အခန်း (၁၈၅-၁၈၆)
Vol. 18 Ch. 185-186
အပိုင်း (၁၈၅.၁) အချပ်ပို - မကြီးပြင်းချင်ဘူး
မန်ကျုံးရာသီ လွန်မြောက်ပြီးသည်နှင့် ပြန့်ကျင်းမြို့သည် ပေါင်းအိုးကြီးတစ်လုံးပမာ ပူအိုက်လာခဲ့လေသည်။
လမ်းထိပ်မှ မိုးမခရွက်များသည် နေရောင်ကြောင့် နွမ်းနယ်ကာ တွန့်လိပ်နေကြ၏။ ပုစဉ်းရင်ကွဲသံများသည် လွှမ်းခြုံထားသည့် အပူငွေ့များကြားတွင် နစ်မြုပ်နေပြီး ကျောက်ပြားခင်းလမ်းမပေါ်တွင် ကြက်ဥတစ်လုံး ခွဲထည့်လိုက်လျှင်ပင် ကျက်သွားလောက်သည်အထိ ပူပြင်းလှသည်။
နေဝင်ရီတရောအချိန်သို့ ရောက်လာခဲ့ပြီ။ တို့ခိုသည် အိပ်ပျော်နေသော ကလေးငယ်ကို ကျောပိုးစောင်ဖြင့် ကျောတွင်ပိုးထားပြီး ရှန်ကျိထန်းပင်ဆိုင်၏ ရေတံလျှောက်အမိုးအောက်တွင် မှီထိုင်နေလေသည်။ သူမသည် ယပ်တောင်ကို အားကုန်ခတ်ရင်း နဖူးပေါ်မှ ချွေးစက်များကို ခါထုတ်လိုက်ကာ အနောက်ဘက်ကောင်းကင်မှ လိမ့်တက်လာသော မှင်ရောင်တိမ်တိုက်များကို မော့ကြည့်လိုက်သည်။ ထို့နောက် တံခါးခုံပေါ်တွင် စာမေးပွဲဖြေဆိုရာ၌ အသုံးပြုမည့် ခြင်းတောင်းကို ရက်လုပ်နေသည့် အားထောင်ကို ပြောလိုက်လေသည်။
"ကြည့်ပါဦး... ဒီညနေခင်းမိုးက လူ့အလိုကို အလိုက်အသိဆုံးပဲ၊ မြေကြီးရဲ့အပူငွေ့တွေ ကုန်သွားအောင် မိုးကြီးကြီးတစ်မိုးလောက် ရွာချလိုက်ရင် မနက်ဖြန် ချွမ်းအာ စာမေးပွဲဖြေတဲ့အခါ နေလို့ထိုင်လို့ ကောင်းသွားမှာ"
အားထောင်သည် အိမ်ထောင်ရှင်မ ဆံထုံးကို ထုံးထားသည်။ သူမက မော့ကြည့်ကာ ပြုံး၍ ပြန်ပြောလိုက်၏။
"ဒါပေါ့၊ မိုးရွာဖို့ မျှော်နေတာ ကြာပြီ၊ ဒီရက်ပိုင်း ချွမ်းအာ(ချန်ချွမ်း) အခန်းထဲမှာ စာကျက်နေတာ ဆံပင်တွေတောင် စိုရွှဲပြီး အပူရှပ်တော့မလို ဖြစ်နေပြီ"
သူမက ပြောရင်းဆိုရင်းပင် လက်ချောင်းများ လှုပ်ရှားကာ ဝါးနှီးပြားလေးများဖြင့် ဖန်ခွက်ပုံစံကွက်ဖော်ပြီး ရက်လုပ်လိုက်သည်။
တို့ခိုက ဘေးတွင် ဝင်ထိုင်လိုက်ပြီး တစ်ချက်ကြည့်ကာ ယပ်တောင်ခတ်ပေးလိုက်လေသည်။
"ခြင်းတောင်းက အပြင်မှာ ဝယ်လိုက်ရင် ရနေတာပဲဟာကို ရှင်က ကိုယ်တိုင်လုပ်နေရသေးတယ်"
"အပြင်ကလက်ရာတွေက ကြမ်းတယ်"
အားထောင်က ခေါင်းငုံ့ကာ ဝါးနှီးအစွန်းများကို ညှပ်ထုတ်လိုက်လေသည်။
"ကျွန်မလည်း အားစိုက်စရာ မလိုပါဘူး၊ ဘာပဲဖြစ်ဖြစ် အခု အိမ်မှာ ဂရုစိုက်စရာလူမှ မရှိတော့တာ၊ ချွမ်းအာ တစ်ယောက်ပဲ ကျန်တော့တယ်..."
သူမ၏ စကားသံသည် ညနေဆည်းဆာရိပ်ထဲသို့ လေးလံစွာ ကျဆင်းသွားရာ တို့ခိုလည်း ဘာမှ ဆက်မပြောတော့ပေ။
နေဝင်သွားပြီး ညနေခင်းလေပြေက အေးမြလာသည်။ နှစ်များစွာ ကြာညောင်းခဲ့ပြီးနောက် လမ်းကြားထဲတွင်လည်း လူနေအိမ်ခြေ အများအပြား ပြောင်းလဲသွားခဲ့လေပြီ။ တို့ခိုနှင့် တင်းဝူရှီတို့သည် မြို့ပြင်တွင် အိမ်တစ်လုံး ဝယ်လိုက်ကြပြီး အိမ်မှုကိစ္စနှင့် ကလေးထိန်းရန် အစေခံနှစ်ယောက် ငှားထားလေသည်။ သူမသည် နေ့စဉ် မြို့တွင်းနှင့် မြို့ပြင် ကူးချည်သန်းချည် သွားလာနေရသည်။
တင်းဝူရှီသည် ရှန်ကျိအမြန်စားသောက်ဆိုင်၏ ဆိုင်တာဝန်ခံအဖြစ် ရာထူးတိုးသွားပြီး နေ့စဉ် ခြေထောက်နှင့် မြေကြီးမထိအောင် အလုပ်များနေရသည်။ သူမကတော့ ပေသီးတွက်ပညာကို သင်ယူထားပြီး ရှန်ကျိဆိုင်တွင် စာရင်းကိုင် လုပ်နေလေသည်။
လျိုတို့ဟွားကတော့ အိမ်မက်ဖော်တစ်ယောက် ရရှိသွားပြီး လင်မယားနှစ်ယောက်သည် ယန်လျိုအရှေ့လမ်းကြားတွင် တို့ဟူးဆိုင်ဖွင့်ကာ ရှန်ကျိဆိုင်ခွဲများကို တို့ဟူးသွင်းပေးလေသည်။ ပင်ပန်းသော်လည်း စားဝတ်နေရေး ပူပန်စရာမရှိပေ။
နီးနီးနားနား နေရသဖြင့် တို့ခိုသည် ညီမဖြစ်သူထံ မကြာခဏ ပြန်လာလည်တတ်သည်။ သို့သော် နှစ်ယောက်သားကတော့ ခဏခဏ ရန်ဖြစ်နေကြဆဲပင်။
ကုမိသားစုအကြောင်း ဆိုလျှင်တော့ ပြောစရာပင် မလိုတော့ပေ။ ရှန်ကျိဆိုင်နှင့် ပူးပေါင်းပြီး အရက်ချက်လုပ်ကတည်းက ကြွေးဟောင်းများ ကျေသွားရုံသာမက ဆိုင်ခန်းကျယ်ကျယ် ဝယ်နိုင်ခဲ့ပြီး ပြောင်းရွှေ့သွားကြပြီ ဖြစ်သည်။
ကျောပေါ်မှ ကလေးငယ်က လှုပ်ရှားလာသဖြင့် တို့ခိုက အလျင်အမြန် ချကာ ရင်ခွင်ထဲထည့်ပြီး ပုတ်သိပ်လိုက်သည်။ အားထောင်က ခြင်းတောင်းရက်ရင်း စိတ်မပျော်မရွှင် ဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် သက်ပြင်းချကာ ပြောလိုက်လေသည်။
"ရေက နိမ့်ရာစီးပြီး လူက မြင့်ရာကို သွားတတ်ကြတယ်၊ မိသားစုဝင်တွေဆိုတာ ကြီးပြင်းလာရင် ခွဲခွာကြရစမြဲပါ၊ အားလုံး အဆင်ပြေနေရင် ပြီးတာပဲ မဟုတ်ဘူးလား၊ ဝမ်းနည်းစရာ မရှိပါဘူး"
အားထောင်က ခြင်းတောင်းရက်ပြီးသွားပြီ ဖြစ်သည်။ သူမက ပိုနေသော ကောက်ရိုးမျှင်များကို ညှပ်ထုတ်လိုက်ပြီး မျက်လုံးထောင့်မှ မျက်ရည်စများကို လက်ခုံဖြင့် သုတ်ကာ ခေါင်းညိတ်လိုက်သည်။
"ရှင်ပြောတာ မှန်ပါတယ်၊ ကျွန်မက လူစုံတာကို လွမ်းလို့ပါ"
တို့ခိုက လက်တစ်ဖက်ဖြင့် သူမပခုံးကို ပုတ်ပေးလိုက်ပြီး ဆွေးမြေ့စွာ မေးလိုက်လေသည်။
"ဒီနှစ်... ရှန်းအာ ပြန်မလာသေးဘူးလား"
"ပြန်မလာနိုင်ဘူးတဲ့၊ လျောင်နိုင်ငံက ဘုရင်ခံမင်းသမီး သေသွားလို့ လျောင်နိုင်ငံ မင်းသားတွေက ဈေးထဲမှာ ကြက်တိုက်တာထက်တောင် ပိုကြမ်းအောင် သတ်ဖြတ်နေကြတယ်တဲ့၊ လျောင်နိုင်ငံက တစ်နှစ်ထက်တစ်နှစ် ယိုယွင်းလာတော့ ကျင်းနိုင်ငံက အခွင့်ကောင်းယူပြီး လျောင်နိုင်ငံကို တိုက်ခိုက်နေတယ်၊ ဒီတစ်ခါ တရကြမ်း တိုက်စစ်ဆင်နေတာ သူတို့မြို့တော်အထိ ရောက်ခါနီးပြီလို့ ကြားတယ်၊ ဒီနှစ် နှစ်သစ်ကူးပြီးတာနဲ့ အမိန့်တော်တွေ ဆက်တိုက်ချပြီး ကျောင်းကျစ်ကို စစ်တိုက်သွားတဲ့ စစ်သူကြီးကော်ကိုတောင် ယန်ယွင် ၁၆ ပြည်နယ်ဘက်ကို ပြောင်းရွှေ့လိုက်ပြီတဲ့၊ အပြင်မှာ စစ်ရေး အခြေအနေတွေ အရမ်းတင်းမာနေတယ်လို့ ကြားတယ်" အားထောင်သည် ဤကဲ့သို့သော နိုင်ငံရေး အခြေအနေများကို ပြောရင်း စိတ်ပူနေလေသည်။
ရှန်းအာသည် စစ်သူကြီးရှီးနှင့်အတူ ယိုကျိုးသို့ လိုက်ပါသွားသည်မှာ နှစ်နှစ်ရှိပြီ ဖြစ်သည်။
ယခုအခါ သူမသည် စစ်သူကြီးရှီး၏ သမီးကြီး ရှီးယွင်နှင့်အတူ စစ်ချီနေလေသည်။ ထိုရှီးယွင်သည်လည်း ထူးချွန်ထက်မြက်သည့် အမျိုးသမီးတစ်ဦး ဖြစ်သည်။ စစ်သူကြီးရှီး ကွယ်လွန်သွားပြီးနောက် ရှီးယွင်သည် ၁၅ နှစ်အရွယ်ဖြင့် သံချပ်ကာဝတ်ဆင်ကာ ဖခင်အတွက် ရှေ့တန်းစစ်မျက်နှာပြင်မှ ဦးဆောင်တိုက်ခိုက်ခဲ့သည်။ မြင်းစီးသူရဲ ၈၀၀ ဖြင့် စီချွမ်းနယ်စပ် ဂိတ်သုံးခုကို ဖောက်ထွက်ပြီး ပုန်ကန်သူများကို ရှင်းလင်းခဲ့ရာ လူအများက "ရာဇဝင်လာ မိန်းမပျို" ဟု တင်စားခေါ်ဝေါ်ကြသည်။
သူမ၏ တိုက်ခိုက်ပုံသည် ဖခင်နှင့် လုံးဝ မတူပေ။ တိုက်ပွဲတိုင်းတွင် ရှေ့ဆုံးမှ ဦးဆောင်ပြီး ရက်စက်ကြမ်းကြုတ်စွာ အသက်ကို ပဓာနမထားဘဲ တိုက်ခိုက်တတ်သည်။ ထို့ကြောင့် အားထောင်သည် ရှန်းအာတစ်ယောက် ဤကဲ့သို့သော ခေါင်းဆောင်မျိုးနောက် လိုက်ပါနေရသည်ကို တွေးပြီး အလွန်စိုးရိမ်နေရခြင်း ဖြစ်သည်။
