အခန်း (၄၈၇-၄၈၈)
Vol. 49 Ch. 487-488
အခန်း (၄၈၇) အောင်ပွဲခံခြင်း
မင်ယွဲ့၏ အောင်ပွဲသတင်းသည် တရုတ်ပြည်တစ်နံတစ်လျားသို့ လျှပ်စစ်အလား လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။ နိုင်ငံဂုဏ်ဆောင် ရွှေတံဆိပ်ရှင်တစ်ဦး၏ အမည်နာမကို လူတိုင်းက သိရှိလေးစားထိုက်သည် မဟုတ်ပါလား။
အသင်းကို ဦးဆောင်လာသည့် နည်းပြဟွမ်နှင့် နည်းပြဝမ်တို့အတွက်မူ ဤရလဒ်က အံ့ဩစရာ မဟုတ်ခဲ့ပေ။ မင်ယွဲ့၏ လေ့ကျင့်ရေးရလဒ်များသည် အမြဲတမ်း တည်ငြိမ်ပြီး ထူးချွန်နေကျဖြစ်ရာ ဤသည်မှာ သူမအတွက် ပုံမှန်စွမ်းဆောင်ရည်မျှသာ ဖြစ်သည်။
အကယ်၍ အခြားသူများသာ ဤစကားကို ကြားလိုက်ရပါက
“ဒါက ပုံမှန်စွမ်းဆောင်ရည်ဆိုရင်၊ ထူးကဲတဲ့ စွမ်းဆောင်ရည်က ဘယ်လိုမျိုးဖြစ်နေမလဲ"
ဟု မေးခွန်းထုတ်ကြပေလိမ့်မည်။
အဖြေမှာမူ ရှင်းလင်းလှပါသည်။ မင်ယွဲ့အတွက် ထူးကဲသော စွမ်းဆောင်ရည်ဟူသည် မရှိတော့ပေ။ အဘယ်ကြောင့်ဆိုသော် သူမ၏ အရည်အချင်းမှာ ထိပ်ဆုံးသို့ ရောက်ရှိနေပြီဖြစ်ရာ ထပ်မံတိုးတက်ရန် နေရာလပ်ပင် မကျန်တော့သောကြောင့် ဖြစ်သည်။
ဤအမျိုးသားအဆင့် ပြိုင်ပွဲကြီးသည် နိုင်ငံတော်၏ စရိုက်လက္ခဏာနှင့် ဂုဏ်သိက္ခာကို ဖော်ဆောင်သည့် တိုက်ပွဲတစ်ခု ဖြစ်သည်။
ထို့ကြောင့် မင်ယွဲ့ တစ်ဦးတည်းသာ ကြိုးစားနေခြင်း မဟုတ်ဘဲ အခြားသော အားကစားနည်းများမှ တရုတ်အားကစားသမားများကလည်း ၎င်းတို့၏ စွမ်းအင်ရှိသမျှကို ပုံအော၍ ယှဉ်ပြိုင်နေကြသည်။
ဆွတ်ခူးရရှိသည့် တံဆိပ်တိုင်းအတွက် ပရိသတ်များ၏ လက်ခုပ်သံများနှင့် ကြွေးကြော်သံများမှာ မိုးဟိန်းမတတ် ပဲ့တင်ထပ်နေသည်။
တီဗီဖန်သားပြင်ရှေ့မှ ပြည်သူများသည်လည်း ကွင်းအတွင်းရှိ အားကစားသမားများနှင့်အတူ စိတ်ဓာတ်ချင်း ထပ်တူကျလျက် မိမိတို့နိုင်ငံ၏ ဂုဏ်ကျက်သရေအတွက် အားခဲနေကြသည်။
မြေတစ်ပြင်တည်းတွင် အတူတူ ကြီးပြင်းလာကြသူများဖြစ်ရာ အောင်မြင်မှု၏ အရသာကိုလည်း အတူတူပင် ခံစားကြရသည်။
အင်အားတောင့်တင်းသော နိုင်ငံနှင့် အားကစားလောက၏ ထူးချွန်သော ရလဒ်များက ပြည်သူတို့၏ အမျိုးသားရေး ဂုဏ်ယူမှုကို နိုးကြားတက်ကြွစေခဲ့သည်။
နောက်ဆက်တွဲ ယှဉ်ပြိုင်ရသည့် အမျိုးသမီးအသင်းလိုက် မြားပစ်ပြိုင်ပွဲတွင်လည်း မင်ယွဲ့နှင့် သူမ၏ အသင်းဖော်များသည် ရွှေတံဆိပ်ကို ထပ်မံဆွတ်ခူးနိုင်ခဲ့ပြန်သည်။
အောင်နိုင်သူတို့၏ စင်မြင့်ထက်တွင် နောက်တစ်ကြိမ် ရပ်လိုက်ရသည့်အခါ တောက်ပသော အလံနီကို မြင်တွေ့ရပြီး အရိုးထဲအထိ တုန်ဟီးသွားစေသည့် နိုင်ငံတော်သီချင်းသံကို ကြားလိုက်ရသည်။
ဤရင်ခုန်စိတ်လှုပ်ရှားဖွယ် အခိုက်အတန့်တွင် သူမသည် ပရိသတ်များ၏ တက်ကြွလှပသော မျက်နှာများကို ကြည့်ရှုနေမိသည်။
ဝမ်ကျန်းသည် မင်ယွဲ့၏ ဆုတံဆိပ်များ အတည်ဖြစ်သွားသည်ကို သိရသောအခါ အလွန်အမင်း ဝမ်းသာသွားပြီး မင်ယွဲ့၏ ဂုဏ်ရောင်ပြောင်သော အပြန်ခရီးကို ကြိုဆိုရန် ပန်းစည်းများနှင့် စာတမ်းများကို ချက်ချင်းပင် အော်ဒါမှာယူလိုက်တော့သည်။
