← Chapters

အခန်း (၄၇၅-၄၇၆)

Vol. 48 Ch. 475-476

အခန်း (၄၇၅-၄၇၆)

Vol. 48 Ch. 475-476

အခန်း (၄၇၅) တုန်လှုပ်ချောက်ချားဖွယ်ရာ

"နင့်မှာ အရှက်ဆိုတာရော ရှိသေးရဲ့လား"

ဟောင်းလီသည် နာကျင်လွန်းသဖြင့် ရယ်မောမိတော့သည်။

"ဘာလို့ ဒီလိုလုပ်ရတာလဲ ဟုတ်လား... နင့် ထက်စာရင် ဟူကျိက ပိုပြီးစိတ်ဝင်စားဖို့ကောင်းသလို ပိုလည်း ရက်ရောတယ်လေ ကြည့်စမ်း... နင်က နေ့တိုင်း ရတနာအလုပ် လုပ်နေတာတောင် ငါ့ကိုကျတော့ အရမ်းစေးနှဲတာပဲ"

ထိုမိန်းမသည် သူမ၏ အမှားကို အမှားဟု မမြင်ဘဲ အမျိုးသားဖြစ်သူကိုသာ အပြစ်တင် စကား ဆိုနေတော့သည်။

"ငါ နင့်ကို ရတနာတွေ ပေးခဲ့တာ နည်းလို့လား ငါ နင့်အပေါ် ဘယ်လောက်ပဲ ဆိုးခဲ့ဆိုးခဲ့ နင် ငါ့ကို ကွာရှင်းခွင့် မရှိဘူး အခုတော့ နင်က ဖောက်ပြန်ရုံတင်မကဘူး ငါ့ရဲ့ ရတနာတွေကိုပါ ယူပြေးခဲ့တယ် အဲဒီ ရုပ်ဆိုးဆိုးမျက်နှာကြီးနဲ့ ငါ့ရှေ့မှာ လာပြီး မောက်မာမနေနဲ့"

ဟောင်းလီသည် ဒေါသကို မထိန်းနိုင်တော့ဘဲ တံမြက်စည်းကို ဆွဲကိုင်ကာ သူမအား ရိုက်နှက် ရန် ပြင်လိုက်သည်။

"ဖေဖေ..."

ကလေးငယ်၏ အော်ဟစ်သံ ထွက်ပေါ်လာသည်။

သို့သော် ထိုနုနယ်သော အသံသည် ဟောင်းလီ၏ နှလုံးသားကို ပျော့ပျောင်းသွားစေခြင်း မရှိဘဲ ပိုမို၍သာ ဒေါသကန်ထွက်စေခဲ့သည်။

သူသည် ဤသားသမီးမကွဲသည့် ကလေးများကို နှစ်ပေါင်းများစွာ ပြုစုပျိုးထောင်ခဲ့သော်လည်း တစ်ယောက်မျှ ကျေးဇူးသိတတ်သူ မပါခဲ့ပေ။

"ငါက နင့်အဖေ မဟုတ်ဘူး နင့်အဖေက ဟို လျိုဟူဆိုတဲ့ကောင်ပဲ ငါတို့မျိုးရိုးမှာ နင်တို့လို ကျေးဇူးကန်းတဲ့အကောင်မျိုး တစ်ယောက်မှ မရှိဘူး"

"ချင်းဖျင်... နင် ကလေးအပေါ် ဘယ်လိုဖြစ်ပြီး ဒီလိုစကားမျိုး ပြောရတာလဲ သူက ဘာမှမသိရှာဘူး၊ နင့်ကိုလည်း ဖေဖေလို့ ခေါ်လာတာ နှစ်တွေအများကြီးပဲဟာကို ဒီကိစ္စထဲမှာ သူ့ကို ဆွဲမထည့်သင့်ဘူးလေ"

ဟောင်းလီသည် ဤမျှအရှက်မရှိသော မိန်းမကို ကြည့်ကာ အံ့ဩလွန်းသဖြင့် ဒေါသပင် မထွက်

နိုင်တော့ဘဲ လှောင်ရယ် ရယ်မိတော့သည်။

"ဒါဆို နင့်ကို ငါက ကျေးဇူးတင်ရမှာပေါ့လေ"

