အခန်း (၄၇၇-၄၇၈)
Vol. 48 Ch. 477-478
အခန်း (၄၇၇) လုယက်ခံရမှာကို တကယ် ကြောက်နေမိတာ
အမှန်တရားဟူသည်မှာ မည်မျှပင် ဖုံးကွယ်ထားစေကာမူ အဆုံးတွင် ပေါ်ပေါက်မြဲဖြစ်သည်။
မင်ယွဲ့သည် တောင်အာဖရိကမှ ထွက်ခွာပြီးမှသာ ဤသတင်းကို ထုတ်ပြန်ရန် ရည်ရွယ်ခဲ့သော်လည်း မမျှော်လင့်ဘဲ နောက်တစ်နေ့မှာပင် အရာအားလုံးမှာ ဟိုးလေးတကျော် ဖြစ်သွားခဲ့သည်။
#ဖီယာစိန်တွင်းမှ အဆင့်မြင့် အပြာရောင်စိန်ရိုင်း တစ်လုံး ထပ်မံထွက်ရှိလာပြီဖြစ်ကြောင်းနှင့် ၎င်း၏ အလေးချိန်မှာ ဂရမ် ၈၀၀ ကျော်ရှိသဖြင့် တန်ဖိုးဖြတ်မရနိုင်အောင် ရှိနေကြောင်း......#
မင်ယွဲ့သည် ဖုန်းမှ သတင်းပေးချက်များကို ပိတ်လိုက်ကာ ကျူးကျွင်းတို့နှင့်အတူ နံနက်စာသုံးဆောင်ရန် အောက်ထပ်သို့ ဆင်းလာခဲ့သည်။
ဟိုတယ်စားသောက်ဆိုင်အတွင်း၌လည်း လူတိုင်း၏ ပါးစပ်ဖျားတွင် ထိုသတင်းကသာ နေရာယူထားလေသည်။
"ဖီယာစိန်တွင်းကတော့ ဒီတစ်ခါ တကယ်ကို နာမည်ကြီးသွားပြီပဲ"
"ဒီလောက် ကြီးမားတဲ့ အပြာရောင်စိန်ရိုင်းမျိုး ထွက်လာမှတော့ ဘယ်လိုလုပ်ပြီး လူမသိအောင် နေလို့ရတော့မှာလဲ"
"ဒါနဲ့ ဖီယာစိန်တွင်းရဲ့ ပိုင်ရှင်က ဘယ်သူလဲဆိုတာ အခုထိ လျှို့ဝှက်ချက်ပဲနော်"
"လူအတော်များများ စုံစမ်းနေကြပေမဲ့ ဘာမှ ထူးခြားမလာဘူး"
ကျူးကျွင်းနှင့် ရွှီခယ်တို့သည် ဘေးပတ်ဝန်းကျင်မှ အင်္ဂလိပ်ဘာသာဖြင့် ပြောဆိုနေကြသည်များကို အာရုံစိုက် နားထောင်နေကြသော်လည်း မင်ယွဲ့ကမူ ကော်ဖီကိုသာ အေးအေးလူလူ သောက်နေခဲ့သည်။
"ကျွန်မကို အဲဒီလို လာမကြည့်ကြနဲ့လေ"
သူမသည် ကော်ဖီခွက်ကို မသိမသာ ပြန်ချလိုက်သည်။
အာရုံခံစားမှု ထက်မြက်လှသော သူမအဖို့ ဘေးလူများ၏ ပြောစကားများကို မကြားချင်မှအဆုံး ဖြစ်နေရသည်။
"မင်ယွဲ့... နင် သက်တော်စောင့်အချို့ ငှားသင့် တယ်နော် ရတနာရှိတာဟာ အပြစ်တစ်ခုပဲ၊ အခု နင်က လူတိုင်းမျက်စိကျနေတဲ့ သိုးတစ်ကောင်လို ဖြစ်နေတာ တောင်အာဖရိကက တရုတ်ပြည်လို ဘေးကင်းတာမဟုတ်ဘူး"
