အခန်း (၁၅၅-၁၅၆)
Vol. 16 Ch. 155-156
အခန်း (၁၅၅) - သင်္ချိုင်းဖောက်ခြင်း
လင်းမိသားစု ဘိုးဘေးကြီး၏ သင်္ချိုင်းသို့ ရောက်ရှိသွားသောအခါ ဝူယီဖန်သည် ခေါင်းတလား အဖုံးကို ဖွင့်ရန် ရည်ရွယ်လိုက်သော်လည်း တွမ့်သယ်က သူ့ကို တားဆီးလိုက်သည်။
ဝူယီဖန်၏ နားမလည်ဟန်ရသော အမူအရာကြောင့် တွမ့်သယ်သည် သေချာသော လေသံဖြင့် အလျင်အမြန်ပင် ပြောလိုက်သည်။
“ သင်္ချိုင်းဖောက်ထွင်းတဲ့ ငါ့ရဲ့ နှစ်ပေါင်းများစွာ အတွေ့အကြုံတွေအရ ၊ လင်းမိသားစု ဘိုးဘေးကြီးရဲ့ ခေါင်းတလားမှာ တားမြစ်ချက်တစ်ခု ရှိနိုင်နေတယ်… အဲ့တာကို ဖွင့်လိုက်တာနဲ့ လင်းမိသားစုက သတင်းရသွားလိမ့်မယ်… အဲ့အခါကျရင် ငါတို့ လွတ်မြောက်ဖို့ အတော်လေး ခက်ခဲသွားလိမ့်မယ်”
“ဒါဆို မင်း ဘယ်လို လုပ်ဖို့ စီစဉ်ထားလဲ”
ဝူယီဖန်သည် စပ်စုလိုစိတ်ဖြင့် မေးလိုက်သည်။
ထိုစကားကို ကြားသည်နှင့်၊ တွမ့်သယ်၏ အမူအရာသည် လေးနက်သွားပြီး ဆိုးသွမ်းသော အပြုံးဖြင့် ပြောလိုက်သည်။
“ ရိုးရိုးသားသား ပြောရရင် ၊ ငါက တားမြစ်ချက်တွေကို ရှောင်ကွင်းပြီး ပိတ်ဆို့ထားနိုင်တဲ့ ရတနာတစ်ခုကို ရခဲ့ဖူးတယ်… ဒါပေမဲ့ အဲ့တာက အချိန်အကန့်အသတ် ရှိတယ်… ဒါကြောင့် ခေါင်းတလားထဲက တားမြစ်ချက်တွေကို ငါက ပိတ်ဆို့လိုက်တာနဲ့ …သူတော်စင် မင်းက ခေါင်းတလားကို ဖွင့်ပြီး အထဲက ရတနာတွေ အားလုံးကို အမြန်ဆုံး ယူလိုက်…”
“ ပြီးတာနဲ့ လင်းမိသားစု သံသယ မဝင်အောင်လို့ ငါက ခေါင်းတလားကို ပြန်ပိတ်ထားခဲ့မယ်… လင်းမိသားစုအနေနဲ့ သေချာပေါက် ဒီကိစ္စကို သိမယ်ဆိုပေမဲ့ အချိန်စောတာနဲ့ နောက်ကျတာပဲ ကွာလိမ့်မယ်… လင်းမိသားစု ဘိုးဘေးကြီးရဲ့ ရတနာတွေကို ရပြီးတာနဲ့ ငါတို့ ဒီနေရာကနေ အမြန်ဆုံး ထွက်ခွာကြမယ် “
ထိုစကားများကို ကြားပြီးနောက် ၊ ဝူယီဖန်သည် ခေါင်းညိတ် သဘောတူလိုက်သည်။
ထို့နောက် တွမ့်သယ်သည် သူ၏ သိုလှောင်ကွင်းထဲမှ တောက်ပနေသော အပြာရောင် ပုလဲလုံးတစ်လုံးကို ထုတ်ယူလိုက်သည်။ နောက်အခိုက်အတန့်တွင် ပုလဲလုံးကို အသက်သွင်းလိုက်ရာ ၊ ပုလဲလုံးသည် လင်းမိသားစု ဘိုးဘေးကြီး၏ ခေါင်းတလားအထက်၌ မျောလွင့်နေသည်။ ထို့နောက် ပုလဲလုံးထဲမှ အပြာရောင် အလင်းတန်းတစ်ခု ကျဆင်းလာကာ ခေါင်းတလားထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားခဲ့သည်။
“သူတော်စင်… အခုပဲ”
တွမ့်သယ် ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ဝူယီဖန်သည် အလျင်အမြန် လုပ်ဆောင်လိုက်ပြီး ၊ လင်းမိသားစု ဘိုးဘေးကြီး၏ ခေါင်းတလားအဖုံးကို ရုတ်တရက် မ လိုက်သည်။
လင်းမိသားစု၏ ဘိုးဘေးကြီးဆိုသည့်အတိုင်း သာမန် ပုဂ္ဂိုလ် မဟုတ်ချေ။ ဤလင်းမိသားစု ဘိုးဘေးကြီးသည် အင်မော်တယ် ဧကရာဇ် အထွတ်အထိပ် အဆင့်ရှိသူတစ်ဦး ဖြစ်သည်။ သူ၏ မတော်တဆ သေဆုံးမှုကြောင့်သာ ဤနေရာတွင် မြှုပ်နှံခံထားရခြင်း ဖြစ်သည်။
