အခန်း (၄၇၉-၄၈၀)
Vol. 48 Ch. 479-480
အခန်း (၄၇၉) ဘေးကင်းလုံခြုံပြီး စိတ်အေးချမ်းသာစွာ ရှိစေရပါမယ်
"ဒေါက် ဒေါက် ဒေါက်—"
ယွမ်ပေါ့၏ လမ်းညွှန်ချက်အတိုင်း မင်ယွဲ့သည် ချန်ကွမ်းချွမ်း တည်းခိုနေသည့် ဟိုတယ် ငယ်လေးသို့ ရောက်ရှိလာခဲ့သည်။
"အခန်းသန့်ရှင်းရေး မလိုပါဘူး"
အတွင်းဘက်မှ တုန်ရီနေသော အသံတစ်ခု ထွက်ပေါ်လာသည်။
သူသည် ဖမ်းဆီးခံရမည်ကို စိုးရိမ်သဖြင့် မှတ်ပုံတင်စစ်ဆေးမှု မတင်းကျပ်သော တည်းခိုခန်းလေးကို ရွေးချယ်ကာ ပုန်းကွယ်နေခြင်း ဖြစ်သည်။
ယခုအခါ သူသည် မြေအောက်ရထား၊ ရထား သို့မဟုတ် လေယာဉ်များကို စီးနင်းရန်ပင် မဝံ့မရဲ ဖြစ်နေပြီး ဘတ်စ်ကားခကိုပင် အကြွေစေ့များဖြင့်သာ ပေးချေနေခဲ့သည်။
အကယ်၍ ဖမ်းဆီးခံရပါက နိုင်ငံတော်သစ္စာဖောက်အဖြစ် စွပ်စွဲခံရမည် သို့မဟုတ် အသတ်ခံရမည်ကို သူ အလွန်အမင်း ကြောက်လန့်နေမိသည်။
"မစ္စတာချန်... ကျွန်မတို့ စကားခဏလောက် ပြောလို့ရမလား"
မင်ယွဲ့သည် သစ်သားတံခါးကို ထပ်မံခေါက်လိုက်ရာ သူမ၏ ခြေလှမ်းအောက်ရှိ ကြမ်းပြင်မှာ တကျိကျိ မြည်ဟီးသွားသည်။
ချန်ကွမ်းချွမ်းမှာ ပို၍ပင် ထိတ်လန့်သွားတော့သည်။ ယခုတစ်ကြိမ်တွင်မူ အမျိုးသမီးတစ်ဦး၏ အသံဖြစ်နေသဖြင့် သူ့ကို မြှူဆွယ်ရန် တမင်လွှတ်လိုက်ခြင်းဖြစ်မည်ဟု သူ ထင်မှတ်နေမိသည်။
"မရဘူး... မလိုအပ်ဘူး၊ အခုချက်ချင်း ထွက်သွားလိုက်ပါ"
သူသည် ဖုန်းခေါ်ဆိုလိုက်ပါက မိမိရှိရာနေရာကို ခြေရာခံမိသွားမည်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ရဲစခန်းသို့ ဖုန်းဆက်ရန် ပြင်လိုက်တော့သည်။
"မစ္စတာချန်... ကျွန်မက 'ယွဲ့ဟိန်' သုတေသနဌာနရဲ့ အကြီးအကဲပါ ရှင့်ကို ကျွန်မတို့နဲ့အတူ လက်တွဲဖို့ ရိုးသားစွာ ဖိတ်ခေါ်ချင်လို့ပါ"
မင်ယွဲ့၏ စကားကြောင့် ချန်ကွမ်းချွမ်းသည် ဖုန်းဖြင့် အမြန်ရှာဖွေကြည့်လိုက်သည်။
သူသည် အပြင်လောကနှင့် အဆက်ပြတ်နေသူဖြစ်ရာ ယွဲ့ဟိန်သုတေသနဌာနဟူသည်ကို မကြားဖူးပေ။
"ယွဲ့ဟိန်သုတေသနဌာနဆိုတာ မရှိပါဘူးကျွန်တော့်ကို လာပြီး မလိမ်ပါနဲ့"
သူသည် တံခါးကို ပိတ်ဆို့ရန်အတွက် လေးလံသော စားပွဲ၊ ကုလားထိုင်များကို အတင်းအဓမ္မ ဆွဲရွှေ့နေတော့သည်။