သို့သော် ပြီးခဲ့သည့် နှစ်နှစ်အတွင်း ရှန်းအာထံမှ စာများ မကြာခဏ ရောက်လာတတ်သည်။ အားထောင်သည် ရှန်မြောင် စာဖတ်ပြသည်ကို နားထောင်ရင်း ရှန်းအာအတွက် ဂုဏ်ယူလိုက်၊ စိုးရိမ်လိုက် ဖြစ်နေရ၏။
သူမက ရှေ့တန်းစစ်မျက်နှာပြင်တွင် စုန့်မင်းဆက်၏ နယ်စပ်ဒေသများကို လုယက်တိုက်ခိုက်နေသော လျောင်စစ်သည် ရာချီကို သတ်ဖြတ်နိုင်ခဲ့သဖြင့် ရှီးယွင်က သူမအား တပ်မှူးအဆင့် တိုးမြှင့်ပေးခဲ့ပြီး သံချွန်လှံတံ နှစ်ချောင်း ဆုချခဲ့သည်ဟု ဆိုသည်။
သူမက အလွန်ပျော်ရွှင်နေပြီး စာထဲတွင် ဂုဏ်ယူဝင့်ကြွားစွာ ရေးသားထားလေသည်။ 'ထိုသံချွန်လှံတံသည် ပိဿာ ၂၀ ကျော် လေးပြီး နာမည်ကြီး ပန်းပဲဆရာ ထုလုပ်ထားခြင်း ဖြစ်ကြောင်း၊ လျောင်စစ်သည်များကို ဂျုံရိတ်သကဲ့သို့ သတ်ဖြတ်နိုင်ကြောင်း' ဆို၏။
ရှန်မြောင် စာဖတ်ပြတိုင်း အားထောင်မှာ ရင်တမမ ဖြစ်ရပြီး လက်ထဲမှ လက်ကိုင်ပုဝါကို စုတ်ပြဲမတတ် လိမ်ချိုးထားမိသည်။
သို့သော် ရှန်မြောင်က ပြုံးပြီး စာကို သေချာပြန်ခေါက်ကာ သိမ်းဆည်းလိုက်သည်။ သူမ၏ အစ်မအရင်းကပင် သူမကို ပြန်နှစ်သိမ့်လေသည်။
"အားထောင်... ရှန်းအာက ဟင်္သာငှက်လေ၊ စာကလေးမှ မဟုတ်တာ၊ သူ့ကို လွှတ်ပေးလိုက်ပါ"
တို့ခိုက သူမ၏ မျက်နှာကို ကြည့်လိုက်သည်နှင့် ရှန်းအာအကြောင်း တွေးနေမှန်း သိလိုက်သဖြင့် ပျော်စရာအကြောင်း ပြောင်းပြောရန် ဆုံးဖြတ်လိုက်သည်။
"ဒါဆို ဒီနှစ် ကျိအာတော့ ပြန်လာလောက်ပြီမလား၊ သူ ဟွိုင်နန်အရှေ့ပိုင်း ထိုက်ကျိုးကို ပြောင်းရွှေ့တာ ၃ နှစ်ပြည့်ပြီလေ၊ ဒီနှစ် ပြန်လာပြီး အစီရင်ခံစာ တင်ရမယ် မဟုတ်လား"
ကျိအာ၏ စာမေးပွဲ ဖြေဆိုသည့် လမ်းခရီးသည်လည်း ကြမ်းတမ်းခဲ့သည်။ ရှို့ချိုင် စာမေးပွဲ နှစ်ကြိမ်၊ ကျွီရန်စာမေးပွဲ နှစ်ကြိမ်၊ ကျင့်ရှီစာမေးပွဲ သုံးကြိမ် ဖြေဆိုခဲ့ရသည်။ ကံကောင်းသည်မှာ အမိန့်တော်ဖြင့် နှစ်စဉ် စာမေးပွဲများ တိုးမြှင့်ကျင်းပပေးခဲ့ပြီး ရှဲ့ကျိုကောက နေ့စဉ် စာစစ်ပေးခြင်း၊ ပြင်ဆင်ပေးခြင်း၊
ပညာရှိများထံမှ စာမေးပွဲဟောင်းများကို တောင်းယူပြီး အသေးစိတ် ရှင်းပြပေးခြင်းတို့ကြောင့်သာ ကျိအာသည် အသက် ၃၀ မကျော်ခင် ကျင့်ရှီစာမေးပွဲ အောင်မြင်ခဲ့ခြင်း ဖြစ်သည်။
ကျိအာသည် ကျိုကောကဲ့သို့ ဉာဏ်ကြီးရှင် မဟုတ်သော်လည်း လုံ့လဝီရိယ ရှိသူဖြစ်သည်။
သို့သော် သူ၏ အနာဂတ်လမ်းခရီးသည် ရှဲ့ချီထက် ပိုမိုကောင်းမွန်လေသည်။ မင်းကြီးက သူ့ကို ပိုမိုနှစ်သက်သည်မှာ ထင်ရှားသည်။ သူသည် အဆင့် ၁၃၈ ဖြင့်သာ အောင်မြင်ခဲ့သော်လည်း ဆားလုပ်ငန်းဖြင့် နာမည်ကြီးပြီး ချမ်းသာကြွယ်ဝသော ထိုက်ကျိုးဒေသရှိ ဟိုင်လင်းကျန်းသို့ ပို့ဆောင်ကာ ဆားလုပ်ငန်း ၆ ခုကို ကြီးကြပ်ကွပ်ကဲစေခဲ့သည်။
ဤသည်မှာ အလွန် ဂုဏ်ယူဖွယ်ကောင်းသော ကိစ္စဖြစ်ပြီး သူ၏ ရာထူးသည် ကျိုကောထက်ပင် မြင့်မားလေသည်။
ထို့အပြင် ရှန်ကျိဆိုင်သို့ လာရောက်အားပေးသော ဆားကုန်သည်ကြီးများ မူးပြီး ကြွားလုံးထုတ်သည်ကို တို့ခို ကြားဖူးသည်။ ထိုက်ကျိုးမှ ဆားကုန်သည်များသည် နိုင်ငံတစ်ခုနှင့် ယှဉ်နိုင်လောက်အောင် ချမ်းသာကြပြီး ဟိုင်လင်းကျန်းမှ အရာရှိများကို နှစ်စဉ် ငွေလျန် သောင်းချီ ကန်တော့ကြသည်ဟု ဆိုသည်။ တို့ခိုမှာ ကြားရုံဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ စုန့်မင်းဆက် တစ်ခုလုံး၏ ဆားအခွန်ငွေသည် ကွမ်း ၂၀ သန်းသာ ရှိလေသည်။
ဤကဲ့သို့သော အခွင့်အရေးကောင်းသည့် ဌာနကို ကျိအာအား လွှဲအပ်ထားခြင်းကို ကြည့်လျှင် မင်းကြီးက သူ့ကို မနှစ်သက်ဘဲ နေပါမည်တဲ့လား။ သို့သော် တို့ခိုကတော့ မင်းကြီးသည် မျက်နှာလိုမျက်နှာရ လုပ်သည်ဟု ထင်မြင်မိသည်။ မင်းကြီးသည် ရှန်မိသားစုမှ အစ်မကြီးကို လူရှေ့သူရှေ့ မကြာခဏ ချီးမွမ်းတတ်ပြီး အစ်မကြီးက တော်နေမှတော့ မောင်နှမတွေလည်း ညံ့မည်မဟုတ်ဟု ပြောဆိုတတ်လေသည်။
သို့သော် တို့ခိုနှင့် အားထောင်တို့ မသိသည်မှာ မင်းကြီးသည် ကျိအာထံမှ လျှို့ဝှက်ပေးပို့သော ငွေစင် တစ်သိန်းကို နှစ်စဉ် လက်ခံရရှိနေခြင်း ဖြစ်သည်။ မင်းကြီးက ကျိအာကို ထိုက်ကျိုးသို့ ပို့ဆောင်ရခြင်းမှာ သူ၏ ရိုးသားကြိုးစားမှုကို သဘောကျပြီး လာဘ်စားမည့်သူ မဟုတ်ဟု ယုံကြည်သောကြောင့် ဖြစ်သည်။ ထင်သည့်အတိုင်းပင်။
ကျိအာသည် ထိုက်ကျိုးတွင် မင်းကြီးအတွက် ငွေရှာပေးသော ငွေအိတ်ကြီး ဖြစ်လာခဲ့လေသည်။
တို့ခိုက ကျိအာအကြောင်း ပြောလာသဖြင့် အားထောင်က သက်ပြင်းချလိုက်ပြန်သည်။
"ကျိအာက အိမ်ပြန်စာ ရေးပို့လိုက်ပြီ၊ ချွီကျိုးမှာ ဆားမှုခင်း ဖြစ်ပွားနေတယ်တဲ့၊ ချွီကျိုးက ဟိုင်လင်းကျန်း အရာရှိက ဆားကုန်သည်တွေနဲ့ ပူးပေါင်းပြီး ဆားဂိုဒေါင်ထဲက အစိုးရပိုင်ဆား ပိဿာ ၃ သောင်းကို ခိုးထုတ်ရောင်းစားလို့ မင်းကြီးက ကွပ်မျက်ဖို့ အမိန့်ချထားတယ်တဲ့၊ အခု ချွီကျိုးမှာ အရာရှိသစ် မရောက်လာသေးလို့ ကျိအာကို ယာယီတာဝန်ယူခိုင်းထားတယ်၊ ပခုံးပေါ် ရောက်လာတဲ့ ဒီပြဿနာ အရှုပ်အထွေးကြောင့် သူလည်း ခေါင်းတွေပြောင်တော့မယ်၊ ပြန်မလာနိုင်တော့ဘူးတဲ့"
တို့ခို... သူမကတော့ မပြောသင့်တာကိုမှ ရွေးပြောမိပြန်ပြီ။
နှစ်ယောက်သား စကားကောင်းနေစဉ် နေဝင်သွားသည့်အချိန်၌ ရှန်မြောင်သည် အပြင်မှ အနီရောင် လားလှည်းကို မောင်းကာ ပြန်ရောက်လာလေသည်။ လားလည်ပင်းမှ ကြေးခေါင်းလောင်းသံသည် လမ်းကြားထိပ်မှ ပျံ့လွင့်လာရာ သစ်ပင်အောက်တွင် အိပ်ငိုက်နေသော မုတ်ဆိတ်မွေး ဖြူဖြူနှင့် ခွေးအိုကြီးကို လန့်နိုးသွားစေသည်။ ကျွေးဖုန်း အိုမင်းနေပြီဖြစ်ရာ ခြံဝင်းထဲမှ အနားယူကာ အိမ်ပြန်ရောက်လာပြီ ဖြစ်သည်။
ကျွေးဖုန်းသည် ကိုယ်ပိုင်လှည်းဘီးသံကို မှတ်မိပြီး ရှန်မြောင်၏ အနံ့ကို ရလိုက်သဖြင့် ယိုင်နဲ့နဲ့ အပြေးထွက်လာကာ တဖြည်းဖြည်း နီးကပ်လာသော လားလှည်းကို အမြီးတနှံ့နှံ့ဖြင့် ကြိုဆိုလေသည်။
"ကျွေးဖုန်း... နင့်နားက ပါးသားပဲ"
ရှန်မြောင်က ပြုံးပြီး လှည်းပေါ်မှ ခုန်ဆင်းလိုက်သည်။ ခါးကိုငုံ့ကာ ခွေးကြီး၏ ခေါင်းကို ပွတ်သပ်ပေးလိုက်၏။
"ညကျရင် သိုးသားအစာသွပ် ဖက်ထုပ်လုပ်မယ်၊ နင့်အတွက် သီးသန့် ဆားမပါတာ လုပ်ပေးမယ်နော်"
ကျွေးဖုန်းက ဟောင်လိုက်ပြီး လျှာထုတ်ကာ ရှန်မြောင်၏ ခြေထောက်နားတွင် ကပ်လိုက်လာလေသည်။
"ရှန်ညန်ဇီ ပြန်လာပြီလား၊ ဒီနေ့ ဖက်ထုပ်လုပ်မလို့လား၊ ထန်အာက ရှန်ညန်ဇီ ဝက်လက်ဟင်းရည် လုပ်မယ်ထင်ပြီး သူ့သားကို ဈေးထဲလွှတ်ပြီး ဝက်လက် ဝယ်ခိုင်းလိုက်ပြီ"
အားထောင်လည်း အလျင်အမြန် ထကာ ကူညီပေးလိုက်သည်။ သူမက ပြုံးပြီး လားကို လှည်းပေါ်မှ ဖြုတ်ပေးကာ ချစ်စနိုးဖြင့် လား၏ခေါင်းကို ပွတ်ပေးလိုက်လေသည်။ ဤလားသည် ရှစ်ယီးလန်နှင့် ကူသာ့လန်တို့၏ မြင်းမှ မွေးဖွားလာခြင်း ဖြစ်သည်။ ကူသာ့လန် ပြောခဲ့သည့်အတိုင်း ရှစ်ယီးလန်သည် အကောင်းဆုံး မြင်းထီးဖြစ်ပြီး မွေးလာသည့် လားများမှာလည်း သန်မာထွားကျိုင်းသော အနီရောင် လားများ ဖြစ်ကြသည်။