ခေါင်းတလား အဖုံးကို ဖွင့်လိုက်ချိန်တွင် ၊ ဝူယီဖန်၏ ရှေ့တွင် အသက်ဝင်နေသကဲ့သို့ ရှိသော ရုပ်အလောင်းတစ်ခု၊ အဆင့်မြင့် အင်မော်တယ် ပုံဆောင်ခဲ အမြောက်အမြားနှင့် အဆင့် ၅ အင်မော်တယ်ဘုရင် မှော်လက်နက် တစ်ခုကို မြင်တွေ့လိုက်ရသည်။
ဝူယီဖန်သည် အင်မော်တယ် ပုံဆောင်ခဲများနှင့် အင်မော်တယ်ဘုရင် မှော်လက်နက်ကို ချက်ချင်း ကောက်ယူကာ သူ၏ သိုလှောင်ကွင်းထဲသို့ သိမ်းဆည်းလိုက်သည်။
ဝူယီဖန်သည် ဤအရာများ အားလုံးကို လုပ်ဆောင်ပြီးသွားသည်နှင့် ၊ တွမ့်သယ်သည် ဝူယီဖန်ကို မျက်စိတစ်ချက် မှိတ်ပြလိုက်သည်။ တွမ့်သယ်သည် ပုလဲလုံးကို ပြန်သိမ်းလိုက်ပြီး ၊ ထို့နောက် သူတို့ နှစ်ယောက်သည် သင်္ချိုင်းထဲမှ တန်းတန်းမတ်မတ် ထွက်ခွာလာခဲ့ကြသည်။
“စိတ်ဝင်စားစရာပဲ… ဒီတွမ့်သယ်က အတော်လေး စိတ်ဝင်စားစရာ ကောင်းတာပဲ… အဲ့ပုလဲလုံးကို ငါတောင် ဖောက်ထွင်းမမြင်နိုင်ဘူး… ဒါပေမဲ့ ထားလိုက်ပါတော့လေ… မျိုးဆက်သစ် လူငယ်တစ်ယောက် ပိုင်ဆိုင်တဲ့ အရာတစ်ခု ဖြစ်သလို ၊ သူတော်စင်ရဲ့ လူလည်း ဖြစ်နေတယ်… ငါက မျိုးဆက်သစ်လူငယ် တစ်ယောက်ဆီကနေ ဘယ်လိုလုပ် ပစ္စည်းကို လုရက်နိုင်မှာဘဲ “
လီကျန်းရန်သည် တွမ့်သယ်၏ ပုလဲလုံးကို မြင်ပြီး သူ၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားသော်လည်း၊ အလျင်အမြန်ပင် ခေါင်းယမ်းကာ လုယူမည့် အကြံအစည်ကို လက်လျှော့လိုက်သည်။
ထိုပုလဲလုံးသည် အမှန်တကယ် ထူးခြားသော်လည်း သူ့အတွက် သိပ်အသုံးမဝင်ချေ။ မည်သို့ပင်ဆိုစေကာမူ ၊ သူသည် အင်မော်တယ် ဧကရာဇ် အလယ်အလတ်အဆင့်ရှိသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပြီး အထက်ကမ္ဘာတွင် လက်လှမ်းမမီနိုင်လောက်အောင် အစွမ်းထက်သူ ဖြစ်သည်။
ဝူဟောက်သည် တွမ့်သယ် ထုတ်ယူလိုက်သော ပုလဲလုံးကို မြင်ပြီး သူ၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားသည်။ တွမ့်သယ်၏ ပုလဲလုံးပေါ်မှ မျဲ့ကျင့် ဆန်းကြယ်ပုလဲကဲ့သို့ တူညီသော အငွေ့အသက်ကို သူ ခံစားလိုက်ရသည်။ ဆိုလိုသည်မှာ တွမ့်သယ်၏ လက်ထဲက ပုလဲလုံးသည် အနည်းဆုံး နတ်ဘုရား မှော်လက်နက် တစ်ခု ဖြစ်နိုင်သည်။
“ငါ အဲ့တာကို ရအောင် ယူဖို့ နည်းလမ်း ရှာရမယ်… ပြီးတော့ အဲ့ပုလဲလုံးက တားမြစ်ချက်ကို ချိုးဖျက်နိုင်တဲ့ စွမ်းရည် ရှိရုံသာမကဘဲ ဖုန်းရွှေ အနေအထားကို စစ်ဆေးနိုင်တဲ့ အာနိသင်လည်း ရှိသေးတယ်… အကယ်၍ ငါသာ အဲ့တာကို ရယူနိုင်ရင် သင့်တော်တဲ့ နေရာကို တိုက်ရိုက် ရှာတွေ့နိုင်ပြီ”
ဝူဟောက်သည် သူ့ဘာသာ တွေးလိုက်မိသည်။
အခြားတစ်ဘက်တွင်မူ ၊ ဝူယီဖန်နှင့် တွမ့်သယ်တို့ ထွက်သွားပြီး နှစ်မိနစ်ခန့် အကြာတွင် လင်းမိသားစု၌ လင်းမိသားစု ခေါင်းဆောင် လင်းထျန်းအန်၏ အမူအရာသည် ပြောင်းလဲသွားပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။
