← Chapters

အခန်း (၁၆၃-၁၆၄)

Vol. 17 Ch. 163-164

အခန်း (၁၆၃-၁၆၄)

Vol. 17 Ch. 163-164

အခန်း (၁၆၃) - လီထိုက်ပိုင်နှင့် ဝူရွှယ်ယင်း

တစ်ချိန်တည်းမှာပင် ၊ ဝူရွှယ်ယင်းသည် မြောက်ပိုင်းဒေသရှိ ဝူမိသားစု ကုန်သွယ်ရေးနှင့် သက်ဆိုင်သော ကိစ္စရပ်များကို ကိုင်တွယ် ဖြေရှင်းနေသည်။

လက်ရှိတွင် သူမသည် ဧကရာဇ်တစ်ပိုင်း အဆင့်သို့ ရောက်ရှိထားပြီ ဖြစ်သော်လည်း ၊ ဝူမိသားစု ကုန်သွယ်ရေး၏ မြောက်ပိုင်းဒေသ ရုံးခွဲကိစ္စများကို သူမ ကိုယ်တိုင် ဦးဆောင် ဖြေရှင်းနေဆဲ ဖြစ်သည်။

ပုံမှန်အားဖြင့် လေးလေးနက်နက် နေတတ်ပြီး ပြုံးခဲလှသော ဝူရွှယ်ယင်းသည် ပထမဆုံးအကြိမ်အဖြစ် အချစ်ကို ခံစားဖူးသော မိန်းမပျိုလေး တစ်ဦးကဲ့သို့ တောက်ပစွာ ပြုံးနေခဲ့သည်။

ဤသည်က ဝူမိသားစု ကုန်သွယ်ရေးမှ လူများကို အံ့အားသင့်သွားစေသည်။ သူမသည် ဝူမိသားစု၏ အကြီးအကဲတစ်ယောက် ဖြစ်သည်။ သူမကို သိမ်းပိုက်နိုင်ခဲ့သော အမျိုးသားသည် ဘယ်သူများ ဖြစ်မည်နည်း။

ထိုစဉ် ၊ အပြင်ဘက်မှ နွေးထွေးသော အပြုံးဖြင့် အမျိုးသားတစ်ဦး ဝင်ရောက်လာခဲ့သည်။

“ရွှယ်ယင်း… အလုပ်လုပ်လို့ ပြီးပြီလား… ပြီးပြီဆိုရင် ချိန်းတွေ့ရအောင်…”

“ကောင်းပါပြီ အစ်ကိုထိုက်ပိုင်… လက်စသတ်စရာလေးတွေ လုပ်ပြီးတာနဲ့ ကျွန်မ လာခဲ့မယ်”

ဝူရွှယ်ယင်းသည် လီထိုက်ပိုင်ကို မြင်လိုက်ရချိန်တွင် ၊ သူမ၏ မျက်နှာပေါ်တွင် တောက်ပသော အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ဝူရွှယ်ယင်းသည် လီထိုက်ပိုင်နှင့်အတူ ထွက်ခွာသွားပြီးနောက် ၊ ဝူမိသားစု ကုန်သွယ်ရေးမှ လူများသည် ‌အခြေအနေကို နားလည်သွားကြပြီး အံ့အားသင့်သွားကြသည်။

“ဘုရားရေ… ဒါဆို ဝူမိသားစုရဲ့ အဒေါ်ကြီးက ချင်းလျန် မြင့်မြတ်နယ်မြေ အရှင်သခင်ရဲ့ ချုပ်ကိုင်မှုကို ခံလိုက်ရတာလား”

“ဒါလည်း ပုံမှန်ပါပဲ… ဘာပဲဖြစ်ဖြစ် လီထိုက်ပိုင်က အလွန် ချောမောတဲ့အပြင် သူ့မှာ တာအိုလက်တွဲဖော်လည်း မရှိသေးဘူးလေ… ဒါကြောင့် ဝူရွှယ်ယင်းက သူ့အပေါ် ကို ပစ်ကြွေသွားတာ နားလည်ပေးလို့ ရပါတယ် “

“ဒါပေမဲ့ အခု ငါ သိချင်နေတာက ဝူမိသားစုက လီထိုက်ပိုင်ကို လက်ခံပါ့မလား… သူတို့ရဲ့ အဆင့်အတန်း ကွာခြားချက်က နည်းနည်း ကြီးလွန်းနေသလိုပဲ “

“အင်း… အစကတော့ ငါ သဘောတူပေမဲ့ အခု မင်းပြောတာကို ကြားတော့ အဓိပ္ပာယ်ရှိသလိုပဲ… ချင်းလျန် မြင့်မြတ်နယ်မြေက ငါတို့ ရွှမ်ထျန်းကမ္ဘာမှာ ထိပ်တန်း အင်အားစု တစ်ခုဆိုပေမယ့် ဝူမိသားစုနဲ့ ယှဉ်လိုက်ရင် ဘာမှ မဟုတ်တော့သလိုပဲ “