ရှန်မြောင်က ပြုံးပြီး ပြောလိုက်သည်။
"ဖက်ထုပ်လည်း လုပ်မှာပါ၊ ကျားယို့က ကြိုက်တယ်လေ၊ ဒါပေမဲ့ ဝက်လက်ဟင်းလည်း မပါမဖြစ်ဘူး"
ရှန်မိသားစုမှ ကလေးများ စာမေးပွဲဖြေဆိုတိုင်း သူမ ဝက်လက်ဟင်း ချက်ကျွေးလေ့ရှိပြီး မိသားစု အစဉ်အလာ တစ်ခုလို ဖြစ်နေလေပြီ။
အားထောင်က ကျားယို့ နာမည်ကြားသည်နှင့် ပျော်ရွှင်သွားတော့သည်။ တို့ခိုကို ဆွဲကာ အထဲသို့ ဝင်လာပြီး ချက်ပြုတ်ကူညီရန် ပြင်ဆင်ရင်း မေးလိုက်လေသည်။
"ကျားယို့က ရှန်ညန်ဇီနဲ့ မပါလာဘူးလား"
"ဒီနေ့ ကျွန်မ အရမ်းအလုပ်များနေလို့ ကျားယို့နဲ့ ရှူးဟော်ကို ကျိုကောက တော်ဝင်ကျောင်းတော်ကို ခေါ်သွားတယ်" ရှန်မြောင်က လေသံအေးအေးလေးဖြင့် ပြောရင်း မီးဖိုချောင်ထဲ ဝင်သွားလေသည်။ "သူတို့နှစ်ယောက်က ငယ်ငယ်ကတည်းက ကျိုကောနဲ့ပဲ ကပ်နေတာ၊ ကျွန်မနဲ့ မကပ်ဘူး"
အားထောင်က ရှန်မြောင်အတွက် လက်သိုင်းကြိုး ယူလာပေးပြီး လက်အင်္ကျီ ခေါက်တင်ပေးရင်း ရယ်မောလိုက်လေသည်။
"ဒါကလည်း မတတ်နိုင်ဘူးလေ၊ ဒီလောကကြီးမှာ ကျိုကောလောက် ဂရုစိုက်တတ်တဲ့ အဖေမျိုး ဘယ်မှာ ရှိမှာလဲ၊ ကျားယို့ မောင်နှမနှစ်ယောက် ရှန်ညန်ဇီ ဗိုက်ထဲက ထွက်လာကတည်းက ကျိုကောက ကိုယ်တိုင် ပြုစုပျိုးထောင်လာတာပဲဟာ"
ရှဲ့ချီနှင့် ရှန်မြောင်တွင် သားတစ်ယောက် သမီးတစ်ယောက်သာ ရှိသည်။ သားအမည်မှာ ရှဲ့ကျားယို့ ဖြစ်ပြီး သမီးအမည်မှာ ရှဲ့ရှူးဟော် ဖြစ်သည်။ ယခု ကျားယို့က ၅ နှစ်ရှိပြီဖြစ်ပြီး ရှူးဟော်က ၃ နှစ် ပြည့်ခါစ ရှိသေးသည်။ သားသမီး နှစ်ယောက်လုံး၏ နာမည်ကို ရှန်မြောင်က စာအုပ်လှန်ပြီး ပေးထားခြင်း ဖြစ်သည်။ ကလေးနှစ်ယောက်လုံး ကျန်းမာချမ်းသာပြီး တစ်သက်လုံး အဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ မင်္ဂလာရှိသော စာလုံးများကို ရွေးချယ်ပေးထားသည်။
ကျန်တာတွေကိုတော့ ရှဲ့ချီက စိတ်ပူတတ်သည်။
တော်ဝင်ကျောင်းတော်သည် ဝင်ငွေနည်းသော အစိုးရဌာနဖြစ်ပြီး အလုပ်ပါးလေသည်။ ရှန်မြောင်ကတော့ လော့ရန်၊ တာ့မင်၊ ယင့်ထျန်၊ ရွှီကျိုး စသည့် နေရာများတွင် စားသောက်ဆိုင်များ ဖွင့်လှစ်ထားသဖြင့် တစ်နှစ်လျှင် ခရီးဝေး အကြိမ်ကြိမ် ထွက်ရတတ်သည်။ ဆိုင်မှ ရှေ့နေများနှင့် စာရင်းကိုင်များကို ခေါ်ဆောင်ပြီး မြို့နယ်အသီးသီးသို့ လှည့်လည် စစ်ဆေးရသည်။
ထို့ကြောင့် ကလေးနှစ်ယောက် နို့ပြတ်ပြီးနောက် ဖခင်၏ ရင်ခွင်ထဲတွင်သာ ကြီးပြင်းလာခဲ့ရသည်။
ရှန်မြောင်က အိမ်တွင် အစေခံများစွာ ထားရှိရန် မနှစ်သက်သဖြင့် သူမနှင့် ရှဲ့ချီ၏ ပြန့်ကျင်းနေအိမ်တွင် ယန့်ရှူး၊ ချိုးဟောင်နှင့် ကျိုးတာ့ မိသားစုသာ ရှိလေသည်။ ရှဲ့ချီကလည်း သူနှင့် ရှန်မြောင်၏ ကလေးများကို အလွန်ချစ်ခင်သဖြင့် လက်ခြောက်ဖက် ခေါင်းသုံးလုံး ပေါက်လာချင်စိတ် ပေါက်နေသည်။ စားဝတ်နေရေး၊ အီးပါ၊ ရှူးပေါက် ကိစ္စအဝဝကို သူတစ်ပါးလက်သို့ မအပ်ဘဲ ကိုယ်တိုင် လုပ်ဆောင်လေသည်။
တို့ခိုနှင့် အားထောင်တို့သည် ကျိုကောတစ်ယောက် အစိမ်းရောင် အရာရှိဝတ်စုံကို သပ်ရပ်စွာ ဝတ်ဆင်ပြီး အရာရှိဦးထုပ် ဆောင်းထားလျက်နှင့် လက်တစ်ဖက်လျှင် ကလေးတစ်ယောက်ပိုက်ကာ တော်ဝင်ကျောင်းတော်သို့ အလုပ်သွားတတ်သည်ကို မြင်ဖူးကြသည်။ ကလေးပိုက်ရန် လက်မအားသဖြင့် ဝါးစာရင်းကို ခါးကြားမှ ခါးပတ်တွင် ထိုးထားရရာ ရှူးဟော်က ဆွဲထုတ်ပြီး ဓားလုပ်တမ်း ကစားတတ်သေးသည်။
ယန့်ရှူးက သားအဖ သုံးယောက်နောက်မှ လိုက်ပါလာပြီး ကျောတွင် ကြီးမားသော လွယ်အိတ်ကြီး တစ်လုံးကို လွယ်ထားတတ်သည်။ ထိုအိတ်ထဲတွင် ကလေးနှစ်ယောက်အတွက် အနှီး၊ ပလုတ်တုတ်၊ ပုခက်၊ အဝတ်အစား၊ လက်ကိုင်ပုဝါ၊ သရေစာမုန့် စသည်ဖြင့် အစုံအလင် ပါရှိလေသည်။
တို့ခိုက ခေါင်းအုံးနှင့်ထိသည်နှင့် အိပ်ပျော်ပြီး ကလေးငိုသံထက် ကျယ်အောင် ဟောက်တတ်သော တင်းဝူရှီကို တွေးမိပြီး ပြုံးကာ ခေါင်းခါလိုက်မိသည်။
"ဟုတ်တယ် ဟုတ်တယ်၊ ကျိုကောလို ဖခင်ကောင်းမျိုး မီးထွန်းရှာရင်တောင် ဒုတိယတစ်ယောက် ရှာတွေ့မှာ မဟုတ်ဘူး"
"ရှင်တို့က သူ့ကို အမြဲ မြှောက်ပြောနေတာ၊ တော်ကြာ သူကြားသွားရင် ကျွန်မဆီလာပြီး မျက်နှာလုပ်နေဦးမယ်" ရှန်မြောင်က ပြုံးရုံသာ ပြုံးနေပြီး နောက်လှည့်ကာ မီးဖိုချောင် ပြတင်းပေါက်ကို ဖွင့်လိုက်သည်။ "ယိုယွီ... မီးမွှေးတော့"
ခဏအကြာတွင် ယိုယွီသည် ပြတင်းပေါက်အောက်မှ ခေါင်းပြူထွက်လာသည်။ ရင်ခွင်ထဲတွင် ချီလင် မွေးထားသော အမွေးပွ ကြောင်ကြားလေးကို ပိုက်ထားလျက် ရှန်မြောင်ကို ကြည့်ကာ သွားဖြီးပြီး ရယ်ပြလေသည်။ နှစ်များစွာ ကြာသွားသော်လည်း ယိုယွီကတော့ မပြောင်းလဲပေ။
မျက်ဝန်းများသည် ကလေးတစ်ယောက်ကဲ့သို့ ကြည်လင်နေဆဲပင်။
တို့ခိုသည် သူမ၏ ကလေးကို ပြန်လည် ကုန်းပိုးလိုက်ပြီး ယိုယွီကို ဆွဲထုတ်လာသည်။ ဘယ်နေရာတွင် ပေကျံလာမှန်း မသိသော မျက်နှာကို လက်ကိုင်ပုဝါဖြင့် သုတ်ပေးလိုက်၏။
"နင့်မျက်နှာက တာ့ဟူ ထက်တောင် ပိုညစ်ပတ်နေသေးတယ်"
တာ့ဟူသည် ချီလင်၏ တစ်ဦးတည်းသော သားဖြစ်သည်။ အခြားကြောင်များက အကောင်များစွာ မွေးတတ်သော်လည်း ချီလင်ကတော့ အပြင်မှ ကြောင်ကြီးနှင့် ငြိစွန်းပြီးနောက် ကြောင်တစ်ကောင်တည်းသာ မွေးလေသည်။ သို့သော် ကြောင်တစ်ကောင်တည်း မွေးခြင်းက ကောင်းပါသည်။ ချီလင် နို့တိုက်ရတာ မပင်ပန်းသလို တာ့ဟူလည်း ဝဝကစ်ကစ်နှင့် အလွန်ချစ်စရာ ကောင်းလာသည်။ ဝမ်းနည်းစရာ ကောင်းသည်မှာ တာ့ဟူက အဖေတူသဖြင့် အရိုးကြီးပြီး ကျားကြီးတစ်ကောင်လို ထွားကြိုင်းနေကာ ချီလင်လောက် မလှပေ။
တို့ခိုက ယိုယွီ မျက်နှာကို သန့်ရှင်းပေးပြီး လက်ကို ဆက်သုတ်ပေးလေသည်။ "နင့်လက်ကို ကြည့်ပါဦး၊ ညစ်ပတ်နေတာ ဂျီးတွေတောင် ထွက်နေပြီ၊ ဘယ်တွေ သွားဆော့လာတာလဲ"
ယိုယွီက 'အာ... အာ...' လုပ်ရင်း ခြံဝင်းအပြင်ဘက်ကို လက်ညှိုးထိုးပြသည်။
တို့ခို သဘောပေါက်သွားလေသည်။ "အားပေါင်အိမ် သွားတာလား"
ယိုယွီက လိမ်မ္မာစွာ ခေါင်းညိတ်ပြသည်။
"အားပေါင်က နင့်ကို ခေါ်ပြီး ဆော့ပြန်ပြီလား၊ ခွေးတိုးပေါက်ထဲ ဝင်ကြတာလား"
ယိုယွီက ခေါင်းထပ်ညိတ်ပြပြန်သည်။
တို့ခိုက ရယ်ချင်သွားပြီး သူမကို ပွတ်သပ်ပေးလိုက်သည်။ "သွား... အလုပ်သွားလုပ်တော့"
…
အပိုင်း (၁၈၅.၂)
အမှန်တကယ်တော့ ယခုအချိန်တွင် ရှန်ကျိဆိုင်၌ အလုပ်သမားများ လုံလောက်နေပြီ ဖြစ်သည်။ အဒေါ်နျန်၏ လစာငွေသည် တစ်မိသားစုလုံးကို ရှာကျွေးနိုင်နေပြီ ဖြစ်ရာ ယိုယွီကို အလုပ်ခိုင်းစရာ မလိုတော့ပေ။ သို့သော် ရှန်မိသားစုတွင် မီးမွှေး ရေခပ်ရသည့် နေ့ရက်များသည် သူမ၏ ခန္ဓာကိုယ်ထဲတွင် စွဲမြဲနေပြီ ဖြစ်သည်။ သူမကို ဘာမှ မခိုင်းဘဲ သွားဆော့ခိုင်းလျှင် စိတ်မပျော်မရွှင် ဖြစ်တတ်သည်။
