နှုတ်ဆက်ခြင်း
Vol. 9 Ch. 848
" ကျိုးရီရှင်းက အခုအချိန်အထိ ငါ့နောက်လိုက်အဖြစ်ရှိနေခဲ့တာ နှစ်အကြာကြီးရှိနေပြီ။ ငါ ထွက်သွားတော့မှာဆိုတော့ သူအဆင်ပြေအောင် လုပ်ပေးရမယ် “
" ပြီးတော့ စုန့်ချွဲ၊ ငါက သူ့ဦးလေးဆိုတော့လဲ ငါနဲ့အတူ သူ့ခေါ်သွားဖို့က လွဲပြီး ရွေးချယ်စရာမရှိဘူး “
" သရဲကြီးဘုရင်ကော ဘယ်လိုလုပ်ရပါ့ "
သူက သရဲကြီးဘုရင်ကို သွားရောက်နှုတ်ဆက်ချင်သော်လည်း သခင်လေးဟုန်ချိန်အကြောင်း တွေးမိလိုက်သည်နှင့် သူ့နှလုံးသားထဲတွင် မချင့်မရဲဖြစ်သွား၏။ ထိုကိစ္စအကြောင်း အနည်းငယ်ထပ်တွေးပြီးနောက် သူက သက်ပြင်းချလိုက်သည်။
" အာ ဘာဖြစ်ဖြစ်ကွာ။ ဘယ်လိုဖြစ်ဖြစ် ငါ့အချစ်လေးကို ထပ်တွေ့ရဦးမှာပဲလေ “
" ငါ မြေရိုင်းဒေသထဲမှာ နှစ်ပေါင်းများစွာ သရဖူဆောင်းခဲ့တာပဲ။ အခုတော့ ပြန်ဖို့ အချိန်ကျပြီ။ တခမ်းတနားလုပ်နေစရာ မလိုပါဘူး "
သူက ခေါင်းကို ခါယမ်းရင်း လက်နှစ်ဖက်ကို နောက်ပစ်ကာ အစအနမကျန်ဘဲ ပျောက်ကွယ်သွားသည်က မည်မျှလျှို့ဝှက်ဆန်းကြယ်လိမ့်မည် ဖြစ်ကြောင်း စဥ်းစားလိုက်သည်။ သူက သူ၏အောင်မြင်မှုများအပေါ် သဘောကျကျေနပ်နေကာ ကျိုးရီရှင်းထံ စာတစ်စောင်ပေးပို့၍ မြေအောက်ကမ္ဘာမြစ်တားမြစ်နေရာကို လာရန်ပြောလိုက်သည်။
***
ယခု ကျိုးရီရှင်းသည် သရဲကြီးမြို့တော်၌ ပုန်းအောင်းနေပြီး စာရသောအခါ ပါးစပ်အဟောင်းသား ဖြစ်သွားပြီး ရင်တဒိန်းဒိန်းခုန်လာတော့သည်။ သူသည် ရုတ်တရက် ပိုင်ရှောင်ချန်း ထွက်သွားတော့မည်ဟု ကြိုသိလိုက်လေသည်။
သိသာစွာပင် ယခုတွင် ပိုင်ရှောင်ချန်း၏တပည့်ကား ငရဲဧကရာဇ်ဖြစ်သွားပြီ ဖြစ်သောကြောင့် သူ အိမ်ပြန်ပေတော့မည်။ သူက ကျိုးရီရှင်းကို ကြိုတင်လာတွေ့ခိုင်းသည့်အချက်က များစွာ ပြောနေသည်။
ကျိုးရီရှင်း၏ စိတ်လှုပ်ရှားမှုများ မြင့်တက်လာတော့သည်။ ကုန်လွန်ခဲ့သော နှစ်ပေါင်းများစွာတစ်လျှောက် သူ၏ ဆုံးဖြတ်ချက်က သူ့တစ်သက်နှင့်တစ်ကိုယ် ချခဲ့ဖူးသော အကောင်းဆုံး ဆုံးဖြတ်ချက်ဖြစ်သည်ဟု ပို၍ ခံစားလာရသည်။
