အခန်း (၄၇၁-၄၇၂)
Vol. 48 Ch. 471-472
အခန်း (၄၇၁) အရာခပ်သိမ်းကို အကုန်အစင် သိရှိနားလည်ထားခြင်း
ထို့အပြင် ကျန်းကျွင်း နှင့် စီးပွားရေးကိစ္စများ ဆွေးနွေးရာတွင် မိုဟန်ကျီကို ကြားခံထားရန် မလိုအပ်ပေ။ သူတို့အချင်းချင်းကြား၌ပင် ထိုမျှလောက်သော ရင်းနှီးမှုမျိုး ရှိနှင့်ပြီးသား ဖြစ်သည်။
မင်ယွဲ့သည် ထိုင်နေရာမှထ၍ ဖုန်းခေါ်ဆိုရန် ဘေးဘက်သို့ ခေတ္တဖယ်လိုက်သည်။
"မရီး... ဘာကိစ္စရှိလို့ ကျွန်တော့်ဆီ ဖုန်းဆက်တာလဲဗျ"
ကျန်းကျွင်းမှာ ဖခင်ဖြစ်သူ၏ ဖိအားပေးမှုကြောင့် ကုမ္ပဏီတွင် အလုပ်လုပ်နေရသဖြင့် အတော်လေး ငြီးငွေ့နေချိန်ဖြစ်ရာ မင်ယွဲ့၏ ဖုန်းခေါ်ဆိုမှုကို ဝမ်းသာအားရ ချက်ချင်းပင် ဖြေကြားလိုက်သည်။
"ထျန်းယွမ် ဖျော်ဖြေရေးက မကြာခင်ကပဲ ဝါရိုက်တီရှိုးတစ်ခုမှာ ရင်းနှီးမြှုပ်နှံထားတယ်လို့ ကြားတယ် တို့ကုမ္ပဏီကနေလည်း ပါဝင်
ယှဉ်ပြိုင်ဖို့ လူအချို့ ရွေးချယ်ပေးချင်လို့လေဘယ်လိုသဘောရလဲ"
မင်ယွဲ့သည် စကားကို လှည့်ပတ်မနေဘဲ တည့် တည့်ပင် ဆိုလိုက်သည်။
"မရီးကလည်း... အရမ်းအားနာစရာကြီး တစ် ချက်လောက် ပြောလိုက်ရုံပါပဲ ဘယ်နှစ် ယောက်လောက် ရှိမလဲ"
ကျန်းကျွင်းက ပွင့်ပွင့်လင်းလင်းပင် ပြန်လည် မေးမြန်းလာသည်။
မင်ယွဲ့သည်လည်း အခြေအနေအရပ်ရပ်ကို တွက်ဆတတ်သူပီပီ ဖျော်ဖြေရေးကုမ္ပဏီပေါင်းများစွာ ရှိနေသည်ကို သိသဖြင့် အခွင့်အရေးကို အလွန်အကျွံ မတောင်းဆိုပေ။
"သုံးယောက်ပါ"
"ရတာပေါ့... နောက်မှ သူတို့ရဲ့ နာမည်နဲ့ အချက်အလက်တွေကို ကျွန်တော့်ဆီ သီးသန့်စာ ပို့ပေးလိုက်ပါ"
ကျန်းကျွင်းက ချက်ချင်းပင် ဆုံးဖြတ်ချက် ချပေးလိုက်သည်။
မင်ယွဲ့ ဖုန်းချပြီး လှည့်ကြည့်လိုက်သောအခါ သူမအား မျက်တောင်မခတ် စိုက်ကြည့်နေသော လူသုံးဦးကို တွေ့လိုက်ရသည်။
"ဘာဖြစ်လို့လဲ... ဘာလို့ အဲဒီလို ကြည့်နေကြတာလဲ"
မင်ယွဲ့က ပြန်လည်ထိုင်လိုက်ကာ—