ကျူးကျွင်းက သမ္မတအဆင့်အခန်း သို့ ရောက်သည်နှင့် စိုးရိမ်တကြီး အကြံပြုလိုက် သည်။
"ကျွန်တော်လည်း အဲဒီလိုပဲ ထင်တယ် ဒီလောက် ရှားပါးပြီး တန်ဖိုးကြီးတဲ့ အပြာရောင်စိန်ကို လက်ထဲမှာ ကိုင်ထားတာ သိသွားရင် လူတွေက နင့်ကို ဝိုင်းပြီး လုကြလိမ့်မယ်"
ရွှီခယ်ကလည်း ထောက်ခံလေသည်။
"ရုတ်တရက်ကြီး သက်တော်စောင့်တွေ ငှားလိုက်ရင် ပိုပြီး သံသယဖြစ်စရာ မကောင်းဘူးလား"
မင်ယွဲ့က ပြုံးလျက် ဆိုလိုက်သည်။
သူမတွင် ကိုယ်ပိုင် အာကာသဟင်းလင်းပြင် ရှိနေသဖြင့် စိန်ကို သိမ်းဆည်းရန်အတွက် ဘေးကင်းမှုပိုင်းတွင် အခြားသူများထက် ပိုမိုစိတ်ချထားပြီးသား ဖြစ်သည်။
မကြာမီ ရိုင်ယန် ရောက်ရှိလာကာ—
"မစ္စမင်... ရှေ့ဆက်ပြီး ဘယ်လိုလုပ်ဖို့ စီစဉ်ထားပါသလဲ"
ဟု မေးမြန်းလာသည်။
စိန်ရိုင်းတွေ့ရှိသည့်သတင်းမှာ လျှို့ဝှက်ထား၍ မရတော့သဖြင့် ၎င်းကို အခွင့်ကောင်းယူကာ အမှတ်တံဆိပ်ကို လူသိအောင် လုပ်ဆောင်ရန် အကောင်းဆုံးအချိန်ပင် ဖြစ်သည်။
"မကြာခင်မှာ ပြပွဲတွေရှိလား တို့ရဲ့ အပြာရောင်စိန်ကို ပြပွဲတွေမှာ ထည့်သွင်းပြသပြီး တို့ရဲ့ 'ချန်ကျွမ်း' အမှတ်တံဆိပ်ကို လူသိအောင် လုပ်
မယ်" မင်ယွဲ့က ဆုံးဖြတ်ချက် ချလိုက်သည်။
'ချန်ကျွမ်း' ဟူသော အမည်သည် သူမ၏ အမည်ဖြစ်သော မင်ယွဲ့ (လမင်း) နှင့်လည်း ဆီလျော်မှုရှိသလို မိုင်ပေါင်းထောင်ချီဝေးကွာသော်လည်း လမင်းတစ်စင်းတည်းကို အတူတူ ကြည့်ရှုနေကြသည်ဟူသော လေးနက်သည့် အဓိပ္ပာယ်ကိုလည်း ဆောင်လေသည်။
စိန်၏ ထာဝရတည်မြဲမှုနှင့် သန့်စင်မှုတို့အတွက် ထိုအမည်မှာ အလွန်ပင် သင့်လျော်လှပေသည်။
ပြပွဲကျင်းပသည့်နေ့တွင် မင်ယွဲ့သည် ကျူးကျွင်း၊ ရွှီခယ်တို့နှင့်အတူ တက်ရောက်ခဲ့သည်။ အပြာရောင်စိန်ရိုင်းကြီးကို ကျည်ကာမှန်ဗီဒိုအတွင်း ထည့်သွင်းကာ ခန်းမ၏ အလယ်ဗဟိုတွင် ထားရှိထားသည်။
စိန်၏ အောက်ခြေတွင်မူ—
ရှားပါး အပြာရောင်စိန် (လမင်း၏ နှလုံးသား)
