အခန်း (၄၈၃-၄၈၄)
Vol. 49 Ch. 483-484
အခန်း (၄၈၃) စာရင်းဇယားများကို သိမ်းပိုက် ခြင်း
မိုဟန်ကျီသည် ထိုနေရာတွင် အကြာကြီး မနေနိုင်ခဲ့ပေ။ မင်ယွဲ့ ထမင်းစားပြီးသည်နှင့် သူသည်လည်း ပြန်ရန် ပြင်ဆင်လေသည်။
သူသည် ဝေးကွာသွားသော မင်ယွဲ့၏ ကျောပြင်လေးကို ရင်ထဲ၌ တမြည့်မြည့် လွမ်းဆွတ်တမ်းတနေမိရင်း လက်တွေ့ဘဝသို့ မနည်းပြန်လည် စိတ်စုစည်းလိုက်ရသည်။
မင်ယွဲ့က လေ့ကျင့်ရေးကွင်းအတွင်းသို့ ပြန်လည်ဝင်ရောက်သွားသလို မိုဟန်ကျီသည်လည်း ကုမ္ပဏီသို့ ပြန်၍ လုပ်ငန်းတာဝန်များကို ဆက်လက်ထမ်းဆောင်တော့သည်။
တစ်ဖက်တွင်မူ ချန်ယွဲ့ ဖျော်ဖြေရေးသည် လက်ရှိတွင် အရှိန်အဟုန်ပြင်းစွာဖြင့် ရေပန်းစားနေလေသည်။
လျိုယဲ့သည် နာမည်ကျော် ဒါရိုက်တာတစ်ဦး ရိုက်ကူးသည့် ရုပ်ရှင်တွင် ဇာတ်ပို့မင်းသမီး (တတိယမြောက် အမျိုးသမီးဇာတ်ဆောင်) နေရာအတွက် ရွေးချယ်ခြင်း ခံခဲ့ရသည်။
မင်ယွဲ့သည် ဖျော်ဖြေရေးလောကအတွင်း သန့်ရှင်းသော ပတ်ဝန်းကျင်တစ်ခု ဖန်တီးလိုသည်ဟု ဆိုခဲ့ဖူးရာ သူမ၏ အနုပညာရှင်များအတွက် ငွေကြေးသုံးကာ ဇာတ်လမ်းထဲသို့ အတင်းအဓမ္မ ထည့်သွင်းခြင်းမျိုးကို ဘယ် သောအခါမျှ မပြုလုပ်ခဲ့ပေ။
သူမသည် ကိုယ့်ကုမ္ပဏီမှ လူများအတွက်နှင့် အခြားသော အနုပညာရှင်များ၏ အခွင့်အရေးကို ထိခိုက်စေမည့် အပြုအမူမျိုးကိုလည်း ရှောင်ကြဉ်သူဖြစ်သည်။
သို့သော်လည်း ငွေကြေးအင်အားကို အသုံးပြု၍ တရားမျှတသော ယှဉ်ပြိုင်မှုမျိုး ဖြစ်ပေါ်လာအောင် ဖန်တီးပေး၍တော့ ရနိုင်သည် မဟုတ်ပါလား။
မင်ယွဲ့သည် ထိုရုပ်ရှင်တွင် ယွမ်သန်း ၈၀ တိုက်ရိုက် ရင်းနှီးမြှုပ်နှံလိုက်ပြီး သရုပ်ဆောင် ရွေးချယ်ပိုင်ခွင့်ကိုမူ ဒါရိုက်တာ၏ လက်ထဲသို့သာ အကြွင်းမဲ့ အပ်နှံထားခဲ့သည်။
လျိုယဲ့သည် ကိုယ်တိုင် သွားရောက် အင်တာဗျူးဖြေဆိုခဲ့ပြီး သူမ၏ ကံကောင်းမှုနှင့် ကြိုးစားမှုတို့ကြောင့် ရွေးချယ်ခြင်း ခံခဲ့ရခြင်း ဖြစ်သည်။
အမှန်စင်စစ် အခွင့်အရေးဆိုသည်မှာ အမြဲတမ်း အဆင်သင့်ပြင်ထားသူများအတွက်သာ ဖြစ်သည်။
လျိုယဲ့သည် လတ်တလောကာလအတွင်း သရုပ်ဆောင်ပညာရပ်ကို အားသွန်ခွန်စိုက် လေ့လာနေခဲ့သဖြင့် သူမ၏ တိုးတက်မှုမှာ သိသာထင်ရှားလှသည်။
အကယ်၍ ယခင်ကကဲ့သို့ အနုပညာမရင့်ကျက်သေးသော အရည်အချင်းမျိုးနှင့်သာဆိုလျှင် နာမည်ကျော် ဒါရိုက်တာတစ်ဦး၏ ရုပ်ရှင်တွင် ဤကဲ့သို့ အရေးပါသော နေရာကို မည်သို့မျှ ရရှိနိုင်မည် မဟုတ်ပေ။
လင်ကျိုး၊ ကျန်းချင်းနှင့် ချူရန်တို့သည် အတူတကွ လေ့ကျင့်ရင်းနှင့်ပင် ရင်းနှီးသော သူငယ်ချင်းများ ဖြစ်လာခဲ့ကြသည်။
ကုမ္ပဏီက ၎င်းတို့ကို အဘယ်ကြောင့် ရွေးချယ်ခဲ့သနည်းဟူသော အကြောင်းရင်းကိုလည်း နောက်ဆုံးတွင် ၎င်းတို့ နားလည် သဘောပေါက်သွားကြပြီ ဖြစ်သည်။
လင်ကျိုးသည် တစ်စုံတစ်ခုကို ကြိုတင်ရိပ်မိနေခဲ့သော်လည်း ကုမ္ပဏီ၏ တရားဝင် အကြောင်းကြားစာက သူ၏ ခန့်မှန်းချက်ကို အတည်ပြုပေးလိုက်သကဲ့သို့ ရှိသည်။
"ဒီကုမ္ပဏီက တကယ်ကို အံ့ဩစရာပဲ ကုမ္ပဏီအသစ်ဖြစ်နေတာတောင် ပါဝင်ခွင့်နေရာ သုံးနေရာတောင် ရအောင် ယူနိုင်ခဲ့တယ်နော်”
ကျန်းချင်းက စိတ်လှုပ်ရှားစွာဖြင့် ဆိုလိုက်သည်။
"ငါကြားတာတော့ ဒါက ရှင်းယောင်းအင်တာတိန်းမန့် နဲ့ တိုမားတိုးပလက်ဖောင်းတို့ ပူးပေါင်းပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကျင်းပမယ့် လူရွေးပွဲ အစီအစဉ်တဲ့”