"ကျေးဇူးတင်ဖို့တော့ မတောင်းဆိုပါဘူး ဒါပေမဲ့ ဒီနှစ်တွေအတွင်းမှာ ငါက နင့်ကို ဇနီးမယား၊ သားသမီးတွေနဲ့ ပြည့်စုံတဲ့ အိမ်ထောင်ရေးရဲ့ နွေး ထွေးမှုကို ပေးခဲ့တာပဲ မဟုတ်လား"

"ထွက်သွားစမ်း အခုချက်ချင်း ထွက်သွားကြ”

စိတ်ဓာတ်ပျက်ပြားနေသူများနှင့် စကားမပြောလိုတော့သဖြင့် သူသည် တံမြက်စည်းဖြင့် ကလေးနှစ်ယောက်ကိုပါ ရိုက်နှက်မောင်းထုတ်လိုက် တော့သည်။

"ငါတို့က ပိုက်ဆံလာချေးတာပါ၊ နောက်မှ ပြန်ဆပ်ပါ့မယ် တို့တွေ အတူတူနေလာတာ ဒီလောက်ကြာပြီပဲ၊ နင်က ဒီလောက်တောင် ရက်စက်ရလား နောက်ပြီး နင့်မှာက သုက်ပိုးအားနည်းတဲ့ရောဂါ ရှိနေတာလေ၊ နင့်မှာ ဘယ်တော့မှ သားသမီးရမှာ မဟုတ်ဘူး ငါ့သားက နင့်ကို ဖေဖေလို့ ခေါ်လာတာ နှစ်တွေအများကြီးပဲ၊ နင် သူ့အပေါ် ကောင်းသင့်တယ်..."

"ကောင်းပြီလေ... ငါ့မှာ အဲဒီရောဂါရှိတာ နင့်ကို အစကတည်းက ပြောပြခဲ့တာပဲ မဟုတ်လား အဲဒီတုန်းက နင်က ဂရုမစိုက်ဘူး၊ ငါ့ကိုပဲ လက်ထပ်ချင်တယ်ဆိုပြီး အခုကျမှ ဘာလို့ ဒီစကားတွေ လာပြောနေတာလဲ ငါ့မှာ သားသမီးမထွန်းကားနိုင်ဘူးဆိုရင်တောင် နင်တို့လို အောက်တန်းစားတွေရဲ့ သွေးပါတဲ့ ကလေးမျိုးကို ငါ မလိုချင်ဘူး နင့်ရဲ့ သားသမီးမကွဲတဲ့ ကလေးတွေကိုပါ ယူပြီး အခုချက်ချင်း ထွက်သွားလိုက်တော့"

သူတို့ကို မောင်းထုတ်ပြီးနောက် ဟောင်းလီသည် ဗီဒိုကို အမှီပြုကာ အသက်ကို ပြင်းပြင်းရှူနေရသည်။

သူ ပင်ပန်းနေသလော သို့မဟုတ် ဒေါသထွက်နေသလောဆိုသည်မှာ ခွဲခြားရန် ခက်ခဲလှသည်။

ကလေးအပေါ် သံယောဇဉ်မရှိဘဲ မည်သို့နေနိုင်ပါမည်နည်း။ ကလေးက ဆိုးသွမ်းသော်လည်း ရှစ်နှစ်တိုင်တိုင် အတူတူ နေထိုင်လာခဲ့သည် မဟုတ်ပါလား။

သူ သားသမီးမရနိုင်မှန်း သိထားသဖြင့် ဇနီးဖြစ်သူ ကိုယ်ဝန်ရလာချိန်တွင် ဘုရားသခင်ကို အကြိမ်ကြိမ် ကျေးဇူးတင်ခဲ့ဖူးသည်။

ခဲခဲယဉ်ယဉ် ရရှိခဲ့သော ဤကလေးကို သူ အလွန်မြတ်နိုးခဲ့သော်လည်း အဆုံးတွင် မိမိသွေးမပါမှန်း သိလိုက်ရချိန်၌ ထိုချစ်ခြင်းတို့သည် နက်ရှိုင်းသော နာကျည်းမှုများအဖြစ်သို့ ပြောင်းလဲသွားခဲ့ရသည်။

ဟူကျိ အဖမ်းခံလိုက်ရပြီဟု သူ ကြားသိရသည်။ ထိုသူသည် အမြဲတစေ ငွေညှစ်ခြင်းနှင့် ဒုစရိုက်မှုများ ကျူးလွန်နေသူဖြစ်ရာ ယခုအခါ တစ်စုံတစ်ဦးက တိုင်ကြားလိုက်သဖြင့် အဖမ်းခံရခြင်း ဖြစ်သည်။