မျှော်လင့်ချက်များ ပြည့်နှက်နေလျက် သူက စုန့်ချွဲကို အိတ်ထဲ ပစ်ထည့်လိုက်ပြိီးနောက် မြေအောက်ကမ္ဘာမြစ်တားမြစ်နယ်ပယ်ရှိရာသို့ သုတ်ချေတင်လိုက်သည်။
ပိုင်ရှောင်ချန်းက ကျိုးရီရှင်းကို စောင့်နေရင်း မြစ်ကမ်းစပ်မှာ ထိုင်ကာ မြေရိုင်းဒေသထဲတွင် သူလုပ်ဆောင်ခဲ့သည့် အရာအားလုံးအား ပြန်တွေးလိုက်သည်။ ထို့နောက် အဏ္ဏဝါခေါ်သံဂိုဏ်းကို ပြန်ပြောင်းသတိရလာပြီး များမကြာမီ သူ့နှလုံးသားက အိမ်ရှိရာဆီသို့ သူ့ကို ဆွဲခေါ်နေသည်ဟု ခံစားလိုက်ရသည်။
တဖြည်းဖြည်း ညဥ့်သန်းခေါ်ယံသို့ ရောက်ရှိလာပြီး ပြင်းထန်သော အရှိန်အဝါတစ်ခုနှင့်အတူ မြောက်မြားစွာသော မြူတိမ်များ ပေါက်ပေါက်လာတော့သည်။ မြေအောက်ကမ္ဘာမြစ်သည် ပိုင်ရှောင်ချန်းရှေ့တည့်တည့်တွင် တဖွေးဖွေးလှုပ်နေလျက် တသွင်သွင်စီးဆင်းကာ နောက်တစ်ကြိမ် ပြန်ပေါ်လာ၏။
ပထမဆုံးအကြိမ်အနေဖြင့် ပိုင်ရှောင်ချန်းသည် မြေအောက်ကမ္ဘာမြစ်နှင့် ဆက်သွယ်မှုအချို့ကို ခံစားလိုက်ရသည်။ သူသည် သူ့တပည့်၏ အရှိန်အဝါကို အာရုံရသည်ဆိုရုံလေး ခံစားလိုက်ရပြီးနောက် ထိုခံစားချက်က တဖြည်းဖြည်း အားကောင်းလာ၏။ တခဏကြာသော် ပိုင်ဟောက်က သူ့ရှေ့မှောက်တွင် ဖြစ်တည်လာတော့သည်။
သူက တော်ဝင်ဝတ်ရုံဝတ်ဆင်ထားပြီး တော်ဝင်သရဖူကို ဆောင်းထားသော်လည်း မြင်နေကျသူ့အသွင်အတိုင်း တစ်ခုမှ မပြောင်းလဲသွားပေ။ သူ၏ မျက်လုံးများထဲတွင် စိတ်ထိခိုက်နေသော အကြည့်တစ်ခုကိုသော်လည်းကောင်း၊ လေးစားခြင်းအရိပ်အယောင်များကိုသော်လည်းကောင်း မြင်နိုင်လေသည်။ သူက ပိုင်ရှောင်ချန်းရှေ့တည့်တည့်တွင် ပေါ်လာသည်နှင့် တစ်ပြိုင်နက် လက်နှစ်ဖက်ယှက်ကာ ဦးညွှတ်အရိုအသေးပေးလိုက်သည်။
" ဆရာ"
ပိုင်ရှောင်ချန်းသည် သူ့တပည့်၏ သူ့အပေါ်ထားရှိသော ခံစားချက်များက ငရဲဧကရာဇ်ဖြစ်လာခဲ့ခြင်းကြောင့် မပြောင်းလဲသွားခဲ့သည်ကို မြင်လိုက်ရသည်။ သူ့တပည့်ပေါ်လာသည်ကို သူ အနည်းငယ်မျှ မအံ့သြပေ။ ပေါ်မလာသည်ကမှ အံသြဖွယ်ကောင်းပေဦးမည်။
