← Chapters

အခန်း (၂၄၀၉-၂၄၁၀)

Vol. 181 Ch. 2409-2410

အခန်း (၂၄၀၉-၂၄၁၀)

Vol. 181 Ch. 2409-2410

အခန်း(၂၄၀၉)

ကပ်ဘေးအဆင့်ကျင့်ကြံသူ အနည်းငယ်နှင့် လမ်းစဥ်ပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူ ရာပေါင်းများစွာ၏ တစ်ပြိုင်နက်တည်း စွမ်းအားများ ထုတ်ဖော်လိုက်ခြင်းသည် မည်မျှအထိ အစွမ်းထက်နေမည်မှာ‌ တွေးနေစရာပင် မလိုပေ။

ကြောက်မက်ဖွယ်ရာကောင်းသော အရှိန်အဝါများသည် ကောင်းကင်ယံ တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့ပြီး နေရောင်ခြည်ကိုပင် ကွယ်ပျောက်မတတ် ဖြစ်သွားစေခဲ့သည်။

“ဝူကျန့်ထျန်း.. ဒီနေ့ ငါက အင်‌မော်တယ် ကျင့်ကြံခြင်းလောကမှာရှိတဲ့ လမ်းစဥ်ပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူတွေအားလုံးကို စုစည်းထားတယ်.. မင်းရဲ့ခွန်အားက ဘယ်လောက်ပဲ ပြိုင်ဘက်ကင်းနေပါစေ.. ဒီနေရာက မင်းရဲ့အဆုံးသတ်သင်္ချိုင်း ဖြစ်စေရမယ်”

မုချင်းစန်းက အေးစက်စက် ရေရွတ်လိုက်သည်။

“သတ်ကြစမ်း”

“ဝုန်း..”

“ဝုန်း..”

“ဝုန်း..”

“ဝုန်း..”

ထိုခဏဝယ် ရာနှင့်ချီသော ကျင့်ကြံသူများသည် လေထုထဲသို့ ခုတ်တက်သွားကြပြီး အစီအရင်တစ်ခုကို တည်ဆောက်လိုက်ကြသည်။

ဤရာနှင့်ချီသော ကျင့်ကြံသူများသည် ဝူကျန့်ထျန်း မည်မျှ ကြောက်မက်ဖွယ်ရာ ကောင်းသည်ကို သိရှိထားကြသဖြင့် အစီအရင်ကို တည်ဆောက်ရာတွင် သူတို့၏ စွမ်းအားကို အနည်းငယ်မျှပင် ထိမ်ချန်မထားရဲပေ။

ထို့နောက်တွင် ကျင့်ကြံသူရာပေါင်းများစွာသည် အစီအရင်ကို အသုံးချကာ သူတို့၏စွမ်းအားများကို စုပေါင်း၍ ဝူကျန့်ထျန်းကို တိုက်ခိုက်လိုက်ကြသည်။

ကပ်ဘေးအဆင့် ကျင့်ကြံသူ အနည်းငယ်နှင့် လမ်းစဥ်ပေါင်းစည်းခြင်း အဆင့် ကျင့်ကြံသူ ရာပေါင်းများစွာ စုပေါင်း၍ တိုက်ခိုက်သော အင်အားသည် မည်မျှပင် ကြောက်မက်ဖွယ်ရာ ကောင်းလိုက်ပါသနည်း။

ထိုက်ယီအင်မော်တယ်ဂိုဏ်း၏ အထက်ကောင်းကင်ယံရှိ မိုင်ပေါင်းသောင်းချီ ဧရိယာမှ ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားများသည် ချက်ချင်းဆိုသလိုပင် လုံးဝ စုပ်ယူခံလိုက်ရသည်။

လေထုထဲတွင် မတူညီသော စွမ်းအား ရာပေါင်းများစွာသည် တစ်ခုနှင့်တစ်ခု ရောယှက်သွားခဲ့ပြီး အဆုံးသတ်တွင် စွမ်းအင်စီးကြောင်းကြီး တစ်ခု အဖြစ်သို့ ပေါင်းစပ်သွားကာ ကောင်းကင်ယံကနေ ကျဆင်းလာသော နဂါးငွေ့တန်း ရေတံခွန်ကြီးကဲ့သို့ ဖြစ်ပေါ်လာခဲ့သည်။

ထိုစွမ်းအင်စီးကြောင်းကြီးသည် အဆုံးမဲ့ ဖျက်ဆီးခြင်းစွမ်းအားများကို သယ်‌ဆောင်ကာ ဝူကျန့်ထျန်း၏ ဦးခေါင်းအထက်ရှိ ကျယ်ပြောသော နေရာလွတ်ကို ချက်ချင်းပင် အငွေ့ပျံသွားစေခဲ့သည်။

ထိုက်ယီအင်မော်တယ်ဂိုဏ်း အတွင်းရှိ ကျင့်ကြံသူအများအပြားသည် ထိုတိုက်ခိုက်မှုကို တွေ့လိုက်ရလျှင် အတော်လေး စိတ်လှုပ်ရှားသွားကြသည်။

ဝူကျန့်ထျန်း၏ ခွန်အားက မည်မျှပင် သန်မာနေပါစေ၊ အစွမ်းထက် ကျင့်ကြံသူ ရာပေါင်းများစွာ စုပေါင်း၍ တိုက်ခိုက်လိုက်သော အင်အားကို ခုခံရန် ခက်ခဲလိမ့်မည်မဟုတ်ပါလော။

သို့သော်လည်း ဤကမ္ဘာပျက်မတတ် ထိုးနှက်ချက်နှင့် ရင်ဆိုင်ရချိန်တွင် ဝူကျန့်ထျန်းသည် ထူးထူးခြားခြားပင် တည်ငြိမ်နေခဲ့သည်။

