အခန်း (၁၆၉-၁၇၀)
Vol. 17 Ch. 169-170
အခန်း (၁၆၉) - လင်းမိသားစုရဲ့ သင်္ချိုင်းဂူတွေ အားလုံးကို အတူတူ သွားဖောက်ကြစို့
“သောက်ကျိုးနည်း လင်းမိသားစု… သူတို့က ငါတို့ကို အရင် စော်ကားခဲ့တာလေ… ငါတို့က သူတို့ ဘိုးဘေးကြီး တစ်ယောက်တည်းရဲ့ သင်္ချိုင်းဂူကိုပဲ ဖောက်ခဲ့တာကို …ဒါကို သူတို့က ငါတို့ကို သတ်ဖို့ အမိန့်ပေးရဲတယ်ပေါ့”
လွတ်မြောက်လာပြီးနောက် ဝူယီဖန်နှင့် တွမ့်သယ်တို့သည် ပတ်ဝန်းကျင်ကို စုံစမ်းမေးမြန်းကြည့်ရာ ၊ လက်ရှိ အခြေအနေကို သိရှိသွားကြသည်။
ဘိုးဘေးကြီး၏ သင်္ချိုင်းဂူ ဖောက်ထွင်းခံရပြီးနောက် ၊ လင်းမိသားစုသည် အထက်ကမ္ဘာ တစ်ခုလုံးကို ဆုကြေးငွေ ထုတ်ပြန်ခဲ့သည်။ သင်္ချိုင်းဖောက်ထွင်းသူများကို ဖမ်းမိသူတိုင်း ၊ လင်းမိသားစုမှ ဆုကြေးအဖြစ် ပေးအပ်ထားသော အဆင့် ၇ အင်မော်တယ် ဧကရာဇ် မှော်လက်နက် တစ်ခု ရရှိနိုင်မည် ဖြစ်သည်။
အဆင့် ၇ အင်မော်တယ် ဧကရာဇ် မှော်လက်နက် တစ်ခုသည် အင်မော်တယ်ဘုရင်များနှင့် အချို့သော အင်မော်တယ် ဧကရာဇ်များကိုပင် ဆွဲဆောင်နိုင်သော အရာတစ်ခု ဖြစ်သောကြောင့် ဤသတင်းသည် အထက်ကမ္ဘာ တစ်ခုလုံးကို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေခဲ့သည်။
လိုက်လံဖမ်းဆီးသူများသည် လင်းမိသားစုမှ ပေးအပ်သော သဲလွန်စများဖြင့် ဝူယီဖန်နှင့် တွမ့်သယ်တို့၏ အရောင်းအဝယ် ကိစ္စကို ရှာဖွေတွေ့ရှိသွားခဲ့ခြင်း ဖြစ်ပြီး ၊ အကယ်၍ ကံကြမ္မာဖုံးကွယ် ဆန်းကြယ်ပုလဲသာ မရှိခဲ့ပါက ၊ လင်းမိသားစုသည် သူတို့ကို မျိုးဖြုတ်ပစ်လောက်ပြီ ဖြစ်သည်။
ဝူယီဖန်၏ အမူအရာသည်လည်း အတော်လေး ကြည့်ရဆိုးနေသည်။ သူ့ဘဝတစ်လျှောက် ဤမျှလောက် အနိုင်ကျင့်ခံရသည်မှာ ဒါ ပထမဆုံးအကြိမ် ဖြစ်သည်။ ပြဿနာများကို ရှောင်ရှားရန် အိမ်ပြန်သင့်လား သို့မဟုတ် မြင့်မြတ်အရှင်သခင်၏ အကူအညီကို တောင်းခံရမည်လား ဆိုသည်ကို တွေးတောနေမိသည်။
သို့သော်လည်း ဝူယီဖန်သည် ထိုအကြံအစည်ကို အလျင်အမြန် ဖယ်ရှားလိုက်သည်။ ဤသည်က သူ့ ကိုယ်ပိုင်ကိစ္စ ဖြစ်ပြီး ၊ လင်းမိသားစုနှင့် သူ့ကြားက ရန်ငြိုးကို သူ ကိုယ်တိုင် ဖြေရှင်းမည် ။
“သူတော်စင်… လင်းမိသားစုက ငါတို့ကို စစ်ကြေညာခဲ့ပြီဆိုတော့ ငါတို့ကလည်း တူညီတဲ့ နည်းလမ်းနဲ့ ဘာလို့ ပြန်မတုံ့ပြန်ရမှာလဲ”
ထိုအခိုက်အတန့်တွင် တွမ့်သယ်က ဝူယီဖန်ကို ကြည့်ကာ အလွန် လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။
“ဒါဆို မင်း ဘာလုပ်ဖို့ စီစဉ်ထားလဲ”
