အခန်း (၁၅၁-၁၅၂)
Vol. 16 Ch. 151-152
အခန်း (၁၅၁) - အပြစ်သားကမ္ဘာ
“ရွှမ်ထျန်းကမ္ဘာ ပေါ်ပေါက်လာကတည်းက ဘာကြောင့် စည်းတံဆိပ်ခတ်ထားတဲ့ အခြေအနေမှာ ရှိနေခဲ့တာလဲဆိုတာ မင်း သိချင်နေပြီမလား”
“တကယ်တော့ ရွှမ်ထျန်းကမ္ဘာရဲ့ ဧကရာဇ်တာအို နိယာမတွေကို စည်းတံဆိပ်ခတ်ထားတဲ့သူက အထွတ်အထိပ် ပုဂ္ဂိုလ်တစ်ဦးပဲ”
ကောင်းကင်တာအို၏ စကားများကို ကြားလိုက်ရချိန်တွင် ၊ ဝူယိတောက်မှာ နေရာတွင်ပင် ကြက်သေသေသွားပြီး တွန့်ဆုတ်စွာဖြင့် မေးလိုက်သည်။
“အထွတ်အထိပ် ပုဂ္ဂိုလ်... ဘယ်လောက်တောင် အထွတ်အထိပ် ရောက်နေတဲ့သူမို့လို့လဲ”
“အရင်က ဆင်းသက်လာခဲ့တဲ့ သန်မာလှပါတယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေတောင် အဲ့အရှင်သခင်နဲ့ ယှဉ်ရင် ဘာမှ မဟုတ်ဘူး”
ကောင်းကင်တာအိုသည် ဖြည်းညင်းစွာ ခေါင်းယမ်းရင်း ဖြေကြားလိုက်သည်။ ထိုမြင်ကွင်းကြောင့် ဝူယိတောက်နှင့် ဝူဟောက်တို့မှာ အလွန်ပင် ထိတ်လန့်တုန်လှုပ်သွားကြသည်။
လီဖန်ထျန်းနှင့် အခြားသူများအားလုံးသည် အင်မော်တယ် ဧကရာဇ်များ ဖြစ်ကြသော်လည်း ၊ သို့သော် ကောင်းကင်တာအိုသည် ထိုသူများကိုပင် အဆိုပါပုဂ္ဂိုလ်၏ အောက်တွင် ရှိသည်ဟု သတ်မှတ်ထားသည်။
ထိုပုဂ္ဂိုလ်သည် အင်မော်တယ် ဧကရာဇ်အထက်တွင် ရှိနေလေသလော။
“ငါ အသိစိတ် စတင် နိုးကြားလာကတည်းက... မြင်လိုက်ရတဲ့အရာဟာ အဲ့အရှင်သခင်ရဲ့ စည်းတံဆိပ်ကိုပဲ”
ရွှမ်ထျန်းကမ္ဘာ၏ ကောင်းကင်တာအိုသည် ထိုပုဂ္ဂိုလ်၏ စွမ်းအားကို နက်နက်ရှိုင်းရှိုင်း မှတ်မိနေဆဲပင် ဖြစ်သည်။
“အခု မင်းက ရွှမ်ထျန်းကမ္ဘာရဲ့ စည်းတံဆိပ်ကို ချိုးဖျက်လိုက်တာဆိုတော့... ဒါဟာ ရွှမ်ထျန်းကမ္ဘာအတွက်တော့ သတင်းကောင်း ဖြစ်ပေမဲ့.. အဲ့ပုဂ္ဂိုလ်အတွက်တော့ သတင်းကောင်း ဖြစ်ချင်မှ ဖြစ်လိမ့်မယ်... ဒါကြောင့် ငါ့အထင် အဲ့ပုဂ္ဂိုလ်ဟာ ရွှမ်ထျန်းကမ္ဘာကို သေချာပေါက် ပြန်လာလိမ့်မယ်... ပြီးတော့ သူက မင်းကို ဘယ်လို ကိုင်တွယ်မလဲဆိုတာ ငါတို့ မသိနိုင်တဲ့အတွက် မင်းအနေနဲ့ အထူး သတိထားဖို့ လိုအပ်တယ်”
ကောင်းကင်တာအိုသည် ဖြည်းညှင်းစွာ ရှင်းပြလေသည်။ ဤသည်က ဝူယိတောက်ကို အနည်းငယ် စပ်စုချင်စိတ် ဖြစ်သွားစေသည်။ သူ့ကို သတိထားရန် အကြံပေးနေသည့် ဤကောင်းကင်တာအို၏ ရပ်တည်ချက်သည် မည်သို့ ရှိနေမည်နည်း။
“ ဒါဆို မင်းကရော... မင်းရဲ့ ရပ်တည်ချက်က ဘာလဲ... မိတ်ဆွေလား၊ ဒါမှမဟုတ် ရန်သူလား”
ထိုစကားကို ကြားပြီး ကောင်းကင်တာအိုသည် အားရပါးရ ရယ်မောလိုက်ပြီး ၊ ဖြည်းညင်းစွာ ပြန်ပြောလိုက်သည်။
“ငါ့အနေနဲ့ကတော့ သေချာပေါက် မင်းဘက်မှာပေါ့...... ရွှမ်ထျန်းကမ္ဘာရဲ့ ဧကရာဇ်တာအို နိယာမတွေ စည်းတံဆိပ်ခတ်ခံထားရတာက ငါ့အတွက် ကောင်းကျိုး မရှိဘူးလေ... ဒါပေမဲ့ မင်းက ရွှမ်ထျန်းကမ္ဘာရဲ့ စည်းတံဆိပ်ကို ချိုးဖျက်ပေးလိုက်တော့ ငါ့အတွက်လည်း အကျိုးရှိသွားတာပေါ့ “