သူက ဖုန်မှုန့်များကို ခါထုတ်လိုက်သကဲ့သို့ သူ၏ လက်တစ်ဖက်ကို မြှောက်ကာ အသာအယာ ဝှေ့ယမ်းလိုက်သည်။

ထိုအခါ ကောင်းကင်ယံမှ နဂါးငွေ့တန်းရေတံခွန် ကဲ့သို့ အရှိန်အဟုန်ဖြင့် ကျဆင်းလာသော စွမ်းအင်စီးကြောင်းသည် အရိပ်အယောင်ပင် မကျန်တော့ဘဲ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့သည်။

“ဒါ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

ထိုခဏဝယ် အထက်နှင့်အောက်ရှိ ကျင့်ကြံသူ အားလုံးသည် တစ္ဆေခြောက်ခံလိုက်ရသကဲ့သို့ ဖြစ်သွားခဲ့ပြီး သူတို့၏ မျက်လုံးများကိုပင် သူတို့ကိုယ်တိုင် မယုံကြည်နိုင်သလို ဖြစ်သွားခဲ့ကြသည်။

မုချင်းစန်းနှင့် တခြားသော ကပ်ဘေးအဆင့် ကျင့်ကြံသူများပင်လျှင် ထိတ်လန့် တုန်လှုပ်သွားခဲ့ကြ၏။

ဝူကျန့်ထျန်းသည် နတ်ဘုရင်နဝမအဆင့် ကျင့်ကြံသူ ဖြစ်ကာ အလွန်တရာ သန်မာပြီး သူတို့ အင်မော်တယ် ကျင့်ကြံခြင်းလောက တစ်ခုလုံးတွင် ကပ်ဘေး အထွတ်အထိပ် အဆင့်သို့ ရောက်ရှိနေသည့် ထိုက်ချင်းဘိုးဘေး တစ်ဦးတည်းသာလျှင် ဝူကျန့်ထျန်းကို ယှဥ်ပြိုင်နိုင်သည်ဟု သူတို့သိထားကြသည်။

သို့သော်လည်း မုချင်းစန်းတို့သည် ဝူကျန့်ထျန်းက ဤမျှအထိ အစွမ်းထက်လိမ့်မည်ဟု မထင်ထားခဲ့ပေ။

ဤအချိန်တွင် သူတို့သည် ဝူကျန့်ထျန်းက မည်မျှကြောက်မက်ဖွယ်ရာကောင်းသည်ကို အမှန်တကယ် သိရှိသွားကြချေပြီ။

ကပ်ဘေးအဆင့် ကျင့်ကြံသူ အနည်းငယ်နှင့် လမ်းစဥ်ပေါင်းစည်ခြင်းအဆင့် ကျင့်ကြံသူရာပေါင်းများစွာ စုပေါင်း၍ တိုက်ခိုက်လိုက်သော တိုက်ကွက်ကို ဝူကျန့်ထျန်းသည် လက်တစ်ဖက်ကို အသာအယာ ဝှေ့ယမ်းလိုက်ရုံဖြင့် အလွယ်တကူ ဖြေရှင်းနိုင်ခဲ့သည် မဟုတ်ပါလော။

“နောက်တစ်ကြိမ် ထပ်တိုက်ကြစမ်း”

မုချင်းစန်းက ဒေါသတကြီး အော်ဟစ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ထဲမှ မှော်စွမ်းအားများကို ထပ်မံ၍ ထုတ်ဖော်လိုက်သည်။

“ဝုန်း..”

“ဝုန်း..”

“ဝုန်း..”

ကျင့်ကြံသူရာပေါင်းများစွာသည် နောက်ထပ် တစ်ကြိမ် ထပ်မံ၍ အင်အားများ ပေါင်းစပ်လိုက်ကြပြီး ဝူကျန့်ထျန်းကို တိုက်ခိုက်လိုက်ကြသည်။

သို့သော်လည်း အလုပ်မဖြစ်ခဲ့ဘဲ ဝူကျန့်ထျန်းက သူ၏ လက်ကို အသာအယာ ဝှေ့ယမ်းလိုက်ရုံဖြင့်ပင် ထိုစွမ်းအင်စီးကြောင်းသည် ဝူကျန့်ထျန်းနှင့် ပေတစ်ရာခန့်အကွာသို့ မရောက်ခင်မှာပင် အစအနပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားခဲ့သည်။

ဤမြင်ကွင်းသည် ကျင့်ကြံသူ အများအပြား၏ မျက်နှာထက်တွင်‌ မျှော်လင့်ချက်ကင်းမဲ့သော အမူအရာများ ဖြစ်ပေါ်လာစေခဲ့၏။

မုချင်းစန်း အပါအဝင် အင်မော်တယ် ကျင့်ကြံသူများပင်လျှင် သူတို့၏ စိတ်နှလုံးထဲတွင်ပင် ကူကယ်ရာမဲ့သော ခံစားချက်ကို ခံစားမိလိုက်ကြသည်။

ကျင့်ကြံမှုတွင် အဆင့်တစ်ဆင့် ကွာခြားသည်နှင့်အမျှ ကြီးမားသော ခြားနားချက်ရှိသည်ကို သူတို့အားလုံး သိထားကြသည်။

ဥပမာအားဖြင့် ကပ်ဘေးအထွတ်အထိပ် အဆင့်သို့ ရောက်ရှိနေသာ ထိုက်ချင်းဘိုးဘေးသည် ကပ်ဘေးနှောင်းပိုင်း အဆင့် ကျင်ကြံသူများကို အလွယ်တကူ သတ်ဖြတ်နိုင်စွမ်း ရှိ၏။

