်း လောကနှင့် စစ်ပွဲ ဆင်နွှဲလိုသော စိတ်ဆန္ဒအပြည့်ဖြင့် ပြောလိုက်သည်။
ထိုစကားကို ကြားပြီးနောက်တွင် ကျန်ရှိသည့် ကပ်ဘေးအဆင့် ကျင့်ကြံသူများကလည်း သူတို့၏ ဆန္ဒများကို ဖော်ပြခဲ့ကြသည်။
အင်မော်တယ် ကျင့်ကြံခြင်းလောကနှင့် သိုင်းပညာ ကျင့်ကြံခြင်းလောကတို့ ကြားတွင် ပြန်လည်သင့်မြတ်ဖို့ ဆိုသည်မှာ ဘယ်လိုမှ မဖြစ်နိုင်တော့ပေ။
ဤတစ်ခေါက်တွင် သူတို့ အင်မော်တယ် ကျင့်ကြံခြင်းလောကသည် ကြီးမားစွာ ထိခိုက်ခဲ့ရ၍ ဝူကျန့်ထျန်းသည် အင်မော်တယ် ကျင့်ကြံခြင်းလောကကို ဖျက်ဆီးပစ်နိုင်မည့်အခွင့်အရေးကို လွယ်လွယ်နှင့် လက်လွှတ်ခံလိမ့်မည် မဟုတ်ချေ။
သို့ဖြစ်ရာ သူတို့အနေဖြင့် သူသေကိုယ်သေ တိုက်ပွဲဝင်ဖို့က လွဲပြီး တခြား ရွေးချယ်စရာ မရှိတော့ပေ။
အင်မော်တယ်ဂိုဏ်းကြီး ငါးဂိုဏ်း၏ အမိန့်ထုတ်ပြန်မှုအောက်တွင် အင်မော်တယ် ကျင့်ကြံခြင်းလောကမှ ဂိုဏ်းအားလုံးသည် သူတို့၏ အမာခံ အင်အားစုများနှင့်အတူ ထိုက်ယီအင်မော်တယ်ဂိုဏ်းဆီ ရောက်ရှိလာခဲ့ကြ၏။
ရက်အနည်းငယ် အတွင်းမှာပင် အင်မော်တယ် ကျင့်ကြံခြင်းလောကထဲမှ ကျင့်ကြံသူ ထက်ဝက်နီးပါးသည် ထိုက်ယီအင်မော်တယ်ဂိုဏ်းတွင် စုစည်းမိသွားကြပြီး ထိုက်ယီအင်မော်တယ်ဂိုဏ်း တစ်ခုလုံးသည် အင်မော်တယ် ကျင့်ကြံသူများနှင့် ပြည့်နှက်သွားခဲ့သည်။
“မြောက်ပိုင်းဒေသရဲ့ သိုင်းပညာကျင့်ကြံခြင်းလောကက တကယ်ပဲ လာတိုက်တော့မှာလား”
“ဟုတ်တယ်.. အင်မော်တယ်ဂိုဏ်းကြီးငါးဂိုဏ်းက သိုင်းပညာကျင့်ကြံခြင်း လောကဆီ စစ်ကြေညာစာ ပေးပို့ထားပြီးပြီလို့ ပြောကြတယ်.. ထိုက်ယီအင်မော်တယ်ဂိုဏ်းမှာ သိုင်းပညာကျင့်ကြံခြင်းလောကနဲ့ အင်မော်တယ် ကျင့်ကြံခြင်းလောကတို့က သူသေကိုယ်သေ တိုက်ပွဲဝင်ဖို့ ပြင်ဆင်နေကြပြီ"
"ငါတို့ အင်မော်တယ် ကျင့်ကြံခြင်းလောကက သိုင်းပညာ ကျင့်ကြံခြင်း လောကကို ဒီလောက် နှစ်တွေ အကြာကြီး ဖိနှိပ်ထားတာတောင် သိုင်းပညာ ကျင့်ကြံခြင်း လောကက ပြန်ပြီး ဖိနှိပ်လာနိုင်လိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး.. တကယ်လို့ ဒီတိုက်ပွဲမှာ ရှုံးနိမ့်သွားမယ်ဆိုရင် ငါတို့ အင်မော်တယ် ကျင့်ကြံခြင်းလောကက လုံးဝကို အဆုံးသတ်သွားတော့မှာပဲ”
“..........”