အထူးသဖြင့် ရှန်မိသားစု ခြံဝင်းထဲရှိ ရေအိုးများကို သူများ ဖြည့်ပေးထားသည်ကို မြင်လျှင် သူမက ပိုပြီး စိတ်ဆိုးတတ်သည်။ ခြေဆောင့်ပြီး မော့ကြည့်ကာ ငိုတတ်သဖြင့် ရှန်မြောင်က သူမကိုသာ ပေးလုပ်ရတော့သည်။
"မကြီး... ကျွန်တော် ပြန်ရောက်ပြီ" ချန်ချွမ်းသည် ခြံဝင်းအပြင်ဘက်မှ ခြေလှမ်းကျဲကြီးများဖြင့် ဝင်လာပြီး အခုလေးတင် ဖောက်ထားသော စာကို မြှောက်ပြလေသည်။ သူက စိတ်လှုပ်ရှားစွာ ပြောလိုက်၏။ "ဆရာက လော့ရန် တရားစီရင်ရေးဌာနကို ရာထူးတိုးသွားပြီတဲ့" ရှန်းအာ နောက်ကောက်ကောက် ပါအောင် လိုက်တတ်သော ထိုကလေးစုတ်လေးသည် ယခုအခါ ဝါးပင်ပေါက်လေးကဲ့သို့ လူပျိုပေါက်လေး ဖြစ်လာခဲ့ပြီ။ ယခုအခါ မျက်လုံးနှင့် မျက်ခုံးများကြားတွင် အရောင်အဝါများ တောက်ပြောင်နေလေသည်။ "စာထဲမှာ ရေးထားတယ်... ကျွန်တော်သာ ဒီနှစ် စာမေးပွဲအောင်ရင် တရားရုံးချုပ် (တာလီစစ်) ကို အဆိုပြုပေးမယ်တဲ့"
သူပြောသော ဆရာ ဆိုသည်မှာ ရှေ့နေတုန့်ပင်။ သူသည် ယခုအခါ ရှင်းကော်ဘုရားကျောင်းတွင် အသက်မွေးဝမ်းကျောင်း မပြုတော့ဘဲ မြို့တော်ဝန်ဝမ်၏ ထောက်ခံချက်ဖြင့် တရားစီရင်ရေးဌာနတွင် အရာရှိ ဖြစ်နေပြီ ဖြစ်သည်။ တရားစီရင်ရေးဌာနသည် တရားရုံးချုပ်မှ စီရင်ပြီးသော အမှုများကို ပြန်လည်စစ်ဆေးရသည့် ဌာနဖြစ်ပြီး စစ်ဆေးရေးမှူး ရာထူးသည် အမှုအခင်း စစ်ဆေးသည့် ရလဒ်များကို ပြန်လည်သုံးသပ်ရသော အဆင့် ၇ ရာထူး ဖြစ်သည်။
"နင့်ဆရာက နင့်အကြောင်း ကောင်းကောင်း သိသားပဲ၊ နင်က မှတ်ဉာဏ်ကောင်းပြီး ဥပဒေပုဒ်မတွေကို အလွတ်ရနေတာကိုး" တရားရုံးချုပ် အရာရှိသည် အမှုအခင်း စစ်ဆေးခြင်း၊ အမှုအခြေအနေ ခွဲခြမ်းစိတ်ဖြာခြင်း၊ ပြစ်မှု သတ်မှတ်ခြင်းများကို လုပ်ဆောင်ရပြီး ဥပဒေပုဒ်မ အားလုံးကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချနိုင်ရမည် ဖြစ်ရာ ချန်ချွမ်းနှင့် အလွန်ကိုက်ညီလေသည်။
ရှန်မြောင်က ဂျုံနယ်ရင်း ပြုံးလိုက်လေသည်။
"နင် တကယ် အောင်သွားရင် နင့်ဆရာကို ကောင်းကောင်း ကျေးဇူးတင်ရမယ်၊ ဟုတ်သားပဲ... မနေ့က ကျောက်ထူ လာပို့တဲ့ ကြက်မည်းကို ထန်အာကို သတ်ခိုင်းလိုက်ပြီ၊ မီးဖိုပေါ်မှာ ပေါင်းထားတယ်၊ ခဏနေရင် ဟင်းရည်တစ်ခွက် သောက်ပြီး အားဖြည့်လိုက်ဦး၊ မနက်ဖြန်ကျရင် ဉာဏ်တွေ ပွင့်သွားမှာ"
ချန်ချွမ်းက ဇလုံထဲမှ မက်မွန်သီးတစ်လုံး ယူစားလိုက်ပြီး ရှန်မြောင်ဘေးသို့ ကပ်ကာ မကျွမ်းကျင်သော ပုံစံဖြင့် ချွဲလိုက်လေသည်။
"ကျေးဇူးပါ မကြီး၊ မနက်ဖြန် ကျွန်တော် သေချာဖြေပါ့မယ်၊ ဒါပေမဲ့ စာမေးပွဲအောင်ရင်တောင် နေ့တိုင်း ပြန်လာပြီး မကြီးလက်ရာ လာစားမှာနော်၊ အဲဒီကျရင် မကြီး ကျွန်တော့်ကို မငြိုငြင်ရဘူး"
ကျိအာနှင့် ရှန်းအာတို့ ဒီနှစ် ပြန်မလာနိုင်သည့် အကြောင်းကို ချန်ချွမ်း သိထားသဖြင့် နည်းလမ်းပေါင်းစုံ သုံးကာ သူမကို နှစ်သိမ့်ပေးနေမှန်း ရှန်မြောင် သိလိုက်သည်။ သူမက လှည့်ကြည့်ကာ သူ့ကို ဆိတ်လိုက်လေသည်။
"နင့်မှာ ပြေးလာတာလား၊ ကျောပြင်တစ်ခုလုံး ချွေးတွေ စိုနေပြီ၊ သွား... အဝတ်အစား သွားလဲချေ"
ချန်ချွမ်းက ပြုံးပြီး ထွက်ပြေးသွားတော့သည်။
ရှန်မြောင်က သူ့ကျောပြင်ကို ကြည့်ရင်း စိတ်မကောင်း ဖြစ်မိသည်။
ချန်ချွမ်း ၁၆ နှစ်သားအရွယ်လောက်တွင် ရှေ့နေတုန့်သည် လူကုန်ကူးသူ အချို့ကို ရုံးတော်က ဖမ်းဆီးထားကြောင်း ကြားသိရသဖြင့် ချန်ချွမ်းကို ခေါ်ကာ အမြန်သွားရောက် ကြည့်ရှုစေခဲ့သည်။ ထိုကလေးသည် သူ့ကို ဖမ်းခေါ်သွားသော လူကုန်ကူးသမား၏ ရုပ်ရည်ကို မမေ့မလျော့ မှတ်သားထားပြီး ကြီးပြင်းလာသောအခါ ပါးစပ်ဖြင့် ပြောပြကာ ရုံးတော်မှ ပန်းချီဆရာကို ပုံတူရေးဆွဲခိုင်းထားခဲ့ဖူးသည်။
သူသည် လူကုန်ကူးသမား၏ ပုံတူကို ကုတင်ခေါင်းရင်းတွင် ကပ်ထားပြီး နေ့တိုင်း ကြည့်လေ့ရှိသည်။
တကယ်ပင် ဘုရားသခင်က မျက်နှာသာ ပေးခဲ့သည်။ ရုံးတော်က ဖမ်းဆီးထားသော လူကုန်ကူးသမားများထဲတွင် ချန်ချွမ်းကို ဖမ်းခေါ်သွားသော လူယုတ်မာ ပါဝင်နေလေသည်။ သူသည် အိုမင်းနေပြီ ဖြစ်သော်လည်း ချန်ချွမ်းက တစ်ချက်တည်းနှင့် မှတ်မိလိုက်သည်။
ချန်ချွမ်းက မေးမြန်းသောအခါ သူသည် အစပိုင်းတွင် ချန်ချွမ်း ထွက်ပြေးသွားသည့် ကိစ္စကို မှတ်မိနေသော်လည်း နာကြည်းစိတ်ဖြင့် ချန်ချွမ်း၏ မိဘအကြောင်းကို ထုတ်မပြောခဲ့ပေ။ နှိပ်စက်ညှဉ်းပန်း ခံရပြီးမှသာ ထုတ်ဖော် ပြောဆိုခဲ့သည်။
တကယ်တော့ ချန်ချွမ်းသည် ကျန်းဟွိုင်ဒေသမှ ဖြစ်လေသည်။ သူ့အိမ်သည် ဟွိုင်နန်ပြည်နယ် ကျန်းကျိုးမြို့တွင် ရှိပြီး ရေလမ်းခရီး ထွန်းကားသော မြို့ဖြစ်သည်။ ရှန်မြောင်သည် အချိန်ဖဲ့ကာ ရှဲ့ချီနှင့်အတူ သူ့ကို ခေါ်ပြီး ကျန်းကျိုးသို့ သွားရောက်ခဲ့သည်။
နေရာအနှံ့ စုံစမ်းမေးမြန်းပြီး အခက်အခဲပေါင်းစုံ ကျော်ဖြတ်ကာ နောက်ဆုံးတွင် သူ့အိမ်ကို ရှာတွေ့ခဲ့သည်။
မြစ်ကမ်းနံဘေးရှိ အထည်ဆိုင်လေးသည် စုတ်ပြတ်နေပြီး လူမနေသည်မှာ ကြာမြင့်နေလေပြီ။ ထိုနေရာတွင် အချိန်အကြာကြီး နေထိုင်ခဲ့သော အိမ်နီးချင်းများကို မေးမြန်းမှသာ သိရသည်မှာ ချန်ချွမ်း၏ မိဘများသည် သူ ပျောက်ဆုံးသွားပြီးကတည်းက နေရာအနှံ့ လိုက်လံရှာဖွေခဲ့ကြသည်ဟု ဆိုသည်။ စီးပွားရေးလည်း မလုပ်နိုင်၊ စုဆောင်းငွေများလည်း ကုန်ခန်းကာ ခရီးထွက်လွန်းသဖြင့် ကျန်းမာရေးများ ယိုယွင်းလာခဲ့သည်။
မကြာမီနှစ်များအတွင်း ချန်ချွမ်း၏ မိဘများသည် တစ်ယောက်ပြီး တစ်ယောက် ကွယ်လွန်သွားကြသည်။
ချန်ချွမ်း၏ အစ်မရင်းကို ဦးလေးက ခေါ်ယူစောင့်ရှောက်ထားပြီး ယခုအခါ အိမ်ထောင်ကျနေပြီ ဖြစ်သည်။ အိမ်နီးချင်းများက ချန်ချွမ်း၏ အစ်မ ဘယ်အရပ်သို့ ရောက်ရှိနေမှန်း သေချာမသိကြပေ။ ပြန်မလာသည်မှာ နှစ်ပေါင်းကြာပြီဟု ဆိုသည်။
နောက်ဆုံးတွင် နေရာအနှံ့ စုံစမ်းမေးမြန်းပြီး မိုင်ရာချီဝေးသော စစ်ကျိုးမြို့သို့ သွားရောက်ကာ ချန်ချွမ်း၏ ဦးလေးအိမ်ကို ရှာဖွေခဲ့သည်။ ချန်ချွမ်း၏ အစ်မကို တွေ့ရှိခဲ့ရသည်။ ကံကောင်းသည်မှာ ချန်ချွမ်း၏ အစ်မသည် နေထိုင်ကောင်းမွန်လျက် ရှိသည်။ ဦးလေးနှင့် ဒေါ်လေးတို့က သူမကို သမီးရင်းပမာ ဆက်ဆံပြီး ခင်ပွန်းကောင်းတစ်ယောက် ရှာဖွေပေးကာ လက်ဖွဲ့ပစ္စည်း များစွာဖြင့် ထည့်ပေးခဲ့သည်။
ချန်ချွမ်းကို တွေ့လိုက်ရသောအခါ ချန်ချွမ်း၏ အစ်မသည် အသံမထွက်နိုင်အောင် ငိုကြွေးလေသည်။ သွေးစက်များ ယိုစီးကျလာသကဲ့သို့ ပြောရှာလေသည်။
"အဖေနဲ့ အမေ မသေခင် မျက်လုံးတောင် မမှိတ်နိုင်ခဲ့ဘူး၊ နင့်နာမည်ကို တဖွဖွ ခေါ်နေခဲ့တာ၊ သူတို့ သေတဲ့အထိ နင့်သတင်းကို မကြားခဲ့ရလို့ နာကြည်းချက်တွေနဲ့ သေဆုံးသွားခဲ့ရတယ်..." သူမက ချန်ချွမ်း၏ ပခုံးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး ဝမ်းနည်းပက်လက် ကြည့်နေလေသည်။ "ဒီလောက်နှစ်တွေ အကြာကြီး နင် ဘယ်တွေ ရောက်နေတာလဲ... နင် ဘယ်တွေ ရောက်နေတာလဲဟယ်..."