သို့ရာတွင် ဝူကျန့်ထျန်း၏ ခွန်အားသည် ထိုက်ချင်းဘိုးဘေးထက်ပင် ပို၍ သန်မာနေသဖြင့် သဘာဝကျစွာပင် ပို၍ ကြောက်မက်ဖွယ်ရာ ကောင်းနေခြင်း ဖြစ်၏။

သို့သော်လည်း မုချင်းစန်းသည် သူတို့ ကပ်ဘေးအဆင့်ကျင့်ကြံသူ ခုနစ်ယောက်၊ ရှစ်ယောက်ခန့်နှင့် လမ်းစဥ်ပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူ ရာပေါင်းများစွာ ပူးပေါင်း တိုက်ခိုက်ခဲ့သည့်တိုင် ဝူကျန့်ထျန်းကို လုံးဝ မယှဥ်နိုင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ဆိုရလျှင် ဝူကျန့်ထျန်း၏ ခွန်အားသည် သူတို့ကို မျှော်လင့်ချက်ကင်းမဲ့စေလောက်သည် အထိ အစွမ်းထက်၏။

“မင်းတို့တွေက ပုရွက်ဆိတ်လို တည်ရှိမှုတွေပဲ.. အရေအတွက်ဘယ်လောက်များများ ငါ့အတွက်တော့ ဘာမှအသုံးမဝင်ဘူး.. သေကြစမ်း”

ဝူကျန့်ထျန်းက မုချင်းစန်းကို အေးစက်စက် ကြည့်လိုက်ပြီးနောက်တွင် သူ၏ မျက်နှာထက်၌ မထီမဲ့မြင် လှောင်ပြုံး တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ထို့နောက်တွင် သူက လက်ဝါးကို ဓားကဲ့သို့ အသုံးပြုကာ တိုက်ခိုက်လိုက်သည်။

“ဝုန်း..”

ထိုဓားချက်သည် လေထုထဲတွင် ကောင်းကင်ကိုပင် ပိုင်းဖြတ်နေသော ဓားအလင်း တစ်ခု အဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားခဲ့သည်။

ထိုကမ္ဘာပျက်မတတ် ပြင်းထန်သော ဓားအလင်းသည် မုချင်းစန်းတို့ လူစုကို ချက်ချင်းဆိုသလိုပင် လွှမ်းခြုံသွားခဲ့၏။

“ကာကွယ်ကြ”

မုချင်းစန်းက မျက်နှာ အကြီးအကျယ် ပျက်ယွင်းသွားခဲ့ပြီး ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

ချက်ချင်းဆိုသလိုပင် သူက ဝိညာဥ်စွမ်းအားကို တိုက်ရိုက်ပင် လောင်ကျွမ်းစေလိုက်ပြီး သူတို့အားလုံး၏ ဦးခေါင်းအထက်တွင် အပြာရောင်အလင်း အကာအကွယ်တစ်ခုကို လျင်မြန်စွာ တည်ဆောက်လိုက်သည်။

အကယ်၍ ထိုဓားချက်ကို မတားဆီးနိုင်လျှင် ထိုက်ယီအင်မော်တယ်ဂိုဏ်း တစ်ဂိုဏ်းလုံးသည် ထိုဓားချက်အောက်တွင် အပျက်စီးများ အဖြစ်သို့ ပြောင်းလဲသွားပေလိမ့်မည်။

သူ့နံဘေးရှိ ရာချီသော ကျင့်ကြံသူများသည်လည်း သဘာဝကျစွာပင် လျစ်လျူမရှုရဲကြပေ။

သူတို့အားလုံးသည် သူတို့၏ ခန္ဓာကိုယ်ထဲမှ မှော်စွမ်းအားများကို အစွမ်းကုန် ထုတ်ဖော်လိုက်ကြပြီး သူတို့၏ ဦးခေါင်းအထက်ရှိ အပြာရောင်အလင်း အကာအကွယ် ထဲသို့ ထည့်သွင်းလိုက်ကြသည်၊။

မရေမတွက်နိုင်သော အကြည့်အောက်မှာပင် ဓားအလင်းသည် မျက်တောင်တစ်ခတ် အတွင်း အပြာရောင်အလင်းအကာအကွယ်နှင့် ထိပ်တိုက် ဆုံတွေ့သွားခဲ့သည်။

သို့သော်လည်း မျှော်လင့်ထားသလို ကောင်းကင်ကိုပင် တုန်ဟည်းမတတ် အသံမျိုး ထွက်မလာခဲ့ပေ။

ရာပေါင်းများစွာသော ကျင့်ကြံသူများ၏ အစွမ်းကုန် ထုတ်ဖော်လိုက်သည့် စွမ်းအားများကြောင့် အပြာရောင်အလင်း အကာအကွယ်သည် ဝူကျန့်ထျန်း၏ ဓားအလင်းကို အမှန်တကယ်ပင် တားဆီးနိုင်ခဲ့သည်။

ဝူကျန့်ထျန်းက တည်ငြိမ်သော အမူအရာဖြင့်ပင် သူ၏ လက်ဖဝါးကို အသာအယာ ဆန့်ထုတ်လိုက်သည်။

“ဝုန်း..”

