အခန်း (၁၆၅-၁၆၆)
Vol. 17 Ch. 165-166
အခန်း (၁၆၅) - မိသားစုထံမှ သဘောတူညီချက်
“ဘယ်လိုဖြစ်ပြီး မဟာဧကရာဇ်တစ်ပါးက ရွှယ်ယင်းကို သဘောကျသွားရတာလဲ “
လီထိုက်ပိုင်သည် အလွန်ပင် နာကျင်နေရသည်။ အကြောင်းရင်းကို သူ မသိသော်လည်း ၊ ဝူရွှယ်ယင်းနှင့် တွေ့ဆုံပြီးနောက်ပိုင်း ယခင်က တစ်ခါမျှ မလှုပ်ရှားခဲ့ဖူးသော သူ့နှလုံးသားသည် ပြန်လည် နိုးထလာခဲ့သည်။
ဤဘဝတွင် ဝူရွှယ်ယင်းမှလွဲ၍ မည်သူ့ကိုမျှ လက်ထပ်မည် မဟုတ်ကြောင်း သူ ကျိန်ဆိုခဲ့ပြီး၊ နောက်ဆုံးတွင် သူ့ဆန္ဒအတိုင်း ဝူရွှယ်ယင်းနှင့် အတူတူ နေထိုင်ခွင့် ရခဲ့သည်။
ဝူရွှယ်ယင်းနှင့်အတူ နေထိုင်ပြီး သိပ်မကြာမီ ရွှမ်ထျန်းကမ္ဘာမှ မဟာဧကရာဇ်တစ်ပါးသည် ရုတ်တရက် ထွက်ပေါ်လာပြီး ဝူရွှယ်ယင်းကို သဘောကျကြောင်း ပြောကာ သူမအား လွှဲပြောင်းပေးရန် တောင်းဆိုလာခဲ့သည်။ သို့မဟုတ်ပါက၊ ချင်းလျန် မြင့်မြတ်နယ်မြေကို ဖျက်ဆီးပစ်မည်ဟု ခြိမ်းခြောက်လာခဲ့သည်။
ဤကိစ္စကို သိရှိပြီးနောက် ၊ ချင်းလျန် မြင့်မြတ်နယ်မြေ၏ အကြီးအကဲများသည် ဝူရွှယ်ယင်းကို လွှဲပြောင်းပေးရန် သို့မဟုတ်ပါက မြင့်မြတ်နယ်မြေ၏ အရှင်သခင်ရာထူးမှ ဖယ်ရှားမည် ဖြစ်ကြောင်း ပြောဆိုလာကြသည်။ ရွှမ်ထျန်းကမ္ဘာတစ်ခုလုံးကပင် ဝူရွှယ်ယင်းကို လွှဲပြောင်းပေးရန် သူ့ကို တိုက်တွန်းလာကြ၏။
ဤအခိုက်အတန့်တွင်၊ ကမ္ဘာကြီး တစ်ခုလုံးသည် သူ့အား ဆန့်ကျင်နေသကဲ့သို့ ခံစားလိုက်ရသော်လည်း ၊ သူသည် အရှုံးပေးရန် မရွေးချယ်ခဲ့ပေ။ ရွှယ်ယင်းသည် သူ၏ အမျိုးသမီး ဖြစ်ပြီး ၊ သူ့တစ်ဘဝစာ အချစ် ဖြစ်သည်။ သူ့ကိုယ်သူ စတေးရမည် ဆိုတောင် ၊ ရွှယ်ယင်းကို တစ်စုံတစ်ခုမှ ဖြစ်ခွင့်မပေးနိုင်ချေ။
ထိုအခိုက်အတန့်တွင် ဝူရွှယ်ယင်းသည် လီထိုက်ပိုင်၏ အနားသို့ ရောက်လာပြီး ၊ လီထိုက်ပိုင်၏ ပင်ပန်းနွမ်းနယ်နေသော အသွင်အပြင်ကို ကြည့်ကာ ပြောလိုက်သည်။
“ယောကျ်ား… ကျွန်မကို လွှဲပေးလိုက်ပါတော့.. ရှင့်ကို မပင်ပန်းစေချင်ဘူး”
“အရူးမလေး… ဒါက ယောကျ်ားတစ်ယောက်ရဲ့ တာဝန်လေ… ကိုယ်က မင်းရဲ့ ယောကျ်ားပဲ… ဒီကိစ္စတွေ အားလုံးကို မင်း တစ်ယောက်တည်း ခံစားရဖို့ ကိုယ် ဘယ်တော့မှ ခွင့်ပြုမှာ မဟုတ်ဘူး”
လီထိုက်ပိုင်သည် အားတင်းပြုံးကာ ဝူရွှယ်ယင်း၏ ဆံပင်များကို လှမ်းသပ်ပေးလိုက်သည်။
လီထိုက်ပိုင်သည် ချက်ချင်းပင် ပြင်ဆင်မှုများ ပြုလုပ်လိုက်သည်။ သူ့ကိုယ်သူ စတေးရမည် ဆိုတောင်၊ ဝူရွှယ်ယင်းကို လုံးဝ စတေးခံမည် မဟုတ်။
ထို့ကြောင့် ဝူရွှယ်ယင်း အိပ်ပျော်သွားပြီးနောက် လီထိုက်ပိုင်၏ အမူအရာသည် ခက်ထန်မှုအဖြစ် ပြောင်းလဲသွားသည်။ သူသည် ဝူရွှယ်ယင်းကို နှုတ်ဆက် အနမ်းတစ်ပွင့် ပေးပြီးနောက် ၊ ချင်းလျန် ဓားကို ယူကာ မဟာဧကရာဇ် ရှိရာ အရပ်ဆီသို့ ထွက်ခွာသွားတော့သည်။