အသင်းလိုက်ပြိုင်ပွဲတွင် မင်ယွဲ့ နောက်ထပ် ရွှေတံဆိပ်တစ်ခု ရရှိသွားသည်ကို မြင်ရသောအခါ လီအော့ကျေးရွာရှိ လူတိုင်းမှာလည်း ဒီရေအလား ထကြွအားရ ဖြစ်နေကြသည်။
သူတို့သည် တွေ့သမျှလူတိုင်းကို မင်ယွဲ့အကြောင်း ချီးမွမ်းခန်းဖွင့်နေကြပြီး မင်ယွဲ့မှာ တစ်မြို့လုံး၏ ပြောမဆုံးသော အကြောင်းအရာ ဖြစ်လာခဲ့သည်။
ဤဂုဏ်သတင်းမှာ လီအောက်ကျေးရွာအတွက်သာမက တစ်ခရိုင်လုံးအတွက်ပါ ကျော်ကြားမှုကို ဆောင်ကြဉ်းပေးခဲ့သည်။ မြို့တော်ဝန်နှင့် ခရိုင်ဝန်တို့သည် မင်ယွဲ့၏ အိမ်သို့ အထူးတလည် လာရောက်လည်ပတ်ခဲ့ကြသည်။
မင်ယွဲ့ အိမ်မှာမရှိသော်လည်း သူမအတွက် ဆုကြေးငွေများကို ပေးအပ်ခဲ့ကြသည်။
ဦးလေးမင်က မင်ယွဲ့ထံ ဖုန်းဆက်၍ ထိုအကြောင်းကို ပြောပြခဲ့သည်။
မင်ယွဲ့သည် ငွေကြေးချို့တဲ့သူ မဟုတ်သဖြင့် ထိုဆုကြေးငွေများကို ရွာသားများ၏ လူနေမှုဘဝ မြှင့်တင်ရန်အတွက် ကျေးရွာသို့ တိုက်ရိုက် လှူဒါန်းလိုက်သည်။
ရွာလူကြီးမှာလည်း မင်ယွဲ့အား ထပ်မံ၍ အမြင့်ဆုံး ချီးမွမ်းပြန်ကာ သူကိုယ်တိုင်မှာ မင်ယွဲ့၏ အရည်အချင်းအရှိဆုံး ပြောရေးဆိုခွင့်ရှိသူ ဖြစ်လာသည်ဟုပင် ဆိုသည်။
"ငါတို့ရွာဟာ မင်ယွဲ့အပေါ်မှာ အရမ်းကို ကျေးဇူးတင်ကြရမယ်၊ သူက တကယ့်ကို လိမ္မာတဲ့ ကလေးမလေးပဲ”
ဤစကားစုမှာ ရွာလူကြီး၏ နှုတ်ကျိုးနေသော စကားဖြစ်လာသည်။ တစ်ဖက်လူက မည်သည့်အရာကို ကြွားဝါချင်နေပါစေ၊ သူက မင်ယွဲ့အကြောင်းကို စတင်လိုက်သည်နှင့် တစ်ဖက်လူမှာ ဆက်ပြောစရာ စကားမဲ့သွားရစမြဲ ဖြစ်သည်။
ပတ်ဝန်းကျင်မှ လူများအားလုံးက လီအော့ကျေးရွာမှာ လုံးဝ ပြောင်းလဲသွားပြီဖြစ်ကြောင်း သိကြသည်။
ပျမ်းမျှဝင်ငွေ နည်းပါးပြီး ဆင်းရဲနွမ်းပါးသူ အများအပြားရှိရာ ကျေးရွာလေးမှသည် စံပြကျေးရွာတစ်ခုအဖြစ်သို့ ကူးပြောင်းသွားခဲ့ပြီ ဖြစ်သည်။
ယခုနှစ် စံပြကျေးရွာ ရွေးချယ်ရာတွင် လီအောက်ကျေးရွာသည် အရှိန်အဟုန်ဖြင့် ထိပ်ဆုံးသို့ တက်လှမ်းလာခဲ့သည်။
ဆင်းရဲလွန်း၍ တစ်ခါတစ်ရံမှသာ သတိတရ ရှိတတ်ကြသော ထိုကျေးရွာလေးမှာ ယခုအခါ မင်ယွဲ့၏ ဂုဏ်ရောင်ကြောင့် တောက်ပသော အလင်းတန်းများအောက်တွင် ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။
ထိုမြေဆီလွှာသည် ထူးကဲသော အလှတရားနှင့် ပါရမီရှင် အမျိုးသမီးတစ်ဦးကို ပျိုးထောင်ပေးခဲ့ပြီး ထိုအချိန်မှစ၍ လီအော့ကျေးရွာသည် လူထူးလူချွန်များ ပေါ်ထွန်းရာနှင့် သာယာလှပသော နယ်မြေအဖြစ် လူသိများလာခဲ့သည်။
မင်ယွဲ့ အိမ်သို့ မပြန်နိုင်သေးသော်လည်း သူမအတွက် ခမ်းနားထည်ဝါသော ဂုဏ်ပြုပွဲများမှာမူ လျော့ပါးမသွားခဲ့ပေ။
ရွာတွင် ဗုံနှင့် လင်းကွင်းအဖွဲ့များကို ငှားရမ်း၍ သုံးရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။ မင်၏ မိသားစုနှင့် မင်ယွဲ့၏ အဘွားအိမ်မှ တံခါးခုံများမှာ ဧည့်သည်များ ဝင်ထွက်သွားလာလွန်း၍ ပွန်းပဲ့လုနီးပါး ဖြစ်နေတော့သည်။