ဓားအလင်းသည် ချက်ချင်းဆိုသလိုပင် နှစ်ဆခန့်ကြီးမားသွားခဲ့ပြီး အပြာရောင်အလင်း အကာအကွယ်ကို ဆက်တိုက်ဆိုသလို ထိုးဖောက်နေခဲ့ရာ အပြာရောင်အလင်းအကာအကွယ်သည် တုန်ခါလာခဲ့ပြီး လျင်မြန်စွာပင် ပြိုလဲတော့မည့် အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။

အပြာရောင်အလင်း အကာအကွယ်အောက်မှာပင် အားနည်းသော လမ်းစဥ်ပေါင်းစည်းခြင်း အဆင့် ကျင့်ကြံသူများသည် ဆက်လက် ခုခံနိုင်စွမ်း မရှိတော့ပေ။

သူတို့၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ဓားအလင်း၏ ဖိအားအောက်တွင် ပေါက်ကွဲသွားခဲ့ပြီး သွေးမိုးများ အဖြစ်သို့ လေထုထဲတွင် ပက်ဖျန်းသွားခဲ့သည်။

အဆုံးသတ်တွင် အပြာ‌ရောင်အလင်း အကာအကွယ် တစ်ခုလုံးသည် ဓားအလင်း၏ စွမ်းအားကို ဆက်လက်ခံနိုင်ရည် မရှိတော့ဘဲ ပြင်းထန်သော ထိုးနှက်ချက်တစ်ခုကို ခံလိုက်ရသည့် မှန်တစ်ချပ်ကဲ့သို့ “ဘုန်းခနဲ”မြည်ကာ ကြေမွသွားခဲ့သည်။

အပြာရောင်အလင်း အကာအကွယ် ကြေမွသွားသည်နှင့်အမျှ မုချင်းစန်း ဦးဆောင်သော ရာနှင့်ချီသည့် ကျင့်ကြံသူ အားလုံးသည် ဓားအလင်း၏ ဖိအားကြောင့် လွင့်ထက်သွားခဲ့ကြသည်။

အားနည်းသော ကျင့်ကြံသူ အချို့သည် ဓားအလင်း၏ စွမ်းအားကို လုံးဝ ခံနိုင်ရည်မရှိခဲ့ဘဲ ခန္ဓာကိုယ်နှင့် ဝိညာဥ်ပါ မကျန် ချက်ချင်းဆိုသလို ချေမှုန်းခံလိုက်ရ၏။

တစ်ခဏအတွင်းမှာပင် ရာပေါင်းများစွာသော ကျင့်ကြံသူများ၏ သုံးပုံတစ်ပုံ နီးပါးသည် ထိုဓားချက်အောင်တွင် ကျဆုံးသွားခဲ့ကြသည်။

အသက်ရှင်ကျန်ရစ်သူ အများအပြားသည်လည်း ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့ကြ၏။

မုချင်းစန်းနှင့် ကပ်ဘေးအဆင့် ကျင့်ကြံသူများ၏ မျက်နှာထက်တွင်ပင် အလွန်အမင်း ဖြူဖျော့နေသော မျက်နှာအမူအရာမူများ ဖြစ်ပေါ်နေခဲ့ကြသည်။

ထိုခဏတွင် ပတ်ဝန်းကျင် တစ်ခုလုံးသည် တစပြင်နှယ် တိတ်ဆိတ်သွားခဲ့သည်။

လူတိုင်းသည် သိုင်းနတ်ဘုရားတစ်ပါး ကဲ့သို့ လေထုအထက်တွင် ဝင့်ကြွားစွာ ရပ်နေသော ဝူကျန့်ထျန်းကို ကြည့်ကာ မှင်တက်ရာကနေ သတိပြန်ဝင်လာရန် အချိန်အတော်ကြာ ယူလိုက်ရ၏။

“စီနီယာဝူရဲ့ ခွန်အားက တကယ်ကို ကြောက်စရာပဲ”

သူ့ရှေ့မှ ထိတ်လန့်စရာမြင်ကွင်းကို မြင်လိုက်ရချိန်တွင် ကျန်းချန်သည် စိတ်နှလုံးထဲကနေ တီးတိုး ရေရွတ်လိုက်သည်။

မည်သို့သော အကြောင်းပဲရှိရှိ စီနီယာဝူကို နတ်ကုန်းမြေတိုက်ဆီ ခေါ်သွားရန် သူအခိုင်အမာ ဆုံးဖြတ်ချက် ချလိုက်၏။

စီနီယာဝူသည် နတ်ဘုရင် နဝမအဆင့်ထဲတွင် အသန်မာဆုံးနတ်ဘုရင် ဖြစ်ရုံသာမက အလွန်အမင်း ထူးခြားသော တိုက်ခိုက်ရေးစွမ်းရည်လည်း ရှိသည်။

အဆင့်တူထဲတွင် စီနီယာဝူကို ယှဥ်နိုင်သူ အနည်းငယ်မျှသာ ရှိပေလိမ့်မည်။

တိုက်ခိုက်ရေးစွမ်းအား တစ်ခုထဲကို ကြည့်မည် ဆိုလျှင် ထာဝရသက်ရှည်တောင်တန်းထဲတွင် နေထိုင်ကြသည့် ရှချင်းလီနှင့် လဲ့ချမ်းယွမ်တို့ ပင်လျှင် ဝူကျန့်ထျန်း၏ ပြိုင်ဘက် ဖြစ်မည်မဟုတ်ဟု သူထင်မြင်မိ၏။

ကျန်းချန်သည် ခေါင်းခါရမ်းလိုက်ပြီး ထိုက်ယီအင်မော်တယ်ဂိုဏ်း၏ နက်ရှိုင်းသော နေရာ ဆီသို့ မကြည့်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့သည်။

လက်ရှိအချိန်တွင် အင်မော်တယ်ဂိုဏ်းကြီး ငါးဂိုဏ်း၏ ခွန်အားတစ်ခုတည်းဖြင့် သူနှင့် ဝူကျန့်ထျန်းကို မတားဆီးနိုင်သည်မှာ သိသာနေခဲ့၏။