"ယွဲ့ဟိန်သုတေသနဌာနကို ကျွန်မနဲ့ ရှင်းယောင်းအုပ်စုက မစ္စတာမိုတို့ ပူးပေါင်းတည်ထောင်မှာပါကျွန်မက ယွဲ့ဟွာနည်းပညာ ရဲ့ ပိုင်ရှင် မင်ယွဲ့ပါ"
ချန်ကွမ်းချွမ်းသည် ဖုန်းထဲ၌ မင်ယွဲ့၊ မိုဟိန်ကျိနှင့် ယွဲ့ဟိန်သုတေသနဌာန အကြောင်းများကို အသည်းအသန် ရှာဖွေကြည့်သောအခါမှ မင်ယွဲ့၏ စကားများမှာ အမှန်ဖြစ်နိုင်ကြောင်း ရိပ်မိလာသည်။
သို့သော် သူသည် တံခါးကို လွယ်လွယ်နှင့် မဖွင့်ရဲသေးပေ။
သူသည် ငွေကြေးအတွက် ကုမ္ပဏီတစ်ခုတွင် အလုပ်ဝင်ခဲ့သော သာမန်ပညာတတ်တစ်ဦးသာ ဖြစ်သည်။
သူ ဖော်ထုတ်လိုက်သော ဆေးသုတ်နည်းပညာမှာ လမ်းပေါ်ရှိ ရေဒါများကို အန်တုနိုင်ကြောင်း သိသွားချိန်မှစ၍ သူ၏ဘဝမှာ ဇောက်ထိုးမိုးမျှော် ဖြစ်ခဲ့ရသည်။
[ယွမ်ပေါ့... သူ့ဖုန်းကို ထိန်းချုပ်လိုက်စမ်း]
မင်ယွဲ့က အမိန့်ပေးလိုက်သည်။
ချန်ကွမ်းချွမ်းသည် မိမိ၏ဖုန်းကို တစ်စုံတစ်ဦးက ထိန်းချုပ်လိုက်ကြောင်း သိလိုက်ရချိန်တွင် ရင်ဘတ်ကို ဖိကာ အသက်ရှူမှားသွားရသည်။
သူသည် အရေးကြီးစာရွက်စာတမ်းများကို ပလတ်စတစ်အိတ်ဖြင့် ထုပ်ကာ ရေချိုးခန်းအတွင်းရှိ ရေနွေးအိုးထဲတွင် ဝှက်ထားလိုက် သည်။
"မစ္စတာချန်... ရှင့်ဖုန်းထဲမှာ ကျွန်မရဲ့ အချက်အလက်တွေကို ကြည့်ပြီးပြီလို့ ထင်ပါတယ် ကျွန်မမှာ ဘာမကောင်းတဲ့ ရည်ရွယ်ချက်မှ မရှိပါဘူး"
မင်ယွဲ့၏ ပုံရိပ်မှာ သူ၏ ဖုန်းမျက်နှာပြင်ပေါ်တွင် ပေါ်လာသည်။
"ရှင်က AI နဲ့ မျက်နှာလွှဲထားတာ မဟုတ်ဘူးလို့ ဘယ်လိုသက်သေပြမလဲ"
မင်ယွဲ့သည် သက်ပြင်းချကာ ဖုန်းကိုကိုင်လျက် ပတ်ပတ်လည် ဝေ့ယမ်းပြလိုက်သည်။
ထိုအချိန်တွင် သူမ၏ နားထဲသို့ တစ်စုံတစ်ဦး ချဉ်းကပ်လာသည့် အသံများ ကြားလိုက်ရသည်။
"မစ္စတာချန်... အခု ရှင် ဆုံးဖြတ်ချက်ချရတော့မယ် လူတွေ လာနေပြီ"
ချန်ကွမ်းချွမ်းသည် ကြောက်လန့်တကြားဖြင့် အိပ်ရာခင်းများကို ကြိုးကဲ့သို့ ကျစ်ကာ ပြတင်းပေါက်မှ ဆင်းရန် ပြင်လိုက်သည်။
အပြင်ဘက်သို့ လှမ်းကြည့်လိုက်သောအခါ လူတစ်စုသည် တည်းခိုခန်းဆီသို့ ဦးတည်လာနေသည်ကို မြင်လိုက်ရသဖြင့် မင်ယွဲ့၏ စကားမှာ ခြိမ်းခြောက်မှုမဟုတ်ဘဲ အမှန်တရားဖြစ်ကြောင်း သူ သိလိုက်ရသည်။
