အခန်း (၁၅၉-၁၆၀)
Vol. 16 Ch. 159-160
အခန်း (၁၅၉) - ငါ ဝူယိတောက်ဟာ ဖရိုဖရဲ မြင့်မြတ်နယ်မြေရဲ့ သူတော်စင်ပဲ
“မင်းက ဝူယီဖန်ကို ကာကွယ်ပေးဖို့ လီဖန်ထျန်း လွှတ်လိုက်တဲ့သူ ဖြစ်ရမယ်… ဟုတ်တယ်မလား”
ဝူဟောက်သည် သူ့ရှေ့ရှိ လီကျန်းရန်ကို ကြည့်ကာ လိုရင်းတိုရှင်း မေးလိုက်သည်။
ဝူဟောက်သည် မိမိ၏အရှင်သခင်ကို နာမည်တပ် ခေါ်လိုက်သဖြင့် လီကျန်းရန်မှာ အံ့အားသင့်သွားသည်။
ဤအထက်ကမ္ဘာတွင် မိမိ၏ အရှင်သခင်ကို မည်သူမှ နာမည်တပ်၍ မခေါ်ဝံ့ပေ။ အခြား မဟာမြင့်မြတ်နယ်မြေ လေးခု၏ အရှင်သခင်များပင်လျှင် သူတို့အရှင်သခင်၏ နာမည်ကို ဤကဲ့သို့ ခေါ်ဆိုဝံ့မည် မဟုတ်ချေ။
သို့သော်လည်း သူတော်စင်၏ ဘိုးဘေးကြီးသည် အင်မော်တယ် ဧကရာဇ် နှောင်းပိုင်းအဆင့်ရှိ စစ်မှန်နဂါး တစ်ကောင်ကို ဝူမိသားစု၏ နတ်ဘုရားသားရဲ အဖြစ် သိမ်းသွင်းခဲ့သည်ကို သတိရသွားသဖြင့်၊ လီကျန်းရန်မှာ ပြန်လည် ချေပပြောဆိုရန် ပြင်ထားသော စကားများကို တိတ်တဆိတ် မြိုချလိုက်တော့သည်။
“ဟုတ်ပါတယ် စီနီယာ… ကျွန်တော်က သူတော်စင်ကို လျှို့ဝှက် ကာကွယ်ပေးဖို့ အရှင်သခင်က စေလွှတ်လိုက်တာပါ”
“အင်း… မင်းတို့ရဲ့ ရှေးဟောင်းကန္တာရ မြင့်မြတ်နယ်မြေက အတော်လေး အထင်ကြီးစရာ ကောင်းတာပဲ… ယီဖန်ကို ကာကွယ်ပေးဖို့ အင်မော်တယ် ဧကရာဇ် အလယ်အလတ်အဆင့်ကို ခန့်အပ်နိုင်လောက်တဲ့အထိ အတော်လေးရက်ရောတာပဲ .. ကောင်းပြီ… ဒါပါပဲ… သွားလို့ရပြီ”
ထိုစကားများကို ကြားပြီးနောက်မှသာ လီကျန်းရန်မှာ သက်ပြင်းချနိုင်သွားပြီး အလျင်အမြန် ထွက်ခွာသွားခဲ့သည်။
ဤဝူမိသားစု၏ ဘိုးဘေးကြီး ရှေ့၌ ရပ်နေရခြင်းမှာ မည်မျှ ဖိအားကြီးမားကြောင်းကို မည်သူကများ သိလိမ့်မည်နည်း။
အဆင့်အတန်းနှင့် ခွန်အားအရ ၊ ဖိအားပေးနိုင်သော မြင့်မြတ်နယ်မြေမှ အရှင်သခင်များ၏ ရှေ့တွင် ရပ်နေရသော ဖိအားမျိုးနှင့် မတူဘဲ ဤဝူမိသားစု၏ ဘိုးဘေးကြီးသည် လူကို စိတ်ပိုင်းဆိုင်ရာ ဖိအားများကိုပါ ပေးစွမ်းနိုင်သည်။
ထို့အပြင် သူသည် ဝူမိသားစု ဘိုးဘေးနှင့် မသိကျွမ်းပေရာ ၊ အကယ်၍ ဝူမိသားစု၏ ဘိုးဘေးကြီးသည် သူ့ကို သဘောမကျဘဲ ရိုက်သတ်လိုက်လျှင်ဖြင့် မတွေးရဲစရာပင်။
ထိတ်လန့်တကြား ထွက်ပြေးသွားသော လီကျန်းရန်ကို ကြည့်ရင်း ဝူဟောက်သည် ကူကယ်ရာမဲ့စွာ ရယ်လိုက်သည်။
“ သူက တကယ်ပဲ အဲ့လောက်တောင် ကြောက်ဖို့ကောင်းနေလို့လား… ဘာဖြစ်လို့ ဒီကောင်က သရဲတစ္ဆေ တစ်ကောင်ကို တွေ့လိုက်ရသလိုမျိုး ဖြစ်သွားရတာလဲ “
လီကျန်းရန် ထွက်သွားပြီးနောက် စူးချောင်ရန်က တိုးတိုးလေး ပြောလိုက်သည်။
“ယောကျ်ား… အထက်ကမ္ဘာက ဝူမိသားစုအတွက် ကျွန်မတို့ ဘယ်လို လုပ်ကြမလဲ… ဘာပဲဖြစ်ဖြစ် ၊ ဒီနေရာက ကျွန်မတို့ တက်လှမ်းလာတဲ့ နေရာကနေဆို အတော်လေး ဝေးတယ်”
သူတို့၏ ရွှမ်ထျန်းကမ္ဘာသည် တောင်ပိုင်းဒေသတွင် ရှိပြီး ၊ ဖန်လိုင် အင်မော်တယ်ကျွန်းသည် အရှေ့ပိုင်းဒေသတွင် ရှိသည်။ ၎င်းတို့အကြား အကွာအဝေးသည် အလွန်ပင် ဝေးကွာလှသည်။ လျိုထျန်းရွှေအင်မော်တယ် ပင်လျှင် ဤနေရာသို့ ရောက်ရှိရန် နှစ်ထောင်ပေါင်းများစွာ ကြာမြင့်မည် ဖြစ်ရာ ၊ ယခုမှ တက်လှမ်းလာသော လူသားအင်မော်တယ်သာဆိုလျှင်ဖြင့် ၊ ပြောနေစရာပင် မလိုတော့ချေ။ သေသည့်တိုင်အောင် ဤနေရာသို့ ရောက်လာနိုင်မည် မဟုတ်ပေ။