" ငရဲဧကရာဇ်ဖြစ်ရတာ ဘယ်လိုနေတုန်းကွ" ပိုင်ရှောင်ချန်းက နှစ်လိုဖွယ်ပြုံး၍ မေးလိုက်သည်။
" ကျွန်တော် ဆရာကြီးသင်္ချိုင်းစောင့်ဆီက အများကြီးသင်ယူရဦးမယ် "
ပိုင်ဟောက်က ခပ်တိုးတိုး ပြန်ဖြေ၏။ သူ့မျက်လုံးများက ပိုင်ရှောင်ချန်းကို လွမ်းနေပြီဖြစ်ကြောင်း ေဖာ်ပြနေသည်။
" ကျွန်တော် မြေအောက်ကမ္ဘာမြစ်နတ်ဘုရားစွမ်းရည်တွေကို အခုထိ မထုတ်နိုင်သေးဘူး ပြီးတော့.... "
သူ နောက်ထပ် မပြောနိုင်ခင်မှာပင် ပိုင်ရှောင်ချန်းက သူ့လက်ကို အရေးမပါသည့်ဟန်ဖြင့် ဝှေ့ယမ်းလိုက်ပြီး ကြားဖြတ်ပြောလိုက်သည်။
" ဘိုးဘိုးကြီးကို မင်း ငါ့ကို လေးစားသလို လေးလေးစားစားသာဆက်ဆံ။ သူမင်းကို သင်ပေးသမျှကို အာရုံစိုက်။ ဒီလိုဆို မင်း ငရဲဧကရာဇ်ကောင်းတစ်ယောက် ဖြစ်ဖို့ သင်ယူနိုင်လိမ့်မယ်။ ကံမကောင်းတာက ဆရာ သွားရတော့မယ်။ မဟုတ်ရင် ဆရာ့ရဲ့ အထူးနတ်ဘုရားစွမ်းရည်တွေကို လွှဲပြောင်းပေးပါတယ် "
သူက သူ့တပည့်ကို မည်မျှလွမ်းနေပြီဖြစ်ကြောင်း နားလည်လာကာ သက်ပြင်းချလိုက်၏။
ပိုင်ဟောက်မှာ စိတ်ထဲတွင် သူ့ဆရာနှင့် သူ လုပ်ဆောင်ခဲ့သည့် အမှတ်တရမျိုးစုံပြည့်နှက်နေလျက် တခဏကြာ တိတ်ဆိတ်ငြိမ်သက်စွာ ရပ်နေသည်။ သို့သော် သူ့ဆရာသည် ကောင်းကင်တံတားဒေသမှ ဖြစ်သည့်အတွက် သူ့ဂိုဏ်းထံပြန်ရန်က သူ၏ရည်မှန်းချက်ဖြစ်ခဲ့ကြောင်း သိထားသည်။
" ဆရာ "
သူက လေးနက်စွာ ပြောသည်။
" အပြန်ခရီးမှာ သတိထားဦး။ ကောင်းကင်တံတားဒေသက တော်တော်ကွဲပြားတဲ့ နေရာတစ်ခု၊ ကျွန်တော် မြေအောက်ကမ္ဘာမြစ်နတ်ဘုရားစွမ်းရည်တွေကို ကျွမ်းကျင်အောင် အကောင်းဆုံးကြိုးစားပြီး မကြာခင် ကျွန်တော့်စိတ်ကို ကမ္ဘာထဲက ဘယ်နေရာကို မဆို စေလွှတ်ပစ်လိုက်မယ် "