ဝူယီဖန်၏ အကြံအစည်မှာ တိုက်ခိုက်ရင်း သန်မာလာစေရန် ဖြစ်ပြီး ၊ သူသည် အင်မော်တယ် ဧကရာဇ် သို့မဟုတ် အင်မော်တယ် အရှင်မြတ် အဆင့်သို့ အမြန်ဆုံး ဖောက်ထွက်နိုင်ရန် ကြိုးစားကာ ထိုအချိန်မှသာလျှင် လင်းမိသားစုကို သွားရောက် တိုက်ခိုက်ကာ မျိုးဖြုတ်ပစ်ရန် ကြံစည်ထားခဲ့သည်။
ဝူယီဖန်သည် လက်ရှိတွင် စစ်မှန်အင်မော်တယ် နှောင်းပိုင်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး ၊ သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်သည် လျိုထျန်းရွှေအင်မော်တယ်နှင့် နှိုင်းယှဉ်နိုင်သော ရှေးဟောင်း မြင့်မြတ်ခန္ဓာကိုယ် အဆင့်(၁၁)သို့ ရောက်ရှိနေပြီ ဖြစ်သည်။
သို့သော်လည်း လင်းမိသားစုကို မျိုးဖြုတ်ပစ်ရန် ဝူယီဖန်၏ ရှေးဟောင်း မြင့်မြတ်ခန္ဓာကိုယ်သည် အဆင့်(၁၂)သို့ ရောက်ရှိရန် လိုအပ်သည်။ ထို့အပြင် သူ၏ ကျင့်ကြံမှုသည် အင်မော်တယ် ဧကရာဇ် အဆင့်သို့ ရောက်ရှိရပေမည်။ ထိုနှစ်ခု ပေါင်းစပ်မှသာလျှင် ၊ သူသည် အင်မော်တယ် အရှင်မြတ်ကို ယှဉ်ပြိုင်နိုင်မည့် ခွန်အားမျိုး ရှိလာမည် ဖြစ်သည်။
သို့တိုင်အောင် ဝူယီဖန်သည် လင်းမိသားစုသို့ ဤမျှ အမြန် သွားရောက်ရန် အစီအစဉ် မရှိပေ။ မည်သို့ပင်ဆိုစေကာမူ ၊ လင်းမိသားစုတွင် အင်မော်တယ် အရှင်မြတ် အထွတ်အထိပ်အဆင့်ရှိ စွမ်းအားရှင်တစ်ဦး ရှိနေသည် မဟုတ်လော။
ဤအခြေအနေအောက်တွင် လင်းမိသားစုသို့ သွားရောက်ခြင်းသည် သေတွင်းထဲ ခုန်ဆင်းခြင်းနှင့် မကွာခြားပေ။
ထို့ကြောင့် ဝူယီဖန်၏ ရှေးဟောင်း မြင့်မြတ်ခန္ဓာကိုယ်သည် ကနဦး မဟာတာအိုဖွင့်လှစ်ခြင်း ကောင်းကင်ခန္ဓာ အဖြစ်သို့ တက်လှမ်းမသွားသရွေ့၊ သို့မဟုတ် သူ၏ ကျင့်ကြံမှုသည် အင်မော်တယ် အရှင်မြတ် အဆင့်သို့ မရောက်ရှိသရွေ့ သူသည် ကလဲ့စားချေရန် လင်းမိသားစုသို့ သွားရောက်မည် မဟုတ်ပေ။
“ဟားး… လင်းမိသားစုက အရမ်း ရက်စက်တာဆိုတော့ ငါတို့ကိုလည်း တရားမဲ့တယ်ဆိုပြီး အပြစ်ပြောလို့ မရတော့ဘူးလေ… လင်းမိသားစုက ငါတို့ကို အရင် စော်ကားခဲ့တာ မဟုတ်ဘူးလား… ပြီးတော့ သူတို့ ဘိုးဘေးကြီးရဲ့ သင်္ချိုင်းဂူကို ငါတို့ ဖောက်လို့ဆိုပြီး အဲ့လောက်တောင် ဒေါသထွက်ပြနေတာ”
“အဓိကအကြောင်းရင်းကတော့ ငါတို့ကို မဖမ်းမိရင် လင်းမိသားစုက အထက်ကမ္ဘာမှာ မျက်နှာ အကြီးအကျယ် ပျက်ရမှာမို့လို့ပဲ”
“အဲ့လိုဆိုရင် လင်းမိသားစု မျက်စိရှေ့မှာတင် ဒီရာဇဝတ်မှုကို ငါတို့ ထပ်ကျူးလွန်ပြီး ..လင်းမိသားစု ဘိုးဘေးအားလုံးရဲ့ သင်္ချိုင်းဂူတိုင်းကို ဖောက်လိုက်ရင်… ဒါဆို လင်းမိသားစုက ကောင်တွေ ပိုပြီး အရှက်ရတော့မှာ မဟုတ်ဘူးလား”
“ပြီးတော့ ငါ နားလည်ထားသလောက်ဆိုရင် လင်းမိသားစုရဲ့ ဘိုးဘေး အများအပြားက စစ်ပွဲထဲမှာ သေဆုံးသွားခဲ့ကြတာဆိုတော့ အထက်ကမ္ဘာ တစ်ခွင်လုံးမှာ လင်းမိသားစု ဘိုးဘေးတွေရဲ့ သင်္ချိုင်းဂူတွေ အများကြီး ရှိနေတယ်… တချို့ဆို အတော်လေး ဝေးလံခေါင်ဖျားတဲ့ နေရာတွေမှာ ရှိနေတာမို့ ငါတို့ လှုပ်ရှားဖို့အတွက် အေးဆေးပဲ “
