← Chapters

အခန်း (၄၈၅-၄၈၆)

Vol. 49 Ch. 485-486

အခန်း (၄၈၅-၄၈၆)

Vol. 49 Ch. 485-486

အခန်း (၄၈၅) အမှတ်ပြည့်စက်ဝိုင်း

မင်ယွဲ့သည် တည်ငြိမ်စွာ ခေါင်းညိတ်ပြလိုက်

သည်။

နှစ်ဖက်အသင်းကြား ယှဉ်ပြိုင်မှု စတင်လေပြီ။ ချစ်ကြည်ရေးပွဲမျှသာ ဖြစ်သော်လည်း ၎င်းတို့သည် လေးနှင့်မြားကို ကိုင်စွဲ၍ ကွင်းအတွင်း ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် လေထု၏ အရှိန်အဟုန်မှာ ရုတ်ချည်း ပြောင်းလဲသွားတော့သည်။

ယခင်အကြိမ်က မင်ယွဲ့ကို ရှုံးနိမ့်ခဲ့ဖူးသဖြင့် အမျိုးသားအသင်းသားများသည် အိမ်ပြန်ရောက်ကတည်းက အားသွန်ခွန်စိုက် လေ့ကျင့်ခဲ့ကြပြီး ဤသိက္ခာကို မည်သို့ပြန်ဆယ်ရမည်နည်းဟုသာ အမြဲတွေးတောနေခဲ့ကြခြင်း ဖြစ်သည်။

ကျန်းဟယ်သည် မင်ယွဲ့၏ ဘေးတွင် ရပ်နေသည်။ မင်ယွဲ့သည်လည်း အမျိုးသားအသင်းသားများ အသုံးပြုသည့် လေးနှင့် အလေးချိန်တူညီသော လေးကိုပင် ရွေးချယ် အသုံးပြုလိုက်သည်။

"ကြိုးစားထားဦး”

ကျန်းဟယ်က စိန်ခေါ်သံ ခပ်သဲ့သဲ့ ဆိုလိုက် သည်။

"ရှင်လည်း အတူတူပါပဲ”

မင်ယွဲ့က တည်ငြိမ်စွာ တုံ့ပြန်သည်။

၎င်းတို့နှစ်ဦးသည် တစ်ဦးကိုတစ်ဦး ပြိုင်ဘက်ကောင်းများအဖြစ် သတ်မှတ်ထားကြပြီးဖြစ်ရာ မြားများကို လေးကြိုးတွင် တပ်ဆင်လျက် ပစ်လွှတ်ရန် အသင့်ပြင်လိုက်ကြသည်။

ယခုအကြိမ်တွင် ပါဝင်သူအားလုံးမှာ နိုင်ငံတကာပြိုင်ပွဲများအတွက် ရွေးချယ်ခံထားရသည့် ထိပ်တန်းကစားသမားများ ဖြစ်ကြသဖြင့် ပြိုင်ပွဲမှာ ယခင်ကထက် ပိုမိုမြန်ဆန်လှသည်။

ပြိုင်ပွဲအပြီးတွင်မူ အမျိုးသားအသင်းသည် သိက္ခာပြန်ဆယ်နိုင်ခြင်း မရှိသည့်အပြင် မင်ယွဲ့၏ လက်ထဲတွင် ထပ်မံ၍ ရှုံးနိမ့်ခဲ့ရပြန်သည်။

ကျန်းဟယ် ပြန်လာချိန်တွင် အသင်းသားအချို့ တိုးတိုးဖော်ဖော် ပြောဆိုနေကြသည်ကို ကြားလိုက်ရသည်။

"တို့တွေ တကယ်ကို လှလှပပ အနိုင်ရနိုင်ခဲ့တာဒါပေမဲ့ ကျန်းဟယ်က အဆင့်မမီခဲ့ဘူး ငါတို့ရဲ့ ရမှတ်တွေက တခြားအမျိုးသမီး အသင်းသားတွေထက် သာနေပေမဲ့ သူကတော့ မင်ယွဲ့ကို မကျော် နိုင်ခဲ့ဘူး”

ကျန်းဟယ်သည် ရှောင်ထွက်မသွားဘဲ ၎င်းတို့ရှေ့မှ တည့်တည့်ပင် လျှောက်သွားလိုက်သည်။

ထိုသူတို့မှာ လူကွယ်ရာတွင် အတင်းပြောနေရင်း လူမိသွားသဖြင့် အနေရခက်သွားကြတော့သည်။

"ဘာတွေ အဲဒီလောက် မာန်တက်နေတာလဲ ငါတို့ဆီက ယွမ် ၈ သန်းလောက် ကြွေးတင်နေတဲ့အတိုင်း အမြဲတမ်း မျက်နှာသေနဲ့”

ကျန်းဟယ်က ခြေလှမ်းရပ်လိုက်ပြီး ၎င်းတို့ကို လှည့်ကြည့်သည်။

"တော်တော့လေ”

ဘေးကလူက သူ၏ အင်္ကျီလက်ကို ဆွဲကာ တားလိုက်သည်။

"ငါက မင်ယွဲ့ကို မယှဉ်နိုင်တာ မှန်တယ် ဒါပေမဲ့ မင်းက ငါ့ကိုတောင် မယှဉ်နိုင်ဘဲနဲ့ ငါ့ကို အဲဒီလို ပြောရဲသေးတာလား”

ကျန်းဟယ်သည် ပြောချင်ရာကို ပြောပြီးနောက် တစ်ဖက်လူ ပြန်ပြောခွင့်မရခင်မှာပင် လှည့် ထွက်သွားတော့သည်။

"တို့တွေက အသင်းဖော်တွေပဲလေ၊ ကျန်းဟယ် အပေါ် အမြဲတမ်း ရန်ငြိုးမထားပါနဲ့”

ဘေးကလူက ဝိုင်းဝန်းဖျန်ဖြေပေးသဖြင့် မကျေမနပ်ဖြစ်နေသူသည်လည်း ဒေါသကို မြိုသိပ် လိုက်ရတော့သည်။

မကြာမီမှာပင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရမည့်အချိန်သို့ ရောက်ရှိလာခဲ့သည်။

လင်ကျိုး၏ ရမှတ်များမှာ ထူးချွန်လွန်းလှသဖြင့် သူနှစ်သက်ရာ မည်သည့်တက္ကသိုလ်ကိုမဆို ရွေးချယ်နိုင်စွမ်း ရှိသည်။