ထိုမဟာဧကရာဇ်သည် အလယ်ပိုင်းဒေသတွင် နေထိုင်လျက် ရှိသည်။ သူ့အနေဖြင့် ထိုမဟာဧကရာဇ်ကို ရှာဖွေ၍ တိုက်ခိုက်ရုံမှတပါး အခြားရွေးချယ်စရာ မရှ်ိပေ။ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပစ်ရပါစေ ၊ သူသေကိုယ်သေ တိုက်ခိုက်ရမည်ဆိုတောင် ၊ သူ ဂရုမစိုက်တော့ချေ။
“စိတ်ဝင်စားစရာပဲ… မင်းက ငါ့ဆီကို တကယ်ကြီး ရောက်လာတာပဲ… မင်းရဲ့ ဇနီးကို ဆက်သဖို့ ပြင်ဆင်ပြီးပြီလား “
လီထိုက်ပိုင် ရောက်လာသည်ကို မြင်သောအခါ မဟာဧကရာဇ်သည် အစပိုင်းတွင် အံ့အားသင့်သွားသော်လည်း၊ မကြာမီတွင် သူ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ထွက်ပေါ်လာသည်။ အရာအားလုံးသည် သူ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသကဲ့သို့ပင်။
သူ မျှော်လင့်မထားခဲ့သည်မှာ နောက်တစ်စက္ကန့်တွင် လီထိုက်ပိုင်သည် သူ၏ ချင်းလျန် ဓားကို တိုက်ရိုက် အသက်သွင်းလိုက်ပြီး ရုတ်တရက် တိုက်ခိုက်လာခဲ့ခြင်း ဖြစ်သည်။
မဟာဧကရာဇ်သည် ထိတ်လန့်သွားပုံရသည်။
“မင်းကများ …. ငါက မဟာဧကရာဇ်တစ်ပါးနော်.. ကနဦးအဆင့် ဆိုပေမဲ့လည်း ဧကရာဇ်တစ်ပိုင်း အထွတ်အထိပ်အဆင့်လောက်နဲ့ မင်း ငါ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး”
လီထိုက်ပိုင်၏ အမူအရာသည် ရေခဲတမျှ အေးစက်နေပြီး ၊ သူသည် နှာခေါင်းရှုံ့ကာ ပြန်ပြောလိုက်သည်။
“ငါ့ဇနီးကို တပ်မက်ရဲတယ်ပေါ့လေ… မင်းဟာမင်း မဟာဧကရာဇ် ဖြစ်နေရင်တောင်မှ၊ လူသားအင်မော်တယ် ဖြစ်နေရင်တောင်မှ မင်းကို ငါ့ဓားနဲ့ အပိုင်းပိုင်း ခုတ်သတ်ပစ်မယ် ၊ အဲ့တော့ မင်း သေဖို့သာ ပြင်ထားတော့”
ထိုသို့ ပြောပြီးနောက် ၊ လီထိုက်ပိုင်သည် မဟာဧကရာဇ် ကနဦးအဆင့်နှင့် ပြင်းထန်စွာ တိုက်ခိုက်ခဲ့သည်။ လီထိုက်ပိုင်သည် သေသည်အထိ တိုက်ခိုက်မည်ဟူသော ဆုံးဖြတ်ချက်ဖြင့် လာခဲ့သည်ဖြစ်ရာ အသက်ကို ပဓာန မထားတော့ဘဲ ရူးသွပ်စွာ တိုက်ခိုက်လေသည်။
သူ၏ ကိုယ်ပိုင် ဒဏ်ရာများသည် ပို၍ ပြင်းထန်သော်လည်း ၊ တဖက်ရှိ မဟာဧကရာဇ်မင်းသည်လည်း အခြေအနေမဟန်ချေ။ လီထိုက်ပိုင်သည် သူ့ကို ဒဏ်ရာ မပေးနိုင်သော်လည်း ၊ သို့သော် ထိုဧကရာဇ် မှော်လက်နက်သည် သူ့ကို ဒဏ်ရာ ပေးနိုင်စွမ်း ရှိသည်။
“ တာအိုမိတ်ဆွေ… ဒီလောက်နဲ့ပဲ တော်လိုက်ကြရအောင်… မင်းရဲ့ ဇနီးကို ငါ ထပ်ပြီး မမက်မောတော့ဘူး… ဘယ်လိုလဲ “
လီထိုက်ပိုင်သည် တစ်ဖက်လူ၏ တောင်းပန်မှုကို လုံးဝ ဂရုမစိုက်ခဲ့ပေ။ သူသည် ဇနီးဖြစ်သူအတွက် အနည်းငယ်မျှသော အန္တရာယ်ကိုပင် ချန်ထားရစ်ခဲ့မည် မဟုတ်ချေ။
ထို့ကြောင့် တစ်ဖက်လူအတွက် တစ်ခုတည်းသော ရလဒ်မှာ သေဆုံးခြင်းသာ ဖြစ်သည်။
“ဟမ်… မင်း ငါ့ကို သတ်ရင်တောင် မင်းလည်း လွတ်မြောက်နိုင်မှာ မဟုတ်ဘူး “
