မျက်နှာဖုံးချွတ်လိုက်ပါသော
Vol. 9 Ch. 847
ပိုင်ရှောင်ချန်း၏ခန္ဓာကိုယ်ထဲရှိ ချီနှင့် သွေးများသည် ဖော်ပြ၍ပင်မရနိုင်လောက်အောင် အစွမ်းထက်လာသည်။
ထိုမျှသာမက သူသည် နောက်တစ်ဖန် သူ့အပေါ်သို့ တောင်တစ်လုံး ဖိချလိုက်သည့်အလား ခံစားလိုက်ရ၏။ ယင်းကား..... သူ့ခန္ဓာကိုယ်ထဲရှိ အတားအဆီးငါးခု၏ လေးခုမြောက်က လွဲ၍ တခြားမဟုတ်ပေ။
ယခုအချိန်တွင် သူ ထိုအတားအဆီးအား မချိုးဖျက်နိုင်ပေ။ နတ်အဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်လာသည်အထိ စောင့်ရန် လိုအပ်မည် ဖြစ်သည်။
ထိုအခါမှ နောက်ဆုံး သူသည် ထာဝရအပိုင်း၏ နောက်ဆုံးအဆင့်......
ထာဝရသွေးအား ကျင့်ကြံနိုင်မည် ဖြစ်သည်။
" နောက်ဆုံးတော့ ငါ ထာဝရအရိုးကို အောင်မြင်သွားပြီကွ "
သူက အားပါးတရရယ်မောလိုက်သော်လည်း သူ့ကိုယ်သူ အလွန်ကျေနပ်ဂုဏ်ယူရန် အခွင့်အရေးမရလိုက်ခင်မှာပင် ကောင်းကင်ယံတွင် ငရဲဧကရာဇ်အရိုက်အရာလွှဲပြောင်းနေသည်ကို အာရုံရလိုက်၏။
သူ မှင်သက်သွားပြီး လှစ်ခနဲလှုပ်ရှားလိုက်ရာ အင်မော်တယ်ဂူအပြင်ဘက်တွင် ပေါ်လာပြီး အပေါ်ထက်ရှိ သင်္ချိုင်းစောင့်ကြီးနှင့် သူ့ တပည့် ပိုင်ဟောက်အား တွေ့လိုက်ရ၏။
ပိုင်ရှောင်ချန်း၏ မျက်လုံးများကား မျှော်လင့်ချက်များ၊ ကောင်းမွန်သော ဆုတောင်းမေတ္တာများဖြင့် ပြူးကျယ်သွားသည်။
မြေအောက်ကမ္ဘာမြစ်တားမြစ်နေရာအပေါ်ထက်တွင် ပိုင်ဟောက်သည် ပိုင်ရှောင်ချန်းက သူ့အား ကြည့်နေသည်ကို ရုတ်တရက် အာရုံရလိုက်သည်။ တဆတ်ဆတ်တုန်ရီရင်း သူက ခေါင်းလှည့်၍ မြေရိုင်းဒေသရှိ ပိုင်ရှောင်ချန်းကို ငုံကြည့်လိုက်ပြီး သူ့မျက်လုံးများမှာ လေးစားမှုများနှင့် လေးနက်သော ခံစားချက်များဖြင့် စူးရှတောက်ပသွား၏။ ထိုမျှသာမက ထိုအခြင်းအရာကို လူများစွာ သတိထားမိလိုက်ကြပြီး အတော်လေး တုန်လှုပ်သွားကြသည်။
ထိုအချိန်တွင် သင်္ချိုင်းစောင့်ကြီးက သူ့လက်ကို မြှောက်၍ တော်ဝင်သရဖူကို ချွတ်လိုက်ကာ ပိုင်ဟောက်ထံ ပစ်လွှတ်လိုက်သည်။
၄င်းက ပိုင်ဟောက် ခေါင်းပေါ်သို့ ကျရောက်သွားသောအခါ သူသည် ပိုင်ရှောင်ချန်းထံမှ အကြည့်လွှဲလိုက်ရုံမှတစ်ပါး ရွေးချယ်စရာမရှိတော့ပေ။
