အခန်း (၁၅၃-၁၅၄)
Vol. 16 Ch. 153-154
အခန်း (၁၅၃) - ဝူကျန်းအဲ့၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသော နတ်ဘုရား မှော်လက်နက် ငါးခု
မကြာမီ ဝူဟောက်သည် ဝူကျန်းအဲ့အား နောက်ထပ် တားမြစ်နယ်မြေ လေးခုဆီသို့ တစ်ခုပြီးတစ်ခု ခေါ်ဆောင်သွားကာ ၊ နတ်ဘုရား မှော်လက်နက်များအား ယူဆောင်၍ ဝူကျန်းအဲ့၏ ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းပေးခဲ့သည်။
[ဒင်! ပိုင်ရှင်သည် မြစ်ဖြစ်သူအား ဝိညာဉ်မျိုပုလဲ တစ်လုံးကို ပေးအပ်လိုက်သည် ၊ ဂုဏ်ယူပါသည်... ဝိညာဉ်မျိုပုလဲ အလုံးရေ တစ်သန်းကို လက်ခံရရှိပါသည် ၊ ၎င်းတို့ကို ပေါင်းစပ်လိုပါသလား]
[ဒင်! ပိုင်ရှင်သည် မြစ်ဖြစ်သူအား ရေခဲပုလဲ တစ်လုံးကို ပေးအပ်လိုက်သည် ၊ ဂုဏ်ယူပါသည်... ရေခဲပုလဲ အလုံးရေ တစ်သန်းကို လက်ခံရရှိပါသည် ၊ ၎င်းတို့ကို ပေါင်းစပ်လိုပါသလား]
[ဒင်! ပိုင်ရှင်သည် မြစ်ဖြစ်သူအား ဆည်းဆာဆန်းကြယ်ပုလဲ တစ်လုံးကို ပေးအပ်လိုက်သည် ဂုဏ်ယူပါသည်... ဆည်းဆာဆန်းကြယ်ပုလဲ အလုံးရေ တစ်သန်းကို လက်ခံရရှိပါသည်... ၎င်းတို့ကို ပေါင်းစပ်လိုပါသလား ]
[ဒင် ! ပိုင်ရှင်သည် မြစ်ဖြစ်သူအား ထာဝရညပုလဲ တစ်လုံးကို ပေးအပ်လိုက်သည် ၊ ဂုဏ်ယူပါသည်... ထာဝရညပုလဲ အလုံးရေ တစ်သန်းကို ပြန်လည် လက်ခံရရှိပါသည်... ၎င်းတို့ကို ပေါင်းစပ်လိုပါသလား]
ဝူဟောက်သည် အလုံးရေ ကိုးသိန်းကို ပေါင်းစပ်ရန် ရွေးချယ်လိုက်ပြီး ၊ အလုံးရေ တစ်သိန်းကို အသုံးမပြုဘဲ ချန်ထားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် သူ၏ လက်ရှိ ခွန်အားဖြင့် အဆင့် ၂ နတ်ဘုရား မှော်လက်နက်၏ စွမ်းအားကို အပြည့်အဝ ထုတ်မသုံးနိုင်သောကြောင့် ဖြစ်သည်။ ဆန်းကြယ်ပုလဲ ငါးလုံးစလုံး၏ အာနိသင်များသည် ဆင်တူကြသည်။
၎င်းတို့သည် နယ်ပယ်တစ်ခုကို ဖန်တီး၍ ရန်သူများကို နယ်ပယ်ထဲသို့ ဆွဲသွင်းခြင်းဖြင့် ထိခိုက်ဒဏ်ရာ ရရှိစေကာ သူ့အတွက် အားသာချက်အချို့ကို ပေးစွမ်းနိုင်သည်။
ဥပမာအားဖြင့် ရေခဲပုလဲသည် ၎င်း၏ နယ်ပယ်အတွင်း ရန်သူများ၏ လှုပ်ရှားမှုများကို နှေးကွေးသွားစေနိုင်ပြီး ရေခဲများကြားတွင် ချက်ချင်း သတ်ဖြတ်ပစ်နိုင်သော်လည်း ၊ ပိုင်ရှင်ဖြစ်သူအပေါ် သက်ရောက်မှု ရှိမည် မဟုတ်ပေ။
ဝိညာဉ်မျိုပုလဲသည် ပိုင်ရှင်ဖြစ်သူ၏ စိတ်ဝိညာဉ်စွမ်းအားကို မြှင့်တင်ပေးနိုင်သဖြင့် စိတ်ဝိညာဉ်ကျင့်ကြံသူများအတွက် အသုံးချရန် သင့်လျော်သည်။
ထာဝရညပုလဲသည် ရန်သူ၏ စိတ်စွမ်းအင်ကို အနှောင့်အယှက် ပေးနိုင်ပြီး ပိုင်ရှင်ဖြစ်သူ၏ တည်နေရာကို မထောက်လှမ်းနိုင်အောင် လုပ်ဆောင်ပေးနိုင်သည်။ ဆည်းဆာပုလဲသည် ရန်သူများကို စိတ်ကူးယဉ် ကမ္ဘာထဲတွင် ပိတ်လှောင်၍ သတ်ဖြတ်နိုင်သည်။
ဆန်းကြယ်ပုလဲ ငါးလုံး၏ အာနိသင်များကို မြင်ပြီးနောက် ၊ ဝူဟောက်သည် ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ ဆန်းကြယ်ပုလဲ ငါးလုံး၏ အကူအညီဖြင့် သူ၏ လုံခြုံရေးအတွက် များစွာ စိတ်ချရပြီ ဖြစ်ရာ ၊ ဤသည်မှာ ဂုဏ်ပြုစရာကိစ္စတစ်ခု ဖြစ်ပေသည်။