"မစ္စမင်... ကျွန်တော့်ကို ကာကွယ်ပေးနိုင်မလား"
အကျိုးအမြတ်ကို ချိန်ဆပြီးနောက် သူသည် မင်ယွဲ့နှင့် လက်တွဲရန် ဆုံးဖြတ်လိုက်သည်။
မင်ယွဲ့သည် တရုတ်လူမျိုးဖြစ်သလို သူမ၏ ချစ်သူမှာလည်း နိုင်ငံတော်နှင့် နီးကပ်သော ဆက်ဆံရေးရှိသည့် ရှင်းယောင်းအုပ်စု၏ ပိုင်ရှင်ဖြစ်ရာ သူမအား ယုံကြည်ရန် ဆုံးဖြတ် လိုက်ခြင်း ဖြစ်သည်။
"စိတ်ချပါ... ကျွန်မ ရှိနေသရွေ့ ရှင့်ကို ဘေးကင်းလုံခြုံပြီး စိတ်အေးချမ်းသာစွာ ရှိစေရပါမယ်"
တံခါးပွင့်လာသည်နှင့် မင်ယွဲ့သည် သူ့ကို ဦးဆောင်ကာ အောက်ထပ်သို့ အမြန်ဆင်းခဲ့သည်။ သို့သော် ပထမထပ်တွင် ထိုလူစုနှင့် ထိပ်တိုက်တိုးတော့သည်။
"မစ္စတာချန်... ဆုံးဖြတ်ချက် ချပြီးပြီလားကျွန်တော်တို့က ရှင့်ကို နွေးထွေးစွာ ကြိုဆိုနေပါတယ်"
ရှေ့ဆုံးမှ အမျိုးသားက ပြုံးလျက် လက်ကမ်းပေးလိုက်သည်။
ချန်ကွမ်းချွမ်းမှာ ကြောက်လန့်တကြားဖြင့် မင် ယွဲ့၏ နောက်ကွယ်သို့ ပုန်းကွယ်လိုက်သည်။
"မိန်းကလေး... တို့တွေ ဒီလူကြီးနဲ့ စကားပြောစရာ ရှိတယ် ဖယ်ပေးပါ"
"ရှင်တို့မှာ ကျွန်မကို ဖယ်ခိုင်းပိုင်ခွင့် မရှိဘူးလို့ ထင်ပါတယ်"
မင်ယွဲ့သည် လှံတစ်စင်းကဲ့သို့ မားမားမတ်မတ် ရပ်တည်ကာ ခုခံလိုက်သည်။
"အကောင်းပြောတုန်း နားမထောင်ရင်တော့ နာကျင်ရလိမ့်မယ်"
ထိုသူက မင်ယွဲ့ကို မုန်းတီးစွာ စိုက်ကြည့်လိုက် သည်။
"တရုတ်စကား နှစ်ခွန်းလောက် တတ်တာနဲ့ပဲ တရုတ်လူမျိုးလို လာဟန်ဆောင်မနေပါနဲ့"
မင်ယွဲ့၏ စကားကြောင့် ထိုသူများမှာ နိုင်ငံခြားသားသူလျှိုများ ဖြစ်ကြောင်း အားလုံး သိသွားကြတော့သည်။
ရန်သူများက အတင်းအဓမ္မ ဖမ်းဆီးရန် ကြိုးစားသော်လည်း မင်ယွဲ့၏ တိုက်ခိုက်ရေးစွမ်းရည်ကိုမူ လျှော့တွက်ခဲ့ကြသည်။
မင်ယွဲ့သည် ရှောင်တိမ်းခြင်းမပြုဘဲ တိုက်ရိုက်ပင် တုံ့ပြန်တိုက်ခိုက်လိုက်ရာ သူလျှိုများမှာ တစ်ဦးပြီးတစ်ဦး လွင့်ထွက်သွားကြတော့သည်။
ချန်ကွမ်းချွမ်းမှာ မင်ယွဲ့၏ သန်မာလှသော စွမ်းဆောင်ရည်ကို ကြည့်ကာ ပါးစပ်အဟောင်းသား ဖြစ်နေရသည်။