“ ဒုက္ခပါပဲ… ဘိုးဘေးကြီးရဲ့ သင်္ချိုင်းဂူ ဖောက်ထွင်းခံလိုက်ရပြီ”
လင်းထျန်းအန်၏ စကားဆုံးသည်နှင့် ၊ လင်းမိသားစုမှ အင်မော်တယ် ဧကရာဇ် အဆင့်ရှိ သန်မာလှသော ပုဂ္ဂိုလ်များစွာသည် လင်းမိသားစု ဘိုးဘေးကြီး၏ သင်္ချိုင်းဂူဆီသို့ အပြေးအလွှား ရောက်ရှိလာကြသည်။
ဝူယီဖန်နှင့် တွမ့်သယ်တို့သည် သင်္ချိုင်းဂူမှ အနည်းငယ် နှေးကွေးသော အရှိန်ဖြင့် ထွက်ခွာလာခဲ့ကြသည်။ သို့သော်လည်း သူတို့အရှိန်သည် နှေးကွေးသည်ဟု မဆိုနိုင်ပေ။
အထူးသဖြင့် တွမ့်သယ်၏ အရှိန်သည် ဝူယီဖန်ကိုပင် အထင်ကြီးသွားစေသည်။ သူသည် လူသားအင်မော်တယ် အဆင့်သာ ဖြစ်သော်လည်း ၊ သူ၏ ထွက်ပြေးသော အရှိန်နှုန်းသည် ရွှေအင်မော်တယ် အဆင့်နှင့်ပင် နှိုင်းယှဉ်နိုင်သည်။
ဝူယီဖန်သည် စစ်မှန်အင်မော်တယ် အဆင့်ရှိစွမ်းအင်ကို ပိုင်ဆိုင်ထားသည်။ သူ၏ ခိုင်မာလှသော အခြေခံအုတ်မြစ်ကြောင့် သူ၏ အရှိန်သည် ရွှေအင်မော်တယ် အထွတ်အထိပ် အဆင့်ထက်ပင် ပို၍ မြန်ဆန်သည်။
သူတို့ နှစ်ဦးသည် လင်းမိသားစု ဘိုးဘေးကြီး၏ သင်္ချိုင်းဂူမှ အတော်လေး ဝေးကွာသော နေရာသို့ ရောက်ရှိသွားသော်လည်း ၊ ထိုနေရာမှ လာသော ဒေါသတကြီး အော်ဟစ်သံများကို ကြားနေရဆဲ ဖြစ်ကာ သူတို့၏ ကျောရိုးတစ်လျှောက်လုံးကို အေးစက်သွားစေသည်။
အကယ်၍ သူတို့သာ ထိုနေရာတွင် ဆက်နေခဲ့မည်ဆိုပါက ၊ လင်းမိသားစုမှ ထိုအရူးများသည် သူတို့ကို ဘာလုပ်ပစ်နိုင်မှန်း မသိနိုင်ချေ။
“သူတော်စင်… မင်းရဲ့ အဆင့်အတန်းက ပိုမြင့်ပေမဲ့ ဒီတစ်ကြိမ်မှာ ငါကလည်း တာဝန်ကို ခွဲယူခဲ့တာဆိုတော့ ရလာတာကို အချိုးညီညီ ခွဲဝေဖို့ မင်းမှာ ဘာကန့်ကွက်စရာမှ မရှိဘူးမလား”
တွမ့်သယ်သည် မျှော်လင့်ချက်များ၊ စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်နေသော အကြည့်များဖြင့် ဝူယီဖန်ကို ကြည့်ကာ ပြောလိုက်သည်။
“ အဲ့တာက အင်မော်တယ်ဘုရင် မှော်လက်နက်လေ… အကယ်၍ အဲ့တာကိုသာ ရောင်းလိုက်ရင် လျိုထျန်းရွှေအင်မော်တယ် အဆင့်အတွက် မလုံလောက်ရင်တောင်မှ အနည်းဆုံးတော့ ရွှေအင်မော်တယ် အဆင့်အတွက် ကျင့်ကြံရင်းမြစ်တွေ လုံလောက်သွားပြီ”
ဤကိစ္စနှင့် ပတ်သက်၍ ဝူယီဖန်သည် ကန့်ကွက်စရာ မရှိပေ။ အဘယ်ကြောင့်ဆိုသော် သူသည် ဤကဲ့သို့သော အရာများကို ဂရုမစိုက်သောကြောင့် ဖြစ်သည်။
သို့သော်လည်း တွမ့်သယ်သည် ဝူယီဖန်ထံမှ ခိုးယူလာသော ပစ္စည်းများကို ယူရန် ဟန်ပြင်လိုက်စဉ် ၊ တစ်စုံတစ်ခုကို မြင်လိုက်ရပြီး ဝူယီဖန်ကို သူ့နောက်တွင် ထားကာ ရှေ့သို့ အလွန် လေးနက်သော အမူအရာဖြင့် ကြည့်လိုက်သည်။
တွမ့်သယ်၏ လုပ်ရပ်ကို မြင်လိုက်ရသည်နှင့် ၊ ဝူယီဖန်၏ နှလုံးသားမှာ လေးလံသွားပြီး ချက်ချင်း တိုက်ခိုက်ရန် ဟန်ပြင်လိုက်သည်။ သို့သော်လည်း ထိုပုံရိပ် နှစ်ခုကို မြင်လိုက်ရချိန်တွင် ဝူယီဖန်မှာ နောက်ဆုံးတွင် စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းတစ်ချက် ချလိုက်သည်။