“ ရွှမ်ထျန်းကမ္ဘာကြီး ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ ၊ ရွှမ်ထျန်းကမ္ဘာမှာ ရှိတဲ့ ငါ့ရဲ့ ကျင့်စဉ်စွမ်းအားကလည်း ပိုမို သန်မာလာလိမ့်မယ်... ဒါကြောင့် အဲ့ဒီအထွတ်အထိပ် ပုဂ္ဂိုလ် ပြန်လာတဲ့အခါ မင်းကိုယ်မင်း ကာကွယ်နိုင်အောင်လို့ ရွှမ်ထျန်းကမ္ဘာရဲ့ ကောင်းချီးတွေကို မင်းအပေါ်ကို သွန်းလောင်းပေးခဲ့တာပဲ... ဒါဟာ မဖြစ်နိုင်တဲ့ ကိစ္စတစ်ခု ဆိုပေမဲ့ မင်းကတော့ လုပ်နိုင်ကောင်း လုပ်နိုင်လိမ့်မယ်”
ထိုသို့ပြောရင်း ၊ ကောင်းကင်တာအို၏ အကြည့်များမှာ စူးရှတောက်ပလာသဖြင့် ဝူယိတောက်မှာ နေရခက်နေသည်။ ဝူယိတောက်သည် အခြေအနေကို နားလည်သွားပြီး လေးလေးနက်နက် ခေါင်းညိတ်ပြလိုက်သည်။
“ကျွန်တော် နားလည်ပါပြီ... အမြန်ဆုံး သန်မာလာအောင် လုပ်ပါ့မယ်”
“အင်း”
ထိုသို့ ပြောပြီးနောက် ၊ ကောင်းကင်တာအိုသည် သူမ၏ လက်ကို ဝှေ့ယမ်းလိုက်ပြီး ဝူယိတောက်၏ အသိစိတ်ကို အပြင်ဘက်သို့ ပို့ဆောင်ပေးလိုက်သည်။
ဝူယိတောက် ထွက်သွားပြီးနောက် ၊ ကောင်းကင်တာအိုသည်လည်း နေရာတွင်ပင် ပျောက်ကွယ်သွားသောကြောင့် သူမ၏ နောက်ပြောလာမည့် စကားများကို ဝူဟောက်အနေဖြင့် မကြားနိုင်ခဲ့ပေ။
ဝူယိတောက် ထွက်ခွာသွားပြီးနောက် ၊ ကောင်းကင်တာအို၏ မျက်နှာငယ်လေးပေါ်တွင် ကြမ်းကြုတ်သော အမူအရာတစ်ခု ထွက်ပေါ်လာခဲ့သည်။
“ချီ့ရွှမ်အင်မော်တယ်ဧကရာဇ်... မင်းက ငါ့ကို ဒီနေရာမှာ ဖိနှိပ်ထားခဲ့ပြီး ၊ ဒီကမ္ဘာရဲ့ ဧကရာဇ်တာအို နိယာမတွေကိုပါ စည်းတံဆိပ်ခတ်ခဲ့တယ်...”
“ ဒါပေမဲ့ ငါ တစ်နေ့ကျရင် ရွှမ်ထျန်းကမ္ဘာရဲ့ စည်းတံဆိပ်ကို ချိုးဖျက်ဖို့ အခွင့်အရေး ရလာလိမ့်မယ်လို့ မင်း ထင်မထားခဲ့ဘူးမလား... စောင့်နေလိုက်စမ်းပါ... နောင် နှစ်တစ်သောင်းကြာရင် ငါ့ရန်ငြိုးကို ဖြေဖျောက်နိုင်အောင် မင်းကို အပိုင်းပိုင်း ဆွဲဖြဲပစ်မယ်”
ဝူဟောက်သည် ဝူမိသားစုသို့ ပြန်ရောက်လာခဲ့ပြီး ၊ သူ၏ မျက်နှာထားမှာ အလွန် လေးနက် နေသည်။
“အပြစ်သားကမ္ဘာ... ရွှမ်ထျန်းကမ္ဘာကို ဘာဖြစ်လို့ အပြစ်သားကမ္ဘာလို့ ခေါ်ရတာလဲ... အပြစ်ဆိုတဲ့ စကားလုံးနဲ့ ဆက်စပ်နေတဲ့ ဘယ်အရာမဆို သာမန်ကိစ္စ မဟုတ်ဘူး... ဒီကိစ္စက အတော်လေး ရှုပ်ထွေးနိုင်လောက်တယ် “
ဝူဟောက်သည် သက်ပြင်းချလိုက်ပြီး ၊ သူ့ဘာသာ တွေးတောနေမိသည်။
“ထားပါတော့... ရွှမ်ထျန်းကမ္ဘာမှာ ကံကြမ္မာရွေးချယ်ခံရသူ နည်းနည်းလောက် ပိုများနေတာ.. ဘာမှမဖြစ်လောက်ပါဘူးလေ”
သို့သော်လည်း ၊ ဤကိစ္စသည် အင်မော်တယ် ဧကရာဇ်အထက်မှ တစ်စုံတစ်ဦးနှင့် ဆက်စပ်နေလိမ့်မည်ဟု သူ လုံးဝမှ မျှော်လင့်မထားခဲ့ပေ။
ဝူဟောက်သည် သူ၏ လက်ရှိစွမ်းအားဖြင့် အင်မော်တယ် ဧကရာဇ်တစ်ယောက်ကို ယှဉ်နိုင်မည် မဟုတ်ကြောင်း ခံစားနေရသည်။ ကနဦးအဆင့်နှင့် တစ်ပွဲတစ်လမ်း စမ်းကြည့်နိုင်သော်လည်း ၊ သို့သော် အင်မော်တယ် ဧကရာဇ်နှင့် အထက်ကိုမူ နည်းနည်းလေးမှ မတွေးဝံ့ပေ။
“ဒါပေမဲ့လည်း ကံကြမ္မာရွေးချယ်ခံရသူတွေ အနေနဲ့ ဒီကိစ္စကို ဖြေရှင်းနိုင်မှာပါ... ဒါပေမဲ့ ယိတောက်ရဲ့ လက်ရှိအဆင့်နဲ့သာဆိုရင် အင်မော်တယ် ဧကရာဇ်အထက်က ပုဂ္ဂိုလ်တွေကို အရင်မပြောခင် ... စစ်မှန်အင်မော်တယ်ကတောင် ယိတောက်ကို အသာလေး ဖြေရှင်းသွားနိုင်တယ်”
