အခန်း (၄၈၁-၄၈၂)
Vol. 49 Ch. 481-482
အခန်း (၄၈၁) ရေပူစမ်းဗီလာ
သို့သော် မင်ယွဲ့နှင့် အခြားသူများမှာမူ ၎င်းတို့ကဲ့သို့ ရှင်းလင်းပြတ်သားသော အနာဂတ်စီမံကိန်းများ မရှိကြသေးပေ။
ထို့ကြောင့်ပင် စိတ်လက်ပေါ့ပါးစွာ ထမင်းစားနေကြစဉ် ဤအကြောင်းအရာ ပေါ်ထွက်လာသောအခါ ဝိုင်းတစ်ခုလုံး ရုတ်ချည်းတိတ်ဆိတ်သွားကာ လူတိုင်း၏ ရင်ထဲတွင် လေးလံထိုင်းမှိုင်းမှုတစ်ခုကို ခံစားလိုက်ရလေသည်။
ယခင်က တမင်တကာ ရှောင်လွှဲခဲ့ကြသည့် လက်တွေ့ဘဝ၏ စိန်ခေါ်မှုများသည် ယခုအခါ မျက်မှောက်သို့ ဗလာကျင်း၍ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
၎င်းတို့ရှေ့တွင် လမ်းနှစ်သွယ်ရှိနေသည်မှာ ဒေါက်တာဘွဲ့အတွက် ဆက်လက်ပညာသင်ကြားမည့်လမ်းနှင့် လုပ်ငန်းခွင်အတွင်းသို့ ခြေစုံပစ် ဝင်မည့်လမ်းပင်။ မည်သည့်လမ်းကို ရွေးချယ် မည်ဆိုသည်မှာ ၎င်းတို့၏ ဆုံးဖြတ်ချက် အပေါ်၌သာ မူတည်နေတော့သည်။
"မင်းတို့ရဲ့ အစီအစဉ်တွေကို ငါ့ကို ပြောပြကြည့်ပါဦး”
စီနီယာ လျူးဝေက သူမတွင် ရည်မှန်းချက်ကြီးကြီးမားမား ရှိကြောင်းကို ပွင့်ပွင့်လင်းလင်းပင် ဆိုလာသည်။
ယွမ်ချီသည် ကုမ္ပဏီကောင်းတစ်ခု ဖြစ်သော်လည်း ထိုနေရာတွင် သူမသည် ဝန်ထမ်းတစ်ဦးအဆင့်ထက် မပိုနိုင်ပေ။
"ငါက ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတစ်ခု ထောင် ချင်တာ မင်းကတော့ အဲဒီကုမ္ပဏီတွေကို အကဲဖြတ်တာနဲ့ ဆန်းစစ်လေ့လာတဲ့ အပိုင်းကို တာဝန်ယူပေးရမယ် လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အန္တရာယ်တွေ၊ ဘဏ္ဍာရေး ခန့်မှန်းချက်တွေနဲ့ ဘေးအန္တရာယ် ဆန်းစစ်ချက်တွေမှာ မင်းက ကျွမ်းကျင်ပြီးသားဆိုတော့ ဒါဟာ အကောင်းဆုံး ပေါင်းစပ်မှုပဲလို့ ငါထင်တယ် ငါ့မှာ ငွေရှိတယ်၊ မင်းမှာ အရည်အချင်းရှိတယ်၊ ငါတို့နှစ်ယောက်ရဲ့ ပူးပေါင်းဆောင်ရွက်မှုက အပြစ်ပြောစရာ မရှိအောင် ပြည့်စုံနေမှာပဲ မဟုတ်လား”
မင်ယွဲ့၏ စကားလုံးများသည် စီနီယာကျောင်းသူ လျူးဝေအတွက်မူ လွန်စွာဆွဲဆောင်မှုရှိသော ဖျားယောင်းခြင်းတစ်ရပ်ပင် ဖြစ်နေတော့သည်။
"ငါက ယွမ် ၁ ဘီလီယံ ရင်းနှီးမြှုပ်နှံမယ် မင်းက ကုမ္ပဏီကို စီမံခန့်ခွဲရမယ် မင်းကို ကုမ္ပဏီရဲ့ အစုရှယ်ယာ ၁၀ ရာခိုင်နှုန်း ပေးမယ် မင်းဆီမှာ ငွေတွေပိုရှိလာတဲ့အခါကျရင် ငါ့ဆီကနေ မူလအစုရှယ်ယာ ၂၀ ရာခိုင်နှုန်းကို ထပ်ဝယ်လို့ရတယ် စီနီယာ ကျောက်ကတော့ ဝန်ထမ်းအသစ်တွေကို လေ့ကျင့်ပေးဖို့နဲ့ လစာပေးချေတဲ့ အပိုင်းတွေကို တာဝန်ယူပေးရမယ်”
တက္ကသိုလ် ဆရာ၊ ဆရာမများအနေဖြင့် ပြင်ပတွင် အချိန်ပိုင်း အလုပ်လုပ်ကိုင်ခြင်းမှာ ထူးဆန်းသောအရာမဟုတ်သဖြင့် စီနီယာ ကျောက်သည်လည်း သူ၏ အနာဂတ်ဘဝသစ်အတွက် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေလေသည်။
"သဘောတူတယ်လေ”
စီနီယာ လျူးဝေသည် မင်ယွဲ့၏ လက်ကို တည်ကြည်လေးနက်စွာ ဆုပ်ကိုင်လိုက်သည်။
"ကျန်တဲ့သူတွေကော ဘာတွေ စီစဉ်ထားလဲ”
မင်ယွဲ့က တွေဝေငေးငိုင်နေကြသော အုပ်စုကို ကြည့်ကာ မေးလိုက်သည်။
"ငါ့မိဘတွေကတော့ အိမ်ပြန်ပြီး နိုင်ငံ့ဝန်ထမ်း စာမေးပွဲ ဖြေစေချင်နေကြတာ”
"ငါကတော့ ကိုယ်ရေးရာဇဝင် ပို့ထားတာ MapleFire နည်းပညာကနေ အလုပ်ခန့်စာ ရထားပြီ”
"ငါကတော့ ရှာနေတုန်းပဲ လုပ်ငန်းရှင် အမျိုးမျိုးရဲ့ ကမ်းလှမ်းချက်တွေကို နှိုင်းယှဉ်ကြည့် ချင်သေးလို့”
တစ်ယောက်ချင်းစီတွင် ကိုယ်ပိုင်အစီအစဉ်များ ရှိကြသော်လည်း မင်ယွဲ့က ထပ်မံ၍ မေးခွန်းတစ်ခု မေးလိုက်ပြန်သည်။
"ငါနဲ့ လျူးဝေရဲ့ ကုမ္ပဏီမှာ မင်းတို့ အလုပ်လုပ် ချင်ကြလား”