“သူတော်စင်… သတိထား… ဒီနှစ်ယောက်က အရမ်း သန်မာတယ်… လင်းမိသားစုက လွှတ်လိုက်တာ ဖြစ်ရမယ်… လင်းမိသားစုက ငါတို့ဆီကို ဒီလောက်ထိ မြန်မြန်ဆန်ဆန် ရောက်လာလိမ့်မယ်လို့ ထင်မထားဘူး”
တွမ့်သယ်သည် လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။ ဝူဟောက်နှင့် စူးချောင်ရန်တို့ကို မြင်လိုက်ရသည့် အခိုက်အတန့်မှာပင် ၊ သူသည် ထိုလူနှစ်ဦးကို ဖောက်ထွင်းမမြင်နိုင်ခဲ့ချေ။
ဆိုလိုသည်မှာ ဝူဟောက်နှင့် စူးချောင်ရန်တို့သည် အနည်းဆုံး လျိုထျန်းရွှေအင်မော်တယ် အဆင့်တွင် ရှိနိုင်သည်။
“ ဒီကိစ္စကို ဒီလောက်ထိ ဆိုးဆိုးရွားရွား ဖြစ်အောင် လုပ်မိလိမ့်မယ်လို့ ငါ ထင်မထားမိဘူး”
တစ်ချိန်တည်းမှာပင် ၊ အနီးအနားတွင် ပုန်းကွယ်နေသော လီကျန်းရန်မှာလည်း ရုတ်တရက် ထွက်ပေါ်လာသော ဝူဟောက်နှင့် စူးချောင်ရန်တို့ကို မြင်ပြီး အလွန်အမင်း အံ့အားသင့်နေသည်။
အဘယ်ကြောင့်ဆိုသော် သူသည် ဝူဟောက်နှင့် စူးချောင်ရန်တို့၏ တည်ရှိမှုကို နည်းနည်းလေးမှ သတိမထားမိခဲ့သောကြောင့် ဖြစ်သည်။
“ ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ… ငါက အင်မော်တယ် ဧကရာဇ်လေ… အင်မော်တယ် ဧကရာဇ် နှောင်းပိုင်းအဆင့်ရှိတဲ့ ငါက ကိုယ့်ဘေးနားမှာ လူတစ်ယောက်လုံး ရောက်လာတာကို မသိဘူးတဲ့လား “
လီကျန်းရန်မှာ အံ့အားသင့်နေပြီး ၊ မိမိ၏ သူတော်စင်ကို ကာကွယ်ရန် ဝင်ရောက်စွက်ဖက်သင့်၊ မသင့် စဉ်းစားနေစဉ်မှာပင် ဝူယီဖန်၏စကားကို ကြားလိုက်ရသည်။
“ ဘိုးဘေး ဒီနေရာမှာ ဘာလာလုပ်တာလဲ”
“ ဘိုးဘေး”
ဝူယီဖန်၏ စကားကို ကြားပြီးနောက် ၊ တွမ့်သယ်နှင့် လီကျန်းရန်တို့မှာ မယုံနိုင်အောင်ပင် ဖြစ်ခဲ့ရသည်။ သူတို့ရှေ့မှ သန်မာလှသော ဤပုဂ္ဂိုလ်သည် ဝူယီဖန်၏ ဘိုးဘေးကြီး ဖြစ်နေလိမ့်မည်ဟု လုံးဝမှ မျှော်လင့်မထားခဲ့ကြချေ။
လီကျန်းရန်သည် ရွှမ်ထျန်းကမ္ဘာသို့ သွားရောက်စဉ်က ၊ လီဖန်ထျန်းနှင့်အတူ ဝူမိသားစုသို့ သွားရောက်ခဲ့ခြင်း မရှိသောကြောင့် ဝူဟောက်သည် မိမိတို့ သူတော်စင်၏ ဘိုးဘေးတစ်ပါး ဖြစ်နေမှန်း မသိနိုင်ခဲ့ပေ။
ဝူဟောက်သည် သူတော်စင်၏ ဘိုးဘေးကြီးဖြစ်မှန်း သိပြီးနောက်မှသာလျှင် ၊ လီကျန်းရန်ခမျာ သက်ပြင်းချနိုင်သွားတော့သည်။ သို့မဟုတ်ပါက၊ သူသည် သူ့ကိုယ်ပိုင် အရှင်သခင်ကိုပင် လှမ်းခေါ်မိနိုင်သည်။
“ အင်း… ငါတို့ ဝူမိသားစု အထက်ကမ္ဘာမှာ အခြေချဖို့အတွက် နေရာရှာဖို့ ချောင်ရန်နဲ့ ငါ အထက်ကမ္ဘာကို တက်လာတာလေ”
ဝူဟောက်သည် ခေါင်းညိတ်လိုက်ပြီး သူ၏ ရည်ရွယ်ချက်ကို ထုတ်ဖော် ပြောကြားခဲ့သည်။
ထိုစကားများကို ကြားသည်နှင့် ဝူယီဖန်၏ မျက်လုံးများသည် အရောင်လက်သွားသည်။ ဘိုးဘေးဖြစ်သူ၏ စကားအရ ၊ လင်းဇီရှင်းနှင့် တုံအာတို့သည်လည်း သိပ်မကြာခင် အထက်ကမ္ဘာကို တက်လှမ်းလာတော့မည် မဟုတ်လော။