“အခုတော့ လီထိုက်ပိုင် ကံကောင်းပါစေလို့ပဲ ငါတို့ မျှော်လင့်ရမှာပဲ “

တစ်ချိန်တည်းမှာပင် ၊ ဝူဟောက်သည် ဇနီးဖြစ်သူ စူးချောင်ရန်နှင့်အတူ မြောက်ပိုင်းဒေသသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ဝူဟောက်၏ မှိုင်းညို့နေသော အမူအရာကြောင့် စူးချောင်ရန်သည် သတိကြီးစွာဖြင့် မေးလိုက်သည်။

“ယောကျ်ား… ဘာဖြစ်လို့လဲ “

အကယ်၍ အရေးကြီးသော ကိစ္စမဟုတ်ပါက ၊ ဝူဟောက်သည် ဤကဲ့သို့ ပြုမူမည် မဟုတ်မှန်း သူမ သိသည်။ ဝူဟောက်သည် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ၊ သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်ကာ နောက်ဆုံးတွင် စကားပြောလိုက်သည်။

“ငါ့အိမ် အတိုက်ခိုက်ခံလိုက်ရပြီ… အဲ့ကောင် လီထိုက်ပိုင်က ငါ့မြေးမလေးကို တကယ်ကြီး ပိုးပန်းရဲတယ်ပေါ့လေ”

စူးချောင်ရန်သည် လီထိုက်ပိုင်၏ စွမ်းရည်များကို ကောင်းစွာ သိရှိထားသည်။ လီထိုက်ပိုင်သည် သူမအနေဖြင့် ချဉ်းကပ်ရန် မဖြစ်နိုင်သော အမျိုးသားတစ်ယောက်ဟု ယခင်က မှတ်ယူထားသော်လည်း ၊ ယခု စူးချောင်ရန်၏ မျက်လုံးထဲတွင် သူသည် ဘာထူးခြားမှုမှ မရှိတော့ချေ။

မြေးမလေး ဟူသည် တစ်ဦးတည်းသာ ရှိသည့် ဝူရွှယ်ယင်း ဖြစ်ကြောင်း သူမ သိလိုက်သည်။ လီထိုက်ပိုင်သည် သူမ၏ မြေးမက် ဖြစ်လာတော့မည်ဟု ကြားလိုက်ရချိန်တွင် ၊ စူးချောင်ရန်မှာ အံ့သြတုန်လှုပ်သွားသည်။ ဤမျှ သန်မာသော ပုဂ္ဂိုလ်သည် သူမ၏ မြေးမက် ဖြစ်လာလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားခဲ့ပေ။

“ယောကျ်ား… စိတ်အေးအေးထားပါ… ရှင့်ရဲ့ မြေးမလေးကို အရမ်း ချစ်တယ်ဆိုတာ ကျွန်မ သိပါတယ်… ဒါပေမဲ့ ကလေးဆိုတာ အချိန်တန်ရင် ကြီးပြင်းလာပြီး သူမရဲ့ ကိုယ်ပိုင် အိမ်ဂေဟာကို ရှာတွေ့သွားမှာပဲ… သူမကို ရှင့်ဘေးနားမှာ ထာဝရ သိမ်းထားလို့ မရဘူးလေ… ကျွန်မတို့ အရင်ဆုံး စောင့်ကြည့်ကြတာပေါ့… တကယ်လို့ လီထိုက်ပိုင်က ကျွန်မတို့ မြေးမလေးကို လှည့်စားနေတာဆိုရင် … အဲ့ကြမှ လှုပ်ရှားရင်လည်း နောက်မကျသေးပါဘူး”

စူးချောင်ရန်သည် လီထိုက်ပိုင်ကို သတ်ရန် ဟန်ပြင်နေသော ဝူဟောက်ကို နားချလိုက်သည်။ အကယ်၍ သူတို့ နှစ်ယောက်သည် အမှန်တကယ် ချစ်ခင်မြတ်နိုးနေပါက မည်သို့ လုပ်မည်နည်း။ ဝူဟောက်၏ လုပ်ရပ်သည် မြေးမလေးကို တစ်သက်လုံး နာကျည်းသွားစေနိုင်သည်။

ဤစကားကို ကြားသောအခါ ဝူဟောက်သည် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ၊ အလွန် လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။

“တကယ်လို့ အဲ့ကောင် ငါ့မြေးမလေးကို အနိုင်ကျင့်ရဲရင် ၊ ငါ သူ့ကို ငရဲပြည်ကို တန်းပို့ပစ်မယ်… မဟုတ်ဘူး… သူ့ရဲ့ ဝိညာဉ်ကိုပါ တစ်စစီ ‌ဆွဲစုတ်ပစ်မယ်”

ဤအခိုက်အတန့်တွင် ၊ ဝူရွှယ်ယင်း၏ ဘေး၌ ရပ်နေသော လီထိုက်ပိုင်သည် အကြောင်းပြချက် မရှိဘဲ ရုတ်တရက် တုန်ယင်သွားသည်။ ထိုအရာကို မြင်သဖြင့် ဝူရွှယ်ယင်းသည် စိုးရိမ်တကြီးဖြင့် မေးမြန်းလိုက်သည်။