အင်မော်တယ် ကျင့်ကြံခြင်းလောကထဲမှ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် စိုးရိမ် ပူပန်နေခဲ့ကြသည်။
ယနေ့ခေတ် သူတို့ အင်မော်တယ် ကျင့်ကြံခြင်းလောက၏ ဂိုဏ်းကြီး ငါးဂိုဏ်းထဲရှိ ကပ်ဘေးအဆင့်ရှိ ကျင့်ကြံသူ အများအပြား ကျဆုံးသွားပြီ ဖြစ်သလို အင်မော်တယ် ကျင့်ကြံခြင်းလောက၏ နံပါတ်တစ် ကျင့်ကြံသူဖြစ်သည့် ထိုက်ချင်းဘိုးဘေးပင်လျှင် ခန္ဓာကိုယ် ပျက်စီးသွားပြီဟု ပြောနေကြ၏။
သူတို့ကို အကြီးအကျယ် ခြိမ်းခြောက်လာသည့် မြောက်ပိုင်းဒေသ၏ သိုင်းပညာ ကျင့်ကြံခြင်းလောကကို သူတို့ အမှန်တကယ် ခုခံနိုင်ပါမည်လော။
“စိတ်မပူပါနဲ့.. အင်မော်တယ်ဂိုဏ်းကြီး ငါးဂိုဏ်းရဲ့ နောက်ခံကို မင်းတို့တွေ စိတ်ကူး ကြည့်ဖူးလား.. အထူးသဖြင့် ထိုက်ယီအင်မော်တယ်ဂိုဏ်းက အင်မော်တယ် ကျင့်ကြံခြင်းလောကကို ရှေ့ဆောင် လမ်းပြခဲ့တဲ့ ဂိုဏ်းတွေထဲက တစ်ဂိုဏ်းပဲ"
"ထိုက်ယီအင်မော်တယ်ဂိုဏ်းက အမြဲတစေ အင်မော်တယ်ဂိုဏ်းကြီးတွေရဲ့ အထွတ်အထိပ်မှာ ရှိနေနိုင်တာက အပေါ်ယံမြင်နေရသလောက် မရိုးရှင်းဘူး.. ထိုက်ယီအင်မော်တယ်ဂိုဏ်းမှာ မဟာယာနအဆင့် ဘိုးဘေး ရှိနေသေးတယ်လို့ သတင်းတွေထွက်နေတယ် ဝူကျန့်ထျန်း လာရင်တောင်မှ သေရမှာ အသေအချာပဲ”
ကျင့်ကြံသူ တစ်ယောက်က လေးနက်စွာ ပြောလိုက်သည်။
သို့သော်လည်း ထိုကျင့်ကြံသူ၏ စကားသည် လူတိုင်း၏ စိုးရိမ်ပူပန်မှုကို နည်းနည်းလေးမှ လျော့ပါးမသွားစေခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် ထိုက်ယီအင်မော်တယ်ဂိုဏ်းတွင် မဟာယာနအဆင့် ဘိုးဘေး ရှိနေသည် ဆိုသည်မှာ ကောလာဟလ တစ်ခုသာ ဖြစ်နေ၍ပင်။
စင်စစ် အင်မော်တယ်တိုက် ပေါ်ရှိ အင်မော်တယ် ကျင့်ကြံခြင်းလောက စတင်ကတည်းကပင် ယခုအချိန်အထိ မဟာယာနအဆင့် ကျင့်ကြံသူ တစ်ဦးတစ်ယောက်မှ မပေါ်ထွန်းခဲ့ဖူးပေ။
အကယ်၍သာ ထိုက်ယီအင်မော်တယ်ဂိုဏ်းတွင် အမှန်တကယ် မဟာယနအဆင့် ဘိုးဘေးတစ်ယောက်သာ ရှိနေခဲ့မည် ဆိုလျှင် အင်မော်တယ် ကျင့်ကြံခြင်းလောကသည် မြောက်ပိုင်းဒေသရှိ သိုင်းပညာ ကျင့်ကြံခြင်းလောကို ဖျက်ဆီးပြီး အင်မော်တယ်တိုက်ကို သိမ်းပိုက်ထားပြီးလောက်ပြီ မဟုတ်ပါလော။
ထိုအဆင့်ပုဂ္ဂိုလ်သာ ရှိလျှင် သိုင်းပညာ ကျင့်ကြံခြင်းလောကသည် ယခုအချိန်အထိ အဘယ်ကဲ့သို့ ရှိနေနိုင်ပါမည်နည်း။
သို့သော်လည်း မည်သို့ပင် ဖြစ်စေကာမူ သူတို့ အင်မော်တယ် ကျင့်ကြံခြင်းလောကနှင့် သိုင်းပညာ ကျင့်ကြံခြင်းလောကတို့ ကြားမှ တိုက်ပွဲသည် အဆုံးသတ်တွင် ရှောင်လွဲ၍ မရတော့ပေ။