ဤသို့ တွေးမိရင်း ၊ ဝူယီဖန်သည် ချက်ချင်း စိတ်ဝင်စားသွားပြီး လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။
“ဘိုးဘေး… ဒီကိစ္စအတွက် ကျွန်တော့်ဆီ လာတာ မဟုတ်လား… ကျွန်တော့်ကိုသာ လွှဲထားလိုက်… ကျွန်တော်တို့ ဝူမိသားစုအတွက် သင့်တော်တဲ့ နေရာကောင်းတစ်ခုကို ကျွန်တော် သေချာပေါက် ရှာပေးမယ်”
အခန်း (၁၅၆) - ကံကြမ္မာဖုံးကွယ် ဆန်းကြယ်ပုလဲ
“မဟုတ်ဘူး… မဟုတ်ဘူး… … ငါ့ရဲ့ ပစ်မှတ်က မင်းတို့ အားလုံးပဲ… မင်း တစ်ယောက်တည်း မဟုတ်ဘူး”
ဝူဟောက်သည် ဖြည်းညင်းစွာ ခေါင်းယမ်းလိုက်သည်။ တွမ့်သယ်မှာ ဘာတွေ ဖြစ်ပျက်နေသည်ကို မသိသေးသော်လည်း ၊ ဝူယီဖန်သည် ဘိုးဘေးဖြစ်သူ၏ ရည်ရွယ်ချက်ကို သိရှိသွားပြီ ဖြစ်သဖြင့် တွမ့်သယ်ကို ကြည့်ကာ မတတ်သာသည့်ဟန်ဖြင့် သက်ပြင်းချလိုက်သည်။
“ တွမ့်သယ်… ဘိုးဘေးကြီးက မင်းအတွက် လာတာ… ပြင်ဆင်ထားလိုက်တော့”
တွမ့်သယ်: ???
တွမ့်သယ် စကားမပြောနိုင်မီမှာပင် ၊ ဝူဟောက်က အရင် ပြောလိုက်သည်။
“ မိတ်ဆွေလေး… အစောက မင်းဆီမှာ ရှိနေတဲ့ ပစ္စည်းလေးကို ခဏလောက် ငှားလို့ရမလား”
ဝူဟောက်၏ စကားကို ကြားလိုက်ရချိန်တွင် တွမ့်သယ်၏ မျက်နှာသည် ချက်ချင်း ဖြူဖပ်ဖြူရော် ဖြစ်သွားပြီး အားတင်းပြုံးကာ ပြောရှာလေသည်။
“ စီနီယာ… စီနီယာက အရမ်း သန်မာတာပဲ… ကျွန်တော့် ပစ္စည်းကို မျက်စိကျမှာ မဟုတ်ပါဘူး”
“မင်း ဘယ်လို ထင်လို့လဲ”
ဝူဟောက်သည် တွမ့်သယ်ကို မပြုံးတပြုံး ကြည့်လိုက်ရာ ၊ တွမ့်သယ်၏ နှလုံးသားမှာ ဒိန်းခနဲ့ ဆောင့်ခုန်သွားသည်။ လက်ရှိတွင် သူ၏ စိတ်ထဲ၌ အကောင်းနှင့် အဆိုးကို အသည်းအသန် ခွဲခြမ်းစိတ်ဖြာ ချိန်ဆနေမိသည်။
တဖက်လူကို တိုက်ခိုက်ရန်မှာ မဖြစ်နိုင်ကြောင်း သိသာထင်ရှားနေပြီး ၊ အကယ်၍ သူသည် ထွက်ပြေးရန် ကြိုးစားပါက ၊ ဝူယီဖန်ကို ဘေးဖယ်ထားဦး ဝူဟောက်၏လက်မှ လွတ်နိုင်မည်မထင်။
တွမ့်သယ်သည် ကံကြမ္မာဖုံးကွယ် ဆန်းကြယ်ပုလဲကို လွှဲပြောင်းပေးရုံမှတပါး ရွေးချယ်စရာ မရှိတော့ကြောင်း အလျင်အမြန် ကောက်ချက်ချလိုက်သည်။ ယခုအခါ သူ့ညီနောင်၏ ဘိုးဘေးကြီးသည် ကံကြမ္မာဖုံးကွယ် ဆန်းကြယ်ပုလဲကို အသုံးပြုပြီးပါက သူ့ထံ ပြန်ပေးရန်သာ ဆုတောင်းနိုင်တော့သည်။
“စီနီယာ… စီနီယာ သုံးပြီးသွားရင် ကျွန်တော့်ကို ပြန်ပေးရမယ်နော်”
ဝမ်းနည်းပူဆွေးနေသော မျက်နှာဖြင့် တွမ့်သယ်သည် ကံကြမ္မာဖုံးကွယ် ဆန်းကြယ်ပုလဲကို ဝူဟောက်ထံ ကမ်းပေးလိုက်သည်။
ဝူဟောက်သည် လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်သည်။
“ ကြည့်ရသေးတာပေါ့”
ထိုသို့ ပြောပြီးနောက် ၊ ဝူဟောက်သည် ကံကြမ္မာဖုံးကွယ် ဆန်းကြယ်ပုလဲ၏ လုပ်ဆောင်ချက်များကို စတင် လေ့လာကြည့်ရာ ၊ မကြာမီမှာပင် ၎င်း၏ လုပ်ဆောင်ချက်များနှင့် အာနိသင်များကို အတော်လေး နားလည်သွားသည်။