ဝူဟောက်သည် လက်ဝှေ့ယမ်းကာ ပြန်ပြောလိုက်သည်။
“ဒီကိစ္စကို ငါ သေချာ စဉ်းစားပြီးသွားပြီ… တတ်လှမ်းခြင်းစင်မှာ လူတွေကို ဖန်လိုင် အင်မော်တယ်ကျွန်းဆီ ပို့ဆောင်ပေးနိုင်တဲ့ တယ်လီပို့ ဖွဲ့စည်းပုံ တစ်ခုကို ငါ တပ်ဆင်ထားလိုက်မယ်… ငါတို့ ဝူမိသားစုရဲ့ အမှတ်အသား တိုကင်ပြား ကိုင်ဆောင်ထားတဲ့သူတွေကလွဲရင် အဲ့တာကို ဘယ်သူမှ အသက်သွင်းလို့ ရမှာ မဟုတ်ဘူး”
အင်မော်တယ်ကမ္ဘာ တစ်ခုလုံးသည် အလွန်တရာ ကျယ်ပြောလှသဖြင့် ၊ အားနည်းသော ကျင့်ကြံသူများအဖို့ တစ်သက်လုံး ကြိုးစားလျှင်ပင် အချို့သော နေရာများကို ရောက်ရှိနိုင်မည် မဟုတ်ချေ။
ထို့ကြောင့် အချို့သော အင်အားကြီး အဖွဲ့အစည်းများသည် ကြီးမားလှသည့် တယ်လီပို့ ဖွဲ့စည်းပုံများကို တည်ဆောက်ထားကြသည်။ ဤအရာ၏ နောက်ကွယ်ရှိ အခြေခံ သဘောတရားမှာ အင်မော်တယ်ကမ္ဘာ၏ ဟင်းလင်းပြင် ဆုံမှတ်များကို ဖွင့်လှစ်၍ ဟင်းလင်းပြင် ဖွဲ့စည်းပုံများနှင့် ပေါင်းစပ်ကာ လျင်မြန်စွာ ခရီးသွားလာနိုင်ရန် ဖြစ်သည်။
သို့သော်လည်း တယ်လီပို့ ဖွဲ့စည်းပုံတစ်ခုကို အသက်သွင်းရန် ဝိညာဉ်ကျောက်တုံးများ အမြောက်အမြား လိုအပ်သဖြင့် သာမန် လေလွင့်ကျင့်ကြံသူများအဖို့ ၎င်းကို အသုံးပြုရန်ပင် မတတ်နိုင်ကြပေ။
သို့သော်လည်း ဝူဟောက်အတွက် ကြီးမားသော တယ်လီပို့ ဖွဲ့စည်းပုံတစ်ခုကို တည်ဆောက်ရန်မှာ အတော်လေး လွယ်ကူလှသည်။ ထို့အပြင် ဝူမိသားစုဝင်များသည် အထက်ကမ္ဘာသို့ တဖြည်းဖြည်း တက်လှမ်းလာရန် အနည်းဆုံး အနှစ်သုံးဆယ်ခန့် ကြာမြင့်မည် ဖြစ်သည်။ ထိုအချိန်တွင် ဝူမိသားစု၏ တယ်လီပို့ ဖွဲ့စည်းပုံကို တည်ဆောက်ပြီးစီးလောက်ပြီ ဖြစ်ရာ ၊ ထို့ကြောင့် သူ့တွင် အချိန်များစွာ ရှိသေးသည်။
ဝူဟောက်သည် တယ်လီပို့ ဖွဲ့စည်းပုံများ တပ်ဆင်ရာတွင် ကျွမ်းကျင်မှုရှိနေသဖြင့် စုချောင်ရန်အနေဖြင့် အနည်းငယ် အံ့အားသင့်သွားသော်လည်း ၊ သို့သော် သူမသည် ထိုအရာကို အလျင်အမြန် လက်ခံနိုင်ခဲ့သည်။
မြင့်မြတ်နယ်မြေ၏ အကြီးအကဲပင်လျှင် ဝူဟောက်ကို ကြီးမားသော ရိုသေလေးစားမှုဖြင့် ဆက်ဆံခဲ့သည် မဟုတ်လော။ တယ်လီပို့ ဖွဲ့စည်းပုံ တပ်ဆင်ခြင်းသည် သူ့အတွက် ပြဿနာ ရှိမည်မဟုတ်။
“ကောင်းပြီ… အခု ငါတို့ အခြေချဖို့ သင့်တော်တဲ့ နေရာတစ်ခုကို ရှာတွေ့ပြီဆိုတော့ ဝူမိသားစုကို တည်ဆောက်ဖို့ ကူညီပေးမယ့် လူတချို့ကို ရှာရမယ်… ဟူး… ခေါင်းကိုက်လိုက်တာ”
ဝူဟောက်သည် တစ်စုံတစ်ခုကို တွေးမိသွားပုံရကာ သက်ပြင်းချလိုက်သည်။
သူတို့ ကဲ့သို့သော သန်မာလှသည့် ပုဂ္ဂိုလ်များအတွက် နေအိမ်တည်ဆောက်ရန် လိုအပ်သော ပစ္စည်းများမှာ သာမန်မဟုတ်ချေ။ အဆောက်အဦးကို တည်ငြိမ်မှု ရှိစေရန်အတွက် ဖွဲ့စည်းပုံ အစီအရင်များဖြင့် အားဖြည့်ပေးရန် လိုအပ်သည်။ သို့မဟုတ်ပါက ၊ သူတို့သည် စိတ်အားထက်သန်လွန်း၍ အမှားတစ်ခုခု လုပ်မိပါက ၊ သူတို့၏ အိမ်တစ်ခုလုံး ပျောက်ဆုံးသွားနိုင်သည်။