"ဒီအစီအစဉ်က ဩဂုတ်လမှာ စမှာပါ လာမယ့် နှစ်လအတွင်းမှာ သူတို့ကို သီဆိုမှုနဲ့ ကခုန်မှုပိုင်းဆိုင်ရာ အထူးသင်တန်းတွေ ပေးဖို့ ဆရာတွေကို စီစဉ်ထားပြီးပြီ နှစ်လပြည့်ရင်တော့ လူရွေးပွဲလုပ်ပြီး အတော်ဆုံး သုံးယောက်ကို 'Youth Trainees' အစီအစဉ်ဆီ လွှတ်မှာပါ"
ဟု ရှင်းပြလိုက်သည်။
ဝမ်ကျန်းသည် မင်ယွဲ့၏ စကားကို ကြားရုံမျှဖြင့် အရာအားလုံး အဆင်ပြေသွားပြီ ဖြစ်ကြောင်း နားလည်လိုက်သည်။
လျိုယဲ့ကမူ မင်ယွဲ့၏ စီမံခန့်ခွဲပုံများကို ကြည့်ကာ အားကျနေမိသည်။ ကျန်းယန် အတွက်မူ ဤသည်မှာ မင်ယွဲ့၏ သြဇာအာဏာကို ပထမဆုံးအကြိမ် ထိပ်တိုက်ရင်ဆိုင်လိုက်ရခြင်း ဖြစ်သည်။
၎င်းသည် ငွေကြေးအင်အားကြောင့်လော သို့မဟုတ် လူမှုကွန်ရက် အဆက်အသွယ်ကြောင့်လောဟု သူ မခွဲခြားနိုင်သော်လည်း သူ၏ ရှေ့တွင် တောက်ပသော အနာဂတ်တစ်ခု ရှိနေပြီဖြစ်ကြောင်း ကောင်းစွာ သိမြင်လိုက်ရသည်။
စွမ်းဆောင်ရည်မြင့်မားသော အထက်လူကြီးတစ်ဦး ရှိခြင်းမှာ သူ၏ အနာဂတ်အတွက် များစွာသော အထောက်အပံ့ကောင်းများကို ရရှိနိုင်မည် မဟုတ်ပါလား။
"ကျန်းယန်... မင်းကတော့ အလောတကြီး မလုပ်ပါနဲ့ဦး မင်းအတွက် သီချင်းအချို့ ရေးပေးပြီး အယ်လ်ဘမ်တစ်ခု ပြင်ဆင်ပေးမယ် တို့တွေက အစကနေ ပြန်စမှာဆိုတော့ အားလုံးက ငေးကြည့်ရလောက်တဲ့ ပွဲဦးထွက်မျိုး ဖြစ်စေရမယ်"
ကျန်းယန်သည် မင်ယွဲ့၏ စကားကို သံသယမရှိသော်လည်း မင်ယွဲ့၏ နောက်ခံအရည်အချင်းနှင့် ပတ်သက်၍မူ အနည်းငယ် ဝေခွဲမရ ဖြစ်နေဆဲပင်။
"မင်း အဲဒါအတွက် စိတ်ပူစရာမလိုပါဘူး မင်းတို့ရဲ့ ဥက္ကဋ္ဌ မင်ယွဲ့က အခု အွန်လိုင်းမှာ အရမ်းနာမည်ကြီးနေတဲ့ တေးရေးဆရာ MOON ပဲလေ"
ဝမ်ကျန်းက ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြုံးလျက် ပြောလိုက်သည်။
ကျန်းယန်သည် မင်ယွဲ့ကို ကြည့်ကာ အံ့အားသင့်မှုနှင့်အတူ ကြည်ညိုလေးစားမှုတို့ ရောပြွမ်းသွားရသည်။
'မြတ်နိုးခြင်း' သီချင်း ထွက်ရှိလာစဉ်က သူသည် ထိုသီချင်းကို မရပ်မနား နားထောင်ခဲ့ဖူးသူ ဖြစ်သည်။