၎င်းမှာ မင်ယွဲ့၏ လက်ချက်ဖြစ်နိုင်သည်ဟု သူ သံသယဝင်မိသည်။ သူသည် ဤဆိုင်ကို ဆက်မဖွင့်လိုတော့ပေ။ ဆိုင်ကို မြင်တိုင်း ကလေးကို ပေါင်ပေါ်တင်ကာ ဆော့ကစားခဲ့သည့် အတိတ် ရိပ်များကို ပြန်မြင်ယောင်နေမိသည်။

ထိုလှပသော အမှတ်တရတို့သည် ယခုအခါ အသက်ရှူကျပ်စေသော အဆိပ်အတောက်များ ဖြစ်လာခဲ့လေပြီ။

သူသည် ဆိုင်ရောင်းရန် ကြော်ငြာကပ်ထားစဉ် မထင်မှတ်ဘဲ မစ္စကျူးနှင့် တွေ့ဆုံခဲ့သည်။

"မင်္ဂလာပါ... ဘာကိစ္စရှိလို့လဲခင်ဗျာ"

ဟောင်းလီသည် သူမအား မင်ယွဲ့နှင့်အတူ ပါလာသူအဖြစ် မှတ်မိနေသည်။

"ကျွန်မမှာ ရတနာဆိုင် တစ်ဆိုင်ရှိပါတယ် ရှင်က ဒီမှာ ဆက်မလုပ်တော့ဘူးဆိုရင် ကျွန်မတို့ဆီမှာ ဝင်ရောက်လုပ်ကိုင်ဖို့ စိတ်ဝင်စားလားလို့ မေးချင်လို့ပါ"

မင်ယွဲ့နှင့် ကျူးကျွင်းတို့ ပူးပေါင်းဖွင့်လှစ်ထားသော 'ကျွင်းမင်' ရတနာဆိုင်မှာ ယခုအခါ ပန်းပုပညာရှင်နှင့် စီမံခန့်ခွဲသူများ လိုအပ်နေသည်။

မင်ယွဲ့က အပေါ်ယံမှသာ ကြီးကြပ်သူဖြစ်ပြီး ကျူးကျွင်းက ကျောက်စိမ်းထုဆစ်မှု၌သာ အာရုံစိုက်လိုသဖြင့် လုပ်ငန်းလည်ပတ်မှုကို ကျွမ်းကျင်စွာ ထိန်းကျောင်းပေးမည့်သူ တစ်ဦး လိုအပ်နေခြင်း ဖြစ်သည်။

"တကယ်လား... ကျွန်တော် လုပ်ပါ့မယ်"

ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်ခြင်းမှာ စွန့်စားမှု ကြီးမားလှသည်။

သူသည် အသက်အရွယ် ရလာသည်နှင့်အမျှ ထိုကဲ့သို့သော ရည်မှန်းချက်ကြီးမှုများ မရှိတော့ဘဲ စိတ်ချရသော အလုပ်ရှင်အောက်တွင် အေးဆေးစွာ အသက်မွေးလိုတော့သည်။ ထိုနေ့မှာပင် သူတို့ စာချုပ်ချုပ်ဆိုခဲ့ကြသည်။

အားလပ်ချိန်ကို အသုံးချကာ မင်ယွဲ့သည် ရှေ့နေရွှီခယ်နှင့် ကျူးကျွင်းတို့ကို ခေါ်ဆောင်၍

တောင်အာဖရိကသို့ တိုက်ရိုက်ထွက်ခွာခဲ့သည်။

ဆိုင်ကိစ္စများကိုမူ ဟောင်းလီအား လွှဲအပ်ထားခဲ့၏။ ယခုအခါ သူမ၏ စိန်တွင်းကြီးကို သွားရောက်ကြည့်ရှုရန် အချိန်တန်ပြီ ဖြစ်သည်။

"ဥက္ကဋ္ဌ... သက်တော်စောင့်တွေ မခေါ်သွားဘူးဆိုတာ သေချာရဲ့လား"