ထိုမဟာဧကရာဇ်သည် အံကြိတ်ကာ ပြင်းထန်စွာ တိုက်ခိုက်လာခဲ့သည်။ မကြာမီ လီထိုက်ပိုင်သည် သူ ဆက်၍ တောင့်မခံနိုင်တော့ကြောင်း ခံစားလိုက်ရသည်။
ထို့ကြောင့် သူသည် ဧကရာဇ် မှော်လက်နက်ကို ထိန်းချုပ်ကာ တစ်ဖက်လူကို တိုက်ခိုက်လိုက်ပြီး၊ တစ်ချိန်တည်းမှာပင် ဧကရာဇ် မှော်လက်နက်သည် မဟာဧကရာဇ်ထက် များစွာ သာလွန်သော ချီအငွေ့အသက်များကို ထုတ်လွှတ်လာသဖြင့် ထိုမဟာဧကရာဇ်မှာ အလွန်ပင် တုန်လှုပ်သွားသည်။
“ဘာ… မင်း ဧကရာဇ် မှော်လက်နက်ကို တကယ်ကြီး ဖောက်ခွဲပစ်တော့မလို့လား “
ဧကရာဇ် မှော်လက်နက်များသည်လည်း ကိုယ်တိုင် ဖောက်ခွဲနိုင်စွမ်း ရှိပြီး ၊ ၎င်းတို့၏ စွမ်းအားသည် မဟာဧကရာဇ် တစ်ပါး၏ ဖောက်ခွဲနိုင်စွမ်းထက် မလျော့နည်းချေ။
သို့သော် တစ်ခုတည်းသော အားနည်းချက်မှာ ဧကရာဇ် မှော်လက်နက်၏ ပိုင်ရှင်သည် ပြင်းထန်စွာ ဒဏ်ရာရနိုင်သည် သို့မဟုတ် သေဆုံးသွားနိုင်သည်။
သို့သော်လည်း လီထိုက်ပိုင်သည် ပြင်ဆင်ထားပြီး ဖြစ်သည်။ သူ သေရမည် ဆိုရင်တောင် ၊ ချင်းလျန် မြင့်မြတ်နယ်မြေအပေါ်တွင် အားနာစရာ ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း ၊ ဝူရွှယ်ယင်းအပေါ်တွင် တာဝန်ကျေပွန်လိုသည်။
“ငါ့ဇနီးကို မင်း စပြီး တပ်မက်ကတည်းက ဒီရလဒ်ကို မင်း ကြိုတင် ပြင်ဆင်ထားသင့်တယ်… သေစမ်း”
ထိုသို့ ပြောပြီးနောက် ၊ လီထိုက်ပိုင်သည် ချင်းလျန် ဓားကို ထိန်းချုပ်ကာ ကိုယ်တိုင် ဖောက်ခွဲပစ်လိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားသည် မဟာဧကရာဇ်ကို ချက်ချင်း သေဆုံးသွားစေသည်။ ဧကရာဇ် မှော်လက်နက်၏ ပိုင်ရှင် အနေဖြင့် လီထိုက်ပိုင်၏ အခြေအနေမှာလည်း သိပ်မကောင်းပေ။ လက်ရှိတွင် သူ၏ အသက်ရှူနှုန်းသည် အလွန်ပင်အားနည်းနေသည်။
ထိုအခိုက်အတန့်တွင် ဝူရွှယ်ယင်းသည် ငိုယိုကာ သူ၏အနီးနားသို့ ပြေးလာနေသည်ကို မထင်မရှား မြင်လိုက်ရသော်လည်း ၊ လီထိုက်ပိုင်အဖို့ သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ဘဲ လေးလံနေသော မျက်လုံးများကိုသာ မှိတ်လိုက်ရတော့သည်။
“ ရွှယ်ယင်း… ဒီဘဝမှာ မင်းကို ကိုယ် ဆက်မချစ်နိုင်တော့ဘူး… နောက်ဘဝ… ပြီးတော့ နောက်ထပ် ဘဝတွေမှာရော မင်းကို ကိုယ် ဆက်ပြီး ကာကွယ်ပေးသွားမယ်… “
“ဒီကောင်တော့ ဒုက္ခပါပဲ…”
ဝူဟောက်သည် ဤမြင်ကွင်းကို မြင်ပြီး ၊ မတတ်သာသည့်ဟန်ဖြင့် သက်ပြင်းချလိုက်သည်။
သတင်းကောင်းအနေဖြင့် လီထိုက်ပိုင်သည် သူ၏ မြေးမလေးအပေါ် အမှန်တကယ်ပင် ချစ်မြတ်နိုးပြီး ၊ သူမအတွက် အသက်ပင် ပေးဝံ့သည်။
သတင်းဆိုးအနေဖြင့် ၊ တဖက်လူသည် မိမိ၏ စမ်းသပ်မှု အားလုံးကို အောင်မြင်သွားခဲ့ရာ ၊ နောက်ထပ် အခက်အခဲများ ထပ်မံ ဖန်တီးရန် အကြောင်းပြချက် မရှိတော့ချေ။
