အခန်း (၁၉၉-၂၀၀)
Vol. 17 Ch. 199-200
အခန်း ၁၉၉ -
ထာဝရှင်သန်ခြင်းနှင့် ဘဝလမ်းခရီးကြား မိမိကိုယ်ကို ပြန်လည်မေးခွန်းထုတ်ခြင်း ... ။
“ ခစ် ခစ် ခစ် ... ။ ”
ကူချန်၏ ကဗျာရွတ်ဖတ်ပြမှုကြောင့် ပတ်ဝန်းကျင်တွင် အစေခံမိန်ကလေးများနှင့် အပ်ချုပ်ပညာရှင် အများအပြားမှာ ပြုံးရယ်ကုန်ကြသည်။
အချို့သော အစေခံအပျိုမလေးများသည် ပါးပြင်လေးများနီမြန်းလျက် တိုးတိုးတိတ်တိတ် ရယ်မောလာကုန်၏။ တာအိုချင်းရှသည်လည်း မျက်နှာတပြင်လုံး နီရဲသွားကာ၊
“ ဟမ့် ... ဘာသစ်တော်ပွင့်က တောင်ဇလပ်ကို ဖိရတာလဲ ... ချန် အဓိပ္ပါယ်မဲ့ မင်း လျှောက်ပြောမနေနဲ့။ ”
-ဟု ပြန်လည်အော်ငေါက်လာသည်။
“ ငါက ငယ်ရွယ်တဲ့သူ မဟုတ်တော့ဘူး ပြီးတော့ ... ဒီပွဲမှာမင်းသာအဓိကဇာတ်ဆောင်ပဲ အဝတ်အစားတွေ အရင်ရွေးပါ။ ”
“ သခင်ငယ် ... စမ်းဝတ်ကြည့်ပါဦး ... ဒါလေးကိုစမ်းကြည့်ပါ ဒါက ကျင်ရှုးနန်းဆောင် ပညာရှင်နှစ်ယောက်ရဲ့ သုံးနှစ်တိုင်အချိန်ပေး ချုပ်လုပ်ထားတဲ့လက်ရာပါ။ ”
“ သခင်ငယ် ... ဒီဝတ်စုံက ချီချောင်အလုပ်ရုံရဲ့ထုတ်ကုန်ပါ သခင်ငယ် အတွက် အရမ်းလိုက်ဖက်ပါတယ် ... ။ ”
“ သခင်ငယ် ... ဒါကတော့ စီးနွမ်းနန်းဆောင်ကချုပ်ထားတာပါ သခင်ငယ် စမ်းဝတ်ကြည့်ပါ ... ။ ”
ပတ်ဝန်းကျင်ရှိ အစေခံမိန်ကလေးများမှာ စိတ်အားထက်သန်စွာဖြင့် သူမတို့အလုပ်ရုံများမှ ထုတ်ကုန်များကို ဝိုင်းဝန်းမိတ်ဆက် ပေးလာကြတော့သည်။
ကူချန်က အင်္ကျီများထံ တစ်ချက် ဝေ့ကြည့်လိုက်၏။ အားလုံးသည် ကြည့်ကောင်း လွန်းလှပြီး ကျွမ်းကျင်ပညာရှင်များသည် အချိန်နှင့်လုပ်အား အမြောက်အမြား ရင်းနှီး မြှုပ်နှံထားကြောင်း မြင်သာသည်။
၎င်းအတွင်းမှ အကောင်းဆုံးဆိုသည်ကို ရွေးထုတ်ရန် ခက်ခဲနေတော့၏။ ထို့ကြောင့်ပင် တာအိုချင်းရှ ညွှန်းထားသော အင်္ကျီထံကြည့်ပြီး လက်တစ်ချက် ဝေ့ယမ်းလျက် တိုက်ရိုက် လှမ်းယူလိုက်မိသည်။
“ ဖရူး ... ။ ”
ယင်းကို စမ်းဝတ်ကြည့်ရန် ပြင်ဆင်လိုက်စဉ်မှာပင် တစ်စုံတစ်ခုကို သတိရ သွားပြီး နောက်လှည့်ကြည့်ကာ၊
“ ဆရာ ... ဒီဝတ်စုံက ဆရာကတော်ရဲ့ဆိုင်ကနေ ချုပ်လုပ်ထားတဲ့ လက်ရာတော့ မဟုတ်ဘူး မဟုတ်လား။ ”
- ဟု မေးမြန်းလိုက်သည်။
တာအိုချင်းရှ၏ အမျိုးသမီးသည် စားသောက်ဆိုင်များအပြင် နာမည်ကြီးလှသည့် အပ်ချုပ်ဆိုင်တစ်ဆိုင်ကိုလည်း ပိုင်ဆိုင်ထား၏။
တာအိုချင်းရှက သူ့စကားကြားချိန်တွင် တည်ကြည်လေးနက်လာပြီး တရားမျှတသော မျက်နှာအသွင်အပြင်မျိုးဖြင့်၊