အင်တာနက်ပေါ်တွင်လည်း စိတ်လှုပ်ရှားမှုများ ဝေစည်နေပြီး အားကစားသမား တစ်ဦးချင်းစီ၏ ပြိုင်ပွဲဝင် ဗီဒီယိုများကို ပရိသတ်များက အနုစိတ် တည်းဖြတ်၍ တင်ပေးနေကြသည်။
အခြားသော အားကစားသမားများနှင့်မတူဘဲ မင်ယွဲ့တွင် ပရိသတ် အမြောက်အမြား ရှိနှင့်ပြီးဖြစ်ရာ သူမနှင့်ပတ်သက်သော ဗီဒီယိုဖိုင်များမှာ အထူးပင် များပြားလှသည်။
"အားးးး မင်ယွဲ့လေးက ဘယ်လို အကြီးအကျယ်တွေ ထပ်လုပ်လိုက်ပြန်တာလဲ၊ ငါတော့ အံ့ဩလွန်းလို့ ဆွံ့အသွားတာပဲ”
"ဒါဆို မင်းက ကျောင်းတက်နေရင်း အားလပ်ချိန်မှာ ရွှေတံဆိပ် သွားယူလိုက်တာပေါ့ ဟုတ်လား"
"သူတို့ အခုဆို ကျောင်းဆင်းလောက်ပြီ ထင် တယ်”
လူတိုင်းက မင်ယွဲ့၏အကြောင်းကို အားတက်သရော ဆွေးနွေးနေကြသည်။
— "ရုပ်ရည်ရော ပါရမီပါ ပြည့်စုံတဲ့သူတစ်ယောက်အကြောင်းကို ငါ ဒီတစ်ခါမှပဲ လေးလေးနက်နက် နားလည်သွားတော့တယ်”
"ချစ်လိုက်တာ တကယ့်ကို ချစ်ဖို့ကောင်းတယ် လေးကို ကိုင်ထားတဲ့ပုံက အရမ်းကို မိုက်တာပဲအမတော်ရယ်... ကျွန်တော့်ကို ကြင်ယာတော် အဖြစ် သိမ်းပိုက်လိုက်ပါတော့”
......
ပြိုင်ပွဲအပြီးတွင် မင်ယွဲ့သည် သူမ၏ အသင်းဖော်များနှင့်အတူ ညစာ စားခဲ့သည်။ နည်းပြဝမ်သည် ယနေ့တွင် အလွန်ပင် ရက်ရောနေပြီး နည်းပြဟွမ်ကလည်း သူမအား တခါခါ ကျီစယ်နေခဲ့သည်။
"အခြေအနေတွေက အခုတော့ ပြောင်းလဲသွားပြီ ငါတို့ မြားပစ်အသင်းဟာ ဒီပြိုင်ပွဲမှာ ထူးချွန်တဲ့ ရလဒ်တွေ ရခဲ့တာဆိုတော့ အောင်ပွဲခံတာက သင့်တော်ပါတယ်"
ဟု နည်းပြဝမ်က ဆိုသည်။
အမျိုးသားအသင်း နည်းပြက သူတို့ စုဝေးနေသည်ကို မြင်သောအခါ ချက်ချင်းပင် ရောက်လာပြီး ပါဝင်ချင်ကြောင်း ပြောသည်။
နည်းပြဝမ်က ငြင်းပယ်ခြင်း မရှိသဖြင့် အမျိုးသားနှင့် အမျိုးသမီး အသင်းနှစ်ခုလုံး အတူတူ ညစာ စားဖြစ်သွားကြသည်။
ပြိုင်ပွဲ ပြီးခါစဖြစ်ပြီး လူအများ၏ အာရုံစိုက်မှုကို ခံနေရသဖြင့် သီးသန့်အခန်းပါသော စားသောက်ဆိုင်များကိုသာ ရှာဖွေခဲ့ကြရသည်။
ဤကဲ့သို့ လူဦးရေအမြောက်အမြားအတွက် စီစဉ်ရသည်မှာ အနည်းငယ် ခက်ခဲလှသည်။
မင်ယွဲ့က ခဏမျှ စဉ်းစားပြီးနောက် "မင်ယွဲ့ စားသောက်ဆိုင်" သို့ သွားရန် အကြံပြုလိုက် သည်။
"အားလုံး ဘယ်လိုထင်ကြလဲ”
နည်းပြဝမ်က ယနေ့အတွက် ဧည့်ခံကျွေးမွေးရန် ဆုံးဖြတ်ထားသဖြင့် အခြားသူများ၏ သဘောထားကို မေးမြန်းလိုက်ခြင်း ဖြစ်သည်။
"အဲဒီဆိုင်က တော်တော်လေး ကျော်ကြားတယ်နော်”
ကောင်လေးတစ်ယောက်က ပြောပြီးနောက် သူ၏ နည်းပြကို ကြည့်လိုက်သည်။
"မင်းက ငါ့ကို ဘာကြည့်နေတာလဲ ငါတို့ နည်းပြတွေ ရှိနေတာပဲ၊ မင်းတို့ကို ပိုက်ဆံရှင်းခိုင်းမယ် ထင်လို့လား”
"မင်ယွဲ့ စားသောက်ဆိုင်... ဒီဆိုင်က ငါ့အမရဲ့ ဆိုင်လား”
ဆိုင်အမည်ကို ကြားလိုက်ရသည်နှင့် ကျိုးရှီယန်သည် မင်ယွဲ့ဆိုသည့် အမည်ကို ချက်ချင်း မှတ်မိသွားသည်။
"ဟုတ်တယ်"
မင်ယွဲ့က ခေါင်းညိတ်ပြလိုက်သည်။
"အဲဒီကို သွားလို့ရတယ်၊ သီးသန့်အခန်းကိုလည်း ကြိုတင် ကြိုတင်မှာထားပြီးပြီ”
မင်ယွဲ့သည် သူမ၏ ဖုန်းကို အိတ်ကပ်ထဲသို့ ပြန်ထည့်လိုက်ပြီး မော့ကြည့်လိုက်သည်။