“ တစ်ဖက်လူက လတ်တလောတော့ လာရှာသေးမှာ မဟုတ်ဘူး... သူတို့ ပြန်လာတဲ့အချိန်ဆိုရင် ယိတောက်နဲ့ တခြားသူတွေကလည်း ပြန်လည်ခုခံနိုင်လောက်ပြီ ... ငါလည်း သူတို့ကို မကြောက်ရတော့တဲ့ အခြေအနေတစ်ခုကို ရောက်နေလောက်ပြီ”
ဤသို့ တွေးရင်း ၊ ဝူဟောက်သည် တစ်စုံတစ်ခုကို ဆုပ်ကိုင်မိသွားသကဲ့သို့ နောက်ဆုံးတွင် စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းချလိုက်သည်။
သို့သော်လည်း သူသည် ဤရွှမ်ထျန်းကမ္ဘာတွင် ထာဝရ နေထိုင်သွားရန် မဖြစ်နိုင်ပေ။ မည်သို့ပင်ဆိုစေ ၊ ရွှမ်ထျန်းကမ္ဘာသည် အပြစ်သားကမ္ဘာ ဖြစ်သကဲ့သို့ ၊ စည်းတံဆိပ်ခတ်ထားသော နေရာလည်း ဖြစ်သည်။
အကယ်၍ သူသာ ဤနေရာတွင် ဆက်နေမည်ဆိုပါက ၊ တစ်ဖက်လူသည် ရွှမ်ထျန်းကမ္ဘာသို့ မည်သည့်အချိန်ပြေးဆင်းလာမည်ကို မည်သူကများ ကြိုသိနိုင်မည်နည်း။
အင်မော်တယ် ဧကရာဇ်တစ်ပါးသည် သူ့ကို ဖောက်ထွင်း မမြင်နိုင်သော်လည်း ၊ သို့သော် စနစ်သည် အင်မော်တယ် ဧကရာဇ်အဆင့် အထက်ရှိ ပုဂ္ဂိုလ်များက သူ့ကို ဖောက်ထွင်းမြင်နိုင်ခြင်း ရှိ၊ မရှိ မပြောပြထားသောကြောင့် ဝူဟောက်သည် သတိထားနေရန် ရွေးချယ်လိုက်သည်။
အခြားတစ်ဘက်တွင်မူ ၊ ဝူယိတောက်သည် ကောင်းကင်တာအို၏ အာကာသဟင်းလင်းပြင်ထဲမှ ထွက်လာပြီးနောက် ၊ လူတိုင်း၏ မျက်စိရှေ့တွင်ပင် လူသားအင်မော်တယ် အဆင့်သို့ ဖောက်ထွက်သွားခဲ့ပြီး အထက်ကမ္ဘာသို့ တက်လှမ်းသွားခဲ့သည်။
သို့သော်လည်း အထက်ကမ္ဘာသို့ ရောက်ရှိသွားသော ဝူယိတောက်၏ အမူအရာသည် အလွန် လေးနက်နေပြီး ၊ သူသည် ကောင်းကင်တာအို၏ စကားများကို စိုးရိမ်ပူပန်နေသည်မှာ ထင်ရှားသည်။
“အဲ့နေ့က ရောက်လာတဲ့ သန်မာတဲ့ ပုဂ္ဂိုလ်တွေ အားလုံးက အင်မော်တယ် ဧကရာဇ်တွေချည်းပဲ... ဒါပေမဲ့ သူတို့ထဲက ဘယ်သူမှ ဘိုးဘေးကို ဖောက်ထွင်းမမြင်နိုင်ခဲ့ဘူး.. ဘိုးဘေးတစ်ယောက်ကသာ အဲ့ဒီအထွတ်အထိပ် ပုဂ္ဂိုလ်ရဲ့ ပြိုင်ဘက်များ ဖြစ်နေမလား”
“ဘိုးဘေးကြီးက အဲ့ဒီအထွတ်အထိပ် ပုဂ္ဂိုလ်ရဲ့ ပြိုင်ဘက် ဖြစ်နေရင်တောင်မှ ငါ အမြန်ဆုံး သန်မာလာအောင် လုပ်ရမယ်... ဘာပဲဖြစ်ဖြစ် သူက ငါ့ရန်သူပဲ... ငါ့မိသားစုကို အထိခိုက်ခံခိုင်းလို့ မဖြစ်ဘူး”
ထိုသို့ ပြောပြီးနောက် ၊ ဝူယိတောက်သည် ဖရိုဖရဲ မြင့်မြတ်နယ်မြေဆီသို့ တန်းတန်းမတ်မတ် ထွက်သွားခဲ့သည်။ သူသည် ဟွမ်သွမ့် မဟာဧကရာဇ်၏ အမွေအနှစ်မှတစ်ဆင့် ဖရိုဖရဲ ခန္ဓာကိုယ်အကြောင်းကို သိရှိခဲ့သည်။
အထက်ကမ္ဘာသို့ တက်လှမ်းပြီးပါက ၊ သူ့အတွက် အကောင်းဆုံး ရွေးချယ်မှုမှာ ဖရိုဖရဲ မြင့်မြတ်နယ်မြေသို့ သွားရောက်ရန်ပင် ဖြစ်ပြီး ၊ ထိုနေရာတွင် မည်သည့် ဖရိုဖရဲ ခန္ဓာကိုယ်မဆို အထူးလေ့ကျင့်မှုကို ရရှိနိုင်မည် ဖြစ်သည်။
အမှန်အားဖြင့် ဟွမ်သွမ့် မဟာဧကရာဇ်၏ အမွေအနှစ်ကို ရရှိပြီးနောက် ၊ ဝူယိတောက်သည် ဖရိုဖရဲ ခန္ဓာကိုယ်ဟူသည် တစ်ခုတည်းသော တည်ရှိမှု မဟုတ်ကြောင်း သိရှိခဲ့ရသည်။
ဥပမာအားဖြင့် ရှေးဟောင်း မြင့်မြတ်ခန္ဓာကိုယ် အစရှိသည်တို့က အလွန် စွမ်းအားကြီးမားသော်လည်း ၊ ပုံစံတစ်မျိုးတည်းဖြင့် ပေါ်ပေါက်လာခြင်း မဟုတ်ပေ။