လူအုပ်ကြီး ငြိမ်သက်သွားစဥ် ပိုင်ဟောက်က တဆတ်ဆတ်တုန်ရီသွားပြီး ရုတ်တရက် သူ၏စွမ်းအားများ တဟုန်ထိုးမြင့်တက်လာ၏။ ပတ်ဝန်းကျင်သို့ နတ်အဆင့်ကျင့်ကြံသူများ သို့မဟုတ် နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူများထက်ပင် သာလွန်နေသည့် ပြင်းထန်သော ဖိအားများ သက်ရောက်လာတော့သည်။
မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတွင် တဂျုန်းဂျုန်းမြည်ဟည်းသွားပြီး မြေအောက်ကမ္ဘာမြစ်သည် မြစ်၏ရင်းမြစ် ပြောင်းလဲခံလိုက်ရသည့်အလား ပြင်းပြင်းထန်ထန် လှုပ်ခတ်လာ၏။ ၄င်းသည် သချိုင်းစောင့်ကြီးထံမှ လာမည့်အစား ပိုင်ဟောက်ထံမှ လာနေသည်။
တချိန်တည်းမှာပင် မြေအောက်ကမ္ဘာနဂါးကိုးကောင်က ပိုင်ဟောက်၏ အနက်ရောင်ဝတ်ရုံပေါ်တွင် ပေါ်လာ၏။ ၎င်းတို့အားလုံး ဟိန်းဟောက်နေကြကာ ပိုင်ဟောက်၏ စွမ်းအင်က ဆက်လက်မြင့်တက်နေသည်။
သချိုုင်းစောင့်ကြီးမှာမူ သရဖူကို ချွတ်လိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ဝတ်ရုံသည် သာမန်အနက်ရောင်အဝတ်အစားတစ်စုံအဖြစ် ပြောင်းသွား၏။ သူ၏အရှိန်အဝါသည် ရုတ်တရက် ယခင်ကထက်ပို၍ အဆမတန် အားနည်းသွားဟန်တူပြီး သူ့အသွင်က တဖြည်းဖြည်း အိုမင်းလာသည့် သေခါနီး အဘိုးကြီးတစ်ယောက်အလား။
သူက မြေရိုင်းဒေသကို ကြည့်ပြီးနောက် ပိုင်ဟောက်ကို ပြုံး၍ ကြည့်လိုက်စဥ် ပိုင်ဟောက်က စကားတစ်ခွန်း ရွတ်ဆိုလိုက်သည်။
" ငါက ငရဲဧကရာဇြ "
ထိုစကားလုံးများ ပြောဆိုပြီးနောက် ပိုင်ဟောက်သည် နှလုံးသားထဲတွင် စာကြောင်းတစ်ကြောင်း ထည့်ပေါင်းလိုက်သည်။
" ငါ့ဆရာကို ကာကွယ်ရမယ် "
သူ၏စကားလုံးများကို သက်သေပြုတိုင်တည်လိုက်သည့်အလား ကြောက်ခမန်းလိလိ ထစ်ခြုန်းသံများ ပဲ့တင်ထပ်လာ၏။ တချိန်တည်းမှာပင် မြေအောက်ကမ္ဘာမြစ်ရှိ မရေမတွက်နိုင်သော ဝိညာဥ်များက စိတ်အားထက်သန်မှုများ စူးရှတောက်ပနေသော မျက်လုံးများဖြင့် စူးစူးဝါးဝါးအော်ဟစ်ရင်း အရိုအသေပေးလိုက်ကြသည်။
" ငရဲဧကရာဇ်ကို ဂါဝရပြုပါတယ် "