ထိုအခိုက်အတန့်တွင် မရေမတွက်နိုင်သော အခက်အခဲများကို ဖြတ်သန်းပြီးနောက် ၊ ဝူယိတောက်သည် နောက်ဆုံးတွင် အလယ်ပိုင်းဒေသသို့ ရောက်ရှိလာခဲ့သည်။
“ငါ လေ့ကျင့်ဖို့ လိုသေးတယ်… ငါ့ရဲ့ ကျင့်ကြံမှုအဆင့်က မမြင့်သေးဘူး… အလယ်ပိုင်းဒေသကို ရောက်ဖို့တောင် အတော်လေး ခဲယဉ်းနေပြီ”
ဝူယိတောက်သည် သက်ပြင်းချလိုက်သည်။ဤလမ်းတစ်လျှောက်တွင် သူသည် တယ်လီပို့ ဖွဲ့စည်းပုံများ၏ အကူအညီနှင့် သူ၏ လေ့ကျင့်မှုများအပေါ် အားထားခဲ့ရပြီး ၊ နောက်ဆုံးတွင် ဆယ်နှစ်အကြာ၌ အလယ်ပိုင်းဒေသရှိ ဖရိုဖရဲ မြင့်မြတ်နယ်မြေသို့ ရောက်ရှိလာခဲ့သည်။
ထို့အပြင် ကံကောင်းသည်ဟု ဆိုရမည်။ သူသည် ဖရိုဖရဲ မြင့်မြတ်နယ်မြေသို့ ရောက်လာချိန်တွင် ဖရိုဖရဲ မြင့်မြတ်နယ်မြေမှ တပည့်သစ်များ စတင် လက်ခံနေသည့် အချိန်နှင့် အတိအကျ တိုက်ဆိုင်နေခဲ့သည်။
ထို့နောက် ဝူယီဖန်နှင့် ဆင်တူသော မြင်ကွင်းမျိုး ထွက်ပေါ်မည်ဖြစ်သော်လည်း ၊ သို့သော် ဝူယိတောက်ကို စောင့်ကြိုနေမည့် တွမ့်သယ်ကဲ့သို့သော လူတစ်ယောက် မရှိခြင်းပင် ဖြစ်သည်။
ဖရိုဖရဲ မြင့်မြတ်နယ်မြေရှိ ဖရိုဖရဲ ခေါင်းလောင်းသည် ကိုးကြိမ်တိတိ မြည်ဟည်းသွားသဖြင့် ဖရိုဖရဲ မြင့်မြတ်နယ်မြေရှိ အကြီးအကဲများ အားလုံး မှင်သက်သွားကြပြီး ဝူယိတောက်ထံ အပြေးအလွှား ရောက်ရှိလာကြသည်။
“မိတ်ဆွေလေး… ငါက ဖရိုဖရဲ မြင့်မြတ်နယ်မြေရဲ့ မဟာအကြီးအကဲ လင်းယွန် ဖြစ်ပြီး အင်မော်တယ် ဧကရာဇ် နှောင်းပိုင်းအဆင့်ပဲ… ငါ့ရဲ့ တပည့်အဖြစ် ခံယူဖို့ မင်း ဆန္ဒရှိလား”
“မိတ်ဆွေလေး… ငါက ဖရိုဖရဲ မြင့်မြတ်နယ်မြေရဲ့ ဒုတိယ အကြီးအကဲ ယဲ့ချန်ခုန်း ဖြစ်တယ်… ငါက လှံသိုင်းကို ကျွမ်းကျင်ပြီး အင်မော်တယ် ဧကရာဇ် နှောင်းပိုင်းအဆင့်ကို ရောက်ရှိနေပြီ… မင်း ငါ့ရဲ့ တပည့်အဖြစ် ခံယူဖို့ ဆန္ဒရှိလား”
“တာအိုမိတ်ဆွေ… ငါက ဖရိုဖရဲ မြင့်မြတ်နယ်မြေရဲ့ အရှင်သခင် ကျွင်းရှောင်ယောင်ပဲ ၊ ငါ့ရဲ့ ကျင့်ကြံမှုက အင်မော်တယ် ဧကရာဇ် နှောင်းပိုင်းအဆင့်မှာ ရှိတယ်… ငါ့ရဲ့ တပည့်အဖြစ် ခံယူဖို့ မင်း ဆန္ဒရှိလား”
ဝူယိတောက်၏ ဘေးတွင် ရပ်နေသော တပည့်သစ်လေးများမှာ အားကျလိုမှုများ မဖုံးကွယ်နိုင်အောင် ဖြစ်နေကြသည်။
ဤအခိုက်အတန့်တွင် ၊ ဖရိုဖရဲ ခေါင်းလောင်းကို ကိုးကြိမ်တိတိ မြည်ဟည်းအောင် လုပ်နိုင်သူမှာ သူတို့သာ ဖြစ်ချင်လိုက်သည်ဟု တွေးနေမိသည်။
ဤမျှ ကြီးမားသော သွေးဆောင်ဖြားယောင်းမှုများနှင့် ရင်ဆိုင်ရသော်လည်း ၊ ဝူယိတောက်သည် ဖြည်းညင်းစွာ ခေါင်းယမ်းလိုက်ပြီးနောက် တည်ငြိမ်စွာ ပြောလိုက်သည်။
“အကြီးအကဲတို့ရဲ့ ကြင်နာမှုအတွက် အားလုံးကို ကျေးဇူးတင်ပါတယ်… ဒါပေမဲ့ ကျွန်တော်က ကျင့်ကြံဖို့ နေရာတစ်ခုကိုပဲ ရှာချင်ရုံပါ … ဖရိုဖရဲ မြင့်မြတ်နယ်မြေက ကျွန်တော့်ရဲ့ အကောင်းဆုံး ရွေးချယ်မှု ဖြစ်တာကြောင့် ကိုယ်ပိုင်တပည့်အဖြစ် ခံယူဖို့ ရည်ရွယ်ချက် မရှိပါဘူး”