ချူရန်၏ တောက်ပနေသော မျက်ဝန်းများက သူမ၏ ရင်တွင်းရှိ စိတ်လှုပ်ရှားမှုကို ဖော်ပြနေသည်။
လင်ကျိုးသည်လည်း စိတ်အေးအေး မထားနိုင်သည်မှာ အမှန်ပင်။ သူသည် ဖျော်ဖြေရေး ကုမ္ပဏီတစ်ခုနှင့် လက်မှတ်ထိုးရန် ဆုံးဖြတ်ခဲ့ကတည်းက တစ်နိုင်ငံလုံး သိသော အနုပညာရှင်တစ်ဦး ဖြစ်လာရန် ရည်မှန်းချက် ထားရှိခဲ့ပြီးသား ဖြစ်သည်။
အကယ်၍ နာမည်ကျော်ကြားမှု မရှိပါက ဖျော်ဖြေရေးလောက၏ အောက်ခြေတွင်သာ အမြဲတမ်း ရှိနေမည်ဖြစ်သည်။
မည်သည့် နယ်ပယ်မှာပင်ဖြစ်စေ ထိပ်တန်းသို့ မရောက်ရှိပါက ထိုလုပ်ငန်း၏ အရသာကို ခံစားရမည်မဟုတ်ဘဲ အဓိပ္ပာယ်မဲ့ပြီး စက်ရုပ်ဆန်သော ထပ်တလဲလဲ အလုပ်များကိုသာ လုပ်ကိုင်နေရမည် မဟုတ်ပါလား။
ထိုအချိန်မှစ၍ ၎င်းတို့ သုံးဦးသည် ပိုမို ပြင်းထန်စွာ လေ့ကျင့်ကြတော့သည်။
လင်ကျိုးသည် လေ့ကျင့်ရေး ပြီးဆုံးချိန်တိုင်းတွင် စာမေးပွဲအတွက် လေ့ကျင့်ခန်း ပုစ္ဆာများကို တွက်ချက်နေတတ်ရာ ကျန်းချင်းနှင့် ချူရန်တို့ကပင် ချီးကျူးနေကြရသည်။
ကျန်းချင်းမှာ ကခုန်ခြင်း ဘာသာရပ် ကျောင်းသားဖြစ်ပြီး ချူရန်မှာလည်း တက္ကသိုလ် ပထမနှစ် ကျောင်းသားဖြစ်နေပြီ ဖြစ်ရာ ယခုနှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန် မလိုသူမှာ ချူရန် တစ်ဦးတည်းသာ ရှိသည်။
"ဆက်ပြီး ကြိုးစားကြစမ်းပါဦး”
ချူရန်က လက်သီးလေး ဆုပ်ကာ ၎င်းတို့ကို အားပေးလိုက်သည်။
"နင်ကတော့ ပြောတာပေါ့၊ နင့်ကိုယ်နင် လူမုန်းများအောင် လုပ်နေတယ်လို့ မထင်ဘူးလား”
စာမေးပွဲနီးလာသည်နှင့်အမျှ ကျန်းချင်းသည်လည်း စိုးရိမ်စိတ်များ မြင့်တက်လာကာ နားမလည်သော ပုစ္ဆာများကို လင်ကျိုးအား မေးမြန်းနေရတော့သည်။
ချူရန်မှာမူ ဂစ်တာကို တီးခတ်ရင်း စာထဲတွင် အာရုံစိုက်နေသော ထိုနှစ်ဦးနှင့် ကွဲပြားသော ကမ္ဘာတစ်ခုထဲတွင် ရှိနေသကဲ့သို့ပင်။
"ငါ နင်တို့ကို သီချင်းအသစ်လေးတွေ ဖွင့်ပြမယ်”
သူမသည် တစ်စုံတစ်ခုကို သတိရသွားသည့် အလား ဂစ်တာကို ချလိုက်ပြီး ဖုန်းကို ဖွင့်လိုက် သည်။
သီချင်းသံ စတင်ထွက်ပေါ်လာချိန်တွင် စာလုပ်နေကြသော ထိုနှစ်ဦးသည်လည်း စက္ကူနှင့် ကလောင်များကို အလိုလို ချထားလိုက်မိကြသည်။
ထိုအသံမှာ ကြည်လင်ပြတ်သားလှသလို ရင့်ကျက်သော အမျိုးသားတစ်ဦး၏ ဆွဲဆောင်မှုရှိသော သံလိုက်ဓာတ်မျိုးလည်း ကိန်းအောင်းနေသည်။ ဆန့်ကျင်ဘက် ဖြစ်နေသော ထိုခံစားချက်နှစ်ခုမှာ လွန်စွာ ဟန်ချက်ညီစွာ ပေါင်းစပ် နေသည်မှာ ထူးခြားလှသည်။
"ဒါ... ဒါ ဘယ်သူလဲ”
ကျန်းချင်းသည် အံ့ဩလွန်းသဖြင့် ရုတ်တရက် ထရပ်လိုက်ရာ စားပွဲစွန်းနှင့် သူ၏ခြေထောက်ပင် တိုက်မိသွားသည်။
ထိုအသံသည် အမှန်တကယ်ပင် စွဲမက်ဖွယ် ကောင်းလှသည်။ ရင့်ကျက်သော ကျော့ရှင်းမှုနှင့် လူငယ်ဆန်သော ကြည်လင်မှုတို့ ရောယှက်နေကာ မည်သည့် ပြုပြင်ဖန်တီးမှုမျှ မပါဘဲ လှပနေသည့် အသံပင်။
လင်ကျိုးသည်လည်း အတော်လေး တုန်လှုပ်သွားမိသည်။ ဤသည်မှာ ဂီတ၏ စွမ်းအားလော။ သူ၏ ဝိညာဉ်အတွင်း တုန်ခါမှုတစ်ခုကို ခံစားလိုက်ရပြီး စာတွက်ထားသဖြင့် ပင်ပန်းနေသမျှသည် ခြောက်သွေ့သော မြေပေါ်သို့ ကျဆင်းလာသည့် နွေဦးမိုးရေကဲ့သို့ လန်းဆန်းသွားရသည်။
"ဒါ ငါတို့ ကုမ္ပဏီက စီနီယာ ကျန်ယန်ရဲ့ သီချင်းလေ”
ချူရန်က ဆိုသည်။
သူမသည် အသံပိုင်းဆိုင်ရာ ပညာရပ်ကို လေ့လာနေသူဖြစ်ရာ ယခင်က ကျန်ယန်၏ သီချင်းများကို စုဆောင်းခဲ့ဖူးသော်လည်း သူသည် လူထုမြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သဖြင့် ဝမ်းနည်းနေခဲ့ရသူဖြစ်သည်။ ယခုကဲ့သို့ ကုမ္ပဏီတစ်ခုတည်းတွင် ဆုံတွေ့ရလိမ့်မည်ဟု သူမ အိမ်မက် ပင် မမက်ခဲ့ပေ။