အင်မော်တယ်ဂိုဏ်းကြီး ငါးဂိုဏ်းက အင်မော်တယ် ကျင့်ကြံခြင်းလောကမှဂိုဏ်းများကို ထိုက်ယီအင်မော်တယ်ဂိုဏ်းတွင် စုစည်းနေစဥ်မှာပင် ထိုက်ယီအင်မော်တယ်ဂိုဏ်းမှ တပည့်တစ်ယောက်သည် ထုံရှန်းတောင်ကြား၏ အပြင်ဘက်ကို ရောက်ရှိလာခဲ့သည်။
သူက ထုံရှန်းတောင်ကြား၏ အဝင်ဝကို လှမ်းကြည့်လိုက်ပြီး တိုက်ရိုက်ပင် အော်ဟစ်လိုက်သည်။
“ထိုက်ယီအင်မော်တယ်ဂိုဏ်းက ဂိုဏ်းချုပ်ရဲ့အမိန့်အရ နတ်ဘုရင်ဝူကို လာရောက် တွေ့ဆုံတာပါ”
ထိုက်ယီအင်မော်တယ်ဂိုဏ်းမှ တပည့်၏ စကားအဆုံးသတ်သည်နှင့် တစ်ပြိုင်နက် ဝူကျန့်ထျန်း၏ ပုံရိပ်သည် လေထုထဲတွင် ပေါ်လာခဲ့သည်။
သူက ထိုက်ယီအင်မော်တယ်ဂိုဏ်းမှ တပည့်ကို စူးစိုက်၍ ကြည့်ကာ မေးလိုက်၏။
“ပြောစမ်း.. မုချင်းစန်းက မင်းကို ငါ့ဆီ ဘာကိစ္စ လွှတ်လိုက်တာလဲ”
“ဂိုဏ်းချုပ်ရဲ့အမိန့်အရ နတ်ဘုရင်ဝူဆီ စစ်ကြေညာစာ လာပို့တာပါ”
ထိုက်ယီအင်မော်တယ်ဂိုဏ်းမှ တပည့်က သူ၏ လက်ချောင်းများကို လှုပ်ရှားလိုက်ရာ ကျောက်စိမ်းပြား တစ်ခုသည် ဝူကျန့်ထျန်း ဆီသို့ ပျံသန်းသွားခဲ့သည်။
ဝူကျန့်ထျန်းက ကျောက်စိမ်းပြားကို ဖမ်းယူလိုက်ပြီးနောက်တွင် ကျောက်စိမ်းပြား ထဲမှ သတင်း အချက်အလက်များကို ခံစားရန် မျက်လုံးများကို မှိတ်လိုက်ပြီး သိပ်မကြာခင်မှာပင် ပြန်ဖွင့်လိုက်သည်။
“မင်းတို့ရဲ့ ဂိုဏ်းချုပ်မုချင်းစန်းက တော်တော် သတ္တိကောင်းတာပဲ.. မင်းတို့ အင်မော်တယ် ကျင့်ကြံခြင်းလောကကို ဖျက်ဆီးဖို့ အချိန်အများကြီး ယူရလိမ့်မယ်လို့ ငါအရင်က ထင်ထားခဲ့တယ်.. အခု မင်းတို့ရဲ့ ဂိုဏ်းချုပ်က ငါ့ကို သူသေကိုယ်သေ တိုက်ပွဲဝင်ဖို့ ဖိတ်ခေါ်လိုက်တာ ဆိုတော့ ငါ့အတွက် ပြဿနာအများကြီး သက်သာစေတာပေါ့”
ဝူကျန့်ထျန်းက ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
“သုံးရက်အတွင်း ငါထိုက်ယီအင်မော်တယ်ဂိုဏ်းဆီ လာပြီး မင်းတို့ အင်မော်တယ် ကျင့်ကြံခြင်းလောကကို အမြစ်ပြတ် ချေမှုန်းပစ်မယ်လို့ မုချင်းစန်းကို ပြောလိုက်ပါ”
သိုင်းပညာ ကျင့်ကြံခြင်းလောကသည် အင်မော်တယ် ကျင့်ကြံခြင်းလောက၏ ဖိနှိပ်ခြင်းကို ခံခဲ့ရပြီး နှစ်ပေါင်းများစွာကြာမြင့်သည် အထိ ခေါင်းမဖော်နိုင်ခဲ့ပေ။
ယခုအခါတွင် အင်မော်တယ် ကျင့်ကြံခြင်းလောကသည် အကြီးအကျယ် ထိခိုက်နေပြီ ဖြစ်ရာ ယင်းသည် သိုင်းပညာကျင့်ကြံခြင်း လောက အတွက် တကယ့်ကို ကောင်းမွန်သော အခွင့်အရေး တစ်ခုပင်။