မင်ယွဲ့သည် ရဲစခန်းသို့ ချက်ချင်းအကြောင်းကြားကာ သူလျှိုများကို ဖမ်းဆီးစေခဲ့ပြီးနောက် ချန်ကွမ်းချွမ်းကို ကြယ်ငါးပွင့်အဆင့် ဟိုတယ်သို့ ခေါ်ဆောင်သွားခဲ့သည်။
"ကျွန်တော့်ဆီကို ဘာလို့ လာတာလဲဆိုတာ မေးပါရစေ ကျွန်တော့်ရဲ့ ဆေးသုတ်နည်းပညာအတွက် ဆိုရင်တော့ ဒါဟာ ကားတွေပေါ်မှာပဲ သုံးလို့ရပါသေးတယ် စစ်ဘက်ဆိုင်ရာအတွက်တော့ ဘာမှ တိုးတက်မှု မရှိသေးပါဘူး"
ချန်ကွမ်းချွမ်းက နှိမ့်ချစွာ ဆိုသည်။
"မစ္စတာချန်... မိမိကိုယ်ကို အထင်မသေးပါနဲ့ရှင့်ရဲ့ ခြေလှမ်းအသေးလေးဟာ သိပ္ပံနဲ့ နည်းပညာလောကအတွက် ကြီးမားတဲ့ ခုန်ပျံကျော်လွှားမှု တစ်ခုပါ"
မင်ယွဲ့က ယုံကြည်မှုအပြည့်ဖြင့် ဆိုလိုက်သည်။
"စစ်ဘက်ဆိုင်ရာမှာ ဒီနည်းပညာက ဘယ်လောက်အသုံးဝင်မလဲဆိုတာ ကျွန်မ သိပါတယ် အနာဂတ်မှာ ရေဒါဖျောက် တိုက်လေယာဉ်တွေဟာ အိမ်မက်မဟုတ်တော့ပါဘူး"
ချန်ကွမ်းချွမ်းသည် ခေတ္တမျှ ဝေခွဲမရ ဖြစ် နေသည်။
"ဒါပေမဲ့ ဒီပရောဂျက်က ကုမ္ပဏီပိုင်ဖြစ်နေတော့ ရှင့်ကို ပေးလိုက်ရင် စာချုပ်ဖောက်ဖျက်ရာ ကျပါလိမ့်မယ်"
"မစ္စတာချန်... ရှင် ကျွန်မရဲ့ ရည်ရွယ်ချက်ကို နားလည်မှု လွဲနေပုံရတယ်"
အခန်း (၄၈၀) ကျွန်မနဲ့ လက်တွဲဖို့ စိတ်ဝင်စားလား
ချန်ကွမ်းချွမ်းသည် အနည်းငယ် ဝေခွဲမရ ဖြစ်နေမိသည်။
အကယ်၍ ဤမိန်းကလေးသည် သူဖော်ထုတ်ထားသော ထူးခြားသည့် ဆေးသုတ်နည်းပညာအတွက် လာရောက်ရှာဖွေခြင်း မဟုတ်ပါက အခြားမည်သည့် အကြောင်းရင်း ရှိနိုင်ပါဦးမည်နည်း။
"ဒုက္ခရောက်နေသူကို ကူညီတာဟာ လူသားဆန်တဲ့ လုပ်ရပ်တစ်ခုလို့ပဲ သတ်မှတ်ပေးပါလားတို့တွေက လူမျိုးတူတွေပဲ မဟုတ်လား"
မင်ယွဲ့သည် သူ၏ သံသယကို ရိပ်မိလိုက်သဖြင့် ချက်ချင်းပင် အေးဆေးစွာ ရှင်းပြလိုက်သည်။
"ကျွန်တော် အတွေးစောင်းသွားတာ ခွင့်လွှတ်ပါ"
ချန်ကွမ်းချွမ်းသည် သက်ပြင်းချလျက်—
"တကယ်တော့ ဒီရက်ပိုင်းအတွင်းမှာ ကျွန်တော် စိတ်ဖိစီးမှုတွေ များနေလို့ အရာရာကို အဆိုးမြင်နေမိတာပါ မင်ယွဲ့ကို မြင်လိုက်ရတော့လည်း တစ်ခုခုကို ကြံစည်နေတယ်လို့ပဲ ထင်မိသွားတယ်"
ဟု ဆိုရှာသည်။
"ဒါပေမဲ့ ကျွန်မ ရှင့်ဆီက ပစ္စည်းတွေကို မလိုချင်ဘူးဆိုပေမဲ့ ရှင်ဆိုတဲ့ ပညာရှင်ကိုတော့ လိုချင်ပါတယ်"