"ဒီအဆင့်အတန်းမျိုးနဲ့ သီဆိုနိုင်မယ်ဆိုရင်တော့ ငါတို့ ပထမဆုံး စင်မြင့်ထက်မှာ အနိုင်ရဖို့ အခွင့်အရေး အများကြီး ရှိသွားပြီ
‘Youth Trainee' မှာ ပထမဆုံး စွမ်းဆောင်ရည်ပြသမှုက အရမ်းအရေးကြီးတယ်၊ အဲဒါက လူထုရဲ့ အသိအမှတ်ပြုမှုကို တိုက်ရိုက် သက်ရောက်မှု ရှိတာ”
ချူရန်သည် အသက်အနည်းငယ် ပိုကြီးသူဖြစ်ရာ ပိုမို အတွေးနက်လှသည်။
၎င်းတို့သည် ပွဲဦးမထွက်ရသေးသည့် လူသစ်များ ဖြစ်ကြသဖြင့် ပထမဆုံး ပေးစွမ်းမည့် အထင်
အကြီးမှုမှာ အဆုံးအဖြတ်ပင် ဖြစ်သည်။
"ဒါက... ခက်ခဲလိမ့်မယ်”
ကျန်းချင်းသည် စိုးရိမ်စိတ်ဖြင့် တံတွေးကိုပင် ခက်ခဲစွာ မျိုချလိုက်မိသည်။
"ဒါကြောင့်မို့လို့ ငါတို့ ပိုကြိုးစားရမှာပေါ့”
လင်ကျိုးက ပြတ်သားသော မျက်ဝန်းများဖြင့် ဆိုလိုက်သည်။
"နင်တို့ တကယ်ပဲ အတည်ပြောနေတာလား”
ကျန်းချင်းသည် ထူးချွန်လွန်းလှသော ထိုနှစ်ဦးကြားတွင် ညှပ်နေသဖြင့် သူ၏ ဘဝမှာ လွန်စွာ ခက်ခဲနေပြီး အတင်းအဓမ္မ မြှင့်တင်ခံနေရသကဲ့သို့ ခံစားနေရသည်။
"အတည်ပေါ့”
လင်ကျိုးနှင့် ချူရန်တို့က တစ်ပြိုင်နက်တည်း ဖြေလိုက်ကြသည်။
"ဒါနဲ့... ကျန်ယန်ရဲ့ အယ်လ်ဘမ်သစ်မှာ သီချင်းစာသားနဲ့ တေးသံတွေကို ဘယ်သူ ဖန်တီးပေးထားလဲဆိုတာ နင်တို့ သိကြလား”
ချူရန်က အစီအစဉ်ရှိရှိဖြင့် စကားကို ဖြတ်ထားလိုက်သည်။
"ဘယ်သူလဲ”
ကျန်းချင်းနှင့် လင်ကျိုးတို့က စိတ်ဝင်တစား ကြည့်လာကြသည်။
"အချို့ကိုတော့ သူကိုယ်တိုင် ရေးစပ်ထားတာ၊ ဒါပေမဲ့ အများစုကိုတော့ ငါတို့ရဲ့ ဥက္ကဋ္ဌ မင်ယွဲ့ကိုယ်တိုင် ရေးပေးထားတာတဲ့”
"ဟမ်... တကယ်ကြီးလား၊ အဲဒီလောက်တောင် တော်တာလား”
ကျန်းချင်းက ချက်ချင်းပင် ဖုန်းကို ထုတ်ကာ ရှာဖွေတော့သည်။
"ဘာလို့ သီချင်းတွေက မန်ဘာဝင်ထားတာ ရှိမှ နားထောင်လို့ ရတာလဲ ငါ့မှာမှ မရှိတာ”
သူ့အနေဖြင့် ငွေပေးချေရန်မှာ ဘယ်သောအခါမျှ မဖြစ်နိုင်သည့် အရာပင်။
ချူရန်က စိတ်ပျက်လက်ပျက်ဖြင့် သူမ၏ မန်ဘာဝင်ပေးလိုက်ရင်း
“နင်က ယွမ်တစ်ထောင်ကျော်တန်တဲ့ ဖိနပ်ကိုတော့ စီးနိုင်ပြီး ယွမ်အနည်းငယ်ပဲ ပေးရတာ ကိုတော့ မဝယ်နိုင်ဘူးလား”
"အဲဒါက မတူဘူးလေ၊ တို့တွေက ချွေတာသင့်တာကို ချွေတာရမှာပေါ့”
လင်ကျိုးပါ ရောက်လာပြီး သုံးဦးသား ဖုန်းစခရင်ကို ကြည့်ကာ အံ့ဩတကြီး ရေရွတ်လိုက်မိကြသည်။
"သီချင်း သုံးပုဒ်က ထိပ်တန်းစာရင်း ထဲကို ရောက်နေပြီ”
"သီချင်း ငါးပုဒ်က မူရင်းဂီတ ဇယား ထဲကို ရောက်နေတယ်”
"သီချင်း ခြောက်ပုဒ်က ကျော်ကြားစာရင်း ထဲမှာ”
"သီချင်း ရှစ်ပုဒ်က အသစ်ထွက်စာရင်း ထဲမှာ”
"ဒါကတော့ တကယ့်ကို အံ့ဩစရာပဲ၊ ဇယားတစ်ခုလုံးကို သိမ်းပိုက်ထားတာပဲ”
ကျန်းချင်းက နိဂုံးချုပ်လိုက်သည်။
"သေချာ ကြည့်ကြည့်ဦး၊ ဇယားတိုင်းရဲ့ နံပါတ် (၁) နေရာမှာ ရှိနေတဲ့ သီချင်းတိုင်းက ဥက္ကဋ္ဌ မင်ယွဲ့ ရေးစပ်ပေးထားတဲ့ သီချင်းတွေချည်းပဲ”
လင်ကျိုးက အားကျစွာဖြင့် ဆိုသည်။
"ပြီးတော့ အဲဒီသီချင်းတွေကို ကျန်ယန် သီဆိုထားတာလေ”
ချူရန်က ထပ်လောင်း ပြောကြားလိုက်သည်။
"ဒီလူကြီး နှစ်ယောက်ကတော့ ဇယားတွေကို အပိုင်စီးထားကြပြီ”
ကျန်းချင်းသည် အံ့အားသင့်လွန်းသဖြင့် ပါးစပ်ပင် မစိနိုင်တော့ပေ။ သုံးဦးသားသည် အံ့ဩမှုနှင့်အတူ ဂုဏ်ယူစိတ်များဖြင့် ပြည့်နှက်နေ တော့သည်။