နတ်ဘုရား မှော်လက်နက် ငါးခုသည် ဝူကျန်းအဲ့၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားပြီးနောက် ၊ ကပ်ဘေးတစ်သောင်း ခန္ဓာကိုယ်သည် ဖိနှိပ်ခံလိုက်ရပြီး နတ်ဘုရား မှော်လက်နက် ငါးခုသည် ဝူကျန်းအဲ့နှင့် တဖြည်းဖြည်း ပေါင်းစပ်သွားခဲ့သည်။ ထို့နောက် ဆန်းကြယ်သော အခြေအနေတစ်ခုထဲသို့ ကျရောက်သွားခဲ့သည်။
“ငါ သူ့ကို ကျင့်စဉ် မပေးရသေးဘူးပဲ”
ဝူဟောက်သည် တစ်စုံတစ်ခုကို လုပ်ဆောင်ရန် ပြင်လိုက်စဉ်မှာပင် ၊ ဝူကျန်းအဲ့၏ ကျင့်ကြံမှုသည် ရုတ်တရက် ထိုးတက်လာခဲ့သည်။
ချီသန့်စင်ခြင်းအဆင့်၊ အခြေခံတည်ဆောက်ခြင်းအဆင့်၊ ဝိညာဉ်ပင်လယ်အဆင့်၊ ရွှေရောင်အူတိုင်အဆင့်၊ မွေးကင်းစဝိညာဉ်အဆင့်၊ ဝိညာဉ်ပြောင်းလဲခြင်းအဆင့်၊ ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်၊ ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်၊ သူတော်စင်အဆင့်၊ မဟာသူတော်စင်အဆင့်၊ သူတော်စင်ဘုရင်အဆင့်၊ အဓိပတိအဆင့် ရောက်သည်အထိ တစ်ဟုန်ထိုး တက်သွားကာ အဓိပတိ အထွတ်အထိပ်အဆင့်ရောက်မှသာလျှင် ရပ်တန့်သွားခဲ့သည်။
ထိုမြင်ကွင်းကြောင့် ဝူဟောက်မှာ ဆွံ့အသွားသည်။ ဤမျှ ကောင်းကင်ဘုံကို အန်တုနိုင်သော တည်ရှိမှုကို သူ တစ်ခါမှ မမြင်ဖူးခဲ့ချေ။
အသက်ရှစ်နှစ်အရွယ်ဖြင့် နယ်ပယ် (၁၂)ဆင့် ဆက်တိုက် ဖောက်ထွက်သွားပြီး ၊ အဓိပတိ အထွတ်အထိပ်အဆင့်သို့ တန်းရောက်သွားသည်ကို မည်သို့ဖော်ပြရမည်နည်း။
သို့သော်လည်း ကပ်ဘေးတစ်သောင်း ခန္ဓာကိုယ်နှင့် နတ်ဘုရား မှော်လက်နက် ငါးခုအကြောင်း တွေးမိပြီးနောက် ၊ ဤသည်မှာ အံ့ဩစရာမရှိတော့ချေ။
ထိုအချိန်အတောအတွင်း ဝူကျန်းအဲ့သည် နယ်ပယ်(၁၂)ဆင့် ဖောက်ထွက်သွားပြီးနောက်၊ သူသည်လည်း အင်မော်တယ် အရှင်မြတ် ကနဦးအဆင့်မှ အင်မော်တယ် အရှင်မြတ် နှောင်းပိုင်းအဆင့်သို့ တိုက်ရိုက် ဖောက်ထွက်သွားခဲ့သည်။
သူသည် မူလက အင်မော်တယ် အရှင်မြတ် အလယ်အလတ်အဆင့်သို့ ဖောက်ထွက်ရန် အနည်းငယ်သာ လိုတော့သည်။ သို့သော် ဝူကျန်းအဲ့၏ အကူအညီဖြင့် ၊ သူသည် အင်မော်တယ် အရှင်မြတ် နှောင်းပိုင်းအဆင့်သို့ လွယ်လင့်တကူ ဖောက်ထွက်နိုင်ခဲ့သည်။
“ဝူကျန်းအဲ့... မင်း ဘာလို့ အဓိပတိအဆင့်ထိ တိုက်ရိုက် ဖောက်ထွက်သွားရတာလဲ”
ဝူဟောက်သည် ခဏတာ တွန့်ဆုတ်သွားသော်လည်း ၊ ဝူကျန်းအဲ့၏ ဘေးနားသို့ ကပ်ကာ မေးမြန်းလိုက်သည်။ ဝူကျန်းအဲ့သည် မျက်လုံးများကို ဖွင့်လိုက်ပြီး တွန့်ဆုတ်သောအမူအရာဖြင့် ပြန်ဖြေလိုက်သည်။
“ဘိုးဘိုးကြီး... သားလည်း သိပ်မသေချာဘူး... ဒါပေမဲ့ အဲ့ပုလဲလုံး ငါးလုံး သားရဲ့ ခန္ဓာကိုယ်ထဲကို ဝင်ရောက်လာပြီးနောက်ပိုင်း ... သားရဲ့ ခေါင်းထဲကို ကျင့်စဉ်တစ်ခု ရောက်လာတာနဲ့ သားလည်း အလိုအလျောက် ကျင့်ကြံမိသွားတာ”
ခန္ဓာကိုယ်ရဲ့ အမွေအနှစ် ကျင့်စဉ်များလား... နာမည်က ဘာများဖြစ်မလဲ...