“ ဟမ့် ... အရည်အချင်းမရှိရင် ငါ့အမျိုးသမီးဖြစ်နေရင်တောင် ငါမင်းကို အခုလို ညွှန်းမဘ်ထင်နလား ဒါပေမယ့် သူလက်ရာက တကယ့်ကို ကောင်းလွန်းပါတယ် ... ။ ”
-ဟု ခပ်တည်တည် ဝန်ခံလိုက်တော့သည်။
“ ဝှစ် ... ။ ”
ကူချန်မှ မျက်ခုံးပင့်သွား၏။ ထို့နောက် ခေါင်းခါယမ်းလိုက်ပြီး မြင်ကွင်းမှ ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။
“ ဟမ့် ... သခင်ငယ် ဘယ်ရောက်သွားတာလဲ။ ”
“ သခင်ငယ် အခုတင်ရှိပါသေးတယ်။ ”
“ ငါဒီမှာ တချိန်လုံးကြည့်နေတာ ... သခင်ငယ်တံခါးဝကို ထွက်သွားတာ လုံးဝ မမြင်လိုက်ပါဘူး ... ။ ”
“ သခင်ငယ်က တကယ်ပဲ ကောလဟာလတွေထဲကလို တန်ခိုးရှင်လား။ ”
ပတ်ဝန်းကျင်ရှိ အစေခံမိန်ကလေးများနှင့် အပ်ချုပ်ပညာရှင်များမှာ သို့လော၊သို့လောများ ဖြစ်လာကုန်တော့၏။
နတ်နဂါးမြို့တော် ကူအိမ်တော်၏ သခင်ငယ်သည် အင်မော်တယ်တစ်ပါးကဲ့သို့ အစွမ်းထက်သည်ဟု သတင်းကြီးစဉ် သူတို့ မယုံခဲ့ချေ။
ယခုမူ လူတစ်ယောက်လုံး သူမတို့ရှေ့မှ ရုတ်ချည်းပျောက်ကွယ်ခဲ့ခြင်း ဖြစ်သောကြောင့် လူတိုင်းမျက်လုံးပြူးကုန်သည်။
ချက်ချင်းဆိုသလို ဆူညံပွက်လောရိုက်သွားသော အသံများသည် ချင်းဖန်ကို ခေါင်းကုပ်မိစေ၏။ ဤအသံများမှာ အမျိုးသမီးတစ်ဦးဖြစ်သည့် မင်ယွဲ့ကိုပင်လျှင် နားထဲတဝီဝီမြည်နေသကဲ့သို့ ခံစားရသည်။
သူမသည် လင်းရင်တောင်တွင် ကြီးပြင်းလာသူဖြစ်သောကြောင့် ဆိတ်ငြိမ်သော ပတ်ဝန်းကျင်ကိုနှစ်သက်သူဖြစ်၏။ ယခုကဲ့သို့ ရှုပ်ထွေးဆူညံလွန်းသော မြင်ကွင်းမျိုးသည် သူမကို မျက်မှောင်ကြုတ်မိစေသည်။
ထိုအချိန်တွင် ဆူညံသံများနှင့် အဝေးတစ်နေရာ၌ ကူချန်သည်အိပ်ရာရှေ့တွင် တွေဝေစွာရပ်တန့်နေ၏။
သူ့ရှေ့အိပ်ရာပေါ်တွင် အင်္ကျီအနီကြီးကို ဖြန့်ခင်းထားကာ မျက်ဝန်းများထဲရှုပ်ထွေးသော အရိပ်အယောင်များ ပေါ်လွင်နေခဲ့သည်။
“ ငါ ... တကယ်ပဲ လက်ထပ်တော့မှာလား။ ”
ဤဘဝသို့ လူဝင်စားပြီးနောက် သူ့မူလရည်မှန်းချက်ကို ရုတ်တရက် ပြန်လည် သတိရလာကာ ရှုပ်ထွေးနေခြင်းပေပင်။ ထိုစဉ်ကနှင့် လက်ရှိအခြေအနေသည် များစွာကွာခြားနေချေပြီ။
“ တကယ်တော့ ... လူဆိုတာ သစ်ပင်တစ်ပင်မှမဟုတ်တာ နှလုံးသားရှိတာပဲ ဒါကြောင့် ခံစားချက်ကင်းမဲ့နေတာက သဘာဝမဟုတ်ပါဘူး။ ”
တစ်ယောက်တည်း စကားများရေရွတ်ပြီး အချိန်အတော်ကြာသည်အထိ ဘဝတလျှောက် ဖြတ်သန်းခဲ့သည့် အကြောင်းအရာများအပေါ် ပြန်လည် မြင်ယောင်နေမိသည်။
ဤကမ္ဘာသို့ သူရောက်ရှိလာချိန်တွင် ကျင့်ကြံခြင်းလမ်းကိုသိရှိလာခဲ့ပြီး ထိုလမ်းတွင် သူ့ကိုယ်သူမြှုပ်နှံထားရန် ဆုံးဖြတ်ခဲ့၏။
ယခင်ဘဝတွင် မလုပ်ဖူးသည်များကို လုပ်ကြည့်ချင်ပြီး ယခင်ဘဝမမြင်ဖူးသည်များကို မြင်ကြည့်ချင်သည်။