ပိုင်ရှောင်ချန်းက အားပါးတရ ရယ်မောလိုက်သည်။ သူတို့နှစ်ယောက်သား အတန်ငယ် စကားစမြည်ပြောလိုက်ကြ၏။ ရှင်းလင်းစွာပင် ခွဲခွာခြင်း အခိုက်အတန့်ကား ဆိုက်ရောက်လာနေပြီ။ ပိုင်ရှောင်ချန်းက အချိန်အများစုတွင် သူ့တပည့်ကို ငရဲဧကရာဇ်ကောင်းတစ်ယောက် ဖြစ်လာစေရန် အလေးအနက်တိုက်တွန်းနေ၏။ ပိုင်ဟောက်မှာမူ ကောင်းကင်တံတားမြစ်ထံ အပြန်ခရီးက အန္တရာယ်များမည်ကို သိသိသာသာ စိတ်ပူနေပြီး မည်သို့လုပ်ရန် အကြံများစွာ ပေးနေသည်။
၄င်းမှာ သူတို့နှစ်ယောက်သား ပြဿနာများအမျိုးမျိုးအား အတူတူဖြေရှင်းခဲ့သည့် အရင်အချိန်များအတိုင်းပင်။ အချိန်အနည်းငယ်ကြာသော် ပိုင်ဟောက်က ရုတ်တရက် ထပြောသည်။
"ဆရာ၊ ကျောက်ရှောင်လင်းနဲ့ လျှိုယုံကို မှတ်မိလား။ ပြီးတော့ ချန်ဟောက်စုန့်။ သူတို့က ဆရာ့ကို တော်တော် မလေးမစားဆက်ဆံခဲ့တာ။ ကျွန်တော် သူတို့သေချာပေါက် နောင်တရအောင် လုပ်ပေးမယ် “
" ဆရာကတော် ရွှီရှန်နဲ့ ဆရာကတော် ချင်းမေ့ယွမ်ရယ်၊ ဆရာကတော် ကျိုးကျစ်မိုရယ်ကို ကျွန်တော် ဆရာ့အတွက် စောင့်ရှောက်ပေးထားပါမယ်။ တစ်ယောက်ယောက်က မကောင်းတဲ့အကြံအစည်လုပ်လို့ကတော့ ကျွန်တော် ချက်ချင်း လှုပ်ရှားလိုက်မယ် “
" တပည့် ၊ သရဲကြီးဘုရင်ကိုလဲ ကောင်းကောင်း စောင့်ရှောက်ပေးထားပါ့မယ် “
" ကျိုးဟုန်လို လက်ရွေးစင်တွေ၊ သူတို့က ဆရာ့ကို ခဏခဏ ရန်စခဲ့ကြတာဆိုတော့။ စိတ်မပူနဲ့ဆရာ။ ကျွန်တော် သူတို့လုပ်ခဲ့တာတွေအတွက် ထွက်ပြေးခွင့်ပေးမှာမဟုတ်ဘူး "
ပိုင်ဟောက်သည် သူ၏ဆရာကို ပြဿနာရှာခဲ့သူများသာမက သူ့ကို ကြင်ကြင်နာနာ ဆက်ခံခဲ့သူများအားလုံးကို အလွန်နီးကပ်စွာ သေသေချာချာ စောင့်ကြည့်ခဲ့သည်။
ကမ္ဘာပေါ်ရှိ အခြားဆရာအများစုသည် သူတို့၏ တပည့်များအား မြင့်မြတ်သောလူတစ်ယောက်က ရန်ကိုရန်ခြင်း မတုံ့နှင်းရန် သတိပေးမည်ဖြစ်သည်။ သို့သော် ပိုင်ရှောင်ချန်းကမူ သူကြားနေသည်များအား အလွန်ကျေနပ်နေပြီး သူ့မျက်လုံးများတွင် ထောက်ခံသောအရိပ်အယောင်များ လင်းလက်တောက်ပနေ၏။
" ကောင်းတယ်။ အဲဒီလူတွေကို လွယ်လွယ် လွှတ်မပေးနဲ့။ ပြီးတော့ ဟိုအဘိုးကြီး သောကကင်းဝေးကိုးသွယ်ဘုရင်ကို မမေ့နဲ့။ သူ့ကို ဆော်ဖို့ အခွင့်ကောင်းကို သေချာရှာထား "