ဝူဟောက်သည် အနည်းငယ် စပ်စုချင်စိတ် ဖြစ်သွားသည်။ ဤကဲ့သို့ အမွေအနှစ် ကျင့်စဉ်ကို သူသည်လည်း ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ သို့သော် အမွေအနှစ် ကျင့်စဉ်ဖြစ်သည့်အတွက် ၊ ၎င်းသည် အလွန်မြင့်မားသော အဆင့်အတန်း ရှိမည်မှာ သေချာသည်။
ဝူကျန်းအဲ့သည် မိမိ၏ ဘိုးဘေးအား ဖုံးကွယ်ထားစရာ အကြောင်းမရှိသည်ဟု ခံစားရသဖြင့် တိုက်ရိုက် ပြောပြခဲ့သည်။
“ကံကြမ္မာ ဝူကျန်းကျင့်စဉ်...”
“ကံကြမ္မာ ဝူကျန်းကျင့်စဉ်... စိတ်ဝင်စားစရာ နာမည်ပဲ... ဒါပေမဲ့ ဒါက မင်းရဲ့ အခွင့်အရေး ဖြစ်တာကြောင့် မင်း ဘယ်သူ့ကိုမှ မပြောပြရဘူး... မင်းဘာသာမင်းပဲ သိထား... ပြီးတော့ ဘယ်အဖွဲ့အစည်းကိုမှ မဝင်ရဘူး... နားလည်လား”
ဝူဟောက်သာ် မြစ်ဖြစ်သူကို ကြည့်၍ ဖြည်းညှင်းစွာ နားချလိုက်သည်။ ဝူကျန်းအဲ့၏ ကျင့်ကြံမှုသည် နတ်ဘုရား မှော်လက်နက် ငါးခုအပေါ်တွင် လုံးလုံးလျားလျား မှီခိုနေရသည်။
အကယ်၍ သူသာ အခြားအဖွဲ့အစည်းတစ်ခုသို့ ဝင်ရောက်ခဲ့မည်ဆိုပါက ၊ သူတို့သည် သူ၏ လျှို့ဝှက်ချက်များကို သေချာပေါက် ရှာဖွေတွေ့ရှိသွားမည် ဖြစ်ပြီး ၊ သူ၏ ခန္ဓာကိုယ်ထဲမှ နတ်ဘုရား မှော်လက်နက် ငါးခုကို လိုချင်တပ်မက်လာကြမည် ဖြစ်သည်။
ထို့အပြင် ဝူကျန်းအဲ့၏ လက်ရှိ ခွန်အားအရ ၊ သူသည် နတ်ဘုရား မှော်လက်နက် ငါးခုစလုံးကို သူ့ကိုယ်ပိုင်အတွက် မထိန်းချုပ်နိုင်သေးပေ။ ဝူဟောက်၏ ခန့်မှန်းချက်အရ သူသည် အနည်းဆုံး ရွှေအင်မော်တယ် အဆင့်သို့ ရောက်ရှိရန် လိုအပ်သည်။
ဤနတ်ဘုရား မှော်လက်နက် ငါးခု၏ စွမ်းအားများကို အပြည့်အဝ ထုတ်သုံးနိုင်ရန် တစ်စုံတစ်ဦးသည် အနည်းဆုံး အင်မော်တယ် အရှင်မြတ် အဆင့်သို့ ရောက်ရှိရန် လိုအပ်သည်။ ထို့အပြင် ဝူဟောက်သည် အခြားတစ်ခုကိုလည်း ရှာဖွေတွေ့ရှိခဲ့သည်။ ဝူကျန်းအဲ့၏ ခန္ဓာကိုယ်တွင်းရှိ နတ်ဘုရား မှော်လက်နက်များသည် တဖြည်းဖြည်း ကြီးထွားလာနေခြင်း ဖြစ်သည်။ မှန်၏ ၊ ၎င်းသည် အမှန်တကယ်ပင် ကြီးထွားလာနေသည်။
တစ်နည်းအားဖြင့် ဆိုရသော် ၊ ဝူကျန်းအဲ့၏ ခွန်အား တိုးလာသည်နှင့်အမျှ သူ၏ ခန္ဓာကိုယ်တွင်းရှိ နတ်ဘုရား မှော်လက်နက်သည်လည်း ကြီးထွားလာမည် ဖြစ်သည်။ ၎င်း၏ အမြင့်ဆုံး ကန့်သတ်ချက်သည် ဝူဟောက် လက်ရှိ နားလည်ထားသည်ထက် ကျော်လွန်နိုင်သည်။
“ကောင်းပြီ... အိမ်ပြန်ကြစို့”
ဝူဟောက်သည် ပြုံးလိုက်ပြီးနောက် ဝူကျန်းအဲ့နှင့်အတူ ထွက်ခွာသွားလေသည်။
ဝူဟောက်နှင့် ဝူကျန်းအဲ့တို့ ထွက်သွားပြီး သိပ်မကြာမီ ကောင်းကင်တာအိုသည် ဤနေရာသို့ ရောက်ရှိလာခဲ့သည်။ တားမြစ်နယ်မြေ ငါးခုမှ ပျောက်ကွယ်သွားသော နတ်ဘုရား မှော်လက်နက်များကို ကြည့်ရင်း ၊ သူမ၏ ဒေါသချီများကို ဆက်ပြီး မထိန်းချုပ်နိုင်တော့ပေ။
“မဖြစ်နိုင်ဘူး... ငါ့ရဲ့ နတ်ဘုရား မှော်လက်နက် ငါးခုကို ဘယ်သူ ခိုးသွားတာလဲ”
ဝူဟောက်သည် ကောင်းကင်တာအို၏ လှုပ်ရှားမှုများကို မသိရှိဘဲ ဝူကျန်းအဲ့နှင့်အတူ ဝူမိသားစုသို့ ပြန်လည် ရောက်ရှိနေပြီ ဖြစ်သည်။
အိမ်ပြန်ရောက်ပြီးနောက် ၊ ဝူဝမ်တောက်နှင့် ဇနီးဖြစ်သူ ပိုင်ရှီယွီတို့မှာ အဓိပတိအဆင့်ထိ ရောက်ရှိလာသော သားဖြစ်သူ ဝူကျန်းအဲ့ကို ကြည့်ရင်း မယုံနိုင်လောက်အောင် ဖြစ်နေသည်။ အတော်တန်ကြာပြီးနောက် ၊ ဝူဝမ်တောက်သည် စပြောလိုက်သည်။