“အစ်ကိုထိုက်ပိုင်… ဘာဖြစ်လို့လဲ… အဆင်ပြေရဲ့လား “

“ဘာမှမဟုတ်ပါဘူး… မင်းဘေးနားမှာ ရှိနေရလို့ အရမ်း ပျော်နေလို့ ဖြစ်မယ်”

လီထိုက်ပိုင်သည် လက်ကို ဝှေ့ယမ်းပြကာ ၊ သူ၏ စိတ်မသက်မသာဖြစ်နေသော ခံစားချက်ကို ဖိနှိပ်လိုက်ပြီး ပြန်ဖြေလိုက်သည်။

သူသည် ဝူရွှယ်ယင်းနှင့်အတူ ဝူမိသားစု ကုန်သွယ်ရေးမှ ထွက်လာပြီးနောက် ၊ တစ်စုံတစ်ခုက သူ့ကို စောင့်ကြည့်နေသကဲ့သို့ ခံစားလိုက်ရသည်။

သူနှင့် ဝူရွှယ်ယင်းကြားက ဆက်‌ဆံရေးကို ဆိုရလျှင်ဖြင့် ၊ လီထိုက်ပိုင်သည် ဝူရွှယ်ယင်းကို သူမ၏ အဆင့်အတန်းကြောင့် ပိုးပန်းခဲ့ခြင်း မဟုတ်ဘဲ မတော်တဆ တွေ့ဆုံခြင်းမှ မေတ္တာကျွမ်းဝင်ခဲ့ခြင်း ဖြစ်သည်။

ဝူရွှယ်ယင်း၏ အလှတရားသည် နှစ်သိန်းပေါင်းများစွာ တစ်ကိုယ်တည်း နေလာခဲ့သော လီထိုက်ပိုင်၏ နှလုံးသားကို တုန်လှုပ်သွားစေခဲ့သည်။ ဤဘဝတွင် ဝူရွှယ်ယင်းမှလွဲ၍ မည်သူ့ကိုမျှ လက်ထပ်နိုင်မည် မဟုတ်ကြောင်း နားလည်သွားပြီးနောက် ၊ လီထိုက်ပိုင်သည် ဝူရွှယ်ယင်းကို ရူးသွပ်စွာ ပိုးပန်းခဲ့သည်။

ဝူရွှယ်ယင်းသည် ဝူမိသားစုဝင် ဖြစ်သောကြောင့် ဝူမိသားစု၏ အပိုင်းပိုင်း ဆွဲဖြဲခံရမည်ကို ကြောက်ရွံ့သဖြင့် မည်သူကမျှ သူမကို ပိုးပန်းခြင်း မရှိခဲ့ပေ။ ထို့ကြောင့် လီထိုက်ပိုင်၏ ပိုးပန်းမှုသည် ဝူရွှယ်ယင်းအတွက် ပထမဆုံးအကြိမ် ဖြစ်ခဲ့သည်။ ဤသို့ဖြင့် မိန်းမပျိုလေး၏ စိတ်နှလုံးသားမှာ ထိန်းမနိုင်သိမ်းမရ ဖြစ်ကာ ၊ သူမသည် လီထိုက်ပိုင်၏ တောင်းဆိုမှုကို အလျင်အမြန် လက်ခံခဲ့သည်။

သူတို့နှစ်ဦး၏ ဆက်ဆံရေးကို အတည်ပြုပြီးနောက် ၊ လီထိုက်ပိုင်သည် ဝူရွှယ်ယင်းအား သူ၏ အထောက်အထားကို ချက်ချင်းပြောပြခဲ့သည်။ လီထိုက်ပိုင်သည် ဧကရာဇ်တစ်ပိုင်း အထွတ်အထိပ်အဆင့် ဖြစ်သော်လည်း ဝူရွှယ်ယင်းသည် သိပ်ပြီး အံ့သြမသွားခဲ့‌ချေ။

သို့သော်လည်း လီထိုက်ပိုင်နှင့် ဆက်ဆံရေးကို အတည်ပြုပြီးနောက် ၊ ဝူရွှယ်ယင်းအနေဖြင့် အနည်းငယ် ခေါင်းကိုက်လာခဲ့သည်။ အကယ်၍ သူမ၏ အစ်ကို၊ ဖခင်နှင့် အဘိုးတို့က သူမတွင် ရည်းစား ရှိနေကြောင်း သိသွားလျှင်ဖြင့် ၊ အစ်ကိုထိုက်ပိုင်အား အခက်တွေ့အောင် လုပ်ကြမည်ကို သူမ စိုးရိမ်မိသည်။

မျိုးနွယ်စုအတွင်း ရှားပါးသော အမျိုးသမီး တစ်ဦးအနေဖြင့် ဝူရွှယ်ယင်းသည် သူမ မွေးဖွားလာစဉ်ကတည်းက ဝူမိသားစု တစ်ခုလုံး၏ ချစ်ခင်မြတ်နိုးမှုနှင့် ဂရုစိုက်မှု အားလုံးကို ရရှိခဲ့သည်။ သူမသည် ဤမြောက်ပိုင်းဒေသသို့ သွားရောက်ရန် အတင်းအကျပ် မတောင်းဆိုခဲ့ပါက ၊ မိသားစုသည် သဘောတူခဲ့လိမ့်မည် မဟုတ်ချေ။