ထိုက်ယီအင်မော်တယ်ဂိုဏ်းက အင်မော်တယ် ကျင့်ကြံခြင်းလောကမှာ အင်အားများကို စုစည်းပြီး သူတို့နှင့် သူသေကိုယ်သေ တိုက်ပွဲဝင်ချင်နေသည် ဖြစ်ရာ ဝူကျန့်ထျန်းသည် မည်ကဲ့သို့ ငြင်းပယ်နိုင်ပါမည်နည်း။
“ဒါဆိုရင် နောက်သုံးရက်အကြာမှာ နတ်ဘုရင်ဝူ ရောက်လာမှာကို ထိုက်ယီအင်မော်တယ်ဂိုဏ်းက စောင့်မျှော်နေပါမယ်”
ထိုက်ယီအင်မော်တယ်ဂိုဏ်းမှ တပည့်က အေးစက်စက် ပြောလိုက်ပြီးနောက်တွင် အစိမ်းရောင် အလင်းတန်းတစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့ကာ ကောင်းကင်ယံ ထဲသို့ တိုးဝင်၍ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။
အခန်း(၂၄၀၇)ပြီး၏။
အခန်း(၂၄၀၈)
“စီနီယာဝူ.. အင်မော်တယ် ကျင့်ကြံခြင်းလောကနဲ့ သူသေကိုယ်သေ တိုက်ပွဲဝင်ဖို့ အတွက် ထိုက်ယီအင်မော်တယ်ဂိုဏ်းကို သွားမှာလား”
ထိုက်ယီအင်မော်တယ်ဂိုဏ်းမှ တပည့် ထွက်ခွာပြီး မကြာမီမှာပင် ကျန်းချန်၏ ပုံရိပ်သည် ဝူကျန့်ထျန်း၏ နံဘေးတွင် တစ္ဆေတစ်ကောင်နှယ် ရိပ်ခနဲ ပေါ်လာခဲ့သည်။
အင်မော်တယ် ကျင့်ကြံခြင်းလောကသည် မြောက်ပိုင်းဒေသတွင် တစ်ဆင့်ချင်း ကြီးထွားလာနိုင်ခဲ့ခြင်း ဖြစ်ပြီး သိုင်းပညာကျင့်ကြံခြင်းလောကကို ဤမျှ နှစ်ရှည်လများ ဖိနှိပ်ထားနိုင်ခဲ့ခြင်းမှာ သဘာဝကျစွာပင် အလွန်တရာ ခက်ခဲ၏။
ဤတစ်ကြိမ်တွင် အင်မော်တယ် ကျင့်ကြံခြင်းလောကသည် အပြင်းအထန် ထိခိုက်ခဲ့သော်လည်း ပိန်နေသော ကုလားအုပ်သည် မြင်းထက် ကြီးမားနေဆဲပင်။
ထိုက်ယီအင်မော်တယ်ဂိုဏ်းသည် အင်မော်တယ်လောက၏ အင်အားများကို စုစည်းပြီး ဝူကျန့်ထျန်းကို သူသေကိုယ်သေ တိုက်ပွဲဝင်ရန် ဖိတ်ခေါ်ရဲသည်ဆိုလျှင် ၎င်းထံ၌ အားကိုးစရာတစ်ခုခု ရှိရပေမည်။
ယခုအချိန်တွင် အကောင်းဆုံး နည်းလမ်းမှာ အင်မော်တယ် ကျင့်ကြံခြင်းလောက၏ အင်အားကို တစ်ဆင့်ချင်းစီ တိုက်စားသွားရန်သာ ဖြစ်၏။
ဆိုရလျှင် ထိုက်ယီအင်မော်တယ်ဂိုဏ်းသို့ တိုက်ရိုက်သွားရောက်ပြီး အင်မော်တယ် ကျင့်ကြံခြင်းလောကနှင့် သူသေကိုယ်သေ တိုက်ပွဲဝင်ခြင်းသည် တကယ်တမ်းတွင် ဥာဏ်ရှိသော ရွေးချယ်မှုမဟုတ်ပေ။
“မိတ်ဆွေလေးကျန်းချန်.. အင်မော်တယ် ကျင့်ကြံခြင်းလောကကို တစ်ဆင့်ချင်း ဝါးမျိုသွားတာက ပိုပြီး ဘေးကင်းပေမဲ့ ညတာရှည်ရင် အိပ်မက်ဆိုးတွေ မက်တတ်တယ်.. ပြီးခဲ့တဲ့ တစ်ခေါက်ကလည်း အင်မော်တယ် ကျင့်ကြံခြင်းလောကဘက်ကနေ မိုရှောင်ထျန်း ထွက်လာခဲ့တယ်.. သူတို့ကို နောက်ထပ် အချိန်ပေးလိုက်ရင် သူတို့ နောက်ထပ် ဘာတွေလုပ်နိုင်ဦးမလဲ ဆိုတာ ဘယ်သူ သိနိုင်မှာလဲ”