ကမ္ဘာကြီးသည် ကျယ်ပြောလွန်းသဖြင့် ထိုဆန္ဒများပြည့်ဝနိုင်စေရန် ထာဝရအသက်ကို လိုအပ်ချေ၏။ ကျင့်ကြံခြင်းလမ်းစဉ်သည် လူတစ်ဦးကို ထာဝရအသက်ရှင်စေသည်။
တစ်ဖက်တွင် သူ၏ထူးခြားသော ကံကြမ္မာကြောင့် အခြားသူများထက် ဆယ်ဆမျှ သာလွန်သောသက်တမ်းကို ပိုင်ဆိုင်ထား၏။
ထို့ကြောင့် သူ့မိသားစုဝင်များနှင့် ရင်းနှီးသူများမှလွဲ၍ လူတိုင်းကိုတတ်နိုင်သမျှ ရှောင်ကြဉ်နေမိခဲ့သည်။
အဘယ့်ကြောင့်ဆိုသော် တစ်နေ့တွင် ထိုသူများသည် တစ်ယောက်ပြီးတစ်ယောက် သူ့ကို ထားသွားကြမည်ဖြစ်၏။ ထိုအချိန်တွင် သူသာလျှင် ခံစားရပေမည်။
ယင်းကြောင့် ထိုခံစားချက်များကို ကြိုတင်ရှောင်လွှဲနိုင်ရန် လူတိုင်းနှင့်ဝေးရာသို့ ရောက်ရှိလာခြင်းဖြစ်၏။
သို့သော် တစ်ဖက်တွင် ထာဝရ အသက်ရှင်ခြင်းဟူသည် အထီးကျန်မှုလမ်းစဉ် တစ်ခုဖြစ်ကြောင်းလည်း သတိရလာပြန်သည်။
ဤသည်မှာ ညပေါင်းများစွာ သူ့ကိုယ်သူ ပြန်လည်မေးခွန်းထုတ်နေခဲ့ရသော အချင်းအရာ ပေပင်။ သူ့ပန်းတိုင်သည် ဝေဝါးပြီး ခိုင်မာခြင်း ကင်းနေတော့၏။ ယင်းကြောင့် ကိစ္စကြီးတစ်ခု ကြုံရတိုင်း သူ့ရင်ထဲတွင် ရင်ဆိုင်မည်လော၊ ရှောင်လွှဲမည်လော ဒွိဟများရှိလာနေသည်။
ဤကမ္ဘာကြီးသည် ချစ်စရာကောင်းလှပြီး အဝေးတစ်နေရာ၌ တစ်စုံတစ်ဦးကိုစောင့်ဆိုင်း နေသည့် လှပဆန်းပြားလွန်းသည့်အရာများ အမြောက်အမြား ရှိနေသည်။
ဥပမာအားဖြင့် ရွှမ်လင်ကုန်းမြေ တစ်ခုတည်း၌ပင် နိုင်ငံပေါင်းသောင်းချီရှိသည်။ ဤရွှမ်လင်ကုန်းမြေကြီးကဲ့သို့သော အခြား ကုန်းမြေကြီးပေါင်း ရာနှင့်ချီရှိနေသေး၏။
ထို့ထက်မက ဝေးကွာသော အရပ်များတွင်လည်း အဆုံးမရှိကျယ်ပြောသည့် ကုန်းမြေကြီးများလည်း ရှိနေနိုင်သေးသည်။
ဤဘဝတွင် အဆိုပါကုန်မြေကြီးများ၏ အဆုံးကိုမြင်လို၏။ ကောင်းကင်ကြီးအထက်ကို စူးစမ်းလို၏။ သူ မသိသေးသောအရာများသည် ကမ္ဘာကြီးအတွင်း ပြည့်နှက်နေသည်။
သည့်အတွက် အသက်ရှည်ရှည် နေထိုင်နိုင်မှသာလျှင် အဆိုပါအရာအားလုံးကို မြင်တွေ့ခွင့်ရရှိမည်ဖြစ်၏။
ကမ္ဘာပေါ်ရှိ အသိဉာဏ်ရှိသော သက်ရှိအားလုံးသည် အသက်ရှင်လိုကြသည်။ လမ်းဘေးမှ သူဖုန်းစားပင်လျှင် အရာခပ်သိမ်း ဆုံးရှုံးနေသော်မှ ရှင်သန်လိုစိတ်ရှိနေ၏။
“ ငါက တကယ်ပဲ ... ဒီဘဝမှာ ထာဝရရှင်သန်ခြင်းကို ရှာဖွေနေတာလား ဒါမှမဟုတ် ... ။ ”
ရုတ်တရက် ဤမေးခွန်းသည် သူ့ကို တိတ်ဆိတ်သွားစေ၏။ ထာဝရရှင်သန်ခြင်းသည် စစ်မှန်သော ရည်ရွယ်ချက် ဟုတ်ပုံမရချေ။
“ ငါ့ရဲ့ထာဝရရှင်သန်ခြင်း လမ်းခရီးမှာ ကြုံတွေ့ရမယ့် အရာခပ်သိမ်းကို ရှာဖွေလို နေတာလား။ ”