“အကယ်၍ လင်းမိသားစု ဘိုးဘေးကြီးတွေရဲ့ သင်္ချိုင်းဂူ အားလုံးကို ဖောက်ထွင်းပြီး အထဲက သယံဇာတတွေကို ယူနိုင်ရင်၊ ငါတို့ အင်မော်တယ် အရှင်မြတ် အဆင့်ထိ ရောက်အောင် ကျင့်ကြံဖို့ လုံလောက်ပြီပဲ “
တွမ့်သယ်သည် အလွန် ဆိုးရွားသော အကြံအစည်တစ်ခုကို တွေးမိသွားပုံရသည်။ သူ၏ အမူအရာသည် အလွန်ပင် ကောက်ကျစ်လွန်းသောကြောင့် ဝူယီဖန်သည်ပင် အလိုအလျောက် ကျောချမ်းသွားသည်။
ကံကောင်းစွာဖြင့် ဤသကောင့်သားသည် သူနှင့် မိတ်ဆွေဖြစ်နေသည်။ သို့မဟုတ်ပါက၊ သူ့ဘိုးဘေးများ၏ သင်္ချိုင်းဂူများကိုလည်း ဤသကောင့်သားသည် လိုချင်တပ်မက်စွာဖြင့် ချောင်းနေနိုင်သည်။
“မဟုတ်တာ… ဘိုးဘေးမျိုးဆက်က ငါတို့ ဝူမိသားစုမှာ ဘယ်သူမှ သေဆုံးတာ ဒါမှမဟုတ် ပျက်စီးတာမျိုး မရှိခဲ့ဘူးပဲ”
“ဒါနဲ့ လင်းမိသားစု ဘိုးဘေး အားလုံးရဲ့ သင်္ချိုင်းဂူ တည်နေရာတွေကို မင်းက ဘယ်လိုလုပ် သိတာလဲ”
ထိုအခိုက်အတန့်တွင် ဝူယီဖန်သည် တစ်စုံတစ်ခုကို သတိပြုမိသွားပုံရကာ တွမ့်သယ်ကို သံသယဖြစ်ဖွယ်ရာ အကြည့်ဖြင့် မေးလိုက်သည်။
တွမ့်သယ်သည် နေရခက်စွာဖြင့် နှာခေါင်းကို ပွတ်သပ်ရင်း ပြန်ပြောလိုက်သည်။
“အဟမ်း… အင်း… ငါ့မှာ အတော်ကောင်းတဲ့ အကျင့်တစ်ခု ရှိတယ်… အဲ့တာက တစ်ယောက်ယောက်က ငါ့ကို စော်ကားရင် သူတို့ မိသားစုက သေဆုံးသွားတဲ့ ဘိုးဘေးတွေရဲ့ သင်္ချိုင်းဂူ တည်နေရာကို ငါ ရအောင် ရှာဖွေတယ်… အကယ်၍ အခွင့်အရေး ရတာနဲ့ သူတို့ရဲ့ ဘိုးဘေးကြီးတွေ သေပြီးတဲ့နောက်မှာတောင် ငြိမ်းငြိမ်းချမ်းချမ်း မနားရအောင် ငါ သူတို့ ဘိုးဘေးကြီးတွေရဲ့ သင်္ချိုင်းဂူကို ဖောက်ပြီး ပစ္စည်းတွေ ခိုးယူလာတာပဲ”
“ရှေးဟောင်းကန္တာရ မြင့်မြတ်နယ်မြေကို ငါ မဝင်ခင်က မတော်တဆမှု တစ်ခုကြောင့် လင်းမိသားစုနဲ့ ငါ ရန်ငြိုး ရှိခဲ့ဖူးတယ်… ဒါကြောင့် ရှေးဟောင်းကန္တာရ မြင့်မြတ်နယ်မြေကို ဝင်ပြီးနောက်မှာတောင် လင်းမိသားစုက သေဆုံးသွားတဲ့ ဘိုးဘေးကြီးတွေရဲ့ သင်္ချိုင်းဂူ တည်နေရာတွေကို ငါ ရှာဖွေခဲ့တာ”
“အခု ငါက သူတော်စင် မင်းရဲ့ အမိန့်ကိုပဲ စောင့်နေတာ… တကယ်လို့ မင်းသာ ဆန္ဒရှိရင် လင်းမိသားစု ဘိုးဘေးအားလုံးရဲ့ သင်္ချိုင်းဂူတွေကို ဖောက်ဖို့ ငါ ခေါ်သွားပေးမယ်”
မမျှော်လင့်ထားသည့် ကိစ္စများကို ပြောနေချိန်တွင် တွမ့်သယ်၏ စိတ်အခြေအနေသည် သိသိသာသာ မှိုင်းညို့သွားသော်လည်း အချိန်အကြာကြီး မဟုတ်ခဲ့ပေ။ လင်းမိသားစု၏ သင်္ချိုင်းကို ဖောက်ထွင်းမည့်အကြောင်း ပြောသောအခါ ၊ တွမ့်သယ်၏ မျက်လုံးထဲတွင် တိုက်ခိုက်လိုစိတ်များဖြင့် ပြည့်နှက်နေခဲ့သည်။