“ဘိုးဘိုး... ဝူကျန်းအဲ့ကို ဘာတွေများ လုပ်ခဲ့တာလဲ ဟင် “
“ဘာမှမဟုတ်ပါဘူး... သူ့ကို လျှို့ဝှက်ကုဒ်လေး ပေးလိုက်ရုံပါ... ကဲ... ဝူကျန်းအဲ့... မင်းရဲ့ မိဘတွေနဲ့ စကားပြောလိုက်ဦး... ဘိုးဘိုးကြီး သွားတော့မယ်”
ဝူဟောက်သည် လက်ဝှေ့ယမ်းပြလိုက်ပြီးနောက် ၊ ဝူကျန်းအဲ့နှင့် အခြားသူများ၏ မြင်ကွင်းထဲမှ ပျောက်ကွယ်သွားလေသည်။
ဝူဝမ်တောက်နှင့် ဇနီးသည်မှာ မြေးအဘိုးနှစ်ယောက် တွေ့ကြုံခဲ့ရသည့်ကိစ္စများကို နားထောင်ပြီးနောက် အလွန်အမင်း အံ့အားသင့်သွားကြသည်။
“အစောက တောင်ပိုင်းဒေသမှာ ဘာလို့ အဲဒီလောက်ထိ အုတ်အော်သောင်းတင်း ဖြစ်သွားတာလဲလို့ စဉ်းစားနေတာ... မင်းကြောင့်ကိုး... ဒါပေမဲ့လည်း ကောင်းပါတယ်လေ... အခု မင်း အရမ်းကြီး စိုးရိမ်နေစရာ မလိုတော့ဘူး... ကျင့်ကြံဖို့ကိုပဲ အာရုံစိုက်ပြီး အထက်ကမ္ဘာကို အမြန်ဆုံး တက်လှမ်းနိုင်အောင် လုပ်”
မိမိတို့၏ သားဖြစ်သူသည် ကြီးမားလှသော အခွင့်အရေးကို ရရှိသွားကြောင်း သိရှိပြီးနောက် ၊ ဝူဝမ်တောက်နှင့် ပိုင်ရှီယွီတို့သည် ဝူကျန်းအဲ့၏ ပခုံးကို ပုတ်၍ ပြုံးရွှင်စွာဖြင့် ပြောလိုက်ကြသည်။
ဝူမိသားစုဝင်များအားလုံးသည် အင်မော်တယ်ဆေးလုံးများကို စားသုံးထားကြသဖြင့် ၊ လူတိုင်းသည် အင်မော်တယ် တက်လှမ်းခြင်း စွမ်းရည်များကို ရရှိထားကြသည်။ ဆိုလိုသည်မှာ ဝူမိသားစုဝင် အများစုသည် အဓိပတိအဆင့်သို့ ဖောက်ထွက်ပြီးကြပြီ ဖြစ်ရာ ၊ တက်လှမ်းရန်အတွက် အချိန်ပြဿနာသာ ဖြစ်ပေသည်။
နေအိမ်သို့ ပြန်ရောက်ပြီးနောက် ၊ ဝူဟောက်သည် ဇနီးဖြစ်သူ စူးချောင်ရန်ကို ရှာဖွေခဲ့သည်။
“ယောကျ်ား... ရှင်က ကျွန်မတို့ကို အပေါ်ခေါ်သွားပြီး ဝူမိသားစုအတွက် နေစရာရှာဖွေမလို့လား... “
စူးချောင်ရန်သည် သံသယဖြင့် မေးမြန်းလိုက်သည်။
ဝူဟောက်က ခေါင်းညိတ်ပြလိုက်သည်။
“ဟုတ်တယ်... အခု မင်းလည်း ဧကရာဇ်တစ်ပိုင်း အဆင့်ကို ရောက်နေပြီဆိုတော့ ကလေးတွေလည်း သိပ်မကြာခင် ဧကရာဇ်တစ်ပိုင်း အဆင့်ကို ရောက်လာကြတော့မှာပဲ... မဟာဧကရာဇ်အဆင့်ကို ဖောက်ထွက်ဖို့က ဘယ်လောက် ဝေးတော့လို့လဲ... တတ်လှမ်းဖို့ဆိုတာကလည်း အနှေးနဲ့အမြန် ဖြစ်လာမှာပါ ...ဒါ့ကြောင့် အထက်ကမ္ဘာမှာ ဝူမိသားစုရဲ့ ဌာနချုပ်ကို တည်ဆောက်ဖို့ မင်းကို အပေါ် အရင် ခေါ်သွားချင်တာ”
ဝူဟောက်တွင် ဤကဲ့သို့ အတွေးရှိရသည်မှာ လက်ရှိ အခြေအနေအရ ၊ စူးချောင်ရန်နှင့် သားဖြစ်သူသည် လူသားအင်မော်တယ် အဆင့်သို့ ဖောက်ထွက်သွားသည်နှင့် ဝူမိသားစု၏ အဓိက အင်အားစု အများစုသည် အထက်ကမ္ဘာသို့ ပြောင်းရွှေ့ရပေတော့မည်။ ထိုမတိုင်မီ သူသည် ဝူမိသားစုအတွက် သင့်လျော်မည့် နေထိုင်ရာနေရာများကို ပြင်ဆင်ထားရမည် ဖြစ်ပြီး ၊ အရေးအကြီးဆုံး အချက်မှာ လုံခြုံရေး ဖြစ်သည်။
ထိုစကားကို ကြားပြီးနောက် ၊ စူးချောင်ရန်သည် တွန့်ဆုတ်သွားသည်။
“ကျွန်မအတွက်က အဆင်ပြေပါတယ်... ဒါပေမဲ့ ကျွန်မကို အပေါ်ခေါ်သွားဖို့ ရှင် အတော်လေး ဒုက္ခများနေမှာပေါ့”
“ကိစ္စမရှိဘူး...လာ သွားကြစို့”
ဝူဟောက်သည် ဂရုမစိုက်ဟန်ဖြင့် လက်ဝှေ့ယမ်းပြလိုက်ပြီးနောက် ၊ စူးချောင်ရန်နှင့်အတူ ရွှမ်ထျန်းကမ္ဘာထဲမှ ပျောက်ကွယ်သွားလေတော့သည်။