အဖွဲ့သားအားလုံး ကားငှား၍ သူတို့၏ ဦးတည်ရာသို့ ထွက်ခွာခဲ့ကြသည်။ မင်ယွဲ့ စားသောက်ဆိုင်မှာ အွန်လိုင်းတွင် အလွန်ကျော်ကြားသဖြင့် အနည်းငယ် ရှာဖွေကြည့်ရုံဖြင့် လိပ်စာနှင့် အကြောင်းအရာများကို သိရှိနိုင်သည်သာ။
သူတို့ ဆိုင်သို့ လျင်မြန်စွာ ရောက်ရှိသွားကြပြီး မန်နေဂျာမှာ အပြင်ဘက်တွင် ကြိုတင် စောင့်ဆိုင်းနေခဲ့သည်။
"သူဌေး... ဟင်းလျာတွေလည်း အဆင်သင့်ဖြစ်ပါပြီ၊ သီးသန့်အခန်းကိုလည်း ပြင်ဆင်ထားပြီးပါပြီ”
မင်ယွဲ့က ခေါင်းညိတ်ပြပြီးနောက် လူတိုင်းကို အလွန်ကျယ်ဝန်းလှသော သီးသန့်အခန်းကြီးဆီသို့ ဦးဆောင်ခေါ်သွားခဲ့သည်။
အမှန်စင်စစ် မင်ယွဲ့ စားသောက်ဆိုင်တွင် ဤမျှကြီးမားသော အခန်းမျိုး ပုံမှန်အားဖြင့် မလိုအပ်သော်လည်း ဤအခန်းမှာ မင်ယွဲ့ ကိုယ်တိုင် သီးသန့်စီစဉ်ထားခြင်း ဖြစ်သည်။
အခန်းနှစ်ခန်းကို ကန့်လန့်ကာဖြင့် ပိုင်းခြားထားခြင်းဖြစ်ပြီး တစ်ဖက်မှာ စားသောက်ရန်ဖြစ်ကာ အခြားတစ်ဖက်မှာ အနားယူရန် ဖြစ်သည်။ ယနေ့တွင်မူ အလယ်မှ အပိုင်းအခြားကို ဖယ်ရှားထားခဲ့သည်။
"ဝါးးး— အရမ်းကြီးပြီး ခမ်းနားလိုက်တာ”
ကျိုးရှီယန်က အခန်းထဲသို့ ဝင်လိုက်သည်နှင့် အာမေဍိတ်သံ ပြုလိုက်တော့သည်။
နောက်က လိုက်လာကြသော အသင်းသားများမှာလည်း အံ့အားသင့်သွားကြသည်။ သူတို့သည် ဤကဲ့သို့ အဆင့်မြင့်သော နေရာမျိုးတွင် စားသောက်ရခဲသောကြောင့် ဖြစ်သည်။ ယခုတစ်ကြိမ်တွင်မူ မင်ယွဲ့၏ ကျေးဇူးကြောင့်ပင် ဖြစ်သည်။
သူတို့၏ အတွေးများကို မင်ယွဲ့ မသိသော်လည်း ဟင်းစာရင်းယူလာရန် မန်နေဂျာကို ညွှန်ကြားလိုက်သည်။ အဓိကဟင်းလျာများကိုမူ မင်ယွဲ့က ကြိုတင်မှာထားပြီး ဖြစ်သည်။
စားပွဲကြီး နှစ်လုံးကို ပြင်ဆင်ထားပြီး မီနူးများကို သီးခြားစီ ပေးအပ်လိုက်သည်။
"မင်ယွဲ့ စားသောက်ဆိုင်ရဲ့ အခန်းတိုင်းမှာ မတူညီတဲ့ အပြင်အဆင်တွေနဲ့ မတူညီတဲ့ စားဖိုမှူးတွေ ရှိတယ်ဆိုတာ အမှန်ပဲလား”
တစ်ယောက်က စပ်စုသည့်အနေဖြင့် မေးလိုက် သည်။
"အဲဒီလိုလည်း ပြောလို့ရပါတယ်၊ ဒါပေမဲ့ ဒီနေ့တော့ စိတ်ကြိုက်သာမှာစားကြပါ၊ ဘာမှ စိတ်မပူနဲ့”
မင်ယွဲ့က ဆိုင်ရှင်တစ်ဦးအနေဖြင့် သူမတွင် ဤမျှ လုပ်ပိုင်ခွင့်ရှိကြောင်း ပြောလိုက်သည်။
အဖွဲ့သားများအားလုံး အစားအသောက်များကို မြိန်ရည်ယှက်ရည် စားသောက်ကြသည်။ နည်းပြများက အားလုံး ဝလောက်ပြီဟု ယူဆသောအခါ ငွေရှင်းရန် တိတ်တဆိတ် ဆင်းသွားကြသော်လည်း မင်ယွဲ့က ကြိုတင်အကြောင်းကြားထားသဖြင့် ငွေရှင်းရန် မလိုကြောင်း အပြောခံရသည်။
နည်းပြက ပြန်တက်လာပြီး မင်ယွဲ့အား မတတ်သာသည့် အမူအရာဖြင့် ကြည့်လိုက်သည်။ မင်ယွဲ့ကလည်း သူတို့ အပြင်တွင် ဘာလုပ်နေကြသည်ကို ရိပ်မိသော်လည်း နှစ်ဦးသား စကားတစ်လုံးမျှ မဟကြပေ။
ပြိုင်ပွဲ၏ ရင်ခုန်သံများမှာ လေ့ကျင့်ရေးစခန်း၏ မောပန်းမှုများကို ဆေးကြောပေးလိုက်သကဲ့သို့ ဖြစ်ပြီး ထူးချွန်သော ရလဒ်များ၏ ပျော်ရွှင်မှုများသာ ကျန်ရစ်တော့သည်။
စားကြ၊ သောက်ကြ၊ စကားစမြည် ပြောကြနှင့်...