"ကျန်ယန်... နင်တော့ နာမည်ကြီးသွားပြီ၊ အရမ်းကို နာမည်ကြီးသွားတာ”
စီနီယာ ချန်က ဇယားအသီးသီးကို ကြည့်ကာ စိတ်လှုပ်ရှားစွာဖြင့် ခေါက်တုံ့ခေါက်ပြန် လျှောက်နေသည်။
"ဒါကတော့ ဥက္ကဋ္ဌ မင်ယွဲ့နဲ့ စီနီယာ ချန်တို့ကို ကျေးဇူးတင်ရမှာပါ”
ကျန်ယန်က ပြုံးလျက် ဆိုသည်။
"နင်ကတော့ လောကဝတ်ကို တော်တော်တတ်တာပဲ၊ ငါ့ကိုပါ ထည့်ပြောပေးလို့ ကျေးဇူးပဲ ဒါပေမဲ့ ဥက္ကဋ္ဌ မင်ယွဲ့ကိုတော့ အမြဲတမ်း ရိုသေလေးစားဖို့ မမေ့နဲ့ဦး၊ ငါတို့က သူမကို တကယ် ကျေးဇူးကြွေး တင်နေတာ”
မင်ယွဲ့သည် သီချင်းရေးသားခြင်း၊ တေးသံဖန်တီးခြင်းနှင့် အယ်လ်ဘမ် ထုတ်လုပ်ခြင်းတို့တွင် သူ့အတွက် အကောင်းဆုံးသော အခွင့်အလမ်းများကို ဖန်တီးပေးခဲ့သည်။
"ကျွန်တော် သိပါတယ်”
သူသည် နာမည်မကြီးခင်ကတည်းက ပျောက်ကွယ်သွားခဲ့ရသူဖြစ်ရာ အနုပညာလောကတွင် ကျဆုံးသွားသူဟုပင် ခေါ်ရန် မထိုက်တန်ခဲ့ပေ။
ကျဆုံးသည်ဟု ဆိုရန်မှာ တစ်ချိန်က ကြယ်တစ် ပွင့် ဖြစ်ခဲ့ဖူးရန် လိုသည် မဟုတ်ပါလား။
သို့သော် ယခုအခါတွင်မူ သူသည် အမှန်တကယ် နာမည်ကြီးလာခဲ့ပြီ ဖြစ်သည်။ တစ်နိုင်ငံလုံး အတိုင်းအတာအရ မပြောနိုင်သေးသော်လည်း ပြည်တွင်း၌မူ သူ၏ ပရိသတ်အင်အားမှာ မနည်းလှပေ။
ဇယားထိပ်ဆုံးတွင် သူ၏ သီချင်းများ ရောက်ရှိနေသည်ကို မြင်ရသောအခါ ကျန်ယန်သည် အောင်ပွဲခံလိုသော စိတ်ကို ခံစားလိုက်ရပြီး ဥက္ကဋ္ဌ မင်ယွဲ့၏ မျှော်လင့်ချက်များကို အကောင်အထည် ဖော်နိုင်ခဲ့ပြီဟု ယုံကြည် လိုက်သည်။
(အား... ငါ အကြိုက်ဆုံး အဆိုတော် ပြန်လာပြီ အရင်ကထက်တောင် ပိုချစ်သွားပြီ)
('Love Words' သီချင်းလေးက အရမ်းကောင်းတာပဲ ကျန်ယန်က အဆိုတော်အသစ်လား)
(ဒီလူက နာမည်ကြီးလို့လား ငါ တစ်ခါမှ မကြားဖူးပါဘူး)
(ဇယားတွေအားလုံးကို သူပဲ သိမ်းပိုက်ထားတာလား ပြည်တွင်းဇယားတွေ ဆိုပေမဲ့ ဒါက တကယ့်ကို ထိတ်လန့်စရာကောင်းတဲ့ အောင်မြင်မှုပဲ)
ကျန်ယန်၏ သီချင်းများသည် သာမန်နားထောင်သူများကိုပင် ပရိသတ်များ ဖြစ်လာအောင် ဆွဲဆောင်နိုင်ခဲ့သည်။
ယခင်က လူနည်းစုသာရှိသော သူ၏ ပရိသတ်အင်အားမှာ ယခုအခါ တဟုန်ထိုး မြင့်တက်လာခဲ့ပြီ ဖြစ်သည်။
သူ၏ ပြန်လာမှုသည် ကြွင်းကျန်ရစ်သော ပရိသတ်ဟောင်းများကိုပင် သစ္စာအရှိဆုံး နောက်လိုက်များ ဖြစ်လာစေခဲ့သည်။
ကျန်ယန်၏ ရေပန်းစားမှုမှာ ဆက်လက် မြင့် တက်နေဆဲပင်။
#တေးသီချင်းတို့၏ ဘုရင်တစ်ပါး ပေါ်ထွန်းလာခြင်း#
စီနီယာ ချန်သည် ဤသတင်းခေါင်းစဉ်ကို မြင် လိုက်ရချိန်တွင် မျက်နှာ ပျက်သွားသည်။
"ကျန်ယန်... တစ်စုံတစ်ယောက်က နင့်ကို အွန် လိုင်းမှာ တိုက်ခိုက်ဖို့ ကြိုးစားနေပြီ ထင်တယ် အွန်လိုင်းက မှတ်ချက်တွေကို ဘာမှ ပြန်မပြောနဲ့ဦး”
ကျန်ယန်သည် ယခုအကြိမ်တွင် ထိုက်ထိုက်တန်တန် အောင်မြင်ခဲ့ခြင်း ဖြစ်သော်လည်း သူ၏ ပရိသတ်အခြေခံမှာ မခိုင်မာသေးပေ။
ပရိသတ်အများစုမှာ လူသစ်များသာ ဖြစ်ကြသည်။ ကျောက်လင်းကဲ့သို့သော ဝါရင့်အနုပညာရှင်များနှင့် နှိုင်းယှဉ်ပါက သူသည် အတွေ့အကြုံ လွန်စွာ နည်းပါးနေသေးသည်။
ကျန်ယန် ယခုကဲ့သို့ ဇယားထိပ်ဆုံးသို့ ရောက်ရှိသွားခြင်းမှာ စီနီယာ အနုပညာရှင်များ၏ သီချင်းသစ်များ ထွက်ရှိခြင်း မရှိသေးသည့် အချိန်အခါကောင်းနှင့် ကြုံကြိုက်သွားခြင်းကြောင့်လည်း ပါဝင်သည်။ ဤသည်မှာ သူ၏ ကံတရားက မျက်နှာသာပေးလိုက်ခြင်းပင်။