ထို့နောက် သူသည် ကံကြမ္မာဖုံးကွယ် ဆန်းကြယ်ပုလဲကို စတင် ကိုင်တွယ် အသုံးပြုလိုက်သည်။ ကံကြမ္မာဖုံးကွယ် ဆန်းကြယ်ပုလဲသည် တွမ့်သယ်၏ လက်ထဲတွင် ရှိစဉ်ကထက် ဝူဟောက်၏ လက်ထဲတွင် ပို၍ စွမ်းအားကြီးမားလှသည်။
ဥပမာအားဖြင့် တွမ့်သယ်သည် ၎င်းကို တားမြစ်ချက်များကို ချိုးဖျက်ရန်သာ အသုံးပြုနိုင်သော်လည်း ၊ ၎င်း၏ ဖုန်းရွှေ စစ်ဆေးသည့် လုပ်ဆောင်ချက်ကိုမူ အသုံးမချနိုင်ခဲ့ချေ။
ဝူဟောက်သည် ကံကြမ္မာဖုံးကွယ် ဆန်းကြယ်ပုလဲကို စတင် ထိန်းချုပ်လိုက်သည်နှင့် တောက်ပသော အပြာရောင် ပုလဲလုံးသည် သူ၏ လက်ထဲမှ လေပေါ်သို့ ပျံတတ်သွားပြီး အရှေ့ဘက်သို့ လျင်မြန်စွာ ပျံသန်းသွားတော့သည်။
ထိုမြင်ကွင်းကို မြင်သည်နှင့် ဝူဟောက်သည် လုံးဝ တွန့်ဆုတ်မနေဘဲ စူးချောင်ရန်နှင့် ဝူယိဖန်တို့ နှစ်ဦးကို ဦးဆောင်ကာ ကံကြမ္မာဖုံးကွယ် ဆန်းကြယ်ပုလဲနောက်သို့ လိုက်သွားခဲ့သည်။ လီကျန်းရန်ကလည်း လျှို့ဝှက်စွာဖြင့် လိုက်ပါလာခဲ့သည်။
ကံကြမ္မာဖုံးကွယ် ဆန်းကြယ်ပုလဲသည် အတားအဆီး အလွှာပေါင်းများစွာကို ဖြတ်သန်းသွားပြီး ၊ နောက်ဆုံးတွင် ကျယ်ပြောလှသော သမုဒ္ဒရာဆီသို့ ရောက်ရှိသွားသည်။ မြူခိုးထုကို ဖြတ်သန်းသွားပြီးနောက် ၊ နောက်ဆုံးတွင် ၎င်းသည် လူသူကင်းမဲ့သော ကျွန်းတစ်ကျွန်းဆီသို့ ရောက်ရှိလာခဲ့သည်။
ဝူဟောက်သည် ထိုကျွန်းကို မြင်လိုက်သည့် အခိုက်အတန့်မှာပင် သူ၏ အမူအရာသည် ပြောင်းလဲသွားသည်။ သူ့ဘေးနားရှိ စူးချောင်ရန်နှင့် အခြားသူများမှာလည်း ကျွန်း၏ မြင်ကွင်းကြောင့် ဆွဲဆောင်ခံလိုက်ရပြီး မှင်သက်စွာဖြင့် ရှိနေကြသည်။
ဝူဟောက်၏ တိုးညင်းသော အော်ခေါ်သံကြောင့်သာ သူတို့သည် သတိပြန်ဝင်လာကြသည်။
“ သတိထား”
“ဘာဖြစ်သွားတာလဲ”
စူးချောင်ရန်နှင့် အခြားသူများသည် မျက်လုံးများကို ဖွင့်လိုက်ကြပြီး အနည်းငယ် တုန်လှုပ်နေသော အမူအရာများဖြင့် ပြောလိုက်ကြသည်။
ဘာဖြစ်သွားမှန်း သူတို့ကိုယ်တိုင်ပင် မသိလိုက်ပေ။ အစောက သူတို့၏ အမြင်အာရုံများသည် ဝေဝါးသွားပြီး အသိစိတ် လွတ်သွားသကဲ့သို့ ဖြစ်သွားခဲ့သည်။
ဝူဟောက်သည် ဖြည်းညင်းစွာ ခေါင်းယမ်းရင်း ၊ ရှင်းပြလိုက်သည်။
“အဲ့တာက ငါတို့ရှေ့က ကျွန်းပေါ်မှာ မွေးရာပါ တားမြစ်ချက်တစ်ခု ရှိနေလို့ပဲ… မင်းတို့က ကျွန်းပေါ်က မွေးရာပါ တားမြစ်ချက်ရဲ့ သက်ရောက်မှုကို ခံလိုက်ရတာ… တားမြစ်ချက်ရဲ့ ညို့ယူနိုင်စွမ်းအရ ငါသာ ဒီနေရာမှာ မရှိရင် မင်းတို့ သေတဲ့အထိ အကန့်အသတ်မရှိ ညို့ယူခံထားရလောက်တယ်”
ထိုစကားများကို ကြားပြီးနောက် ၊ စူးချောင်ရန်နှင့် အခြားသူများသည် ထိတ်လန့်သွားပြီး ၊ သူတို့ရှေ့က ကျွန်းကို ကြည့်ရင် အလိုအလျောက် ခြေလှမ်း အနည်းငယ် နောက်ဆုတ်သွားကြသည်။