သို့သော်လည်း ဝူယိတောက်သည် ဤကိစ္စအတွက် ဝမ်းနည်းခြင်းမရှိပေ။ ကမ္ဘာလောကကြီးသည် အလွန်တရာ ကျယ်ပြောလှသလို ၊ သူရဲကောင်းများမှာလည်း မြစ်ကို ဖြတ်ကူးနေသည့် ငါးများပမာ မရေမတွက်နိုင်အောင် များပြားလှသည်။
ရန်သူများသည် သူ့အတွက် ခွန်အားများကို ပေးစွမ်းနိုင်သည်။ အကယ်၍ သူတစ်ယောက်တည်းကသာ ဤကမ္ဘာပေါ်တွင် ပြိုင်ဘက်ကင်းသူတစ်ဦး ဖြစ်နေပါက ၊ ကြိုးစားချင်စိတ်များ ပျောက်ဆုံးသွားနိုင်သည်။
ထိုအချိန်အတောအတွင်း အထက်ကမ္ဘာသို့ တတ်လှမ်းသွားသော ဝူယိတောက်ကို မြင်ပြီးနောက် ၊ ရွှမ်ထျန်းကမ္ဘာမှ စွမ်းအားရှင်များမှာ အလွန်အမင်း အားကျနေကြသည်။ မည်သို့ပင်ဆိုစေကာမူ ၊ သူတို့သည်လည်း အထက်လောကသို့ တက်လှမ်းလိုသည် မဟုတ်လော။
ယခုအခါတွင် စည်းတံဆိပ်ကို ချိုးဖျက်လိုက်ပြီ ဖြစ်သောကြောင့် ၊ သူတို့အားလုံးအနေဖြင့် ကြိုးကြိုးစားစား ကျင့်ကြံရန်သာ လိုအပ်သည်။
ဝူရှန်းနီနှင့် ဝူမိုဝူတို့သည် လူအုပ်ထဲတွင် ပုန်းကွယ်နေကြသည်။ ဝူယိတောက်၏ တတ်လှမ်းခြင်းကို ကြည့်ရင်း နှစ်ယောက်စလုံး၏ အမူအရာများသည် အလွန်ပင် လေးနက်နေသည်။ နောက်တစ်စက္ကန့်တွင် ၊ သူတို့ နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် ပြိုင်တူ ကြည့်လိုက်ကြသည်။
“စောင့်နေလိုက်... ငါက ဝူမိသားစုရဲ့ တတိယမြောက် တက်လှမ်းနိုင်တဲ့သူ ဖြစ်လာစေရမယ်... သေချာပေါက်ပဲ”
ဝူရှန်းနီနှင့် ဝူမိုဝူတို့သည် ပြိုင်တူ ပြောလိုက်ကြသည်။ သူတို့သည် အစပိုင်းတွင် ဒုတိယမြောက် တက်လှမ်းမည့်သူများ ဖြစ်လာလိမ့်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း ၊ ဝူယိတောက်သည် သူတို့ကို ကျော်တက်သွားလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။
ဝူရှန်းနီနှင့် ဝူမိုဝူတို့သည် ယခုအခါ အဓိပတိအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ရာ ၊ အထူးသဖြင့် အသက် တစ်ရာပင် မပြည့်သေးသည့် အချိန်တွင် ဤသို့သော အရှိန်အဟုန်သည် အလွန်ပင် ကြောက်မက်ဖွယ်ရာ ကောင်းသည်ဟု ဆိုရမည်။
သို့သော်လည်း ထိုကိစ္စကြောင့် သူတို့ နှစ်ယောက်စလုံးသည် မာနထောင်လွှားခြင်း မရှိကြပေ။ မည်သို့ပင်ဆိုစေကာမူ ၊ သူတို့သည် ယခင်ဘဝမှ မှတ်ဉာဏ်များကို ပိုင်ဆိုင်ထားသောကြောင့် မဟာဧကရာဇ်အဆင့်ကို ဖောက်ထွက်ရန်မှာ သာမန်ကိစ္စတစ်ခုသာ ဖြစ်သည်။
အခြားတစ်ဖက်တွင်မူ ၊ ဝူလီသည် သူကိုယ်တိုင်ပင် သတိမထားမိလိုက်ဘဲ ဧကရာဇ်တစ်ပိုင်း အဆင့်သို့ ဖောက်ထွက်သွားခဲ့၏။ မှန်၏ ၊ အမှန်တကယ် ဧကရာဇ်တစ်ပိုင်း အဆင့်ပင် ဖြစ်သည်။
“ဟူး... နောက်ဆုံးတော့ ဧကရာဇ်တစ်ပိုင်း အဆင့်ကို ဖောက်ထွက်နိုင်ခဲ့ပြီပဲ”
ဝူလီသည် ထိုင်နေရာမှ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။ သူ၏ အကြည့်များက စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။
ဝိညာဉ်အမြစ်ကို အထွတ်အထိပ် ဝိညာဉ်အမြစ်အဖြစ် အဆင့်မြှင့်တင်ပြီးနောက် ၊ ဝူလီသည် သူတော်စင်ပုလင်း၏ အကူအညီဖြင့် အချိန်နှင့်ဟင်းလင်းပြင် နတ်ဘုရားခန္ဓာကိုယ်၏ မွေးရာပါ နတ်ဘုရားစွမ်းရည် ဖြစ်သော အချိန်ထိန်းချုပ်မှုကို နောက်ဆုံးတွင် ဖွင့်လှစ်နိုင်ခဲ့သည်။