သို့တိုင်အောင် ၊ သူမ မြောက်ပိုင်းဒေသတွင် ရှိနေစဉ်ကာလပတ်လုံး သူတို့သည် ဆယ်နှစ်တစ်ကြိမ် မြောက်ပိုင်းဒေသသို့ လာရောက်ကာ သူမ၏ အခြေအနေကို မေးမြန်းလေ့ရှိသည်။

“အစ်ကိုထိုက်ပိုင်… ရှင်နဲ့ ကျွန်မ မိသားစုကို ဘယ်လို မိတ်ဆက်ပေးရမလဲဆိုတာ ကျွန်မ တွေးနေတာ… ကျွန်မ မိသားစုကသာ ကျွန်မတို့ရဲ့ ဆက်ဆံရေးကို သိသွားရင် ရှင့်ကို ခက်ခဲအောင် နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားကြလိမ့်မယ်”

မကြာမီ ၊ ဝူရွှယ်ယင်းနှင့် လီထိုက်ပိုင်တို့သည် လီထိုက်ပိုင်စီစဉ်ထားသော ချိန်းတွေ့မည့် နေရာသို့ ရောက်ရှိလာခဲ့သည်။ ဝူရွှယ်ယင်းသည် ခဏတာ တွန့်ဆုတ်သွားပြီး နောက်ဆုံးတွင် ပြန်ပြောလိုက်သည်။

လီထိုက်ပိုင်သည် ဝူရွှယ်ယင်း၏ လက်များကို တင်းကျပ်စွာ ဆုပ်ကိုင်လျက် ၊ လေးနက်သော အမူအရာဖြင့် ကြည့်နေသည်။

“ကိုယ် မကြောက်ဘူး… မင်းအတွက် ဘာပဲလုပ်ရလုပ်ရ ကိုယ် လုပ်ရဲတယ် …… ကိုယ့်ရဲ့ ကျင့်ကြံခြင်းဘဝတစ်လျှောက်မှာ လူပေါင်းများစွာ ဖြတ်သန်းသွားခဲ့ပေမဲ့ သူတို့ထဲက ဘယ်သူကမှ ကိုယ့်ကို စိတ်မလှုပ်ရှားစေနိုင်ခဲ့ဘူး… ဒီဘဝမှာ ကိုယ့်ဘေးနား ရှိမယ့်သူက မင်းပဲ ဖြစ်ရမယ်… မင်း တစ်ယောက်တည်းပဲဆိုတာ သေချာတယ် “

လီထိုက်ပိုင်၏ ချိုသာသော စကားများကို ကြားပြီးနောက် ၊ ဝူရွှယ်ယင်း၏ မျက်နှာသည် နီရဲသွားပြီး ရှက်ရွံ့စွာဖြင့် တစ်ဖက်သို့ လှည့်ကာ ချွဲနွဲ့သော လေသံဖြင့် ပြောလိုက်သည်။

“အစ်ကိုထိုက်ပိုင်… အဲ့လို မလုပ်ပါနဲ့… အရမ်း မုန်းစရာကောင်းတာပဲ “

“မဟုတ်ဘူး… ဒါက မုန်းစရာမကောင်းပါဘူး… ဒါက ကိုယ့်ရဲ့ စစ်မှန်တဲ့ ခံစားချက်တွေပါ”

ဝူရွှယ်ယင်းသည် အသက်ပြင်းပြင်းး ရှူသွင်းလိုက်ပြီးနောက် ၊ ပြတ်သားသော ဆုံးဖြတ်ချက် တစ်ခုကို ချမှတ်လိုက်ပုံရသည်။

“ကောင်းပြီ… အစ်ကိုထိုက်ပိုင်လည်း အဆင်သင့် ဖြစ်နေပြီဆိုတော့ ရှင့်ကို မိသားစုနဲ့ မိတ်ဆက်ပေးဖို့ စီစဉ်ကြတာပေါ့ “

“အင်း… မင်းရဲ့ အမိန့်အတိုင်း ဘာမဆိုလုပ်ဖို့ ကိုယ် အဆင်သင့်ပဲ”

“ဟုတ်ပြီ… ဒီလမ်းကို အတူတူ လျှောက်လှမ်းကြတာပေါ့”

အခန်း (၁၆၄) - မိသားစုထံမှ စမ်းသပ်မှု

“ဘာ… အဖေ… တစ်ယောက်ယောက်က ရွှယ်ယင်းကို ခိုးသွားပြီလို့ ပြောနေတာလား”

“မဖြစ်ဘူး… ရွှယ်ယင်းရဲ့ အစ်ကို တစ်ယောက်အနေနဲ့ ဒီကိစ္စကို လုံးဝမှ လက်ခံနိုင်စရာ အကြောင်းမရှိဘူး”

“တောက်… ငါ ဝူချီထျန်းရဲ့ ညီမလေးကို ဘယ်ကောင်ကများ သွေးဆောင်ဖြားယောင်းရဲတာလဲ… သူတို့ တစ်မိသားစုလုံးကို သတ်ပစ်မယ်”