သက်ပြင်းတစ်ချက် ချလိုက်ပြီးနောက် ၊ ဝူဟောက်သည် လီထိုက်ပိုင်၏ စိတ်ကူးယဉ် ကမ္ဘာထဲမှ ထွက်ခွာလာခဲ့သည်။
လီထိုက်ပိုင်သည် ဝူဟောက်၏ သဘောတူညီချက်ကို ရရှိသွားပြီး ဝူမိသားစု၏ မြေးမက် ဖြစ်လာခဲ့သည်။
ဝူဟောက်သည် လီထိုက်ပိုင်၏ စိတ်ကူးယဉ် ကမ္ဘာထဲမှ ထွက်လာပြီး ၊ သိပ်မကြာမီ လီထိုက်ပိုင်သည်လည်း စိတ်ကူးယဉ် ကမ္ဘာထဲမှ နိုးထလာခဲ့သည်။သူသည် ရင်ဘတ်ကို ဖိကာ တစ်စုံတစ်ခု ဖြစ်ပျက်သွားသကဲ့သို့ ခံစားနေရသော်လည်း ဘာဖြစ်ခဲ့သည်ကို မမှတ်မိတော့ချေ။
သူသည် ဆက်မတွေးတော့ရန် ဆုံးဖြတ်လိုက်သည်။ ယခုအချိန်တွင် အရေးကြီးဆုံး ကိစ္စမှာ ဆယ့်ငါးရက် အကြာတွင် သူသည် ဝူမိသားစုသို့ သွားရောက် တောင်းရမ်းရပေတော့မည်။
အခြားတစ်ဘက်တွင်မူ ၊ ဝူဟောက် ပြန်ရောက်လာသည်ကို မြင်သောအခါ ဝူရူလုံနှင့် အခြားသူများသည် စိတ်လှုပ်ရှားစွာဖြင့် ရှေ့သို့ တိုးလာကာ ပြောလိုက်ကြသည်။
“အဖေ… ဘယ်လိုလဲ… လီထိုက်ပိုင်က ငါတို့ ဝူမိသားစုရဲ့ အင်အားကို လိုချင်လို့ လာတာလား၊ ရွှယ်ယင်းကို တကယ် မချစ်ဘူးဆိုတာ အဖေ သိသွားပြီလား”
“ကဲပါ… ဒီကိစ္စကို ဒီလောက်နဲ့ပဲ ထားလိုက်ကြရအောင်… လီထိုက်ပိုင်က ငါ့ရဲ့ စမ်းသပ်မှုကို အောင်မြင်သွားပြီ… သူက ရွှယ်ယင်းကို တကယ် ချစ်မြတ်နိုးပြီး သူမအတွက် သူ့အသက်ကိုတောင် ပေးဝံ့တယ်ဆိုတာ ငါ အတည်ပြုနိုင်ခဲ့တယ် “
ဝူဟောက်၏ စကားကို ကြားသောအခါ ဝူရူလုံနှင့် အခြားသူများမှာ နေရာတွင်ပင် ကြက်သေသေသွားကြပြီး ၊ သူတို့၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေ၏။
“ ဘိုးဘေးက ငါတို့ဘက်မှာ မဟုတ်ဘူးလား… ငါတို့က သေတဲ့အထိ တိုက်ခိုက်ဖို့ ပြင်ဆင်ထားပြီးပြီလေ… ဘာဖြစ်လို့ အဖေက အရင် လက်နက်ချသွားရတာလဲ…”
ဝူချန်ခွန်းနှင့် ဝူရွှမ်ယွမ်တို့သည် တစ်စုံတစ်ခုကို ပြောရန် ဟန်ပြင်လိုက်စဉ်မှာပင် ဝူရူလုံက သူတို့ကို တားဆီးလိုက်သည်။ ဝူရူလုံသည် အသက်ပြင်းပြင်း ရှုရှိုက်လိုက်ပြီး ၊ ဝူဟောက်ကို အလွန် လေးနက်သော အမူအရာဖြင့် ကြည့်ကာ ပြောလိုက်သည်။
“အဖေ… အဖေ တကယ်ပဲ ဆုံးဖြတ်လိုက်ပြီလား”
“အင်း… ငါ အခု လုံးဝ သေချာသွားပြီ… လီထိုက်ပိုင်က ရွှယ်ယင်းအတွက် အကောင်းဆုံး ခင်ပွန်းလောင်းပဲ “
ဝူဟောက်သည် ခေါင်းညိတ်လိုက်ပြီး သူ၏ လေသံထဲတွင် အတည်ပြုမှုများ ပါဝင်နေသည်။
ဤစကားကို ကြားသောအခါ ဝူရူလုံအနေဖြင့် သက်ပြင်းချရုံမှတပါး ဘာမှမတတ်နိုင်ဘဲ ခေါင်းညိတ် သဘောတူလိုက်ရသည်။
ဖခင်ဖြစ်သူ၏ စိတ်သဘောထားကို သူ ကောင်းစွာ သိ၏။ သူသည် ကတိတည်သော လူတစ်ယောက် ဖြစ်သည်။ ယခု ဖခင်ကိုယ်တိုင် ဆုံးဖြတ်ချက် ချပြီးပြီ ဖြစ်ရာ ၊ လီထိုက်ပိုင်သည် အမှန်တကယ်ပင် လူကောင်းတစ်ယောက် ဖြစ်ပုံရသည်။