ရှေ့နေရွှီမှာ ပြည်ပသို့ ခရီးသွားလေ့ရှိသော်လည်း စိန်တွင်းသို့ သွားမည်ဟု ကြားလိုက်ရချိန်တွင် အလိုလို တင်းမာသွားရသည်။ သူတို့အဖွဲ့တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦးသာ ပါဝင်ပြီး မည်သူကမျှ ကိုယ်ခံပညာ ကျွမ်းကျင်ပုံမရပေ။

ရှေ့နေတစ်ဦးအနေဖြင့် အကျိုးအမြတ်အတွက် အသက်စွန့်သူများကို သူ အကြိမ်ကြိမ် တွေ့ဖူးထားသည်။

"မလိုအပ်ပါဘူး"

မင်ယွဲ့သည် လူဆိုးများကို မကြောက်သည်မဟုတ်ဘဲ မိမိ၏ အစွမ်းအစကို ယုံကြည်နေခြင်း ဖြစ်သည်။ သူမ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှု လေ့ကျင့်ခန်းများမှာ အလဟဿ မဖြစ်ခဲ့ပေ။

"ရှင် ကြောက်နေတယ်ဆိုရင်တော့ သက်တော်စောင့် ငှားပေးလို့ ရပါတယ်"

မင်ယွဲ့က ရွှီခယ်ကို ကြည့်ကာ စနောက်လိုက် သည်။ ရွှီခယ်မှာ နူးညံ့သော ပညာတတ်တစ်ဦးသာဖြစ်ပြီး ကိုယ်ခံပညာနှင့် အလှမ်းဝေးသူ ဖြစ်သည်။ ကျူးကျွင်းမှာလည်း ရင့်ကျက်သော အမျိုးသမီးတစ်ဦး ဖြစ်သော်လည်း ရန်ဖြစ်လျှင် အသာစီးရမည့်ပုံ မပေါ်ပေ။

"တကယ် ပြောတာပါ... သက်တော်စောင့် လိုအပ်တယ်ဆိုရင် ကျွန်မ ငှားပေးရမလား"

သူမတွင် ငွေကြေးချို့တဲ့မှု မရှိပေ။

"ဒါဆိုလည်း ထားလိုက်ပါတော့... ကျွန်တော် မလိုပါဘူး"

ရွှီခယ်သည် အမျိုးသားတစ်ဦးဖြစ်သဖြင့် မည်သည်ကိုမျှ မကြောက်ဟု ဆိုကာ ငြင်းဆိုလိုက်သလို ကျူးကျွင်းကလည်း သက်တော်စောင့်များနှင့် သွားလာရသည်မှာ အသားမကျသဖြင့် ခေါင်းယမ်းပြရှာသည်။

သူတို့အဖွဲ့သည် တောင်အာဖရိကသို့ ရောက်ရှိသောအခါ ဒေသခံအရာရှိများက လာရောက် ကြိုဆိုကြသည်။

"Welcome”

ရိုင်ယန် ဟု ခေါ်သော အမျိုးသားက အင်္ဂလိပ် ဘာသာဖြင့် နှုတ်ဆက်သည်။

မင်ယွဲ့တို့အဖွဲ့မှာလည်း နားလည်သဖြင့် ဆက်သွယ်ရေး၌ အခက်အခဲ မရှိခဲ့ပေ။ မင်ယွဲ့သည် စိန်တွင်း၏ အခြေအနေအရပ်ရပ်ကို ယွမ်ပေါ့ထံမှ သိရှိထားပြီးဖြစ်ရာ ရိုင်ယန်၏ ရှင်းပြချက်များကို တည်ငြိမ်စွာ နားထောင်နေခဲ့သည်။

"မစ္စမင်... ရှင်က စိန်တွေကို ပြည်တွင်းမှာပဲ ပြန်ရောင်းဖို့ စိတ်ကူးထားတာလား"

ကျူးကျွင်းက မေးလိုက်သည်။

ကိုယ်ပိုင်ရတနာဆိုင်ရှိသဖြင့် အကျိုးအမြတ်ကို မိသားစုအတွင်း၌သာ ထားရှိခြင်းက အကောင်းဆုံးဖြစ်လိမ့်မည်ဟု သူမ တွေးမိသည်။

"ဖီယာ စိန်တွင်းက ထွက်နှုန်းက အရမ်းများတယ်၊ အရင်က ပြည်ပကိုပဲ တင်ပို့ခဲ့တာ အခု ကျွန်မ ရောက်လာပြီဆိုတော့ ပြည်တွင်းရော ပြည်ပစျေးကွက်ကိုပါ နှစ်မျိုးလုံး ဆုပ်ကိုင်ထားရမှာပေါ့"