မင်ယွဲ့က ဆက်လက်ရှင်းပြသည်မှာ ယွမ်ပေါ့က သူတို့ကို တိုက်တိုက်ဆိုင်ဆိုင် တွေ့ရှိခဲ့ခြင်းဖြစ်၍ ကယ်တင်ရန် ရောက်ရှိလာခြင်း ဖြစ်သော်လည်း ယခုကဲ့သို့ ဆုံစည်းခွင့်ရချိန်တွင် မိမိ၏ မဟာမိတ်အဖွဲ့ထဲသို့ သိမ်းသွင်းရန် ကြိုးစားရပေလိမ့်မည်။
"ကျွန်တော့်ကိုလား"
ချန်ကွမ်းချွမ်းမှာ အံ့အားသင့်သွားရသည်။
"ဟုတ်ပါတယ် အစောက ပြောခဲ့တာတွေက လိမ်ညာတာ မဟုတ်ပါဘူး ကျွန်မရဲ့ 'ယွဲ့ဟိန်' သုတေသနဌာနကို မကြာခင် တည်ထောင်တော့မှာဖြစ်လို့ သုတေသန ပညာရှင်တွေ လိုအပ်နေတာပါ"
"ကျွန်တော့်ရဲ့ ဘေးကင်းမှုကိုရော ရှင် အာမခံနိုင်ပါ့မလား"
ချန်ကွမ်းချွမ်းသည် နိုင်ငံတော်နှင့် ပူးပေါင်းခြင်းက အကောင်းဆုံးရွေးချယ်မှုဖြစ်ကြောင်း သိထားသော်လည်း အမျိုးသားသုတေသန ကဲ့သို့သော နေရာမျိုး၌ အလုပ်လုပ်ရန်မှာ သူနှင့် မကိုက်ညီဟု ခံစားနေရသည်။
ထိုနေရာမှာ စည်းကမ်းများ အလွန်တင်းကျပ်လှသလို ထိုဌာနအတွင်းရှိ ပုဂ္ဂိုလ်ကြီးများမှာလည်း သူ စာအုပ်ထဲ၌သာ မြင်ဖူးသည့် ထိပ်တန်းပညာရှင်များ ဖြစ်နေပေလိမ့်မည်။
သို့သော် သာမန်ကုမ္ပဏီတစ်ခုတွင်သာ ဆက်နေပါကလည်း သူ၏ အသက်အန္တရာယ်မှာ စိုးရိမ်ရဦးမည်သာ ဖြစ်သည်။
"ကျွန်မတို့ သုတေသနဌာနမှာ အဆင့်မြင့်ဆုံး လုံခြုံရေးစနစ်တွေကို တပ်ဆင်ထားမှာ ဖြစ်ပါတယ် ဌာနအတွင်းမှာ ရှိနေသရွေ့ ရှင်ဟာ လုံးဝ ဘေးကင်းနေပါလိမ့်မယ် အပြင်ထွက်တဲ့အခါမှာလည်း ရှင့်အတွက် သက်တော်စောင့်တွေ စီစဉ်ပေးနိုင်ပါတယ်"
ဟု မင်ယွဲ့က အာမခံစကား ဆိုလိုက်သည်။
သူတို့နှစ်ဦး သဘောတူညီချက် ရလုနီးပါးအချိန်တွင် အထက်အရာရှိများက ချန်ကွမ်းချွမ်းအား လာရောက်ရှာဖွေကြပြန်သည်။
ချန်ကွမ်းချွမ်းက မင်ယွဲ့၏ အသစ်တည်ထောင်မည့် သုတေသနဌာနသို့ ဝင်ရောက်မည်ဟု ကြားသိရသောအခါ သူတို့မှာ အလွန်အမင်း အံ့အားသင့်သွားကြသည်။
"ဘာကြောင့်လဲဆိုတာ ကျွန်တော်တို့ကို ပြောပြနိုင်မလား"
"ကျွန်တော်က သာမန်လူတစ်ယောက်ပါ၊ ထူးကဲတဲ့ စိတ်ဓာတ်မျိုး မရှိပါဘူး သဲကန္တာရထဲမှာ နှစ်ပေါင်းများစွာ ပုန်းအောင်းပြီး စီမံကိန်းတစ်ခုအတွက် ဘဝကို မြှုပ်နှံဖို့ ကျွန်တော် မစွမ်းဆောင်နိုင်ဘူး ကျွန်တော့်မှာ လုပ်ကျွေးပြုစုရမယ့် မိဘအိုကြီးတွေနဲ့ ပြုစုပျိုးထောင်ရမယ့် သားသမီးတွေ ရှိပါတယ် ကျွန်တော်က ဘဝရဲ့ နွေးထွေးမှုကို ခံစားချင်တဲ့သူပါ"