ယင်းက သူ၏ ကျင့်ကြံချိန်ကို အခြားသူများထက် အဆတစ်ရာ ပိုမို မြန်ဆန်စေခဲ့သည်။ ထို့ကြောင့် ဝူရှန်းနီနှင့် ဝူမိုဝူတို့ထက် ဝူလီ၏ ကျင့်ကြံမှုသည် အဆတစ်ရာ ပိုမိုမြန်ဆန်ခဲ့သည်။
အခန်း (၁၅၂) - ကပ်ဘေးအားလုံးကို ဖိနှိပ်ပေးမည့် နတ်ဘုရားပုလဲ ငါးလုံး
“ဒါပေမဲ့ အခု ဝူကျန်းအဲ့ ကျင့်ကြံရမယ့် အလှည့် ရောက်နေပြီ... သူ့ကိုဘယ်လိုလုပ်ပေးရမလဲ”
ဝူဟောက်သည် တစ်စုံတစ်ခုကို သတိပြုမိသွားပုံရကာ အနည်းငယ် မျက်မှောင်ကြုတ်သွားပြီး စိတ်မသက်မသာဖြင့် ပြောလိုက်သည်။
ဝူကျန်းအဲ့သည် လက်ရှိတွင် သာမန်လူ တစ်ယောက်သာ ဖြစ်သေးသော်လည်း ၊ သူသည် သူတော်စင်အဆင့်ရှိ သားဖွားဆရာမများကိုပင် လွှမ်းမိုးနိုင်စွမ်း ရှိနေသည်။
အကယ်၍ ဝူကျန်းအဲ့သာ ကျင့်ကြံခြင်းကို စတင်မည်ဆိုပါက ၊ ကပ်ဘေးတစ်သောင်း ခန္ဓာကိုယ်၏ သက်ရောက်မှုသည် ပို၍ ကြီးမားလာမည် ဖြစ်သည်။ အကယ်၍ သူသည် မဟာဧကရာဇ်အဆင့်ထိ ကျင့်ကြံနိုင်မည်ဆိုပါက ၊ သူကိုယ်တိုင်အတွက် အဆင်ပြေနိုင်သော်လည်း ဝူမိသားစုမှာ ဒုက္ခအကြီးအကျယ် ရောက်ပေတော့မည်။
“ငါ ဖြေရှင်းစရာ နည်းလမ်းတစ်ခုခုကို စဉ်းစားရမယ်... စနစ်... မင်းမှာကော ဘာအကြံဉာဏ်များ ရှိလဲ”
ဝူဟောက်တွင် ကပ်ဘေးတစ်သောင်း ခန္ဓာကိုယ်ကို ဖြေရှင်းရန် နည်းလမ်း မရှိသဖြင့် စနစ်ကို ရိုးရိုးတန်းတန်း မေးမြန်းလိုက်သည်။
[ဒင် ! ကပ်ဘေးတစ်သောင်း ခန္ဓာကိုယ်ကို ဖြေရှင်းမည့် နည်းလမ်းအား ရွေးချယ်ပေးပြီးပါပြီ... ကျေးဇူးပြု၍ ဖတ်ရှုကြည့်ပါ]
ဝူဟောက်သည် အံ့သြသွားသည်။ စနစ်သည် အမှန်တကယ်ပင် တုံ့ပြန်လာခဲ့သည်။ ယခင်က စနစ်သည် ဤကဲ့သို့သော ပြဿနာများကို လျစ်လျူရှုထားလေ့ ရှိသည်။
ဝူဟောက်သည် ဤကိစ္စအပေါ်တွင် သိပ်ပြီး အာရုံစိုက်မနေတော့ဘဲ စနစ်မှ ပေးလာသည့် ဖြေရှင်းနည်းကိုသာ ဖတ်ရှုစစ်ဆေးလိုက်သည်။
သို့သော်လည်း ထိုအရာကို ဖတ်ပြီးနောက် ဝူဟောက်၏ မျက်နှာသည် ပို၍ပင် မည်းမှောင်သွားသည်။
“ကပ်ဘေးတစ်သောင်း ခန္ဓာကိုယ်ရဲ့ ကျိန်စာကို ဖိနှိပ်ဖို့ နတ်ဘုရား မှော်လက်နက် ငါးခုကို သုံးရမယ်... ငါက နတ်ဘုရား မှော်လက်နက်တွေကို ဘယ်ကနေ သွားရှာရမှာတုန်း”
နတ်ဘုရား မှော်လက်နက်ကို ထည့်မဆိုခင် ၊ သူ့တွင် အင်မော်တယ် ဧကရာဇ် မှော်လက်နက်ပင် မရှိသေးချေ။ လက်ရှိ ဝူဟောက် အသုံးပြုနေသည်မှာ အဆင့်တစ် အင်မော်တယ် မှော်လက်နက်မျှသာ ဖြစ်သည်။
[ဒင်!.. ကျေးဇူးပြုပြီး ဒီကိစ္စကို ကိုယ်တိုင် ဖြေရှင်းပါ ]
ဤတစ်ကြိမ်တွင် စနစ်၏ လေသံသည် ယခင်ကကဲ့သို့ အေးစက်ပြီး ခံစားချက်ကင်းမဲ့သော အခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်။ ထိုစကားများကို ကြားပြီးနောက် ၊ ဝူဟောက်သည် သက်ပြင်းချရုံမှတပါး ဘာမှမတတ်နိုင်တော့ဘဲ နတ်ဘုရားမှော်လက်နက် ငါးခုအား မည်သည့်နေရာမှ သွားခိုးရမည်ကိုသာ တွေးနေမိသည်။
သို့သော်လည်း ဝူဟောက်သည် တစ်စုံတစ်ခုကို အလျင်အမြန် သတိပြုမိသွားပြီး ၊ သူ၏ မျက်လုံးများသည် အရောင်လက်သွားသည်။