မင်ယွဲ့သည် လေ့ကျင့်ရေးကြားမှ အချိန်ဖဲ့ကာ သူ့ထံ ဖုန်းဆက်ခဲ့သည်။ အကယ်၍ သူ စိတ်ပြောင်းသွားပါက စာချုပ်ဖျက်သိမ်းပေးမည်ဖြစ်ပြီး အခြားဘာသာရပ်တစ်ခုခု သင်ယူနိုင်ရန် ပံ့ပိုးပေးမည်ဟု ဆိုခဲ့သည်။

သို့သော် လင်ကျိုးက ငြင်းပယ်ခဲ့သည်။

နောက်ပိုင်းတွင် သူသည် ဒါရိုက်တာ ဘာသာရပ်ကို အဓိကထား၍ ရွေးချယ်ခဲ့ကြောင်း မင်ယွဲ့ သိရှိခဲ့ရသည်။

လင်ကျိုးသည် မည်သည့်အရာကိုမဆို ကောင်းမွန်စွာ လုပ်ဆောင်နိုင်မည်ဟု မင်ယွဲ့ ယုံကြည်သည်။ သူ၏ ဘာသာရပ်ရွေးချယ်မှုကြောင့် မင်ယွဲ့သည် သူ၏ အနာဂတ်စီမံကိန်းများကို ပြန်လည်ပြင်ဆင်ရန် ဆုံးဖြတ်လိုက်သည်။

ဒါရိုက်တာပညာကို သင်ယူနေမှတော့ တစ်နေ့တွင် သူသည် ဒါရိုက်တာတစ်ဦး ဖြစ်လာမည်မှာ အသေအချာပင်။ ချန်ယွဲ့ ဖျော်ဖြေရေးတွင် ထိုကဲ့သို့သော ပါရမီရှင်ကို မွေးမြူနိုင်သည့် အရည်အချင်း အပြည့်အဝ ရှိသည်။

ယခုအချိန်တွင် သူ ပွဲဦးထွက်သည်ဖြစ်စေ၊ မထွက်သည်ဖြစ်စေ ကျော်ကြားမှုကို အရင်ရယူရန် လိုအပ်သည်။

ထို့နောက် သရုပ်ဆောင်ပညာကို သင်ယူကာ ဇာတ်ညွှန်းများကို လက်ခံရမည် ဖြစ်သည်။

အကယ်၍ သရုပ်ဆောင်ကောင်းတစ်ဦး ဖြစ်လာပါက တက္ကသိုလ်သင်ခန်းစာများနှင့် ပေါင်းစပ်ကာ နောင်တွင် တော်ရုံတန်ရုံ ဒါရိုက်တာထက် သာလွန်သည့် ဒါရိုက်တာကောင်းတစ်ဦး ဖြစ်လာပေလိမ့်မည်။

မင်ကျောက်နှင့် မင်ချန်းတို့ အလယ်တန်းအဆင့် စာမေးပွဲများ ပြီးဆုံးသွားချိန်တွင် မိသားစုတစ်ခုလုံး ယန်ကျင်းသို့ ရောက်ရှိလာကြသည်။

မင်ယွဲ့သည် အမျိုးသားအသင်းနှင့် လေ့ကျင့်နေရသဖြင့် မိုဟန်ကျီကပင် ဧည့်ခံကျွေးမွေးခြင်း ကိစ္စအဝဝကို တာဝန်ယူပေးခဲ့သည်။

"နောက်တစ်ခါ ထပ်ပြောင်းလိုက်ပြန်ပြီလား”

မင်ယွဲ့၏ မိခင်သည် ကြီးမားခမ်းနားလှသော ဗီလာဝန်းကြီးကို မြင်လိုက်ရချိန်တွင် အံ့ဩတုန်လှုပ်သွားရသည်။

"ဟုတ်ကဲ့ အန်တီ... ဒါက ယွဲ့ယွဲ့ ဝယ်ထားတာပါမိသားစုတစ်ခုလုံး ဒီမှာနေရင် ပိုပြီးတော့ အဆင်ပြေတာပေါ့”

မိုဟန်ကျီ၏ စကားလုံးများမှာ နားဝင်ချိုလှသည်။

"ဦးလေးနဲ့ အန်တီ... ဒါက ယွဲ့ယွဲ့ရဲ့ အိမ်ပဲဆိုတော့ ကိုယ့်အိမ်လိုပဲ သဘောထားပြီး နေကြပါ ယွဲ့ယွဲ့က အခုတလော နည်းနည်း အလုပ်များနေလို့ပါတစ်ခုခု လိုအပ်တာရှိရင် ကျွန်တော့်ကို အားမနာဘဲ ပြောပါ၊ အားနာနေစရာ မလိုပါဘူး”

မင်ယွဲ့၏ မိခင် ရောက်လာကတည်းက မိုဟန်ကျီမှာ နေ့တိုင်းလိုလို အစားအသောက် ကောင်းကောင်းများကို စားသောက်နေရတော့သည်။

သူသည် ဤကဲ့သို့သော ချိုမြိန်သည့် ဝန်ထုပ်ဝန်ပိုးကို နှစ်သက်နေမိသည်။

လက်ထောက် လင်ပင်လျှင် မိုဟန်ကျီ၏ မျက်နှာမှာ အရင်ကထက် ပို၍ စိုပြည်လာသည်ကို သတိထားမိလာသည်။

ဝမ်ကျန်းသည်လည်း အချိန်ဖဲ့ကာ မင်ယွဲ့၏ မိသားစုကို လိုက်လံပို့ဆောင်ပေးခဲ့သည်။

မင်ကျောက်နှင့် မင်ချန်းတို့မှာ အလယ်တန်းစာမေးပွဲ ပြီးကာစဖြစ်ရာ ယန်ကျင်းသို့ လာရောက်လည်ပတ်ခြင်း ဖြစ်သည်။

၎င်းတို့ လာရောက်ရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ မင်ယွဲ့၏ ပြိုင်ပွဲကို ကြည့်ရှုရန် ဖြစ်သည်။ အိမ်တွင်လည်း အရေးကြီးသည့် ကိစ္စများ မရှိသဖြင့် စောစီးစွာ ရောက်ရှိလာကြခြင်း ဖြစ်သည်။

မင်ယွဲ့သည် လေ့ကျင့်ရေးစခန်းမှ အပြင်သို့ မထွက်နိုင်သော်လည်း မိသားစုနှင့်မူ အမြဲတမ်း အဆက်အသွယ် ရှိနေသည်။