"အလုပ်လုပ်ချင်တာပေါ့”
မထင်မှတ်ထားဘဲ ပထမဆုံး ဖြေကြားလိုက်သူမှာ အိမ်ပြန်ပြီး ဝန်ထမ်းစာမေးပွဲ ဖြေမည်ဟု ဆိုခဲ့သော မိန်းကလေးပင် ဖြစ်သည်။
သူမသည် အနည်းငယ် စိတ်လှုပ်ရှားသွားသည်ကို သတိပြုမိသွားကာ ရှက်ကိုးရှက်ကန်းဖြင့် နဖူးကို အသာအယာ ထိလိုက်မိသည်။
"ငါက ပေကျင်းကိုလာပြီး ထိပ်တန်းတက္ကသိုလ်မှာ တက်ခဲ့တယ် မဟာဘွဲ့ရဖို့အတွက်လည်း အပင်ပန်းခံ ကြိုးစားခဲ့တာအဲဒါကို အိမ်ပြန်ပြီး ဝန်ထမ်းစာမေးပွဲ ဖြေရမယ်ဆိုတာမျိုး မလိုလားဘူး ဘဝကို ကြိုတင်ခန့်မှန်းလို့ရတဲ့ ပုံစံခွက်ထဲမှာပဲ မနေချင်ဘူး ကိုယ့်ဇာတိမြေမှာ ဝန်ထမ်းလုပ်၊ အဲဒီပတ်ဝန်းကျင်က လူနဲ့ပဲ အိမ်ထောင်ကျပြီး ကိုယ်မွေးဖွားကြီးပြင်းခဲ့တဲ့ နေရာလေးမှာပဲ တစ်သက်လုံး ပိတ်မိနေမယ့်ဘဝကို ငါ အလိုမရှိဘူး ဒီပြင်ပကမ္ဘာကြီးကို မြင်တွေ့ခွင့်ရဖို့ ငါ နှစ်ပေါင်း ၂၀ ကျော်လောက် ကြိုးစားခဲ့ရတာ”
မင်ယွဲ့သည် သူမ၏ စိတ်ခံစားချက်ကို နားလည်ကြောင်း ထုတ်ဖော်ပြသလိုက်သည်။
"ငါလည်း သွားချင်တယ်”
"ငါလည်း လိုက်ခဲ့မယ်”
၎င်းတို့သည် မင်ယွဲ့နှင့် လျူးဝေတို့၏ စိတ်နေစိတ်ထားကို ယုံကြည်ကြသည်။
ကြိုးစားအားထုတ်သရွေ့ မင်ယွဲ့၏ ကုမ္ပဏီတွင် အမျှတဆုံး ဆက်ဆံမှုကို ခံရမည်ဟုလည်း ခိုင် ခိုင်မာမာ ယုံကြည်ထားကြသည်။
ထမင်းစားဝိုင်းလေးတစ်ခုအတွင်းမှာပင် လူတစ်စုသည် ကုမ္ပဏီတစ်ခု တည်ထောင်ရန် ဆုံးဖြတ်ချက် ချမှတ်နိုင်ခဲ့ကြလေပြီ။
မင်ယွဲ့နှင့် လျူးဝေတို့သည် သီးသန့် အသေးစိတ် ဆွေးနွေးခဲ့ကြသည်။
ကုမ္ပဏီအမည်ကို "ကျီဝေ စွန့်ဦးရင်းနှီးမြှုပ်နှံမှု" ဟု အမည်ပေးလိုက်ပြီး မင်ယွဲ့၏ အခြားကုမ္ပဏီများရှိရာ Capital Building အတွင်းသို့ပင် တိုက်ရိုက် ပြောင်းရွှေ့ခဲ့သည်။
မင်ယွဲ့တွင် Capital Building အများအပြား ရှိနေသဖြင့် ရုံးခန်းနေရာ ရှာဖွေရန်မှာ အခက်အခဲ မရှိခဲ့ပေ။
ကျန်ရှိသည့် ကိစ္စရပ်များကို လျူးဝေနှင့် အခြားသူများက ပူးပေါင်းလုပ်ဆောင်ကြမည်ဖြစ်ရာ လုပ်ငန်းလည်ပတ်မှု အရှိန်ရလာသည်နှင့် မင်ယွဲ့အနေဖြင့် များစွာ ပူပန်နေစရာ မလိုတော့ပေ။
နောက်ဆုံးတော့ အခြားကိစ္စရပ်များကို လုပ်ဆောင်ရန် အချိန်ရလာခဲ့ပြီ ဖြစ်သည်။
(ယွမ်ပေါ့... အခု ငါ့မှာ ဂုဏ်သိက္ခာအမှတ် (Reputation points) ဘယ်လောက်ရှိပြီလဲ)
(ယွဲ့ယွဲ့... လက်ရှိမှာ ဂုဏ်သိက္ခာအမှတ် ၅၂၀,၀၀၀ ရှိပါတယ်ခင်ဗျ)
မင်ယွဲ့သည် ထိုကိန်းဂဏန်းကို စဉ်းစားဆင်ခြင်လိုက်ပြီးနောက် စနစ်အရောင်းဆိုင် ကို ဖွင့်ကာ ကျွမ်းကျင်မှုဆိုင်ရာ ကဏ္ဍတွင် ရှာဖွေလိုက် သည်။
ထိုနေရာတွင် အမျိုးမျိုးသော ကျွမ်းကျင်မှုများ ရှိနေပြီး နောက်ဆုံးတွင် "ဉာဏ်ရည်တု" ကဏ္ဍ၌ သူမ၏ အကြည့်တို့ ရပ်တန့်သွားသည်။
အောက်ဘက်ရှိ ဆိုင်းဘုတ်တွင် ဂုဏ်သိက္ခာအမှတ် ၂၀၀,၀၀၀ လိုအပ်ကြောင်း ဖော်ပြထားရာ မင်ယွဲ့သည် တွေဝေခြင်းမရှိဘဲ ဝယ်ယူလိုက်လေသည်။
သူမသည် ချစ်ပ် (Chip) ဆိုင်ရာ သုတေသနကို ဘယ်သောအခါမှ လျစ်လျူမရှုခဲ့ပေ။
အကယ်၍ ချစ်ပ်သုတေသန အောင်မြင်သွားပါက ဉာဏ်ရည်တု နည်းပညာသည် အဆင့်သစ်တစ်ခုသို့ တက်လှမ်းနိုင်မည်ဖြစ်သည်။
ကျွမ်းကျင်မှုကို ဝယ်ယူပြီးနောက် မင်ယွဲ့သည် တစ်စက္ကန့်မျှပင် မနားဘဲ "အသိပညာ သွန်းလောင်းခြင်း" ကျွမ်းကျင်မှုကို ရွေးချယ် လိုက်သည်။
ဗဟုသုတများစွာသည် သူမ၏ ဦးနှောက်အတွင်းသို့ လျှပ်စီးကဲ့သို့ စီးဝင်လာသည်။
မင်ယွဲ့သည် အနည်းငယ် တဒိန်းဒိန်း ခံစားနေရသော နားထင်ကို အသာအယာ နှိပ်လိုက်ရင်း ဦးခေါင်းအတွင်း ရောက်ရှိလာသည့် များပြားလှသော သတင်းအချက်အလက်များကို အစာကြေညက်အောင် ကြိုးစားနေမိသည်။