ထိုစဉ်က ဤသီချင်းကို ဖန်တီးသူမှာ မည်ကဲ့သို့သော ပုဂ္ဂိုလ်မျိုး ဖြစ်လိမ့်မည်နည်းဟု သူ တွေးတောခဲ့ဖူးသော်လည်း ထိုသူမှာ ယခု သူ၏ ရှေ့တွင် ရှိနေလိမ့်မည်ဟု အိမ်မက်ပင် မမက်ခဲ့ဖူးပေ။
မိမိကိုယ်ကို အရည်အချင်းရှိသူဟု အမြဲမှတ်ယူခဲ့သော ကျန်းယန်သည် ယခုအခါ အထက်လူကြီးဖြစ်သူ၏ ရှေ့တွင် သူ၏ ပါရမီမှာ ဘာမျှမဟုတ်တော့ကြောင်း သိမြင်သွားရသည်။
"ဒါ့အပြင်... မင်းတို့ရဲ့ ဥက္ကဋ္ဌမင်က ဂီတအသင်းရဲ့ အထက်တန်းအဖွဲ့ဝင်လည်း ဖြစ်သေးတယ်"
ဝမ်ကျန်းသည် မင်ယွဲ့၏ အကြောင်းကို အကုန်အစင် သိရှိနားလည်ထားသူ ဖြစ်သည်။
ယခုတလော သူမ၏ ဝါသနာမှာ အကောင့်တုတစ်ခုဖြင့် မင်ယွဲ့ကို တိုက်ခိုက်သူများကို ပြန်လည်ချေပရန်နှင့် မင်ယွဲ့အား ချီးကျူးသော ပို့စ်များကို လိုက်ခ် (Like) ပေးရန်သာ ဖြစ်သည်။
ကျန်းယန်မှာမူ လွန်စွာ တုန်လှုပ်သွားရသည်။
ဂီတလောကရှိ မည်သူမဆို ဂီတအသင်းဝင် ဖြစ်လာရန်မှာ တစ်သက်တာ ရည်မှန်းချက်တစ်ခု ဖြစ်သည်။ ဂီတအသင်းဝင် ဖြစ်ခြင်းမှာ နိုင်ငံတကာ စင်မြင့်ထက်သို့ ခြေတစ်လှမ်း လှမ်းနိုင်ခြင်းပင် ဖြစ်သဖြင့် ထိုအသင်း၏ အဆင့်မြင့်အဖွဲ့ဝင် ဖြစ်နေသော မင်ယွဲ့ကို သူ အထင်မသေးရဲတော့ပေ။
"ကျေးဇူးတင်ပါတယ် ဥက္ကဋ္ဌမင် ကျွန်တော် စောင့်နေပါ့မယ်"
ကျန်းယန်သည် အချိန်အတော်ကြာ အနုပညာနယ်ပယ်မှ ဝေးကွာနေခဲ့သူဖြစ်ရာ အိမ်ပြန်ရောက်လျှင် သူ၏ အထက်လူကြီးအကြောင်းကို သေချာစွာ ပြန်လည် လေ့လာရန် ဆုံးဖြတ် လိုက်သည်။
သူသည် ယခင်က အလုပ်အကိုင်မဲ့ဖြစ်နေခဲ့သဖြင့် လေ့ကျင့်မှုများကိုသာ အာရုံစိုက်နေခဲ့သော်လည်း ယခုအခါ အနာဂတ်အတွက် ယုံကြည်မှုများ အပြည့်အဝ ရှိနေလေပြီ။
"လျိုယဲ့လေး... နင်လည်း အလောမကြီးနဲ့ဦး နင့်ရဲ့ ခြေထောက်က ပြန်လည်ကျန်းမာလာဖို့ လိုသေးတယ် အခုတလောတော့ သရုပ်ဆောင်ပိုင်းကိုပဲ အာရုံစိုက်ပြီး လေ့လာထားပါ နောက်မှ နင့်အတွက် သင့်တော်တဲ့ ဇာတ်ကားတစ်ကားမှာ ပါဝင်နိုင်အောင် ငါ စီစဉ်ပေးမယ်"
ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကို ညွှန်ကြားပြီးနောက် မင်ယွဲ့သည် ထိုနေရာမှ ထွက်ခွာခဲ့တော့သည်။
အခန်း (၄၇၂) ကျောက်စိမ်းလောင်းကစားခြင်း
ချန်ယွဲ့ ဖျော်ဖြေရေးကုမ္ပဏီအတွင်းရှိ လေထုမှာ ရုတ်ချည်းပင် ပြောင်းလဲသွားကာ ပြင်းထန်သော ပြိုင်ဆိုင်မှုနှင့် အလျင်စလိုဖြစ်မှုတို့မှာ ဝန်ထမ်းများအကြား ပျံ့နှံ့သွားတော့သည်။
"လင်းကျိုး... အခုတလော သင်တန်းချိန်ဇယားတွေက ဘာလို့ ဒီလောက်တောင် ကျပ်နေရတာလဲ"
လင်းကျိုးသည် ခြေထောက်အကြောဆန့် လေ့ကျင့်ခန်း လုပ်ဆောင်နေသည်။
သူသည် အစပိုင်းတွင် အကြောမဆန့်နိုင်သဖြင့် လမ်းလျှောက်ရန်ပင် ခဲယဉ်းခဲ့သော ကာလများကို ခါးစည်းခံကျော်ဖြတ်ခဲ့ပြီးနောက် ယခုအခါတွင်မူ လွယ်ကူချောမွေ့စွာ လုပ်ဆောင်နိုင်နေပြီဖြစ်သည်။
"ကုမ္ပဏီက တစ်ခုခု အကြီးအကျယ် လုပ်ဖို့ ပြင်နေတယ်လို့ ငါထင်တယ်"
သူက အသံကိုနှိမ့်၍ ခပ်တိုးတိုး ပြောလိုက်သည်။
မူလက ကုမ္ပဏီသည် ဝန်ထမ်းအသစ်များကို အထူးပြုကဏ္ဍမရှိဘဲ အဖက်ဖက်မှ ကျွမ်းကျင်စေရန်သာ လေ့ကျင့်ပေးခဲ့ခြင်း ဖြစ်သည်။
၎င်းမှာ နားလည်ရလွယ်ကူလှသည်၊ သင်တန်းသားအများစုမှာ အတွေ့အကြုံမရှိသေးသော သူစိမ်းများဖြစ်သဖြင့် သူတို့၏ ကိုယ်ပိုင်လမ်းကြောင်းကို ရှာဖွေတွေ့ရှိပြီးမှသာ သက်ဆိုင်ရာ ကဏ္ဍအလိုက် ခွဲထုတ်၍ အထူးသင်တန်းများ ပေးလေ့ရှိသည်။
သို့သော် ယခုအခြေအနေမှာ ပုံမှန်ထက် များစွာ လျင်မြန်နေသည်။ သင်တန်းစတင်သည်မှာ မကြာသေးသော်လည်း သင်ခန်းစာများ၏ ဦးတည်ချက်မှာ ရုတ်တရက် ပြောင်းလဲသွားကာ သီဆိုမှုနှင့် ကခုန်မှု သင်တန်းများမှာ သိသိသာသာ တိုးမြှင့်လာခဲ့သည်။
လင်းကျိုးသည် ထူးချွန်သောကျောင်းသားတစ်ဦးပီပီ အချက်အလက်များကို ပေါင်းစပ်သုံးသပ်တတ်သဖြင့် ကုမ္ပဏီသည် အစီအစဉ်တစ်ခုခုကို ကိုယ်တိုင်ကျင်းပရန် သို့မဟုတ် ပြိုင်ပွဲတစ်ခုခုသို့ သူတို့အား စေလွှတ်ရန် ရည်ရွယ်နေကြောင်း ကောက်ချက်ချလိုက်သည်။
ထို့ကြောင့် အခြားသူများက ငြီးငွေ့နေချိန်တွင် သူသည် ပိုမိုပြင်းထန်စွာ လေ့ကျင့်နေတော့သည်။