အလေးချိန် - ၆၈၉ ဂရမ်
ထွက်ရှိရာ - ဖီယာစိန်တွင်း၊ တောင်အာဖရိက
ကုမ္ပဏီ - ချန်ကျွမ်း
ဟူ၍ အင်္ဂလိပ်၊ တရုတ် နှစ်ဘာသာဖြင့် ကမ္ပည်းထိုးထားသည်။
တရုတ်စာဖြင့် ရေးထိုးထားသည်ကို မြင်သောအခါ အချို့သော နိုင်ငံခြားသား ကုန်သည်များမှာ မကျေမနပ် ဖြစ်ကြသော်လည်း
ရိုင်ယန်က—
“ချန်ကျွမ်း အမှတ်တံဆိပ်နဲ့ ဖီယာစိန်တွင်းရဲ့ ပိုင်ရှင်ဟာ တရုတ်လူမျိုး ဖြစ်ပါတယ် မိမိရဲ့ မိခင်ဘာသာစကားကို အသုံးပြုတာဟာ ဘာမှ အပြစ်မရှိပါဘူး"
ဟု ပြတ်သားစွာ တုံ့ပြန်လိုက်သောအခါ အားလုံးမှာ မှင်သက်သွားကြတော့သည်။
တောင်အာဖရိကမှ မထွက်ခွာမီ ဖီယာစိန်တွင်းမှ နောက်ထပ် ဂရမ် ၂၀၀ လေးသော အပြာရောင် စိန်တစ်လုံး ထပ်မံထွက်ရှိလာခဲ့ပြန်သည်။
ဤဖြစ်ရပ်စဉ်များကြောင့် ဖီယာစိန်တွင်း၏ နာမည်မှာ ကမ္ဘာ့စျေးကွက်တွင် တစ်ဟုန်ထိုး တက်လာခဲ့သည်။ မင်ယွဲ့သည် 'လမင်း၏ နှလုံးသား' စိန်ကြီးကို တောင်အာဖရိကရှိ ဆိုင်တွင် အထိမ်းအမှတ်အဖြစ် ထားရှိခဲ့ပြီး အခြားစိန်အချို့ကိုမူ တရုတ်ပြည်သို့ ယူဆောင်လာခဲ့သည်။
တရုတ်ပြည်သို့ ပြန်ရောက်သောအခါ လေဆိပ် တွင် ရွှီခယ်နှင့် ကျူးကျွင်းတို့မှာ သက်ပြင်းအရှည်ကြီးကို ချလိုက်ကြသည်။
“နောက်ဆုံးတော့ တရုတ်ပြည်ကို ပြန်ရောက်ပြီလမ်းတစ်လျှောက်လုံး လုယက်ခံရမှာကို တကယ်ကြောက်နေမိတာ"
ဟု ကျူးကျွင်းက ဆိုသည်။
ရွှီခယ်ကလည်း—
“ကျွန်တော်လည်း အတူတူပါပဲ စိန်တွေရဲ့ တန်ဖိုးက ကျွန်တော့်အသက်ထက်တောင် ပိုကြီးနေသေးတယ်"
ဟု ဟာသလုပ်ကာ ပြောရှာသည်။
အိမ်ပြန်ရောက်ပြီးနောက် မင်ယွဲ့သည် ကျန်းယန် အတွက် သီချင်းများ ရေးပေးရန် အာရုံစိုက် တော့သည်။
သူမသည် စာရွက်များပေါ်တွင် စာသားများကို အကြိမ်ကြိမ် ပြင်ဆင်ရေးသားကာ ဂီတတူရိယာများကို တီးခတ်လျက် အကောင်းဆုံးသော သံစဉ်များကို ဖန်တီးနေခဲ့သည်။
ထို့နောက် သူမသည် 'ကျွင်းမင်' ရတနာဆိုင်သို့ ထွက်လာခဲ့သည်။