သို့သော် အင်တာနက်ပေါ်တွင် "တေးသီချင်းတို့၏ ဘုရင်" ဟု အမွမ်းတင်နေကြခြင်းမှာ မကောင်းသော အကြံအစည်များ ရှိနေသည်မှာ သိသာလှသည်။
ဤသည်မှာ လိုတာထက်ပို၍ မြှောက်ပေးခြင်းဖြင့် ပြန်လည် တိုက်ခိုက်ရန် ကြိုးစားနေကြခြင်းသာ ဖြစ်တော့သည်။
အခန်း (၄၈၄) ပထမနေရာကို ဆုပ်ကိုင်ခြင်း
ကောင်းကင်ဘုံသို့ ရောက်မတတ် မြှောက်ပင့်ချီးမွမ်းပြီးမှ မြေပြင်သို့ ရိုက်ချေဖျက်ဆီးပစ်ခြင်းဟူသော နည်းပရိယာယ်သည် ကျန်ယန်၏ အနာဂတ်ကို အဆုံးသတ်သွားစေနိုင်သည့် ဘေးဆိုးတစ်ခုပင် ဖြစ်သည်။
စီနီယာ ချန်သည် ဖျော်ဖြေရေးလောကအတွင်း နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သူဖြစ်ရာ ဤကဲ့သို့သော အောက်တန်းကျသည့် လှည့်ကွက်ပေါင်းများစွာကို မြင်တွေ့ခဲ့ဖူးသည်။
ပါရမီရှိပြီး ရုပ်ရည်ချောမောသော လူသစ်များစွာမှာ ဤကဲ့သို့သော ယုတ်ညံ့သည့် နည်းလမ်းများဖြင့် ဖျက်ဆီးခြင်း ခံခဲ့ရသည် မဟုတ်ပါလား။
ကျန်ယန်သည် သူ၏ မန်နေဂျာဖြစ်သူ အလောတကြီး ထွက်ခွာသွားသည်ကို ကြည့်ရင်း အခြေအနေ၏ စိုးရိမ်ဖွယ်ရာကောင်းမှုကို သတိပြုမိလိုက်သည်။
သို့သော် သူသည် ယခင်ကကဲ့သို့ အားကိုးရာမဲ့တစ်ဦး မဟုတ်တော့ပေ။ သူ၏ နောက်ကွယ်တွင် ခိုင်မာသော ကုမ္ပဏီနှင့် တာဝန်ယူမှုရှိသော မန်နေဂျာတို့က အကာအကွယ်ပေးထားမည် ဖြစ်သည်။
စီနီယာ ချန်သည် အမှန်တကယ်ပင် တာဝန်ကျေပွန်သူတစ်ဦး ဖြစ်သည်။
သူမသည် ပြည်သူ့ဆက်ဆံရေးဌာန သို့ တိုက်ရိုက်သွားရောက်ကာ ပြတ်သားသော တန်ပြန်တိုက်စစ်များကို စတင်ခဲ့သည်။
မင်ယွဲ့သည် ကုမ္ပဏီရှိ ဌာနအားလုံးကို အနုပညာရှင်များ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြည့်အဝ ပူးပေါင်းဆောင်ရွက်ရန် ကြိုတင်ညွှန်ကြားထားပြီးဖြစ်ရာ ချန်ယွဲ့ ဖျော်ဖြေရေး စတင်လှုပ်ရှားလိုက်သည်နှင့် အွန်လိုင်းပေါ်ရှိ တိုက်ခိုက်သူများမှာ ရုတ်ချည်း ပျောက်ကွယ်သွားတော့သည်။
ချန်ယွဲ့ ဖျော်ဖြေရေးနှင့် ယွဲ့ဟွာ နည်းပညာတို့သည် ပိုင်ရှင်တစ်ဦးတည်း၏ လက်အောက် တွင် ရှိနေခြင်းဖြစ်သည်။
ထို့ကြောင့် ယွဲ့ဟွာ နည်းပညာ၏ နည်းပညာဌာနအတွက် ဟက်ကာအချို့ကို ရှာဖွေဖော်ထုတ်ရန်မှာ လက်ဖျောက်တစ်ချက်တီးရသလောက်ပင် လွယ်ကူလှသည်။
၎င်းတို့သည် ပြိုင်ဘက်ကုမ္ပဏီများက အခကြေးငွေပေးကာ အွန်လိုင်းတိုက်ခိုက်သူများ ငှားရမ်းထားသည့် အထောက်အထားများကို တိုက်ရိုက် ဖော်ထုတ်လိုက်ကြသည်။
လုပ်ငန်းခွင်အတွင်း၌ တစ်ဖက်သတ် သတင်းမှားများ ဖြန့်ဝေရန် တိုက်ခိုက်သူများ ငှားရမ်းခြင်းမှာ လူသိမသာ ရှိနေခဲ့သော်လည်း ယခုကဲ့သို့ အများပြည်သူရှေ့မှောက်သို့ ပွင့်လင်းစွာ ဆွဲတင်ခံရခြင်းမျိုး မရှိခဲ့ဖူးပေ။ ဤသည်မှာ လူသေလောင်းကို လမ်းလယ်ခေါင်တွင် ဗလာကျင်းပြသလိုက်ခြင်းနှင့် ဘာထူးပါမည်နည်း။
နောက်တစ်နေ့ အရုဏ်တက်ချိန်တွင် ပတ်သက်ဆက်နွှယ်နေသော ကုမ္ပဏီများအားလုံး ပျာပန်းခတ်သွားကြတော့သည်။
"ဟားဟား... ယွဲ့ယွဲ့ ကုမ္ပဏီရဲ့ PR အဖွဲ့က တကယ် စိတ်ဝင်စားဖို့ကောင်းတာပဲ”
ကျန်ကျွင်းသည် သူ၏ ရုံးခန်းထိုင်ခုံတွင် ထိုင်ရင်း အားရပါးရ ရယ်မောနေသည်။
"ဟုတ်ပါတယ် ဆရာ သတင်းကို မနက်အစောကြီးမှာ ဖြန့်လိုက်တာဆိုတော့ အဲဒီကုမ္ပဏီတွေ အငိုက်မိသွားတာပေါ့ သူတို့ နိုးလာတဲ့အချိန်မှာ ကိစ္စက နာရီပေါင်းများစွာ ပျံ့နှံ့နေပြီဆိုတော့ PR လုပ်ဖို့ အကောင်းဆုံးအချိန်ကို လွန်သွားပြီလေ”