ဝူယီဖန်မှာ တစ်ခဏမျှ ဆွံ့အသွားသည်။ တွမ့်သယ်တွင် ဤကဲ့သို့သော အရူးအမူး စွဲလမ်းမှုမျိုး ရှိနေလိမ့်မည်ဟု မျှော်လင့်မထားခဲ့သော်လည်း ၊ သူသည် အလျင်အမြန်ပင် ခေါင်းညိတ်လိုက်ပြီး ရယ်မောကာ ပြန်ပြောလိုက်သည်။
“လင်းမိသားစုက ပြဿနာ ရှာနေမှတော့ ဒါဆို ငါတို့အပြစ်မဟုတ်တော့ဘူး… ဟားဟား… လင်းမိသားစု ဘိုးဘေးကြီးတွေ… ငါတို့ရဲ့ ဒေါသကိုသာ စောင့်နေပေတော့”
ဤမြင်ကွင်းကို မှောင်ရိပ်ထဲမှ ကြည့်နေသော လီကျန်းရန်မှာ မတတ်သာသည့်ဟန်ဖြင့် သက်ပြင်းချလိုက်သည်။
“သွားပြီ… ငါတို့ သူတော်စင်ကို ကယ်လို့ မရတော့ဘူး”
“ ဟိုကောင် သောက်ကျိုးနည်း တွမ့်သယ် .. သူတို့ ရှေးဟောင်းကန္တာရ မြင့်မြတ်နယ်မြေရဲ့ သူတော်စင်ကို လမ်းမှားရောက်အောင် ခေါ်သွားရဲတယ်… ဒီကောင် သေဖို့ ကောင်းတယ်”
ဝူယီဖန်၏ ဘေးတွင် ရပ်နေသော တွမ့်သယ်မှာ ဝူယီဖန်၏ သဘောတူညီမှုကို ရရှိပြီးနောက် ၊ သူ၏ မျက်နှာပေါ်တွင် ဝမ်းသာပျော်ရွှင်မှုများဖြင့် လင်းလက်သွားသော်လည်း ၊ သို့သော် သူသည် တစ်စုံတစ်ယောက်၏ စောင့်ကြည့်မှုကို ခံလိုက်ရသကဲ့သို့ ခန္ဓာကိုယ်သည် တုန်ယင်သွားသည်။
သို့သော်လည်း သူသည် အလျင်အမြန် ခေါင်းယမ်းလိုက်သည်။ ယခုအချိန်တွင် အရေးကြီးဆုံး ကိစ္စမှာ လင်းမိသားစု ဘိုးဘေးများ၏ သင်္ချိုင်းဂူကို ဖောက်ရန်ပင် ဖြစ်သည်။
တစ်ချိန်တည်းမှာပင် လင်းမိသားစု ခြံဝင်းအတွင်း၌ လင်းမိသားစု ခေါင်းဆောင် လင်းထျန်းအန်၏ အမူအရာသည် အလွန်ပင် မှိုင်းညို့နေသလို ၊ သူ့ကို ဝန်းရံနေသော လင်းမိသားစု အကြီးအကဲများ၏ အမူအရာများကလည်း အလားတူပင် ဖြစ်သည်။
လင်းထျန်းအန်၏ ရှေ့တွင် ရပ်နေသူမှာ အင်မော်တယ်ဘုရင် ကနဦးအဆင့်ရှိ ပုဂ္ဂိုလ် ဖြစ်ပြီး၊ အစောပိုင်းက ဝူယီဖန်နှင့် တွမ့်သယ်တို့ကို လိုက်လံ ဖမ်းဆီးခဲ့သူပင် ဖြစ်သည်။
“လင်းမိသားစု ခေါင်းဆောင်… တရားခံကို ကျွန်တော် မဖမ်းနိုင်ခဲ့ပေမဲ့ သူ့ရဲ့ ပုံတူ ပန်းချီကား တစ်ချပ်တော့ ရခဲ့တယ်… ဒီလောက်နဲ့တင် ကျွန်တော့်ကို ဆုကြေး တချို့ ပေးသင့်တယ် မဟုတ်ဘူးလား”
တစ်ဖက်လူသည် သူ၏ သိုလှောင်ကွင်းထဲမှ ဝူယီဖန်နှင့် တွမ့်သယ်တို့၏ ပုံတူ ပန်းချီကားများကို ထုတ်ယူလိုက်ပြီးနောက် ၊ လင်းထျန်းအန်ကို ကြည့်ကာ ပြောလိုက်သည်။
ဤအခိုက်အတန့်တွင် လင်းထျန်းအန်မှာ အလွန် ဒေါသထွက်နေသည်။ ဝူယီဖန်နှင့် တွမ့်သယ်တို့ကို မသတ်နိုင်သည့်အပြင် တစ်ဖက်လူသည် သူ့ထံ ဆုကြေးလာတောင်းရဲသည်ကို မြင်သောအခါ လင်းထျန်းအန်က လှောင်ရယ်ကာ ပြောဆိုလိုက်သည်။