ဤတစ်ကြိမ်တွင် သူ့နှလုံးသားသည် အနည်းငယ်လှုပ်ခတ်လာ၏။ ဆိုလိုသည်မှာ ထာဝရရှင်သန်ခြင်းလမ်းတွင် တွေ့ကြုံရမည့် အရာများသည်သာ သူ့ရည်ရွယ်ချက်ပေပင်။
ဤမတိုင်မီ တာအိုချင်းရှပြောခဲ့ဖူးသော စကားများကို ပြန်လည်ကြားယောင်လာ၏။ အကယ်၍သာ ယနေ့လက်လွတ်လိုက်ရသော် အနာဂါတ်တွင် သူ နောင်တရမည်လော။
သေချာသည်မှာ ဤလောကတွင် နောင်တမရဖူးသော လူသားဟူ၍ မည်သူမျှ မရှိချေ။ သူသည်လည်း သေချာပေါက် တစ်နေ့နေ့တွင် နောင်တရနိုင်၏။
ထိုသို့အမှန်တကယ်ပင် နောင်တရသော် အနာဂတ်အတွက် မည်သည့်အချင်းအရာများကို တွေးတောကာ ကြောက်နေရမည်နည်း။
သာမန်လူသားတစ်ယောက်ပင်လျှင် သူ့သက်တမ်းဆယ်စုနှစ် အနည်းငယ်အတွင်း နောင်တရစရာများစွာ ရှိတတ်၏။
ကျင့်ကြံသူများသည် ရှည်လျားသော သက်တမ်းပိုင်ဆိုင်သည်။ ထိုသက်တမ်းအတွင်း ပို၍ပင် နောက်တရစရာများ များပြားနေမည်။
ယင်းသည် ထိုနောင်တများက ကျင့်ကြံသူများအတွက် နှလုံးသားနတ်ဆိုးများ ဖြစ်လာစေနိုင်၏။
လှိုင်းတံပိုးများကဲ့သို့ ရုန်းကြွနေသော အတွေးများကြား မေးခွန်းများအပြန်အလှန် ထုတ်ယူလျက် သူ့ဆုံးဖြတ်ချက်ကို ပို၍ ခိုင်မာလာစေတော့သည်။
အနာဂတ်အတွက် နောင်တသည် အနာဂတ်အတွက်သာ ဖြစ်၏။ လက်ရှိကိစ္စသည် လက်ရှိဖြေရှင်းရန်အတွက်သာပေပင်။
ယနေ့ သူလုပ်ဆောင်ရမည်မှာ အနာဂတ်တွင် ဤကိစ္စအပေါ် နောင်တတစ်ခု မရစေရန်ဖြစ်၏။
“ ဖရူး ... ။ ”
အတွေးများ ရှင်းလင်းသွားပြီးနောက် အိပ်ရာပေါ်ရှိ မင်္ဂလာဝတ်စုံကိုဆွဲယူလိုက်ကာ လှည့်ဝတ်ကြည့်လိုက်တော့သည်။
“ ဟမ့် ... ။ ”
ထိုခဏတွင် ကူချန်ပုံရိပ်သည် အိပ်ယာဘေးမှ ပျောက်ကွယ်သွားကာ ခန်းမ အတွင်းသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
ခန်းမအတွင်း စောင့်ဆိုင်းနေကြသူများ အားလုံး လန့်နိုးသွားကြပြီး လှည့်ကြည့်လာကြ တော့၏။
“ ဒါ ... ။ ”
ဤတစ်ကြိမ်တွင် ကူချန်သည် တာအိုဝတ်ရုံအစား အနီရောင်မင်္ဂလာဝတ်စုံဖြင့် သူတို့အားလုံးရှေ့တွင် ရပ်နေချေ၏။
“ ဘယ်လောက် ရူးသွပ်ချင်စရာ ကောင်းလိုက်လဲ။ ”
“ အဲဒီမိန်းကလေးမု အရမ်းကံကောင်းတယ်။ ”
“ အရမ်းချောတယ် ... ။ ”
အစေခံမိန်ကလေးများခမျာ ကူချန် အသွင်အပြင်ကြောင့် ငေးမောနေခဲ့ကြပြီး သူတို့ မမြင်ဖူးသေးသော မိန်းကလေးမုကို မနာလို ဝန်တိုစိတ်များ ဖြစ်ပေါ်လာကုန်သည်။
တာအိုချင်းရှနှင့် ချင်းဖန်သည်လည်း ခဏမျှမှင်သပ်သွား၏။ သူတို့မှတ်ဉာဏ်ထဲတွင် ကူချန်သည် အမြဲတမ်းတာအိုဘုန်းကြီးပေပင်။
ယခုကဲ့သို့ မြင်ရသောအခါတွင် လူသစ်တစ်ယောက်ကို မြင်လိုက်ရသည့်အလား ပြောမပြတတ်အောင် ခံစားလာရချေပြီ။