"ဒါတွေကို သေချာ ပြန်လည် စုစည်းဖို့အတွက် အချိန်နည်းနည်းတော့ ပေးရဦးမယ် ထင်တယ်”
သူမသည် အဆင့်မြှင့်တင်ထားသော စနစ် panel ကို စစ်ဆေးလိုက်သည်-
အိမ်ရှင်- မင်ယွဲ့
ဆွဲဆောင်မှု- ၉၃ (၁၀၀) [ရင်သပ်ရှုမောဖွယ် အလှတရား]
အသက်မွေးဝမ်းကျောင်း- ၈၈ (၁၀၀) [တရှိန်ထိုး အောင်မြင်မှု]
ပိုင်ဆိုင်မှု- ၄၃၂,၅၆၈,၀၀၀,၀၀၀ (လေးရာ့သုံးဆယ့်နှစ်ဘီလီယံ ငါးရာ့ခြောက်ဆယ့်ရှစ်သန်း)
ယွီဖူရှိ အိမ်ရာတစ်ခု၊ ဟိုက်ဖုအဆောက်အဦ၊ ပန်းခြံဗီလာတစ်ခု၊ အာဖရိကရှိ သတ္တုတွင်းတစ်ခု၊ မြို့လယ်ရှိ ဆိုင်ခန်းနှစ်ခန်း၊ ချန်တုန်း စီးပွားရေးလမ်းမ၊ ချွန်းဟယ် ရပ်ကွက်၊ Capital Building၊ လီအာ လယ်ယာ၊ ဟွမ်ရှင်း ပျော်ပွဲရွှင်ပွဲဥယျာဉ်၊ အာမန် ဝိုင်စက်ရုံ၊ ရှီလင်း ပင်လယ်ပြင်၊ မန်လီကျွန်း၊ ရှေးဟောင်း ဝိုင်းအိမ်တစ်ခုနှင့် ယွင်တိန်ဗီလာ။
ယွဲ့ဟွာ နည်းပညာ ၇၅%၊ ဆောင်းမိုမီဒီယာ ၃၀%၊ ဝေကွမ် လုပ်ငန်းစု ၅၀%၊ ဟယ်ယို အထည်အလိပ် ကုမ္ပဏီ ၁၅%၊ ချန်ယွဲ့ ဖျော်ဖြေရေး ၈၀%၊ မင်ယွဲ့ ရုပ်ရှင်ရုံလုပ်ငန်း ၈၂%၊ ယွဲ့ဟင် သုတေသနဌာန ၅၀%၊ ကျီဝေ စွန့်ဦးရင်းနှီးမြှုပ်နှံမှု ၉၀%။
Rolls-Royce ကား၊ Patek Philippe နာရီ၊ ရှန်းနှင့် ကျိုးခေတ် ကြေးသုံးချောင်းထောက် အိုးကြီးများ၊ သမုဒ္ဒရာကူး သင်္ဘောကြီး... [အလွန်အမင်း ချမ်းသာကြွယ်ဝသူ]
ဂုဏ်သိက္ခာအမှတ်- ၃၂၀,၀၀၀
ကျွမ်းကျင်မှု- [လက်ရည်တစ်ပြင်တည်း ကျွမ်းကျင်မှုများ]
အခြေခံကျွမ်းကျင်မှု- ချစ်ပ် နည်းပညာ၊ ဉာဏ် ရည်တု
အလတ်တန်းကျွမ်းကျင်မှု- မိတ်ကပ်လိမ်းခြယ်ခြင်း၊ ဘဏ္ဍာရေး၊ ကိုယ်ကာယလေ့ကျင့်ခန်း၊ ဟက်ကာအတတ်၊ စီးပွားရေးစီမံခန့်ခွဲမှု၊ အထည်ဒီဇိုင်း၊ ရင်းနှီးမြှုပ်နှံမှု စီမံခန့်ခွဲမှု၊ လူကြီးလူကောင်းတို့ တတ်အပ်သော အတတ်ပညာ ခြောက်ပါး (အမူအကျင့်ပိုင်း)၊ လက်ရေးလှ၊ ဖက်ရှင်ဒီဇိုင်း၊ ပန်းပုထုခြင်း
အဆင့်မြင့်ကျွမ်းကျင်မှု- ချက်ပြုတ်ခြင်း၊ ပန်းချီဆွဲခြင်း၊ အဂ္ဂိရတ်အတတ်၊ လူကြီးလူကောင်းတို့ တတ်အပ်သော အတတ်ပညာ ခြောက်ပါး (ဂီတ)၊ နိုင်ငံခြားဘာသာစကားများ၊ စူးကျိုး ပန်းထိုးအတတ်၊ ပန်းပုပညာ
အထူးပစ္စည်းများ- ၁၀*၁၀ မီတာ ကိုယ်ပိုင်အာကာသဟင်းလင်းပြင်၊ virtual သင်ယူမှုအခန်း၊ အလိုအလျောက် ပုံဖော်ကင်မရာ
လက်ရှိ စနစ်အဆင့်- အဆင့် ၅
မင်ယွဲ့သည် ပန်နယ် ကို ပိတ်တော့မည့်ဆဲဆဲတွင် စနစ်မှ အချက်ပေးသံ ထွက်ပေါ်လာသဖြင့် ရပ်တန့်လိုက်သည်။
ချစ်ပ်နည်းပညာ ကျွမ်းကျင်မှုသည် အခြေခံအဆင့်မှ အလတ်တန်းအဆင့်သို့ တိုးတက်သွားသည်ကို သူမ မြင်တွေ့လိုက်ရသည်။
(ဒင်— အိမ်ရှင်၏ မနားမနေ ကြိုးစားအားထုတ်မှုကြောင့် ချစ်ပ်အသိပညာ လက်ဆောင်ထုတ်ပိုးမှုအား နားလည်သဘောပေါက်ခြင်းနှင့် အသုံးချနိုင်မှုသည် အလတ်တန်းအဆင့်သို့ ရောက်ရှိသွားပါသည် ကျပန်း ပိုင်ဆိုင်မှုဆုလာဘ် တစ်ခုကို ချီးမြှင့်လိုက်ပါသည်)
(ဒင်— ဆုလာဘ်များကို ထုတ်ပေးနေပါသည် ယခုအကြိမ် ဆုလာဘ်မှာ "ကျော့အန် ရေပူစမ်း အပန်းဖြေစခန်း" ဖြစ်ပါသည်)
မင်ယွဲ့သည် အနည်းငယ် စိတ်ဝင်စားသွားသည်။
သူမသည် မကြာသေးမီက အလုပ်များနေခဲ့သဖြင့် ယခုအချိန်သည် အနားယူရန် အကောင်းဆုံးပင် ဖြစ်သည်။
"ရေပူစမ်းသွားမလား”
မင်ယွဲ့က မိုဟန်ကျီထံသို့ WeChat မှတစ်ဆင့် စာပို့လိုက်သည်။
ခေတ္တအကြာတွင် "ကောင်းပြီလေ" ဟူသော စာတိုလေး ပြန်ရောက်လာသည်။
ကျော့အန် ရေပူစမ်းမှ တာဝန်ခံသည်လည်း မကြာမီပင် ဖုန်းဆက်လာသည်။ မင်ယွဲ့သည် သူနှင့် စကားအကြာကြီး မပြောဘဲ မနက်ဖြန်တွင် လာခဲ့မည်ဖြစ်ကြောင်းသာ အကြောင်းကြားလိုက် သည်။