မိမိ၏ သမီးလေးသည် တခြားလူ၏လက်ထဲတွင် မတရားမှု မခံစားရစေရန်သာ သူ မျှော်လင့်မိသည်။ သို့မဟုတ်ပါက ၊ ဝူမိသားစု၏ ဒေါသကို ချင်းလျန် မြင့်မြတ်နယ်မြေ တစ်ခုလုံး မြင်တွေ့သွားစေရန် သူ ဝန်လေးနေမည် မဟုတ်ပေ။
ဝူမိသားစု၏ ဒေါသကို သူတို့ နောက်ဆုံး မြင်တွေ့ခဲ့ရသည်မှာ လီမင်းဆက် လက်ထက်တွင် ဖြစ်သည်။
လီထိုက်ပိုင်သည် ဝူရွှယ်ယင်း၏ မိသားစုထံမှ သဘောတူညီမှုကို မရည်ရွယ်ဘဲ ရရှိသွားခဲ့ကြောင်း မသိရှာပေ။
ဤအခိုက်အတန့်တွင် လီထိုက်ပိုင်သည် တောင်းရမ်းရန်အတွက် မည်မျှပြင်ဆင်ရမည်ကို စဉ်းစားနေဆဲ ဖြစ်သည်။
အခန်း (၁၆၆) - လင်းယာဟွမ်
“ဒါဆို… ကိုယ်တို့ အတူတူ ရှိတာကို မင်းရဲ့ မိသားစုက သဘောတူတယ်ပေါ့လေ”
ဝူရူလုံနှင့် အခြားသူများသည် သဘောတူကြောင်း ကြားသိပြီးနောက်တွင်ပင် ၊ လီထိုက်ပိုင်မှာ မယုံကြည်နိုင်ဖြစ်နေသည်။ သူသည် အခက်အခဲ ပေါင်းစုံနှင့် ရင်ဆိုင်ရမည်ဟု မျှော်လင့်ထားခဲ့သော်လည်း၊ ဝူမိသားစုဝင်များသည် လုပ်ငန်းစဉ် တစ်ခုလုံးတွင် မျက်နှာသေဖြင့်သာ နေခဲ့ကြပြီး ကြမ်းတမ်းသော စကားတစ်ခွန်းမျှ မပြောခဲ့ကြပေ။
သူ့ကို ကြမ်းတမ်းစွာ ပြောဆိုခဲ့သော စကားမှာ ဝူချန်ခွန်း ပြောခဲ့သော စကားတစ်ခွန်းသာ ရှိသည်။
“မင်း သတိထားနေ… တကယ်လို့ ရွှယ်ယင်းသာ မင်းလက်ထဲမှာ နည်းနည်းလေး နာကျင်ရတာနဲ့ ငါ မင်းကို သေချာပေါက် အသေသတ်ပစ်မယ်”
လန့်ဖျပ်သွားသော လီထိုက်ပိုင်သည် အလျင်အမြန် ခေါင်းညိတ်ပြလိုက်ပြီး ၊ ရွှယ်ယင်းကို ဘယ်သောအခါမှ စိတ်ပျက်အောင် လုပ်မည်မဟုတ်ကြောင်း အထပ်ထပ် အာမခံလိုက်သည်။ ထိုအခါမှသာ ဝူချန်ခွန်း၏ အပြောအဆိုသည် အနည်းငယ် ကောင်းမွန်လာခဲ့သည်။
“ကောင်းပြီ… အခု မင်းတို့ နှစ်ယောက် အတူတူ ဖြစ်သွားပြီဆိုတော့ တောင်းရမ်းတဲ့ ကိစ္စကိုလည်း အမြန်ဆုံး ဖြေရှင်းလိုက်ကြတာပေါ့… မင်းတို့ တစ်နှစ်အတွင်း လက်ထပ်ပြီး အထက်ကမ္ဘာကို အမြန်ဆုံး တက်လှမ်းနိုင်ဖို့ ငါ မျှော်လင့်တယ်”
ထို့နောက် ဝူဟောက်က ဝင်ပြောလိုက်သည်။
လီထိုက်ပိုင်သည် လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။
“ကျွန်တော် သိပါပြီ ဘိုးဘေး… မဟာဧကရာဇ် အထွတ်အထိပ်အဆင့်ကို အမြန်ဆုံး ရောက်အောင် ကျင့်ကြံပါ့မယ်… ဒါပေမဲ့ ရွှယ်ယင်းကို စောင့်ပြီး သူမ မဟာဧကရာဇ် အထွတ်အထိပ်အဆင့် ရောက်လာတဲ့အထိ စောင့်ပြီးမှ အတူတူ တက်လှမ်းချင်ပါတယ်… သူမကို တစ်ယောက်တည်း မချန်ထားချင်လို့ပါ “
“အစ်ကိုထိုက်ပိုင်…”
ဝူရွှယ်ယင်းသည် စိတ်လှုပ်ရှားသွားပြီး လီထိုက်ပိုင်၏ လက်ကို ဆုပ်ကိုင်လိုက်သည်။ သူတို့၏ မျက်လုံးများထဲတွင် တစ်ယောက်အပေါ် တစ်ယောက် ချစ်မြတ်နိုးမှုများဖြင့် ပြည့်နှက်နေပြီး အလွန်ပင် ချိုမြိန်လွန်းသည်။
ဤကဲ့သို့သော အခြေအနေမျိုးတွင် သကြားလုံးများ အတင်းခွံ့ကျွေးခံလိုက်ရမည်ဟု ဝူဟောက်တို့တစ်ဖွဲ့လုံး မျှော်လင့်မထားခဲ့သည်မှာ ထင်ရှားသည်။ ဤအခိုက်အတန့်တွင် သူတို့၏ အစာအိမ်ထဲ၌ ပြည့်အင့်နေသော ခံစားချက်ကိုသာ ခံစားလိုက်ရသည်။