မင်ယွဲ့သည် တောင်အာဖရိကသို့ အဆင်သင့် ပြင်ဆင်လာခဲ့ခြင်း ဖြစ်သည်။

သူမသည် တရုတ်နွယ်ဖွား အလုပ်သမားများကို ရွေးချယ်ကာ စိန်တွင်းလုပ်ငန်းကို ကိုယ်တိုင်စီမံရန် ရည်မှန်းချက် ထားရှိသည်။

ယခင်က စိန်ကုန်ကြမ်းများကိုသာ ရောင်းချခဲ့သော်လည်း ယခုအခါ မင်ယွဲ့သည် တောင်အာဖရိကတွင် ဌာနချုပ်ဖွင့်လှစ်ကာ စိန်များကို ကိုယ်တိုင် ထုတ်လုပ်၊ ပြုပြင်၊ ရောင်းချသည့် လုပ်ငန်းစဉ်တစ်ခုလုံးကို ချုပ်ကိုင်ရန် ဆုံးဖြတ် လိုက်သည်။

ဤသည်မှာ 'ကျွင်းမင်' ရတနာဆိုင်အတွက်လည်း ကြီးမားသော အထောက်အပံ့ ဖြစ်လာပေလိမ့်မည်။

ကျူးကျွင်းသည် စိန်စျေးကွက်မှာ လက်ဝါးကြီးအုပ်ခံထားရသော နယ်ပယ်တစ်ခုဖြစ်သဖြင့် မင်ယွဲ့၏ ဤခြေလှမ်းမှာ ရတနာဆိုင်အတွက် အောင်မြင်မှု လမ်းစဖြစ်ကြောင်း သိမြင်လိုက်သည်။

နောက်တစ်နေ့တွင် ရိုင်ယန်သည် သူတို့အား ဖီယာစိန်တွင်းသို့ ခေါ်ဆောင်သွားခဲ့သည်။ ကားလေးမှာ လူသူကင်းဝေးရာသို့ တဖြည်းဖြည်း မောင်းနှင်သွားပြီးနောက် တစ်နေရာတွင် ရပ်တန့်သွားသည်။

"ဒါဟာ တောင်အာဖရိကမှာ နာမည်ကြီးတဲ့ စိန်ထွက်ရာ ဒေသတစ်ခုပါ၊ အလျား ကီလိုမီတာ ၈၀၀ ကျော်အထိ ရှည်လျားပါတယ်..."

ရိုင်ယန်၏ ရှင်းပြချက်များကို နားထောင်ရင်း သူတို့ ရှေ့ဆက်လျှောက်လာခဲ့ကြရာ မျက်စိတစ်ဆုံး မြင်တွေ့လိုက်ရသော မြင်ကွင်းကြောင့် အားလုံးမှာ မှင်သက် အံ့အားသင့်သွားကြတော့သည်။

အခန်း (၄၇၆) အဆင့်မြင့် အပြာရောင်စိန်ရိုင်း

ယွမ်ပေါ့သည် ပတ်ဝန်းကျင်အသစ်သို့ ရောက်ရှိသွားသဖြင့် အလွန်ပင် စိတ်လှုပ်ရှားနေရှာသည်။

မင်ယွဲ့သည် ယွမ်ပေါ့၏ အမြင်အာရုံမှတစ်ဆင့် ပိုမိုကျယ်ပြောသော ကမ္ဘာကြီးကို လှမ်းမျှော်ကြည့်ရှုနေမိသည်။

ယွမ်ပေါ့၏ အကြည့်မှာ ကောင်းကင်ယံမှ ငုံ့ကြည့်ရသကဲ့သို့ ဖြစ်ရာ အောက်ဘက်ရှိ လူနေအိမ်တန်းလျားများမှာ စီတန်းလျက်ရှိပြီး အဝေးတစ်နေရာတွင်မူ မိစ္ဆာတစ်ကောင်၏ မျက်လုံးသဖွယ် နက်ရှိုင်းလှသော တွင်းကြီးတစ်ခုက လူသားတို့ကို စွဲဆောင်နေသကဲ့သို့ ရှိနေတော့သည်။