အချိန်အတော်ကြာသည်အထိ လူတိုင်း ငေးမောနေပြီးနောက် တာအိုချင်းရှတစ်ယောက် ဦးစွာသတိဝင်လာကာ ရွှင်မြူးသောအကြည့်ဖြင့် ကူချန်အနား လျှောက်လှမ်းသွားတော့သည်။
“ ချန် ... မင်း တကယ်မဆိုးဘူး၊ အခုလို အဝတ်အစားလဲလိုက်တော့မှ ... မင်းကလူနဲ့ ပိုတူသွားတယ်။ ”
***
အခန်း ၂၀၀ -
လက်ထပ်ပွဲ ... ။
တာအိုချင်းရှ ရည်ညွှန်းလိုက်သည့် လူနှင့်တူလာသည်ဟုဆိုသည်မှာ ကူချန်၏ အသွင်အပြင်ကို ဆိုလိုခြင်းဖြစ်သည်။
ယခင်က ကူချန်သည် တာအိုဝတ်ရုံကို အမြဲဝတ်ဆင်ထားသဖြင့် လောကီလူသားနှင့် မတူဘဲ လွန်စွာမွန်မြတ်သည့် အသွင်အပြင်မျိုး ရှိနေခဲ့ချေပြီ။
ယခုမူ ဤမင်္ဂလာဝတ်စုံနီကြီးသည် သူ့ကိုလောကီလူသား တစ်ယောက်ကဲ့သို့ပင် ပြန်လည်ခံစားလာရစေသည်။
လောကီအတွင်း လှည့်လည်နေသည့် အိမ်ရှေ့မင်းသားငယ် တစ်ပါးအလား လူအများ ငေးမောကြည့်ရှုရလောက်အောင် တောက်ပ လွန်းနေခဲ့၏။
“ ဘယ်လိုလဲ ... ။ ”
ကူချန်က သူ့လက်မောင်းများကို ဆန့်တန်းကာ ဝတ်ရုံလက်ပွပွကြီးများအား ဝှေ့ရမ်းပြလျက် အဝတ်အစားနှင့် ပတ်သက်၍ ချင်းဖန်နှင့် မင်ယွဲ့ထံ မေးမြန်းလိုက်သည်။
ချင်းဖန်တစ်ယောက် ကူချန်ကို မနာလိုဝန်တိုစိတ်ဖြင့် ငေးကြည့်နေပြီးနောက်၊
“ စီနီယာအစ်ကို ... မင်းဘာဝတ်ဝတ် ဘာလို့ဒီလောက်တောင် ကြည့်ကောင်းရတာလဲ ငါလည်းချောပေမယ့် စီနီယာအစ်ကိုနဲ့ယှဉ်ရင် လုံးဝကို အရိပ်ထဲရောက်သွားသလိုပဲ။ ”
-ဟု ဝမ်းနည်းလေသံဖြင့် ပြောကြားလိုက်သည်။ ထိုစကားကြောင့် ကူချန်သည် သူ့ထံမှအကြည့်များရုတ်သိမ်းကာ မင်ယွဲ့ကိုကြည့်ပြီး၊
“ မင်ယွဲ့ ... မင်းကော ဘယ်လိုထင်လဲ။ ”
-ဟု လှည့်မေးလိုက်၏။
မင်ယွဲ့တစ်ယောက် မှင်သပ်နေရာမှ ချက်ချင်းသတိဝင်လာပြီး မျက်နှာနီမြန်းကာ၊
“ အရမ်း ကြည့်ကောင်းတယ်။ ”
-ဟု တိုးတိုးလေး ဖြေကြားလာခဲ့သည်။ တစ်ဖက်တွင် တာအိုချင်းရှသည် ကူချန်၏ အသွင်အပေါ် သည်းမခံနိုင်တော့ဘဲ၊
“ ချန် ... မင်းဒီလိုတွေမေးပြီး ငါတို့ကို နှိပ်စက်နေစရာမလိုပါဘူး ... ဟိုမှာရပ်နေတဲ့ မိန်းကလေးတွေ မျက်နှာကိုသာ ကြည့်လိုက် ဘယ်သူမဆို မီးတောက်လောင်နေတဲ့ မျက်နှာမျိုးနဲ့ နီရဲနေတာပဲ။ ”
-ဟု ပြောကြားလိုက်လေသည်။
သူ့စကားကြောင့် ခန်းမအတွင်းရှိ အစေခံမိန်းကလေးများသည် ခေါင်းလေးများ ငုံ့သွားကြတော့၏။
အပ်ချုပ်ပညာရှင်များသည်လည်း ပြုံးစိစိအကြည့်များဖြင့် မိန်းကလေးများထံ ကြည့်ရှုလာကြလေသည်။
ထိုမိန်းကလေးများ မျက်ဝန်းများတွင် စွဲလမ်းရိပ်များယှက်သန်းနေခဲ့ပြီး တာအိုချင်းရှ စကားအပေါ် ငြင်းဆန်ဝံ့ခြင်းမရှိကြချေ။ လူတိုင်း ရှက်သွေးဖြာနေတော့၏။