ယခုအခါ အရှေ့ဘက် လုပ်ငန်းလမ်းမပေါ်ရှိ အဆောက်အအုံတစ်ခုလုံးမှာ 'ကျွင်းမင် ရတနာဆိုင်' ဟူသော အမည်ဖြင့် ခန့်ညားထည်ဝါစွာ ပြောင်းလဲနေပြီ ဖြစ်သည်။
အတွင်းပိုင်း ပြင်ဆင်မှုများမှာလည်း ပြီးပြည့်စုံနေကာ ရတနာဆိုင်ကြီး၏ အရှိန်အဝါမှာ ဆယ် မီတာအကွာမှပင် ထင်ရှားသိသာနေတော့သည်။
အခန်း (၄၇၈) ဘယ်ကိုသွားပြီး လျှောက်သွားနေတာလဲ
မင်ယွဲ့သည် ရတနာဆိုင်အတွင်းသို့ ခြေလှမ်းလှမ်းလိုက်သည်နှင့် တောက်ပလှပသော ရွှေရောင်အလင်းတန်းများက သူမအား ဆီးကြိုနှုတ်ဆက်လေတော့သည်။
ပထမထပ်တွင် အဓိကအားဖြင့် ရွှေထည်ရတနာများကို ရောင်းချခြင်းဖြစ်ရာ အတွင်းပိုင်းပြင်ဆင်မှုမှာလည်း ရွှေရောင်လွှမ်းနေပြီး မှန်ဗီဒို များကိုပင် ရွှေအနားသတ်များဖြင့် စီခြယ်
ထားသည်။
သို့သော် အလွန်အမင်း ကြွားဝါခြင်းမျိုး မဖြစ်စေရန် ထိုရွှေရောင်ဒီဇိုင်းများအား နဂါးရုပ်ကဗျာကလောင်များဖြင့် အနုစိတ်ထုဆစ်ထားသဖြင့် ပိုမိုခန့်ညားထည်ဝါပြီး တည်ကြည်လှပသည့် အသွင်ကို ဆောင်နေတော့သည်။
မင်ယွဲ့၊ ကျူးကျွင်းနှင့် ဟောင်းလီတို့သည် ဒုတိယထပ်သို့ တက်လာခဲ့ကြရာ ထိုနေရာ၏ အပြင် အဆင်မှာ သိသိသာသာ ပြောင်းလဲသွားသည်။
လတ်ဆတ်သော အဖြူရောင်ဖျော့ဖျော့ကို အခြေခံထားပြီး ရိုးရှင်းသော်လည်း အဆင့်အတန်းရှိလှကာ ကောင်တာများမှာလည်း အရောင်နုများဖြင့်သာ ပြင်ဆင်ထားသည်။
ဤအထပ်သည် စိန်ထည်ပစ္စည်းများကို ရောင်းချရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။
တတိယထပ်သို့ ခြေချလိုက်ချိန်တွင်မူ မင်ယွဲ့သည် အခြားကမ္ဘာတစ်ခုသို့ ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရသည်။
ကြမ်းပြင်မှစ၍ နံရံများအထိ သစ်သားစစ်စစ်များကိုသာ အသုံးပြုထားသည့် ရှေးဟောင်းပုံစံ အပြင်အဆင်မှာ ရင်သပ်ရှုမောဖွယ် ကောင်းလှသည်။
ဤနေရာ၌ ကျောက်စိမ်းရတနာများကို ရောင်းချမည်ဖြစ်ရာ ရှေးဟောင်းအငွေ့အသက်နှင့် ကျောက်စိမ်းတို့ ပေါင်းစပ်ထားမှုက ပိုမိုနက်ရှိုင်းကာ ကျက်သရေရှိသော လေထုကို ဖန်တီးပေးထားသည်။