အခန်း ၁၅၄ - သင်္ချိုင်းဖောက်ထွင်းသူ နှစ်ဦး
အချိန်များသည် လျင်မြန်စွာ ကုန်ဆုံးသွားပြီး ၊ တစ်နှစ်တာ ကာလသည် မျက်စိတစ်မှိတ်အတွင်း ကုန်လွန်သွားခဲ့သည်။
ဤတစ်နှစ်အတွင်း ဝူဟောက်နှင့် စူးချောင်ရန်တို့သည် အထက်ကမ္ဘာတွင် ဝူမိသားစုအတွက် သင့်လျော်သော နေထိုင်စရာ နေရာတစ်ခုကို ရှာဖွေနေခဲ့ကြသည်။ အထက်ကမ္ဘာ၌ သင့်လျော်သော နေရာတစ်ခု ရှာတွေ့နိုင်ရန် ဝူဟောက်သည် အချိန်အတော်လေး ပေးခဲ့ရသည်။
မြေနေရာများကို တစ်စုံတစ်ယောက်က နေရာယူထားပြီး ဖြစ်နေတတ်သလို၊ အချို့နေရာများကလည်း သွင်ပြင်လက္ခဏာ အနေအထားအရ အဆင်မပြေမှုများ ရှိနေတတ်သည်။
ဝူဟောက်ကဲ့သို့သော စွမ်းအားကြီးမားသော ပုဂ္ဂိုလ်တစ်ဦးအတွက် ဖုန်းရွှေဟူသည် အခြေအမြစ်မရှိသော စကားမဟုတ်ဘဲ လက်တွေ့ကျင့်သုံးသော အရာတစ်ခု ဖြစ်သည်။ ထို့ကြောင့် နေရာတစ်ခု၏ အပြင်အဆင်သည် ဝူဟောက်အတွက် အလွန်ပင် အရေးကြီးသည်။
“ယောကျ်ား... ကျွန်မတို့ တစ်နေရာရာကို ရိုးရိုးရှင်းရှင်းပဲ ရှာလိုက်ကြရင်ရော... ကျွန်မတို့ ဝူမိသားစုက အဲဒီလောက်ထိ ရွေးချယ်နေဖို့ မလိုပါဘူး”
စူးချောင်ရန်သည် တစ်ခဏမျှ တွန့်ဆုတ်သွားပြီးနောက် ပြောလိုက်သည်။
ထိုစကားကိုကြားပြီး ဝူဟောက်သည် သဘောတူသင့်၊ မတူသင့် တွေးတောနေမိသည်။ ဖုန်းရွှေကောင်းသော နေရာကို မရှာနိုင်ခြင်း မဟုတ်ဘဲ သူ၏ လိုအပ်ချက်များက မြင့်မားလွန်းနေခြင်းသာ ဖြစ်သည်။
အမှန်အားဖြင့် ၊ သူ ရှာတွေ့ထားသော နေရာများသည် အင်မော်တယ် အရှင်မြတ် အဆင့်ရှိသော အဖွဲ့အစည်းများအတွက် အတော်လေး ကောင်းမွန်သည်ဟု ဆိုရမည်။
သို့သော်လည်း ထိုအခိုက်အတန့်တွင် ဝူဟောက်သည် တစ်စုံတစ်ခုကို သတိပြုမိသွားပြီး အံ့အားသင့်သွားသည်။
စူးချောင်ရန်သည် ဝူဟောက်၏အမူအရာကို သတိပြုမိသွားပြီး အနည်းငယ် စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။
“ယောကျ်ား... ဘာဖြစ်လို့လဲ”
သွားကြစို့... မင်းကို တစ်နေရာရာကို အရင် ခေါ်သွားမယ်”
ထိုသို့ ပြောပြီးနောက် ဝူဟောက်သည် စူးချောင်ရန်နှင့်အတူ ပျောက်ကွယ်သွားသည်။
တစ်ချိန်တည်းမှာပင် ဝူဟောက်တို့အုပ်စုနှင့် ရွှမ်ထျန်းကမ္ဘာ သုံးရာခန့် ကွာဝေးသော နေရာရှိ တောင်ကြီးတစ်လုံး၏ အောက်တွင် မြေအောက် လိုဏ်ခေါင်းလမ်းများစွာ ပုန်းကွယ်နေသည်။ ၎င်းတို့သည် မြေအောက်လမ်းများ ဖြစ်သော်လည်း ၊ အလွန်ပင် ခမ်းနားထည်ဝါပြီး သာမန် နေရာများနှင့် မတူချေ။
ထိုမြေအောက် လိုဏ်ဂူထဲတွင် ခပ်ဝဝ လူတစ်ယောက်နှင့် တောင့်တင်းသန်မာသော လူတစ်ယောက်တို့သည် သတိကြီးစွာဖြင့် ရှေ့သို့ တိုးသွားနေကြသည်။
“တွမ့်သယ်... ငါတို့ ဒီနေရာကို သင်္ချိုင်းလာဖောက်တာ တကယ်ရော သင့်တော်ရဲ့လား”
ဝူယီဖန်သည် တစ်ခဏမျှ တွန့်ဆုတ်သွားပြီး မေးမြန်းလိုက်သည်။
သို့သော်လည်း တွမ့်သယ်သည် သူ့ရင်ဘတ်ကို ပုတ်ပြ၍ ဝူယီဖန်၏ စကားကို ထောက်ခံလိုက်သည်။
“ ညီအစ်ကို... ငါတို့ကို သင်္ချိုင်းဖောက်ထွင်းသူတွေလို့ ဘယ်လိုလုပ် သတ်မှတ်လို့ရမှာလဲ... ငါတို့က ကောင်းကင်ဘုံကိုယ်စား တာဝန်ထမ်းဆောင်နေတာလေ... လင်းမိသားစုက အလွန်တရာ မောက်မာပြီး ဗိုလ်ကျတတ်တာဆိုတော့ သူတို့ရဲ့ ဘိုးဘေးကြီးကလည်း လူကောင်းဖြစ်မှာ မဟုတ်ဘူး... အဲ့လို လူမျိုးကို ဘယ်လိုလုပ်ပြီး ငြိမ်းငြိမ်းချမ်းချမ်း အနားယူခွင့် ပေးလို့ရမလဲ... ပြီးတော့ လင်းမိသားစု ဘိုးဘေးကြီးဆီမှာ မြှုပ်နှံထားတဲ့ ရတနာတွေ အများကြီး ရှိရမယ်... အကယ်၍ ငါတို့သာ အဲ့တာတွေကို ရယူနိုင်ရင်.. ထောပြီပဲ “