ပွဲပြီးသွားသော်လည်း လူတိုင်းက လမ်းခွဲရန် ဝန်လေးနေကြသည်။
အားလုံးက လေ့ကျင့်ရေးတွင် အလုပ်များနေကြရသဖြင့် ယခုကဲ့သို့ အတူတူ အနားယူရန် အချိန်မှာ အလွန်ရှားပါးလှသည် မဟုတ်ပါလား။
အချို့သူများမှာ ဘီယာအနည်းငယ် သောက်ထားသဖြင့် မူးယောင်ယောင် ဖြစ်နေကြသည်။ နည်းပြများကမူ တစ်စက်မျှ မသောက်ဘဲ အသင်းသားအားလုံးကို ဘေးကင်းစွာ ပြန်လည်ပို့ဆောင်ပေးခဲ့ကြသည်။
"ကိုယ် မင်းကို အိမ်လိုက်ပို့ပေးပါရစေ”
ကျန်ဟင်သည် မင်ယွဲ့၏ အနားသို့ မသိမသာ ချဉ်းကပ်လာပြီး တိုးတိုးလေး ပြောလိုက်သည်။
"မလိုပါဘူး"
မင်ယွဲ့က အံ့ဩခြင်း မရှိဘဲ ငြင်းပယ်လိုက်သည်။ ကျန်ဟင်သည် အေးစက်သည့်ပုံရှိသော်လည်း တကယ့်ကို ယဉ်ကျေးသိမ်မွေ့သည့် လူတစ်ယောက်
ဖြစ်သည်။
ကျန်ဟင် အငြင်းခံရခြင်းမှာ အံ့ဩစရာ မဟုတ်သော်လည်း မင်ယွဲ့ကဲ့သို့ လူမျိုးက ငြင်းပယ်လိုက်ခြင်းမှာ ပို၍ပင် သဘာဝကျနေတော့သည်။
အခန်း (၄၈၈) ပိုင်ဆိုင်ကြောင်း ကြေညာခြင်း
စားသောက်ဆိုင်အဝင်ဝသို့ ရောက်ရှိသောအခါ နည်းပြဖြစ်သူနှင့် အရက်မသောက်ထားသည့် အသင်းသားအချို့သည် မူးယောင်ယောင်ဖြစ်နေသော အသင်းဖော်များကို ကားပေါ်သို့ တွဲကူတင်ပေးနေကြသည်။
"ယွဲ့ယွဲ့..."
ရုတ်တရက် ထွက်ပေါ်လာသော ခေါ်သံကြောင့် လူတိုင်း အာရုံစိုက်လိုက်မိရာ အဝင်ဝတွင် ရပ်တန့်ထားသည့် အနက်ရောင် ကားတစ်စီးနှင့် ထိုဘေးတွင် ရပ်နေသော အမျိုးသားတစ်ဦးကို သတိပြုမိလိုက်ကြသည်။
ထိုသူသည် ယခုအချိန်အထိ စကားတစ်လုံးမျှ မပြောဘဲ ငြိမ်သက်နေခဲ့သဖြင့် မည်သူမျှ သတိမထားမိခဲ့ကြသော်လည်း သူ နှုတ်ဟလိုက်သည့် ခဏချင်းမှာပင် မည်သူမျှ လျစ်လျူရှု၍မရသော တည်ရှိမှုတစ်ခု ဖြစ်သွားခဲ့သည်။
ညဉ့်နက်သော်လည်း မင်ယွဲ့ စားသောက်ဆိုင်၏ အဝင်ဝတွင် မီးရောင်များ လင်းထိန်နေဆဲပင်။
မီးရောင်အောက်တွင် သူ၏ မျက်နှာသွင်ပြင်ကို ရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း သူသည် ထူးခြားသော ကိုယ်ရည်ကိုယ်သွေးရှိသူဖြစ်ကြောင်း ဝေဝါးစွာ ခံစားနေရသည်။
အရပ်ရှည်ပြီး ခန့်ညားထည်ဝါသော ထိုအမျိုးသားသည် မင်ယွဲ့ကို လှမ်းခေါ်ရင်း ကျဲကျဲတောက် ခြေလှမ်းများဖြင့် လျှောက်လာခဲ့သည်။ အနီးသို့ ရောက်လာမှသာ သူ၏ ရုပ်ရည်ကို အားလုံးက ကောင်းကောင်း မြင်လိုက်ရတော့သည်။
ဓားလွတ်ကဲ့သို့ ထက်မြက်သော မျက်ခုံးအစုံ၊ တောက်ပသော မျက်ဝန်း၊ မြင့်မြတ်သော နှာတံနှင့် ပါးလွှာသော နှုတ်ခမ်းလွှာတို့မှာ အပြစ်ပြောစရာမရှိအောင်ပင်။