နောက်တစ်နေ့တွင် မင်ယွဲ့နှင့် မိုဟန်ကျီတို့ ရောက်ရှိသွားကြပြီး ၎င်းတို့နှစ်ဦးသည် အလွန်သီးသန့်ဆန်သော ရေကူးကန်တစ်ခုတွင် ရေစိမ်ခဲ့ကြသည်။
အငွေ့ပျံနေသော အဖြူရောင် မြူခိုးများအကြားတွင် လခြမ်းကွေးလေးသဖွယ် လှပသော မင်ယွဲ့သည် ဝေဝေဝါးဝါးဖြင့် အိပ်မက်ဆန်သည့် လှပမှုမျိုးကို ဖန်တီးနေသဖြင့် မိုဟန်ကျီမှာ စိတ်ကိုပင် မနည်းထိန်းထားရလေသည်။
သူသည် မင်ယွဲ့နှင့် အနည်းငယ်ဝေးရာသို့ တိတ်တဆိတ် ရွှေ့လိုက်မိသည်။
ဤနေရာ၏ ရှုခင်းမှာ ပန်းခြံစတိုင် ဒီဇိုင်းများ၊ လူလုပ်တောင်ကုန်းများ၊ စမ်းချောင်းများ၊ နားနေဆောင်များနှင့် မျှော်စင်များဖြင့် လွန်စွာလှပလှသည်။
အဆင့်မြင့်နေရာတစ်ခု ဖြစ်သောကြောင့် ရေပူစမ်းကန်များမှာ သီးသန့်ဆန်လှပြီး အများသုံး ရေကူးကန်ကြီးများ မရှိပေ။
ရေစိမ်ပြီးနောက် တစ်ကိုယ်လုံး အနည်းငယ် နုံးချည့်သွားသော်လည်း လွန်စွာ သက်သောင့်သက်သာရှိလှသည်။
"ဒီဘေးက မြေလွတ်က ဘယ်သူ့ပိုင်တာလဲ”
ရေပူစမ်းကန်ဘေးရှိ မြေကွက်လပ်ကို သတိပြုမိသွားကာ မင်ယွဲ့က တာဝန်ခံကို မေးလိုက်သည်။
မိုဟန်ကျီသည် ဤရေပူစမ်း အပန်းဖြေစခန်းမှာ မင်ယွဲ့ ပိုင်ဆိုင်ကြောင်း သိလိုက်ရသဖြင့် အနည်းငယ် အံ့အားသင့်သွားမိသည်။ တစ်နေ့နေ့တွင် ယွဲ့ယွဲ့၏ ရှေ့၌ သူသည် အသုံးမဝင်သောသူ ဖြစ်သွားမည်ကို စိုးရိမ်သဖြင့် ပိုမိုကြိုးစားရန် လိုအပ်ကြောင်း ခံစားလိုက်ရသည်။
"မစ္စမင်... ဒီနယ်မြေတစ်ခုလုံးက ကျော့အန် ရေပူစမ်း အပန်းဖြေစခန်းရဲ့ နယ်နိမိတ်ထဲမှာပဲ ရှိတာပါခင်ဗျ”
ထိုမြေကွက်ကို ကြည့်ရင်း မင်ယွဲ့သည် အစီအစဉ်တစ်ခု ဆွဲလိုက်သည်။
အိမ်ပြန်ရောက်သောအခါ မင်ယွဲ့သည် စနစ်အရောင်းဆိုင်ကို ပြန်ဖွင့်ကာ သူမ လိုအပ်သည်များကို ရှာဖွေလိုက်သည်။
လက်ရှိ ဈေးကွက်အတွင်းရှိ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများတွင် ပိုးသတ်ဆေး အကြွင်းအကျန်များ၊ အသီးမှည့်ဆေးများနှင့် စားသုံးရန်မသင့်သော ဓာတုပစ္စည်းများ ပါဝင်နေတတ်သည်။
ထို့ကြောင့် တတ်နိုင်ပါက မိမိကိုယ်တိုင် စိုက်ပျိုးစားသောက်ခြင်းသည်သာ အကောင်းဆုံးဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ကို မထိခိုက်သည့်အပြင် ဓာတုကင်းစင်သော အော်ဂဲနစ်စစ်စစ်များကို ရရှိနိုင်မည်ဖြစ်သည်။
မင်ယွဲ့သည် ဂုဏ်သိက္ခာအမှတ် ၁၀,၀၀၀ အသုံးပြု၍ အပင်အာဟာရဖြည့်စွက်ရည် ဖော်မြူလာကို လဲလှယ်ယူလိုက်သည်။
ဤအရာမှာ နည်းပညာ မြင့်မားရန် မလိုသဖြင့် လိုအပ်သည့် ဂုဏ်သိက္ခာအမှတ်မှာလည်း များစွာမရှိပေ။
သူမသည် ယွင်တိန်ဗီလာသို့ ပြောင်းရွှေ့ခဲ့ပြီးနောက် ထိုနေရာတွင် ကိုယ်ပိုင် သုတေသနခန်းတစ်ခုကို ချက်ချင်း တည်ဆောက်ခဲ့သည်။
သူမသည် အာဟာရရည် ဖော်မြူလာနှင့် လဲလှယ်ထားသော အာဟာရရည် ပုလင်းငယ်ကို အသုံးပြု၍ သုတေသနပြုလုပ်ခဲ့ရာ မကြာမီပင် ရလဒ်ကောင်းများ ထွက်ပေါ်လာခဲ့သည်။
သို့သော် ဤကိစ္စကို တဖြည်းဖြည်းချင်းသာ ကိုင်တွယ်ရန် လိုအပ်ပြီး လတ်တလောတွင်မူ သူမ၌ အချိန်မရှိသေးပေ။
သူမသည် အမျိုးသား လေ့ကျင့်ရေးစခန်းသို့ အထူးလေ့ကျင့်မှုအတွက် သွားရောက်ရန် လိုအပ်နေသည်။ မထွက်ခွာမီ သူမသည် ချန်ယွဲ့ ဖျော်ဖြေရေးသို့ သွားရောက်ခဲ့သည်။
ချန်ယွဲ့ ဖျော်ဖြေရေးသည် ၎င်း၏ လက်မှတ်ရေးထိုးထားသော အနုပညာရှင်များထဲမှ အနုပညာရှင် သုံးဦးကို ရွေးချယ်ခဲ့ရာ လင်ကျိုးနှင့် ကျန်းချင်းတို့လည်း ပါဝင်ခဲ့သည်။