ဝူဟောက်သည် ဝူရူလုံနှင့် အခြားသူများကို စုရုံးခေါ်ယူပြီးနောက် ၊ မျှော်လင့်ထားသည့်အတိုင်း လူတိုင်း ဒေါသတကြီး ကျိန်ဆဲကြလေသည်။

သူတို့သည် ဝူရွှယ်ယင်းကို ဝူမိသားစု၏ အဖိုးတန် ရတနာတစ်ခုကဲ့သို့ တယုတယ ချစ်ခင်ကြသည်။ ယခုအခါ တစ်စုံတစ်ယောက်သည် သူတို့ ဝူမိသားစု၏ အသည်းကျော်လေးကို လုယူရန် ကြိုးစားနေသည်။ ဤသို့သော ကိစ္စမျိုး ဖြစ်ပျက်နေသည်ကို သူတို့အနေဖြင့် မည်သို့များ သည်းခံနိုင်မည်နည်း။

အရေးကြီးသော အခိုက်အတန့်တွင်၊ စူးချောင်ရန်က မတ်တတ်ရပ်ကာ ဝင်ပြောလိုက်သည်။

“အားလုံးပဲ… အရင်ဆုံး စိတ်အေးအေးထားကြပါဦး… ရွှယ်ယင်းမှာ သူမရဲ့ ကိုယ်ပိုင် ရွေးချယ်ခွင့် ရှိတယ်… ဘယ်သူကမှ သူမရဲ့ ဘဝကို သတ်မှတ်ပေးလို့ မရဘူး… ဒါကြောင့် ငါတို့ အခု လုပ်နိုင်တာက လီထိုက်ပိုင်က ရွှယ်ယင်းကို တကယ် ချစ်၊ မချစ် ဆုံးဖြတ်ဖို့ပဲ… အကယ်၍ လီထိုက်ပိုင်က ငါတို့ ဝူမိသားစုရဲ့ အင်အားကို လိုချင်လို့ ဆိုရင်တော့ သူ့ကို ရှင်းပစ်ဖို့က နောက်မကျသေးပါဘူး”

စူးချောင်ရန်၏ စကားကို ကြားပြီးနောက် ၊ ဝူရူလုံနှင့် အခြားသူများမှာ ချင်းလျန် မြင့်မြတ်နယ်မြေကို မျိုးဖြုတ်ပစ်လိုသည့် အကြံအစည်ကို ဖိနှိပ်ထားလိုက်ကြသည်။ ရွှယ်ယင်းသည် သူတို့အားလုံး၏ အဖိုးတန် ရတနာလေး ဖြစ်ပြီး၊ သူတို့အပေါ် မုန်းတီးသွားမည်ကို မခံယူလိုပေ။

“ကောင်းပြီ… လီထိုက်ပိုင်ကို ငါ ကိုယ်တိုင် စမ်းသပ်မယ်… သူ့ကို စမ်းသပ်ဖို့ စိတ်ကူးယဉ် ကမ္ဘာတစ်ခု ဖန်တီးမယ်… အကယ်၍ စိတ်ကူးယဉ် ကမ္ဘာထဲမှာ သူက ရွှယ်ယင်းကို သစ္စာဖောက်မယ့် လုပ်ရပ်မျိုးကို လုပ်ဆောင်ခဲ့တာနဲ့ ငါ သူ့ကို အရင်သတ်ပစ်ပြီး မတော်တဆမှု တစ်ခုလို ဖြစ်အောင် ဖန်တီးပစ်မယ်”

ထိုအခိုက်အတန့်တွင် ဝူဟောက်သည် ရှေ့သို့ ထွက်လာခဲ့သည်။ သူ အချစ်ရဆုံး မြေးမလေး ဖြစ်သည့်အတွက် သူမအနေဖြင့် မှန်ကန်သော ရွေးချယ်မှု ပြုလုပ်နိုင်ရန် အဘိုးတစ်ယောက်အနေဖြင့် ကူညီပေးရလိမ့်မည်။ ဝူရူလုံနှင့် အခြားသူများသည် လီထိုက်ပိုင်ကို ကိုယ်တိုင်ကိုယ်ကျ အကဲဖြတ်လိုသော်လည်း ၊ ဝူဟောက် ရှေ့ထွက်လာသည်ကို မြင်ပြီးနောက် သူ့ထံ လွှဲအပ်ထားရန်သာ ရွေးချယ်လိုက်ကြသည်။

“ အဘိုး… အားတင်းထား… ရွှယ်ယင်းကို အချောင်နှိုက်ချင်နေတဲ့ သူတွေကို သေချာပေါက် ရှင်းပစ်ခဲ့ရမယ်နော် “

“ဆက်လုပ် ဘိုးဘိုး “

ဝူချန်ခွန်းနှင့် အခြားသူများသည် ဝူဟောက်ကို ကြည့်ကာ ရိုးသားပွင့်လင်းစွာ အားပေးကြလေသည်။