"အခုဆိုရင် တို့တွေ ရတနာဒီဇိုင်နာတွေကို စတင်ခေါ်ယူလို့ ရပါပြီ"
မင်ယွဲ့က ဆိုင်အတွင်းကြည့်ရင်း ဆိုလိုက်သည်။
ကျူးကျွင်းနှင့် ဟောင်းလီ နှစ်ဦးတည်းဖြင့်သာ ရေရှည်အတွက် မလုံလောက်ပေ။
အမှတ်တံဆိပ်တစ်ခု ခိုင်မာစေရန် ကိုယ်ပိုင် ဖန်တီးမှုများမှာ မရှိမဖြစ် လိုအပ်လှသည်။
ရတနာလုပ်ငန်းတွင် အကျိုးအမြတ်အများဆုံး ရရှိသည်မှာ ဒီဇိုင်းပိုင်းမှ ဖြစ်သဖြင့် ချမ်းသာကြွယ်ဝသူများအကြား ထိုးဖောက်နိုင်ရန် ထူးခြားသော ဖန်တီးမှုများ လိုအပ်ပေသည်။
ရတနာဆိုင်လုပ်ငန်းများ အသားကျလာပြီးနောက် မင်ယွဲ့သည် သီချင်းစာသားနှင့် သံစဉ်ဖန်တီးမှုများဘက်သို့ ပြန်လည်အာရုံစိုက်ခဲ့သည်။
သူမသည် ချန်ယွဲ့ ဖျော်ဖြေရေးကုမ္ပဏီသို့ ရောက်ရှိလာကာ ဝမ်ကျန်း၏ ရုံးခန်းသို့ တိုက်ရိုက်သွားခဲ့သည်။
"အလုပ်များနေတဲ့ လူကြီး... ဒီနေ့ ဘာကိစ္စနဲ့ ငါ့ဆီ ရောက်လာတာလဲ"
ဝမ်ကျန်းက ဝမ်းသာအားရ ကြိုဆိုသည်။
သူမသည် လုပ်ငန်းခွင်မှ တည်ငြိမ်မှုများကို ခဏဖယ်ထားကာ မင်ယွဲ့အနားသို့ ချွဲနွဲ့စွာ ကပ်ထိုင် လိုက်သည်။
“ပင်ပန်းလိုက်တာဟာ... အလုပ်ရှင်လုပ်ရတာ တကယ်ကို လူပန်းစိတ်ပန်းပဲ"
မင်ယွဲ့က သူမ၏ ပခုံးကို ပုတ်ကာ ပြုံးလျက် ဆိုလိုက်သည်။
"ကဲပါ... နင်က ဗီလာကြီးတွေ၊ ကားကောင်းကြီးတွေကို မလိုချင်တော့ဘူးလား အလုပ်ကိုပဲ အာရုံစိုက်စမ်းပါ၊ ဒါမှ နင့်ဝမ်းကွဲအစ်မကို မနာလိုဖြစ်ပြီး သေမတတ်ဖြစ်အောင် လုပ်နိုင်မှာပေါ့"
ထို့နောက် မင်ယွဲ့သည် ကျန်းယန် ၏ အခြေအနေကို မေးမြန်းခဲ့သည်။ ကျန်းယန်သည် သင်တန်းများကို ကြိုးစားသင်ယူနေပြီး ဆရာများကလည်း သူ၏ အသံမှာ ထူးခြားကောင်းမွန်သဖြင့် ပြုစုပျိုးထောင်ရန် ထိုက်တန်ကြောင်း ချီးကျူးကြသည်။
မင်ယွဲ့သည် ကျန်းယန်အား သူမ ပြင်ဆင်လာသော သီချင်းငါးပုဒ်ကို ပေးအပ်လိုက်ရာ ကျန်းယန်နှင့် သူ၏ မန်နေဂျာ မစီ တို့မှာ အတိုင်းမသိ ဝမ်းသာသွားကြတော့သည်။