သူ့တွင် ထိုက်ယီအင်မော်တယ်ဂိုဏ်းသည် ၎င်းတို့၏ ဝှက်ဖဲကို မကြာမီ ထုတ်သုံးလာနိုင်ခြေ ရှိသည်။

အခန်း(၂၄၀၉)ပြီး၏။

အခန်း(၂၄၁၀)

“ထိုက်ချင်းဘိုးဘေး.. ခင်ဗျားအခုအထိ ထွက်မလာသေးဘူးလား.. ခင်ဗျား ထွက်မလာသေးဘူးဆိုရင် ထိုက်ယီအင်မော်တယ်ဂိုဏ်းနဲ့ ခင်ဗျားရဲ့အင်မော်တယ် ကျင့်ကြံခြင်းလောကတစ်ခုလုံး ပျောက်ကွယ်သွားလိမ့်မယ်”

ဝူကျန့်ထျန်းသည် မုချင်းစန်း ဦးဆောင်သော ကျင့်ကြံသူရာပေါင်းများစွာကို အနိုင်ယူပြီးနောက်တွင် ထိုက်ယီအင်မော်တယ်ဂိုဏ်း၏ နက်ရှိုင်းသောနေရာ ဆီသို့ လှမ်းကြည့်ကာ ပြောလိုက်သည်။

ဝူကျန့်ထျန်းသည် ကျန်းချန် ကဲ့သို့ ထိုနေရာမှ အရှိန်အဝါကို မခံစားမိသော်လည်း ထိုက်ချင်းဘိုးဘေးက အသက်ရှင်နေသေးမှန်း အသေအချာ သိထားခဲ့သည်။

ဤနှစ်ပေါင်းများစွာအတွင်း ထိုက်ချင်းဘိုးဘေးသည် အင်မော်တယ် ကျင့်ကြံခြင်းလောကတစ်ခုလုံးတွင် သူ့ကို ရင်ဆိုင်နိုင်သည့် တစ်ဦးတည်းသော ပြိုင်ဘက်လည်း ဖြစ်၏။

ထိုနေ့က ထုံရှန်တောင်ကြားတိုက်ပွဲတွင် ထိုက်ချင်းဘိုးဘေးသည် ခန္ဓာကိုယ် ပျက်စီးသွားခဲ့သော်လည်း ကျဆုံးမသွားခဲ့ပေ။

ဤမျှ တိုတောင်းသောအချိန်အတွင်း ထိုက်ချင်းဘိုးဘေးသည် ခန္ဓာကိုယ်ကို ပြန်လည် တည်ဆောက်ကာ အထွတ်အထိပ်အခြေအနေသို့ ရောက်ရှိရန် ခက်ခဲလိမ့်မည် ဖြစ်သည်။

သို့သော်လည်း ထိုအဘိုးကြီးတွင် ထိုက်ယီအင်မော်တယ်ဂိုဏ်း၏ အစွမ်းအထက်ဆုံး မှော်လက်နက်ဖြစ်သည့် ထိုက်ယီလက်ကောက် ရှိ၍ ဝိညာဥ်သာ ကျန်ရှိသည့်တိုင် အသက်နှင့်ရင်း၍ တိုက်ခိုက်မည် ဆိုလျှင် လျှော့တွက်၍ မရပေ။

“ဟူး.. ဝူကျန့်ထျန်း.. မင်းက တကယ်ပဲ ငါတို့ အင်‌မော်တယ်ကျင့်ကြံခြင်းလောကကို အမြစ်ပြတ် သုတ်သင်ဖို့ ကြံစည်နေတာလား”

ထိုခဏတွင် သက်ပြင်းချ၍ ရေရွတ်လိုက်သောအသံတစ်သံသည် ထိုက်ယီအင်မော်တယ်ဂိုဏ်း၏ အနက်ရှိုင်းဆုံးနေရာကနေ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

“ထိုက်ချင်းဘိုးဘေး.. အပိုစကားတွေ ပြောမနေနဲ့.. ဒီနှစ်တွေအတွင်းမှာ ခင်ဗျားကရော သိုင်းပညာ ကျင့်ကြံခြင်းလောကကို အမြစ်ပြတ်ချေမှုန်းဖို့ မကြံစည်ဖူးလို့လား”

ဝူကျန့်ထျန်းက နှာခေါင်းရှုံ့ကာ အေးစက်စက် ပြောလိုက်သည်။

“ဒီနေရာက အစကတည်းက နတ်ဘုရားနယ်မြေရဲ့ မြောက်ပိုင်းဒေသပဲ.. ခင်ဗျားတို့ အင်မော်တယ် ကျင့်ကြံခြင်းလောကက ဒီနေရာမှာ မရှိသင့်ဘူး.. ဒီနေ့ ငါ ဝူကျန့်ထျန်းက သိုင်းပညာကျင့်ကြံခြင်း လောက အတွက် ဆုံးရှုံးခဲ့ရသမျှ အရာအားလုံးကို ပြန်ယူမယ်”

“ကောင်းတယ် သိပ်ကောင်းတယ်.. ဝူကျန့်ထျန်း.. ငါတို့ အင်မော်တယ် ကျင့်ကြံခြင်းလောကက အင်မော်တယ်တိုက်ပေါ်မှာ နှစ်ပေါင်းများစွာ ရပ်တည်နိုင်ခဲ့တယ်.. ငါတို့ကို မင်း ဖျက်ဆီးချင်တိုင်း ဖျက်ဆီးလို့ ရမယ်လို့များ ထင်နေလား.. ကောင်းပြီလေ.. မင်းတိုက်ချင်တယ် ဆိုမှတော့ ငါမင်းဆန္ဒကို ဖြည့်ဆည်းပေးရသေးတာပေါ့”

စကားဆုံးသည်နှင့် ထိုက်ယီအင်မော်တယ်ဂိုဏ်း၏ နက်ရှိုင်းသော နေရာကနေ ကြောက်မက်ဖွယ် အရှိန်အဝါ တစ်ခုသည် ကောင်းကင်ယံသို့ တိုက်ရိုက်ပင် ထိုးတက်လာခဲ့သည်။

“ဝုန်း..”