တစ်နေ့တွင် မိဘများနှင့် ဗီဒီယိုကော ပြောနေစဉ် မိုဟန်ကျီ ပြန်လာသည်ကို သူမ မြင်တွေ့လိုက်ရသည်။ မင်ယွဲ့၏ မိဘများက မိုဟန်ကျီကို လှိုက်လှိုက်လှဲလှဲ နှုတ်ဆက်ကြသည်မှာ ၎င်းတို့ကြားတွင် ရင်းနှီးမှုမှာ အတော်လေး အခြေခိုင်နေပြီ ဖြစ်ကြောင်း သိသာလှသည်။

မင်ယွဲ့ မရှိသဖြင့် မိုဟန်ကျီသည် ထိုနေရာတွင် ညအိပ်ညနေ မနေပေ။ ၎င်းတို့နှင့်အတူ ညစာစား၊ ခေတ္တစကားပြောပြီးနောက် မိုအိမ်တော်သို့သာ ပြန်သွားလေ့ရှိသည်။

အလုပ်များသည့် အချိန်များမှာ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပြီး နောက်ဆုံးတွင် နိုင်ငံတကာ မြားပစ်ပြိုင်ပွဲ ကျင်းပမည့်ရက်သို့ ရောက်ရှိလာခဲ့သည်။

ယခုနှစ်တွင် ပြိုင်ပွဲကို တရုတ်နိုင်ငံ၌ ကျင်းပခြင်း ဖြစ်သဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဂုဏ်ယူဝင့်ကြွားနေကြပြီး ဖွံ့ဖြိုးစည်ပင်သော ခေတ်ကာလ၏ အိပ်မက်များကို အကောင်အထည်ဖော်နိုင်ခဲ့ကြပြီ ဖြစ်သည်။

မင်ယွဲ့၏ မိသားစုနှင့် မိုမိသားစုတို့သည် အထူးကြည့်ရှုစင်မြင့်မှ လက်မှတ်များကို ရရှိခဲ့ကြသည်။ မြားပစ်ပြိုင်ပွဲမှာ ရှုံးထွက်စနစ်ဖြင့် ကျင်းပခြင်းဖြစ်ပြီး ခြောက်ရက်တိုင်တိုင် ကြာမြင့်မည်ဖြစ်သည်။

မင်ယွဲ့သည် တစ်ဦးချင်းပြိုင်ပွဲရော၊ အသင်းလိုက်ပြိုင်ပွဲမှာပါ ပါဝင်ယှဉ်ပြိုင်ရမည် ဖြစ်သည်။

"ယွဲ့ယွဲ့... ယွဲ့ယွဲ့ စင်ပေါ်တက်လာပြီ”

မင်ယွဲ့၏ မိခင်သည် စိတ်လှုပ်ရှားစွာဖြင့် ဖခင် ဖြစ်သူ၏ လက်ကို ဆုပ်ကိုင်လိုက်သည်။

မင်ယွဲ့ ကွင်းအတွင်း ဝင်ရောက်လာသည့် အခိုက်အတန့်တွင် သူမ၏ စိတ်လှုပ်ရှားမှုမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားတော့သည်။

မိုဟန်ကျီသည် အသင်းဝတ်စုံကို ဝတ်ဆင်ကာ အသင်းဖော်များကြားတွင် ရပ်နေသော ထိုအမျိုးသမီးငယ်ကို စိုက်ကြည့်နေမိသည်။

လေပြေကြောင့် လွင့်ပျံနေသော သူမ၏ မြင့်မြင့်စည်းထားသည့် ဆံနွယ်ရှည်များက သူမ၏ ရဲရင့်ပြတ်သားသော အသွင်ကို ပိုမိုပေါ်လွင် စေသည်။

ရင်ဘတ်ထက်မှ နိုင်ငံတော်အလံသည် နေရောင်အောက်တွင် တောက်ပနေပြီး မင်ယွဲ့၏ မျက်နှာထက်မှ အပြုံးရိပ်များကို ထင်ဟပ်နေစေသည်။

မစ္စတာ မိုနှင့် မစ္စတာ မင်တို့သည် စကားတစ်လုံးမျှ မဆိုကြသော်လည်း ဤပတ်ဝန်းကျင်၏ ဂုဏ်ယူဖွယ်ရာ ခံစားချက်များကို အပြည့်အဝ ခံစားနေကြရသည်။

မင်ယွဲ့သည် မျက်စိအလွန်စူးရှသဖြင့် သူမ၏ မိသားစုဝင်များ ရှိရာကို လျင်မြန်စွာ ရှာဖွေတွေ့ရှိသွားသည်။

ယွမ်ပေါ့၏ အကူအညီဖြင့်လည်း ကွင်းအတွင်းရှိ အခြေအနေအားလုံးကို သူမ ကောင်းစွာ သိရှိနေသည်။ သူမသည် ကြည့်ရှုစင်ဘက်သို့ လှည့်ကြည့်လိုက်ရာ ယွမ်ပေါ့က ကင်မရာကို အနီးကပ် ချဲ့ပေးသဖြင့် ရင်းနှီးသော မျက်နှာများကို တစ်ဦးချင်း မြင်တွေ့လိုက်ရသည်။

ယုံကြည်မှု၊ ဂုဏ်ယူမှုနှင့် စိတ်လှုပ်ရှားမှုတို့သည် သူမ၏ နုနယ်သော မျက်ဝန်းအစုံတွင် အခြေချသွားတော့သည်။ သူမသည် ကြည့်ရှုစင်ဘက်သို့ လက်ပြလိုက်ရာ ကွင်းအတွင်းရှိ စခရင်အကြီးကြီးပေါ်တွင် သူမ၏ ပုံရိပ်မှာ ရုတ်ချည်း ပေါ်ထွက်လာခဲ့သည်။

ယခုအခါ မင်မိသားစုနှင့် မိုမိသားစုသာမက ကွင်းအတွင်းရှိ ပရိသတ်အားလုံးပါ မြင်တွေ့သွားကြပြီ ဖြစ်သည်။

တီဗီမှ ကြည့်ရှုနေသော ပရိသတ်များမှာလည်း ဤမျက်နှာသစ်လေးကို အံ့ဩတကြီး စိုက်ကြည့်နေကြသည်။ သူမ၏ သာမန်အသင်းဝတ်စုံလေးသည်ပင် သူမ၏ ရင်သပ်ရှုမောဖွယ် အလှတရားကို ဖုံးကွယ်ထားနိုင်ခြင်း မရှိဘဲ ရဲရင့်သန်မာသော အမျိုးသမီးတစ်ဦး၏ ကျော့ရှင်းမှုကို ပိုမိုပေါ်လွင်စေသည်။