မင်ယွဲ့သည် လေ့ကျင့်ရေးကာလအတွင်း ဘာသာရပ်တစ်ခုချင်းစီမှ ဆရာများ ပေးထားသော ရမှတ်များကို စစ်ဆေးလိုက်သည်။
လင်ကျိုးသည် အစပိုင်းတွင် ရမှတ်နည်းပါးခဲ့သော်လည်း နောက်ပိုင်းတွင် ရမှတ်များ တဖြည်းဖြည်း မြင့်တက်လာကာ ပြန်လည်ကျဆင်းသွားခြင်း မရှိသည်ကို တွေ့ရသည်။
ကျန်းချင်းမှာမူ အဘက်ဘက်တွင် အခြေခံကောင်းမွန်ပြီး စနစ်တကျ လေ့ကျင့်သင်ကြားပေးပြီးနောက်တွင်မူ စစ်မှန်သော အနုပညာရှင်တစ်
ဦး၏ အသွင်အပြင်ကို ပိုင်ဆိုင်လာခဲ့ပြီဖြစ်သည်။
အခြားတစ်ဦးမှာ ချူရန် ဖြစ်ပြီး ဘာသာရပ်အားလုံးတွင် ထူးချွန်သော ရမှတ်များ ရရှိထားသူ ဖြစ်သည်။
"သူတို့ကို လတ်တလော အထူးလေ့ကျင့်ပေးနေတဲ့အပြင် ကိုယ်ကာယလေ့ကျင့်ခန်း သင်တန်းတွေနဲ့ ဘာသာစကား သင်တန်းတွေကိုပါ ထပ်တိုးပေးရမယ်
ပွဲဦးထွက်တော့မယ့် အမျိုးသား အိုင်ဒေါတစ်ယောက်အနေနဲ့ လူထုရှေ့မှာ အမြဲတမ်း ပုံရိပ်ကောင်းတစ်ခုကို ထိန်းသိမ်းထားနိုင်ဖို့ လိုတယ်”
မင်ယွဲ့က ညွှန်ကြားချက်များ ပေးလိုက်သည်။
"ပြည်သူ့ဆက်ဆံရေးဌာနအနေနဲ့လည်း အသင့် ပြင်ထားပါ ပေါ့ပေါ့ဆဆ မနေကြနဲ့ 'Youth Trainee' အစီအစဉ်က ပါဝင်မယ့်သူတွေရဲ့ စာရင်းကို ကြေညာလိုက်တာနဲ့ ဒီသုံးယောက်ဟာ တိုက်ခိုက်ပုတ်ခတ်တာတွေကို ခံရဖို့ အလားအလာ အများကြီးရှိတယ် ကုမ္ပဏီရဲ့ အနုပညာရှင်တွေရဲ့ ပုံရိပ်ကို မင်းတို့ ကာကွယ်ပေးရမယ် ငွေကြေးကိစ္စကို ပူစရာမလိုဘူး၊ ဒါပေမဲ့ အလုပ်ကိုတော့ အကောင်းဆုံးဖြစ်အောင် လုပ်ပေးကြပါ”
"နားလည်ပါပြီ”
ပြည်သူ့ဆက်ဆံရေးဌာနမှ ချက်ချင်းပင် တုံ့ပြန်လိုက်သည်။
မင်ယွဲ့နှင့် ဝမ်ကျန်းတို့သည် လတ်တလော အစီအစဉ်များကို ဆွေးနွေးပြီးနောက် ဌာနဆိုင်ရာ မန်နေဂျာများကလည်း တစ်ဦးချင်း တင်ပြမှုများကို စတင်လိုက်ကြတော့သည်။
အခန်း (၄၈၂) ကြည့်ကောင်းရဲ့လား
ဌာနအသီးသီးမှ တာဝန်ရှိသူများ၏ တင်ပြချက်များ၊ အခြေအတင် ဆွေးနွေးမှုများနှင့်အတူ လက်မှတ်ရေးထိုးထားသော အနုပညာရှင်များ၏ အနာဂတ် လုပ်ငန်းလည်ပတ်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး လမ်းစဉ်မှာ အခြေခံအားဖြင့် ပုံပေါ်လာခဲ့ပြီ ဖြစ်သည်။
မင်ယွဲ့သည် များစွာဝင်ရောက်စွက်ဖက်ခြင်း မပြုပေ။ သူမ၏ တာဝန်မှာ ငွေကြေးထောက်ပံ့ပေးရန်သာဖြစ်ပြီး ဝမ်ကျန်း၏ စီမံခန့်ခွဲမှုအောက်တွင် အရာရာ အဆင်ပြေချောမွေ့နေသည်ကို စိတ်ချယုံကြည်နေမိသည်။
ကုမ္ပဏီကိစ္စများကို စိတ်ချလက်ချ လွှဲအပ်ထားနိုင်ပြီဖြစ်ရာ မင်ယွဲ့သည် သူမ၏ လေ့ကျင့်ရေးအပေါ်၌သာ အာရုံစိုက်ထားတော့သည်။
အမျိုးသားလက်ရွေးစင်အသင်းမှ နည်းပြမှာလည်း သူမ ရောက်ရှိလာမည့်အချိန်ကို စိတ်အားထက်သန်စွာ စောင့်ကြိုနေခဲ့သည်။
"နောက်ဆုံးတော့ ရောက်လာပြီပေါ့၊ တို့တစ်တွေအားလုံး မင်းကိုပဲ စောင့်နေကြတာ”
နည်းပြ ဟွမ်၏ လေးထောင့်ကျကျ မျက်နှာထက်တွင် ဖော်ရွေသော အပြုံးများ ပြည့်နှက် နေသည်။
မင်ယွဲ့သည် လေ့ကျင့်ရေးအဖွဲ့အတွင်းသို့ လျင်မြန်စွာ ပူးပေါင်းလိုက်ရာ ကျိုးခယ်က သူမအနားသို့ တိုးကပ်လာပြီး တိုးတိုးလေး ဆိုသည်။
"ယွဲ့ယွဲ့... နောက်ဆုံးတော့ နင်ရောက်လာပြီပဲ၊ ငါ့မှာတော့ နင်မရှိလို့ လွမ်းနေလိုက်ရတာ”
"ဒါက ငါ့အမှားပါ၊ ရှောင်ခယ်လေးကို အခန်းထဲမှာ တစ်ယောက်တည်း ထားပစ်ခဲ့မိတာကိုး”
မင်ယွဲ့က ကျီစားသလို ပြန်လည်ပြောကြားလိုက်သည်။
ကျိုးခယ်သည် မင်ယွဲ့၏ အလှတရားကို အနီးကပ် မြင်တွေ့လိုက်ရချိန်တွင် မှင်တက်သွားမိသည်။
သူမကို မတွေ့ရသည်မှာ ကြာပြီဖြစ်ရာ ရုတ်တရက် မြင်တွေ့လိုက်ရသည့် ဤအလှတရားမှာ ရင်ခုန်သံကိုပင် ရပ်တန့်စေနိုင်လောက်သည်။