ထိုသို့ပြောရင်း ၊ တွမ့်သယ်သည် တစ်စုံတစ်ခုကို တွေးမိသွားပုံရကာ အားရပါးရ ရယ်မောလိုက်သည်။ ဝူယီဖန်မှာ သက်ပြင်းချရုံမှတပါး ဘာမှမတတ်နိုင်တော့ဘဲ တွမ့်သယ်၏နောက်မှ လိုက်ပါလာခဲ့သည်။
လွန်ခဲ့သော ရက်ပိုင်းက ၊ ဝူယီဖန်သည် လီဖန်ထျန်းအား ရှေးဟောင်းကန္တာရ မြင့်မြတ်နယ်မြေထဲတွင် မိမိ၏ ကျင့်ကြံမှုအရှိန်သည် နှေးကွေးလွန်းသဖြင့် အတွေ့အကြုံ ရှာဖွေရန် အပြင်ထွက်ခွင့် တောင်းခံခဲ့သည်။
လီဖန်ထျန်းသည် သဘာဝကျကျပင် ဝူယီဖန်၏ တောင်းဆိုမှုကို ငြင်းဆန်မည် မဟုတ်ပေ။ ထို့ကြောင့် သူသည် သဘောတူခဲ့ပြီး ၊ ဝူယီဖန်ကို တိတ်တဆိတ် ကာကွယ်ပေးရန် အင်မော်တယ်ဧကရာဇ် အလယ်အလတ်အဆင့်ရှိ အစောင့်အရှောက် တစ်ဦးကို လျှို့ဝှက်စွာ ထားရှိပေးခဲ့သည်။
ဤကိစ္စနှင့်ပတ်သတ်၍ ၊ ဝူယီဖန်သည် လုံးဝမှ မသိရှိခဲ့ပေ။ လီကျန်းရန်ဟု အမည်ရသော ထိုအစောင့်အရှောက်သည် ဝူယီဖန်နှင့် တွမ့်သယ်တို့၏ အပြုအမူများကို လျှို့ဝှက်စွာဖြင့် စောင့်ကြည့်နေသည်။ သူတို့၏ သူတော်စင်ကို ဖျက်လို့ဖျက်ဆီးလုပ်နေသည့် တွမ့်သယ်ကို ရှင်းလင်းပစ်ရန် တွေးလိုက်မိသော်လည်း ခေါင်းယမ်းမိပြန်သည်။
လွန်ခဲ့သော အချိန်အနည်းငယ်က ၊ သူတော်စင်နှင့် တွမ့်သယ်တို့သည် လင်းမိသားစုနှင့် ရန်ငြိုးဖွဲ့ခဲ့သည့် ကိစ္စကို သူ သိထားသည်။ ဤသည်မှာ ဝူယီဖန်နှင့် တွမ့်သယ်တို့ အမဲလိုက်နေသော ရွှေအင်မော်တယ် အထွတ်အထိပ်အဆင့်ရှိ သားရဲ တစ်ကောင်နှင့် ပတ်သက်နေသည်။
အမှန်အားဖြင့် ၊ ဝူယီဖန်ကသာ အလုပ်လုပ်ခဲ့ရပြီး တွမ့်သယ်သည် ဘေးမှနေ၍ အားပေးရုံသာ ဖြစ်သည်။
ထို့နောက် လင်းမိသားစု၏ သခင်လေး ဖြစ်သူ လင်းရွှီခွင် ထွက်ပေါ်လာပြီး ၊ ထိုသားရဲကို သူ အရင် ပစ်မှတ်ထားခဲ့ခြင်း ဖြစ်ကြောင်း မောက်မာသော လေသံဖြင့် ပြောဆိုခဲ့သည်။
ဤသည်မှာ လေ့ကျင့်ရေး ခရီးစဉ်တစ်ခု ဖြစ်သောကြောင့် ဝူယီဖန်နှင့် တွမ့်သယ်တို့သည် သူတို့၏ အထောက်အထားကို ထုတ်ဖော် မပြောခဲ့ကြချေ။
လင်းမိသားစုနှင့် ပတ်သက်၍ ၊ သူတို့သည် အထက်ကမ္ဘာတွင် အင်မော်တယ် အရှင်မြတ် အများအပြား ရှိသော အတော်လေး အင်အားကြီးမားသည့် အဖွဲ့အစည်းတစ်ခု ဖြစ်သောကြောင့် ဝူယီဖန်နှင့် တွမ့်သယ်တို့သည် သူတို့နှင့် တိုက်ရိုက် မရင်ဆိုင်ခဲ့ပေ။
သို့သော်လည်း လင်းမိသားစုအပေါ် ကလဲ့စားချေလိုသည့် သူတို့၏စိတ်ဆန္ဒကိုတော့ မတားဆီးနိုင်ခဲ့ပေ။ ထို့ကြောင့် တွမ့်သယ်၏ အကြံပြုချက်အရ ၊ သူတို့ နှစ်ယောက်သည် မတော်တဆဖြင့် သေဆုံးသွားခဲ့သော လင်းမိသားစု၏ ဘိုးဘေးသင်္ချိုင်းကို ပစ်မှတ်ထားလိုက်ကြသည်။ လင်းမိသားစု၏ ဘိုးဘေးကြီး ဖြစ်သည့်အတွက် သူနှင့်အတူ မြှုပ်နှံထားသည့် ရတနာများစွာ ရှိပေလိမ့်မည်။
“ ဒါနဲ့ ဒီကောင် တွမ့်သယ်က အတော်လေး အရည်အချင်း ရှိတာပဲ... လင်းမိသားစု ဘိုးဘေးကြီးရဲ့ သင်္ချိုင်းထဲမှာ တားမြစ်ချက်တွေ အများကြီး ရှိနေတာတောင် အားလုံးကို ရှောင်ကွင်းသွားနိုင်ခဲ့တယ်...”