မင်ယွဲ့သည် လူအများကြားတွင် ထူးခြားထင်ရှားနေသူ ဖြစ်သလို နိုင်ငံဂုဏ်ဆောင် အားကစားသမားတစ်ဦး ဖြစ်လာခြင်းက သူမ၏ တောက်ပမှုကို ပိုမိုတိုးပွားစေခဲ့သည်။

ပရိသတ်များစွာမှာ ဤမင်ယွဲ့ဆိုသူသည် မည်သည့်နေရာမှ ရောက်ရှိလာသနည်းဟု စူးစမ်းရှာဖွေနေကြသည်။ အမှန်စင်စစ် ဤသည်မှာ သူမ၏ ပထမဆုံးအကြိမ် နိုင်ငံတကာပြိုင်ပွဲပင် ဖြစ်သည်။

မင်ယွဲ့၏ နောက်ဆက်တွဲ ပြိုင်ပွဲများသည် တစ်နိုင်ငံလုံး၏ အာရုံစိုက်မှုကို ရရှိခဲ့သည်။ တစ်ဦးချင်းပြိုင်ပွဲကို အဆင့်သတ်မှတ်ပွဲ၊ ရှုံးထွက်ပွဲနှင့် ဗိုလ်လုပွဲဟူ၍ ခွဲခြားထားသည်။

မင်ယွဲ့သည် သတ်မှတ်ထားသော နေရာတွင် ရပ်လိုက်ပြီး လေးကြီးကို ကိုင်စွဲကာ မြားပစ်ရန် အသင့်ပြင်လိုက်သည်။

မြားများ လေဟုန်စီးသွားသည့် တရွှီရွှီ အသံများနှင့်အတူ မီတာ ၇၀ အကွာရှိ ပစ်မှတ်တွင် မြားများ စိုက်ဝင်သွားတော့သည်။ မင်ယွဲ့သည် စုစုပေါင်း အစု (၆) စု ပစ်ခတ်ခဲ့ပြီး တစ်စုလျှင် မြား (၆) စင်း ပါဝင်သည်။

"အမှတ်ပြည့်စက်ဝိုင်း... အကုန်လုံး အမှတ်

ပြည့်တွေချည်းပဲ”

ဤသည်မှာ တကယ့်ကို အံ့မခန်း အောင်မြင်မှုပင် ဖြစ်သည်။

လေတိုက်နှုန်းနှင့် လေထုခုခံမှုများကြောင့် မြားများသည် လမ်းကြောင်း အနည်းငယ် လွဲချော်သွားတတ်သော်လည်း မင်ယွဲ့မှာမူ ထိုအချက်များကို ကျော်လွှားနိုင်ခဲ့သည်။

အမှတ်ပြည့်စက်ဝိုင်း တစ်ကြိမ်ရရန်မှာ ထူးခြားလှသော်လည်း အားလုံး အမှတ်ပြည့်ရခြင်းမှာမူ အံ့ဖွယ်တန်ခိုးတစ်ရပ်ကဲ့သို့ပင်။

မင်ယွဲ့၏ မိခင်သည် မြားပစ်ခြင်း အတတ်ပညာကို နားမလည်သော်လည်း ပရိသတ်များ၏ ကြွေးကြော်သံများကြောင့် သူမ၏ သမီးမှာ အောင်မြင်မှုရနေပြီဖြစ်ကြောင်း ခံစားမိလိုက် သည်။

"တို့တွေ နိုင်ပြီလား”

မင်ယွဲ့၏ မိခင်က တိုးတိုးလေး မေးလိုက်သည်။

"နိုင်တာမှ အပြတ်အသတ်ကို နိုင်တာပါ အန်တီ”

မိုဟန်ကျီက ပြန်လည်ဖြေကြားလိုက်သည်။ သူ၏ အပြုံးမှာ ယွမ်ဘီလီယံပေါင်းများစွာတန်သော စာချုပ်ကို လက်မှတ်ထိုးရချိန်ထက်ပင် ပိုမို၍ စစ်မှန်တောက်ပနေသည်။

"အဲဒါဆို ရွှေတံဆိပ် ရတော့မှာလား”

"ဒါက အဆင့်သတ်မှတ်ပွဲပဲ ရှိသေးတာပါ၊ နောက်ထပ် အဆင့်တွေကို ဆက်ယှဉ်ပြိုင်ရဦးမှာပါ”

မိုဟန်ကျီက ရှင်းပြလိုက်သည်။

မင်ယွဲ့သည် စင်ပေါ်သို့ နောက်တစ်ကြိမ် တက်ရောက်ခဲ့ပြန်သည်။

လူတိုင်းက သူမ၏ စွမ်းဆောင်ရည်ကို မျှော်လင့်တကြီး စောင့်ကြည့်နေကြပြီး မင်ယွဲ့သည်လည်း လူအများကို စိတ်မပျက်စေဘဲ နောက်ထပ် အံ့ဖွယ်ရလဒ်များကို ဖန်တီးပြခဲ့ပြန်သည်။

အဆင့်သတ်မှတ်ပွဲ ရလဒ်များ မကြေညာခင်မှာပင် ပရိသတ်များမှာ ဂုဏ်ပြုကြွေးကြော်နေကြပြီ ဖြစ်သည်။ သူမ၏ အမှတ်ပြည့် ရလဒ်နှစ်ခုမှာ မည်သူမျှ ငြင်းချက်ထုတ်၍ မရနိုင်သော အောင်မြင်မှုပင်။

ဤအဆင့်သတ်မှတ်ပွဲ တစ်ခုတည်းဖြင့်ပင် မင်ယွဲ့၏ အရည်အချင်းမှာ နိုင်ငံခြားသား ပြိုင်ဘက်များထက် များစွာ သာလွန်နေသည်ကို သက်သေပြနိုင်ခဲ့ပြီ ဖြစ်သည်။

အကယ်၍ နောက်ဆက်တွဲ ရှုံးထွက်ပွဲနှင့် ဗိုလ်လုပွဲများတွင် ပုံမှန်အတိုင်းသာ ပစ်ခတ်နိုင်ပါက မြားပစ်ချန်ပီယံဆုမှာ သူမအတွက် လက်တစ်ကမ်းအကွာမှာပင် ရှိနေတော့သည်။