ယွမ်ပေါ့သည် အရှိန်အဟုန်ဖြင့် အောက်သို့ ဆင်းသက်လာရာ မင်ယွဲ့လည်း ထိုမြင်ကွင်းကို အတူတူ ခံစားနေရသည်။

သို့သော် လှုပ်ခါမှု ပြင်းထန်လွန်းလှသဖြင့် မင်ယွဲ့သည် ယွမ်ပေါ့နှင့် အမြင်အာရုံ ချိတ်ဆက်မှုကို ချက်ချင်း ဖြတ်တောက်လိုက်ရသည်။ သူသည် ကိုယ်ပျောက်နေသူဖြစ်၍ မည်သူမျှ မြင်နိုင်မည် မဟုတ်သဖြင့် စိုးရိမ်စရာတော့ မရှိပေ။

ရိုင်ယန်၏ ဦးဆောင်မှုဖြင့် မင်ယွဲ့တို့ ရှေ့ဆက်လျှောက်လာခဲ့ကြသည်။ ခြေဖဝါးအောက်ရှိ မြေပြင်မှာ မြက်ခင်းပြင်မဟုတ်တော့ဘဲ ချွန်ထက်သော ကျောက်စိုင်ကျောက်ခဲများအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

အထက်စီးမှကြည့်လျှင် အံ့ဩဖွယ်ကောင်းသော ထိုတွင်းကြီးမှာ အနီးကပ်ကြည့်သောအခါတွင်မူ ကြောက်မက်ဖွယ်ကောင်းသော သားရဲနက်ကြီးတစ်ကောင်နှင့် တူလှသည်။

"ကျွန်တော်တို့ရဲ့ စိန်တွင်းဟာ တောင်အာဖရိကမှာ တတိယအကြီးဆုံးဖြစ်ပြီး တစ်ကမ္ဘာလုံးကို စိန်တွေ ဖြန့်ဖြူးပေးနေတာပါ"

ရိုင်ယန်က ဂုဏ်ယူဝင့်ကြွားစွာဖြင့် ရှင်းပြသည်။

ကျူးကျွင်းမှာမူ စိတ်လှုပ်ရှားစွာဖြင့် မြေပြင်ပေါ်၌ ထိုင်ချကာ ကျောက်ခဲများကို ကောက်ယူကြည့်ရှုနေမိသည်။ ရိုင်ယန်က ပြုံးလျက်—

“စမ်းကြည့်ချင်ရင် တူးကြည့်လို့ ရပါတယ်၊ ကံကောင်းရင် စိန်တစ်လုံးလောက် တွေ့နိုင် တယ်လေ"

ဟု ဆိုလိုက်သည်။

ရှေ့နေရွှီခယ်ပါ ထိုင်ချကာ လိုက်လံကြည့်ရှုတော့သည်။

ထို့နောက် မင်ယွဲ့တို့အဖွဲ့သည် စိန်တူးဖော်နေဆဲဖြစ်သော တွင်းထဲသို့ ဝင်ရောက်ခဲ့ကြသည်။

အလုပ်သမားများစွာမှာ စနစ်တကျ အလုပ်လုပ်နေကြပြီး အစိမ်းသက်သက် စက်ကိရိယာကြီးများမှာလည်း တဂျုံးဂျုံးဖြင့် လည်ပတ်နေကြသည်။

"တွေ့ပြီ... တွေ့ပြီဟေ့”

မင်ယွဲ့တို့အဖွဲ့ ထွက်ခွာရန် ပြင်ဆင်နေစဉ်မှာပင် စိန်တွင်းထဲမှ ဝမ်းသာအားရ အော်ဟစ်သံများ ထွက်ပေါ်လာသည်။

ရိုင်ယန်၏ မျက်နှာတွင်လည်း ထိန်းမနိုင်သိမ်းမရသော ပျော်ရွှင်မှုတို့ ထင်ဟပ်သွားရသည်။

ဤကဲ့သို့သော အခြေအနေမျိုးမှာ စိန်တွင်း၌ အလွန်ရှားပါးလှပြီး ၎င်းမှာ ထိပ်တန်းအရည်အသွေးရှိသော စိန်တစ်လုံးကို တွေ့ရှိလိုက်ခြင်းပင် ဖြစ်သည်။

"သွားကြည့်ကြရအောင်"