ရေပန်းစားနေသော သတင်းခေါင်းစဉ်များကို ကြည့်ရင်း ကျန်ကျွင်း၏ လက်ထောက်က ဝန်ခံလိုက်ရသည်။ ဤလုပ်ရပ်သည် လူများစွာကို ရန်သူဖြစ်စေခဲ့သော်လည်း ၎င်းတို့ကုမ္ပဏီအတွက်မူ အကျိုးအမြတ်များစွာနှင့် စိတ်ဝင်စားမှုများကို ဆောင်ကြဉ်းပေးခဲ့သည်။
"ဒီလို ရဲရင့်မှုမျိုးက တကယ်ကို ရှားပါးပါတယ်”
ရှင်းယောင်း လုပ်ငန်းစု သည် ဖျော်ဖြေရေးလောကတွင် အမြစ်တွယ်နေသော ဝါရင့်ကုမ္ပဏီတစ်ခု ဖြစ်သော်လည်း ခေတ်ရေစီးကြောင်းနှင့်အညီ လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲနေရဆဲပင်။
၎င်းတို့သည် ကိုယ်ကျင့်တရား စံနှုန်းများကို ထိန်းသိမ်းထားသော်လည်း တစ်ဖက်သားနှင့် စားပွဲဝိုင်းကို မှောက်လှန်ပစ်လိုက်ရန်အထိတော့ သတ္တိမရှိကြပေ။ သို့မဟုတ်ပါက ၎င်းတို့ကိုယ်တိုင်ပင် စားစရာရှိတော့မည် မဟုတ်ပေ။
ရှင်းယောင်းသည် ဝါရင့်ကုမ္ပဏီတစ်ခု ဖြစ်သဖြင့် ဤညစ်ပတ်သော ကိစ္စရပ်များတွင် ပါဝင်ပတ်သက်ခြင်း မရှိခဲ့ပေ။ ထို့ကြောင့်လည်း ကျန်ကျွင်းအနေဖြင့် ပွဲကြည့်ပရိသတ်အဖြစ် အေးအေးဆေးဆေး ရှိနေနိုင်ခြင်း ဖြစ်သည်။ အခြားကုမ္ပဏီများမှာမူ ထိုမျှ ကံမကောင်းကြပေ။
"အဲဒီမိန်းမ ရူးသွားပြီလား အကုန်လုံးကို ဖော်ထုတ်ပြနေတာပဲ သူ ဘာဖြစ်နေတာလဲ”
ဟုန်ချန် ဖျော်ဖြေရေး၏ အထွေထွေမန်နေဂျာ မစ္စတာကျိုးသည် ဒေါသအလိပ်လိပ် ထွက်လျက် ရုံးခန်းအတွင်း ပေါက်ကွဲနေတော့သည်။
ယခင်က လျိုယဲ့သည် သူ့ကို ဗီဒီယိုဖိုင်ဖြင့် ခြိမ်းခြောက်ကာ စာချုပ်ဖျက်သိမ်းခဲ့ဖူးသည်။ နောက်ပိုင်းတွင် သူမသည် ချန်ယွဲ့ ဖျော်ဖြေရေးနှင့် လက်မှတ်ထိုးလိုက်သောအခါ မစ္စတာကျိုးသည် မင်ယွဲ့နှင့် ဝမ်ကျန်းတို့အပေါ် ရန်ငြိုးဖွဲ့ထားခဲ့သည်။
၎င်းတို့တွင် အရန်အစီအစဉ်များ ရှိနေမည်ကို စိုးရိမ်သဖြင့် သူသည် အောင့်အည်းသည်းခံနေခဲ့သော်လည်း ရက်အနည်းငယ်ကြာသည်အထိ ဘာမှမထူးခြားသဖြင့် ၎င်းတို့၌ ဘာမှမရှိဟု သူ ထင်မှတ်ခဲ့သည်။
သို့သော် ယခုအခါတွင်မူ ၎င်းတို့၌ အရန်အစီအစဉ် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သူ့အတွက် အကြီးမားဆုံးသော သက်သေအထောက်အထားသစ်များကို ချပြလိုက်လေပြီ။
"အခု ဘာဆက်လုပ်ကြမလဲ မစ္စတာကျိုး ကျွန်တော်တို့မှာ မရိုးသားတဲ့ နည်းလမ်းတွေရှိပြီး လူငယ်တွေကို အကွက်ဆင်နေတယ်လို့ လူတွေက ပြောနေကြပြီ”
"လောလောဆယ် ဘာမှ ပြန်မပြောနဲ့ဦး တခြားကုမ္ပဏီတွေ ဘယ်လိုကိုင်တွယ်မလဲဆိုတာ စောင့်ကြည့်ရအောင်”
၎င်းတို့အနေဖြင့် စောင့်ကြည့်ရန်သာ ရှိတော့သည်။
ချန်ယွဲ့ ဖျော်ဖြေရေး၏ ရူးသွပ်သော လုပ်ရပ်မှာ သူ့တစ်ဦးတည်းကိုသာ ရန်စခဲ့သည်မဟုတ်ပေ။ ဤမျှ များပြားလှသော ရန်သူများကို သူမ မည်သို့မျှ တောင့်ခံနိုင်မည်မဟုတ်ဟု သူ ယုံကြည်နေသည်။
သို့သော် ချန်ယွဲ့ ဖျော်ဖြေရေးသည် ၎င်းတို့ကို စိတ်ပျက်အောင် မလုပ်ခဲ့ပေ။ ၎င်းတို့သည် စမ်းသပ်မှုများကို ကြံ့ကြံ့ခံနိုင်ရုံသာမက ပြိုင်ဘက်များကိုပါ အကြီးအကျယ် ဆုံးရှုံးမှုများ ဖြစ်ပေါ်စေခဲ့သည်။
ချန်ယွဲ့ ဖျော်ဖြေရေးသည် သက်သေများကို တိုက်ရိုက်ချပြရုံသာမက တရားစွဲဆိုမှုများကိုပါ ပြုလုပ်ခဲ့သည်။
ဤသည်မှာ ဖျော်ဖြေရေးလောက၏ သမိုင်းတစ်လျှောက်တွင် ကုမ္ပဏီတစ်ခုမှ ဤမျှ ကြီးမားသော အတိုင်းအတာဖြင့် တရားစွဲဆိုမှု ပြုလုပ်ခဲ့ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး လုပ်ငန်းတစ်ခုလုံးကို တုန်လှုပ်ချောက်ချားသွားစေခဲ့သည်။