"ငါကတော့ ဘာမှ မသိသာသလိုပဲ ဒါပေမဲ့ မင်းပြောတယ်ဆိုရင်တော့ ဟုတ်မှာပေါ့၊ မင်းက ငါ့ထက် ပိုဉာဏ်ကောင်းတာပဲဟာ"
ကျန်းချင်းက သူ၏ ခေါင်းနောက်ဘက်ကို ကုပ် ရင်း ပေါ့ပေါ့ပါးပါးပင် ဆိုလိုက်သည်။
"ဒါကြောင့် မင်းလည်း ကြိုးကြိုးစားစား လေ့ကျင့်ထားဖို့ မမေ့နဲ့"
လင်းကျိုးက သတိပေးလိုက်သည်။
ကျန်းချင်းမှာ ရိုးသားဖြောင့်မတ်ပြီး လှည့်ကွက်ကင်းသူဖြစ်သဖြင့် သူတို့နှစ်ဦးမှာ အတော်လေး တည့်ကြသည်။
ကျန်းချင်းသည် ငယ်စဉ်ကတည်းက လမ်းပေါ်ကကကွက်များကို သင်ယူခဲ့ဖူးသဖြင့် အခြေခံအတော်လေး ကောင်းမွန်သူဖြစ်သည်။
"မဟုတ်ဘူး... မင်းရဲ့လက်က နည်းနည်းလေး နိမ့်ရမယ်၊ အေး... အဲဒါမှ ကြည့်လို့ပိုလှတာ"
လင်းကျိုး ကကွက်များကို လေ့ကျင့်နေစဉ် ကျန်းချင်းက လိုအပ်ချက်များကို ချက်ချင်းပင် ဝင်ရောက် ပြင်ဆင်ပေးလိုက်သည်။
လင်းကျိုးသည် စနစ်တကျ သင်ယူခဲ့ဖူးသူ မဟုတ်သဖြင့် ယခုတလော အပြင်းအထန် လေ့လာနေသော်လည်း ပုံစံကိုသာ ဖမ်းနိုင်ပြီး အနှစ်သာရကိုမူ ကောင်းစွာ မသိရှိသေးပေ။
"အကဆိုတာ လှုပ်ရှားမှုတွေရဲ့ ပေါင်းစပ်မှုပဲ မင်းရဲ့ ပုံသေအနေအထားက လှမလှဆိုတာထက် လက်ရွှေ့တာနဲ့အတူ အလှဆုံး အနေအထားမှာ သဘာဝအတိုင်း ရပ်တန့်သွားဖို့ လိုတယ် အဲဒါမှ ပရိသတ်က အကဟာ ဟန်ချက်ညီတယ်လို့ ခံစားရမှာ ငါ တစ်ချက် ပြပေးမယ်"
ကျန်းချင်းက လှုပ်ရှားလိုက်သည်နှင့် သူ၏ အရှိန်အဝါမှာ ချက်ချင်း ပြောင်းလဲသွားကာ အလွန်ပင် စမတ်ကျသော လူငယ်တစ်ဦးအဖြစ် ပြောင်းလဲသွားတော့သည်။
"တွေ့လား... ဒါမျိုးပဲ"
သူက လက်ကို ပြန်ချလိုက်သည်နှင့် ယခင်ကကဲ့သို့ ရိုးသားသော ပုံစံသို့ ချက်ချင်း ပြန် ရောက်သွားသည်။
လင်းကျိုးသည် ကျန်းချင်း၏ လှုပ်ရှားမှုများအတွင်းမှ ထွက်ပေါ်လာသော တက်ကြွသည့် ဇွဲလုံ့လနှင့် အက၏ ဆွဲဆောင်မှုကို မြင်လိုက်ရသဖြင့် မိမိကိုယ်ကို ပိုမိုတိုးမြှင့်လေ့ကျင့်ရန် ဆုံးဖြတ်လိုက်တော့သည်။