ဝူကျန့်ထျန်း၏ မျက်ဝန်းများက လင်းလက်သွားခဲ့ပြီး လေးနက်သောလေသံဖြင့် ပြောလိုက်သည်။
“ဒါကြောင့် ငါက သူတို့ကို တစ်ချီတည်းနဲ့ အမြစ်ပြတ်သုတ်သင်ဖို့ ဆုံးဖြတ်လိုက်ပြီ.. အင်မော်တယ်ကျင့်ကြံခြင်းလောကကို အသက်ရှူပေါက် လုံးဝပေးလို့ မဖြစ်တော့ဘူး”
ကျန်းချန်က အနည်းငယ် စဥ်းစားလိုက်၏။
“ကောင်းပြီလေ.. ဒါဆိုလည်း နောက်သုံးရက်နေရင် ကျွန်တော် စီနီယာဝူနဲ့ အတူ ထိုက်ယီအင်မော်တယ်ဂိုဏ်းဆီ လိုက်ခဲ့မယ်”
သူနှင့်ဝူကျန့်ထျန်းတို့၏ ခွန်အားဖြင့်ဆိုလျှင် အင်မော်တယ် ကျင့်ကြံခြင်း လောကသည် သူတို့ကို ခြိမ်းခြောက်ရန် ခက်ခဲသည်။
ထိုက်ယီအင်မော်တယ်ဂိုဏ်းတွင် အမှန်တကယ် ဝှက်ဖဲတစ်ခုခုရှိနေခဲ့၍ သူတို့ နှစ်ယောက် အနိုင် မတိုက်နိုင်ခဲ့လျှင်ပင် ကိုယ်လွတ်ရုန်းပြီး ဆုတ်ခွာရန်မှာ ပြဿနာသိပ်မရှိနိုင်ပေ။
ထို့အပြင် ကျန်းချန်သည် မြောက်ပိုင်းဒေသ၏ ကိစ္စရပ်များကို အမြန်ဆုံး အဆုံးသတ်ချင်ခဲ့၏။
သို့မှသာ သူက နတ်ဘုရင်နဝမအဆင့် ဝူကျန့်ထျန်းကို နတ်ကုန်းမြေတိုက်သို့ ခေါ်သွားပြီး ဟင်းလင်းပြင် နတ်ဆိုး မျိုးနွယ်စုကို တိုက်ခိုက်နိုင်လိမ့်မည် မဟုတ်ပါလား။
ဝူကျန့်ထျန်းနှင့် လနတ်နန်းတော်၏ အကူအညီတို့ ပေါင်းစပ်လိုက်လျှင် ကျန်းချန်သည် နတ်ကုန်းမြေတိုက်ကို ကျူးကျော်နေသည့် ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုကို လုံးဝ ချေမှုန်းပစ်နိုင်မည်ဟု အကြွင်းမဲ့ ယုံကြည်ချက် ရှိနေခဲ့သည်။
အချိန်က လျင်မြန်စွာ စီးဆင်းသွားခဲ့ပြီး သုံးရက် ဟူသော အချိန်ကာလသည် မျက်တောင်တစ်ခတ် အတွင်း ကုန်ဆုံးသွားခဲ့သည်။
ယနေ့တွင် ကျန်းချန်နှင့် ဝူကျန့်ထျန်း တို့သည် ထိုက်ယီအင်မော်တယ်ဂိုဏ်း၏ တံခါးဝဆီသို့ တိုက်ရိုက်ပင် ရောက်ရှိလာ၏။
ဤတစ်ကြိမ် ထိုက်ယီအင်မော်တယ်ဂိုဏ်းသို့ လာရာတွင် ကျန်းချန်တို့ သိုင်းပညာ ကျင့်ကြံခြင်းလောကမှ တခြား မည်သူ့ကိုမှ ခေါ်မလာခဲ့ကြပေ။
အင်မော်တယ် ကျင့်ကြံခြင်းလောကတွင် အစွမ်းထက်ဝှက်ဖဲ မရှိလျှင် သူတို့နှစ်ယောက်၏ ခွန်အားဖြင့် အင်မော်တယ်ကျင့်ကြံခြင်းလောကကို ချေမှုန်းရန်မှာ လုံလောက်သည်ထက်ပင် ပိုနေပြီ မဟုတ်ပါလော။
အကယ်၍ အင်မော်တယ် ကျင့်ကြံခြင်းလောကတွင် အမှန်တကယ် ဝှက်ဖဲတစ်ခုခု ရှိနေခဲ့လျှင်လည်း သူတို့နှစ်ယောက်တည်း ဖြစ်နေခြင်းသည် ဆုတ်ခွာရန်အတွက် ပို၍ လွယ်ကူစေပေလိမ့်မည်။
“ဒါက ထိုက်ယီအင်မော်တယ်ဂိုဏ်လား.. တကယ်ကို သာမန်မဟုတ်ဘူးပဲ”