လီကျန်းရန်သည် အနည်းငယ် အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်သော်လည်း ၊ ဝင်ရောက် စွက်ဖက်ခြင်း မပြုခဲ့ချေ။
လင်းမိသားစု၏ သခင်လေးသည် သူတို့ ရှေးဟောင်းကန္တာရ မြင့်မြတ်နယ်မြေ၏ သူတော်စင်ကို ဤကဲ့သို့ ဆက်ဆံပြုမှုဝံ့သည်။ သူ၏ အမြင်တွင် ဤသည်မှာ သေဒဏ်ပေးရန်ပင် ထိုက်တန်သည်။ သို့သော်လည်း ဤကိစ္စသည် သူတော်စင်၏ ကိစ္စဖြစ်နေပြီး ၊ သူတော်စင်ဘက်မှ မည်သည့်သဘောထားမှ ဖွင့်ဟခြင်းမရှိသဖြင့် သူသည် လင်းမိသားစုတစ်ခုလုံးကို မျိုးမဖြုတ်ပစ်ခဲ့ခြင်း ဖြစ်သည်။
တဖက်လူတွင် အင်မော်တယ် အရှင်မြတ်များစွာ ရှိသော်လည်း၊ သို့သော် အင်မော်တယ် ဧကရာဇ် တစ်ပါး၏ ရှေ့တွင် ၎င်းတို့သည် အနည်းငယ် ပို၍ သန်မာသော ပုရွက်ဆိတ်များသာ ဖြစ်သည်။
တွမ့်သယ်၏ ဦးဆောင်မှုဖြင့် ဝူယီဖန်သည် တားမြစ်ချက်များကို ရှောင်ကွင်း၍ လင်းမိသားစု ဘိုးဘေး၏ သင်္ချိုင်းဆီသို့ ချဉ်းကပ်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် ၊ ဝူဟောက်ကလည်း စူးချောင်ရန်ကို ဤနေရာသို့ လျှို့ဝှက်စွာ ခေါ်ဆောင်လာခဲ့သည်။
စူးချောင်ရန်သည် ဝူယီဖန်ကို ချက်ချင်း မြင်လိုက်ရသောကြောင့် အနည်းငယ် အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။
“ ဒါက ယီဖန် မဟုတ်လား... သူက ဘာလုပ်နေတာလဲ”
“ ဘာမှမလုပ်ပါဘူး... သင်္ချိုင်းလာဖောက်နေတာလေ”
ဝူဟောက်သည် ဂရုမစိုက်ဟန်ဖြင့် ပခုံးတွန့်ကာ ပြန်ဖြေလိုက်သည်။ ထိုအဖြေကို ကြားပြီးနောက် စူးချောင်ရန်၏ အမူအရာမှာ အနည်းငယ် ပြောင်းလဲသွားသည်။
မည်သို့ပင်ဆိုစေကာမူ ၊ သူမ၏ ဝူမိသားစုဝင် တစ်ယောက်သည် သင်္ချိုင်းဖောက်ထွင်းခြင်းကဲ့သို့သော ဆိုးရွားသည့် ကိစ္စတွင် မည်သို့ ပတ်သက်နေရသနည်း။
သို့သော်လည်း ဝူဟောက်သည် အကြောင်းရင်းကို သိထားပြီးဖြစ်သဖြင့် သိပ်ပြီး ဂရုမစိုက်ခဲ့ချေ။
ထိုအဖြစ်အပျက်၏ အကြောင်းရင်းကို ကြားသိပြီးနောက် ၊ စူးချောင်ရန်သည် ခြေဆောင့်ရုံမှလွဲ၍ ဘာမှမတတ်နိုင်ခဲ့ပေ။
“ လင်းမိသားစုရဲ့ သခင်လေးက အရမ်း မောက်မာပြီး ဗိုလ်ကျလွန်းတယ်... ယီဖန် လုပ်တာ မှန်တယ်... ကျွန်မသာဆိုရင် လင်းမိသားစုကို မျိုးဖြုတ်ပစ်တာ ကြာလှပြီ”
“ ဟား...မင်းမှာ အဲ့လိုစွမ်းရည် ရှိလို့လား”
“ ကျွန်မမှာ ရှင် ရှိတယ်လေ မဟုတ်လား”
စူးချောင်ရန်သည် ဝူဟောက်ကို ကြည့်၍ လေးနက်စွာ ပြန်ပြောလိုက်သည်။
ဤကာလအတွင်း ဝူဟောက်သည် မည်မျှ စွမ်းအားကြီးမားကြောင်းကို သူမကိုယ်တိုင် မြင်တွေ့ခဲ့ပြီး ဖြစ်သည်။ အကယ်၍ ဝူဟောက်သည် သူမအား အင်မော်တယ်ဧကရာဇ်ပင် သူ၏ ပြိုင်ဘက် မဟုတ်ကြောင်း ပြောလာခဲ့မည်ဆိုတောင် ၊ သူမသည် တွန့်ဆုတ်ခြင်းမရှိ ယုံကြည်မည် ဖြစ်သည်။