"ဒီငါးပုဒ်လုံးကို ကျွန်တော် ဆိုရမှာလား"
ကျန်းယန်က မျှော်လင့်ချက်အပြည့်ဖြင့် မေးသည်။
"ဟုတ်တယ်၊ နင် သဘောကျရင် အကုန်ဆိုနိုင် တယ် ဒါပေမဲ့ အဆိုတော်တစ်ယောက်အနေနဲ့ ကြီးထွားလာဖို့ဆိုရင် သီချင်းဆိုတတ်ရုံတင်မကဘဲ စာသားနဲ့ သံစဉ်ကိုပါ ကိုယ်တိုင် ဖန်တီးနိုင်စွမ်း ရှိရမယ် ပထမအယ်လ်ဘမ်ကိုတော့ ငါကူညီပေးမယ်၊ နောက်ပိုင်းမှာတော့ နင်ကိုယ်တိုင် ပါဝင် နိုင်ဖို့ မျှော်လင့်တယ်"
မင်ယွဲ့က သူမ၏ မျှော်မှန်းချက်ကို ပြောကြားလိုက်သည်။
မင်ယွဲ့သည် ကုမ္ပဏီမှ ထွက်ခွာလာပြီးနောက် ရှင်းယောင်အုပ်စု ၏ သုတေသနဌာနသို့ သွားရောက်ကာ ပညာရှင်များထံမှ ဆက်လက်သင်ယူနေစဉ်မှာပင် ယွမ်ပေါ့၏ အရေးပေါ် သတိပေးသံကို ကြားလိုက်ရသည်။
[ယွဲ့ယွဲ့... မြန်မြန်လာပါဦး၊ အကူအညီလိုနေတဲ့သူ တစ်ယောက်ရှိလို့]
[နင် ဒီတစ်ခါရော ဘယ်ကမ္ဘာအရပ်ကို လျှောက်သွားနေတာလဲ]
မင်ယွဲ့က စိတ်ထဲမှ ပြန်မေးလိုက်သည်။
[ငါ အခု F ပြည်နယ်ရဲ့ ကမ်းခြေမှာ ရောက်နေတာ လူတစ်ယောက် အလိုက်ခံနေရတယ်၊ မြန်မြန်လာခဲ့]
မင်ယွဲ့သည် မိုဟန်ကျီ ကို အကျိုးအကြောင်းပြောကာ ချက်ချင်းပင် ထွက်ခွာခဲ့သည်။
သူမသည် ယွမ်ပေါ့၏ ရှင်းပြချက်အရ အခြေအနေကို နားလည်လိုက်ရသည်။
ချန်ကွမ်းချွမ်း ဟူသော သုတေသနပညာရှင်မှာ ရေဒါများကို အန်တုနိုင်သည့် ဆေးသုတ်နည်းပညာသစ်ကို ဖော်ထုတ်နိုင်ခဲ့သူ ဖြစ်သည်။
ထိုလျှို့ဝှက်ချက်ကြောင့်ပင် သူလျှိုများက သူ့နောက်သို့ လိုက်နေကြခြင်း ဖြစ်သည်။
ချန်ကွမ်းချွမ်းသည် သူ၏ လက်ထဲရှိ အရေးကြီးစာရွက်စာတမ်းများကို ကိုင်ဆောင်ကာ ထွက်ပြေးနေရပြီး ယခုအခါ မည်သူ့ကိုမျှ မယုံရဲတော့သည့် အခြေအနေသို့ ရောက်နေသည်။
သူသည် မျိုးချစ်စိတ်ရှိသူတစ်ဦး ဖြစ်သော်လည်း သာမန်လူသားတစ်ဦးပီပီ သေရမှာကိုတော့ ကြောက်ရွံ့နေမိသည်။
မင်ယွဲ့သည် ထိုသူအား ကယ်တင်ရန် အချိန်နှင့်အမျှ ပြိုင်ဆိုင်ကာ အရှိန်အဟုန်ဖြင့် ထွက်လာခဲ့တော့သည်။