တစ်ချိန်တည်းမှာပင် မုအိမ်တော်၌ မုဝေးသည်လည်း ရှောင်ယွင်၏ကူညီပေးမှုဖြင့် အနီရောင်ဝတ်စုံကို လဲလှယ်ဝတ်ဆင်ထားပြီး သူမကိုယ်သူမ မှန်ထဲပြန်ကြည့်နေခဲ့သည်။
“ ရှောင်ယွင် ... ။ ”
ရတ်တရက် ခေါ်သံကြောင့် သူမအတွက် ဆံထိုးများကိုရွေးချယ်ပေးနေသည့် အစေခံက လှည့်ကြည့်ကာ၊
“ ဘာဖြစ်လို့လဲ အစ်မမု။ ”
-ဟု မေးမြန်းလေသည်။
မုဝေက စကားချက်ချင်းမဆိုချေ။ ကြေးမှန်ထဲရှိ လှပသော မိန်းမပျိုလေးထံသို့ ငေးကြည့်နေခဲ့သည်။
အနီရောင်ဝတ်စုံကို ဆင်မြန်းထားပြီး နှင်းပွင့်ကဲ့သို့ဖြူစင်သော မျက်နှာလေးသည် ပန်းချီကားတစ်ချပ်ကဲ့သို့ လှပနေသည်။
ဆံနွယ်များကို လှပစွာ ထုံးဖွဲ့ထားပြီး ရွှေရောင်ဖီးနစ်ဆံထိုးသည် ထိုဆံထုံးကြားတွင် လိုက်ဖက်ညီစွာ တည်ရှိ၏။
“ ငါ အခု အိပ်မက်မက်နေသလို ခံစားနေရတယ်။ ”
မုဝေက ဝေခွဲမရစွာ ဖြစ်နေတော့သည်။ ရှောင်ယွင်မှ မျက်တောင် တဖျတ်ဖျတ်ခတ်ကာ၊
“ ဒါဆိုရင် ရှောင်ယွင်က အစ်မမုကို တစ်ချက်လောက် ဆွဲဆိတ်ကြည့်ရမလား။ ”
-ဟု ပြန်လည်အကြံပြု၏။
“ ဟမ့် ... မင်းကိုယ်မင်းပဲ အရင် ဆွဲဆိတ်ကြည့်လိုက် ... မင်းသာနာကျင်သွားရင် ဒါ အိပ်မက်မဟုတ်ဘူးဆိုတာ သေချာတယ်။ ”
“ ခစ်ခစ်ခစ် ... အစ်မမု ... ဆွဲဆိတ်စရာ မလိုပါဘူး ... ဒါ အိပ်မက်မက်နေတာမဟုတ်ဘူး အခုတစ်မြို့လုံး အစ်မမုနဲ့တာအိုဘုန်းကြီးလေး လက်ထပ်တော့မှာကို သိနေကြပြီ ... ။ ”
စကားပြောလျက် မုဝေ၏ဆံနွယ်ကြားသို့ ဆံထိုးတစ်ချောင်းကို ဖွဖွလေးထိုးစိုက်ပေးလိုက် လေသည်။ မုဝေက အနီရောင်ဝတ်စုံဖြင့် မင်္ဂလာ သူတို့သမီးလေးထံသို့ စိုက်ကြည့်ကာ ချက်ချင်း ရှက်သွေးဖြာလာပြီး ခေါင်းလေးငုံ့လိုက်၏။
ဆံထိုးကိုနေရာချပေးနေသော ရှောင်ယွင်ကမှန်ထဲ လှမ်းကြည့်လိုက်ကာ၊
“ အစ်မမု ဘာလို့ခေါင်းငုံ့နေတာလဲ၊ ဒီကိုမော့ကြည့်ပါဦး ... ရှက်စရာမှ မဟုတ်တာ။ ”
- ဟု ကျယ်လောင်စွာ ပြောကြားလေသည်။
“ ရှောင်ယွင် ... ။ ”
မုဝေက ခေါင်းပြန်မော့လာပြီး နာမည်ခေါ်လိုက်သည်။ ရုတ်တရက်ဖြစ်သဖြင့် ရှောင်ယွင်မှ နားမလည်နိုင်ဘဲ မှန်ထဲကြည့်ကာ၊
“ အစ်မမု ပြောပါ။ ” -ဟု ထူးလိုက်၏။
မုဝေက မှန်ထဲသို့ စိုက်ကြည့်လျက် မျက်ဝန်းများတုန်ရီလာကာ ဝေခွဲမရနိုင်သည့် လေသံမျိုးဖြင့်၊
“ သူ ... သူ တကယ် ငါ့ကိုချစ်ရဲ့လား။ ”
-ဟု မေးမြန်းလာသည်။
“ ဟမ့် ... ချစ်တာပေါ့ ... မချစ်ဘဲ ဘယ်နေပါ့မလဲ အစ်မမုက လှလည်းလှတယ် သဘောလည်းကောင်းတယ် အရည်အချင်း ရှိတယ် ဒါဆိုဘယ်သူက မချစ်ဘဲနေမှာလဲ ...