ထိုခဏဝယ် ထိုက်ယီအင်မော်တယ်ဂိုဏ်း၏ နက်ရှိုင်းသောနေရာတွင် အိပ်စက်နေသော ရှေးဟောင်းသားရဲကြီး တစ်ကောင် နိုးထလာသကဲ့သို့ ဖြစ်သွားခဲ့သည်။

ကြောက်မက်ဖွယ် အရှိန်အဝါသည် ပတ်ဝန်းကျင် တစ်ခုလုံးကို လုံးဝကို ဖိနှိပ်ထား၏။

ထိုက်ယီအင်မော်တယ်ဂိုဏ်းမှ မရေမတွက်နိုင်သော ကျင့်ကြံသူများသည်ပင် ထိုကြောက်မက်ဖွယ်ရာကောင်းသောအရှိန်အဝါကြောင့် မြေပြင်ပေါ်သို့ ပြားပြားဝပ်သွားကြသည်။

အင်မော်တယ်ကျင့်ကြံသူ တစ်ယောက် ဖြစ်နေလျှင်ပင် ထိုအရှိန်အဝါ၏ ဖိအားအောက်တွင် ရပ်တည်ရန်မှာ ခက်ခဲလှ၏။

ထိုက်ချင်းဘိုးဘေး၏ အရှိန်အဝါဖိအားက ကျယ်ပြောသောသမုဒ္ဒရာ ကဲ့သို့ အားကောင်းနေသည်ကို မြင်လျှင် ဝူကျန့်ထျန်း၏ မျက်ဝန်းထဲ၌ အံ့အားသင့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

ထို့နေ့က ထုံရှန်းတောင်ကြား တိုက်ပွဲတွင် ထိုက်ချင်းဘိုးဘေးသည် ခန္ဓာကိုယ် ပျက်စီးသွားခဲ့ပြီး ဝိညာဥ်ပင်လျှင် ဒဏ်ရာရရှိသွားခဲ့သည်။

ဝူကျန့်ထျန်းသည် ထိုက်ချင်းဘိုးဘေးက ထိုက်ယီအင်မော်တယ်ဂိုဏ်းသို့ ပြန်လည် ရောက်ရှိပြီးနောက်တွင် ဤမျှတိုတောင်းသော အချိန်အတွင်း ပြန်လည် သက်သာလာရုံသာမက ပို၍ပင် အားကောင်းလာလိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားခဲ့ပေ။

ဝူကျန့်ထျန်း၏ အနောက်တွင် ရှိသော ကျန်းချန်သည်လည်း ထိုက်ချင်းဘိုးဘေးထံမှ ပေါက်ကွဲထွက်လာသော အရှိန်အဝါကို ခံစားမိခဲ့သည်။

ထိုခဏဝယ် သူ၏ မျက်ဝန်းများတွင် ထိတ်လန့်သောအရိပ်အယောင်များ ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့၏။

အဘယ်ကြောင့်ဆိုသော် ထိုက်ချင်းဘိုးဘေး၏ ခန္ဓာကိုယ်ကနေ မဟာယာနအဆင့် ကျင့်ကြံသူတွင်သာ ရှိတတ်သည့် အရှိန်အဝါကို ခံစားလိုက်ရသောကြောင့်ပင်။

ထိုက်ချင်းဘိုးဘေးသည် မဟာယာနအဆင့်ကို ထိုးဖောက်သွားခြင်း ဖြစ်နိုင်ပါသလော။

သို့သော်လည်း ထိုနေ့က ထုံရှန်းတောင်ကြားတိုက်ပွဲတွင် ထိုက်ချင်းဘိုးဘေးသည် ဝူကျန့်ထျန်းကြောင့် ဒဏ်ရာ အပြင်းအထန် ရရှိသွားခဲ့ရာ ဤမျှ တိုတောင်းသော အချိန်အတွင်း ပြန်လည် သက်သာဖို့ပင် မလွယ်ကူသည် ဖြစ်၍ မဟာယာန အဆင့်ကို မည်ကဲ့သို့ ထိုးဖောက်နိုင်ပါအံ့နည်း။

“ဝုန်း..”

ကျန်းချန် အလွန်အမင်း အံ့အားသင့်နေစဥ်မှာပင် ထိုက်ယီအင်မော်တယ်ဂိုဏ်း၏ အနက်ရှိုင်းဆုံး နေရာကနေ မရေမတွက်နိုင်သော အစီအရင် သင်္ကေတများဖြင့် ချိတ်ပိတ်ထားသည့် ရှေးဟောင်းနန်းတော် တစ်ခုသည် “ဝုန်းခနဲ”မြည်ကာ ရုတ်တရက် ပွင့်သွားခဲ့သည်။

မကြာခင်မှာပင် ပုံရိပ်တစ်ခုသည် ရှေးဟောင်းနန်းတော်ထဲကနေ ထွက်ပေါ်လာခဲ့၏။

ထိုပုံရိပ် ပေါ်ထွက်လာသည်နှင့်အမျှ ကောင်းကင်နှင့်မြေကြီးသည် ချက်ချင်းပင် မှောင်အတိ ကျသွားခဲ့ပြီး လေပြင်းများ တိုက်ခိုက်လာခဲ့သည်။