ဝူယိတောက်၏ စကားများကို ကြားသောအခါ ကျန်ရှိနေကြသော တပည့်များသည် အလွန်အမင်း အံ့ဩတုန်လှုပ်သွားကြသည်။ ဤပုဂ္ဂိုလ်များသည် အထက်ကမ္ဘာတွင် ထိပ်တန်း စွမ်းအားရှင်များ ဖြစ်ပေသည်။
ကျွင်းရှောင်ယောင်နှင့် အခြားသူများ၏ မျက်နှာပေါ်တွင် စိတ်ပျက်သွားသည့် အရိပ်အယောင်များ ဖြတ်ပြေးသွားသော်လည်း၊ သူတို့သည် ဒေါသထွက်ခြင်းမရှိကြပေ။
အမှန်အားဖြင့် သူတို့ ကိုယ်တိုင်လည်း သိကြသည်။ ဖရိုဖရဲ ခေါင်းလောင်းကို ကိုးကြိမ်တိတိ မြည်ဟည်းအောင် လုပ်နိုင်စွမ်းရှိသော ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ဦးကို သင်ကြားပေးရန် သူတို့တွင် အရည်အချင်း မရှိပေ။
“မိတ်ဆွေလေး… မင်းက ဖရိုဖရဲ ခေါင်းလောင်းကို ကိုးကြိမ် မြည်အောင် လုပ်နိုင်ခဲ့ပြီဆိုတော့ စည်းကမ်းတွေအရ မင်းက ငါတို့ ဖရိုဖရဲ မြင့်မြတ်နယ်မြေကို ဝင်ရောက်မယ်ဆိုရင် မင်းက ငါတို့ရဲ့ သူတော်စင် ဖြစ်လာရလိမ့်မယ်… မင်း ဆန္ဒရှိလား”
ကျွင်းရှောင်ယောင်သည် ဝူယိတောက်ထံ ချဉ်းကပ်လာပြီး လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။
ဖရိုဖရဲ မြင့်မြတ်နယ်မြေသည်လည်း ရှေးဟောင်းကန္တာရ မြင့်မြတ်နယ်မြေကဲ့သို့ပင်။ မြင့်မြတ်နယ်မြေ ငါးခုစလုံးသည် ဆင်တူကြသည်။ မြင့်မြတ်နယ်မြေတိုင်းတွင် မည်သူမျှ ကိုးကြိမ်တိတိ မြည်ဟည်းအောင် မလုပ်နိုင်ခဲ့သော ခေါင်းလောင်း တစ်လုံးစီ ရှိကြသည်။
အကယ်၍ တစ်စုံတစ်ယောက်သည် ၎င်းကို ကိုးကြိမ်တိတိ မြည်အောင် လုပ်နိုင်ခဲ့မည်ဆိုပါက ၊ ထိုသူသည် မိမိတို့မြင့်မြတ်နယ်မြေ၏ သူတော်စင် တစ်ပါး ဖြစ်လာရပေမည်။ ထို့ကြောင့် မဟာမြင့်မြတ်နယ်မြေ ငါးခုတွင် ယနေ့တိုင်အောင် သူတော်စင် မရှိခဲ့ခြင်း ဖြစ်သည်။
ဝူယီဖန် တစ်ယောက်တည်းကသာ မကြာမီကမှ ရှေးဟောင်းကန္တာရ မြင့်မြတ်နယ်မြေ၏ သူတော်စင် ဖြစ်လာခဲ့သော်လည်း ၊ လီဖန်ထျန်းသည် ဤကိစ္စကို ထုတ်ဖော် မပြောပြခဲ့ပေ။
မည်သို့ပင်ဆိုစေကာမူ ၊ တိတ်တဆိတ် သန်မာလာပြီး လူတိုင်းကို အံ့အားသင့်စေခြင်းထက် ပို၍ ကျေနပ်စရာကောင်းသော အရာ မရှိချေ။
ဤစကားကို ကြားသောအခါ ဝူယိတောက်သည် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ သူသည် အများအာရုံစိုက်ခံရခြင်းကို သိပ်ပြီး သဘောမကျသော်လည်း ၊ သူ့တွင် အင်မော်တယ် ဧကရာဇ်အဆင့်ထက် မြင့်မားသော ရန်သူတစ်ဦး ရှိနေကြောင်းကို သတိရလိုက်သည်။
အကယ်၍ သူသာ ဖရိုဖရဲ မြင့်မြတ်နယ်မြေ၏ သူတော်စင် ဖြစ်လာခဲ့မည်ဆိုပါက ၊ဖရိုဖရဲ မြင့်မြတ်နယ်မြေ သူတော်စင်၏ အဆင့်အတန်းနှင့် ရာထူးသည် သူ့ကို အမြန်ဆုံး သန်မာလာစေရန် ကူညီပေးနိုင်လိမ့်မည် ။
ဤသို့ တွေးမိသောအခါ ဝူယိတောက်သည် အချိန်အကြာကြီး တွန့်ဆုတ်မနေတော့ဘဲ ပြန်ဖြေလိုက်သည်။
“တပည့် ဝူယိတောက် ဖရိုဖရဲ မြင့်မြတ်နယ်မြေရဲ့ သူတော်စင် ဖြစ်လာဖို့ ဆန္ဒရှိပါတယ်”
ဝူယိတောက် သဘောတူပြီးနောက် ၊ ကျွင်းရှောင်ယောင်သည် ထိုနေရာရှိ လူများကို ကြည့်ကာ သတိပေးလိုက်သည်။