မင်ယွဲ့နှင့် ကျူးကျွင်းတို့၏ ရတနာဆိုင်မှာ မှတ်ပုံတင်ပြီးစီးသွားကာ ဖွင့်လှစ်ရန် အဆင်သင့် ဖြစ်နေပြီဖြစ်သည်။
ထို့ကြောင့် မင်ယွဲ့သည် ကျူးကျွင်းနှင့်အတူ ကျောက်စိမ်းကုန်ကြမ်းများ သွားရောက်ကြည့်ရှုရန် ထွက်လာခဲ့သည်။
ကျူးကျွင်းသည် မင်ယွဲ့ထက် အတွေ့အကြုံ ပိုမိုများပြားသူပီပီ သူမအား ရှေးဟောင်းလမ်းကြားလေးတစ်ခုအတွင်းသို့ ဦးဆောင်ခေါ်သွားခဲ့သည်။
"ရောက်ပြီ"
ကျူးကျွင်း ပြောလိုက်ချိန်တွင် ဆိုင်အတွင်း၌ ဖောက်သည်အတော်များများ ရှိနေသည်။
ဝန်ထမ်းတစ်ဦးက လာရောက်ကြိုဆိုသော်လည်း ကျူးကျွင်းက—
“တို့ဘာသာတို့ပဲ ကြည့်လိုက်မယ်၊ မင်း တခြားဧည့်သည်တွေကိုပဲ သွားဧည့်ခံလိုက်ပါ"
ဟု ဆိုကာ ဓာတ်မီးဖြင့် ကျောက်ရိုင်းတုံးများကို စစ်ဆေးတော့သည်။
မင်ယွဲ့သည်လည်း ဤဘာသာရပ်နှင့် ပတ်သက်သည့် စာအုပ်များကို ဖတ်ရှုဖူးသဖြင့် ကျောက်ရိုင်းတုံးများ၏ ကြည်လင်မှု၊ ဖွဲ့စည်းပုံနှင့် ချို့ယွင်းချက်များကို စတင်လေ့လာသည်။
ကျောက်စိမ်းလောင်းကစားခြင်း ဟု ခေါ်သည့်အတိုင်း ၎င်းမှာ စွန့်စားမှု အလွန်ကြီးမားလှသည်။ ဖြတ်တောက်မှု တစ်ချက်တည်းဖြင့်ပင် လူတစ်ဦးကို သူဌေးဖြစ်စေနိုင်သလို လုံးလုံးလျားလျား ဆင်းရဲသွားစေနိုင်သည့် 'မျက်ကန်း' စွန့်စားမှုမျိုး ဖြစ်သည်။
[ယွဲ့ယွဲ့... နင့်လက်ထဲက နွေဦးအရောင်တွေပါတဲ့ ကျောက်တုံးကို ဝယ်လိုက်တော့]
ယွမ်ပေါ့က မင်ယွဲ့၏ စိတ်ထဲမှနေ၍ တတွတ်တွတ် ပြောလာသည်။
[နင် ဘယ်လိုသိတာလဲ အထဲကို ဖောက်မြင်နေရလို့လား]
မင်ယွဲ့က အံ့အားသင့်စွာ မေးလိုက်သည်။
[ငါ့မှာ X-ray မျက်လုံးတော့ မရှိပါဘူး ဒါပေမဲ့ ငါက အဆင့်မြင့် နည်းပညာတစ်ခုလို့ပဲ သဘောထားလိုက်ပါ ငါ့ရဲ့ စမ်းသပ်နိုင်စွမ်းက အရမ်းကောင်းတယ်၊ အထဲက ကျောက်စိမ်းရဲ့ တုန်ခါမှုလှိုင်းတွေကို ကြည့်ပြီး အရည်အသွေးကို သိနိုင်တယ်]
မင်ယွဲ့သည် ကျောက်တုံးကို ပြန်မချဘဲ ဆက်လက်ကြည့်ရှုနေမိသည်။