ဟု ချန်ကွမ်းချွမ်းက ပွင့်လင်းစွာ ပြောလိုက် သည်။
အရာရှိများက နားလည်ကြောင်း ဆိုကြသော်လည်း သူတို့အတွက် ခက်ခဲသော အခြေအနေတစ်ခု ဖြစ်နေသည်။
အကယ်၍ ထိုအထူးဆေးသုတ်နည်းပညာသည် ပြည်ပသို့ ပေါက်ကြားသွားပါက နိုင်ငံအတွက် ကြီးမားသော ဆုံးရှုံးမှု ဖြစ်ပေလိမ့်မည်။
"ယွဲ့ဟိန်သုတေသနဌာနကို ကျွန်မနဲ့ ရှင်းယောင်အုပ်စုက မစ္စတာမိုတို့ ပူးပေါင်းတည်ထောင်မှာ ဖြစ်လို့ စိတ်ချနိုင်ပါတယ်"
မင်ယွဲ့က မိုဟန်ကျီ၏ အမည်ကို ထည့်သွင်းပြောဆိုလိုက်ခြင်းမှာ သူမကိုယ်တိုင်ထက် မိုဟိန်ကျိကို ပိုမိုယုံကြည်စေရန် ဖြစ်သည်။
ရှင်းယောင်းအုပ်စုသည် နိုင်ငံတော်နှင့် ရင်းနှီးသော ပူးပေါင်းဆောင်ရွက်မှုများ ရှိထားသဖြင့် ချန်ကွမ်းချွမ်းမှာ ထိုအုပ်စုနှင့် ဆက်နွှယ်နေပါက ပိုမိုယုံကြည်စိတ်ချရမည် ဖြစ်သည်။
မိုဟန်ကျီထံမှ အတည်ပြုချက် ရရှိပြီးနောက်တွင်မှ အထက်အရာရှိများက ချန်ကွမ်းချွမ်းကို မင်ယွဲ့နှင့်အတူ သွားခွင့်ပြုလိုက် တော့သည်။
ချန်ကွမ်းချွမ်းသည် ယန်ကျင်းသို့ ရောက်ရှိလာချိန်မှသာ သက်ပြင်းချနိုင်တော့သည်။
သူသည် သူ၏ ဇနီးသည်အား ဖုန်းဆက်ကာ မိသားစုတစ်ခုလုံးကို ယန်ကျင်းသို့ ပြောင်းရွှေ့လာရန် ပြောကြားလိုက်သည်။
မင်ယွဲ့က သူ၏ နေထိုင်ရေးနှင့် လိုအပ်ချက်မှန် သမျှကို အကောင်းဆုံး စီစဉ်ပေးခဲ့သည်။
မကြာမီ မင်ယွဲ့၏ ဘွဲ့လွန်စာတမ်း ဖတ်ကြားပွဲ အချိန်သို့ ရောက်ရှိလာခဲ့သည်။
မင်ယွဲ့ စင်ပေါ်သို့ တက်လာချိန်တွင် ဆရာကြီးများအားလုံးမှာ ကိုယ်ဟန်ကို ပြင်လိုက်ကြပြီး အထူးအာရုံစိုက်လိုက်ကြသည်။
အခြားကျောင်းသားများ၏ စာတမ်းများတွင် အားနည်းချက်များ ရှိနိုင်သော်လည်း မင်ယွဲ့၏ စာတမ်းမှာမူ အပြစ်ပြောစရာမရှိအောင် ပြည့်စုံလွန်းလှသည်။
မင်ယွဲ့က စတင်ရှင်းလင်းတင်ပြသည်နှင့် ဆရာကြီးများ၏ မျက်ဝန်းများတွင် နားလည်သဘောပေါက်မှု အရိပ်အယောင်များ ပေါ်လွင်လာသည်။