ဆရာတပည့်သည် ထိုလူများအားလုံးအား မည်သို့ ပညာပေးရန် အချိန်အတော်ကြာ ဆက်လက်ဆွေးနွေးနေကြ၏။ နောက်ဆုံးတွင် ပိုင်ရှောင်ချန်းမှာ အလွန်ကျေနပ်သွားပြီး သူတပည့်က သူ့အကြောင်း ကောင်းစွာနားလည်နေသည့်အပေါ် မအံ့သြဘဲ မနေနိုင်တော့ပေ။
" ေဩာ် ဟုတ်သားပဲ ဆရာ။ ကျွန်တော် မေ့တော့မလို့။ ကျွန်တော့် စိတ်တိုင်းကျ မြေအောက်ကမ္ဘာမြစ်ရဲ့ စွမ်းအားတွေရယ်၊ ဆရာကြီးသချိုင်းစောင့်ရဲ့ အကြံဉာဏ်တွေရယ်နဲ့ ကျွန်တော် နှစ်ဆယ်ရောင်ခြယ်နဲ့ နှစ်ဆယ့်တစ်ရောင်ခြယ်မီးတောက် ဖန်တီးနည်းတွေ အချောသပ်ပြီးသွားပြီ "
သူက ပုံမှန်အတိုင်းပြောလိုက်သော်လည်း အမှန်မှာ သူ ယခုထိတိုင် မြေအောက်ကမ္ဘာမြစ် နတ်ဘုရားစွမ်းရည်များအား မကျွမ်းကျင်သေးရသည့် အကြောင်းရင်းများထဲက တစ်ခုမှာ ထိုမီးတောက်ဖန်တီးနည်းများအတွက် မြေအောက်ကမ္ဘာမြစ်စွမ်းအားများကို အသုံးပြုရင်း အချိန်များစွာ ကုန်နေခဲ့သောကြောင့်ပင်။
သူက ဖန်တီးနည်းနှစ်ရပ်လုံးအား တစ်လတည်းနှင့် ဆောင်ရွက်ခဲ့သည်။
" ကံဆိုးတာက နှစ်ဆယ့်တစ်ရောင်ခြယ်မီးတောက်က အဆုံးသတ်ဖြစ်မယ်။ ဘာလို့လဲတော့ ကျွန်တော် မသေချာဘူး။ အဲဒီမီးတောက်ကို ဆရာဖန်တီးနိုင်ခဲ့ရင်တောင် အဲဒီမီးတောက်ကို ဖန်တီးရာမှာ ကျွမ်းကျင်နေတယ်လို့ ဆရာပြောနိုင်မယ် မထင်ဘူး။ နှစ်ဆယ့်နှစ်ရောင်ခြယ်မီးတောက်ကိုတော့ ဆရာကြီးသချိုင်းစောင့်တောင် ဘာတစ်ခုမှမပြောဘူး။ နှစ်ဆယ့်တစ်ရောင်ခြယ်မီးတောက်က အခု ကျွန်တော့်အတွက် အရမ်းခက်လွန်းတယ်။ ဆရာ ကျွန်တော့်ကို အချိန်နည်းနည်းထပ်ပေးပါဦး "
ပိုင်ဟောက်က ဖမ်းဆုပ်သည့်လက်ဟန်တစ်ခု လုပ်လိုက်ရာ ကျောက်စိမ်းပေလွှာတစ်ခု လေထဲတွင် ဖြစ်တည်လာ၏။
ပိုင်ရှောင်ချန်းမှာ တုန်လှုပ်သွား၏။ မီးတောက်ဖန်တီးရာတွင် သူ၏အရည်အချင်းမည်မျှ မြင့်မားနေပြီဖြစ်ကြောင်း စဥ်းစားလိုက်လျှင် ထိုကိစ္စများသည် ရှေ့ဆက်ပို၍ ခက်ခဲလာမည်ဖြစ်ကြောင်း သိသည်။ ဤမျှ အချိန်တိုလေးအတွင်း ထိုဖန်တီးနည်းနှစ်ရပ်လုံးအား ပိုင်ဟောက်ဖန်တီးနိုင်သည့်အချက်က သူ မည်မျှ အားသွန်ခွန်စိုက်ကြိုးစားခဲ့ရကြောင်း ဖော်ပြနေသည်။