သို့သော်လည်း ဝူယီဖန်သည် တစ်စုံတစ်ခုကို အလျင်အမြန် သတိပြုမိသွားပြီး အနည်းငယ် စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။
“ ဒါဆို… ဘိုးဘေး… အဲ့တာက အထက်ကမ္ဘာမှာ ဝူမိသားစုအတွက် ရွေးချယ်ထားတဲ့ နေရာလား”
“ ဟုတ်တယ်… ဒါက ငါတို့ ဝူမိသားစုအတွက် ငါ ရွေးချယ်ထားတဲ့ နေရာပဲ”
ဝူဟောက်သည် ခေါင်းညိတ်သဘောတူလိုက်ပြီး ၊ သူ၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများ အပြည့် ရှိနေသည်။ အောက်ကမ္ဘာရှိ နဂါးရှစ်ကောင်ကဲ့သို့သော နေရာမျိုးကို ဤအထက်ကမ္ဘာတွင် ရှာတွေ့လိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ပေ။
ဤနေရာတွင် မွေးရာပါ တားမြစ်ချက် ရှိနေသော်လည်း ၊ သို့သော် ဝူဟောက်အနေဖြင့် ကျွန်းပေါ်ရှိ အရာအားလုံးသာမက ကျွန်းအတွင်းရှိ မွေးရာပါ တားမြစ်ချက်ကိုပင် မြင်တွေ့နိုင်စွမ်း ရှိသည်။
အထက်ကမ္ဘာ၏ ကံကြမ္မာ တစ်ခုလုံးသည် ဤနေရာမှ လာသကဲ့သို့ ခံစားရပြီး၊ ဤနေရာကို ရွေးချယ်ရန် ချက်ချင်းပင် ဆုံးဖြတ်လိုက်သည်။ ထို့အပြင် ဤနေရာကို မည်သည့် အင်အားကြီး အဖွဲ့အစည်းကမှ နေရာယူထားခြင်း မရှိသဖြင့် ဝူမိသားစုအတွက် အထက်ကမ္ဘာတွင် အခြေချရန် အကောင်းဆုံး နေရာတစ်ခု ဖြစ်ပေသည်။
“ ဒါပေမဲ့ ဘိုးဘေး… ဒီနေရာမှာ မွေးရာပါ တားမြစ်ချက် ရှိတယ်လို့ ပြောတယ်မလား… အဲ့တာကို ချိုးဖျက်နိုင်လို့လား”
ဝူယီဖန်သည် တစ်စုံတစ်ခုကို သတိပြုမိသွားပုံရပြီး တွန့်ဆုတ်စွာဖြင့် မေးလိုက်သည်။
မွေးရာပါ တားမြစ်ချက်များနှင့် ပတ်သက်၍ ၊ သူသည် ကောင်းကောင်း သိရှိထားသည်။ ၎င်းတို့ကို မွေးရာပါဟု ခေါ်ဆိုခြင်းမှာ တားမြစ်ချက်များးသည် ကမ္ဘာကြီး စတင် ဖြစ်တည်လာကတည်းက ကျန်ရစ်ခဲ့သော အမွေအနှစ်များ ဖြစ်ကြပြီး ၊ အထူးသဖြင့် အထက်ကမ္ဘာရှိ မွေးရာပါ တားမြစ်ချက်များသည် အလွန်ပင် အစွမ်းထက်လှသည်။ ထိုတားမြစ်ချက်များသည် အလွန် ခိုင်မာလှသဖြင့် အင်မော်တယ် ဧကရာဇ်ပင်လျှင် ၎င်းတို့ကို ချိုးဖျက်ရန် ခက်ခဲပေလိမ့်မည်။
သို့သော်လည်း ဝူဟောက်သည် ဖြည်းညင်းစွာ ခေါင်းယမ်းလိုက်သည်။
“ ဒီပုလဲလုံး ရှိနေသေးတယ် မဟုတ်လား”
အကယ်၍ သူသာ တစ်ယောက်တည်း ရောက်လာခဲ့မည်ဆိုပါက ၊ တစ်ခုတည်းသော ရွေးချယ်စရာအနေဖြင့် ဤနေရာရှိ တားမြစ်ချက်ကို ချိုးဖျက်ရန် ကြမ်းကြမ်းတမ်းတမ်း အားသုံးရပေလိမ့်မည်။ သို့သော်လည်း ဤသို့ လုပ်ဆောင်ခြင်းသည် အတွင်းရှိ နဂါးကိုးကောင် ပါကွ တည်ဆောက်ပုံကို ထိခိုက်ပျက်စီးသွားစေနိုင်သည်။
သို့သော်လည်း သူ့လက်ထဲတွင် ကံကြမ္မာဖုံးကွယ် ဆန်းကြယ်ပုလဲလုံး ရှိနေသဖြင့် ၊ မွေးရာပါ အတားအဆီးတားမြစ်ချက်ကို ချိုးဖျက်ရန်မှာ ဒုက္ခများသည့် ကိစ္စတစ်ခု မဟုတ်တော့ချေ။
ဤသို့ တွေးမိပြီးနောက် ၊ ဝူဟောက်သည် သူ၏ လက်ထဲမှ ကံကြမ္မာဖုံးကွယ် ဆန်းကြယ်ပုလဲကို အသက်သွင်းလိုက်ပြီး ကျွန်းအတွင်းရှိ မွေးရာပါ တားမြစ်ချက်ဆီသို့ ဦးတည်သွားစေသည်။