“ တကယ်လို့ ဝူကျန်းအဲ့က ကံကြမ္မာရွေးချယ်ခံရသူဆိုရင် နတ်ဘုရား မှော်လက်နက် ငါးခုက ရွှမ်ထျန်းကမ္ဘာထဲမှာ ရှိနေရမယ်... အဲ့လိုမှ မဟုတ်ရင် ဝူကျန်းအဲ့ရဲ့ အခြေအနေအရ သူက အင်မော်တယ်လမ်းစဉ်ကို ကံကောင်းထောက်မစွာနဲ့ လျှောက်လှမ်းနိုင်ခဲ့ရင်တောင်မှ မဟာဧကရာဇ်အဆင့်ထိ ရောက်အောင် ကျင့်ကြံနိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး ... သူ့ရဲ့ ကပ်ဘေးတစ်သောင်း ခန္ဓာကိုယ်ကြောင့် ရွှမ်ထျန်းကမ္ဘာကြီးတစ်ခုလုံးတောင် ပြိုကွဲသွားလိမ့်မယ်”
“ မဟုတ်မှလွဲရော ... တားမြစ်နယ်မြေ ငါးခုထဲက အဲ့ဒီဆန်းကြယ်ပုလဲလုံးတွေက နတ်ဘုရား မှော်လက်နက်များ ဖြစ်နေမလား... ဒါပေမဲ့ ဘာဖြစ်လို့ ငါက သူတို့ကို ရယူနိုင်တာတုန်း”
“ထားပါတော့... အခု အရေးကြီးဆုံးက ငါ့ရဲ့ ခန့်မှန်းချက် မှန်၊ မမှန် အတည်ပြုဖို့ပဲ... ဝူကျန်းအဲ့ကို အဲ့နေရာကို အရင်ခေါ်သွားရမယ်”
ဤသို့ တွေးမိပြီးနောက် ၊ ဝူဟောက်သည် ဝူဝမ်တောက်၏ နေအိမ်သို့ ရောက်ရှိလာခဲ့သည်။ ထိုအချိန်တွင် ဝူကျန်းအဲ့မှာ ဝူဝမ်တောက်၏ ရှေ့တွင် မျက်နှာငယ်လေးဖြင့် ရပ်နေပြီး ၊ ဝူဝမ်တောက်နှင့် ဇနီးဖြစ်သူမှာလည်း စိုးရိမ်ပူပန်နေပုံရသည်။
သူတို့သည် ဝူဟောက် ရောက်လာသည်ကို မြင်သည်နှင့် ၊ ကမန်းကတန်း မေးလိုက်သည်။
“ဘိုးဘိုး... ကျွန်တော် ဝူကျန်းအဲ့အတွက် ဘာလို့ ဝိညာဉ်အမြစ်ကို ဖန်တီးပေးလို့ မရတာလဲ”
ဇနီးမောင်နှံ နှစ်ဦး၏ အကြီးမားဆုံးသော စိုးရိမ်ပူပန်မှုမှာ သူတို့၏ ကလေးပင် ဖြစ်သည်။ အကယ်၍ ဝူကျန်းအဲ့သာ ကျင့်ကြံနိုင်မည် မဟုတ်ကြောင်း သိရှိသွားခဲ့လျှင်ဖြင့် ၊ သူတို့၏ ကမ္ဘာကြီးမှာ ပြိုလဲသွားနိုင်သည်။
ဝူဟောက်သည် ထိုကိစ္စအတွက် သိပ်ပြီး မအံ့ဩချေ။ သူသည် စနစ်ထံမှ ကပ်ဘေးတစ်သောင်း ခန္ဓာကိုယ်အကြောင်း ရှင်းလင်းချက်ကို ရရှိပြီးကတည်းက ၊ ဤခန္ဓာကိုယ်သည် မည်မျှ စွမ်းအားကြီးမားကြောင်းကို သိရှိထားပြီး ဖြစ်သည်။
ဝိညာဉ်အမြစ်ကို ဖန်တီးပေးရန် မဖြစ်နိုင်သော်လည်း ၊ သို့သော် နတ်ဘုရားမှော်လက်နက် ငါးခုကို ရယူကာ ကပ်ဘေးတစ်သောင်း ခန္ဓာကိုယ်ကို ဖိနှိပ်ထားနိုင်မည်ဆိုပါက ၊ မဟာဧကရာဇ်အဆင့်ထိ ကျင့်ကြံနိုင်သော ကပ်ဘေးတစ်သောင်း ခန္ဓာကိုယ်ပိုင်ရှင်ကို နတ်ဘုရားတစ်ပါးပင်လျှင် ယှဉ်နိုင်မည် မဟုတ်ပေ။
သို့သော်လည်း ကပ်ဘေးတစ်သောင်း ခန္ဓာကိုယ် ပိုင်ရှင်ကို ကျင့်ကြံသူအဖြစ် ဖန်တီးရန်မှာ ကုန်ကျစရိတ်သည် အလွန်ကို ကြီးမားသည်။
ရွှမ်ထျန်းကမ္ဘာကို ထည့်မဆိုခင် ၊ အထက်ကမ္ဘာတွင်ပင် ကပ်ဘေးတစ်သောင်း ခန္ဓာကိုယ်ပိုင်ရှင်ကို ကျင့်ကြံသူအဖြစ် ဖန်တီးရန် နည်းလမ်းမရှိချေ။ ထို့အပြင် မည်သူကများ နတ်ဘုရား မှော်လက်နက်ကို ထုတ်ပေးနိုင်မည်နည်း။
“ကိစ္စမရှိဘူး... ဝူကျန်းအဲ့ ကျင့်ကြံဖို့ကိစ္စကို ငါ တာဝန်ယူ ဖြေရှင်းပေးမယ်”
ထိုသို့ ပြောပြီးနောက် ဝူဟောက်သည် ဝူကျန်းအဲ့ကို တည့်တည့်ကြည့်ကာ တိုးတိုးလေး ပြောလိုက်သည်။
“ဝူကျန်းအဲ့... ဘိုးဘိုးကြီးနဲ့ လိုက်ခဲ့... မင်း ကျင့်ကြံနိုင်အောင် ဘိုးဘိုးကြီး လုပ်ပေးမယ်”
“အင်း... ဘိုးဘိုးကြီး... သား တကယ်ပဲ ကျင့်ကြံချင်တယ်.....”