သူက ကျောက်စိမ်းပေလွှာကို လက်ခံလိုက်ပြီးနောက် သူ့တပည့်ကို ကြည့်လိုက်သည်တွင် သူ၏ မျက်လုံးများထဲ၌ နွေးထွေးသော အရိပ်အယောင်များ ယှက်သန်းနေ၏။
" ဘယ်လောက်တောင် တွေးတတ်လိုက်တဲ့ ဟောက်အာလဲ "
သူက နူးညံ့စွာ ပြောသည်။
ပိုင်ဟောက်မှာ ထိုစကားလုံးများအား အလွန်ကျေနပ်သွားသည်။ သူသည် ငရဲဧကရာဇ်ဖြစ်လာခဲ့သော်လည်း သူ့နှလုံးသားက ယခင်အတိုင်းပင် ဖြစ်သည်။ ပိုင်ရှောင်ချန်းထံမှ အသိအမှတ်ပြုသည့် ကြင်နာသော စကားလေးတစ်ခွန်းကပင် သူ့ကို အလွန်ပျော်ရွှင်ကြည်နူးသွားစေရန် လုံလောက်သည်။
" ဆရာ၊ အခု စောသေးတယ်။ အခုအချိန်မှာ ကျွန်တော့်ထက် နှစ်ဆယ်ရောင်ခြယ်မီးတောက်အကြောင်း ကောင်းကောင်းသိတဲ့သူ မရှိဘူးဆိုတော့ အတူတူ မီးတောက် ဖန်တီးရအောင်။ ဘယ်လိုလဲ ဆရာ “
တခဏကြာ တွေးပြီးနောက် ပိုင်ရှောင်ချန်း ခေါင်းညိတ်လိုက်သည်။ မြေအောက်ကမ္ဘာမြစ်၏ ကမ်းစပ်တွင် ဆရာနှင့် တပည့်သည် သူတို့၏ နောက်ဆုံးအကြိမ် မီးတောက် ဖန်တီးခြင်းကို အတူတကွ လုပ်ဆောင်လိုက်ကြသည်။ အရာရာတိုင်းက အလွန်ချောချောမွေ့မွေ့သွားနေ၏။ သူတို့သည် ထိုမီးတောက်အမျိုးအစားအကြောင်း အချိန်အတော်ကြာ စဥ်းစားနေခဲ့သည် မဟုတ်ပါလော။ ယခုတွင် ပိုင်ဟောက်က မြေအောက်ကမ္ဘာမြစ်ကို အုပ်ချုပ်နေပြီဖြစ်ရာ သူလိုသလောက် ဝိညာဥ်များစွာ ရှိသည်။
ရက်အနည်းငယ်အတွင်း ပိုင်ရှောင်ချန်းသည် နှစ်ဆယ်ရောင်ခြယ်မီးတောက်ကို အောင်အောင်မြင်မြင် ဖန်တီးနိုင်သွားရာ ကောင်းကင်တွင် စူးရှတောက်ပသော အလင်းများပြည့်နှက်သွားပြီး ငလျင်တို့လှုပ်ခတ်သွားသည်။
နှစ်ဆယ်ရောင်ခြယ်မီးတောက်က လောကဓာတ်အောက်လမ်းဆရာများအတွက် အမြင့်ဆုံးအဆင့်ဖြစ်သည်။ လက်ရှိ ဗဟိုဧကရာဇ်နိုင်ငံတော်တွင် ၄င်းကို ဖန်တီးနိုင်သည့် အောက်လမ်းဆရာတစ်ယောက်သာ ရှိသည်။ ပိုင်ရှောင်ချန်းသာ ထိုသို့လုပ်နိုင်ခဲ့လျှင် ယခုတွင် နှစ်ယောက်ဖြစ်သွားလေမည်။