တားမြစ်ချက်သည် ကံကြမ္မာဖုံးကွယ် ဆန်းကြယ်ပုလဲနှင့် ထိတွေ့သွားသည့် အခိုက်အတန့်မှာပင် ၊ တားမြစ်ချက်၏ စွမ်းအားများသည် အစအနမကျန် ပျက်စီးသွားတော့သည်။
ထို့နောက် ကျွန်း၏ စစ်မှန်သော အသွင်အပြင် ထွက်ပေါ်လာခဲ့ရာ ၊ စူးချောင်ရန်နှင့် အခြားသူများကို စကားမပြောနိုင်လောက်အောင် ဆွံ့အသွားစေသည်။ အကယ်၍ စကားလုံး တစ်လုံးတည်းဖြင့် ဖော်ပြရမည်ဆိုပါက ၊ လှပသည်ဟု ဆိုရမည်။ စကားလုံး နှစ်လုံးဖြင့် ဆိုရလျှင်ဖြင့် ခမ်းနားသည်ဟု ဆိုရမည်။ စကားလုံး သုံးလုံးဖြင့် ထပ်ပြီး ဖော်ပြရမည်ဆိုပါက ၊ ပြိုင်ဘက်ကင်းသည်ဟု ဆိုရမည်။ စကားလုံး လေးလုံးဖြင့် ခိုင်းနှိုင်းရလျှင်ဖြင့် ၊ ထူးခြား ပြောင်မြောက်သည်ဟု ဆိုရပေတော့မည်။
“ဒါ အရမ်း လှတာပဲ”
စူးချောင်ရန်၏ မျက်လုံးများသည် အရောင်လက်သွားပြီး ကျွန်းထဲသို့ ပြေးဝင်ရန် ပြင်လိုက်သော်လည်း ဝူဟောက်က သူမကို တားဆီးလိုက်သည်။
စူးချောင်ရန်၏ နားမလည်နိုင်သော အကြည့်ကို မြင်ပြီးနောက်၊ ဝူဟောက်သည် ကျွန်းကို ကြည့်ကာ တိုးတိုးလေး ပြောလိုက်သည်။
“အထဲမှာ ပြဿနာရှာတတ်တဲ့ ကောင်တစ်ကောင် ရှိနေသေးတယ်… သူ့ကို အရင် ဖြေရှင်းရဦးမယ်”
ဝူဟောက်သည် ထိုသို့ ပြောပြီးသည်နှင့်၊ နောက်တစ်စက္ကန့်တွင် ခေါင်းပေါ်၌ ဦးချိုတစ်စုံ ရှိပြီး နဂါးဝတ်ရုံကို ဝတ်ဆင်ထားသော သက်ရှိတစ်ကောင်သည် ဝူဟောက်တို့၏ ရှေ့တွင် ထွက်ပေါ်လာခဲ့သည်။ သူ၏ ချီအငွေ့အသက်သည် အလွန်ပင် အေးစက်လှသည်။ နေရာတွင် ရပ်နေရုံဖြင့် သူ၏ အရှိန်အဝါသည် အလွန် ကြောက်မက်ဖွယ်ကောင်းသည်ကို ခံစားမိနိုင်သည်။
စူးချောင်ရန်နှင့် အခြားသူများသည် ဝူဟောက်၏ နောက်တွင် ပါးနပ်စွာဖြင့် နေရာယူလိုက်ကြသည်။
တစ်ချိန်တည်းမှာပင် ၊ လီကျန်းရန်သည်လည်း ထိုနေရာသို့ ရောက်ရှိလာခဲ့သည်။ ဝူယီဖန်၏ ရှေ့တွင် ရပ်နေသော ပုံရိပ်ကို မြင်လိုက်ရချိန်တွင် တစ်စုံတစ်ခု မှားယွင်းနေကြောင်း သူသည် တိတ်တဆိတ် တွေးလိုက်မိသည်။
“ ဒုက္ခပါပဲ… အဲ့တာက အင်မော်တယ် ဧကရာဇ် နှောင်းပိုင်းအဆင့် စစ်မှန်နဂါးပဲ”
တစ်ချက် ကြည့်ရုံဖြင့် ဝူဟောက်နှင့် အခြားသူများ၏ ရှေ့တွင် ရပ်နေသူမှာ အင်မော်တယ် ဧကရာဇ် နှောင်းပိုင်းအဆင့် ရှိ စစ်မှန်နဂါး ဖြစ်ကြောင်း လီကျန်းရန် သိလိုက်သည်။ ထိုအခိုက်အတန့်တွင် လီကျန်းရန်သည် မိမိတို့၏အရှင်သခင်ကို အကူအညီ လာပေးရန် အကြောင်းကြားသင့်၊ မသင့် စတင် စဉ်းစားနေမိ၏။
သို့သော်လည်း ဝူဟောက်၏ တည်ငြိမ်ပြီး အေးအေးဆေးဆေး ရှိလှသော အမူအရာကို မြင်ပြီးနောက် ၊ လီကျန်းရန်သည် ရုတ်တရက် နားလည်သွားသည်။
“ ဟုတ်သားပဲ… သူတော်စင်ရဲ့ ဘိုးဘေးကြီးက သေချာပေါက် ရိုးရှင်းတဲ့သူ မဟုတ်ဘူး… သူ့ရှေ့က အင်မော်တယ် ဧကရာဇ် နှောင်းပိုင်းအဆင့်ရှိ စစ်မှန်နဂါးကို ကိုင်တွယ်ဖို့ သူ့မှာ ယုံကြည်မှု ရှိလောက်တယ်”