အသံများ ကြားလိုက်ရသည့် လူသားများအားလုံး တုန်လှုပ်သွားကြ၏။ ထို့နောက် မိုးကောင်းကင်နှင့် ပထဝီမြေကြီး တသိမ့်သိမ့်တုန်သွားသည်ထိ တိုင်အောင် တစ်ယောက်ပြီးတစ်ယောက် ပူးပေါင်းအော်ဟစ်လိုက်ကြသည်။
" ငရဲဧကရာဇ်အား ဂါဝရပြုပါတယ်"
မဟာကောင်းကင်သခင်မှ ကောင်းကင်ဘုရင်လေးဦးအထိ လူတိုင်းလူတိုင်း လက်များယှက်၍ ပိုင်ဟောက်ရှိရာဘက်သို့ အရိုအသေပေးလိုက်ကြသည်။ လာမည့် နှစ်ပေါင်းများစွာတစ်လျှောက် ဤလူက မြေရိုင်းဒေသ၏ 'ငရဲဧကရာဇ်' ဖြစ်တော့မည်ဟု သူတို့ သိကြသည်။
ကျိုးရီရှင်းမှာ ရင်တဒိန်းဒိန်းခုန်လျက် အရိုအသေပေးလိုက်ပြီး စုန့်ချွဲသည်ကား စိတ်လှုပ်ရှားနေတော့သည်။ စုန့်ချွဲသည် အဏ္ဏဝါခေါ်သံဂိုဏ်းကို သစ္စာရှိသေးသော်လည်း ယခုအချိန်ကစပြီး ငရဲဧကရာဇ်၏ အိမ်မွေးတိရစ္ဆာန်ဖြစ်သည့်အချက်က မြေရိုင်းဒေသရှိ မည်သူတစ်ဦးတစ်ယောက်မှ သူ့ကို လက်ဖျားနှင့်ပင် တို့ရဲမည်မဟုတ်တော့ပေ။
ယခုတွင် ဗဟိုဧကရာဇ်နှင့် သင်္ချိုင်းစောင့်ကြီးပင်လျှင် ပိုင်ဟောက်အား လေးလေးစားစား ခေါင်းငုံ့အရိုအသေပေးလိုက်ကြသည်။
ယင်းကား ငရဲဧကရာဇ်မင်းထံ လေးစားမှုပြသခြင်းတစ်ရပ် ဖြစ်သည်သာမက ဗဟိုဧကရာဇ်နိုင်ငံတော်အတွင်းရှိ ဓလေ့ထုံးတမ်းစဥ်လာတစ်ရပ်လည်း ဖြစ်သည်။
ဝိညာဥ်ကျင့်ကြံသူများနှင့် တောရိုင်းသားရဲများ အစရှိသည့် သက်ရှိတိုင်း ထိုနည်းတူပင်။ သို့သော် လူတစ်ယောက်သည်ကား ခြွင်းချက်......
ထိုလူ၏ မျက်နှာပေါ်တွင် အပြုံးရိပ်များက နေရာယူထားသည်။ သူကား ပိုင်ရှောင်ချန်းပင်။ သူသည် မြေရိုင်းဒေသအားလုံးအထဲ ဂါဝရပြုအရိုအသေမပေးသည့် တစ်ဦးတည်းသော လူဖြစ်သည်။
ပိုင်ဟောက်သည် ယခု ငရဲဧကရာဇ်ဖြစ်သည့်တိုင် ပိုင်ရှောင်ချန်း၏ တပည့်ဖြစ်ဆဲပင် မဟုတ်ပါလော။ ပိုင်ရှောင်ချန်းက သူ့တပည့်အတွက် ယခုထက်ပို၍ ပီတိမဖြစ်နိုင်တော့ပေ။ အမှန်တကယ်ဆိုရလျှင် သူ့ဘဝထဲတွင် ဥဒါန်းတွင်မည့်ကမ္ဗည်းသစ်တစ်ခု ရေးထိုးလိုက်နိုင်သည့်အလား ခံစားလိုက်ရသည်။
" ငါ့တာအိုလက်တွဲဖော်က နတ်အဆင့်ကျင့်ကြသူတစ်ယောက်။ ငါ့ယောက္ခမကြီးက နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူ။ ငါ့တပည့်က ငရဲဧကရာဇ်....."