မင်ယွဲ့၏ အမည်သည် စခရင်အကြီးကြီးပေါ်တွင် နံပါတ် (၁) နေရာ၌ ဝင့်ထည်စွာ ပေါ်ထွက်လာသောအခါ ပရိသတ်များ၏ အားပေးသံမှာ ကွင်းတစ်ခုလုံးကို လွှမ်းမိုးသွားတော့သည်။

အသင်းဖော်များက သူမကို ဝိုင်းဝန်းဖက်လဲတကင်း ဂုဏ်ပြုကြသလို သူမနှင့် ယှဉ်ပြိုင်ခဲ့သော နိုင်ငံခြားသား ကစားသမားများကလည်း လေးစားစွာဖြင့် လာရောက် လက်ဆွဲနှုတ်ဆက်ကြလေတော့သည်။

အခန်း (၄၈၆) မြင့်မားစွာ ပျံသန်းခြင်း

"ယွဲ့ယွဲ့ကတော့ တကယ်ကို အံ့ဩဖို့ကောင်းတာပဲ”

ဝမ်ကျန်းသည် ရင်ထဲ၌ ဒီရေလားတမျှ လှိုက်ဖိုကာ စိတ်လှုပ်ရှားနေပြီး မင်ယွဲ့အတွက် ဂုဏ်ပြုဆိုင်းဘုတ်ကြီးတစ်ခုကိုပင် အကြီးအကျယ် ချိတ်ဆွဲပေးချင်နေမိသည်။

"နည်းနည်းတော့ ထိန်းပါဦး၊ မင်ယွဲ့ ဗိုလ်လုပွဲမှာ အနိုင်ရတဲ့အထိ စောင့်ပါဦး၊ အဲဒီကျမှ မင်းကြိုက်သလောက် ကြွားလို့ရပါတယ်”

ကျန်းဟန့်က စိတ်လောနေသော ဝမ်ကျန်း၏ ပုခုံးကို ကိုင်ကာ အသာအယာ ထိန်းလိုက်ရသည်။

"ကောင်းပါပြီ... လောလောဆယ်တော့ အောင့်ထားလိုက်ဦးမယ်၊ ယွဲ့ယွဲ့ အနိုင်ရတာနဲ့ ကုမ္ပဏီအဝန်းအဝိုင်းတစ်ခုလုံး မြင်အောင် ဆိုင်းဘုတ်ကြီး ချိတ်ပစ်မယ်”

လီအောက်ကျေးရွာရှိ မင်မိသားစုဝင်အားလုံးမှာလည်း တီဗီရှေ့တွင် စုရုံးကာ စောင့်မျှော်နေကြသလို ကျေးရွာကော်မတီရုံးမှာလည်း ယနေ့တွင် လူများဖြင့် ပြည့်နှက်နေကာ မင်ယွဲ့၏ အကြောင်းကိုသာ တမြိန်တယှက် ဆွေးနွေးနေကြသည်။

"ယွဲ့ယွဲ့ကတော့ တကယ်ကို မပြောမဆိုနဲ့ ဟုန်းဟုန်းတောက် ဖြစ်သွားတာပဲ၊ ငါတို့ရွာအတွက်လည်း နောက်တစ်ကြိမ် ဂုဏ်ဆောင် ပေးလိုက်ပြန်ပြီ”

"ငါတို့ရွာမှာ ဒီလိုလူမျိုး ပေါ်ထွန်းလာတာ နှစ်ပေါင်းများစွာအတွင်း ဒါပထမဆုံးပဲ၊ ဘိုးဘွားတွေအတွက်ပါ ဂုဏ်ယူစရာပဲကွာ”

"ဒါက ဘိုးဘွားတွေအတွက်တင် မကဘူး၊ အကယ်၍သာ ဗိုလ်လုပွဲမှာ အနိုင်ရခဲ့ရင် နိုင်ငံတော်အတွက်ပါ ဂုဏ်ဆောင်နိုင်မှာ”

မင်ယွဲ့သည် အဆင့်သတ်မှတ်ပွဲတွင် ပထမနေရာကို ဆွတ်ခူးသွားသည်ကို မြင်လိုက်ရသောအခါ ရွာလူကြီးမှာ သူ၏သား မင်္ဂလာဆောင်တုန်းကထက်ပင် ပိုမိုဝမ်းသာနေပြီး ပါးစပ်ပင် မစိနိုင်အောင် ပြုံးရွှင်နေတော့သည်။

"ကဲ... ဗျောက်အိုးတွေ သွားဝယ်ပြီး ဝေကြရအောင်၊ ဒီနေ့လို နေ့ထူးနေ့မြတ်မှာ ပျော်ပျော်ပါးပါး ဆင်နွှဲကြရမယ်”

ရွာလူကြီးသည် သူ၏ လက်ဖက်ရည်ကြမ်းခွက်ကို ချကာ ရွာထိပ်ရှိ ဆိုင်သို့သွား၍ ဗျောက်အိုးကြီး နှစ်လုံးကို ဝယ်ယူပြီး ဘိုးဘွားရိပ်သာရှေ့တွင် ဖောက်လိုက်လေသည်။

ဗျောက်အိုးသံကို ကြားရသည်နှင့် ရွာသားများမှာလည်း စူးစမ်းလိုစိတ်ဖြင့် စုရုံးလာကြသည်။

"ဘာထူးခြားလို့လဲ ရွာလူကြီးရဲ့၊ ပွဲတော်ရက်လည်း မဟုတ်ဘဲ ဘာလို့ ဗျောက်အိုးတွေ ဖောက်နေတာလဲ”

"ရွာလူကြီးကတော့ တကယ်ကို ရက်ရောတာပဲ၊ ပုံမှန်ဆို နှစ်သစ်ကူးမှ တစ်လုံးဖောက်တာ၊ အခုတော့ နှစ်လုံးတောင်”

လူတိုင်းက ရယ်မောကာ စနောက်နေကြသည်။

"ဟဲဟဲ..."