ဝူဟောက်ကို မြင်လိုက်ရချိန်တွင် ၊ ဝူကျန်းအဲ့သည် သူ၏ ချုပ်တည်းထားသော ဝမ်းနည်းမှုများကို မအောင့်ထားနိုင်တော့ဘဲ ငိုချလေတော့သည်။
ဝူဟောက်သည် ဝူကျန်းအဲ့၏ မျက်ရည်များကို အပြုံးမပျက် သုတ်ပေးလိုက်ရင်း ၊ ထို့နောက် ဝူကျန်းအဲ့နှင့်အတူ လူတိုင်း၏ မြင်ကွင်းထဲမှ ပျောက်ကွယ်သွားခဲ့သည်။
“ယောကျ်ား... အဘိုးက ဒီကိစ္စကို ဖြေရှင်းနိုင်မယ်လို့ ရှင် ထင်လား”
“ငါတို့ အဘိုးကို ယုံကြည်ရမယ်... အဘိုးက ဖြေရှင်းနိုင်တယ်လို့ ပြောရင် သေချာပေါက် ဖြေရှင်းနိုင်မှာပဲ”
ဝူဝမ်တောက်သည် ဇနီးဖြစ်သူ၏ လက်ကို ဆုပ်ကိုင်ထားရင်း ၊ သူ၏လေသံထဲတွင် ဝူဟောက်အပေါ် မယိမ်းယိုင်သော ယုံကြည်မှုများ ရှိနေခဲ့သည်။
ထိုအချိန်အတောအတွင်း ၊ ဝူဟောက်သည် ဝူကျန်းအဲ့ကို တောင်ပိုင်းဒေသရှိ မျဲ့ကျင့် တားမြစ်နယ်မြေသို့ ခေါ်ဆောင်လာခဲ့သည်။
မျဲ့ကျင့် တားမြစ်နယ်မြေသို့ ရောက်ရှိလာပြီးနောက် ၊ ဝူဟောက်သည် သူ့ဘေးနားရှိ ဝူကျန်းအဲ့၏ ခန္ဓာကိုယ်မှာ မငြိမ်မသက် ဖြစ်လာသည်ကို သတိပြုမိခဲ့သည်။ ယင်းက ထိုပုလဲလုံး ငါးလုံးသည် နတ်ဘုရား မှော်လက်နက် ဖြစ်နိုင်ကြောင်း သူ၏ ခန့်မှန်းချက်ကို အတည်ပြုပေးနိုင်ခဲ့သည်။
“ဘိုးဘိုးကြီး... ဒါက ဘယ်နေရာလဲ... အရမ်း ကြောက်ဖို့ကောင်းတာပဲ”
ဝူကျန်းအဲ့သည် အနည်းငယ် ကြောက်လန့်နေပြီး ၊ ဝူဟောက်၏ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။
ဝူဟောက်က ညင်သာစွာ နှစ်သိမ့်ပေးလိုက်သည်။
“မကြောက်နဲ့... ဒါက မင်းရဲ့ ကံကြမ္မာကို ပြောင်းလဲပေးမယ့် နေရာပဲ”
ထိုသို့ ပြောပြီးနောက် ၊ ဝူဟောက်သည် သူ အရင်က မြင်တွေ့ခဲ့သော ပုလဲလုံးဆီသို့ ဝူကျန်းအဲ့ကို တိုက်ရိုက် ခေါ်ဆောင်သွားခဲ့ပြီး ညင်သာစွာ ကောက်ယူလိုက်သည်။
“ဝူကျန်းအဲ့... အခု ဒီပုလဲလုံးကို ခံစားကြည့်ပြီး မင်းရဲ့ ခန္ဓာကိုယ်ထဲကို စုပ်ယူကြည့်လိုက်”
ပြင်ဆင်မှုများ ပြုလုပ်ပြီးနောက် ၊ ဝူဟောက်သည် သူ့လက်ထဲက ပုလဲလုံးကို ဝူကျန်းအဲ့ထံ ကမ်းပေးလိုက်သည်။
သို့သော်လည်း ဝူဟောက်ကို အံ့အားသင့်စေခဲ့သည်မှာ ပုလဲလုံးသည် ဝူကျန်းအဲ့၏ ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက် ဝင်ရောက်သွားခြင်း ဖြစ်သည်။ ဤရုတ်တရက် အပြောင်းအလဲသည် ဝူကျန်းအဲ့ကို လန့်ဖျပ်သွားစေပြီး သူ၏ မျက်နှာပေါ်တွင် ကြောက်ရွံ့မှုများ ဖြစ်ပေါ်လာခဲ့သည်။
“ဘိုးဘိုးကြီး... ပုလဲလုံး... ပုလဲလုံး ပျောက်သွားပြီ”
“စိတ်မပူပါနဲ့... ဒါက ဘိုးဘိုးကြီး မင်းအတွက် ရွေးချယ်ပေးထားတဲ့ ဝိညာဉ်အမြစ်ပဲ...ဒီနတ်ဘုရား မှော်လက်နက် ငါးခုရဲ့ ကောင်းချီးတွေနဲ့သာဆိုရင် မင်းရဲ့ အင်မော်တယ်လမ်းစဉ်က အခုကစပြီး အများကြီး ချောမွေ့သွားလိမ့်မယ်”
အဘိုး(ဘိုးဘေး)ဖြစ်သူ၏ စကားများကို ကြားပြီးမှသာလျှင် ဝူကျန်းအဲ့သည် သက်ပြင်းချနိုင်သွားသည်။ ထိုအခိုက်အတန့်တွင် ၊ စနစ်၏ အသံသည် တစ်ဖန် ထွက်ပေါ်လာခဲ့သည်။