ဝူရူလုံသည်ပင် ခေါင်းညိတ်သဘောတူလိုက်သည်။

“အဖေ့ကိုပဲ အားကိုးလိုက်တော့မယ်”

သူတို့၏ စကားများကို ကြားသောအခါ ဝူဟောက်သည် ကြီးလေးသော တာဝန်တစ်ခုကို ထမ်းပိုးလိုက်ရသကဲ့သို့ လေးလေးနက်နက် ခေါင်းညိတ်လိုက်ပြီးနောက် ဝူမိသားစုအတွင်းမှ ပျောက်ကွယ်သွားခဲ့သည်။ စူးချောင်ရန်မှာ သက်ပြင်းချရုံမှတပါး ဘာမှမတတ်နိုင်ဘဲ လီထိုက်ပိုင် ကံကောင်းပါစေဟုသာ မျှော်လင့်နေမိ၏။

တစ်ချိန်တည်းမှာပင် ၊ ဝူရွှယ်ယင်းကို နှုတ်ဆက်ပြီးနောက် လီထိုက်ပိုင်သည် ချင်းလျန် မြင့်မြတ်နယ်မြေဆီသို့ ပြန်လာခဲ့သည်။ သူသည် လဝက်အကြာတွင် ဝူရွှယ်ယင်းကို တောင်းရမ်းရန် ဝူမိသားစုသို့ သွားရောက်မည်ဖြစ်ပြီး ၊ သူမသည် သူ့အတွက် အကာအကွယ်ပေးရန် ထိုနေရာတွင် ရှိနေမည်ဟု တစ်ယောက်နှင့်တစ်ယောက် ချိန်းဆိုထားသည်။

“ဟူး… ဝူမိသားစုအတွက် တင်တောင်းရမယ့် ပစ္စည်းတွေက ငါ့ကို မွဲသွားစေလောက်တယ်… ဒါပေမဲ့လည်း မတတ်နိုင်ဘူး… ဘယ်လိုပဲဖြစ်ဖြစ် သူတို့က ငါ ချစ်ရတဲ့သူရဲ့ မိသားစုတွေပဲလေ”

“ဒါပေမဲ့ အခု တစ်ခုတည်းသော ပြဿနာက ဝူမိသားစုက ရွှယ်ယင်းကို ငါနဲ့ လက်ထပ်ပေးဖို့ သဘောတူပါ့မလား ဆိုတာပဲ”

ဤအချက်နှင့် ပတ်သက်၍ ၊ လီထိုက်ပိုင်တစ်ယောက် ခေါင်းကိုက်နေပုံရသည်။ ချင်းလျန် မြင့်မြတ်နယ်မြေ၏ တောင်းရမ်းမှုကို ရင်ဆိုင်ရပါက ၊ မည်သည့် အဖွဲ့အစည်းမဆို အလွန်ပင် စိတ်လှုပ်ရှားကာ ပူးပေါင်းဆောင်ရွက်ကြမည် ဖြစ်သော်လည်း ၊ ဝူမိသားစု တစ်ခုတည်းကသာ ချွင်းချက် ဖြစ်နေသည်။

အစပိုင်းတွင် ဝူရွှယ်ယင်းသည် ဝူမိသားစုဝင် တစ်ယောက် ဖြစ်ကြောင်း သူ မသိခဲ့ပေ။ ထိုအကြောင်းကို သိရှိပြီးနောက် ၊ သူသည် အချိန်အတိုင်းအတာ တစ်ခုအထိ တွန့်ဆုတ်နေခဲ့သော်လည်း နောက်ဆုံးတွင် အချစ်က ကြောက်ရွံ့မှုကို အနိုင်ယူသွားခဲ့သည်။

ဘာမှ မတတ်နိုင်တော့ချေ။ သူသည် အချစ်တွင် ကျရှုံးသွားခဲ့ပြီ ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ၊ ရွှယ်ယင်းသည် သူ ချစ်ရသောသူ ဖြစ်နေသည် မဟုတ်လော။

တစ်ချိန်တည်းမှာပင် ဝူဟောက်သည် လီထိုက်ပိုင်ကို လျှို့ဝှက်စွာ စောင့်ကြည့်နေခဲ့သည်။ အစပိုင်းတွင် သူသည် လီထိုက်ပိုင်အပေါ် အနည်းငယ် သဘောကျမှု ရှိခဲ့သော်လည်း ၊ သို့သော် တစ်ဖက်လူသည် သူ၏ မြေးမလေးကို ခိုးယူဝံ့သည့်အထိ ရဲတင်းကြောင်းကို သိလိုက်ရပြီးနောက် ထိုသဘောကျမှုများမှာ ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။

“ တကယ်လို့ မင်းဆီမှာ အမှားတစ်ခုခုကို တွေ့လိုက်တာနဲ့ ..မင်း သေဖို့သာ ပြင်ထားတော့”

ဝူဟောက်သည် လီထိုက်ပိုင်ကို တည်ငြိမ်သော အမူအရာဖြင့် ကြည့်လိုက်ပြီး ၊ နောက်တစ်စက္ကန့်တွင် လက်ဖျောက်တစ်ချက် တီးလိုက်သည်။