... ပြီးတော့... တာအိုဘုန်းကြီးလေးကသာ မချစ်ဘူးဆိုရင် ဘယ်သူက သူ့ကိုအတင်းအကျပ် လက်ထပ်ခိုင်းနိုင်မှာလဲ ... အစ်မမုသိတယ် မဟုတ်လား ... တာအိုဘုန်းကြီးလေးက ...
... အနေအေးပေမယ့် စကားပြောရင် လေးလေးနက်နက်ပြောတတ်တယ် စကားကို ပြန်မပြင်တတ်ဘူး အစ်မမု စိတ်အေးအေးနဲ့ မင်္ဂလာဆောင်ဖို့သာ ပြင်ဆင်ထားစမ်းပါ။ ”
ရှောင်ယွင်က တုံ့ဆိုင်းခြင်းမရှိဘဲ စကားအများကြီး ချက်ချင်းပြန်ဖြေလာတော့၏။ ထို့နောက် မျက်ဝန်းများ မှေးစင်းသွားသည်အထိ ပြုံးရယ်လိုက်လေသည်။
“ အစ်မမု ... မင်းတကယ်လှတယ်၊ မက်မွန်နတ်သမီးလေးကျနေတာပဲ။ ”
ထိုစကားကြောင့် မုဝေတစ်ယောက် စိတ်လှုပ်ရှားမှုများနှင့် မျှော်လင့်ချက်များသည်ပါ ရောပြွမ်းနေတော့၏။
***
ဤနေ့သည် နတ်နဂါးမြို့တော်တွင် အလွန်ပင် စည်ကားနေတော့၏။ လမ်းမတိုင်း၌ အနီရောင်ပိတ်စများကို ချိတ်ဆွဲထားကြပြီး ကူအိမ်တော်၏ ရတနာရထားလုံးများသည် မြို့တော်အနှံ့ လှည့်လည်နေခဲ့သည်။
ရထားလုံးများပေါ်တွင် ဝါဝင်းနေသော ကြေးဒင်္ဂါးပြားများ အပြည့်ထည့်ထားကြသည့် ခြင်းတောင်းကြီးများ ပါရှိနေ၏။
“ ဒီနေ့က ငါတို့သခင်ငယ်နဲ့ မုအိမ်တော် သခင်မလေးတို့ရဲ့ ... မင်္ဂလာရက်မြက်ဖြစ်တာမို့ လူတိုင်း အတူတူဆင်နွှဲကြရအောင်။ ”
“ ဗုံ ... ။ ”
ထို့နောက် အစေခံများသည် ကျယ်လောင်စွာ အော်ဟစ်သံများနှင့်အတူ ကြေးဒင်္ဂါးများကို လမ်းဘေးဝဲယာသို့ ကျဲချပေးလိုက်တော့သည်။
“ ဟေး ... ။ ”
မြို့သူမြို့သားများသည် ဝမ်းသာအားရဖြင့် မြေပေါ်ပြုတ်ကျလာသော ကြေးဒင်္ဂါးပြားများကို လုယက်ကောက်ယူ လိုက်ကြတော့သည်။
“ ဖလော ... ။ ”
“ ချွင် ... ချွင် ... ချွင် ... ။ ”
နောက်ထပ် ကြေးပြားစေ့များ အမြောက်အမြား မြေပေါ်သို့ ကျလာပြန်သည်။ လူအုပ်ကြီးမှာ များစွာပြည့်လျှံလာပြီး မြေပြင်မှ ကောက်ယူလိုက်ကြတော့၏။
“ သခင်ငယ်နဲ့ မိန်းကလေးမုတို့ ရာသက်ပန်ပေါင်းဖက်နိုင်ပါစေ ... သားသမီး ရတနာတွေ များများရပါစေ။ ”
လူအုပ်ထဲမှ တစ်စုံတစ်ယောက်က အရွှမ်းဖောက်ကာ အော်ဟစ်လိုက်လေသည်။ ထိုအသံကြောင့် အစေခံမှာ ဝမ်းသာအားရ ဖြစ်လာပြီး ထိုလူရှိရာဘက်သို့ ကြေးဒင်္ဂါးများ အဆုပ်လိုက် ကြဲချပေးလိုက်တော့၏။