[ဒင်! ပိုင်ရှင်သည် မြစ်ဖြစ်သူအား နတ်ဘုရား မှော်လက်နက်ဖြစ်သည့် မျဲ့ကျင့်ဆန်းကြယ်ပုလဲ တစ်လုံးကို ပေးအပ်လိုက်သည့်အတွက် ဂုဏ်ယူပါသည်... မျဲ့ကျင့် ဆန်းကြယ်ပုလဲ အလုံးရေ တစ်သန်းကို လက်ခံရရှိပြီး ဖြစ်ပါသည်... ၎င်းတို့ကို ပေါင်းစပ်လိုပါသလား]
“ကိုးသိန်းကို ပေါင်းစပ်လိုက်... ကျန်တဲ့ တစ်သိန်းကို ငါ့အတွက် ချန်ထား”
ဝူဟောက်သည် တိတ်တဆိတ် ရေရွတ်လိုက်သည်။
သူတော်စင်ပုလင်း၏ အတွေ့အကြုံမှတဆင့် သူသည် သင်ခန်းစာရရှိသွားခဲ့သည်။ ဝူဟောက်သည် နောက်ဆက်တွဲ ပေါင်းစပ်မှု လုပ်ငန်းစဉ်တွင် ပြန်လည်ရရှိလာသည့် ပစ္စည်းများအားလုံးကို ပေါင်းစပ်ပစ်တော့မည် မဟုတ်ဘဲ သူ့အတွက် သို့မဟုတ် သူ့မိသားစုအတွက် တစ်စိတ်တစ်ပိုင်း ချန်ထားမည် ဖြစ်သည်။
[ဒင်! ပေါင်းစပ်မှု အောင်မြင်ပါသည် ၊ ဂုဏ်ယူပါတယ်... အဆင့် ၂ နတ်ဘုရား မှော်လက်နက် မျဲ့ကျင့် ဆန်းကြယ်ပုလဲ အလုံး ၉၀၀၀ ကို ရရှိခဲ့ပါသည် ]
အမည်သည် ပြောင်းလဲမသွားသော်လည်း ၊ မျဲ့ကျင့် ဆန်းကြယ်ပုလဲ၏ ဖော်ပြချက်သည် အတော်လေး အထင်ကြီးစရာ ကောင်းလာသည်ကို ဝူဟောက် သတိပြုမိသွားသည်။
[အဆင့် ၁ မျဲ့ကျင့် ဆန်းကြယ်ပုလဲ - မျဲ့ကျင့် နယ်မြေကို ဖန်တီးနိုင်ပြီး ၊ ၎င်းအတွင်းရှိ သက်ရှိများ၏ ခွန်အားကို ပိုင်ရှင်ထက် တစ်ဆင့်နှိမ့်အောင် ဖိနှိပ်ပေးနိုင်သည် ၊ စစ်မှန်နတ်ဘုရား အဆင့်အောက် သက်ရှိများကိုသာ သက်ရောက်မှု ရှိနိုင်သည် ]
[အဆင့် ၂ မျဲ့ကျင့် ဆန်းကြယ်ပုလဲ - မျဲ့ကျင့် နယ်မြေကို ဖန်တီးနိုင်ပြီး ၎င်းအတွင်းရှိ သက်ရှိများ၏ စွမ်းအားကို ပိုင်ရှင်ထက် တစ်ဆင့်နှိမ့်အောင် ဖိနှိပ်ပေးနိုင်သည် ၊ မြေကမ္ဘာနတ်ဘုရား အဆင့်အောက် သက်ရှိများကိုသာ သက်ရောက်မှု ရှိနိုင်သည် ]
“ဟူး... ဒါဆို အင်မော်တယ် ဧကရာဇ်အထက်မှာ နတ်ဘုရားရှိတာပေါ့... နတ်ဘုရားနောက်မှာ စစ်မှန်နတ်ဘုရား ရှိပြီး ၊ စစ်မှန်နတ်ဘုရား နောက်မှာ မြေကမ္ဘာနတ်ဘုရား ရှိတာပဲ”
မျဲ့ကျင့် ဆန်းကြယ်ပုလဲ၏ ရှင်းလင်းချက်ကို မြင်ပြီးနောက် ၊ ဝူဟောက်သည် အတော်လေး အံ့အားသင့်သွားသည်။ လက်ရှိတွင် သူသည် အင်မော်တယ်အရှင်မြတ် ကနဦးအဆင့်တွင်သာ ရှိနေသေးသော်လည်း ၊ အကယ်၍ သူ့လက်ထဲတွင် အဆင့် ၂ မျဲ့ကျင့် ဆန်းကြယ်ပုလဲလုံး ရှိနေမည်ဆိုပါက ၊ စစ်မှန်နတ်ဘုရားနှင့်ပင် ရင်ဆိုင်နိုင်မည် မဟုတ်လော။
သို့သော်လည်း အဆင့် ၂ မျဲ့ကျင့် ဆန်းကြယ်ပုလဲ၏ ဖော်ပြချက်ကို မြင်ပြီးနောက်၊ ဝူဟောက်သည် ထိုစိတ်ကူးကို လက်လျှော့လိုက်သည်။
“ ငါ့ရဲ့ လက်ရှိ ခွန်အားနဲ့သာဆိုရင် အဆင့် ၂ မျဲ့ကျင့် ဆန်းကြယ်ပုလဲရဲ့ စစ်မှန်တဲ့ စွမ်းအားကို ထုတ်သုံးနိုင်သေး မဟုတ်ဘူး... သူ့ရဲ့ စစ်မှန်တဲ့ စွမ်းအားကို ထုတ်သုံးနိုင်ဖို့ဆိုရင် ငါ အင်မော်တယ် ဧကရာဇ်အဆင့်ကို ရောက်ဖို့ လိုလိမ့်မယ်”
အဆင့် ၁ မျဲ့ကျင့် ဆန်းကြယ်ပုလဲသည် ယခုအချိန်တွင် ကြီးမားသော အကူအညီတစ်ခု ဖြစ်လာနိုင်သည်။ သူသည် သွေးဝိညာဉ်ဂိုဏ်းချုပ်ကိုပင် အနိုင်ယူနိုင်လောက်သည် မဟုတ်လော။
ထိုသို့ တွေးမိပြီးနောက် ၊ ဝူဟောက်သည် နောက်ထပ် ပုလဲလုံး လေးလုံးအတွက် ပို၍ပင် စိတ်လှုပ်ရှားလာပြီး ဝူကျန်းအဲ့ကို လက်ဝှေ့ယမ်းပြလိုက်သည်။
“မြစ်လေး... သွားကြစို့”