ဘဝင်ခိုက်လျက် အားရကျေနပ်စရာကောင်းသော ရင်သပ်ရှုမောဖွယ် ခံစားချက်တစ်ရပ်က သူ့နှလုံးသားထဲတွင် ပြည့်နှက်နေ၏။ ထိုအခြင်းအရာအရ သူသည် မြေရိုင်းဒေသ၏ လျှို့ဝှက်ရှင်ဘုရင်တစ်ပါးအလား။
" ပိုင်ဟောက်က ငါ့တပည့်ဆိုတာကို လူတွေ သိပ်မသိကြတာ ဘယ်လောက်နှမြောစရာကောင်းတုန်း "
သူက နောင်တများစွာဖြင့် သက်ပြင်းချလိုက်သည်။ မကြာသေးမီက မဟာကောင်းကင်သခင် သူ့အကြောင်းပြောနေသည်များအား နှိမ်နင်းရန် အမိန့်များထုတ်ခဲ့သည်နှင့် ပတ်သက်၍ သူ မသိသော်လည်း သူ ပိုင်ဟောက်အယောင်ဆောင်ထားခဲ့သည်ကို သတိထားမိသူ အနည်းအကျဥ်းသာရှိကြောင်း သူသိသည်။
သူ သက်ပြင်းချလျက် ရပ်နေစဥ် ပိုင်ဟောက်၊ သချိုင်းစောင့်ကြီးနှင့် မြေအောက်ကမ္ဘာမြစ်အားလုံး တစတစပျောက်ကွယ်သွားပြီး ကောင်းကင်က ပုံမှန်ပြန်ဖြစ်သွား၏။
အရိုက်အရာဆက်ခံပွဲအခမ်းအနားက တိုတောင်းခဲ့သော်လည်း အလွန်ခမ်းနားကြီးကျယ်ကာ လေးနက်သည်။ ထိုမျှသာမက ယနေ့မှစပြီး ပိုင်ဟောက် ဇာတ်လမ်းများသည် မည်သို့ ကျယ်ပြန့်လာမည်ကို အလွယ်တကူ စိတ်ကူးကြည့်နိုင်သည်။ အချိန်များ ကြာလာသည်နှင့်အမျှ သူ၏ငရဲဧကရာဇ်ရာထူးကြောင့် မြေရိုင်းဒေသရှိ လူတိုင်း သူ့ကို လေးစားကြည်ညိုလာကြလိမ့်မည်။
သူ့တပည့် တဖြေးဖြေးပျောက်ကွယ်သွားသည်ကို စောင့်ကြည့်ပြီးနောက် ပိုင်ရှောင်ချန်းက သက်ပြင်းချလိုက်ကာ သူ့လက်ထဲရှိ သတင်းပို့ကျောက်စိမ်းပေလွှာကို ငုံ့ကြည့်လိုက်သည်။ ထိုကျောက်စိမ်းပေလွှာသည် သူကျင့်ကြံအားထုတ်နေသည့်အတောအတွင်းက ကြိမ်ဖန်များစွာ တုန်ခါခဲ့သည်။ သို့သော် ယခုတွင် သူသည် ထာဝရအရိုး၏ မဟာစက်ဝန်းတွင် ဖြစ်ပြီး သူ့တပည့်က ငရဲဧကရာဇ်ဖြစ်လာခဲ့လေပြီ။ ထို့ကြောင့် ယခုတွင် သူ ထုတ်ကြည့်ရန် အချိန်ရလေပြီ။
သူ သေချာကြည့်လိုက်သည့် အခိုက်အတန့်တွင် ပါးစပ်အဟောင်းသားဖြစ်သွား၏။ သတင်းများအားလုံးနီးပါးက ကျိုးရီရှင်းထံမှ ဖြစ်ပြီး သူတံခါးပိတ်ကျင့်ကြံနေသည့်ကာလအတွင်း ဖြစ်ခဲ့သမျှ အကြောင်းအရာအားလုံး၏ အသေးစိတ်ကို ဖော်ပြထားလေသည်။