သူဝတ်ဆင်ထားသော အနက်ရောင် ဝတ်စုံသည် သူ့အား လောကီအာရုံကို စွန့်ပယ်ထားသည့် သူတော်စင်တစ်ဦးကဲ့သို့ အေးစက်တည်ငြိမ်သော အငွေ့အသက်ကို ဆောင်ကြဉ်းပေးနေသည်။
မင်ယွဲ့သည် သူ့အနားသို့ ချဉ်းကပ်သွားစဉ် သူမဘေးရှိ အမျိုးသားကို သတိပြုမိလိုက်သည်။ မိုဟန်ကျီသည် ထိုသူ့အား သိပ်ပြီး အာရုံမစိုက်ဘဲ အမှတ်မထင် တစ်ချက်ကြည့်ကာ ခေါင်းညိတ်ပြလိုက်ပြီးနောက် အကြည့်ကို ချက်ချင်း ပြန်လွဲလိုက်သည်။
ကျန်ဟင်သည် သူ၏ အကြည့်ကြောင့် အနည်းငယ် တုန်လှုပ်သွားသော်လည်း သူ ဘာအမှားမှ မလုပ်ထားကြောင်း သတိရကာ ခေါင်းမော့၍ ပြန်ကြည့်လိုက်သည်။
ထိုအမျိုးသားသည် မင်ယွဲ့၏ ခါးကို နောက်ဘက်မှ သိုင်းဖက်လိုက်ပြီး သူမ၏ နားနားသို့ ကပ်ကာ တစ်စုံတစ်ခုကို တိုးတိုးလေး ကပ်ပြောလိုက်သည်။
ကျန်ဟင်၏ မျက်နှာအမူအရာမှာ တစ်ချက်မျှ ပျက်ယွင်းသွားခဲ့သည်။ ဤအမျိုးသားသည် မင်ယွဲ့အပေါ် သူ၏ ပိုင်ဆိုင်မှုကို မသိမသာ ထုတ်ဖော်ပြသကာ အသာစီးယူနေခြင်းဖြစ်ကြောင်း သူ သိလိုက်သည်။
ထို့ပြင် သူတို့နှစ်ဦးမှာ ကျန်ဟင်အား လုံးဝ လျစ်လျူရှုထားကြသည်သာ။
"ဒါဆို ကျွန်မတို့ သွားတော့မယ်နော်၊ အားလုံးပဲ ဂရုစိုက်ကြပါ"
မင်ယွဲ့သည် နှုတ်ဆက်ရန် ခေါင်းမော့ကြည့်လိုက်ပြီးနောက် မိုဟန်ကျီက သူမ၏ လက်ချောင်းလေးများကို သူ၏ လက်ချောင်းများကြားထဲတွင် ယှက်သွယ် ဆုပ်ကိုင်လျက် ကားဆီသို့ ဦးဆောင်ခေါ်သွားခဲ့သည်။
ကျန်ဟင်သည် သူစိတ်ဝင်စားနေသော မိန်းကလေးအား ထိုအရပ်ရှည်ရှည် အမျိုးသားက ခေါ်ဆောင်သွားသည်ကို ကြည့်ရင်း သူ၏ အေးစက်သော အကြည့်များမှာ ပို၍ပင် ဝေးကွာသွားတော့သည်။ သူသည် သက်ပြင်းတစ်ချက်ကို ခပ်ဖွဖွချကာ စိတ်သက်သာရာရစွာဖြင့် ထွက်ခွာသွားခဲ့သည်။
မိုဟန်ကျီသည် ထိုသူ့အား အလေးအနက်မထားသည်မှာ အမှန်ပင်။ မင်ယွဲ့နှင့် သူ၏ ဆက်ဆံရေးမှာ ပြင်ပလူများကြောင့် ပြောင်းလဲသွားမည်မဟုတ်ဟု သူ ယုံကြည်ထားသော်လည်း ရည်းစားတစ်ယောက်အနေဖြင့် အခြားသူများရှေ့တွင် မိမိ၏ ပိုင်ဆိုင်မှုကို ပြသခြင်းမှာမူ လုံးဝ သင့်လျော်သော အပြုအမူပင် ဖြစ်သည်။
အိမ်သို့ ရောက်ရှိသည်နှင့် မိုဟန်ကျီသည် သူမအား ချက်ချင်းပင် နမ်းရှိုက်လိုက်တော့သည်။
"မင်း ဖျော်ရည် သောက်လာတာလား”
ဤကဲ့သို့သော အခိုက်အတန့်တွင် ဤမေးခွန်းကို မေးလိုက်ခြင်းက မင်ယွဲ့ကို ချက်ချင်းပင် ရှက်သွေးဖြာသွားစေသည်။
"အရမ်းချိုတာပဲ..."