“ကောင်းပြီ… ကောင်းပြီ… ဒါဆိုလည်း မင်္ဂလာရက်ကို အရင် ဆွေးနွေးကြတာပေါ့ “
ဝူရူလုံသည် သူ၏ ဂေါ်ဖီထုပ်လေးကို ဝက်က လာခိုးစားသွားသည်ကို မမြင်ချင်တော့သဖြင့် လက်ထပ်မည့်ရက်ကို ဆွေးနွေးရန် လီထိုက်ပိုင်ကို အလျင်အမြန် ဘေးသို့ ဆွဲခေါ်သွားတော့သည်။
နောက်ဆုံးတွင် မင်္ဂလာရက်ကို ခြောက်လအကြာတွင် သတ်မှတ်လိုက်သည်။ လီထိုက်ပိုင်အနေဖြင့် ဤကိစ္စကို ကန့်ကွက်စရာ မရှိသလို ၊ ဝူရွှယ်ယင်းကို လက်ထပ်ရန် သူ မစောင့်နိုင်တော့ပေ။
တစ်ချိန်တည်းမှာပင် ၊ ဝူဟောက်နှင့် စူးချောင်ရန်တို့သည် အပြင်ဘက်သို့ ရောက်ရှိလာကြသည်။ ကျယ်ပြောလှသော ဝူမိသားစုကို ကြည့်ကာ ဝူဟောက်သည် သက်ပြင်းချလိုက်သည်။
“ဘာဖြစ်လို့လဲ…”
စူးချောင်ရန်သည် ဝူဟောက်၏ ပုံမှန်မဟုတ်သော အပြုအမူကို သတိပြုမိသွားပြီး စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။
ဝူဟောက်က ဖြည်းညင်းစွာ ခေါင်းယမ်းလိုက်သည်။
“ဘာမှမဟုတ်ပါဘူး… ကလေးတွေ ကြီးပြင်းလာတာ၊ လက်ထပ်သွားကြတာကို ကြည့်ပြီး အခု ငါ့ရဲ့ အငယ်ဆုံး မြေးမလေးတောင် လက်ထပ်တော့မယ်ဆိုတော့ နည်းနည်းတော့ လွမ်းဆွတ်မိလို့ပါ ”
ယခုမှသာ ဝူဟောက်သည် အချိန်၏ ရက်စက်မှုကို အပြည့်အဝ နားလည်သွားခဲ့သည်။ ၎င်းသည် နှေးကွေးသော်လည်း ရပ်တန့်မသွားချေ။ တစ်နေ့နေ့တွင် သူ မရင်ဆိုင်ချင်သော အရာအားလုံးကို ရင်ဆိုင်ရမည် ဖြစ်သည်။
ဝူရွှယ်ယင်းသည် ငယ်ငယ်ကတည်းက ဝူဟောက်ကို အမြဲ ကပ်တွယ်လေ့ရှိသည်။ ဝူရူလုံသည် ဝူမိသားစု၏ ကုန်သွယ်ရေးကို စီမံခန့်ခွဲရသဖြင့် ဝူရွှယ်ယင်းနှင့် အတူနေရန် အချိန်မရှိသောကြောင့် ဝူရွှယ်ယင်းသည် ဝူဟောက်ထံ လာရောက်လည်ပတ်လေ့ရှိသည်။ ဝူဟောက်ကလည်း ဤမြေးမလေးကို သဘာဝကျကျပင် အလွန် ချစ်မြတ်နိုးခဲ့သည်။ ထို့ကြောင့် ဝူရွှယ်ယင်း၏ လက်ထပ်မှုသည် ဝူဟောက်ကို အတော်လေး လွမ်းဆွတ်စေသည်။
“အချိန်က တကယ်ကို ရက်စက်တာပဲ… မျက်စိနဲ့ မမြင်နိုင်၊ လက်နဲ့ စမ်းသပ်လို့ မရပေမဲ့ တကယ်ကို တည်ရှိနေတာပဲ “
ဘေးတွင် ရပ်နေသော စူးချောင်ရန်က ဝင်ပြောလိုက်သည်။ ဝူဟောက်သည် အံ့အားသင့်သွားသော်လည်း သူ ဘာမှပြန်မပြောခဲ့ပေ။
ဇနီးဖြစ်သူ၏ လက်ရှိကျင့်ကြံမှုသည် အချိန်နှင့် ဟင်းလင်းပြင်ကဲ့သို့သော အရာများနှင့် ထိတွေ့ရန် စောလွန်းနေသေး၏။ သူမအနေဖြင့် အင်မော်တယ်ဘုရင် ဖြစ်လာသည့်တိုင်အောင် စောင့်ကြည့်ရပေဦးမည်။
လျိုထျန်းရွှေအင်မော်တယ် ဖြစ်လာသည်နှင့် အချိန်၏ ကန့်သတ်ချက်ကို ခံရတော့မည် မဟုတ်ပေ။ ထိုအချိန်တွင် နိယာမတရား၏ စွမ်းအားများကို စတင် နားလည်လာမည် ဖြစ်သည်။ နိယာမတရားကို အပြည့်အဝ ကျွမ်းကျင်ပိုင်နိုင်မှသာ အင်မော်တယ် ဧကရာဇ် တစ်ပါး ဖြစ်လာနိုင်မည် ဖြစ်သည်။