ကျန်းချန်က လေထုထဲတွင် ဝင့်ကြွားစွာ ရပ်နေပြီး သူ့ရှေ့ရှိ ထိုက်ယီအင်မော်တယ်ဂိုဏ်းကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။
ဝူကျန့်ထျန်းက ခေါင်းညိတ်လိုက်သည်။
“ထိုက်ယီအင်မော်တယ်ဂိုဏ်းက အင်မော်တယ် ကျင့်ကြံခြင်းလောကကို စတင် တည်ထောင်ခဲ့တဲ့ ဂိုဏ်းတစ်ဂိုဏ်း ဖြစ်တဲ့အပြင် အင်မော်တယ် ကျင့်ကြံခြင်းလောကရဲ့ အဓိက ထောက်တိုင်ပဲ.. သူတို့ကို ရင်ဆိုင်ဖို့က ခက်ခဲမယ်ဆိုတာ တွေးနေစရာတောင် မလိုဘူး”
ကျန်းချန်၏ မျက်ဝန်းများက လင်းလက်သွားသော်လည်း ဘာစကားမျှ မပြောခဲ့ပေ။
ထိုခဏတွင် ကျန်းချန်သည် ထိုက်ယီအင်မော်တယ်ဂိုဏ်း၏ နက်ရှိုင်းသော နေရာဆီကနေ ခပ်ရေးရေး အရှိန်အဝါတစ်ခုကို မရေမရာ ခံစားမိလိုက်သည်။
ဤအရှိန်အဝါသည် အလွန်တရာပင် ထူးခြားလှ၏။
ကျန်းချန်သည် ထာဝရသက်ရှည်တောင်ရှိ ကျိထျန်းမိုင်နှင့် ရွမ်ရှောင်တို့ ထံမှသာ ထိုကဲ့သို့ အရှိန်အဝါမျိုး ခံစားရဖူးသည်။
တစ်နည်းအားဖြင့် ပြောရလျှင် ထိုက်ယီအင်မော်တယ်ဂိုဏ်းမှ နက်ရှိုင်းသော အရှိန်အဝါသည် မဟာယာနအဆင့် ကျင့်ကြံသူတစ်ဦး၏ အရှိန်အဝါဖြစ်နိုင်ခြေ အလွန်များသည်။
သို့သော်လည်း ရှေးခေတ်ကာလက မဟာကပ်ဘေးကြီး ပြီးကတည်းကပင် ကောင်းကင်လမ်းစဥ်သည် ထိခိုက်ဒဏ်ရာရခဲ့ပြီး ဤစကြဝဠာတွင် အုပ်စိုးသူအဆင့် ကျင့်ကြံသူတစ်ဦး မွေးဖွားရန် အလွန်တရာ ခက်ခဲခဲ့သည်။
မဟာယာနအဆင့် ကျင့်ကြံသူများသည် အုပ်စိုးသူအဆင့်နှင့် အဆင့်အတန်း တူညီကြရာ ထိုအဆင့်သို့ ရောက်ရှိရန်မှာ သိသိသာသာပင် ခက်ခဲမည် ဖြစ်၏။
ကျန်းချန် သိသလောက်ဆိုလျှင် အင်မော်တယ် ကျင့်ကြံခြင်းလောကကို စတင် တည်ထောင်ကတည်းကပင် မဟာယာနအဆင့် ကျင့်ကြံသူ တစ်ဦးမှ မပေါ်ထွက်ဖူးခဲ့ပေ။
သို့ဖြစ်ရာ ထိုက်ယီအင်မော်တယ်ဂိုဏ်းတွင် မဟာယာနအဆင့် ကျင့်ကြံသူ မည်ကဲ့သို့ ရှိနိုင်ပါမည်နည်း။
အကယ်၍သာ ထိုက်ယီအင်မော်တယ်ဂိုဏ်းတွင် မဟာယာနအဆင့် ကျင့်ကြံသူ ရှိနေခဲ့လျှင် မြောက်ပိုင်းဒေသသည် အင်မော်တယ် ကျင့်ကြံသူများ၏ လက်အောက်သို့ အချိန်ကြာမြင့်စွာကတည်းက ရောက်ရှိသွားပေလောက်ပြီ မဟုတ်ပါလော။
မြောက်ဘက်ဒေသရှိ သိုင်းပညာ ကျင့်ကြံခြင်းလောကသည်လည်း ယခုအချိန်အထိ မည်ကဲ့သို့ ဆက်လက် တည်ရှိနေနိုင်ပါအံ့နည်း။
သို့သော်လည်း ထိုက်ယီအင်မော်တယ်ဂိုဏ်းတွင် မဟာယာနအဆင့် ကျင့်ကြံသူ ရှိနေမည်ဟု ကျန်းချန် မယုံကြည်သည့်တိုင် စိတ်နှလုံးထဲတွင်မူ သတိမပြတ်ထားရမည်ဟု ဆုံးဖြတ်လိုက်သည်။