ချန်ချွမ်းသည် ဒူးထောက်ချလိုက်ပြီး အသံမထွက်နိုင်အောင် ငိုကြွေးလေတော့သည်။
လမ်းတစ်လျှောက်လုံးတွင် သူသည် မိဘများနှင့် ပြန်ဆုံတွေ့ရမည်ဟူသော မျှော်လင့်ချက်ဖြင့် လာခဲ့ခြင်း ဖြစ်သည်။ မိဘများက သူ့ကို မှတ်မိပါဦးမလား၊ သူ့ကို မေ့သွားကြပြီလားဟုပင် စိုးရိမ်ခဲ့ဖူးသည်။ သို့သော် မိဘများ စောစီးစွာ ကွယ်လွန်သွားလိမ့်မည်ဟု ထင်မထားခဲ့ပေ။ သူ့ကို ရှာဖွေရင်း ငွေကုန်လူပန်းဖြစ်ကာ နာကြည်းချက်များဖြင့် ကွယ်လွန်သွားခဲ့ကြသည်။
ရှန်မြောင်သည် ဤနှစ်များအတွင်း လူပုလေးပွဲစားကို လူဈေးတန်းတွင် ချန်ချွမ်းကို လာရှာသူ ရှိမရှိ မေးမြန်းခိုင်းခဲ့သည်။ ချန်ချွမ်း၏ ပုံတူများကို ရေးဆွဲပြီး သူမှတ်မိသော အိမ်လိပ်စာ အချက်အလက်များကို ပူးတွဲကာ လူပုလေးပွဲစားကို တာ့မင်၊ လော့ရန်၊ ကျင်းလင် စသည့် မြို့များသို့ ယူဆောင်သွားခိုင်းခဲ့သည်။ တစ်ယောက်ယောက် တွေ့ရှိသွားလိမ့်မည်ဟု မျှော်လင့်ခဲ့သော်လည်း သတင်းအစအနပင် မရခဲ့ပေ။
နောက်ပိုင်းတွင် ရှန်မြောင်သည် သူမ၏ ဆိုင်၌ပင် ချန်ချွမ်း၏ လူပျောက်ကြော်ငြာကို ချိတ်ဆွဲထားခဲ့သည်။ ချန်ချွမ်း၏ လူပျောက်ကြော်ငြာ ပုံတူကို မြင်းလှည်းပေါ်တွင် ကပ်ပေးမည့်သူ ဆိုလျှင် ဆိုင်တွင် စားသောက်ခ ၈၀ ရာခိုင်နှုန်း လျှော့ပေးမည်ဟု ကြော်ငြာခဲ့သည်။ ပြန့်ကျင်းသို့ လာရောက်သော ကုန်သည်များမှတစ်ဆင့် ချန်ချွမ်း၏ သတင်းကို ဖြန့်ဝေနိုင်ရန် ရည်ရွယ်ခဲ့သော်လည်း လိမ်လည်သူများနှင့်သာ ကြုံတွေ့ရသဖြင့် ရှန်မြောင် အကြိမ်ကြိမ် အလိမ်ခံရပြီးနောက် ချန်ချွမ်းက မျက်နှာတည်ဖြင့် ပုံတူကို ကိုယ်တိုင် ဆွဲခွာပစ်လိုက်သည်။
ကြိုးစားမှုများစွာ ပြုလုပ်ခဲ့သော်လည်း နောက်ဆုံးတွင် ချန်မိဘများ၏ သင်္ချိုင်းကုန်းကိုသာ ရှာတွေ့ခဲ့သည်။
မိဘအရင်းများကို ကန်တော့ပြီးနောက် ချန်ချွမ်း၏ အစ်မအိမ်တွင် ရက်အနည်းငယ် နေထိုင်ခဲ့သည်။ အစ်မဖြစ်သူ အဆင်ပြေနေသည်ကို တွေ့မြင်ပြီးမှ နှုတ်ဆက်ကာ ရှန်မြောင်နှင့်အတူ ပြန့်ကျင်းသို့ ပြန်လိုက်လာခဲ့သည်။
ချန်ချွမ်း၏ အစ်မသည် ဆိပ်ကမ်းအထိ လိုက်ပို့ပြီး ချန်ချွမ်း၏ လက်ကို ဆုပ်ကိုင်ကာ မျက်ရည်များ ဖြိုင်ဖြိုင်ကျလျက် ပြောလိုက်လေသည်။
"မောင်လေး... အဖေနဲ့ အမေ ပြောဖူးတယ်၊ တကယ်လို့ နင့်ကို ရှာမတွေ့ရင် နင့်ကို မွေးစားတဲ့သူက ချစ်ခင်ကြင်နာပြီး နင့်ကို ဒုက္ခမပေးဖို့ မျှော်လင့်တယ်တဲ့၊ ကံကောင်းတာက အဖေနဲ့အမေရဲ့ ဆုတောင်း ပြည့်သွားပါတယ်... နင့်ကို တွေ့ရတော့ အဖေနဲ့အမေလည်း သေပျော်မှာပါ"
ချန်ချွမ်းက မျက်လုံးများ နီရဲလျက် သူမကို ကြည့်လိုက်သည်။
"အစ်မ ဂရုစိုက်ပါ၊ ကျွန်တော် လာလည်ပါဦးမယ်"
ပြန့်ကျင်းသို့ ပြန်ရောက်ပြီးနောက် ချန်ချွမ်းသည် ရူးမတတ် ကြိုးစားကာ မင်ဖာစာမေးပွဲကို ဖြေဆိုရန် ပြင်ဆင်ခဲ့သည်။ တရားရုံးချုပ်သို့ ဝင်ရောက်ပြီး လောကကြီးထဲက လူကုန်ကူးသမား အားလုံးကို ရှင်းလင်းကာ သေဒဏ်ပေးမည်ဟု သန္နိဋ္ဌာန် ချထားလေသည်။
စုန့်မင်းဆက်၏ မင်ဖာစာမေးပွဲသည် အခြားစာမေးပွဲများကဲ့သို့ပင် အဆင့်ဆင့် ဖြေဆိုရသော်လည်း မေးခွန်းပုံစံမှာ ကွဲပြားသည်။ ဥပဒေ၊ ရာဇသတ်ကြီး၊ အမှုအခင်း စီရင်ခြင်းများ ပါဝင်ပြီး မနက်ဖြန်သည် သူ၏ နောက်ဆုံး စာမေးပွဲ ဖြစ်သည်။ အောင်မြင်ပါက သူသည် မင်ဖာဘွဲ့ရ ကျင့်ရှီ ဖြစ်လာမည်ဖြစ်ပြီး တရားရုံးချုပ်၏ "အရာရှိစာမေးပွဲ" ကို ထပ်မံဖြေဆိုကာ တရားသူကြီးတစ်ဦး ဖြစ်လာပေလိမ့်မည်။
ဤကလေးသည် တစ်သက်လုံး ကံဆိုးမှုများနှင့် ကြုံတွေ့ခဲ့ရပြီး မိသားစုနှင့် ခွဲခွာရခြင်း၊ သေကွဲကွဲရခြင်းများ ရှိသော်လည်း အလင်းရောင်ဘက်သို့ ဦးတည်နေဆဲ ဖြစ်သဖြင့် ရှန်မြောင်က သူ့ကို ပိုပြီး သနားမိသည်။
ရှန်မြောင်က ဖက်ထုပ်ရွက် လှိမ့်ရင်း စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။
အားထောင်နှင့် တို့ခိုတို့က အစာသွပ်ရန် ပြင်ဆင်ပေးပြီး အသားသက်သက် ၃ ပန်းကန်ကို သီးသန့် ခွဲထားလိုက်သည်။ ကျွေးဖုန်းနှင့် ချီလင်တို့ အိုမင်းနေပြီဖြစ်ရာ ဆားစားလျှင် အမွေးကျွတ်တတ်သဖြင့် အိုမင်းနေသော ခွေးနှင့် ကြောင်နှစ်ကောင် ကျန်းမာရေး လိုက်စားနေကြပြီ ဖြစ်သည်။ ရှန်မြောင်က သူတို့ ပြင်ဆင်ပြီးသည်ကို မြင်သောအခါ ပန်းကန်လုံးလေး တစ်လုံးကို အရင်ယူကာ ပြောလိုက်လေသည်။
"လေထင် အတွက် ဒီတစ်ပန်းကန် ကျွန်မကို ပေးပါ"
သူမက ပန်းကန်ကို ကိုင်ပြီး မိုးမခပင်အောက်သို့ လျှောက်သွားလိုက်သည်။
သစ်ပင်အောက်တွင် မြေပုံလေး တစ်ပုံရှိပြီး ကျွေးဖုန်းလည်း ဘေးတွင် ဝပ်နေလေသည်။
ရှန်မြောင်က ကျွေးဖုန်း၏ ခေါင်းကို ပွတ်သပ်ပေးပြီး ပန်းကန်ကို မြေပုံလေးရှေ့တွင် ချထားလိုက်သည်။ ထို့နောက် တိတ်ဆိတ်စွာ ထိုင်လျက် အချိန်ကြာမြင့်စွာ ကြည့်နေပြီးမှ ပြန်ထကာ ညစာ ဆက်လုပ်ရန် လက်ဆေးလိုက်လေသည်။
ခြံဝင်းအပြင်ဘက်မှ လှည်းဘီးသံ ကြားလိုက်ရ၏။ မွေးမြူရေးခြံမှ ဟုန်ပါးက မနက်ဖြန်အတွက် ဘဲ လာပို့ခြင်း ဖြစ်သည်။ ထိုလူကြီးသည်လည်း ဆံပင်ဖြူများ ပေါက်နေပြီဖြစ်သော်လည်း ပိတ်စအကြမ်း အင်္ကျီလက်တိုကို ဝတ်ဆင်ထားဆဲ ဖြစ်ကာ မျက်နှာတွင် အပြုံးများဖြင့် ပြောလိုက်လေသည်။
"ရှန်ညန်ဇီ... ရေကန်ထဲက ခုလေးတင် ဆယ်လာတဲ့ ငါးကြင်း ၄-၅ ကောင် ပါသေးတယ်၊ ယူထားလိုက်ပါ၊ ချွမ်းအာ ငါးကြိုက်တယ် မဟုတ်လား၊ ပေါင်းကျွေးလိုက်ပါ၊ မွှေးလည်းမွှေး အားလည်းရှိတယ်၊ မနက်ဖြန် စာမေးပွဲအောင်ပါစေလို့ ဆုတောင်းပေးပါတယ်"
ရှန်မြောင်က ပြုံးပြီး ပြောလိုက်သည်။
"အဝေးကြီးက လာရတာ... အားနာစရာကြီးရှင်"
"အားမနာပါနဲ့၊ အဲဒီတုန်းက ချွမ်းအာသာ ကျွန်တော့်အတွက် အမှုလိုက်မပေးရင် ဒီနေ့ ဟုန်ပါး ဆိုတာ ရှိပါ့မလား" ဟုန်ပါးက ကျေးဇူးတင်စွာ ပြောလိုက်သည်။
သူတို့မိသားစုသည် ရှန်မြောင်၏ မွေးမြူရေးခြံတွင် ဘဲမွေးလာသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သည်။ သဘောထား မပြည့်ဝသော ဧည့်သည်များနှင့်လည်း ကြုံတွေ့ဖူးသည်။ အဘွားကြီးတစ်ယောက်သည် မွေးမြူရေးခြံတွင် ဘဲပေါက် ခိုးရာ ဟုန်ပါးက သွားရောက် တားဆီးခဲ့သည်။ သူမသည် မကြောက်ရွံ့သည့်အပြင် မြေကြီးပေါ် လှဲချကာ ဟုန်ပါးက တွန်းချပါသည်ဟု အော်ဟစ် စွပ်စွဲခဲ့သည်။ ထိုအမှုတွင် ချွမ်းအာက သူ့အတွက် ရုံးတော်သို့ သွားရောက် လျှောက်လဲပေးခဲ့သည်။ သူသည် ရှင်းလင်းပြတ်သားစွာ တွေးခေါ်ပြီး သက်သေအထောက်အထားများ ရှာဖွေကာ စွပ်စွဲသော အဘွားကြီးကို ပါးစပ်ပိတ်သွားစေခဲ့သည်။ နောက်ဆုံးတွင် ထိုအဘွားကြီး ရိုက်ဒဏ် ခံရပြီး လျော်ကြေးငွေ ပေးခဲ့ရသည်။
ဤကဲ့သို့သော ကိစ္စမျိုး နှစ်တိုင်းလိုလို ရှိတတ်သည်။ မလိုတမာ ပြောဆိုခြင်း၊ စွပ်စွဲခြင်းများသည် နှစ်တိုင်း ရှိတတ်ပြီး တစ်နှစ်လျှင် အမှုအခင်း အကြိမ်ကြိမ် မဖြစ်ပွားလျှင် ရှန်မြောင် ယခုပိုင်ဆိုင်သော စီးပွားရေးလုပ်ငန်းများနှင့် မတန်ဟုပင် ဆိုရပေမည်။