“ကောင်းပြီ… မင်းက ဆုကြေး လိုချင်တယ်ပေါ့… ဟုတ်လား… ဒါက မင်းအတွက် ငါ့ရဲ့ ဆုကြေးပဲ… ငါ့ရဲ့ လက်ဝါးတစ်ချက်စာပဲ”
ထိုသို့ ပြောပြီးနောက် လင်းထျန်းအန်သည် သူ့ လက်ကို ဝှေ့ယမ်းလိုက်သည်။ ဝိညာဉ်ချီများ ထွက်ပေါ်လာပြီး ၊ နောက်တစ်စက္ကန့်တွင် အင်မော်တယ်ဘုရင် ကနဦးအဆင့်ရှိ ပုဂ္ဂိုလ်မှာ ချက်ချင်းပင် သတ်ဖြတ်ခံလိုက်ရသည်။
ကျန်ရှိနေကြသော လင်းမိသားစုမှ အကြီးအကဲများသည် ဤမြင်ကွင်းကို အံ့အားသင့်မသွားကြချေ။ အကယ်၍ သူတို့သည် လင်းမိသားစု၏ ဆုကြေးကို ရယူလိုပါက ၎င်းကို လက်ခံရယူနိုင်မည့် ခွန်အား ရှိရမည် ဖြစ်သည်။
ထို့နောက် တစ်ဖက်လူ၏ လက်ထဲရှိ ပုံတူ ပန်းချီကားချပ်သည် လင်းထျန်းအန်၏ လက်ထဲသို့ ပျံသန်း ရောက်ရှိလာခဲ့သည်။
သို့သော်လည်း ထိုအခိုက်အတန့်တွင် သူ့ဘေး၌ ရပ်နေသော လင်းရွှီခွင်သည် ပုံတူ ပန်းချီကားထဲမှ လူနှစ်ဦးကို မြင်သောအခါ သူ၏ အမူအရာသည် သိသိသာသာ ပြောင်းလဲသွားခဲ့သည်။
“အဖေ… ဒီလူနှစ်ယောက်ကို သား သိတယ်”
အခန်း (၁၇၀) - လူတစ်ယောက်က ရက်စက်ရမယ်
“အဖေ… တောင်းပန်ပါတယ်… ဒီလူကို သား မစော်ကားခဲ့သင့်ဘူး… အဲ့လိုမှ မဟုတ်ရင် ကျွန်တော်တို့ လင်းမိသားစု ဘိုးဘေးကြီးရဲ့ သင်္ချိုင်းဂူလည်း အဖောက်ခံရမှာ မဟုတ်ဘူး”
လင်းရွှီခွင်သည် လင်းထျန်းအန်ကို တောင်းပန်လိုက်ပြီး ၊ သူ၏ လေသံထဲတွင် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မှုများဖြင့် ပြည့်နှက်နေသည်။
သို့သော်လည်း လင်းထျန်းအန်က မတ်တတ်ရပ်ကာ ဖြည်းညင်းစွာ ခေါင်းယမ်းလိုက်သည်။
“သား… မင်း တောင်းပန်သင့်တယ်… ဒါပေမဲ့ မင်း ဒီလူကို စော်ကားခဲ့လို့ မဟုတ်ဘူး… မင်းက လုံလောက်အောင် မရက်စက်ခဲ့လို့ပဲ”
“ငါ လင်းထျန်းအန်ရဲ့ သားတစ်ယောက်အနေနဲ့ မင်း သတ်ချင်တဲ့သူ ဘယ်သူ့ကိုမဆို သတ်လို့ရတယ်… မင်းအဖေက မင်းကို ကာကွယ်ပေးမယ်… ဒါပေမဲ့ လင်းမိသားစုရဲ့ သခင်လေး တစ်ယောက်အနေနဲ့ မင်းရဲ့ နေရာကို ခိုင်မာအောင် လုပ်ဖို့ ရက်စက်ဖို့ လိုတယ်”
“တစ်ဖက်လူက မင်းကို စော်ကားရဲမှတော့ အမျိုးသမီးတွေလို သနားကြင်နာစိတ်နဲ့ သူတို့ကို နောက်ထပ် နည်းနည်းလေးမှ အသက်ရှင်ခွင့် မပေးနဲ့တော့… အဲ့အစား သူတို့ကို ဒုက္ခမခံရအောင် မြန်မြန် ဖြေရှင်းပေးလိုက်”
“မင်းကြောင့် ဒီကိစ္စ ဖြစ်လာတာဆိုတော့ ဖြေရှင်းဖို့ မင်းကိုပဲ လွှဲထားလိုက်မယ်… တစ်ဖက်လူက အင်မော်တယ်ဘုရင် လက်ထဲကနေ လွတ်မြောက်သွားနိုင်တယ်ဆိုတော့ သူတို့ရဲ့ ခွန်အားကို အထင်သေးလို့ မရဘူး.. ဒါကြောင့် အင်မော်တယ် ဧကရာဇ် ဆယ်ယောက်နဲ့ အင်မော်တယ် အရှင်မြတ် သုံးယောက်ကို မင်းရဲ့ လက်အောက်မှာ တာဝန်ချထားပေးမယ်… သူတို့ကို အမြန်ဆုံး ဖမ်းမိအောင် သေချာလုပ်… မင်းမှာ ယုံကြည်မှု ရှိလား”