ထိုအရှိန်အဝါသည် မဟာယာနအဆင့် ကျင့်ကြံသူ၏ အရှိန်အဝါ မဟုတ်ခဲ့လျှင်ပင် မဟာယာနအဆင့် ကျင့်ကြံသူနှင့် ယှဥ်နိုင်သော တစ်စုံတရာ ဖြစ်နိုင်ပေသည်။
“မုချင်းစန်း.. မင်း ငါ့ကို သူသေကိုယ်သေ တိုက်ပွဲဝင်ဖို့ ဖိတ်ခေါ်ခဲ့တယ် မဟုတ်လား.. အခု ငါရောက်လာပြီ.. မင်း ဘာလို့ ထွက်မလာသေးတာလဲ”
ကျန်းချန် အတွေးနက်နေစဥ်မှာပင် ဝူကျန့်ထျန်းသည် ထိုက်ယီအင်မော်တယ်ဂိုဏ်းကို စူးရှစွာ ကြည့်လိုက်သည်။
သူ၏ ခန့်ညားသောအသံသည် ကောင်းကင်နှင့်မြေကြီး ကြားတွင် ချက်ချင်းဆိုသလို ပဲ့တင်ထပ်သွားခဲ့၏။
ဝူကျန့်ထျန်း၏ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော စကားသံသည် ဒြပ်ရှိသောအသံလှိုင်း တစ်ခု ကဲ့သို့ ထိုက်ယီအင်မော်တယ်ဂိုဏ်း၏ အထက်တွင် လှိုင်းဂယက် ထသွားခဲ့ပြီး ထိုက်ယီအင်မော်တယ်ဂိုဏ်း၏ ကာကွယ်ရေး အစီအရင်ကို သွားရောက် ရိုက်ခတ်ခဲ့သည်။
ဂိုဏ်း၏ ကာကွယ်ရေး အစီအရင်သည် အသံလှိုင်း၏ စွမ်းအား အများစုကို အစီအရင်၏ အပြင်ဘက်တွင် တားဆီးထားသော်လည်း လက်ကျန် စွမ်းအားများသည် အားနည်းသော ကျင့်ကြံသူ အများအပြားကို ခေါင်းမူးသွားစေခဲ့ပြီး မေ့လဲလုနီးပါးပင် ဖြစ်သွားစေခဲ့သည်။
ထိုအခိုက်တွင် ထိုက်ယီအင်မော်တယ်ဂိုဏ်းရှိ မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ အကြည့်သည် လေထုဆီသို့ စုပြုံ၍ ကျရောက်သွားခဲ့ကြသည်။
“ဝူကျန့်ထျန်း မင်းတကယ် လာရဲလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး.. ရောက်လာမှတော့ ငါတို့ ထိုက်ယီအင်မော်တယ်ဂိုဏ်းဆီ ဝင်ခဲ့ပါဦး”
မုချင်းစန်းက လေထုထဲရှိ ကျန်းချန်တို့ နှစ်ယောက်ကို စိုက်ကြည့်ကာ ပြောလိုက်သည်။
သူက ချက်ချင်းဆိုသလို လက်တစ်ဖက်ကို မြှောက်၍ ဝှေ့ယမ်းလိုက်ရာ ထိုက်ယီအင်မော်တယ်ဂိုဏ်း၏ ဂိုဏ်းကာကွယ်ရေးအစီအရင်တွင် မီတာအနည်းငယ် အရွယ်အစားရှိ အက်ကွဲကြောင်း တစ်ခု ပေါ်လာခဲ့၏။
ဝူကျန့်ထျန်းက အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်း မရှိဘဲ ထိုအက်ကွဲကြောင်းမှ တစ်ဆင့် ထိုက်ယီအင်မော်တယ်ဂိုဏ်း၏ ကြီးမားသော ရင်ပြင်ဆီသို့ တိုက်ရိုက်ပင် ဆင်းသက်လိုက်သည်။
ကြီးမားသော ရင်ပြင်ပေါ်တွင် အင်မော်တယ် ကျင့်ကြံသူရာပေါင်းများစွာ စုဝေးနေခဲ့ကြ၏။
ရှေ့ဆုံးတွင် ရှိနေသူ အနည်းငယ်မှာ မုချင်းစန်း ခေါင်းဆောင်သည့် ကပ်ဘေးအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။