မင်ယွဲ့သည် အမျိုးသား လေ့ကျင့်ရေးစခန်းတွင် လေ့ကျင့်နေသော်လည်း ယွမ်ပေါ့က ပြင်ပမှ အခြေအနေများကို အချိန်နှင့်တစ်ပြေးညီ သတင်းပို့နေသည်။
မင်ယွဲ့၏ ကျောထောက်နောက်ခံ ရှိနေသဖြင့် ဝမ်ကျန်းသည်လည်း မကြောက်မရွံ့ဘဲ ဖျော်ဖြေရေးလောကကို တုန်လှုပ်သွားစေရန် အစွမ်းကုန် ကြိုးစားနေတော့သည်။
သို့သော် ချန်ယွဲ့ ဖျော်ဖြေရေးအတွင်းရှိ အချို့သော အနုပညာရှင်များမှာမူ စိတ်ပိုင်းဆိုင်ရာ မတည်ငြိမ်မှုများ ကြုံတွေ့နေရသည်။
လူတစ်စုက ချန်ယွဲ့ ဖျော်ဖြေရေးသည် မှန်ကန်သောအလုပ်ကို လုပ်ဆောင်နေခြင်းဖြစ်ပြီး မရိုးသားသော လှည့်ကွက်များကို ကြောက်နေစရာ မလိုတော့ဟု ထင်မြင်ကြသည်။
အခြားလူတစ်စုကမူ ချန်ယွဲ့သည် ယခုအကြိမ်တွင် ပြိုင်ဘက်များစွာနှင့် ငွေရှင်ကြေးရှင်များကိုပါ ရန်စလိုက်သဖြင့် ကြာရှည်ခံမည်မဟုတ်ဟု ယူဆကြသည်။
အချို့ကမူ အခြေအနေကို စောင့်ကြည့်နေကြပြီး ကုမ္ပဏီ ပြဿနာတက်သည်နှင့် မိမိကိုယ်ကို ကာကွယ်ရန်အတွက် ချက်ချင်း ထွက်ခွာရန် ပြင်ဆင်နေကြသည်။
၎င်းတို့၏ အတွေးများ မည်သို့ပင်ရှိစေကာမူ ဝမ်ကျန်းသည် စာချုပ်ဖျက်သိမ်းလိုသူများကို တားဆီးခြင်း မပြုပေ။ သတ်မှတ်ထားသည့်အတိုင်း လျော်ကြေးငွေပေးချေသူများကို ကုမ္ပဏီမှ ချက်ချင်းပင် လက်လွှတ်ပေးလိုက်သည်။
လမ်းကြောင်းမတူသူများကို အတူတကွ ဆွဲထား၍ မရနိုင်သည် မဟုတ်ပါလား။
အခြားဖျော်ဖြေရေး ကုမ္ပဏီများသည် ချန်ယွဲ့ ဖျော်ဖြေရေးမှ လူအချို့ကို စည်းရုံးသိမ်းသွင်းနိုင်ခဲ့ကြသည်။
၎င်းတို့သည် ချန်ယွဲ့ ဖျော်ဖြေရေး ဆုံးရှုံးမှုကြီးမားနေပြီဟု ထင်မှတ်နေကြသော်လည်း အမှန်စင်စစ်တွင်မူ ဤသည်မှာ ကုမ္ပဏီ၏ စံနှုန်းများနှင့် ကိုက်ညီပြီး သစ္စာရှိသောသူများကိုသာ ရွေးချယ်ချန်လှပ်ထားရန် ဝမ်ကျန်း၏ နည်းဗျူဟာတစ်ရပ်ပင် ဖြစ်သည်။
လူခေါ်သွားသူများသည် အမှန်တကယ်ပင် ချန်ယွဲ့အတွက် အလုပ်ရှုပ်သက်သာအောင် ကူညီပေးလိုက်သကဲ့သို့ ရှိသည်။
ထွက်ခွာသွားသူများသည် စိတ်တက်ကြွစွာဖြင့် ထွက်သွားကြပြီး မထွက်ခွာမီ ကုမ္ပဏီဟောင်းကိုပင် နှိမ်ချစော်ကားသွားခဲ့ကြသေးသည်။
ဝမ်ကျန်းကမူ ထိုအရာများကို ဂရုမစိုက်ဘဲ သူမ၏ လုပ်ငန်းစဉ်များကို စနစ်တကျ ဆက်လက် လုပ်ဆောင်နေခဲ့သည်။
လင်ကျိုးနှင့် အခြားသူများသည် "Youth Trainee" အစီအစဉ်တွင် ပါဝင်တော့မည် ဖြစ်သောကြောင့် ကုမ္ပဏီက ၎င်းတို့ကို စတင် အရောင်းမြှင့်တင်နေပြီ ဖြစ်သည်။
ကုမ္ပဏီတွင် လူတစ်ဦးချင်းစီ၏ နေ့စဉ် လေ့ကျင့်မှုများကို မှတ်တမ်းတင်ရန် သီးသန့်ဝန်ထမ်းများ ထားရှိပြီး ထိုဗီဒီယိုများသည် နောင်တွင် တန်ဖိုးရှိသော အကြောင်းအရာများ ဖြစ်လာပေလိမ့်မည်။
"ကျန်းချင်း... မင်းက ကကွက်အခြေခံ ကောင်းတယ် ဒီမူရင်းကကွက်ကို သင်ယူထားမယ်ဆိုရင် မင်းရဲ့ စွမ်းဆောင်ရည်အတွက် အမှတ်ပိုရစေလိမ့်မယ် လင်ကျိုး... မင်းက အသံကောင်းတယ် ကုမ္ပဏီက မင်းအတွက် သီးသန့်ရေးပေးထားတဲ့ ဒီသီချင်းကို လေ့ကျင့်ထားဖို့ မမေ့နဲ့ ဆရာတွေက သီချင်းဆိုခိုင်းတဲ့အခါ မင်း အဆင်သင့် ဖြစ်နေရမယ် ချူရန်... မင်းက တူရိယာတီးတာ အတော်ဆုံးပဲ၊ ဒါပေမဲ့ ပထမဆုံး စင်မြင့်ထက်မှာ တူရိယာတစ်ခုတည်း တီးပြနေရင် ပျင်းစရာကောင်းလိမ့်မယ် ဒါကြောင့် သီချင်းတစ်ပုဒ်ကိုပါ တွဲပြီး သင်ထားပါ”
သင်ကြားပြသပေးသော ဆရာက ၎င်းတို့ သုံးဦးစလုံး အခြေခံများကို ကျွမ်းကျင်နေပြီဟု ယူဆသဖြင့် နောက်ထပ် အသစ်အဆန်းများကို သင်ယူစေခြင်း ဖြစ်သည်။