ကျန်းချန်နှင့် ဝူကျန့်ထျန်းတို့က သူတို့ ရှေ့မှ ပုံရိပ်ကို ကြည့်လိုက်ရာ မျက်လုံးများပင် ရုတ်တရက် ပြူးကျယ်သွားခဲ့သည်။

ထိုလူသည် အမည်မသိ အပြာရောင်သတ္တုဖြင့် ပြုလုပ်ထားသော ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး ချပ်ဝတ်တန်ဆာပေါ်တွင် ဆန်းကြယ်သော အလင်းတန်းများ စီးဆင်းနေခဲ့၏။

ထိုသူ၏ ခန္ဓာကိုယ် အစိတ်အပိုင်း အများစုကို အပြာရောင်ချပ်ဝတ်တန်ဆာဖြင့် ဖုံးအုပ်ထားပြီး မျက်နှာတွင်ပင် ချပ်ဝတ်တန်ဆာနှင့် တစ်သားတည်းဖြစ်သော မျက်နှာဖုံးကို တပ်ဆင်ထားရာ သူတို့ကို လုံးဝအကဲခတ်၍ မရစေခဲ့ပေ။

ထိုလူ၏ ခန္ဓာကိုယ်တွင် ချပ်ဝတ်တန်ဆာ ဖုံးအုပ်မထားသောနေရာများသည် အလွန်အမင်း ဖြူဖျော့နေပြီး လူသေ အလောင်း တစ်လောင်း ကဲ့သို့ပင် အသက်ဓာတ်များ ကင်းမဲ့နေခဲ့သည်။

ကျန်းချန်သည် သူအစောပိုင်းက ခံစားခဲ့ရသော မဟာယာနအဆင့် ကျင့်ကြံသူ၏ အရှိန်အဝါက သူ့ရှေ့မှ လူဆီကနေ ထွက်ပေါ်နေခြင်း ဖြစ်မှန်း သိရှိသွားခဲ့သည်။

“မဟာယာနကျင့်ကြံသူရဲ့ အရှိန်အဝါ.. ခင်ဗျားက မဟာယာန အဆင့်ကို ထိုးဖောက်သွားတာလား.. မဖြစ်နိုင်ဘူး.. ဒီမဟာယာနအဆင့် ကျင့်ကြံသူရဲ့ အရှိန်အဝါက ခင်ဗျားရဲ့လက်ရှိ ခန္ဓာကိုယ်ဆီကနေ ထွက်ပေါ်လာတာပဲ.. ခင်ဗျားက မဟာယာန အဆင့်ကို အမှန်တကယ် ထိုးဖောက်သွားတာ မဟုတ်ဘူး”

ဝူကျန့်ထျန်းက သူ၏ရှေ့မှ ပုံရိပ်ကို စူးစိုက်၍ ကြည့်ကာ လေးနက်သော လေသံဖြင့် ပြောလိုက်သည်။

“ထိုက်ချင်းဘိုးဘေး.. ခင်ဗျားတို့ ထိုက်ယီအင်‌မော်တယ်ဂိုဏ်းမှာ မဟာယာနအဆင့် ကျင့်ကြံသူတစ်ဦးရဲ့ အလောင်း ရှိနေလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး”

[လက်စသတ်တော့ မဟာယာနအဆင့် ကျင့်ကြံသူရဲ့ အလောင်းထဲမှာ ထိုက်ချင်းဘိုးဘေးရဲ့ ဝိညာဥ်က ရှိနေတာကိုး]

ဝူကျန့်ထျန်း၏ စကားကို ကြားပြီးနောက်တွင် ကျန်းချန်သည် အခြေအနေကို ချက်ချင်းဆိုသလို နားလည်သွားခဲ့သည်။

မဟာယာနအဆင့် ကျင့်ကြံသူများနှင့် ကပ်ဘေးအဆင့်ကျင့်ကြံသူများ၏ စွမ်းအားများသည် ကောင်းကင်နှင့် မြေကြီး ကဲ့သို့ပင် ကွာခြားလှ၏။

အကယ်၍ ထိုက်ချင်းဘိုးဘေးသာ အမှန်တကယ် မဟာယာန အဆင့်သို့ ထိုးဖောက်သွားခဲ့လျှင် သူနှင့် ဝူကျန့်ထျန်းတို့ ပူးပေါင်း တိုက်ခိုက်သည့်တိုင် အနိုင်ရရန် အခွင့်အရေး လုံးဝရှိလိမ့်မည် မဟုတ်ပေ။

ထိုက်ချင်းဘိုးဘေးက ဝူကျန့်ထျန်းကို အေးစက်စက် စိုက်ကြည့်လိုက်သည်။

“မင်းက သိုင်းပညာ ကျင့်ကြံခြင်းလောကရဲ့ နံပါတ်တစ် ပုဂ္ဂိုလ်လို့ မပြောရဘူး.. တကယ်လို့ အမြင်စူးရှသားပဲ”

ဝူကျန့်ထျန်းက စူးစမ်းစွာဖြင့် မေးလိုက်သည်။

“ငါသိသလောက်တော့ ခင်ဗျားတို့ အင်မော်တယ် ကျင့်ကြံခြင်းလောကမှာ မဟာယာနအဆင့် ကျင့်ကြံသူတစ်ယောက်မှ မမွေးဖွားခဲ့ဖူးပါဘူး.. ဒီမဟာယာနအဆင့် ကျင့်ကြံသူရဲ့ အလောင်းကို ခင်ဗျား ဘယ်နေရာကနေ ရလာတာလဲ”