ဤသည်မှာ စာတမ်းဖတ်ပွဲနှင့် မတူတော့ဘဲ အဆင့်မြင့် ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲတစ်ခုနှင့်သာ တူနေတော့သည်။
မင်ယွဲ့၏ ရှင်းလင်းချက်များမှာ ဆရာကြီးများအား ဆွဲဆောင်ထားနိုင်ကာ ပွဲပြီးဆုံးသွားသည့်တိုင်အောင် သူတို့မှာ ဆက်လက်နားထောင်လိုစိတ် ပြင်းပြနေကြဆဲ ဖြစ်သည်။
ယန်ကျင်းတက္ကသိုလ်၏ ဂိတ်တံခါးဝမှ ထွက်လာရင်း တောက်ပသော နေရောင်ခြည်ကို လှမ်းကြည့်ကာ မင်ယွဲ့သည် သူမ၏ ကျောင်းသားဘဝ ပြီးဆုံးသွားပြီဖြစ်ကြောင်းနှင့် ဘဝ၏ အခန်းသစ်တစ်ခုကို စတင်တော့မည်ဖြစ်ကြောင်း သိလိုက်ရသည်။
သူမသည် သူမ၏ ဆရာဖြစ်သူ ပရော်ဖက်ဆာယန်နှင့် ဇနီး၊ ထို့နောက် ဓာတ်ခွဲခန်းမှ လုပ်ဖော်ကိုင်ဖက်များကို ဂုဏ်ပြုထမင်းစားပွဲ ဖိတ်ကြားခဲ့သည်။
စီနီယာ လျိုဝေနှင့် ကျောက်တို့မှာလည်း ဒေါက်တာဘွဲ့အတွက် ဆက်လက်ကြိုးစားနေကြသည်။
“ဓာတ်ခွဲခန်းမှာ ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ် မင်ယွဲ့ နင့်ကြောင့် ငါတို့ရဲ့ သုတေသနလုပ်ငန်းတွေ အများကြီး မြန်ဆန်သွားခဲ့တယ်"
ဟု စီနီယာကျောက်က ဖျော်ရည်ခွက်ကို မြှောက်ကာ ဂုဏ်ပြုစကား ဆိုသည်။
" ပြီးရင် ဘာဆက်လုပ်ဖို့ စိတ်ကူးထားလဲ"
ဟု မင်ယွဲ့က မေးမြန်းလိုက်သည်။
"ငါကတော့ တက္ကသိုလ်မှာပဲ ဆရာအဖြစ် ဆက်နေဖို့ စဉ်းစားထားတယ်"
ဟု ကျောက်က ဆိုသည်။
သူတို့သည် ထိပ်တန်းပညာရှင်များ ဖြစ်ကြသည့်အတိုင်း သူတို့၏ အနာဂတ်အတွက် ခိုင်မာသော အစီအစဉ်များ ရှိထားကြသည်။
စီနီယာ လျိုဝေကမူ ကုမ္ပဏီတစ်ခုတွင် အလုပ်ဝင်ကာ အတွေ့အကြုံသစ်များ ရယူလိုကြောင်း ဆိုသည်။
"ယွင်ချီရင်းနှီးမြှုပ်နှံမှု က မဆိုးဘူးလို့ ထင်တယ်၊ အဲဒီကို လျှောက်ကြည့်မလို့ပဲ"
"ကျွန်မရဲ့ ခွဲခြမ်းစိတ်ဖြာသူ နဲ့ မဟာဗျူဟာရေးဆွဲသူ အဖြစ် လာရောက်လက်တွဲဖို့ စိတ်ဝင်စားလား"
မင်ယွဲ့က ပြုံးလျက် ဖိတ်ခေါ်လိုက်သည်။
ဟော့ပေါ့ဆိုင်လေးအတွင်း၌ သူတို့သုံးဦးသည် အနာဂတ်ဘဝ ခရီးလမ်းများအကြောင်းကို ရင်းနှီးပွင့်လင်းစွာ ပြောဆိုဆွေးနွေးနေကြစဉ် ကျန်ရှိနေသော ကျောင်းသားအချို့မှာမူ မင်ယွဲ့၏ လျင်မြန်လှသော တိုးတက်မှုများကို ကြည့်ကာ အံ့အားသင့်လျက်သာ ကျန်ရစ်နေခဲ့တော့သည်။