လင်းထျန်းအန်၏ ယုံကြည်မှုရှိသော အကြည့်ကို မြင်လိုက်ရချိန်တွင် ၊ လင်းရွှီခွင်သည် ကြီးမားသော ဝန်ထုပ်ဝန်ပိုးကို ထမ်းဆောင်လိုက်ရသကဲ့သို့ ခံစားလိုက်ရသော်လည်း ၊ သူသည် ခိုင်မာစွာ ခေါင်းညိတ်သဘောတူလိုက်သည်။
“သား သိပါပြီ အဖေ… အဖေ့ကို စိတ်ပျက်အောင် မလုပ်ပါဘူး… ရန်သူရဲ့ ခေါင်းနဲ့အတူ လင်းမိသားစုရဲ့ ဂုဏ်သိက္ခာကို သေချာပေါက် ကာကွယ်ပေးပါ့မယ်”
“အင်း… တော်တယ်… ဒါမှ ငါ လင်းထျန်းအန်ရဲ့ သားကွ… သွားတော့”
လင်းထျန်းအန်သည် လက်ဝှေ့ယမ်းပြပြီး လင်းရွှီခွင်ကို ထွက်သွားခွင့် ပြုလိုက်သည်။
လင်းရွှီခွင် ထွက်သွားပြီးနောက် လင်းထျန်းအန်၏ မျက်လုံးထဲတွင် နက်ရှိုင်းသော အတွေးများဖြင့် ပြည့်နှက်နေသည်။ လင်းရွှီခွင်သည် ယခုနှစ်တွင် အသက် တစ်သန်းကျော် ရှိနေပြီ ဖြစ်ပြီး ၊ သူ၏ ကျင့်ကြံမှုမှာလည်း လျိုထျန်းရွှေအင်မော်တယ် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
အကယ်၍ လင်းရွှီခွင်အနေဖြင့် ဤကိစ္စကို ဖြေရှင်းနိုင်မည်ဆိုပါက ၊ သူသည် လင်းမိသားစု ခေါင်းဆောင် ရာထူးမှ ဆင်းပေးသင့်ပြီး အင်မော်တယ် မဟာဧကရာဇ် ဖြစ်လာရန်သာ ကြိုးစားအားထုတ်သင့်သည်။
အကယ်၍ သူသာ အင်မော်တယ် မဟာဧကရာဇ်အဆင့်သို့ ဖောက်ထွက်နိုင်မည်ဆိုပါက ၊ အထက်ကမ္ဘာရှိ လင်းမိသားစု၏ အဆင့်အတန်းသည် ယခုထက် ပို၍ မြင့်တက်သွားပေလိမ့်မည်။
သူ မသိခဲ့သည့် အချက်မှာ ဝူယီဖန်နှင့် တွမ့်သယ်တို့သည် မည်မျှ ကြောက်မက်ဖွယ် ကောင်းသည်ကိုပင်။ အကယ်၍ သူသာ သိခဲ့လျှင်ဖြင့် ၊ လင်းမိသားစု အိမ်တော်မှ ရှေးဟောင်းကန္တာရ မြင့်မြတ်နယ်မြေအထိ လမ်းတစ်လျှောက်လုံး ဒူးထောက် သနားခံရပေလိမ့်မည်။
သို့သော်လည်း နောက်ကျသွားချေပြီ။ ဝူယီဖန်နှင့် တွမ့်သယ်တို့သည် သူတို့၏ စစ်ဆင်ရေးကို စတင်နေကြပြီ ဖြစ်သည်။
သူတို့၏ မျက်နှာများသည် ပေါက်ကြားသွားပြီ ဖြစ်သောကြောင့် ယခုအခါ သူတို့သည် ရုပ်ဖျက်ကာ သွားလာနေကြသည်။ သို့မဟုတ်ပါက ၊ လင်းမိသားစု၏ သူလျှိုများသည် အရင်ကတည်းက သူတို့ကို ရှာတွေ့သွားနိုင်သည်။
အင်မော်တယ်ဘုရင်ထံမှ လွတ်မြောက်ပြီးနောက် လင်းမိသားစုသည် ဆုကြေးငွေကို အင်မော်တယ် ဧကရာဇ် မှော်လက်နက် တစ်ခုမှ အင်မော်တယ် ဧကရာဇ် မှော်လက်နက် နှစ်ခုအဖြစ် တိုးမြှင့်လိုက်သည်။ ဤသည်က မူလက စောင့်ကြည့်နေခဲ့ကြသော အင်မော်တယ် ဧကရာဇ်များကို ဂနာမငြိမ် ဖြစ်သွားစေပြီး ၊ ဝူယီဖန်နှင့် တွမ့်သယ်တို့ကို အရူးအမူး လိုက်လံ ဖမ်းဆီးကြတော့သည်။
“သူတော်စင်… အဆင်သင့် ဖြစ်ပြီလား”
သူ့ရှေ့ရှိ သင်္ချိုင်းဂူကို ကြည့်ကာ တွမ့်သယ်သည် သူ၏ စိတ်လှုပ်ရှားမှုကို ဖိနှိပ်ထားရင်း ၊ ဝူယီဖန်ကို လှမ်းကြည့်လိုက်သည်။