မင်ယွဲ့က စိတ်ဝင်တစားဖြင့် ဦးဆောင်ထွက်ခွာခဲ့ရာ ရိုင်ယန်ကလည်း နောက်မှ အပြေးလိုက်ပါလာခဲ့သည်။

ရိုင်ယန် ရောက်သွားသည်နှင့် အလုပ်သမားများမှာ လမ်းဖယ်ပေးကြသည်။ ထိုနေရာတွင် ရိုင်ယန်၏ သြဇာအာဏာ မည်မျှကြီးမားကြောင်း သိသာလှသည်။

စိန်တူးဖော်ရေးအဖွဲ့ခေါင်းဆောင်က ထိုစိန်ရိုင်းကို ရိုင်ယန်ထံ ကမ်းပေးလိုက်ရာ ရိုင်ယန်က ကိုယ်တိုင်မကြည့်ဘဲ မင်ယွဲ့ထံသို့ ရိုသေလေးစားစွာ ချက်ချင်း လွှဲပြောင်းပေးအပ်လိုက်

တော့သည်။

ကျူးကျွင်း၏ မျက်လုံးများမှာ တောက်ပသွားရသည်။ ၎င်းမှာ အပြာရောင်စိန် တစ်လုံးဖြစ်ပြီး အသားအရောင်နှင့် တောက်ပမှုမှာ အဆင့်မြင့်လှသည်။

အလေးချိန်မှာလည်း တစ်ပေါင် (၄၅၀ ဂရမ်ခန့်) ထက်မနည်း ရှိပေလိမ့်မည်။

မင်ယွဲ့၏ လက်ထဲတွင် ထိုစိန်ရိုင်းမှာ လေးလံနေပြီး ၎င်း၏ စစ်မှန်သော အပြာရောင်မှာ ကြည်လင်သော ကောင်းကင်ပြာ သို့မဟုတ် နက်ရှိုင်းသော သမုဒ္ဒရာနှင့် တူလှသည်။

သဘာဝတရား၏ လက်ဆောင်မွန်ကြောင့် မင်ယွဲ့ပင်လျှင် ခေတ္တမျှ မှင်သက်သွားရသည်။

"အမြန်ချိန်ကြည့်လိုက်စမ်း"

ရိုင်ယန်၏ အမိန့်အရ ချိန်တွယ်ကြည့်သောအခါ ထိုစိန်ရိုင်းမှာ (၈၀၀ ဂရမ်) လေးလံနေသည်။

သဘာဝအပြာရောင်စိန်မှာ အလွန်ရှားပါးလှသဖြင့် ၎င်း၏ စျေးကွက်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ တစ်ဘီလီယံကျော် ရှိနိုင်ပြီး အချောသတ် ထုဆစ်ပြီးပါက ဖြတ်မရသော တန်ဖိုးရှိလာပေလိမ့်မည်။

"အနားသတ်တွေကလည်း စုံလင်ပြီး တန်ဖိုးအလွန်ကြီးမားတဲ့ ပစ္စည်းပဲ"

ကျူးကျွင်းက မှန်ဘီလူးကို ပြန်ချကာ မင်ယွဲ့အနားတွင် ရပ်လျက် မှတ်ချက်ပေးသည်။

"သူတို့ကို ဆုကြေးပေးလိုက်ပါ ဒီအဖွဲ့ကို တစ်ယောက် ဒေါ်လာ ငါးထောင် (၅,၀၀၀) စီ ပေးမယ်၊ ကျန်တဲ့ အလုပ်သမားတွေကိုတော့ တစ်ယောက် ဒေါ်လာ တစ်ထောင် (၁,၀၀၀) စီ ပေးမယ်"

မင်ယွဲ့က မိန့်ကြားလိုက်သည်။

အလုပ်သမားများမှာ မင်ယွဲ့၏ မမျှော်လင့်သော ရက်ရောမှုကြောင့် အားရပါးရ အော်ဟစ်ကာ ဂုဏ်ပြုကြတော့သည်။ မင်ယွဲ့သည် ထိုစိန်ရိုင်းကိုယူကာ ရိုင်ယန်နှင့်အတူ ထွက်ခွာခဲ့သည်။

"ဖီယာစိန်တွင်းက ထွက်တဲ့စိန်တွေကို တို့ဘာသာတို့ပဲ အရင်ဦးစားပေး ယူမယ်၊ ပိုတာကိုမှ အပြင်ကို ရောင်းမယ် ရိုင်ယန်... ရှင်က ဒီစိန်တွင်းကို ကူညီပြီး စီမံပေးပါ လုပ်ငန်းတွေ တည်ငြိမ်သွားရင် ရှင့်ကို ရှယ်ယာ ၁၀ ရာခိုင်နှုန်း ပေးမယ်"