ဤမျှ နီးကပ်သော အကွာအဝေးတွင်ပင် မင်ယွဲ့၏ မျက်နှာထက်၌ ချွေးပေါက်လေးတစ်ခုကိုမျှ ရှာမတွေ့နိုင်ပေ။
သူမ၏ အသားအရေမှာ နေရောင်အောက်တွင် ကလေးငယ်တစ်ဦးကဲ့သို့ ဖြူစင်နုနယ်နေသည်။ အကယ်၍ အရေးကြီးသော ကိစ္စရပ်များသာ မရှိပါက သူမ ထိုပါးပြင်လေးကို အသာအယာ ထိတွေ့ကြည့်ချင်မိသည်။
မင်ယွဲ့က ကျိုးခယ်၏ နဖူးကို လက်ညှိုးလေးဖြင့် အသာအယာ တောက်လိုက်ပြီးနောက် စနောက်လိုက်သည်။
"ဘာတွေ ငေးနေတာလဲ၊ ငါတို့အလှည့် ရောက်နေပြီလေ”
ယခင်အုပ်စုက လေးများကိုင်ကာ ဆင်းသွားကြပြီးနောက် ၎င်းတို့အလှည့်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ကျယ်ဝန်းလှသော မြားပစ်ကွင်းအတွင်း စိမ်းလန်းစိုပြည်သည့် မြက်ခင်းပြင်ထက်တွင် လူပေါင်းများစွာ စီတန်းရပ်လိုက်ကြသည်။
ထိုမြင်ကွင်းက လူတစ်ဦး၏ ရင်တွင်း၌ လွင်ပြင်သားတို့၏ ရဲရင့်သော စိတ်ဓာတ်ကို ချက်ချင်းပင် နှိုးဆွပေးလိုက်သကဲ့သို့ ရှိသည်။
လေးကြိုးကို တင်းအောင်ဆွဲကာ မြားများကို ပစ်လွှတ်လိုက်ကြချိန်တွင် ပစ်မှတ်ကို ပစ်ခတ်နေခြင်း ဖြစ်သော်လည်း ကောင်းကင်ယံမှ လင်းယုန်ကြီးတစ်ကောင်ကို ပစ်ချနေသကဲ့သို့ ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကောင်းလှသည်။
လေးကြိုးကို အဆုံးအထိ ဆွဲဆန့်ထားပြီးနောက် မြားများကို တစ်စင်းပြီးတစ်စင်း တစ်ဖက်ရှိ ပစ်မှတ်များဆီသို့ တရစပ် ပစ်လွှတ်လိုက်ကြသည်။
အကယ်၍ အထက်စီးမှ ကြည့်ရှုမည်ဆိုပါက တစ်ပြိုင်နက်တည်း ထွက်ပေါ်လာသော မြားထောင်သောင်း၏ အဟုန်သည် ရင်ထဲတွင် ကြောက်ရွံ့မှုကိုပင် ဖြစ်ပေါ်စေနိုင်လောက်သည်။
ဘေးတွင် ရပ်နေသော နည်းပြများမှာမူ ဤမြင်ကွင်းကို ရိုးအီနေပြီဖြစ်သဖြင့် တုန်လှုပ်ခြင်း မရှိကြပေ။
မင်ယွဲ့သည်လည်း ထုံးစံအတိုင်း ထူးချွန်သော ရလဒ်များကိုပင် ထပ်မံရရှိခဲ့သည်။
"ယုံကြည်ချက်ရှိရဲ့လား”
ခေတ္တအနားယူချိန်တွင် ၎င်းတို့၏ လေ့ကျင့်မှုကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့သော နည်းပြ ဝမ်က ရုတ်တရက် မေးမြန်းလိုက်သည်။
"ရှိပါတယ် ဆရာ”
နိုင်ငံတော်၏ ဂုဏ်သိက္ခာနှင့် သက်ဆိုင်လာသောအခါတွင် နှိမ့်ချနေရန် မလိုအပ်ပေ။
၎င်းတို့နှစ်ဦးသည် စကားများစွာ မပြောဖြစ်သော်လည်း အပြန်အလှန် ယုံကြည်မှုကိုမူ နားလည်နေကြသည်။
မင်ယွဲ့သည် နောက်ထပ် လေ့ကျင့်ရေးတစ်ခွင်အတွင်းသို့ လျင်မြန်စွာ ခြေစုံပစ်ဝင်လိုက်ပြန်သည်။ လေ့ကျင့်ရေးစခန်းသို့ စတင်ဝင်ရောက်ကတည်းက သူမ၏ လေ့ကျင့်မှု အရှိန်အဟုန်မှာ ယခင်ကထက် အဆပေါင်းများစွာ မြင့်တက်လာခဲ့သည်။
သို့သော်လည်း သူမသည် သင်ယူမှုခန်းအတွင်း၌ အစားမေ့၊ အအိပ်မေ့အောင် လေ့ကျင့်ခဲ့ဖူးသူ ဖြစ်သဖြင့် ဤပြင်းထန်မှုမျိုးကို လျင်မြန်စွာပင် အသားကျသွားခဲ့သည်။
မင်ယွဲ့သည် အမျိုးသားအသင်း၏ ဂုဏ်သိက္ခာကို စိတ်အားတက်ကြွစွာဖြင့် ခံယူလိုက်ပြီး ၎င်းတို့နှင့် ရင်ပေါင်တန်းကာ အားသွန်ခွန်စိုက် ကြိုးစားတော့သည်။
မင်ယွဲ့ ရှိနေသဖြင့် နည်းပြများအတွက်လည်း အလုပ်မှာ ပိုမိုသက်သာသွားခဲ့သည်။
သူမကို အမြဲတမ်း စောင့်ကြည့်နေရန် မလိုဘဲ မင်ယွဲ့သည်ပင် အခြားသူများအတွက် အတုယူဖွယ် စံပြတစ်ဦး ဖြစ်လာခဲ့သည်။
စံပြပုဂ္ဂိုလ်၏ စွမ်းအားမှာ ကြီးမားလှသည်။ အစွမ်းကုန် ကြိုးစားနေသော အဖွဲ့အတွင်းသို့ မင်ယွဲ့ ရောက်ရှိလာခြင်းမှာ အရှိန်မြှင့်တင် ပေးလိုက်သည့် ဓာတ်ကူပစ္စည်းတစ်ခုကဲ့သို့ပင်။
လူတိုင်းသည် ကြိုးစားနေကြသည်မှာ မှန်သော်လည်း မင်ယွဲ့သည် ၎င်းတို့ရှေ့တွင် ရပ်တည်နေသည့် ပန်းတိုင်တစ်ခုကဲ့သို့ ရှိနေသဖြင့် ၎င်းတို့ကို ပိုမို တက်ကြွလှုပ်ရှားလာစေသည်။