“ဟားဟားဟား… ကောင်းပြီလေ… ဒီနေ့ကစပြီး မင်းက ငါတို့ ဖရိုဖရဲ မြင့်မြတ်နယ်မြေရဲ့ သူတော်စင်ပဲ… လူကြီးမင်းတို့… မှတ်ထားကြပါ… ဒီနေ့ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေကို ဘယ်သူမှ ထုတ်မပြောရဘူး… နားလည်လား”
ထိုနေရာတွင် ရှိနေသော သန်မာလှသည့် ပုဂ္ဂိုလ်များ အားလုံးသည် ဤကိစ္စ၏ လေးနက်မှုကို သိရှိထားကြသည်။ အကယ်၍ သူတို့သာ သဘောမတူခဲ့လျှင်ဖြင့် ၊ ကျွင်းရှောင်ယောင်၏ နှုတ်ပိတ်ခြင်းကို ခံရနိုင်သည်။ ထို့ကြောင့် သူတို့ အားလုံးသည် သဘောတူညီစွာ ခေါင်းညိတ်လိုက်ကြသည်။
ဤသည်ကို မြင်သောအခါ ကျွင်းရှောင်ယောင်သည် ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ သူနှင့် လီဖန်ထျန်းသည် ရင်းနှီးသော မိတ်ဆွေများ ဖြစ်သည်နှင့်အလျောက် အတွေးများလည်း တူညီသည်။
သူတို့နှစ်ဦးသည် မိမိတို့၏ ပါရမီရှင်များကို တိတ်တဆိတ် ပျိုးထောင်ပြီး လူတိုင်းကို အံ့အားသင့်စေရန် စဉ်းစားနေကြသည်။ သို့သော် သူ မျှော်လင့်မထားခဲ့သည်မှာ လီဖန်ထျန်းသည် အရင်ကတည်းက ထိုအစီအစဉ်ကို အကောင်အထည် ဖော်နှင့်ပြီး ဖြစ်သည်။
အခန်း (၁၆၀) - အနည်းငယ် ရန်စရုံဖြင့် တိုက်ခိုက်ရန် အသင့်ဖြစ်နေသော လီဖန်ထျန်း
သင့်လျော်သော နေရာတစ်ခုကို ရှာတွေ့ပြီးနောက် ၊ ဝူဟောက်သည် ဇနီးဖြစ်သူကို အမြန်ဆုံး လူသားအင်မော်တယ် အဆင့်သို့ ဖောက်ထွက်ပြီး တက်လှမ်းနိုင်ရန် ရွှမ်ထျန်းကမ္ဘာသို့ ပြန်ပို့ပေးခဲ့သည်။
ဝူဟောက်သည် အခြားသူများ၏ ကံကြမ္မာကို ဝင်ရောက်စွက်ဖက်တတ်သည့် အမျိုးအစား မဟုတ်ပေ။ ထို့အပြင် သူ၏ ဇနီး၊ ကလေးများနှင့် အခြားသူများသည် အထက်ကမ္ဘာသို့ တက်လှမ်းလာရန်မှာ အချိန်ပြဿနာသာ ဖြစ်သည်။
“ထားလိုက်ပါတော့… ငါ့ဘာသာငါပဲ တာဝန်ယူလိုက်တော့မယ်… ဆယ်နှစ်ကာလ ဆိုတာက မျက်စိတစ်မှိတ်အတွင်း ကုန်သွားမှာပါ”
ဝူဟောက်သည် စိတ်ထဲတွင် တွေးတောလိုက်ပြီး ၊ ဝူမိသားစု၏ နေအိမ်ကို သူကိုယ်တိုင် တည်ဆောက်ရန် ဆုံးဖြတ်လိုက်သည်။သူ၏ လက်ရှိ ကျင့်ကြံမှုနှင့် ခွန်အားအရ ၊ သူသည် ဆယ်နှစ်ထက် မနည်းသော အချိန်အတွင်း ပြီးစီးနိုင်လောက်သည်။
တစ်ချိန်တည်းမှာပင် လီကျန်းရန်သည် ဝူဟောက်ထံမှ ထွက်ခွာလာပြီးနောက် ၊ အခြေအနေကို လီဖန်ထျန်းထံသို့ အလျင်အမြန် သတင်းပို့လိုက်သည်။
ဤအခိုက်အတန့်တွင် လီဖန်ထျန်းသည် ရှေးဟောင်းကန္တာရ မြင့်မြတ်နယ်မြေ၌ သူ၏ ဒဏ်ရာများကို ကုသနေသည်။ ရှေးဟောင်းကန္တာရ ခေါင်းလောင်းက သူ့ကို တိုက်ခိုက်မှုမှ ကာကွယ်ပေးထားသော်လည်း ၊ သို့သော် သူသည် သွေးဧကရာဇ်၏ တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိခဲ့သည်။ အကယ်၍ သူသာ ကောင်းမွန်စွာ မကုသပါက ၊ သူ၏ အနာဂတ် ကျင့်ကြံခြင်းကို ထိခိုက်စေနိုင်သည်။
လီကျန်းရန်၏ သတင်းပေးပို့လာမှုကို မြင်ပြီးနောက် ၊ လီဖန်ထျန်းသည် အစပိုင်းတွင် အံ့အားသင့်သွားသော်လည်း အလျင်အမြန်ပင် သတိပြန်ဝင်လာပြီး အင်မော်တယ် ကျောက်တုံးထံမှ သတင်းစကားကို လက်ခံလိုက်သည်။
“မင်း ငါ့ဆီကို သတင်းပေးပို့လာတယ်ဆိုတော့… သူတော်စင်ဆီမှာ ပြဿနာ တစ်ခုခု ဖြစ်နေလို့လား”