သို့သော် ချန်ချွမ်း ရှိနေသဖြင့် ရှန်မြောင်သည် ထိုမသမာသော နည်းလမ်းများကို မကြောက်တော့ပေ။
သူသည် မင်ဖာဘွဲ့ရ ကျင့်ရှီ မဖြစ်သေးသော်လည်း ပြန့်ကျင်းမြို့တွင် နာမည်ကြီးသော ရှေ့နေတစ်ယောက် ဖြစ်နေလေပြီ။ ရှေ့နေတုန့် ကဲ့သို့ပင် နေ့စဉ် စာချုပ်ချုပ်ဆိုခြင်း၊ အသိသက်သေလိုက်ခြင်း၊ အမှုလိုက်ခြင်းများ ပြုလုပ်ပေးရန် လာရောက် ငှားရမ်းသူများ ရှိနေပြီး ငယ်ငယ်ရွယ်ရွယ်ဖြင့် ငွေကြေး အမြောက်အမြား ရှာဖွေနိုင်နေလေပြီ။
ညနေစောင်းတွင် မိုးစက်များ တဖျပ်ဖျပ် ကျဆင်းလာ၏။ ရှန်မြောင်သည် အခုလေးတင် ထုပ်ထားသော သိုးသားအစာသွပ်ဖက်ထုပ်ကို ဟင်းရည်ပူပူထဲ ထည့်လိုက်သည်။ ရေငွေ့များ ရစ်သိုင်းနေသော ပြတင်းပေါက်မှတစ်ဆင့် ကြည့်လိုက်ရာ ချန်ချွမ်းသည် တိုင်လုံးကို ပတ်ပြီး စာကျက်နေသည်ကို တွေ့လိုက်ရသည်။
သူမ ရုတ်တရက် သတိရသွားသည်။ ရေမြောင်းထဲမှ ထွက်လာပြီး ထင်းချောင်းကဲ့သို့ ပိန်လှီနေသော ကလေးလေးကို ပထမဆုံးအကြိမ် တွေ့မြင်ခဲ့ရပုံကို သတိရမိသည်။ ထိုကလေးသည် ယခုအခါ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်သော ရှေ့နေပေါက်စလေး ဖြစ်လာလိမ့်မည်ဟု ဘယ်သူက ထင်ထားခဲ့ပါမည်နည်း။
ကျွေးဖုန်းက မိုးရေထဲသို့ ကြည့်ပြီး အက်ကွဲကွဲ အသံဖြင့် နှစ်ချက် ဟောင်လိုက်သည်။ လျန်ကုန်းကုန်း၏ နေရာတွင် အစားထိုး ဝင်ရောက်လာသော ရွှီကုန်းကုန်းသည် မိုးရေထဲသို့ ပြေးဝင်လာပြီး ရင်ခွင်ထဲတွင် ထမင်းချိုင့်ကို တင်းကျပ်စွာ ပိုက်ထားလေသည်။ "ရှန်ညန်ဇီ... ဘဲကင် ၃ ကောင်နော်၊ အဆီများတာလေး" စကားမဆုံးခင် ရှန်မြောင်က ဖူရှင်း ပြင်ဆင်ထားသော ထမင်းချိုင့်ကို လှမ်းပေးလိုက်လေသည်။ "ပြင်ဆင်ထားပြီးသားပါ၊ ယူသွားလိုက်တော့"
ရွှီကုန်းကုန်းသည် ယူပြီးသည်နှင့် ပြေးထွက်သွားတော့သည်။ သူသည် အရင်က လျန်ကုန်းကုန်းထက် ပိုပင်ပန်းလေသည်။ မင်းကြီး၏ သားအကြီးဆုံးသည် မင်းကြီးနှင့် တစ်ပုံစံတည်း တူပြီး ဘဲကင် ကြိုက်သည်မှာလည်း တူလေသည်။ သူသည် အိမ်ရှေ့စံ နန်းဆောင်သို့ အရင်ပို့ပြီးမှ မင်းကြီးထံ သွားပို့ရသဖြင့် နေ့စဉ် ပြေးလွှားနေရရာ ခြေထောက်ပင် သေးသွားရရှာသည်။
ရှန်မြောင်က ပြုံးပြီး ခေါင်းခါလိုက်၏။ အိုးထဲမှ ဖက်ထုပ်များ အိုးကပ်မသွားစေရန် မွှေပေးလိုက်လေသည်။
ပြတင်းပေါက် အပြင်ဘက်တွင် မိုးရေစက်များက ငှက်ပျောရွက်ပေါ်သို့ တဖြောက်ဖြောက် ကျဆင်းနေပြီး မီးဖိုပေါ်မှ ကြက်ပေါင်းဟင်းရည်နှင့် ဖက်ထုပ်အိုးသည် ပွက်ပွက်ဆူကာ မွှေးပျံ့နေသည်။ မြို့တစ်မြို့လုံး လွှမ်းခြုံထားသော အပူငွေ့များသည် ညနေခင်း မိုးရေကြောင့် သက်သာသွားလေသည်။
ရှန်မြောင်က ဖက်ထုပ် ဆယ်လိုက်စဉ် ကျွေးဖုန်း ဟောင်သံ ထပ်ကြားလိုက်ရသည်။ သူမ ပြတင်းပေါက်မှ ကြည့်လိုက်ရာ ရှဲ့ချီသည် နောက်ဆုံး ရွာသွန်းနေသော မိုးရေထဲမှ ဝင်ရောက်လာသည်ကို တွေ့လိုက်ရသည်။ သူ့လည်ပင်းပေါ်တွင် သမီးငယ်က ဆံထုံးကို ဆွဲကိုင်ပြီး စီးနင်းလာသည်။ ကျောပေါ်တွင် သားဖြစ်သူက တွယ်ကပ်နေပြီး ခြေထောက်ဖြင့် ဖခင်ကို ညှပ်ထားကာ ပြုတ်ကျတော့မည်ဟု အော်ဟစ်နေသည်။ အရာရှိဦးထုပ်ကို ချိုင်းကြားတွင် ညှပ်လျက် ဤကဲ့သို့ အိမ်ပြန်ရောက်လာခြင်း ဖြစ်သည်။
သူမ မျက်လုံးများက လခြမ်းကွေးသဏ္ဌာန် ပြုံးသွားလေသည်။
"ဖက်ထုပ် ကျက်ပြီ၊ ပန်းကန်ခွက်ယောက် သွားပြင်လိုက်တော့"
လူများက ကြီးပြင်းလာတတ်သလို နှုတ်ဆက် ခွဲခွာခြင်းတွေလည်း ရှိတတ်ပေသည်။ သို့သော် ဆုံစည်းချိန်တန်လျှင် ပြန်ဆုံစည်းကြရစမြဲပါပင်။
တစ်နှစ်ပြီး တစ်နှစ်... နောက်ထပ် တစ်နှစ် ကုန်ဆုံးသွားပြန်လေပြီ။
...
အပိုင်း (၁၈၆) အချပ်ပို - လက်ထပ်ပြီးနောက် နေ့စဉ်ဘဝ (ဇာတ်သိမ်း)
တစ်နှစ်သော ဆောင်းလယ်ပွဲတော်နေ့တွင် ဖြစ်လေသည်။ ခြံဝင်းထဲတွင် ပန်းပွင့်များ ဝေဆာနေချိန်၌ ရှန်မြောင်သည် စာရင်းကိုင်များနှင့်အတူ ဆိုင်ခွဲများ၏ စာရင်းများကို စစ်ဆေးနေ၏။ ချီခရိုင်တွင် ယမန်နှစ်က ဖွင့်လှစ်ခဲ့သော ရေပူစမ်းတည်းခိုခန်း စာရင်းများကို စစ်ဆေးနေရင်း သူမ ရုတ်တရက် သတိရလိုက်သည်။ သူမ... ကျိုကောနှင့် ပျားရည်ဆမ်းခရီး မထွက်ရသေးပါလား။
ချီခရိုင်ရှိ ယွင်မုန့်တောင် ရေပူစမ်းသည် ထန်ခေတ်ကတည်းက တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ကြီးမားသော တောင်တန်းကြီးများကို ကျောမှီထားပြီး ကွေ့ကောက်စီးဆင်းနေသော ချီမြစ်ကို မျက်နှာမူထားလေသည်။ တောင်ရိပ်သည် ရေနွေးငွေ့များအပေါ် လွှမ်းမိုးနေပြီး ရေပြင်သည် တောင်တန်း၏ အလှကို ထင်ဟပ်နေ၏။ ရှန်မြောင် မြင်လိုက်သည်နှင့် စိတ်လှုပ်ရှားသွားခဲ့ရသည်။ ဤနေရာတွင် ရေပူစမ်းတည်ခိုရိပ်သာ ဆောက်လုပ်လျှင် ဥယျာဉ်အတွင်း ကွေ့ကောက်သော လမ်းများ၊ ရေပူစမ်းကန် အကြီးအသေးများဖြင့် ပြည့်နှက်နေသော မျှော်စင်ဆောင်များ ပါဝင်ပါက လူအများကို ဆွဲဆောင်နိုင်မည်မှာ အသေအချာပင်။
အဓိကမှာ ချီခရိုင်သည် ပြန့်ကျင်း၊ လော့ရန်၊ ကျန့်ကျိုး စသည့် မြို့ကြီးများနှင့် မဝေးလှပေ။ ငွေကြေးချမ်းသာပြီး အားလပ်ချိန်ရှိသူများအတွက် ခရီးတို အပန်းဖြေရန် အလွန်သင့်တော်လေသည်။ ဆုံးဖြတ်ချက်ချပြီးသည်နှင့် အလျင်အမြန် ဆောက်လုပ်ခဲ့သည်။ ရှန်မြောင်သည် လုပ်ငန်းခွင်ကို အကြိမ်ကြိမ် သွားရောက် စစ်ဆေးခဲ့သော်လည်း ကိုယ်တိုင် ရေစိမ်ရန် အခွင့်အရေး မရခဲ့ပေ။
သူမသည် စားပွဲရှည်ပေါ်တွင် တောင်လိုပုံနေသော စာရင်းစာအုပ်များထဲမှ ခေါင်းမော့လိုက်၏။ ခြံဝင်းထဲတွင် ခေါက်ကုတင်တစ်လုံး ချထားပြီး ရှဲ့ချီသည် လက်မောင်းကို ခေါင်းအုံးလျက် မိုးမခပင်အောက်တွင် အိပ်ပျော်နေလေသည်။
သစ်ပင်ပေါ်မှ ပန်းပွင့်များသည် တဖွဲဖွဲ ကြွေကျနေပြီး သူ၏ ရင်ခွင်တစ်ခုလုံး ပြည့်နှက်နေလေသည်။
ရှန်မြောင်သည် ထိုမြင်ကွင်းကို ကြည့်ရင်း စိတ်ကြည်နူးနေခိုက် ချီလင်သည် လေထင်၏ အမြီးကို ကစားရတာ ပျင်းသွားသဖြင့် ခေါက်ကုတင်ပေါ်သို့ ခုန်တက်လိုက်သည်ကို တွေ့လိုက်ရသည်။ ရှဲ့ချီ၏ ပခုံးမှတစ်ဆင့် ဗိုက်ပေါ်သို့ နင်းလျှောက်သွားပြီး သူ၏ ခြေတံရှည်နှစ်ဖက်ကို သစ်တုံးတံတားသဖွယ် သဘောထားကာ ဘယ်ခြေထောက်ပြီးလျှင် ညာခြေထောက်သို့ နင်းလျှောက်နေလေသည်။
ရှဲ့ချီသည် ကြောင်လေး နင်းသဖြင့် တစ်ဝက်နိုး တစ်ဝက်အိပ် ဖြစ်သွားသော်လည်း မောင်းမထုတ်ဘဲ မျက်လုံးပြန်မှိတ်ကာ အိပ်စက်လိုက်ပြန်သည်။
ရှန်မြောင်သည် လက်ဖက်ရည်ခွက်ကို မော့သောက်ရင်း ကြည့်နေမိသည်။ ထိုစဉ် ချီလင်သည် ရုတ်တရက် ဝပ်လိုက်ပြီး အကြောဆန့်လိုက်ကာ ကျိုကော၏ ပေါင်ပေါ်တွင် လက်သည်းကုတ်လိုက်လေသည်။ သူ၏ပေါင်က သိပ်မနူးညံ့ဟု ထင်သွားပုံရသည်။ ရုတ်တရက် ပေါင်ကြားထဲသို့ ခုန်ဝင်လိုက်ပြီး ဝဝကစ်ကစ် လက်သည်းအုံဖြင့် အားကုန် ဆောင့်နင်းချလိုက်ရာ...