ယခုအခါတွင် အင်မော်တယ်ဂိုဏ်းကြီး ငါးဂိုဏ်းမှ လက်ကျန်ကပ်ဘေးအဆင့် ကျင့်ကြံသူများသာမက လမ်းစဥ်ပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူများ၏ ကိုးဆယ်ရာခိုင်နှုန်းကျော်သည် ဤနေရာတွင် စုရုံးနေကြ၏။
ဤတစ်ကြိမ်တွင် အင်မော်တယ် ကျင့်ကြံခြင်းလောကသည် သူတို့နှင့် သူသေကိုယ်သေ တိုက်ပွဲဝင်ရန် အမှန်တကယ် ရည်ရွယ်ထားသည်မှာ ထင်ရှားနေခဲ့သည်။
“ဝူကျန့်ထျန်း.. မင်းတကယ် လာရဲလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး”
ထိုက်ယီအင်မော်တယ်ဂိုဏ်းမှ အကြီးအကဲ တစ်ဦးက ဝူကျန့်ထျန်းနှင့် ကျန်းချန် တို့ကို ကြည့်ကာ လှောင်ပြုံး ပြုံး၍ ပြောလိုက်သည်။
ဝူကျန့်ထျန်းက ထိုက်ယီအင်မော်တယ်ဂိုဏ်းမှ အကြီးအကဲကို စူးရှစွာ စိုက်ကြည့်လိုက်ပြီး နှာခေါင်းရှုံ့ကာ အေးစက်စက်ပြောလိုက်၏။
“မင်းလို လမ်းစဥ်ပေါင်းစည်းခြင်းအဆင့် ပုရွက်ဆိတ်တစ်ကောင်က ငါနဲ့စကားပြောဖို့ ဘာအရည်အချင်းတွေ ရှိနေလို့လဲ”
ဝူကျန့်ထျန်း၏ အေးစက်စက် စကားသံကနေ ဖြစ်ပေါ်လာသော အသံလှိုင်းသည် ထိုက်ယီအင်မော်တယ်ဂိုဏ်းမှ အကြီးအကဲ၏ ရင်ဘတ်ကို ဧရာမတူဖြင့် ထုချလိုက်သကဲ့သို့ သက်ရောက်သွားခဲ့သည်။
ချက်ချင်းဆိုသလိုပင် ထိုအကြီးအကဲသည် ခန္ဓာကိုယ်တုန်ယင်သွားခဲ့ပြီး သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရသည်။
ဤမြင်ကွင်းကို မြင်လိုက်ရလျှင် မုချင်းစန်းသည် ရုတ်တရက် မျက်နှာပျက်သွားခဲ့၏။
“ဝူကျန့်ထျန်း မင်းသိပ်မောက်မာမနေနဲ့”
“ငါက မောက်မာတော့ရော မင်းဘာတတ်နိုင်လို့လဲ”
ဝူကျန့်ထျန်းက အထက်စီးဆန်စွာ ပြုံးလိုက်သည်။
“မုချင်းစန်း.. မင်းပဲ ငါ့ကို ဒီနေရာမှာ သူသေကိုယ်သေ တိုက်ပွဲဝင်ဖို့ ဖိတ်ခေါ်ခဲ့တာ မဟုတ်လား.. ဘာလို့ အပိုစကားတွေ ပြောနေရတာလဲ.. ငါတို့ရဲ့ တိုက်ပွဲကို စလိုက်ရအောင်”
“ဝူကျန့်ထျန်း.. မင်းဒီလောက်တောင် သေချင်နေမှတော့ ငါ မင်းဆန္ဒကို ဖြည့်ဆည်းပေးရသေးတာပေါ့”
မုချင်းစန်း၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းတစ်ခု လင်းလက်သွားခဲ့သည်။
ထို့နောက်တွင် သူက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
“အစီအရင်ပြင်ကြစမ်း”
“ဝုန်း..”
“ဝုန်း..”
“ဝုန်း..”
မုချင်းစန်း၏ စကား အဆုံးသတ်သည်နှင့် သူ၏ နံဘေးရှိ ထျန်းယွမ်ဘိုးဘေးနှင့် အခြားသော ကပ်ဘေးအဆင့် ကျင့်ကြံသူများ အပါအဝင် ရာနှင့်ချီသော လမ်းစဥ်ပေါင်းစည်းခြင်းအဆင့် ကျင်ကြံသူများ၏ ခန္ဓာကိုယ်ထဲကနေ မှော်စွမ်းအားများ တစ်ပြိုင်နက်တည်း ပေါက်ကွဲထွက်လာခဲ့သည်။
အခန်း(၂၄၀၈)ပြီး၏။