လီဖန်ထျန်း၏ အမူအရာသည် လေးနက်သွားသည်။ မည်သို့ပင်ဖြစ်စေ ဝူယီဖန်သည် သူတို့ ရှေးဟောင်းကန္တာရ မြင့်မြတ်နယ်မြေ၏ မျှော်လင့်ချက် ဖြစ်ပြီး ၊ သူတို့ကို အထွတ်အထိပ်သို့ ရောက်အောင် ဦးဆောင်ပေးနိုင်မည့်သူ ဖြစ်သည်။ သူ့ကို တစ်စုံတစ်ရာမှ ဖြစ်ခွင့်ပေးမည် မဟုတ်။
လီကျန်းရန်သည် ခေါင်းညိတ်လိုက်သော်လည်း ၊ သို့သော် သူ့စကား မစရသေးခင်မှာပင် လီဖန်ထျန်းသည် ဒေါသတကြီး ထရပ်ကာ ပြောလိုက်သည်။
“တောက်… ရှေးဟောင်းကန္တာရ မြင့်မြတ်နယ်မြေရဲ့ သူတော်စင်ကို ဘယ်ကောင် လာထိရဲတာလဲ… မင်း စောင့်နေ… ငါ အခု ချက်ချင်း လာခဲ့မယ်”
ထိုသို့ ပြောပြီးနောက် လီဖန်ထျန်းသည် သူ၏ ဒဏ်ရာများကို ဂရုမစိုက်တော့ဘဲ ရှေးဟောင်းကန္တာရ ခေါင်းလောင်းကို ဆွဲယူကာ လီကျန်းရန်ထံသို့ ပြေးသွားရန် ဟန်ပြင်လိုက်သည်။ ထိုမြင်ကွင်းကြောင့် လီကျန်းရန်သည် အလျင်အမြန် အော်ဟစ်လိုက်သည်။
“ အရှင်သခင်… မဟုတ်ပါဘူး… သူတော်စင်ကို ဘယ်သူမှ လာမထိပါဘူး”
“ဟင်… အဲ့တာက ဘာအဓိပ္ပာယ်လဲ”
အပြင်ဘက်သို့ ပြေးထွက်သွားနေပြီ ဖြစ်သော လီဖန်ထျန်းသည် ရုတ်တရက် ရပ်တန့်သွားပြီး နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။
ဤသည်ကို မြင်သောအခါ လီကျန်းရန်သည် အလျင်အမြန် ပြောလိုက်ပြီး ၊ သူတော်စင်အပေါ် လင်းမိသားစု၏ တိုက်ခိုက်မှု အပါအဝင် ဖြစ်ပျက်ခဲ့သမျှ ကိစ္စတိုင်းကို ပြန်လည် ပြောပြလိုက်သည်။
ဤစကားကို ကြားသောအခါ လီဖန်ထျန်း၏ အမူအရာသည် အလွန်ပင် ကြည့်ရဆိုးသွားသည်။ အတန်ကြာမှသာ သူသည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ပြောလိုက်သည်။
“ရိုင်းစိုင်းတဲ့ လင်းမိသားစု… သူတို့က ငါတို့ ရှေးဟောင်းကန္တာရ မြင့်မြတ်နယ်မြေကို ဘယ်လိုလုပ် ထိရဲတာလဲ… တကယ်လို့ သူတော်စင်ကသာ လှုပ်ရှားမယ်ဆိုရင် လင်းမိသားစုကို မျိုးဖြုတ်ဖို့ အကြီးအကဲ တစ်ယောက်ကို ငါ အခု ချက်ချင်း လွှတ်လိုက်မယ်”
“အရှင်သခင်… ခဏလောက် စောင့်ပါဦး… ဒီကိစ္စက သူတော်စင်ရဲ့ ကိုယ်ပိုင်ကိစ္စပါ … သူတော်စင်ကို သူ့ဘာသာ ဖြေရှင်းခိုင်းလိုက်တာက ပိုကောင်းမယ်လို့ ကျွန်တော် ယူဆတယ်.. တကယ်လို့ ကျွန်တော်တို့က သူတော်စင်ကို အရာအားလုံးမှာ ကူညီပေးနေမယ်ဆိုရင် သူ့အတွက် ကောင်းတဲ့အရာ ဖြစ်လာမှာ မဟုတ်ဘူး”
အရှင်သခင်သည် ဒေါသထွက်လွယ်လွန်းသည်ဟု တိတ်တဆိတ် တွေးရင်း ၊ လီကျန်းရန်သည် လီဖန်ထျန်းကို အလျင်အမြန် တားဆီးလိုက်သည်။
လီကျန်းရန်၏ စကားကို ကြားသောအခါ လီဖန်ထျန်းသည် သေသေချာချာ တွေးတောကြည့်လိုက်သည်။ ဤသည်မှာ အဓိပ္ပာယ် ရှိပေသည်။ ထို့နောက် သူသည် ထိုအကြံအစည်ကို ဖယ်ရှားလိုက်ပြီး ၊ လင်းမိသားစုသည် ဝူယီဖန်ကို မထိနိုင်အောင် ကာကွယ်ပေးရန် အထပ်ထပ် မှာကြားလိုက်သည်။ လီကျန်းရန်သည် သဘောတူပြီးနောက် ၊ လီဖန်ထျန်းက ဆက်မေးလိုက်သည်။
“ ဒါနဲ့ မင်းက ဒီကိစ္စ တစ်ခုတည်းအတွက် ငါ့ဆီကို သတင်းစကားပေးပို့လာတာ မဟုတ်နိုင်ဘူး… တခြား ဘာရှိသေးလဲ”
အကြီးအကဲ ကျန်းရန်အပေါ် လီဖန်ထျန်း၏ နားလည်မှုအရ ၊ လီကျန်းရန်သည် လင်းမိသားစုကို သူတစ်ယောက်တည်းဖြင့် ကိုင်တွယ်နိုင်သည်။ ယခုလို သူ့ကို ဆက်သွယ်လာစရာ အကြောင်းမရှိပေ။