ယခု လေ့ကျင့်နေသူများသည် ယခုနှစ် နိုင်ငံတကာ ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ရန် အတည်ပြုထားပြီးသူများ ဖြစ်ကြသည်။
မင်ယွဲ့သည် အခြားသူများကဲ့သို့ လူရွေးပွဲများ မဝင်ခဲ့သော်လည်း သူမ၏ အရည်အချင်းမှာ သိသာထင်ရှားလှသဖြင့် မည်သူမျှ မကျေမနပ် မဖြစ်ကြပေ။
မင်ယွဲ့၏ အောင်မြင်မှုများသည် ၎င်းတို့အနေဖြင့် ခဏအတွင်း ကျော်ဖြတ်ရန် မဖြစ်နိုင် လောက်အောင် ထူးကဲလွန်းလှသည်။
အကယ်၍ မင်ယွဲ့သာ နိုင်ငံတော်အတွက် ဂုဏ်ဆောင်မပေးနိုင်ပါက အမျိုးသမီး မြားပစ်အဖွဲ့တွင် မည်သူမျှ ဆောင်ကြဉ်းပေးနိုင်မည် မဟုတ်တော့ပေ။
၎င်းတို့သည် သန်မာသူကို လေးစားကြပြီး ကိုယ်တိုင်လည်း သန်မာသူဖြစ်ရန် ရည်မှန်းကြသည်။
မင်ယွဲ့၏ ရောက်ရှိလာမှုသည် လူတိုင်း၏ စွမ်းဆောင်ရည်ကို အဆင့်သစ်တစ်ခုသို့ မြှင့်တင်ပေးနိုင်ခဲ့သည်။
နည်းပြများကလည်း ဤအခြေအနေကို ကြိုဆိုကြသည်။ ကျန်းမာသော ယှဉ်ပြိုင်မှုမျိုးမှာ လိုအပ်လှပြီး ထိုယှဉ်ပြိုင်မှုများကပင် တိုးတက်မှုကို အရှိန်အဟုန် မြှင့်တင်ပေးနိုင်မည် မဟုတ်ပါလား။
"မင်ယွဲ့မမ... ပင်ပန်းနေပြီလား”
ကျိုးလဲ့မှာ အသက်အငယ်ဆုံး ဖြစ်သော်လည်း ယခုနှစ်တွင် ရွေးချယ်ခံရလိမ့်မည်ဟု ဘယ်သူမှ မထင်မှတ်ထားခဲ့ပေ။
အမှန်စင်စစ် ကြိုးစားအားထုတ်မှုနှင့် ပါရမီမှာ ခွဲခြား၍မရပေ။ အမျိုးသားအသင်းတွင် နှစ်ပေါင်းများစွာ ရှိနေသော်လည်း နိုင်ငံတကာ ပြိုင်ပွဲများသို့ မသွားရောက်နိုင်သူများစွာ ရှိနေသေးသည်။
"ပင်ပန်းတာတော့ ပင်ပန်းတာပေါ့၊ ဒါပေမဲ့ ဒီလိုခံစားချက်မျိုးကို ငါ သဘောကျတယ်”
အားအင်များ ကုန်ခမ်းသွားသည်အထိ ကြိုးစားလိုက်ရပြီးနောက် ပြန်လည်ရရှိလာသည့် လန်းဆန်းမှုမှာ အစားထိုးမရနိုင်ပေ။
"ကျွန်တော်လည်း သဘောကျတယ်”
မိမိ၏ ရည်မှန်းချက်များအတွက် အစွမ်းကုန် ပေးဆပ်လိုက်ရသည့် ထိုခံစားချက်မှာ အမှန် တကယ်ပင် အံ့ဩစရာ ကောင်းလှသည်။
မကြာသေးမီက မင်ယွဲ့သည် လေ့ကျင့်ရေးစခန်း၌သာ နေထိုင်ခဲ့ပြီး အပြင်သို့ မထွက်ဖြစ်ပေ။ မိုဟန်ကျီသည် သူ့မိခင်ကိုယ်တိုင် အထူးစီမံပေးလိုက်သော စွပ်ပြုတ်ကို ကိုင်ဆောင်ကာ သူမထံသို့ ရောက်ရှိလာခဲ့သည်။
"မင်ယွဲ့... မင်းကိုတွေ့ဖို့ လူတစ်ယောက် ရောက်နေတယ်”
နည်းပြ ဟွမ်က လှမ်းအော်ပြောလိုက်သဖြင့် မင်ယွဲ့သည် လေ့ကျင့်ရေး ပစ္စည်းများကို ချက်ချင်း ချထားလိုက်သည်။
"ဘယ်သူလဲ... နင့်ရည်းစားလား”
ကျိုးခယ်က စပ်စုလိုသော အမူအရာဖြင့် မေးလိုက်သည်။
"နင့်မျက်နှာကို ငါ ရိုက်လိုက်ရမလား”
မင်ယွဲ့က ပြုံးလျက် ကျိုးခယ်ကို တွန်းဖယ်လိုက်ပြီး နည်းပြ ဟွမ်ရှိရာသို့ လျှောက်သွားလိုက်သည်။
"မင်းရဲ့ ရည်းစားက ထမင်းစားဆောင်မှာ စောင့်နေတယ်နော်”
နည်းပြ ဟွမ်၏ စနောက်သော အကြည့်ကြောင့် မင်ယွဲ့ ရှက်သွေးဖြာသွားရသည်။
"နှုတ်ဆက်ပါတယ် ဆရာ... ကျွန်မ သွားလိုက်ဦးမယ်”
အမှန်အတိုင်း ပြောရလျှင် ဤနေရာတွင် သီးသန့်လေ့ကျင့်နေခဲ့သဖြင့် သူမလည်း ၎င်းတို့ကို လွမ်းနေမိသည်မှာ အမှန်ပင်။
ထမင်းစားဆောင်အတွင်းသို့ ဝင်လိုက်သောအခါ စားချိန်မကျသေးသဖြင့် လူအနည်းငယ်သာ ရှိနေသည်။
ဒေါင့်တစ်နေရာတွင် ထိုင်နေသော တည်ကြည်အေးစက်သည့် အမျိုးသားကို မင်ယွဲ့ ချက်ချင်း မြင်တွေ့လိုက်ရသည်။
ထိုအမျိုးသားသည်လည်း တစ်စုံတစ်ခုကို ခံစားမိသည့်အလား မော့ကြည့်လိုက်ရာ ၎င်းတို့နှစ်ဦး၏ အကြည့်များ ဆုံစည်းသွားပြီး ရင်တွင်း၌ လှိုက်ဖိုဖွယ်ရာ အဟုန်များ စီးဆင်းသွားတော့သည်။
"ယွဲ့ယွဲ့..."