ဝူယီဖန်က ခေါင်းညိတ်လိုက်၏။
“အဆင်သင့်ပဲလား… ဒါဆို စလိုက်ကြစို့”
ဒုတိယအကြိမ်တွင် ဝူယီဖန်သည် သင်္ချိုင်းဖောက်ထွင်းရာတွင် ပို၍ ကျွမ်းကျင်လာခဲ့သဖြင့် တွမ့်သယ်သည်ပင် အံ့အားသင့်ကာ ထိတ်လန့်နေမိသည်။ သူသည် သင်္ချိုင်းဆယ်ကြိမ် ဖောက်ထွင်းပြီးမှသာ ယခုလို ကျွမ်းကျင်လာခြင်း ဖြစ်သည်။
“ မဟုတ်မှလွဲရော …ငါတို့ရဲ့ သူတော်စင်က မွေးရာပါ သင်္ချိုင်းဖောက်ထွင်းရေး သူတော်စင် တစ်ယောက်များ ဖြစ်နေမလား…”
သို့သော်လည်း တွမ့်သယ်သည် ထိုအချက်ကို ဂရုမစိုက်ပေ။ ယခုအချိန်တွင် အရေးကြီးဆုံး ကိစ္စမှာ သင်္ချိုင်းဖောက်ထွင်းရန်ပင် ဖြစ်သည်။
သူတို့၏ ပထမဆုံး အတွေ့အကြုံမှ သင်ခန်းစာရရှိပြီးနောက် ၊ ဤတစ်ကြိမ်တွင် ဝူယီဖန်နှင့် တွမ့်သယ်တို့သည် အလွန် ကောင်းမွန်စွာ ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး လင်းမိသားစု ဘိုးဘေး၏ သင်္ချိုင်းဂူတွင် မြှုပ်နှံထားသော ပစ္စည်းများကို လျင်မြန်စွာ ယူဆောင်သွားကြသည်။
သူတို့ နှစ်ယောက် ထွက်သွားပြီး ဆယ်မိနစ်အကြာတွင် လင်းထျန်းအန်သည် ထိုသတင်းကိုရရှိခဲ့ပြီး အလွန်ပင် မှိုင်းညို့နေသော အမူအရာဖြင့် အပြေးအလွှား ရောက်ရှိလာခဲ့သည်။ သို့သော်လည်း သူတို့ ရောက်လာချိန်တွင် ဝူယီဖန်နှင့် တွမ့်သယ်တို့သည် အရိပ်အယောင်မျှပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားကြပြီ ဖြစ်သည်။
“သောက်ကျိုးနည်း သူခိုးတွေ… မင်းတို့ကို ငါ ဖမ်းမိရင် အပိုင်းပိုင်း ဆွဲဖြဲပစ်မယ်”
လင်းထျန်းအန်သည် ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ ဤသူများသည် လင်းမိသားစု ကြီးပွားတိုးတတ်ရေးအတွက် လုပ်ဆောင်ရင်း သေဆုံးသွားခဲ့ကြသော ဘိုးဘေးကြီးများ ဖြစ်သည်။ ယခုအခါ သေဆုံးပြီးနောက်တွင်ပင်၊ သူတို့သည် ငြိမ်းချမ်းမှုကို ရှာမတွေ့နိုင်တော့ချေ။
လင်းမိသားစု ခေါင်းဆောင် တစ်ယောက်အနေဖြင့် ၊ သူ မည်သို့ စိတ်အေးလက်အေး နေနိုင်မည်နည်း။ ထို့ကြောင့် သူသည် ဝူယီဖန်ကို အပိုင်းပိုင်း ဆွဲဖြဲပစ်မည်ဟု ကျိန်ဆဲရုံသာ ရှိတော့သည်။
သို့သော်လည်း လဝက်ခန့် လျင်မြန်စွာ ကုန်ဆုံးသွားပြီးနောက်တွင်ပင် ၊ ဝူယီဖန်နှင့် တွမ့်သယ်တို့ကို ဖမ်းမမိသေးပေ။ ယင်းအစား လင်းမိသားစု၏ ဘိုးဘေးသင်္ချိုင်းဂူများသည် တစ်ခုပြီး တစ်ခု ထပ်မံ ဖောက်ထွင်းခံလိုက်ရသဖြင့် လင်းထျန်းအန်၏ စိတ်ဓာတ်မှာ ပြိုလဲလုနီးပါး ဖြစ်ခဲ့ရသည်။
အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားပြီး တစ်နှစ်သာ ပြည့်သွားခဲ့သည်။ ဤတိုတောင်းလှသော တစ်နှစ်တာ ကာလအတွင်း ၊ ဝူယီဖန်နှင့် တွမ့်သယ်တို့သည် လိုက်ဖက်ညီစွာ ပူးပေါင်းဆောင်ရွက်ရင်း လင်းမိသားစု၏ ဘိုးဘေး သင်္ချိုင်းဂူ ၃၅ ခုတိတိ ဖောက်ထွင်းနိုင်ခဲ့ကြသည်။