[ဒီကိစ္စကို နောက်ထပ် မပြောပါနဲ့တော့ အဖြေကို ကြိုသိနေရတာက ရင်ခုန်စရာ မကောင်းတော့ဘူး ပြီးတော့ တခြားလူတွေလည်း ဒီမှာ လာပြီး ကံစမ်းနေကြတာပဲ၊ ငါက ဒီလိုလုပ်တာ မတရားသလို ခံစားရလို့ပါ]
ပညာရှင် ကျူးကျွင်းမှာမူ သူမ၏ ဗဟုသုတများကို အသုံးပြုကာ အလွန်ပင် ကျွမ်းကျင်ပိုင်နိုင်စွာ ကျောက်တုံးများကို ရွေးချယ်နေသည်။ သူတို့နှစ်ဦး ရှေ့ဆက်လျှောက်လာစဉ်တွင် ကျောက်ဖြတ်နေသော နေရာတစ်ခုသို့ ရောက်ရှိသွားသည်။
"ဟောင်းလီ... တို့တွေ ဒါကိုပဲ မေ့လိုက်ကြရအောင်လား ဒီနီရဲနေတဲ့ ကျောက်တုံးအတွက် ငါ ယွမ် နှစ်သန်း (၂,၀၀၀,၀၀၀) ပေးမယ်"
မင်ယွဲ့ လှမ်းကြည့်လိုက်သောအခါ အလွန်လှပသော ကျောက်နီတစ်တုံးကို တွေ့လိုက်ရသည်။
သုံးပုံတစ်ပုံခန့် ဖြတ်ထားပြီး ဖြစ်သော်လည်း အလယ်တွင် အက်ကြောင်းကြီးတစ်ခု ပေါ်နေသဖြင့် ဘေးလူများက စျေးကောင်းမပေးကြခြင်း ဖြစ်သည်။
ဟောင်းလီ ဟု ခေါ်သော အမျိုးသားမှာ သိသိသာသာ တုန်လှုပ်နေသည်။ သူသည် ကျောက်စိမ်းလောင်းကစားခြင်းဖြင့် ချမ်းသာလာကာ ရတနာဆိုင် ဖွင့်ခဲ့သူဖြစ်သည်။
သို့သော် ယခု ပြဿနာရှာနေသော အမျိုးသားနှင့် သူ၏ ဇနီးဟောင်းမှာ ဖောက်ပြန်ခဲ့ကြပြီး ဆိုင်ရှိ ရတနာအားလုံးကို ယူဆောင်ကာ ထွက်ပြေးသွားခဲ့သဖြင့် ယခုအခါ သူ၏ဆိုင်မှာ အခွံသာ ကျန်တော့သည်။
သူ့လက်ထဲတွင် နောက်ဆုံးကျန်ရှိသော ငွေ ခြောက်သိန်း (၆၀၀,၀၀၀) ဖြင့် ဤကျောက်ရိုင်းနှစ်တုံးကို ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
ဘုရားသခင်က သူ့အပေါ် နောက်တစ်ကြိမ် ကရုဏာထားဦးမလားဆိုသည်ကို သူ သိလိုလှသည်။
"ဆက်ဖြတ်မယ်"
ဟောင်းလီက စွန့်စား၍ အမိန့်ပေးလိုက်သည်။
"ဟောင်းလီရယ်... ရှောင်အာက နင့်ရဲ့ ဇနီးဟောင်းပဲဟာ၊ ငါ့ကို မယုံဘူးလား နင် ဒုက္ခရောက်နေတာ သိလို့ ဒီနှစ်သန်းကို ချေးငွေအနေနဲ့ သဘောထားလိုက်ပါ"
ထိုအမျိုးသား၏ လှောင်ပြုံးမှာ အလွန်ပင် ရွံရှာဖွယ်ကောင်းလှသဖြင့် ဟောင်းလီသည် ထိုသူအား ဝိုင်းဝန်းထိုးကြိတ်ချင်စိတ်ကို အံတုထိန်းချုပ်နေရတော့သည်။