လူတိုင်း၏ အရည်အချင်းမှာ တူညီနေချိန်တွင် ဤကဲ့သို့သော ကြိုတင်ပြင်ဆင်မှုများကသာ အဆုံးအဖြတ်ပေးမည့် အခန်းကဏ္ဍမှ ပါဝင်လာမည် ဖြစ်သည်။
၎င်းတို့ သုံးဦးသည် သင်ကြားရေး ဗီဒီယိုများကို ရရှိပြီးနောက် သီးသန့်နေရာတစ်ခုတွင် စိတ်ဝင်တစား ကြည့်ရှုနေကြသည်။
"တကယ့်ကို ရက်ရက်ရောရော ပံ့ပိုးပေးထားတာပဲ”
ဗီဒီယိုကို ကြည့်ပြီးနောက် ကျန်းချင်းက မှတ်ချက်ပေးလိုက်သည်။
"ဟုတ်တယ်နော်”
လင်ကျိုးနှင့် ချူရန်တို့ကလည်း ထောက်ခံကြသည်။
၎င်းတို့သည် လူသစ်များသာ ဖြစ်သော်လည်း ကုမ္ပဏီက ကျွမ်းကျင်သော ဆရာများနှင့် လေ့ကျင့်ပေးရုံသာမက အရည်အသွေးမြင့်မားသည့် မူရင်းလက်ရာများကိုပါ ပေးအပ်ထားခြင်း ဖြစ်သည်။
"Youth Trainee" ၏ ပထမအဆင့် လူရွေးပွဲများ စတင်နေပြီ ဖြစ်သော်လည်း ဤသည်မှာ အပျော်တမ်း ဝါသနာရှင်များအတွက် ဖြစ်သဖြင့် လင်ကျိုးတို့အဖွဲ့ ပါဝင်ရန် မလိုသေးပေ။
ဤအစီအစဉ်သည် အွန်လိုင်းတွင် အကြီးအကျယ် ရေပန်းစားနေသည်။
(ဝိုး... တရုတ်ပြည်မှာ ဒီလောက်ချောတဲ့ လူငယ်လေးတွေ အများကြီး ရှိနေတာလား အမျိုးသားတွေရဲ့ ရုပ်ရည်စံနှုန်း ကျဆင်းသွားပြီလို့ ငါ ထင်နေတာ)
(နင်တို့ကတော့ အမြင်မရှိတာပဲ K-pop ကို မကြည့်ဖူးဘူးလား အဲဒါမှ အရည်အသွေးမြင့် တယ်လို့ ခေါ်တာ)
(—ဒါကို နင်တကယ် ရေးတာလား နိုင်ငံခြားကို အဲဒီလောက် ကြိုက်နေရင် ဘာလို့ အခြေချမနေတာလဲ)
(ကိုယ့်နိုင်ငံရဲ့ အားနည်းချက်ကို ရိုးရိုးသားသား မရင်ဆိုင်နိုင်ကြဘူးလား ကိုယ့်ကိုယ်ကိုယ် လှည့်စားပြီး ငိုက်စိုက်နေကြတာ တကယ်ကို အဓိပ္ပာယ်မရှိဘူး)
(အော်... အားနည်းချက်အကြောင်း ပြောနေတာလား နင် တော်တော်တတ်တာပဲ ဘာပဲဖြစ်ဖြစ် သူတပါးရဲ့ ယဉ်ကျေးမှုကို ခိုးယူနေတဲ့ နိုင်ငံတွေထက်စာရင်တော့ ငါတို့က အများကြီး သာပါသေးတယ်)
မူလက ပြည်တွင်း ဖျော်ဖြေရေးလောကအတွင်း ဆွေးနွေးမှုတစ်ခုသာ ဖြစ်သော်လည်း နိုင်ငံခြားကိစ္စများကို ဆွဲထည့်လာသောအခါတွင်မူ ငြင်းခုံမှုများမှာ ပိုမို ပြင်းထန်လာခဲ့သည်။
လင်ကျိုးနှင့် သူ၏အဖွဲ့သည်လည်း အပျော်တမ်း ပြိုင်ပွဲဝင်များ၏ လူရွေးပွဲကို အာရုံစိုက်နေကြသည်။ အဘယ်ကြောင့်ဆိုသော် ထိုသူများထဲမှ အစွမ်းထက်သော ပြိုင်ဘက်များ ပေါ်ထွက်လာနိုင်သောကြောင့် ဖြစ်သည်။
ချန်ယွဲ့ အဖွဲ့အစည်းမှ ထွက်ခွာသွားသူအချို့သည် ကုမ္ပဏီငယ်များတွင် လူသစ်များအဖြစ် ထင်ပေါ်နေကြသည်။
၎င်းတို့သည် ချန်ယွဲ့တွင် စနစ်တကျ လေ့ကျင့်မှု အချို့ကို ရရှိခဲ့ဖူးသဖြင့် လူရွေးပွဲများတွင် ရွေးချယ်ခြင်း ခံခဲ့ရသည်။
လူရွေးပွဲများ အရှိန်အဟုန်ပြင်းစွာ ကျင်းပနေချိန်တွင် မင်ယွဲ့သည်လည်း အမျိုးသားအသင်းနှင့် နောက်တစ်ကြိမ် ရင်ဆိုင်ရန် အဆင်သင့် ဖြစ်နေပြီ ဖြစ်သည်။
မင်ယွဲ့ စတင်ရောက်ရှိချိန်တွင် ပြိုင်ပွဲတစ်ခု ကျင်းပခဲ့ဖူးပြီး ယခုအခါ လေ့ကျင့်ရေးကာလ ပြီးဆုံးချိန်တွင် နောက်ထပ် ပြိုင်ပွဲတစ်ခုကို ထပ်မံ စီစဉ်လိုက်ခြင်း ဖြစ်သည်။
"အစွမ်းကုန် ကြိုးစားကြပါ”
နည်းပြ ဟွမ်က တိုးညှင်းသော အသံဖြင့် ဆိုလိုက်သည်။
အမျိုးသားနှင့် အမျိုးသမီး ပြိုင်ပွဲများကို သီးသန့်စီ ကျင်းပခြင်း ဖြစ်သော်လည်း အမျိုးသားအသင်းသည် နှစ်စဉ် ပိုမိုကောင်းမွန်သော ရလဒ်များကို ရရှိလေ့ရှိသည်။
ယခုနှစ်တွင် မင်ယွဲ့ ပါဝင်လာသဖြင့် ၎င်းတို့သည် မည်သူက ပိုမို ထူးချွန်သနည်းဆိုသည်ကို ယှဉ်ပြိုင်လိုစိတ်များ ပြင်းပြနေကြတော့သည်။