သတိပေးမှု လုံးဝ မရှိဘဲ လီထိုက်ပိုင်သည် ချက်ချင်းလက်ငင်း သတိလစ်သွားခဲ့သည်။ ဝူဟောက်၏ လက်ရှိ ခွန်အားအရ ၊ လီထိုက်ပိုင်အား တုံ့ပြန်ရန် အချိန်မရှိဘဲ သတိလစ်သွားအောင် လုပ်ရန်မှာ အလွန်ပင် လွယ်ကူလှသည်။

လီထိုက်ပိုင် သတိလစ်သွားပြီးနောက် ၊ ဝူဟောက်သည် သူ့အနားသို့ တိုးကပ်လာပြီး ၊ လီထိုက်ပိုင်အား စိတ်ကူးယဉ် ကမ္ဘာတစ်ခုထဲသို့ ဆွဲသွင်းလိုက်သည်။ ထိုစိတ်ကူးယဉ် ကမ္ဘာသည် ဝူဟောက် သေချာ ပြင်ဆင်ထားသော အရာ ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ၊ လီထိုက်ပိုင်၏ စိတ်ကူးယဉ် ကမ္ဘာထဲတွင် ။

စိတ်ကူးယဉ် ကမ္ဘာထဲတွင် လီထိုက်ပိုင်သည် တစ်စုံတစ်ခု မှားယွင်းနေကြောင်း ခံစားနေရသော်လည်း ၊ ဘာဖြစ်သွားမှန်း သူ အတိအကျ မပြောနိုင်ပေ။ သူသည် ခေါင်းယမ်းလိုက်ရင်း ၊ ဆက်လက် စုံစမ်းစစ်ဆေးရန် ရပ်တန့်လိုက်သည်။

“ ပြီးတော့ သူက ဧကရာဇ်တစ်ပိုင်း အထွတ်အထိပ်အဆင့်လေ… သူ့ကို တစ်ခုခု လုပ်ဖို့ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ “

မနီးမဝေးတွင် ဝူဟောက်သည်လည်း လီထိုက်ပိုင်၏ စိတ်ကူးယဉ် ကမ္ဘာထဲသို့ ဝင်ရောက်လာပြီး ၊ လီထိုက်ပိုင်၏ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေသည်။

သူသည် လီထိုက်ပိုင်၏ စိတ်ကူးယဉ် ကမ္ဘာထဲတွင် ဝင်ရောက်စွက်ဖက်ခြင်း မရှိပေ။ ဤစိတ်ကူးယဉ်ကမ္ဘာ၏ အချိန်ကာလကို ရွှမ်ထျန်းကမ္ဘာတွင် မဟာဧကရာဇ်အဆင့်သို့ မည်သူမျှ မရောက်ရှိသေးသည့် အချိန်၊ ဝူရွှယ်ယင်းနှင့် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့သည့် အချိန်ကာလအဖြစ် သတ်မှတ်ပေးထားသည်။

သူ၏ အမြင်တွင် လီထိုက်ပိုင်သည် ဝူမိသားစုကြောင့်သာ ဝူရွှယ်ယင်းနှင့် တွဲနေခြင်း ဖြစ်သည်ဟု ယူဆထားသည်။ လီထိုက်ပိုင်သည် ဝူမိသားစု၏ နောက်ခံ မပါဘဲ ဝူရွှယ်ယင်းကို ဆက်လက် ပိုးပန်းဦးမည်လားဆိုသည်ကို သူ သိချင်မိသည်။

အကယ်၍ လီထိုက်ပိုင်သည် ဝူမိသားစုကို မျက်စိကျနေကြောင်း ပြသလိုက်သည်နှင့် ၊ သူသည် လီထိုက်ပိုင်ကို ရှင်းလင်းပစ်ရန် တရားဝင် အကြောင်းပြချက် ရှိသွားပြီ ဖြစ်သည်။

သူသည် ဤစိတ်ကူးယဉ် ကမ္ဘာထဲတွင် ကျင့်ကြံမှုကို အဆင့်နိမ့်ထားခဲ့သည်။ ဝိညာဉ်အမြစ်ဖြင့် ဝိညာဉ်ပြောင်းလဲခြင်းအဆင့်သို့ ဖောက်ထွက်ရန် နှစ်တစ်ထောင် ကြာမြင့်သည့် အနေအထားမျိုးဖြင့် သတ်မှတ်ထားသည်။ ထို့ကြောင့် လီထိုက်ပိုင်ကဲ့သို့သော အရည်အချင်းရှိသူ တစ်ယောက်ကို မည်သူကမျှ ဆွဲဆောင်နိုင်မည် မဟုတ်ချေ။

ဝူဟောက် မျှော်လင့်မထားခဲ့သည်မှာ ၊ လီထိုက်ပိုင်သည် ဝူရွှယ်ယင်းနှင့် တွေ့ဆုံပြီးနောက် မည်သည့်အကြံအစည်မှ မရှိဘဲ သူမကို ရိုးသားစွာ ပိုးပန်းခဲ့ခြင်း ဖြစ်သည်။