ရွာလူကြီးမှာ စကားပင် မပြောနိုင်သေးဘဲ အားရပါးရ ရယ်မောနေမိသည်။

"မင်းတို့ သိကြတယ် မဟုတ်လား၊ ဒီနေ့ တီဗီမှာ ပြနေတဲ့ ပြိုင်ပွဲအကြောင်းလေ”

"ဟာ... ရွာလူကြီးကလည်း အထာလုပ်မနေပါနဲ့၊ ယွဲ့ယွဲ့အကြောင်းကို တို့အားလုံး သိတာပေါ့၊ တီဗီမှာ အမြဲတမ်း နိုင်ငံတကာ ပြိုင်ပွဲတွေ ပြနေပေမဲ့ ကျွန်တော်တို့က သိပ်ပြီး အာရုံမစိုက်မိလို့ပါ”

မင်ယွဲ့နှင့် ပတ်သက်နေသည်ဟု သိလိုက်ရသောအခါ ရွာသားများမှာ စိတ်ဝင်တစား ရှိလာကြသည်။

"ယွဲ့ယွဲ့ ပြိုင်ပွဲမှာ နိုင်သွားပြီဟေ့”

ရွာလူကြီးက ဂုဏ်ယူဝင့်ကြွားစွာဖြင့် ကြေညာလိုက်သည်။

"နိုင်ငံခြားသားတွေ အများကြီးကြားမှာ တို့ရွာသူလေးက နိုင်ငံတော်အတွက် ဂုဏ်ဆောင်နိုင်ခဲ့တာပဲ”

"ဒါက နိုင်ငံတကာ အဆင့်လေ၊ ငါလည်း သွားပြီး ဗျောက်အိုးတွေ ဖောက်ဦးမယ်”

"မင်အိမ်က ဒုတိယသားကတော့ ဘယ်လိုဖြစ်တာလဲ၊ ဒီလောက် ကိစ္စကြီးတာကို ငါတို့ကို တစ်ခွန်းမှ မပြောဘူး”

"သူတို့ မိသားစုတစ်ခုလုံး ယန်ကျင်းကို သွားကြတာလေ၊ ပြိုင်ပွဲကို အနီးကပ် သွားကြည့်ကြတာ ဖြစ်မှာပါ”

ရွာသားများမှာ အားကျစိတ်များဖြင့်သာ ရင်ခုန်နေကြရတော့သည်။

မင်အဖိုးနှင့် အခြားသူများသည် ရွာအတွင်း၌ ဗျောက်အိုးသံများ တရစပ် ကြားနေရသဖြင့် အပြင်သို့ ထွက်ကြည့်ကြရာ လူတိုင်းက မင်ယွဲ့အတွက် ဂုဏ်ပြုနေကြသည်ကို မြင်တွေ့လိုက်ရသည်။

"ဒါတော့ မတရားဘူးဗျာ၊ ဒီလောက် ဝမ်းသာစရာကောင်းတဲ့ ကိစ္စကို အစအဆုံး လျှို့ဝှက်ထားကြတာလား၊ ခင်ဗျားတို့ကတော့ တကယ်ကို လျှို့ဝှက်ချက် ထိန်းနိုင်တာပဲ”

ဗျောက်အိုးဖောက်ပြီးကာစ လူကြီးတစ်ဦးက မင်အဖိုးကို မြင်သည်နှင့် စနောက်လိုက်သည်။

ပုံမှန်အားဖြင့် ချွေတာတတ်ကြသော ထိုလူကြီးများသည် "နိုင်ငံတော်အတွက် ဂုဏ်ဆောင်ခြင်း" ဟူသော စကားလုံးအောက်တွင် မိမိတို့၏ သားသမီး အောင်မြင်မှုရသကဲ့သို့ပင် ပျော်ရွှင်ကြည်နူးကာ ယန်ကျင်းရှိ မင်ယွဲ့အတွက် ဗျောက်အိုးများကို စေတနာရှေ့ထား၍ ဖောက်ပေးနေကြခြင်း ဖြစ်သည်။

"ဒါက အကြိုပွဲပဲ ရှိသေးတာပါ၊ ဆုရမှပဲ တရားဝင် အောင်ပွဲခံဖို့ စဉ်းစားထားကြတာ၊ ကလေးကိုလည်း စိတ်ဖိစီးမှုတွေ အများကြီး မပေးချင်လို့ပါ”

မင်အဖိုးက ထိုသို့ ဆိုသော်လည်း သူ၏ မျက်နှာထက်မှ ပီတိအပြုံးကိုမူ ဖုံးကွယ်ထားနိုင်ခြင်း မရှိပေ။

"ခင်ဗျားကတော့ အေးဆေးလွန်းတာပဲ၊ ငါတို့ရွာက လူတစ်ယောက် တီဗီပေါ် ရောက်ဖို့ဆိုတာ မလွယ်ဘူး၊ အခုက နိုင်ငံတော် ရုပ်သံလိုင်းမှာတောင် ပြနေတာလေ၊ ဒီတစ်လအတွင်းမှာတင် ယွဲ့ယွဲ့က တကယ့်ကို အံ့ဩစရာကောင်းအောင် လုပ်ပြနိုင်ခဲ့တာပဲ၊ ငါတို့ အားလုံး ဂုဏ်ပြုရမှာပေါ့”

မင်ယွဲ့သည် ပြိုင်ပွဲပြီးဆုံးသောအခါ အခြားအားကစားသမားများနှင့်အတူ အားကစားရွာသို့ ပြန်လာခဲ့သည်။ ၎င်းတို့သည် ထမင်းစားဆောင်အတွင်း၌ နိုင်ငံခြားသား အသင်းသားများစွာနှင့် ဆုံတွေ့ခဲ့ကြသည်။

(ဟိုင်း... ဒီနေ့ မင်းရဲ့ စွမ်းဆောင်ရည်က တကယ့်ကို မိုက်တယ်နော်)

ရွှေရောင်ဆံပင်နှင့် ပြာလဲ့သော မျက်ဝန်းများ ရှိသည့် အမျိုးသမီးတစ်ဦးက မင်ယွဲ့ထံသို့ လျှောက်လာကာ လက်ဆွဲနှုတ်ဆက်သည်။

မင်ယွဲ့ကလည်း သူမ၏ လက်ကို ဆုပ်ကိုင် လိုက်ပြီး "မင်္ဂလာပါ" ဟု နှုတ်ဆက်လိုက်သည်။

တစ်ဖက်လူက ဒေသဓလေ့ကို လေးစားသောအားဖြင့် တရုတ်စကားကို အသုံးပြုနှုတ်ဆက်သဖြင့် မင်ယွဲ့ကလည်း တရုတ်စကားဖြင့်ပင် ပြန်လည် တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။

ထိုအမျိုးသမီးမှာ လွန်စွာ တက်ကြွလှသဖြင့် မင်ယွဲ့က ပြန်လည်နှုတ်ဆက်သည်နှင့် စကားများကို တရစပ် ပြောဆိုတော့သည်။

"အင်္ဂလိပ်လို ပြောလို့ရပါတယ်ရှင်”