“စကြဝဠာအဆင့် စစ်ပွဲအပြီးမှာ ငါတို့ ထိုက်ယီအင်မော်တယ်ဂိုဏ်းရဲ့ ဘိုးဘေးက မဟာယာနအဆင့် ပုဂ္ဂိုလ်တစ်ဦးနဲ့ အတူ ဒီကမ္ဘာပေါ်မှာ အသက်ရှင်ကျန်ရစ်ခဲ့တယ်.. ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ အဲဒီ မဟာယာနအဆင့် ကျင့်ကြံသူက ဒဏ်ရာအရမ်း ပြင်းထန်လွန်းတဲ့ အတွက် အဆုံးသတ်မှာ ကျဆုံးသွားခဲ့တယ်.. အဲဒီနောက်မှာ ငါတို့ ဘိုးဘေးက မဟာယာနအဆင့် ကျင့်ကြံသူရဲ့ ခန္ဓာကိုယ်ကို ထိုက်ယီအင်မော်တယ်ဂိုဏ်းမှာ ထိန်းသိမ်းထားခဲ့တယ်"

"ဒီနှစ်တွေအတွင်းမှာ ငါက ဒီအလောင်းကို သန့်စင်ဖို့ အချိန်ရှိတိုင်း ကြိုးစားနေခဲ့တယ်.. သင့်တော်တဲ့ အချိန်ကျရင် ဒီအလောင်းကို အသုံးပြုပြီး မဟာယာနအဆင့်ကို ထိုးဖောက်ဖို့ပေါ့.. ဒါပေမဲ့ မင်းက ငါ့ကို အချိန်မတိုင်ခင် ဒီအလောင်းနဲ့ ပေါင်းစပ်ဖို့ အတင်းအကျပ် ဖိအားပေးခဲ့ပြီး ငါ့ရဲ့ နှစ်ပေါင်းထောင်ချီ ကြိုးပမ်းအားထုတ်မှုတွေ အားလုံးကို ဖျက်ဆီးပစ်ခဲ့တယ်...ဝူကျန့်ထျန်း.. ဒီနေ့ ငါမင်းကို မသတ်နိုင်ရင် ငါ့ရဲ့ စိတ်နှလုံးထဲက အမုန်းတရားတွေကို ဖြေဖျောက်ဖို့ ခက်ခဲလိမ့်မယ်”

ထိုစကားကို ပြောပြီးနောက်တွင် ထိုက်ချင်းဘိုးဘေးသည် အသက်ဓာတ် ကင်းမဲ့နေသေ မျက်ဝန်းများဖြင့် ကျန်းချန်တို့ နှစ်ယောက်ကို စိုက်ကြည့်လိုက်သည်။

ကျန်းချန်သည် တောင်တစ်လုံးကဲ့သို့ ကြီးမားသော ဖိအားကို ရုတ်တရက် ခံစားလိုက်ရကာ အသက်ရှူရခက်ခဲသွားသလိုပင် ခံစားလိုက်ရသည်။

သူက ချက်ချင်းဆိုသလိုပင် အပြာရောင်ဧကရာဇ် ဆသက်ရှည်ကျင့်စဥ်ကို အစွမ်းကုန် လှုံ့ဆော်လိုက်ပြီး ထိုဖိအားကို ခုခံလိုက်သည်။

သူ၏ အမူအရာက အလွန်တရာ လေးနက်လာခဲ့သည်။

ဤမဟာယာနအဆင့် ကျင့်ကြံသူ၏ အလောင်းသည် ထိုက်ချင်းဘိုးဘေး၏ သန့်စင်ခြင်းကို ခံရပြီးနောက်တွင် ထိုက်ချင်းဘိုးဘေး၏ ဝိညာဥ်နှင့် သိသိသာသာပင် အံဝင်ဂွင်ကျ ဖြစ်နေပုံရ၏။

လက်ရှိတွင် ထိုက်ချင်းဘိုးဘေးသည် မဟာယာနအဆင့် ကျင့်ကြံသူများနှင့် မယှဥ်နိုင်သေးသော်လည်း ထုံရှန်တောင်ကြားတွင် ဝူကျန့်ထျန်းနှင့် တိုက်ခိုက်စဥ်ကထက် အဆပေါင်းများစွာ ပို၍ အားကောင်းနေခဲ့ချေပြီ။

ဝူကျန့်ထျန်းကဲ့သို့ အစွမ်းထက်ပုဂ္ဂိုလ် ပင်လျှင် ထိုက်ချင်းဘိုးဘေးကို မယှဥ်နိုင်မည်အား သူစိုးရိမ်နေမိသည်။

“ထိုက်ချင်းဘိုးဘေး.. ခင်ဗျားသာ တကယ့် မဟာယာနအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေမယ်ဆိုရင် ငါ ဝူကျန့်ထျန်း အခက်တွေ့ကောင်း တွေ့ရလိမ့်မယ်.. ဒါပေမဲ့ အခု ခင်ဗျားက မဟာယာနအဆင့် ကျင့်ကြံသူရဲ့ အလောင်းကိုပဲ သိမ်းပိုက်ထားတာ ဆိုတော့ ငါက ဘာလို့ ကြောက်နေရမှာလဲ”

စကားဆုံးသည်နှင့် ဝူကျန့်ထျန်းသည် လက်ဟန်များကို လျင်မြန်စွာ ပြုလုပ်လိုက်ရာ ခန္ဓာကိုယ်မှ အရှိန်အဝါများသည် ရုတ်တရက် မြင့်တက်လာခဲ့သည်။

အခန်း(၂၄၁၀)ပြီး၏။

All Chapters