“မင်းက ငါတို့ ဝူမိသားစုကြောင့် လာတာ မဟုတ်လို့ တော်သေးတယ်လို့ မှတ်…မဟုတ်ရင် မင်း ရွှယ်ယင်းကို အနိုင်ကျင့်တာကို ငါ တွေ့တာနဲ့ မင်းရဲ့ ဝိညာဉ်ကို တစ်စစီ စုတ်ဖြဲပစ်မယ်”

ဝူဟောက်သည် အေးစက်စွာဖြင့် နှာခေါင်းရှုံ့လိုက်သော်လည်း ၊ စမ်းသပ်မှုသည် ဤမျှနှင့် မပြီးဆုံးသေးပေ။

လီထိုက်ပိုင်သည် မြင်မြင်ချင်း ရမ္မက်စိတ် ကြောင့် ဝူရွှယ်ယင်းကို သဘောကျသွားခြင်းလည်း ဖြစ်နိုင်သည်။ ၎င်းမှာ အချစ်စစ် မဟုတ်ချေ။ အချိန်၏ စမ်းသပ်မှုကို ခံနိုင်ရည်ရှိသော အချစ်ကသာ အချစ်စစ်ဟု သတ်မှတ်နိုင်မည်။

မျှော်လင့်ထားသည့်အတိုင်း ၊ စိတ်ကူးယဉ် ကမ္ဘာထဲတွင် ဝူရွှယ်ယင်းသည် လီထိုက်ပိုင်၏ ပိုးပန်းမှုကို လက်ခံခဲ့ပြီး နောက်ဆုံးတွင် သူတို့နှစ်ဦးသား လက်ထပ်ခဲ့ကြသည်။

ထို့နောက် လီထိုက်ပိုင်သည် ဝူရွှယ်ယင်းအား ကျင့်ကြံမှုတွင် များစွာ အကူအညီပေးခဲ့ပြီး ၊ သူမသည် အဓိပတိအဆင့်သို့ ဖောက်ထွက်သွားခဲ့သည်။ နောက်ဆုံးတွင် သူတို့ နှစ်ဦးသည် အသက်အရွယ် ကြီးရင့်လာသည်အထိ နေထိုင်ခဲ့ကြပြီး ၊ လီထိုက်ပိုင်သည် သူ့ဘဝတစ်လျှောက်လုံး ဝူရွှယ်ယင်း တစ်ယောက်တည်းကိုသာ ချစ်မြတ်နိုးခဲ့သည်။

“ဒီကောင်က အချစ်စစ် စစ်နတ်ဘုရား တစ်ပါးပဲ… အဲ့လိုဆိုမှတော့ ငါရဲ့ နောက်ဆုံး လက်နက်ကို သုံးရုံကလွဲပြီး ရွေးချယ်စရာ မရှိတော့ဘူး”

ဝူဟောက်၏ အမူအရာသည် လေးနက်သွားသည်။

သူသည် လီထိုက်ပိုင်အတွက် စမ်းသပ်မှု သုံးခုကို သတ်မှတ်ထားခဲ့သည်။ အချစ်စစ် စမ်းသပ်မှု၊ အချိန် စမ်းသပ်မှုနှင့် ယခု နောက်ဆုံး ကျန်ရှိနေသည့် အခက်အခဲ စမ်းသပ်မှုတို့ပင် ဖြစ်သည်။

တောအုပ်တစ်ခုတည်းတွင် အတူနေထိုင်ကြသော ငှက်မောင်နှံများပင်လျှင် ဘေးအန္တရာယ် ကျရောက်လာသောအခါ သီးခြားစီ ပျံသန်းသွားတတ်ကြသည် မဟုတ်လော။

သူသည် စမ်းသပ်မှု တစ်ခုကို ဖန်တီးလိုက်သည်။ မဟာဧကရာဇ် တစ်ပါးသည် ဝူရွှယ်ယင်းကို သဘောကျသွားပြီး ၊ လီထိုက်ပိုင်အား ဝူရွှယ်ယင်းကို လွှဲပြောင်းပေးရန် တောင်းဆိုလာခဲ့သည်။ သို့မဟုတ်ပါက ၊ ချင်းလျန် မြင့်မြတ်နယ်မြေ တစ်ခုလုံးကို မျိုးဖြုတ်ပစ်ရန် တွန့်ဆုတ်နေမည် မဟုတ်ကြောင်း ခြိမ်းခြောက်လာခဲ့သည်။

ချင်းလျန် မြင့်မြတ်နယ်မြေ၏ အကြီးအကဲများသည် ဤကိစ္စကို သိရှိသွားသောအခါ လီထိုက်ပိုင်ကို ဖိအားပေးလာကြသည်။ ဝူရွှယ်ယင်းကို လွှဲပြောင်းပေးရန် သို့မဟုတ် ချင်းလျန် မြင့်မြတ်နယ်မြေမှ နှင်ထုတ်ရန် တောင်းဆိုလာကြသည်။

ဤအခြေအနေများအောက်တွင် လီထိုက်ပိုင်သည် မည်သို့ ရွေးချယ်မည်ကို သူ မြင်တွေ့လိုခဲ့သည်။

All Chapters