ဤအဆင့်ကို သူ ကျော်လွန်ပြီး နှစ်ဆယ့်တစ်ရောင်ခြယ်မီးတောက်တစ်ခု ဖန်တီးနိုင်လျှင်တော့ ယခင်က တစ်ခါမှ မမြင်ခဲ့ရသည့် ဒဏ္ဍာရီလာ အာကာသအောက်လမ်းဆရာတစ်ယောက် ဖြစ်လာပေလိမ့်မည်။
ဒဏ္ဍာရီအရ လူတစ်ယောက်သည် ယင်ယန်ဝိညာဥ်အပေါ်တွင် စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းတစ်ခုပြုလုပ်ရန် နှစ်ဆယ့်တစ်ရောင်ခြယ်မီးတောက်ကို အသုံးပြုလျှင် နတ်အဆင့်သို့ ချက်ချင်း ဖောက်ထွက်နိုင်သည်။ အမှန်တွင် ၄င်းက ဒဏ္ဍာရီတစ်ပုဒ်သာ ဖြစ်သည်။ မည်သူမျှ ၄င်းအား အောင်အောင်မြင်မြင် မပြုလုပ်နိုင်ခဲ့ပေ။
စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေလျက် ပိုင်ရှောင်ချန်းသည် နှစ်ဆယ့်တစ်ရောင်ခြယ်မီးတောက်ကို ဆက်လက်ဖန်တီးလိုက်သည်။
သို့စေကာမူ နှစ်ဆယ့်တစ်ရောင်ခြယ်မီးတောက်ကား အလွန်ခက်သည်။ ပိုင်ဟောက်၏ အကူအညီသာမက ဖန်တီးနည်းနှင့်ပင်လျှင် ပိုင်ရှောင်ချန်းမှာ လုပ်ငန်းစဥ်နှင့်ပတ်သက်၍ အကျွမ်းဝင်လာသည်ထက် ပိုပြီးမတတ်နိုင်ပေ။ အောင်မြင်မှုကား ရက်အနည်းငယ်အတွင်း ရရှိနိုင်သည့် အရာတစ်ခု မဟုတ်ပေ။
သူ့ဆရာ မြေအောက်ကမ္ဘာမြစ်မှ ထွက်ခွာသွားပြီးနောက် မီးတောက်ဖန်တီးခြင်း ဆက်လက်လုပ်ဆောင်နိုင်ရန် သေချာစေရန် အလို့ငှာ ပိုင်ဟောက်သည် သူ အံတင်းတင်းကြိတ်အားထုတ်နေရသည့် အဖြစ်ကို ဖုံးကွယ်ထားပြီး နောက်ဆုံးတွင် သူသိသည့် မြေအောက်ကမ္ဘာမြစ်နတ်ဘုရားစွမ်းရည်များကို ဆင့်ခေါ်လိုက်သည်။ သူက မြစ်အတွင်းထဲမှ တွေးပင် မတွေးကြည့်နိုင်လောက်သော ဝိညာဥ်များအား ဆင့်ခေါ်လိုက်ကာ ပိုင်ရှောင်ချန်းအား မီးတောက်ဖန်တီးရာတွင် အသုံးပြုရန် ပေးလိုက်သည်။
ဝိညာဥ်အရေအတွက်ကြောင့် ပိုင်ရှောင်ချန်းပင်လျှင် ပင့်သက်ရှိုက်သွားရ၏။ သူ အကြိမ်များစွာ မကျရှုံးသရွေ့ နှစ်ဆယ့်တစ်ရောင်ခြယ် မီးတောက်တစ်ခု ဖန်တီးရန် သေချာပေါက် လုံလောက်ပေသည်။
ထိုအချိန်တွင် နောက်ဆုံး၌ ကျိုးရီရှင်း ပေါ်လာ၏။