စေ့စေ့စပ်စပ်ဖတ်ရှုပြီးနောက် သူ၏သရုပ်မှန် ပေါ်ပေါက်သွားခဲ့ခြင်း မရှိကြောင်း ပိုင်ရှောင်ချန်း သဘောပေါက်လိုက်သည်။
" လူတွေ မသိတာ ယုံတောင် မယုံနိုင်ဘူးကွာ "
သူက မျက်လုံးများ ပြူးကျယ်လျက်တွေးလိုက်သည်။ ထို့နောက် ၄င်းက သင်္ချိုင်းစောင့်ကြီး၏ လုပ်ဆောင်မှုဖြစ်ကြောင်း ချက်ချင်း ကောက်ချက်ချလိုက်သည်။ ထိုသို့မဟုတ်လျှင် သူက မည်သူဖြစ်ကြောင်း လူအများ သတိမထားမိစေရန် မဟာကောင်းကင်သခင်က အဆင့်ပေါင်းများစွာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်မည်။
လူတချို့က ပိုင်ရှောင်ချန်းသည် ပိုင်ဟောက်ဖြစ်ကြောင်း ထင်ကြေးပေးခဲ့ကြသော်လည်း ကောလာဟလများ အကျယ်တဝင့် ပျံ့နှံ့သွားခြင်းမရှိကြောင်း ကျိုးရီရှင်းပြောထားသည်ကို မြင်သောအခါ သူ အမှန်ကို သဘောပေါက်လိုက်သည်။
၄င်းတို့အားလုံးက သူ့အတွက် အကာအကွယ်တစ်ခုသာ ဖြစ်သည်။
သူသည် မြေရိုင်းဒေသထဲတွင် ကောင်းကင်တံတားမြစ်ဒေသကို ပြန်ရောက်လျှင် သူ့အတွက် အန္တရာယ်ဖြစ်လာစေနိုင်သည့် အလွန်အရေးကြီးသော အရာများစွာ လုပ်ဆောင်ခဲ့သည်မဟုတ်ပါလော။ ကောင်းကင်တံတားမြစ်ဒေသသို့ သူ မည်သူဖြစ်ခဲ့ဖူးကြောင်း သတင်းရောက်သွားပါက အခြေအနေများ ခက်ခဲရှုပ်ထွေးသွားနိုင်သည်။ အခြားတစ်ဖက်တွင်လည်း အလွန် ရင်သပ်ရှုမောဖွယ် အရာများစွာလုပ်ခဲ့သည့်တိုင် ထုတ်ဖော်မကြွားဝါနိုင်သည်မှာ အတန်ငယ် စိတ်ပျက်ဖွယ်ကောင်းသည်။
တစ်ဖက်တွင် အမှန်တကယ် သိသင့်သူများက သိကြသည်။ မြေရိုင်းဒေသရှိ ရာထူးကြီးပုဂ္ဂိုလ်များအားလုံး သူ၏သရုပ်မှန်ကိုသာမက သူ့တပည့်မည်သူ ဖြစ်ကြောင်းကိုလည်း သိကြသည်။
" အရေးကြီးတဲ့ လူတွေ သိထားရင် လုံလောက်ပြီထင်ပါတယ်ကွာ။ ဟမ့်၊ အချိန်သာရှိရင် မဟာကောင်းကင်သခင်ဆီ သွားလည်ဦးမယ်။ ဒီတစ်ခါတော့ အဲဒီဘိုးတော်ကြီး ငါ့ကို အရိုအသေပေးရမှာ။ သောကကင်းဝေးကိုးသွယ်ဘုရင်ကိုေတာ့ အခုပဲဖြစ်ဖြစ်၊ နောက်မှပဲဖြစ်ဖြစ် ငါ့တပည့်ကို ပညာပေးခိုင်းရမယ် “