တစ်ဖက်လူက တရုတ်စကားကို ခက်ခဲစွာ ပြောဆိုနေရသည်ကို မြင်သောအခါ မင်ယွဲ့က အကြံပြုလိုက်သည်။

"အိုး... တကယ့်ကို ဝမ်းသာစရာပဲ”

အင်္ဂလိပ်ဘာသာစကားသို့ ပြောင်းလဲလိုက်ချိန်တွင် သူမ၏ စကားလုံးများမှာ မြစ်ရေကဲ့သို့ စီးဆင်းသွားတော့သည်။ မင်ယွဲ့ နားမလည်မည်ကို စိုးရိမ်သဖြင့် သူမက စကားကို အနည်းငယ် နှေး၍ ပြောဆိုပေးခဲ့သည်။

သို့သော် မင်ယွဲ့သည် မည်သည့် တုံ့ဆိုင်းမှုမျှ မရှိဘဲ သဘာဝကျကျနှင့် ကျွမ်းကျင်စွာ ပြန်လည် ပြောဆိုနိုင်သည်ကို မြင်တွေ့လိုက်ရချိန်တွင် သူမ၏ စိုးရိမ်မှုမှာ အပိုဖြစ်သွားကြောင်း သိလိုက်ရတော့သည်။

မင်ယွဲ့သည် ဖော်ရွေသူတစ်ဦး ဖြစ်ကြောင်း သိသွားကြသဖြင့် အခြားအားကစားသမားများစွာမှာလည်း သူမနှင့် လာရောက် စကားပြောဆိုကြသည်။

ကျိုးခယ်မှာမူ လူတိုင်း ထွက်သွားမှသာ စကားပြောခွင့် ရတော့သည်။

"ယွဲ့ယွဲ့... နင်ကတော့ တကယ်ကို အစုံရတာပဲ”

မင်ယွဲ့သည် ဘာသာစကား အမျိုးမျိုးကြားတွင် လှည့်ပတ်ပြောဆိုနေရသဖြင့် အနည်းငယ်ပင် တွေဝေသွားရသည်။

အားကစားသမားများကြား ချစ်ကြည်ရင်းနှီးမှုကို မှတ်တမ်းတင်နေသော သတင်းထောက်မှာမူ ဤမြင်ကွင်းမျိုးကို ရိုက်ကူးနိုင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

အကယ်၍ ဤဗီဒီယိုဖိုင်သာ ပျံ့နှံ့သွားပါက ပါရမီရှင်များ ပေါများလှပြီး ယဉ်ကျေးမှုအရ အားလုံးကို လက်ခံနိုင်စွမ်းရှိသော မဟာနိုင်ငံတော်ကြီး၏ ပုံရိပ်ကို လူထု၏ ရင်တွင်း၌ စွဲထင်သွားစေမည် ဖြစ်သည်။ သတင်းထောက်သည် မင်ယွဲ့ကို တကယ့်ကို တန်ဖိုးရှိသော ရတနာတစ်ပါးဟု ခံစားနေမိသည်။

မင်ယွဲ့၏ အာရုံခံစားမှုမှာ သာမန်လူထက် သာလွန်သဖြင့် တစ်စုံတစ်ယောက်က မှတ်တမ်းတင်နေသည်ကို သိသော်လည်း သူမ ဂရုမစိုက် ပေ။

ရှုံးထွက်အဆင့်တွင်လည်း မင်ယွဲ့သည် ပြိုင်ဘက်များကို အပြတ်အသတ် အသာစီးရယူကာ အနိုင်ရခဲ့ပြန်သည်။

ဗိုလ်လုပွဲမှာ လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်ရာ ယခုအခါ မင်ယွဲ့မှာ အမည်မသိ လူသစ်တစ်ဦး မဟုတ်တော့ပေ။

ပထမပွဲစဉ်နှစ်ခုပြီးနောက် သူမသည် တစ်နိုင်ငံလုံး သိသော အားကစားသမားတစ်ဦး ဖြစ်လာခဲ့ပြီး ယခုနှစ်၏ ချန်ပီယံဆုအတွက် အလားအလာ အကောင်းဆုံးသူအဖြစ် သတ်မှတ်ခံထားရသည်။

မင်ယွဲ့ ကွင်းအတွင်း ဝင်လာချိန်တွင် ပရိသတ်များက သူမ၏ အမည်ကို တခဲနက် ကြွေးကြော် အားပေးကြသည်။ ထိုမျှ ဝေးကွာသော နေရာမှ သူမ ကြားနိုင်မည် မဟုတ်သော်လည်း ၎င်းတို့သည် မိမိတို့၏ ပုံရိပ်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ အားသွန်ခွန်စိုက် အော်ဟစ် အားပေးနေကြသည်။

ယွမ်ပေါ့သည် စွမ်းဆောင်ရည်ရှိသော သတင်းထောက်ငယ်လေးအဖြစ် ပြိုင်ပွဲမစမီ ထိုဗီဒီယိုများကို မင်ယွဲ့အား ပြသခဲ့သည်။

လူသားတို့၏ စိတ်လှုပ်ရှားမှုမှာ ကူးစက်တတ်သည်ဟု ဆိုရမည်။ မင်ယွဲ့သည် ပြိုင်ပွဲအတွက် မစိုးရိမ်သော်လည်း ပရိသတ်များ၏ အားပေးသံများက သူမ၏ ရင်တွင်း၌ လှိုက်ဖိုဖွယ်ရာ ခံစားချက်များကို ဖြစ်ပေါ်စေခဲ့သည်။

မင်ယွဲ့၏ ရောက်ရှိလာမှုသည် ဘေးနားရှိ ပြိုင်ဘက်များအတွက် ကြီးမားသော စိတ်ပိုင်းဆိုင်ရာ ဖိအားများကို ပေးစွမ်းနေသည်။ သူမ၏ အဆင့်သတ်မှတ်ချက် ရလဒ်များမှာ လိုက်မမီနိုင်အောင်ပင် ထူးချွန်လွန်းနေသည် မဟုတ်ပါလား။

ယခုတစ်ကြိမ်တွင် ရွာလူကြီးသည် ကုလားထိုင်အနိမ့်လေးကို ယူကာ မင်မိသားစုနှင့်အတူ တီဗီကြည့်ရန် ရောက်လာခဲ့သည်။ ယနေ့တွင် မင်အိမ်သို့ လူများစွာ ရောက်ရှိနေကြပြီး မင်ဒါပေါ့ကလည်း သစ်သီးဝလံများကို အထူးပြင်ဆင်ပေးထားသည်။ လူတိုင်းသည် ထိုစိတ်လှုပ်ရှားဖွယ် အခိုက်အတန့်ကို စုပေါင်းစောင့်မျှော်နေကြသည်။