"ဖူး..." ရှန်မြောင် ပါးစပ်ထဲမှ လက်ဖက်ရည်များ ပန်းထွက်ကုန်သည်။
စာရင်းကိုင် ဆရာများသည် ပြိုင်တူ ခေါင်းမော့လာကြပြီး သူမကို သံသယဖြင့် ကြည့်နေကြ၏။
သူမသည် အလျင်အမြန် ကျောခိုင်းလိုက်ပြီး ပြတင်းပေါက်ကို ပိတ်ကာ ရယ်ကျဲကျဲဖြင့် ပြောလိုက်လေသည်။ "ဆရာတို့ ဆက်တွက်ကြပါ၊ ကျွန်မ အပြင်ထွက်ပြီး လမ်းလျှောက်လိုက်ဦးမယ်၊ ဆရာတို့ကို မနှောင့်ယှက်တော့ပါဘူး"
ရှန်မြောင်သည် ထရပ်ပြီး အပြင်ထွက်လိုက်ကာ စာရင်းကိုင်ခန်း တံခါးပေါက်လေးကိုပါ စေ့စေ့စပ်စပ် ပိတ်ပေးခဲ့သည်။
အပြင်ဘက်တွင် ရှဲ့ချီသည် နာကျင်လွန်းသဖြင့် တုန်တက်သွားပြီး အပြစ်ကင်းစင်သော မျက်နှာပေးဖြင့် "တရားခံ" ကြောင်ကို ဖမ်းဆွဲလိုက်လေသည်။ လူလည်း လုံးဝ အိပ်ချင်ပြေသွားတော့သည်။
ခဏကြာသောအခါ ရှဲ့ချီသည် ကြောင်ဝကြီးကို ချိုင်းကြားတွင် ညှပ်လျက် အိပ်မှုန်စုံမွှား မျက်နှာဖြင့် ဝင်လာလေသည်။ ရှန်မြောင် ပြတင်းပေါက်အောက်တွင် ထိုင်ပြီး လက်ဖက်ရည်သောက်နေသည်ကို မြင်သောအခါ သူမကျောဘက်သို့ တိုးကပ်လာပြီး လက်ကို ဆန့်တန်းကာ ဖက်လိုက်လေသည်။ ထို့နောက် နစ်နာသူလေသံဖြင့် တိုင်တောလေတော့သည်။ "ချီလင်က ကြောင်ကောင်း မဟုတ်ဘူး"
"မြောင်..." ချီလင်သည် သူ့လက်မောင်းအောက်မှ ရုန်းထွက်လိုက်ပြီး အမြီးဖြင့် သူ့ကို ရိုက်ကာ ကြမ်းပြင်ပေါ် ခုန်ချပြီး ခေါင်းမော့ကာ ထွက်ခွာသွားလေသည်။
ရှန်မြောင်က ရယ်ချင်စိတ်ကို ထိန်းရင်း လှည့်ကာ သူ့ကို ဖက်လိုက်သည်။ မသိချင်ယောင်ဆောင်ပြီး မေးလိုက်၏။ "ဘာဖြစ်လို့လဲ"
"... ဘာမှ မဖြစ်ပါဘူး"
ရှန်မြောင်သည် သူ၏ စိတ်ဓာတ်ကျပြီး အားငယ်နေသော လေသံကို ကြားရသောအခါ ရယ်ချင်သွားပြီး သူ၏ အပူငွေ့များကြောင့် စိတ်နှလုံး နူးညံ့သွားရသည်။ "ကျိုကော... မနက်ဖြန် ကျွန်မတို့ အပြင်ထွက် လည်ရအောင်လေ၊ နှစ်ယောက်တည်းနော်၊ တခြားလူ မခေါ်ဘူး၊ ကလေးတွေကို အဒေါ်ကုဆီမှာ အပ်ခဲ့မယ်၊ ယန့်ရှူးကိုလည်း မခေါ်ဘူး၊ ဘယ်လိုလဲ"
ရှဲ့ချီသည် ချက်ချင်းပင် ခုနက ကြုံတွေ့ခဲ့ရသော ဆိုးရွားသည့် အဖြစ်အပျက်ကို မေ့သွားပြီး မျက်လုံးများ တောက်ပလာသည်။ ပျော်ရွှင်စွာဖြင့် သူမကို ငုံ့နမ်းလိုက်လေသည်။ "ကောင်းတာပေါ့၊ ဒီထက်ကောင်းတာ ဘယ်ရှိမှာလဲ"
ဤသို့ဖြင့် ရုတ်တရက် ဆုံးဖြတ်လိုက်ကြသည်။
လမ်းခရီးတွင် အေးအေးလူလူဖြင့် ရက်အနည်းငယ် သွားလိုက်ရာ ချီခရိုင်သို့ ရောက်ရှိသွားသည်။ ရေပူစမ်းသည် တောင်ခါးပန်းတွင် ရှိပြီး ရှန်မြောင်သည် တောင်နှင့်ရေကို အမှီပြုကာ ခေါင်မိုးစွန်း ကော့ညွှတ်နေသော အိမ်တန်းရှည်ကြီးကို ဆောက်လုပ်ထားသည်။ တောင်ကြား တိမ်မြူများကြားတွင် နိမ့်ချည်မြင့်ချည် ပေါ်နေသော အိမ်လေးများကို တောင်ခြေမှ လှမ်းကြည့်လျှင်ပင် လူ့လောကနှင့် ကင်းကွာနေသော နတ်ဘုံနတ်နန်းကဲ့သို့ ခံစားရစေသည်။
ဤနေရာသည် တရားဝင် ဖွင့်လှစ်ခြင်း မရှိသေးပေ။ ထို့ကြောင့် ရှန်မြောင်နှင့် ရှဲ့ချီ ဝင်ရောက်သွားသောအခါ ရေပူစမ်းသည် နွေးထွေးနေပြီး တောတောင်သည် တိတ်ဆိတ်နေသည်။ လေထုသည် သန့်ရှင်းလတ်ဆတ်ပြီး ရှဲ့ချီကိုယ်ပေါ်မှ ထင်းရှူးနံ့နှင့် တစ်သားတည်း ဖြစ်နေလေသည်။
တောင်ပေါ်တွင် အလုပ်သမား အများအပြား ငှားရမ်းထားပြီး ဖြစ်သည်။ ရှန်မြောင်သည် အမြင့်ဆုံးနေရာရှိ ခြံဝင်းငယ်လေးကို ရွေးချယ်လိုက်၏။ ပန်းကွက်ဖော်ထားသော ပြတင်းပေါက်ကြီးများ ရှိပြီး ပြတင်းပေါက် အပြင်ဘက်တွင် မတ်စောက်သော တောင်ကမ်းပါးနှင့် ဝါးတောရှိသည်။ ခြံဝင်းထဲတွင် ကျောက်တောင်တုများ စီထားပြီး ရေပူစမ်းကန်ငယ်လေး တစ်ခု တူးထားသည်။ ကန်ဘောင်တွင် ကျောက်တုံးများ စီထားပြီး မေပယ်ပင်ကြီး အနည်းငယ် စိုက်ပျိုးထားလေသည်။ ယခု ရာသီဥတုတွင် မေပယ်ရွက်များ နီရဲနေပြီး တိတ်ဆိတ် ငြိမ်သက်စွာ လှပနေလေသည်။
ကျောက်စိမ်းရောင် ရေကန်ထဲတွင် မေပယ်ရွက်များ မျောနေပြီး ကြည်လင်နေသည်။ ရေမျက်နှာပြင်မှ မွှေးပျံ့သော အငွေ့အသက်များ ထွက်ပေါ်နေရာ လမင်းကိုပင် အရိုးပျော့သွားအောင် မွှေးကြိုင်သွားစေသယောင်။
ရှန်မြောင်နှင့် ရှဲ့ချီ လက်ချင်းချိတ်ကာ တစ်ပတ်လျှောက်ကြည့်ပြီးနောက် နှစ်ယောက်စလုံး အလွန် ကျေနပ်သွားကြသည်။
ညရောက်သည်နှင့် မစောင့်နိုင်တော့ဘဲ ရေပူစမ်း စိမ်ကြတော့သည်။ အလုပ်သမားကို ကင်ပွန်းတပ်မည့် စင်တစ်စင်၊ မီးသွေးနှစ်တောင်း၊ အသားနှင့် ဟင်းသီးဟင်းရွက် တစ်ခြင်း၊ အသားကင်ရာတွင် သုံးမည့် ဟင်းခတ်အမွှေးအကြိုင်များကို ကြိုတင် မှာကြားထားလိုက်သည်။
ရေကန်ဘေးတွင် ခင်းကျင်းထားပြီး ရှန်မြောင်သည် သိုးပေါင်တစ်ချောင်းကို သံတံကျင်ထိုးကာ စင်ပေါ်တွင် အေးအေးဆေးဆေး ကင်နေလေသည်။ ခရမ်းသီးနှင့် ကြက်သွန်မြိတ်များကို ခွဲပြီး ကြက်သွန်ဖြူဆီချက် ရွှဲရွှဲသုတ်ကာ ကင်လိုက်သည်။ မြေပဲနှင့် ဇီးသီးနီ အနည်းငယ်ကိုလည်း သံဇကာ အစွန်းဘက်တွင် တင်ကာ အပျော်သဘော ကင်လိုက်သေးသည်။
ထို့နောက်တွင်တော့ နှစ်ယောက်သား ရှက်ရွံ့ခြင်းမရှိဘဲ ရေကန်ထဲသို့ အတူတူ ဆင်းစိမ်လိုက်ကြသည်။
လက်ထပ်ပြီးနောက်ပိုင်း ရှက်စရာမရှိသော နေ့ရက်များ များပြားလာခဲ့ပြီ ဖြစ်သည်။ ကျိုကောသည် မျက်နှာရဲတတ်ဆဲ ဖြစ်သော်လည်း ခန္ဓာကိုယ်ကတော့ သန်မာလာခဲ့ပြီ။ အရင်ကလို စနောက်ရုံနှင့် ခြေပစ်လက်ပစ် လဲကျတော့မည့် ပုံစံမျိုး မဟုတ်တော့ပေ။
သို့သော် ဒီနေ့...