တွမ့်သယ်သည်ပင် အံ့အားသင့်နေမိသည်။ သူသည် သင်္ချိုင်းဂူ ၃၅ ခုကို ဖောက်ထွင်းရန် ဆယ်နှစ်တိုင်တိုင် အချိန်ယူခဲ့ရသော်လည်း ၊ ဝူယီဖန်နှင့် အတူရှိနေသည့် တစ်နှစ်တည်းကာလအတွင်း ဤမျှပမာဏကို ရရှိခဲ့သည်။
“သူတော်စင်… အခုကစပြီး သင်္ချိုင်းဖောက်ထွင်းဖို့ ငါနဲ့ လိုက်ခဲ့ပါ့လား… ငါ ကျိန်ရဲတယ်… အထက်ကမ္ဘာ တစ်ခုလုံးက ငါတို့ နာမည်ကို ကြားတာနဲ့ ကြောက်ရွံ့တုန်လှုပ်သွားစေရမယ်”
တွမ့်သယ်သည် အလွန် တောက်ပသော အနာဂတ် တစ်ခုကို မြင်နေရသကဲ့သို့ ဝူယီဖန်ကို စိတ်အားထက်သန်စွာဖြင့် ပြောလိုက်သည်။
ဤစကားကို ကြားသောအခါ ဝူယီဖန်၏ နှုတ်ခမ်းများသည် အလိုအလျောက် တွန့်ကွေးသွားသည်။ ထိုအချိန်တွင် ဖြစ်လာမည့် အနာဂတ်ကို သူ တွေးကြည့်ပြီး ဖြစ်သည်။
“နည်းနည်းလေးတောင်… မဟုတ်ဘူး…ဒါ အတော်လေးကို ရှက်စရာကောင်းမှာပဲ”
“ထားပါ… ပြီးခဲ့တဲ့ တစ်နှစ်အတွင်း လင်းမိသားစုရဲ့ ကာကွယ်ရေးတွေကို ငါတို့ ဖောက်ထွက်နိုင်ခဲ့ပြီဆိုတော့ အခုကစပြီး ငြိမ်ငြိမ်လေး နေလိုက်ကြရအောင်… ပြီးတော့ ငါ့ရဲ့ ရှေးဟောင်း မြင့်မြတ်ခန္ဓာကိုယ်ကို အဆင့်(၁၂)ကို တက်လှမ်းဖို့ စီစဉ်ထားတယ်… အဲ့လိုမှ မဟုတ်ရင် လင်းမိသားစုရဲ့ အဆင့်မြင့် စွမ်းအားရှင်တွေကို ငါတို့ ခုခံနိုင်မယ့်အင်အား ရှိမှာ မဟုတ်ဘူး”
“ဒါကြောင့် အချိန်အတိုင်းအတာ တစ်ခုအထိ တံခါးပိတ် ကျင့်ကြံရမယ်… လင်းမိသားစုရဲ့ ဘိုးဘေးတွေဆီက ရခဲ့တဲ့ ပစ္စည်းတွေကို ငါတို့ မသုံးရသေးဘူးဆိုတော့ အခုက အဲ့တာတွေကို အသုံးချဖို့ အချိန်ကောင်းပဲ “
ဝူယီဖန်၏ စကားကို ကြားသောအခါ တွမ့်သယ်သည် ခေါင်းညိတ်လိုက်သည်။
“အဲ့လိုဆိုရင်တော့ လင်းမိသားစု ကံကောင်းသွားတာပေါ့… သူတို့ကို ခဏလောက် ပျော်ခွင့်ပေးလိုက်မယ်… ငါတို့ တံခါးပိတ် ကျင့်ကြံပြီး ထွက်လာတာနဲ့ လင်းမိသားစု က ဘိုးဘေးတွေအကုန်လုံး ကြောက်ရွံ့သွားစေရမယ်”
ထိုစကားများကို ဝူယီဖန်သည် သိပ်အာရုံမထားပေ။ ဤသည်က အင်အားကြီး အဖွဲ့အစည်း တစ်ခုတွင် ပါဝင်ရခြင်း၏ အကျိုးကျေးဇူးများထဲမှ တစ်ခု ဖြစ်သည်။ သင့်အနေဖြင့် လုံလောက်သော ပါရမီကို ပြသနိုင်သရွေ့ လိုချင်သော မည်သည့် သယံဇာတကိုမဆို သင့်ထံ ပို့ဆောင်ပေးလိမ့်မည် ဖြစ်သည်။
ယခုအခါ သူသည် ရှေးဟောင်း မြင့်မြတ်ခန္ဓာကိုယ်ကို အဆင့်(၁၂)သို့ တက်လှမ်းရန် အသင့်ဖြစ်နေပြီ ဖြစ်ရာ ၊ ယင်းက သူ့ကို အင်မော်တယ် ဧကရာဇ် တစ်ပါးနှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိစေမည် ဖြစ်သည်။