မင်ယွဲ့ ကွင်းအတွင်း ပေါ်လာသည်နှင့် ၎င်းတို့သည် အသက်ပင် မရှူရဲဘဲ ငြိမ်သက်သွားကြသည်။ မိမိတို့၏ အသံများက စခရင်မှတစ်ဆင့် ကွင်းအတွင်းရှိ ကစားသမားများကို အနှောင့်အယှက် ပေးမိမည်ကိုပင် စိုးရိမ်နေကြသည့်အလား။

မင်ယွဲ့သည် လူအများ၏ အာရုံစိုက်မှုအောက်တွင် သတ်မှတ်ထားသော နေရာသို့ ရောက်ရှိလာခဲ့သည်။

သူမ လေးနှင့်မြားကို ကိုင်မြှောက်လိုက်သည့် အခိုက်အတန့်တွင် ကမ္ဘာကြီးတစ်ခုလုံး တိတ်ဆိတ်သွားသကဲ့သို့ ခံစားရသည်။ သူမသည် မိမိ၏ ကိုယ်ပိုင်ကမ္ဘာငယ်လေးအတွင်း စိတ်နှစ်ထားလျက် ထိုအခိုက်အတန့်ကို အရသာခံနေမိသည်။

မြားကို လွှတ်လိုက်သည့် ခဏ၌ ထိုမြားသည် အတိုင်းအဆမရှိသော ဂုဏ်ယူမှုနှင့် တားဆီး၍မရသော အရှိန်အဟုန်တို့ဖြင့် ပြည့်နှက်နေသကဲ့သို့ပင်။

မည်သည့်အရာကမျှ မင်ယွဲ့ကို မတုန်လှုပ်စေနိုင်တော့ပေ။ သူမသည် စိတ်နှင့်ကိုယ်နှင့် တစ်သားတည်းကျနေပြီး မြားများကို တစ်စင်းပြီးတစ်စင်း အချိန်ယူ ချိန်ရွယ်နေစရာပင် မလိုဘဲ ပစ်မှတ်၏ ဗဟိုတည့်တည့်သို့ အလိုလို စိုက် ဝင်သွားစေသည်။

"ရွှီ..."

ရမှတ်များကို ကြေညာလိုက်သည့် ခဏ၌ အားကစားကွင်းတစ်ခုလုံး ကြွေးကြော်သံများဖြင့် တုန်ဟီးသွားကာ တရုတ်လူမျိုးအားလုံးသည် အလိုလို မတ်တတ်ရပ်လျက် ဂုဏ်ပြုလိုက်ကြသည်။

ဤအခိုက်အတန့်သည် မင်မိသားစုနှင့် မိုမိသားစုအတွက် ဂုဏ်ယူစရာ ဖြစ်ရုံသာမက တစ်မျိုးသားလုံးအတွက်လည်း အားရကျေနပ်ဖွယ်ရာ ဖြစ်ခဲ့သည်။

နိုင်ငံတော်သီချင်း စတင်တီးခတ်ကာ နိုင်ငံတော်အလံ တဖြည်းဖြည်း မြင့်တက်လာချိန်တွင် လူတိုင်း၏ မျက်ဝန်း၌ မျက်ရည်များ ဝဲတက်လာကြရသည်။

အားပေးသံများကြားတွင် မင်ယွဲ့သည် ဂုဏ်သိက္ခာ၏ ပြယုဂ်ဖြစ်သော ရွှေတံဆိပ်ကို ဆွတ်ခူး ရရှိခဲ့ပြီ ဖြစ်သည်။

"တို့တွေ ရွှေတံဆိပ် ရပြီဟေ့ ရွှေတံဆိပ် ရပြီ”

ရွာလူကြီးသည် ဝမ်းသာလွန်းသဖြင့် သူ၏ ကိုယ်ပိုင်ငွေဖြင့် ဗျောက်အိုးများစွာကို ထပ်မံဝယ်ယူခဲ့သည်။

မင်မိသားစုသည်လည်း ယခုတစ်ကြိမ်တွင် မင်အဖိုးနှင့် ဦးလေးဖြစ်သူတို့က ဗျောက်အိုး ဆယ်လုံးတိတိကို ဝယ်ယူကာ ဘိုးဘွားရိပ်သာရှေ့၌ ဖောက်လိုက်ကြသည်။

ထိုအသံမှာ ဘေးနားရှိ ကျေးရွာများကပင် ကြားနိုင်လောက်အောင် ကျယ်လောင်လှသည်။

"ရွာလူကြီး... ဒီနေ့တော့ အိမ်မပြန်နဲ့တော့၊ ဒီမှာပဲ တစ်ခါတည်း ထမင်းစားသွားပါ”

မင်ဦးလေးသည် ပျော်ရွှင်စွာဖြင့် စားစရာများကို အများအပြား ဝယ်ယူလိုက်သည်။ ယွဲ့ယွဲ့ အိမ်မှာ မရှိသော်လည်း ၎င်းတို့အနေဖြင့် သေးငယ်သော အောင်ပွဲခံပွဲလေးကို ပြုလုပ်နိုင်သည် မဟုတ်ပါလား။

မိုဟန်ကျီသည် တံဆိပ်ကို ဆွဲထားသည့် တောက်ပလှသော အမျိုးသမီးငယ်ကို စိုက်ကြည့်နေမိသည်။ သူ၏ ရတနာလေးသည် ကမ္ဘာက မြင်အောင် တောက်ပနေခဲ့ပြီ ဖြစ်သည်။

သူသည် ပြေးသွားကာ သူမကို တင်းကျပ်စွာ ဖက်ထားပြီး "ကြည့်ကြစမ်း... ဒါ ငါချစ်တဲ့ မိန်းကလေးပဲ" ဟု တစ်ကမ္ဘာလုံးကို ကြေညာချင်နေမိသည်။

သို့သော် ဤဂုဏ်သိက္ခာမှာ မင်ယွဲ့ တစ်ဦးတည်းနှင့်သာ ထိုက်တန်ကြောင်း မိုဟန်ကျီ သိသည်။ သူကတော့ သူမအနေဖြင့် ပိုမိုမြင့်မားစွာ ပျံသန်းလျက် လနှင့် ကြယ်တာရာများကိုပင် ဆုပ်ကိုင်

နိုင်ပါစေဟုသာ ဆုတောင်းပေးနေတော့သည်။

All Chapters