သူ ပြောနေသည်မှာ ဖျော်ရည်ကိုလား သို့မဟုတ် ရှေ့တွင် ရှိနေသော လူသားကိုလား ဆိုသည်မှာတော့ မသိနိုင်ပေ။
မင်ယွဲ့ လေ့ကျင့်ရေးစခန်းသို့ သွားနေစဉ်အတွင်း မိုဟန်ကျီသည် သူ၏ အခန်းထဲတွင် တစ်ဦးတည်း ရှိနေခဲ့ရပြီး ချစ်သူလေးအား အလွန်အမင်း လွမ်းဆွတ်တမ်းတနေခဲ့ခြင်း ဖြစ်သည်။
ဤအတောအတွင်း သူသည် ပုံမှန်အတိုင်း အလုပ်ဆင်းလိုက်၊ အလုပ်တက်လိုက်နှင့် အားလပ်ချိန်များတွင် မင်ယွဲ့၏ မိဘများထံသို့ သွားရောက်လည်ပတ်လေ့ရှိသည်။
သူ၏ အေးစက်တည်ငြိမ်သော အသွင်အပြင်သည် ယခုအခါ ပြောင်းလဲသွားကာ အလွန်တက်ကြွ ထက်သန်နေသည့် အမူအရာ ဖြစ်ပေါ်နေသည်။
သို့သော် ဤကဲ့သို့သော ဆွဲဆောင်မှုရှိသော ပုံစံမျိုးကို မင်ယွဲ့ တစ်ဦးတည်းကိုသာ ပြသတတ် ခြင်း ဖြစ်သည်။
နိုင်ငံတကာပြိုင်ပွဲများ ကျင်းပစဉ်က နေသာသောနေ့များဖြစ်၍ ရာသီဥတုက သာယာခဲ့သော်လည်း ယခုမူ အပြင်ဘက်တွင် မိုးများ ရွာသွန်းနေသည်။
မိုးပေါက်များ၏ တဖြောက်ဖြောက် မြည်သံမှာ တဖြည်းဖြည်းနှင့် ပိုမို စိပ်လာခဲ့သည်။
ရုတ်တရက် ကျရောက်လာသော ထိုမိုးသက်မုန်တိုင်းသည် မိုးလင်းခါနီးအချိန်အထိ မစဲဘဲ ရှိနေခဲ့သည်။
မိုဟန်ကျီသည် မနက်စောစောကပင် မနက်စာကို ပြင်ဆင်ပြီးမှ မင်ယွဲ့ကို နှိုးလိုက်သည်။
"ယွဲ့ယွဲ့... ထတော့လေ အဖေနဲ့ အမေတို့ စောင့်နေ ကြပြီ”
မင်ယွဲ့နှင့် စကားပြောသည့်အခါ သူ၏ အသံနေအသံထားမှာ အလိုလို နူးညံ့ပျော့ပျောင်းသွားတတ်သည်။ သူ၏ ခက်ထန်အေးစက်သော စရိုက်နှင့် လုံးဝ မလိုက်ဖက်သည့် ချွဲနွဲ့သော လေသံများ ပါဝင်နေသည်ကို သူကိုယ်တိုင်ပင် သတိမထားမိပေ။
မင်ယွဲ့ကို အလွန်လွမ်းဆွတ်နေခဲ့ခြင်းကြောင့် တစ်ကြောင်း၊ ယမန်နေ့က ညစာစားပွဲအပြီးတွင် အချိန်တော်တော် နောက်ကျသွားခဲ့ခြင်းကြောင့် တစ်ကြောင်း၊ မိုဟန်ကျီသည် မင်ယွဲ့ကို သူ၏ အိမ်ဟောင်းသို့သာ တိုက်ရိုက် ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။
ယခုမူ ယွမ်တင်း ဗီလာ သို့ သွားရန် အချိန်ရောက်ပြီဖြစ်ရာ ထိုနေရာတွင် မင်ယွဲ့၏ မိသားစု ရှိနေသည်။
"ဘယ်သူလဲ အန်တီနဲ့ အန်ကယ်က ဘယ်မှာလဲ”
အားကုန်သုံး၍ လေ့ကျင့်ထားရမှုနှင့် အိပ်ရေးမဝမှုတို့ကြောင့် မင်ယွဲ့မှာ အနည်းငယ် ဝေဝေဝါးဝါး ဖြစ်နေဆဲပင်။
"ဦးလေးမင်နဲ့ အဒေါ်မင်ကို ပြောတာပါ"
ဟု မိုဟန်ကျီက ရှင်းပြလိုက်သည်။
"ဘာလို့ အစောကြီးကတည်းက မပြောတာလဲ”
မင်ယွဲ့သည် ချက်ချင်းပင် အိပ်ချင်ပြေသွားပြီး အိပ်ရာပေါ်မှ ထိုင်လိုက်သည်။
စောစောက မိုဟန်ကျီက အဖေနှင့် အမေဟု ပြောလိုက်သောကြောင့် သူမက မိုဟန်ကျီ၏ မိဘများကို ပြောခြင်းဖြစ်မည်ဟု သဘာဝအတိုင်း ထင်မှတ်လိုက်ခြင်း ဖြစ်သည်။
မိုဟန်ကျီသည် ဗီရိုထဲမှ အဝတ်အစားများကို ထုတ်ယူကာ မင်ယွဲ့ကို ဝတ်ဆင်ပေးလိုက်သည်။
"အား..."
မင်ယွဲ့သည် အာမေဍိတ်သံပြုရင်း မိုဟန်ကျီ၏ လည်ပင်းကို ဖက်တွယ်လိုက်ကာ ခြေထောက်များကိုလည်း သူ၏ ခါးတွင် ရစ်ပတ်လိုက်သည်။
မိုဟန်ကျီသည် သူမအား ရင်ခွင်ထဲတွင် ပွေ့ပိုက်၍ အပြင်သို့ ခေါ်ဆောင်သွားခဲ့သည်။ ယမန်နေ့က အခန်းထဲသို့ ဝင်လာခဲ့ပြီးနောက် မင်ယွဲ့မှာ ခြေထောက်ကို မြေကြီးနှင့် ထိရန် အခွင့်အရေးပင် မရခဲ့သဖြင့် အခန်းထဲတွင် ဖိနပ်များပင် မရှိတော့ပေ။
နှစ်ဦးသား မနက်စာကို အမြန်စားသောက်ပြီးနောက် ယွမ်တင်း ဗီလာသို့ ကားမောင်းထွက်လာခဲ့ကြသည်။ မင်၏ မိသားစုသည် မင်ယွဲ့ထံမှ ဖုန်းလက်ခံရရှိထားပြီး ဖြစ်သည်။