“ဒါပေမဲ့ ယီဖန်က ရှေးဟောင်းကန္တာရ မြင့်မြတ်နယ်မြေရဲ့ သူတော်စင်လေ... ရှေးဟောင်းကန္တာရ မြင့်မြတ်နယ်မြေက လူတွေက ယီဖန်ကို ခုလို တစ်ယောက်တည်း အပြင်ထွက်ခွင့် ပေးတာ...အတော်လေး စိတ်ချလက်ချ ရှိနေကြတာပဲ “
စူးချောင်ရန်သည် တစ်စုံတစ်ခုကို သတိရသွားကာ မကျေနပ်သော လေသံဖြင့် ညည်းညူလိုက်သည်။
ရှေးဟောင်းကန္တာရ မြင့်မြတ်နယ်မြေရှိ ဝူယီဖန်၏ အဆင့်အတန်းအရ ၊ ရှေးဟောင်းကန္တာရ မြင့်မြတ်နယ်မြေသည် ဝူယီဖန်အတွက် အစောင့်အရှောက် မပေးဘဲ နေမည်မဟုတ်ကြောင်း ဝူဟောက်အနေဖြင့် သဘာဝကျကျပင် သိရှိထားသည်။
ထို့ကြောင့် ဤနေရာသို့ ရောက်ရှိပြီးနောက် ဝူဟောက်သည် မနီးမဝေးတွင် ပုန်းကွယ်နေသော သန်မာလှသည့် ချီအငွေ့အသက် တစ်ခုကို ခံစားမိခဲ့သည်။ ၎င်းသည် ဝူယီဖန်၏ အစောင့်အရှောက် ဖြစ်မည်မှာ သေချာသည်။
သို့သော်လည်း တစ်ဘက်လူသည် ဝူဟောက်၏ တည်ရှိနေမှုကို သတိမပြုမိသဖြင့် ဝူဟောက်သည် လူလုံးထွက်ပြရန် ရည်ရွယ်ချက် မရှိခဲ့ချေ။
အစောင့်အရှောက်ထံမှ အကြည့်ကို လွှဲဖယ်လိုက်ပြီး ၊ ဝူဟောက်သည် ဝူယီဖန်၏ ဘေးနားရှိ တွမ့်သယ်ကို ကစားလိုသော အမူအရာဖြင့် စိုက်ကြည့်လိုက်သည်။
“ ဒီကောင်လေးဆီမှာ နတ်ဘုရား မှော်လက်နက် ရှိနေလိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး... ခဏလောက် ငှားသုံးရမယ်... ဝူမိသားစု အခြေချဖို့ သင့်တော်တဲ့ နေရာရှာဖို့အတွက် အဲ့တာက အကူအညီ ဖြစ်လောက်တယ်”
အခြားတစ်ဘက်တွင်မူ ၊ တွမ့်သယ်က အကြောင်းပြချက် မရှိ ကျောချမ်းသွားပြီး ၊ အလွန် ကြောက်မက်ဖွယ် ကောင်းသော အရာတစ်ခုက သူ့ကို စောင့်ကြည့်နေသကဲ့သို့ ခံစားလိုက်ရသည်။
သို့သော်လည်း သူသည် အလျင်အမြန် ခေါင်းယမ်းလိုက်သည်။ သူ့တွင် နတ်ဘုရား မှော်လက်နက်၏ အကာအကွယ် ရှိနေပြီး ၊ ရှေးဟောင်းကန္တာရ မြင့်မြတ်နယ်မြေ၏ သူတော်စင်ကလည်း သူ့ဘေးနားတွင် ရပ်နေသည်။ လင်းမိသားစုက သိသွားခဲ့မည်ဆိုတောင် ၊ သူတို့ကို ရန်ရှာရဲမည် မဟုတ်ပေ။
မည်သို့ပင်ဆိုစေကာမူ ၊ လင်းမိသားစုသည် အင်အားကြီးမားသော်လည်း ရှေးဟောင်းကန္တာရ မြင့်မြတ်နယ်မြေနှင့် ယှဉ်လျှင် အမှိုက်သာသာမျှသာ ဖြစ်သည်။
“ လင်းမိသားစု ဘိုးဘေးကြီးရဲ့ အုတ်ဂူမှာ မြှုပ်နှံထားတဲ့ ရတနာတွေကို ရလိုက်တာနဲ့ .. လင်းမိသားစုကို ရင်နာအောင် လုပ်နိုင်ရုံသာမက ချမ်းသာတော့မယ်... အဲ့တော့ ဘာလို့ မလုပ်နိုင်ရမှာလဲ “
ထိုသို့ တွေးရင်း ၊ တွမ့်သယ်နှင့် ဝူယီဖန်တို့သည် လင်းမိသားစု ဘိုးဘေးကြီး၏ သင်္ချိုင်းဂူသို့ ရောက်ရှိလာခဲ့ကြသည်။