ဤသည်က ဝူဟောက်၏ ကိုယ်ပိုင် ထိုးထွင်းသိမြင်မှု ဖြစ်သည်။
လီထိုက်ပိုင်နှင့် ဝူရွှယ်ယင်းတို့၏ မင်္ဂလာသတင်းသည် နေရာအနှံ့ ပျံ့နှံ့သွားသည်နှင့် ရွှမ်ထျန်းကမ္ဘာ တစ်ခုလုံး တုန်လှုပ်သွားသည်။ တစ်ဖွဲ့က ရွှမ်ထျန်းကမ္ဘာ၏ အသစ်ပေါ်ထွက်လာသော အသန်မာဆုံး အဖွဲ့အစည်း ဖြစ်ပြီး ၊ နောက်တစ်ဖွဲ့က ရွှမ်ထျန်းကမ္ဘာတွင် ယခင်ကတည်းက တည်ရှိလာသော အသန်မာဆုံး အဖွဲ့အစည်း ဖြစ်သည်။
အင်အားကြီးမားသော အဖွဲ့အစည်းများ၏ မဟာမိတ် ဖွဲ့စည်းမှုသည် အခြားသော မဟာမြင့်မြတ်နယ်မြေ သုံးခု အပါအဝင် ရွှမ်ထျန်းကမ္ဘာ တစ်ခုလုံးကို သဘာဝကျကျပင် ရုတ်ရုတ်သဲသဲ ဖြစ်သွားစေခဲ့သည်။
“ဘာ… အဲ့ကောင် လီထိုက်ပိုင်က ဝူမိသားစုရဲ့ အချစ်တော်ကို တကယ်ကြီး ခိုးသွားတာလား”
လေ့ဝမ်ယွန်း၏ မျက်နှာပေါ်တွင် အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေသည်။ လီထိုက်ပိုင်သည် ဤမျှ ရဲတင်းလိမ့်မည်ဟု သူ လုံးဝ မျှော်လင့်မထားခဲ့သလို ၊ ဝူမိသားစုသည် ဤမင်္ဂလာကိစ္စကို သဘောတူလိမ့်မည်ဟုလည်း ထင်မှတ်မထားခဲ့ပေ။
ဤသည်က လေ့ဝမ်ယွန်းအား ရဲတင်းသော အကြံတစ်ခုကို တွေးမိသွားစေသည်။ အကယ်၍ လီထိုက်ပိုင်သည် ထိုသို့လုပ်နိုင်ပါက ၊ သူလည်း လုပ်နိုင်သည်ဟု ဆိုလိုသည် မဟုတ်လော။
သို့သော်လည်း လေ့ဝမ်ယွန်းသည် ထိုအကြံအစည်ကို အလျင်အမြန် ဖယ်ရှားပစ်လိုက်သည်။ သူ့တွင် ယခင်က တာအိုလက်တွဲဖော် ရှိခဲ့ဖူးပြီး ၊ ယခုအခါ သူသည် ဝူမိသားစုမှ အမျိုးသမီး ကျင့်ကြံသူ တစ်ဦးကို ပိုးပန်းမည်ဆိုပါက ၊ ဒုတိယအိမ်ထောင် ဖြစ်ပေတော့မည်။ ဝူမိသားစုအနေဖြင့် ထိုအရာကို လုံးဝ လက်ခံမည် မဟုတ်ချေ။
“ငါတို့ရဲ့ သားကို စမ်းကြည့်ခိုင်းရမလား”
လေ့ဝမ်ယွန်းသည် သူ့ဘာသာ တွေးလိုက်သည်။ ဤအစီအစဉ်သည် ဖြစ်နိုင်ချေ ရှိသော်လည်း ၊ ကြိုတင်ပြီး စီစဉ်ထားရန် လိုအပ်သည်။
ရေမြင့်မြတ်နယ်မြေသည် မြောက်ပိုင်းဒေသတွင် တည်ရှိပြီး ၊ လီထိုက်ပိုင်သည် ဝူမိသားစု ကုန်သွယ်ရေးတွင် ပေါ်ပေါ်ထင်ထင် သွားလာနေခဲ့သောကြောင့် သူတို့၏ ထောက်လှမ်းရေး ကွန်ရက်မှတဆင့် ဤကိစ္စကို သိရှိထားပြီးဖြစ်ရာ သိပ်ပြီး မအံ့ဩကြပေ။
ပန်းတစ်သောင်း မြင့်မြတ်နယ်မြေသည်လည်း တစ်ခဏမျှ အံ့အားသင့်သွားပြီးနောက် ၊ နောက်ထပ် တုံ့ပြန်မှုများ မရှိတော့ပေ။
မည်သို့ပင်ဆိုစေကာမူ ၊ သူတို့ ပန်းတစ်သောင်းမြင့်မြတ်နယ်မြေ၏ သူတော်စင်မသည် ဝူမိသားစု ဘိုးဘေးကြီး၏ တာအိုလက်တွဲဖော် ဖြစ်သည်။
ချင်းလျန် မြင့်မြတ်နယ်မြေသည် တတိယမျိုးဆက်ဖြစ်သည့် ခေါင်းဆောင် တစ်ယောက်နှင့်သာ လက်ထပ်ထားသဖြင့် ၊ ပန်းတစ်သောင်းမြင့်မြတ်နယ်မြေနှင့် ယှဉ်နိုင်စရာ အကြောင်းမရှိပေ။
တစ်ချိန်တည်းမှာပင် ပန်းတစ်သောင်းမြင့်မြတ်နယ်မြေ၌ အခြား ကိစ္စတစ်ခု ဖြစ်ပွားနေခဲ့သည်။