ဤစကားကို ကြားသောအခါ လီကျန်းရန်၏ အမူအရာသည် လေးနက်သွားပြီး ပြန်ပြောလိုက်သည်
“အရှင်… အထက်ကမ္ဘာမှာ သူတော်စင်ရဲ့ ဘိုးဘေးကြီးနဲ့ တွေ့ခဲ့တယ်”
လီကျန်းရန်က ဆက်ပြောလာသည်အထိ လီဖန်ထျန်းမှာ အခြေအနေ၏ လေးနက်မှုကို သတိမပြုမိသေးချေ။
“သူတော်စင်ရဲ့ ဘိုးဘေးကြီး… သူကရော တက်လှမ်းလာတာလား”
“အဲ့တာတင် မကဘူး… သူက ဝူမိသားစုရဲ့ နတ်ဘုရားသားရဲ အဖြစ် အင်မော်တယ် ဧကရာဇ် နှောင်းပိုင်းအဆင့်ရှိ စစ်မှန်နဂါး တစ်ကောင်ကိုပါ သိမ်းသွင်းခဲ့သေးတယ််”
“ဟင်… အမ်… ဘာ…”
လီဖန်ထျန်းသည် ခေါင်းညိတ်လိုက်သော်လည်း၊ အလျင်အမြန်ပင် တစ်စုံတစ်ခုကို သတိပြုမိသွားပြီး သူ၏ မျက်နှာပေါ်တွင် မယုံနိုင်မှုများနှင့်အတူ အံ့အားသင့်မှုများ ဖြစ်ပေါ်လာသည်။
သူတော်စင်၏ ဘိုးဘေးကြီးသည် အင်မော်တယ် ဧကရာဇ် နှောင်းပိုင်းအဆင့်ရှိ စစ်မှန်နဂါး တစ်ကောင်ကို သူ့ မိသားစု၏ နတ်ဘုရားသားရဲ အဖြစ် အမှန်တကယ်ပင် သိမ်းသွင်းခဲ့လေသလော။
ထိုအရာ တွေးမိပြီးနောက် ၊ လီဖန်ထျန်း၏ အသက်ရှူနှုန်းသည် မြန်ဆန်လာခဲ့သည်။ သူ၏ သံသယများက အကြောင်းပြချက် မရှိဘဲ ပေါ်လာမည် မဟုတ်ကြောင်းကို သူ သိလိုက်သည်။ ဝူမိသားစု၏ ဘိုးဘေးကြီးသည် အမှန်တကယ်ပင် ရိုးရှင်းသူ မဟုတ်ချေ။
“အကြီးအကဲ ကျန်းရန်… ကိစ္စအားလုံးကို အသေးစိတ် ပြန်ပြောပြစမ်း… အတိအကျ ဘာတွေ ဖြစ်ခဲ့တာလဲ”
“ဟုတ်ကဲ့…”
ထို့နောက် လီဖန်ထျန်းသည် ဇာတ်လမ်း တစ်ခုလုံးကို သိရှိသွားပြီး လုံးလုံးလျားလျား အံ့အားသင့်ကာ မှင်သက်သွားတော့သည်။
ဝူမိသားစု၏ဘိုးဘေးကြီးသည် ဝူမိသားစု၏ အခြေစိုက်ရာ အဖြစ် ဤမျှ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ကြီးမားလှသည့် နေရာတစ်ခုကို ရှာတွေ့လိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့သလို ၊ ဝူမိသားစု၏ အစောင့်အရှောက် နတ်ဘုရားသားရဲ အဖြစ် အင်မော်တယ် ဧကရာဇ် နှောင်းပိုင်းအဆင့်ရှိ စစ်မှန်နဂါးတစ်ကောင်ကို သိမ်းသွင်းနိုင်လိမ့်မည်ဟုလည်း တွေးမထားခဲ့ချေ။
အထက်ကမ္ဘာတွင် ၊ လက်ရှိအခြေအနေအရ အင်မော်တယ် ဧကရာဇ် နှောင်းပိုင်းအဆင့်ရှိ စစ်မှန်နဂါး တစ်ကောင်မှ မရှိကြောင်း သင် သိထားရမည်။ အသန်မာဆုံး တစ်ကောင်သည် ယခုမှ အင်မော်တယ် ဧကရာဇ် ကနဦးအဆင့်မျှသာ ရှိသေးသည်။
ဝူဟောက်တွင် အင်မော်တယ် ဧကရာဇ် နှောင်းပိုင်းအဆင့်ရှိ စစ်မှန်နဂါး တစ်ကောင် ရှိနေကြောင်း သတင်းပျံ့သွားပါက ၊ အထက်ကမ္ဘာ တစ်ခုလုံးကို သေချာပေါက် တုန်လှုပ်သွားပေလိမ့်မည်။
သို့သော်လည်း တွမ့်သယ်၌ ဤကဲ့သို့သော နတ်ဘုရား မှော်လက်နက်မျိုး ရှိနေကြောင်း သိရှိပြီးနောက် ၊ လီဖန်ထျန်း၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားသော်လည်း သူက ထိုအကြံအစည်ကို အလျင်အမြန် ဖယ်ရှားပစ်လိုက်သည်။ ရန်သူထံမှ ခိုးယူခြင်းသည် လက်ခံနိုင်စရာ ရှိသော်လည်း မျိုးဆက်သစ် လူငယ်လေးထံမှ လုယူခြင်းသည် အဓိပ္ပာယ်မဲ့လွန်းသည်။