မင်ယွဲ့က ရိုင်ယန်ကို လုပ်ပိုင်ခွင့်များ အပ်နှင်းလိုက်သည်။

"တရုတ်စျေးကွက်ကိုတော့ ကျွန်မဘာသာ တာဝန်ယူမယ်၊ တခြားနိုင်ငံက စျေးကွက်တွေကိုတော့ ရှင်ပဲ တိုးချဲ့ပေးပါ"

"ကျွန်တော် ဥက္ကဋ္ဌရဲ့ ယုံကြည်မှုကို အကောင်းဆုံး တုံ့ပြန်ပါ့မယ်”

ရိုင်ယန်က လေးစားစွာ အရိုအသေပေးသည်။

မင်ယွဲ့သည် ရိုင်ယန်ကို ယုံကြည်လွန်း၍မဟုတ်ဘဲ သူမ၏ နည်းပညာစွမ်းပကားဖြင့် မိုင်ပေါင်းများစွာ အကွာမှနေ၍ ရိုင်ယန်၏ လှုပ်ရှားမှုမှန်သမျှကို ထိန်းချုပ်နိုင်သောကြောင့်သာ ဤမျှ စိတ်ချလက်ချ အပ်နှင်းထားခြင်း ဖြစ်သည်။

ရိုင်ယန် ထွက်သွားပြီးနောက် ကျူးကျွင်းက—

"မစ္စမင်... သူ့ကို ယုံကြည်တာ များမသွားဘူးလား"

ဟု စိုးရိမ်တကြီး မေးမြန်းလာသည်။

မင်ယွဲ့က ဆိုဖာပေါ်တွင် ပျင်းရိစွာ မှီထိုင်ရင်း ဆံပင်ကို သပ်လိုက်ကာ—

“သူ့ကို ယုံတာမဟုတ်ဘူး၊ ကိုယ့်ကိုယ်ကိုယ် ယုံတာပါ ပြီးတော့ ကျွန်မ ဒီကိုမလာခင်ကတည်းက သူ့အကြောင်းကို စုံစမ်းပြီးသားပါ"

ဟု အေးဆေးတည်ငြိမ်စွာ ဆိုလိုက်သည်။

"ဥက္ကဋ္ဌကြီးရှင့်... ကျွန်တော့်ကိုကျတော့ ဘာလို့ ဒီလိုအခွင့်အရေးမျိုး မပေးတာလဲ"

ရွှီခယ်က နောက်ပြောင်လိုက်သည်။

"ရှင်က တောင်အာဖရိကမှာ စိန်တူးချင်လို့လား မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး"

မင်ယွဲ့က ပြန်လည်စနောက်လိုက်ရာ ကျူးကျွင်းပါ လိုက်၍ ရယ်မောမိတော့သည်။

"ကျွန်တော့်လက်က စိန်တူးဖို့ သင့်တော်ရဲ့လား ကြည့်ပါဦး"

ရွှီခယ်က သူ၏ ဖြူသွယ်သော လက်ချောင်းများကို ထုတ်ပြကာ သက်ပြင်းချလိုက်သည်။

"ရှင်ကတော့ အိမ်ပြန်ပြီး ကလောင်တံကိုပဲ ကိုင်

ပါ၊ ကျွန်မရဲ့ ထိပ်တန်းရှေ့နေကြီးပဲ လုပ်ပါတော့"

မင်ယွဲ့က ပြုံးလျက် ခေါင်းယမ်းလိုက်သည်။

"ရှင့်ရဲ့ ခန္ဓာကိုယ်နဲ့တော့ စိန်တူးဖို့ ဝေးသေးတယ်"

ကျူးကျွင်းကလည်း ရွှီခယ်ကို တစ်ချက် ကြည့်ကာ—

“ဟုတ်တယ်"

ဟု တစ်ခွန်းတည်းဖြင့် ထောက်ခံလိုက်သဖြင့် ရွှီခယ်မှာ မိမိကိုယ်ကို အားကိုးရာမဲ့သကဲ့သို့ ခံစားလိုက်ရတော့သည်။

All Chapters