လင်းထျန်းရိသည် ပန်းတစ်သောင်းမြင့်မြတ်နယ်မြေ၏ အစောင့်အရှောက် အကြီးအကဲ ငါးဦးကို ခေါ်ဆောင်လာပြီး ၊ တားမြစ်နယ်မြေ နောက်ကွယ်ရှိ တောင်ကုန်းရှေ့တွင် ရပ်နေသည်။ သူတို့၏ အမူအရာများသည် အလွန်ပင် လေးနက်နေသည်။
ပန်းတစ်သောင်းမြင့်မြတ်နယ်မြေ၏ အစောင့်အရှောက် အကြီးအကဲ ငါးဦးစလုံးမှာ မဟာဧကရာဇ်များ အဖြစ်သို့ တက်လှမ်းသွားခဲ့ကြပြီး ၊ လင်းထျန်းရိကလည်း ထိုနည်းတူပင် ဖြစ်ရာ ယခုအခါ ပန်းတစ်သောင်းမြင့်မြတ်နယ်မြေတွင် မဟာဧကရာဇ် ခြောက်ပါး ရှိနေပြီ ဖြစ်သည်။
လေးနက်သော အမူအရာများဖြင့် ဤနေရာတွင် ရှိနေရခြင်းမှာ မကြာမီက တားမြစ်နယ်မြေမှ ထွက်ပေါ်လာသော ဟင်းလင်းပြင် အတက်အကျများကို ခံစားမိသောကြောင့် သူတို့အားလုံးသည် ဤနေရာသို့ အပြေးအလွှား ရောက်လာခဲ့ကြခြင်း ဖြစ်သည်။
“ဆိုလိုတာက… သူတော်စင်ပြိုင်ပွဲတုန်းက သူတော်စင်မက ဘိုးဘေးရဲ့ အမွေအနှစ်ကို ရယူဖို့ အထဲကို ဝင်သွားခဲ့တာလားး”
အစောင့်အရှောက် ဖြစ်သူ မဟာအကြီးအကဲက လင်းထျန်းရိကို ကြည့်ကာ လေးနက်သော အမူအရာဖြင့် မေးလိုက်သည်။
လင်းထျန်းရိက ခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ်… ဘယ်လိုပဲဖြစ်ဖြစ် ဘယ်သူကမှ ဘိုးဘေးကြီးရဲ့ အမွေအနှစ်ကို မရနိုင်ဘူး… သူတော်စင်မက စမ်းကြည့်ချင်တယ်ဆိုလို့ ဝင်ရောက်သွားခဲ့တာပဲ .. အကယ်၍ အောင်မြင်သွားရင် ငါတို့ ပန်းတစ်သောင်းမြင့်မြတ်နယ်မြေအတွက် ကောင်းတဲ့ကိစ္စ ဖြစ်လာမှာပဲ “
အကယ်၍ တားမြစ်နယ်မြေမှ ထွက်ပေါ်လာသော ဟင်းလင်းပြင် အတက်အကျများသာ မရှိခဲ့လျှင် ၊ သူသည် ဤကိစ္စကို မေ့သွားပြီးဖြစ်ပေမည်။
လင်းယာဟွမ်သည် ဘိုးဘေး၏ အမွေအနှစ်ကို အမှန်တကယ်ပင် ရရှိသွားလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ မည်သို့ပင်ဖြစ်စေ ၊ ဘိုးဘေးကြီး၏ အမွေအနှစ်ကို ရရှိခြင်းမှတပါး ဤမျှ ကြီးမားသော ဆူညံသံများ ထွက်ပေါ်လာနိုင်စရာ အကြောင်းမရှိပေ။
မဟာဧကရာဇ် ခြောက်ပါးစလုံး အသင့်ဖြစ်နေချိန်မှာပင် ၊ ဟင်းလင်းပြင်၏ အခြားတစ်ဖက်မှ ဖြူဖွေးလှပသော ခြေထောက်တစ်ဖက် ထွက်ပေါ်လာပြီး ခဏအကြာတွင် ခန္ဓာကိုယ် တစ်ခုလုံး ထွက်ပေါ်လာသည်။
၎င်းမှာ အခြားသူ မဟုတ်ဘဲ လင်းယာဟွမ်ပင် ဖြစ်သည်။ သို့သော်လည်း လင်းယာဟွမ်၏ အသွင်အပြင်သည် ပြောင်းလဲသွားပုံရ၏။ အကယ်၍ သူမ၏ ပြောင်းလဲမသွားသော မျက်နှာသာ မရှိလျှင် လင်းထျန်းရိနှင့် အခြားသူများသည် ထိုသူမှာ လင်းယာဟွမ် ဖြစ်ကြောင်း မှတ်မိကြမည် မဟုတ်ချေ။
အပြင်သို့ ရောက်လာပြီးနောက် ၊ လင်းယာဟွမ်သည် လင်းထျန်းရိနှင့် အခြားသူများကို မြင်လိုက်ရပြီး အံ့အားသင့်သွားကာ အလျင်အမြန် နှုတ်ဆက်လိုက်သည်။
“ အရှင်သခင်နဲ့ အကြီးအကဲတို့… မတွေ့ရတာ ကြာပြီနော်”