ရှန်မြောင်သည် ရေကန်ဘေးရှိ စင်ပေါ်တွင် ရေချိုးသဘက်ကို ချိတ်ထားလိုက်ပြီး ပူနွေးသော ရေကန်ထဲသို့ လျှောဆင်းလိုက်သည်။ ကြိုတင်ရောက်နှင့်နေသော ရှဲ့ချီသည် ရေမျက်နှာပြင်ပေါ်ရှိ မြူခိုးများကြားတွင် စိမ်နေပြီး ပခုံးတစ်ဖက်ကို ရေပေါ်ဖော်ထားသည်။ ရေစက်များ တင်နေသော ပခုံးဖြင့် သူမကို မျက်တောင်မခတ် စိုက်ကြည့်နေလေသည်။
သူက ပုစွန် ဖြစ်ရမယ်၊ တစ်ကိုယ်လုံး နီရဲနေပြီ။
ရှန်မြောင် ကန်ဘောင်ကို မှီပြီး ထိုင်လိုက်ရုံရှိသေးသည်၊ သူက စကားတစ်ခွန်းမှ မပြောဘဲ သူမဘေးသို့ ကူးခတ်လာသည်။ ရေအောက်မှနေ၍ သူမ လက်ကောက်ဝတ်ကို လှမ်းဆွဲကာ ရေ၏ ပင့်အားကို အသုံးပြုပြီး သူမတစ်ကိုယ်လုံးကို ပေါ့ပါးစွာ လှန်လိုက်ပြီး သူ့ကိုယ်ပေါ် ခွထိုင်စေလိုက်သည်။
ခဏအကြာတွင် သူက ကန်ဘောင်ကို မှီထိုင်လျက် သူမက သူ့ကိုယ်ပေါ်တွင် ထိုင်လျက်သား ဖြစ်သွားလေသည်။
လပြည့်ည၏ လမင်းသည် အမြဲတမ်း လင်းလက်နေတတ်သည်။ ရေစီးကြောင်းကဲ့သို့ လရောင်ရှေ့တွင် ဝါးတန်းပေါ် ချိတ်ဆွဲထားသော မီးအိမ်များပင် မှေးမှိန်သွားရသည်။
တောင်တန်းတစ်ခုလုံး မှောင်မိုက်နေသော်လည်း သူတို့နေရာလေးတွင်တော့ ပန်းပင်များ၊ သစ်ကိုင်းများကြားမှ အဝါရောင် အလင်းနွေးနွေးလေး ထွက်ပေါ်နေလေသည်။
လရောင်သည် ဖက်တွယ်ထားသော သူတို့ခန္ဓာကိုယ်ပေါ်သို့ ဖြာကျနေပြီး အရိပ်များသည် လှုပ်ရှားနေသော ရေပြင်ပေါ်တွင် ထင်ဟပ်နေသည်။ ရှန်မြောင်သည် ကြည်လင်သော လရောင်အောက်တွင် ရှဲ့ချီ၏ မျက်နှာပေါ်မှ မျိုသိပ်ထားသော ချစ်ခြင်းမေတ္တာများကိုပင် မြင်တွေ့နေရသည်။
နှစ်ယောက်စလုံး ရေပူစမ်းကြောင့် မျက်နှာများ နီရဲနေကြသည်။
"အားမြောင်... ကိုယ့်ကို ဖက်ခွင့်ပေးပါ" ထိုအသံသည် ရေငွေ့များ ရစ်ပတ်နေသကဲ့သို့ ဖြစ်နေပြီး ကျောရိုးထဲမှတစ်ဆင့် အပူငွေ့များ တက်လာစေသည်။
သူသည် သူမ၏ ခါးကို ကိုင်ကာ အပေါ်သို့ ညင်သာစွာ ပင့်တင်လိုက်သည်။ ရေလှိုင်းများနှင့်အတူ သူ့ဘက်သို့ ယိုင်ကျလာစေပြီး သူမ၏ ရင်ဘတ်ကို ငုံ့နမ်းလိုက်လေသည်။
သူသည် ပန်းနံ့သင်းပျံ့သော ဆောင်းဦးညနေခင်း လေပြေကဲ့သို့ပင် တစ်စစီ တစ်စစီ ရစ်ပတ် တွယ်ငြိလာသည်။
တစ်ခါတလေ ရှန်မြောင် နောင်တရမိသည်။
ကျိုကော ခွေးပေါက်လေးလို ရိုးသားဖြူစင်စဉ်က သူမသည် သူ့လည်စေ့ကို ကိုက်ပြီး လမ်းမှားပြခဲ့ဖူးသည်။ အခုတော့ "ရှန်မြောင်သင်ကြားပေးသော" ကျိုကောသည် သူမကို ပြန်ကိုက်ရသည်ကို အလွန်နှစ်သက်နေလေပြီ။
အရင်ဆုံး နမ်းသည်၊ ပြီးမှ သွားဖြင့် ဖွဖွလေး ကိုက်သည်။
သူက ကျားနှစ်ဖွား ဖြစ်ရက်သားနဲ့ ဘာလို့ တစ်နေ့တစ်ခြား ခွေးပေါက်လေးနဲ့ တူလာရတာလဲ။
ရှန်မြောင်သည် သူ့လည်ပင်းကို ဖက်တွယ်ထားရင်း ခေါင်းမော့ထားရသည်။ အနမ်းများကြောင့် တစ်ကိုယ်လုံး ထုံကျင်ကာ တုန်တက်သွားပြီး အတွေးများလည်း ပြန့်ကျဲကာ ဘယ်ရောက်သွားမှန်း မသိတော့ပေ။
မျက်စိရှေ့တွင် အိမ်မက်ကဲ့သို့ ဗလာနယ်တစ်ခု ဖြစ်ပေါ်လာသည်။
ရေပူကန်ထဲမှ ရေနွေးများ မွှေနှောက်ခံနေရပြီး လရိပ်သည် လှိုင်းများကြားတွင် ပုံပျက်ရှုပျက် ကွဲကြေနေသည်။ တက်လာသော ရေငွေ့များက လရောင်နှင့် သူတို့ကို ဖုံးကွယ်ထားသည်။ ဗွမ်းခနဲ ရေလှုပ်ရှားသံများသည် မျက်ခုံးများအထိ လွှမ်းမိုးလာပြီး ခန္ဓာကိုယ်ထဲသို့ တရစပ် တိုးဝင်လာသကဲ့သို့ပင်။
အတော်ကြာပြီးနောက် ရှန်မြောင်သည် သူ့ကို တင်းကျပ်စွာ ဖက်ထားဆဲဖြစ်ပြီး မျက်လုံးများ မှိတ်ထားလေသည်။
ရှဲ့ချီသည်လည်း သူမနှင့် ကပ်လျက် ခဏတာ အနားယူနေသည်။ သူမ ပါးပြင်ပေါ် ကပ်နေသော စိုစွတ်သည့် ဆံနွယ်များကို ညင်သာစွာ ဖယ်ရှားပေးပြီး သူမ သတိပြန်ဝင်လာသည်အထိ ညင်သာစွာ ထပ်နမ်းနေသည်။ ပြီးမှ ပြုံးလိုက်လေသည်။
သူမ အတော်ကြာမှ မျက်လုံးဖွင့်ကြည့်လိုက်သည်။ မျက်ဝန်းထဲတွင် ရေငွေ့များ ပြည့်နှက်နေပြီး မြူဆိုင်းနေသကဲ့သို့ ဖြစ်နေသည်။ အံကြိတ်ပြီး ဆူချင်သော်လည်း ထွက်လာသောအသံသည် ရေကဲ့သို့ ပျော့ပြောင်းနေလေသည်။ "... မထသေးဘူးလား"
ရှဲ့ချီက ခေါင်းခါလိုက်ပြီး သူမကို မျက်နှာချင်းဆိုင်အနေအထားဖြင့် ရင်ခွင်ထဲတွင် ဆက်ဖက်ထားလေသည်။
ရှန်မြောင် ရုန်းမရတော့သဖြင့် လက်လျော့လိုက်ပြီး သူ့ပခုံးပေါ်တွင် ပျင်းရိစွာ မှီလိုက်တော့သည်။
နှစ်ယောက်သား ခွာမရအောင် ပူးကပ်နေကြပြီး စိုစွတ်နေသယောင် ထင်ရသော လမင်းကြီးကို ငေးကြည့်နေလိုက်ကြသည်။ ရှန်မြောင်သည် ရေစိမ်ရင်း အိပ်ငိုက်လာ၏။ ညလေညှင်းက မေပယ်ရွက်များကို သယ်ဆောင်လာပြီး ရေပြင်ပေါ်သို့ ကျရောက်လာသည်။ သူမကို ဖက်ထားသော လက်များ ပိုမိုတင်းကျပ်လာပြီး သံယောဇဉ် တွယ်ငြိမှုများကို ခံစားလိုက်ရသဖြင့် မေးလိုက်မိသည်။ "ကျိုကော... ကျွန်မတို့... ဒီလို နေရတာ ရှင် ပျင်းဖို့ကောင်းတယ်လို့ ထင်လား"
သူမတွင် လုပ်စရာ အလုပ်များစွာ ရှိလေသည်။ ကျိုကောနှင့် နေ့တိုင်း အတူရှိချိန်က နည်းပါးလှသည်။ တစ်ခါတလေ ဆိုင်တွင် အလုပ်များပြီး နောက်ကျနေလျှင် ကျိုကောက မီးအိမ်ဆွဲပြီး လာကြိုတတ်သည်။
သူသည် မီးအိမ်ကို ကိုင်ထားပြီး မီးရောင်မှိန်မှိန်က သူ့ခြေရင်းကို လင်းစေသည်။ ထိုနေရာတွင် တိတ်ဆိတ်စွာဖြင့် သူမကို စောင့်နေတတ်သည်။ ရှန်မြောင်သည် ပင်ပန်းစွာ ထွက်လာတိုင်း သူမကို အိမ်ပြန်ရန် စောင့်ကြိုနေသော ရှဲ့ချီ၏ ပုံရိပ်ကို မြင်ရလျှင် မျက်ရည်ဝဲရလေသည်။
သူမနှင့် ကျိုကောတို့ ရန်ဖြစ်သည့် အချိန်များလည်း ရှိပါသည်။ နေ့ဘက်တွင် ရန်ဖြစ်ထားလျှင်ပင် ကျိုကောသည် ညဘက်တွင် သူမကို လာကြိုမြဲပင်။ မိုးရွာရွာ လေတိုက်တိုက် မပျက်မကွက် လာတတ်သည်။
တိတ်ဆိတ်သော ညတွင် လူတစ်ယောက်က သူမကို လိုလိုလားလား စောင့်ဆိုင်းနေသည်။ အမြဲတမ်း စောင့်ဆိုင်းနေသည်။
ထို့ကြောင့် သူမ တစ်ခါတလေ ကျိုကောကို အားနာမိသည်။
"ဘာလို့ ဒီလို ပြောရတာလဲ" ရှဲ့ချီက လက်ကို မြှောက်ပြီး သူမမျက်နှာကို ကိုင်လိုက်သည်။ နက်ရှိုင်းသော မျက်ဝန်းထဲတွင် လရောင်များ နစ်မြုပ်နေလေသည်။ သူက သူမကို ဖွဖွနမ်းရင်း စိုစွတ်နေသော အသက်ရှူသံများကြားမှ တိုးညှင်းစွာ ပြန်ဖြေလေသည်။ "အားမြောင်... မင်းနဲ့ အတူရှိရတာ မိုးလင်းမိုးချုပ် အတူနေရင်တောင် မဝနိုင်ဘူး၊ ဘယ်တော့မှ ပျင်းဖို့ မကောင်းပါဘူး၊ မင်း ကိုယ့်ကို အားနာစရာ မလိုပါဘူး၊ အချစ်ဆိုတာ အချိန်အတိုအရှည်နဲ့ မဆိုင်ပါဘူး၊ စိတ်နှလုံးနဲ့ပဲ ဆိုင်ပါတယ်"
"မင်းနဲ့ တွေ့မှပဲ ဒီဘဝက အချည်းနှီး မဖြစ်တော့မှန်း သိလိုက်ရတယ်"
"ဒီဘဝမှာ..."
သူ့စကားလုံးများသည် နှလုံးသားထိပ်ဖျားလေးကို တုန်ခါသွားစေလောက်အောင် ပူလောင်လွန်းလှသည်။ ရှန်မြောင်က ရယ်မောရင်း သူ့ပါးစပ်ကို လှမ်းပိတ်လိုက်ရာ လက်ချောင်းလေး အကိုက်ခံလိုက်ရပြန်သည်။
"မင်း ကိုယ့်အနား ရောက်လာပေးလို့ ဘုရားရှင်ကို အချိန်တိုင်း ကျေးဇူးတင်နေမိတာလေ"
— ပြီးပါပြီ —