ထိုအမျိုးသားသည် လျင်မြန်စွာ ထရပ်လိုက်ရာ စားသောက်ဆိုင်အတွင်းရှိ လူအနည်းငယ်၏ အာရုံစိုက်မှုကို ခံလိုက်ရသည်။
စတိုင်ကျလှသော ဝတ်စုံပြည့်နှင့် အရပ်မြင့်
မြင့်မှာ ဤနေရာတွင် ထူးခြားထင်ရှားနေသည်။
မင်ယွဲ့သည် သူမ၏ ခြေလှမ်းများ မည်မျှ မြန်ဆန်နေသည်ကိုပင် သတိမပြုမိဘဲ သူ၏အနားသို့ ရောက်ရှိသွားခဲ့သည်။
"ပိန်သွားတယ်နော်”
မိုဟန်ကျီက သူမ၏ လက်ကို ဆုပ်ကိုင်လျက် ထိုင်ခိုင်းလိုက်ပြီး သူမ၏ မျက်နှာကို အသေးစိတ် ကြည့်ရင်း ဆိုသည်။
မင်ယွဲ့က ခပ်တိုးတိုး ရယ်မောလိုက်ပြီး
“နေ့တိုင်း လေ့ကျင့်ခန်း လုပ်နေတာလေ၊ ကျန်းမာရေးကတော့ အရမ်းကောင်းတယ်၊ စိတ်မပူပါနဲ့”
မိုဟန်ကျီက သူယူဆောင်လာသော ပစ္စည်းများကို ဖွင့်ကာ မင်ယွဲ့ရှေ့တွင် ခင်းကျင်းပေးလိုက်သည်။
"ပူတုန်းလေး သောက်လိုက်ဦး၊ အေးသွားရင် အရသာ ပျက်သွားလိမ့်မယ်”
မင်ယွဲ့သည် အားမနာတမ်းပင် စွပ်ပြုတ်ကို သောက်လိုက်သည်။
သို့သော် သူမ မော့ကြည့်လိုက်တိုင်း သူမကို တစိမ့်စိမ့် ကြည့်နေသော ထိုမျက်ဝန်းအစုံကို မြင်တွေ့နေရသည်။
"ကြည့်လို့ ကောင်းနေလို့လား”
သူမသည် ဇွန်းနှင့် ပန်းကန်ခွက်ယောက်များကို အသာအယာ ချလိုက်သည်။
"သိပ်ကောင်းတာပေါ့”
အမျိုးသား၏ မျက်ခုံးအစုံမှာ အသာအယာ ကွေးညွှတ်သွားသည်။
"ဘာတွေက အဲဒီလောက်တောင် စိတ်ဝင်စားစရာ ကောင်းနေလို့လဲ”
မင်ယွဲ့က သူ၏ နက်ကတိုင်ကို ဆွဲယူလိုက်ပြီး သူမ သိပြီးသားဖြစ်သော မေးခွန်းကိုပင် တမင်တကာ မေးလိုက်သည်။
မိုဟန်ကျီသည် သူမ၏ ရုတ်တရက် လှုပ်ရှားမှုကြောင့် အံ့အားသင့်သွားသော်လည်း ချက်ချင်းပင် သူမအနားသို့ တိုးကပ်လိုက်သည်။
"မင်းကို ကြည့်လို့ ကောင်းနေလို့လေ”
၎င်းတို့၏ လှပလွန်းလှသော မျက်နှာချင်း နီးကပ်သွားချိန်တွင် မိုဟန်ကျီမှာ တံတွေးကိုပင် မနည်းမျိုချလိုက်ရသည်။
"ကျွန်မဆီမှာ ဘာတွေက ကြည့်လို့ ကောင်းနေတာလဲ”
"အားလုံးပဲ... ဘယ်နေရာမဆို လှနေတာ”
မိုဟန်ကျီက သူမ၏ နဖူးကို အမြန်ပင် နမ်းလိုက်ပြီးနောက် အနည်းငယ် ပြန်ခွာလိုက်သည်။
မင်ယွဲ့က စွပ်ပြုတ်ကို ဆက်သောက်နေပြီး မိုဟန်ကျီကတော့ သူမကို မဖယ်မခွာ ကြည့်နေမိသည့် ဇနီးသည်ကို ချစ်မဝသောသူအဖြစ် ဆက်လက်ရှိနေတော့သည်။
မင်ယွဲ့ စားသောက်ပြီးသောအခါ မိုဟန်ကျီက ပန်းကန်များကို သေသေသပ်သပ် သိမ်းဆည်းပေးလိုက်သည်။
"ဒီနေ့ အလုပ်မများဘူးလား”
"မများပါဘူး”
အလုပ်များနေလျှင်ပင် ချစ်သူကို တွေ့ရန် အချိန်ဖဲ့ပေးရမည် မဟုတ်ပါလား။ ထိုမျှ အချိန်မပေးနိုင်လျှင် ချစ်သူဘဝ၏ အဓိပ္ပာယ်မှာ အဘယ်မှာ ရှိပါမည်နည်း။
မင်ယွဲ့သည် သူ၏ အတွေးများကို မသိသော်လည်း သူမ ခုနက ဆွဲဖွထားမိသော သူ၏ နက်ကတိုင်နှင့် ကော်လာကို သတိပြုမိသွားသည်။
"မလှုပ်နဲ့ဦး”
သူမသည် သူ၏အနားသို့ တိုးသွားကာ နက် တိုင်ကို ပြန်လည် ပြင်ဆင်ပေးလိုက်သည်။
မိုဟန်ကျီသည် သူ၏ နက်ကတိုင်ကို ကျွမ်းကျင်စွာ ပြင်ဆင်ပေးနေသော သူမ၏ လက်ချောင်းလေးများကို ကြည့်ရင်း သူမ၏ ထွက်သက်ဝင်သက်များကိုပါ ခံစားနေမိသည်။
သူသည် ထိုဖြူစင်သော လက်ကလေးကို ဆုပ်ကိုင်လိုက်ချိန်တွင် လက်ဖဝါးထက်၌ အသားမာလေးများကို ခံစားလိုက်ရသဖြင့် ရင်ထဲတွင် တဆစ်ဆစ် နာကျင်သွားရသည်။
သူသည် မင်ယွဲ့၏ လက်ကို လှန်ကြည့်ကာ လက်ဖဝါးပေါ်ရှိ အသားမာလေးများကို သူ၏ နှလုံးသားထဲတွင် ကမ္ပည်းတင်ထားမည့်အလား လက်ချောင်းလေးများဖြင့် အသာအယာ ပွတ် သပ်နေမိသည်။
"ရပါတယ်... မနာပါဘူး”
မင်ယွဲ့က သူမ၏ အခြားလက်တစ်ဖက်ဖြင့် သူ၏ လက်ပေါ်သို့ ထပ်မံ အုပ်မိုးလိုက်သည်။
"ဘယ်လိုလုပ် မနာဘဲ နေမှာလဲ”
မိုဟန်ကျီ စိတ်မကောင်း ဖြစ်နေမိသည်။
ဤအသားမာမျိုးမှာ သူ၏ လက်တွင် ရှိနေပါက ကိစ္စမရှိသော်လည်း မင်ယွဲ့၏ နုနယ်လှသော လက်ကလေးများပေါ်တွင် ရှိနေသည်မှာ သူ့အတွက်မူ ကြည့်ရဆိုးလှသည်။
မင်ယွဲ့သည် များစွာ မပြောတော့ဘဲ သူ၏ ဂရုစိုက်မှုနှင့် စိုးရိမ်မှုများကိုသာ အသာအယာ ခံယူနေလိုက်တော့သည်။