" ဒီလိုမလုပ်ရင်လဲ မြေရိုင်းဒေသထဲမှာ ငါဘယ်လိုလုပ် အန္တရာယ် ကင်းကင်း နေနိုင်မှာတုန်း "
ထိုအချိန်တွင် သူနှလုံးသားက တဒိန်းဒိန်းခုန်လာတော့၏။ မည်သို့ပင် ဆိုစေကာမူ သူသည် အဏ္ဏဝါခေါ်သံဂိုဏ်းနှင့် သက်ဆိုင်နေသေးသည်။ မြေရိုင်းဒေသထဲတွင် သူ လေးလေးနက်နက် သတိရမည့်သူများရှိသော်လည်း အဏ္ဏဝါခေါ်သံဂိုဏ်းတွင် ပို၍ပင် များသည်။ လီချင်းဟောက်၊ ဟိုရှောင်မေ့၊ စုန့်ကျင်းဝမ်၊ ဖက်တီးကြီးကျန်း... သူတို့အားလုံး၏ မျက်နှာများကား ပိုင်ရှောင်ချန်း၏ အတွေးများထဲ တစ်ခုပြီးတစ်ခု ပေါ်လာတော့သည်။
" ငါ အဝေးရောက်နေတာ တော်တော်ကြာပြီပဲ "
သူက သက်ပြင်းချရင်း တွေးလိုက်သည်။ အမှန်တွင် သူ ထိုအကြောင်း တွေးလိုက်သည်နှင့်အမျှ အများအားဖြင့် သူဂရုစိုက်သည်က ကောင်းကင်တံတားမြစ်ဒေသမဟုတ်ဘဲ အဏ္ဏဝါခေါ်သံဂိုဏ်းသာ ဖြစ်သည်။
" အာ ဘာဖြစ်ဖြစ်ကွာ။ အဏ္ဏဝါခေါ်သံဂိုဏ်းကိုပဲ တန်းပြန်သင့်တယ် ထင်တယ်။ ငါ မြေရိုင်းဒေသကို အရမ်းလွမ်းနေရင် အဏ္ဏဝါခေါ်သံဂိုဏ်းကို ဒီကိုဘယ်လိုခေါ်လာရမလဲ နည်းလမ်း အမြဲရှာနေလို့ရတာပဲ "
သူ၏အတွေးသည် ဤနေရာသို့ရောက်သော် အိတ်ကို ပုတ်လိုက်ပြီး သချိုင်းစောင့်ကြီးပေးခဲ့သည့် အမိန့်ပေးဆွဲပြားကို ထုတ်လိုက်သည်။ ၄င်းဖြင့် သူသည် သေခြင်းနွံတောကို ဖြတ်သွားနိုင်လိမ့်မည်။
" ငါထွက်မသွားခင် လုပ်ရမှာတွေ နည်းနည်းကျန်သေးတယ်။ စဥ်းစားကြည့်ရင် အဲဒါတွေလုပ်ဖို့ ငါ့တပည့်မျက်နှာကို ဆက်သုံးတာ ကောင်းမှာ မဟုတ်ဘူး"
သူ၏ သရုပ်အစစ်အမှန်သို့ ပြန်သွားရန် တွေးလိုက်သည်နှင့် အတန်ငယ်ကျောချမ်းဖွယ်ကောင်းသည်။ သို့သော် သူ၏မြင့်မားသော အဆင့်အတန်းကို ထည့်တွက်လိုက်ပြီးနောက် အချိန်ကျပြီဖြစ်ကြောင်း ဆုံးဖြတ်လိုက်သည်။ သူက အင်္ကျီလက်စကို ဝှေ့ယမ်းရင်း မျက်နှာဖုံးချွတ်လိုက်လေသည်။
ထိုအခိုက်အတန့်တွင် သူ၏ မျက်နှာအစစ်ကား သိသာထင်ရှားစွာ ထွက်ပေါ်လာတော့သည်။