ထို့အပြင် တစ်ဖက်လူသည် သူတော်စင်၏ လူ ဖြစ်နေသဖြင့် ထိုသို့ လုပ်ဆောင်ရန် ပို၍ပင် အကြောင်းပြချက် မရှိတော့ချေ။
“အင်း… ငါ နားလည်ပြီ… အဲ့နေရာရဲ့ တည်နေရာ အမှတ်အသားကို ငါ့ဆီ ပို့ပေးထား… အချိန်ရရင် ဝူမိသားစုရဲ့ ဘိုးဘေးကြီးဆီ ငါ သွားလည်လိုက်မယ်”
ထိုသို့ ပြောပြီးနောက် လီဖန်ထျန်းသည် စကားပြောဆိုမှုကို အပြီးသတ်လိုက်ပြီး ၊ သူ၏ အမူအရာသည် ချက်ချင်းပင် လေးနက်သွားသည်။
ဝူမိသားစု၏ ဘိုးဘေးကြီးသည် သာမန်လူ မဟုတ်ကြောင်း မျက်လုံးပါသူတိုင်း သေချာပေါက် မြင်နိုင်သည်။
“ငါတောင်မှ ဖောက်ထွင်းမမြင်နိုင်ဘူးဆိုတော့ ဝူမိသားစုရဲ့ ဘိုးဘေးကြီးက အနည်းဆုံး နတ်ဘုရားအစစ်အမှန် အဆင့်များလား… ဒါပေမဲ့ အထက်ကမ္ဘာက နတ်ဘုရား တစ်ပါးရဲ့ စွမ်းအားကို လုံးဝ ခံနိုင်ရည်မရှိဘူးလို့ ပြောကြတယ် မဟုတ်လား… ဝူမိသားစုရဲ့ ဘိုးဘေးကြီးက အထက်ကမ္ဘာရဲ့ ကောင်းကင်တာအိုတောင်မှ ဖောက်ထွင်းမမြင်နိုင်တဲ့ အခြေအနေတစ်ခုကို ရောက်ရှိနေပြီလား “
“ဟူး…”
ဤသို့ တွေးမိပြီး ၊ လီဖန်ထျန်းမှာ သက်ပြင်းချမိသည်။ သူသည် အင်မော်တယ် ဧကရာဇ် ဖြစ်နေလျှင်ပင် ၊ ကောင်းကင်တာအိုကို မယှဉ်နိုင်ကြောင်း သင် သိထားရမည်။
အင်မော်တယ် ဧကရာဇ်ကို ထည့်မပြောခင် ၊ နတ်ဘုရားအစစ်အမှန် သို့မဟုတ် နတ်ဘုရားအစစ်အမှန် အထက်ကလူပင်လျှင် ကောင်းကင်တာအို၏ ပြိုင်ဘက် ဖြစ်လာနိုင်မည် မဟုတ်ချေ။
ဤသို့ တွေးမိသောအခါ ၊ ဝူဟောက်ကို သေချာပေါက် မိတ်ဆွေဖွဲ့ရမည်ဟု သူ ဆုံးဖြတ်လိုက်သည်။ ဝူမိသားစု၏ ဘိုးဘေးကြီးနှင့် ကောင်းမွန်သော ဆက်ဆံရေး တစ်ခုကို တည်ဆောက်ရပေမည်။ ဤသည်က လီဖန်ထျန်း၏ တစ်ခုတည်းသော အတွေးဖြစ်သော်လည်း ၊ လက်ရှိတွင် ဝူဟောက်သည် ဝူမိသားစုကို တည်ဆောက်ရန် အလုပ်များနေသဖြင့် ဤကိစ္စကို မသိနိုင်ပေ။
အခြားတစ်ဘက်တွင် ဖန်လိုင် အင်မော်တယ်ကျွန်းမှ ထွက်ခွာလာပြီးနောက် ၊ တွမ့်သယ်သည် ဝူယီဖန်အနားသို့ တိုးကပ်လာကာ ကောက်ကျစ်သော လေသံဖြင့် ပြောလိုက်၏။
“ဟေ့… ညီအစ်ကို… မှန်၊ မမှန် တစ်ချက်လောက် ကြည့်ပေးပါဦး”
“ရော့… ငါ နားလည်တယ်… ရော့…”
ဝူယီဖန်သည် ကံကြမ္မာဖုံးကွယ် ဆန်းကြယ်ပုလဲကို တွမ့်သယ်ထံ ပြန်ပေးလိုက်သည်။
ကံကြမ္မာဖုံးကွယ် ဆန်းကြယ်ပုလဲကို ပြန်ရလိုက်သော တွမ့်သယ်သည် ၎င်းကို တန်ဖိုးထားစွာဖြင့် သူ၏ သိုလှောင်ကွင်းထဲသို့ တိုက်ရိုက် ထည့်သွင်းလိုက်၏။
ကံကြမ္မာဖုံးကွယ် ဆန်းကြယ်ပုလဲကို အခြား မည်သူ့ကိုမျှ ထပ်မံ လွှဲပြောင်းပေးမည် မဟုတ်ကြောင်း သူ ကျိန်ဆိုလိုက်သည်။ ဝူဟောက်သည် ဤကိစ္စကို သဘာဝကျကျပင် မသိရှိခဲ့သလို ၊ သိခဲ့ရင်တောင် ဂရုစိုက်မည် မဟုတ်ချေ။
ကံကြမ္မာဖုံးကွယ် ဆန်းကြယ်ပုလဲသည် သူ့လက်ထဲမှ ဖြတ်သွားပြီး ဝူယီဖန်ထံ ကမ်းပေးလိုက်သည့် အခိုက်အတန့်မှာပင် စနစ်သည် ၎င်းကို ဝူယီဖန်ထံ ပေးအပ်ပြီးဖြစ်ကြောင်း ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် ဝူဟောက်သည် ၎င်းကို အာရုံစိုက်နေမည် မဟုတ်ပေ။
ကိုယ့်ဆီမှာ ပစ္စည်းအခုရေ တစ်သန်းလောက် ရှိနေတဲ့သူက တစ်ခုလောက်တော့ အာရုံစိုက်နေစရာ အကြောင်းမရှိဘူးလေ…