မင်ယွဲ့၏ အဖေနှင့်အမေသည် စောစောထလေ့ရှိသူများဖြစ်ရာ သူတို့သည် ခဏမျှ စောင့်ဆိုင်းနေခဲ့ကြပြီ ဖြစ်သည်။
မင်ယွဲ့ ချန်ပီယံဖြစ်သွားသည်ကို မြင်ရသောအခါ သူတို့၏ ဂုဏ်ယူမှုများမှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီး မင်ယွဲ့ကို တွေ့လိုက်ရသည့် အခိုက်အတန့်တွင် ထိုခံစားချက်များမှာ လျှံတက်လာခဲ့သည်။
မင်ယွဲ့၏ အဖေသည် စကားနည်းသူဖြစ်ရာ မင်ယွဲ့၏ အရည်အချင်းကိုသာ ထပ်တလဲလဲ ချီးကျူးနေတော့သည်။ မင်ယွဲ့၏ အမေမှာမူ ပို၍ ပွင့်လင်းလှသည်။ မင်ယွဲ့ကို တွေ့သည်နှင့် ချက်ချင်းပင် ဖက်ထားလိုက်ပြီး သူမ၏ မျက်ဝန်းများမှာ မျက်ရည်များဖြင့် ဝဲနေတော့သည်။
သူမ၏ သမီးလေးသည် ပို၍ ထူးချွန်လေလေ၊
"မိန်းကလေးတွေကို စာတွေအများကြီး သင်ပေးတာ အလကားပဲ" ဟု တစ်ချိန်က ပြောခဲ့သူများ မှားယွင်းကြောင်း သက်သေပြနိုင်လေလေ ဖြစ်သည်။
ဆင်းရဲသားဖြစ်ပါလျက်နှင့် သမီးကို တက္ကသိုလ်ပို့နေခြင်းမှာ အလဟဿဖြစ်ကြောင်း၊ တစ်နေ့တွင် အခြားသူနောက် ပါသွားမည်ဖြစ်ရာ ဘာမှ ကျန်ရစ်မည်မဟုတ်ကြောင်း ကွယ်ရာတွင် လှောင်ပြောင်ခဲ့ကြသည်ကို သူမ သိသည်။
သို့သော် ယခုအခါ မင်ယွဲ့မှာ သူတို့၏ သားဆယ်ယောက်ထက်ပင် ပို၍ အားကိုးထိုက်နေချေပြီ။
မင်ကျောက်နှင့် မင်ချန်တို့သည်လည်း မင်ယွဲ့ကို အားကျတမ်းတစွာဖြင့် ကြည့်နေကြသည်။
ကလေးများမှာ သူတို့၏ ခံစားချက်ကို မဖုံးကွယ်နိုင်ကြပေ။ ယခုအခါ သူတို့သည် မင်ယွဲ့ကို Idol တစ်ဦးကဲ့သို့ စိတ်လှုပ်ရှားစွာဖြင့် ကြည့်နေကြသည်။
မင်ယွဲ့က ရှေ့သို့ တိုးသွားကာ သူတို့၏ ခေါင်းလေးများကို အသာအယာ ပွတ်သပ်ပေးလိုက်ရာ ကောင်လေးနှစ်ယောက်မှာ ပျော်ရွှင်စွာ ရယ်မောလိုက်ကြသည်။
မင်ယွဲ့သည် သူမ၏ ဇာတိရွာသို့ ဖုန်းဆက်လိုက်ရာ မိသားစုတစ်ခုလုံး စုဝေးပြီး ဤဖုန်းခေါ်ဆိုမှုကို စောင့်မျှော်နေကြသည်။
"ယွဲ့ယွဲ့လေး... ငါတို့ကို အခုမှ ဖုန်းဆက်နိုင်တော့တာလား”
သူတို့ မည်မျှပင် စိတ်လှုပ်ရှားနေပါစေ၊ မင်ယွဲ့ကို အနှောင့်အယှက် ဖြစ်မည်စိုးသဖြင့် သူတို့ဘက်မှ အရင်ဖုန်းမဆက်ဘဲ အောင့်အီးထားခဲ့ကြခြင်း ဖြစ်သည်။
"အဘိုး... သမီး အခု အိမ်ပြန်ရောက်ပါပြီ"
ဟု မင်ယွဲ့က ပြုံးလျက် ပြောလိုက်သည်။
"ဘယ်တော့ ပြန်လာမှာလဲ ခရိုင်ကလည်း ဆုကြေးတွေ ပေးထားတယ်၊ မင်းရဲ့ အတိတ်အကြောင်းတွေကို လာမေးနေတဲ့သူတွေလည်း အများကြီးပဲ”
နာမည်ကြီးလာသည်နှင့်အမျှ မိမိ၏ ကိုယ်ရေးကိုယ်တာ ကိစ္စများမှာ ပျောက် ကွယ်သွားတတ်သည်ကို မင်ယွဲ့က ကြိုတင် တွေးဆထားပြီး ဖြစ်သည်။
ကံကောင်းသည်မှာ သူမသည် ဖြူစင်သန့်ရှင်းသော ဘဝကို ဖြတ်သန်းလာခဲ့သူဖြစ်ရာ အခြားသူများ၏ စူးစမ်းစစ်ဆေးမှုကို ကြောက်ရွံ့နေစရာ မလိုပေ။
"နောက်ရက်အနည်းငယ်နေရင် အဖေတို့ အမေတို့နဲ့အတူ အိမ်ပြန်လာခဲ့ပါ့မယ်"
ဟု မင်ယွဲ့က ဆိုသည်။
ဖုန်းဖြေဆိုသူမှာ ဦးလေးမင်မှသည် ခဏအကြာတွင် အဒေါ်မင်သို့ ပြောင်းသွားခဲ့သည်။
ဖုန်းတစ်ဖက်မှ လူများမှာ တဖြည်းဖြည်း ပြောင်းလဲသွားသော်လည်း သူတို့၏ စကားများမှာမူ မင်ယွဲ့အပေါ် ဂရုစိုက်မှုနှင့် ချီးမွမ်းမှုများဖြင့်သာ ပြည့်နှက်နေသည်။
တော်တော်ကြာအောင် စကားပြောပြီးနောက်မှသာ နွေးထွေးလှသော ထိုဖုန်းခေါ်ဆိုမှုကို အဆုံးသတ်လိုက်တော့သည်။