“ ဟားဟားဟား မင်းပါးစပ်က မင်္ဂလာရှိတယ် ရော့ ... ။ ”
“ ဖရော ... ။ ”
“ ချွင် ချွင် ချွင် ... ။ ”
“ ဟေး ... ။ ”
“ သခင်ငယ်နဲ့ သခင်မလေး ရိုးမြေကျပေါင်းဖက်နိုင်ပါစေ။ ”
“ ဖရော ... ။ ”
“ ဟား ဟား ဟား ... ။ ”
“ ချွင် ချွင် ချွင် ... ။ ”
နေရာအနှံ့အပြားရှိ ရတနာရထားလုံးများ ရှေ့တွင် ဆုတောင်းသံများသည် မိုးလုံးညံနေခဲ့ တော့သည်။
“ ဒီနေ့ သခင်ငယ်ရဲ့ မင်္ဂလာပွဲဖြစ်လို့ ငါတို့ဆိုင်က ဆန်တွေအားလုံးကို(၂၀)ရာခိုင်နှုန်း လျှော့စျေးနဲ့ ရောင်းပေးပါ့မယ် ဘယ်သူမဆို လာရောက်ဝယ်ယူနိုင်ပါပြီ။ ”
ထိုမြင်ကွင်းကြောင့် လမ်းဘေး ဆန်ဆိုင်တစ်ဆိုင်မှ အလုပ်သမားတစ်ဦးသည် ဆိုင်းဘုတ်တစ်ခုကို လာရောက်ချိတ်ဆွဲသွားကာ ချက်ချင်းအော်ဟစ်လာခဲ့၏။
“ ဟေး ... ။ ”
“ ပိုက်ဆံတွေ မြန်မြန်ကောက်ကြဟေ့ ... အဲဒီဆန်ဆိုင်ကို ငါတို့တွေသိမ်းယူရအောင် ... ။ ”
“ ဟားဟားဟား ... ။ ”
လမ်းသွားလမ်းလာများသည် ဝမ်းသာအားရဖြင့် ဆန်ဆိုင်ထဲတိုးဝှေ့ဝင်ရောက် ကုန်ကြတော့သည်။
သူ့မျက်နှာချင်းဆိုင်ရှိ အထည်ဆိုင်မှလည်း ထိုမြင်ကွင်းကြောင့် ဆိုင်းဘုတ်တစ်ခုကို ချိတ်ဆွဲ လိုက်ကာ၊
“ ဒီနေ့ ... ငါတို့မိန်းကလေးမုရဲ့ မင်္ဂလာပွဲဖြစ်လို့ ဆိုင်ထဲကပစ္စည်းတွေတိုင်းကို (၃၀)ရာခိုင်နှုန်းလျှော့စျေးနဲ့ ရောင်းပေးမယ် လူတိုင်းစိတ်ကြိုက်ဝယ်ယူနိုင်ပါပြီ။ ”
“ ဟေး ... ။ ”
ဤမြင်ကွင်းသည် နှစ်သစ်ကူး ပွဲတော်ကြီးထက်ပင် စည်ကားနေသေးသည်။ လူအများက ဝမ်းသာအားရဖြင့်၊
“ ဟမ့် ... ကူအိမ်တော်ကသခင်ငယ်နဲ့ မိန်းကလေးမုတို့ နေ့တိုင်းဒီလိုမင်္ဂလာဆောင်ရင် အရမ်းကောင်းမှာပဲ။ ”
-ဟုပင် အရွှန်းဖောက်လာကြတော့၏။
“ ဟမ့် ... ဘာတွေဖြစ်နေတာလဲ ... ။ ”
ထိုစဉ်ကောင်းကင်ကို ဖြတ်ပျံနေသော ပုံရိပ်(၃)ရိပ်သည် မြို့အတွင်းရှိဝရုန်းသုန်းကား ဖြစ်စဉ်များထံ ငုံ့ကြည့်လိုက်ကြ၏။
“ အရမ်း စည်းကားနေပါလား။ ”
အဖွဲ့ကိုဦးဆောင်လာသော လူငယ်က မျက်ခုံးပင့်လျက်စိတ်ဝင်စားသွားပြီး ဆက်လက် ပျံသန်းခြင်းမပြုတော့ဘဲ ကျန်နှစ်ယောက် နှင့်အတူ မြေပြင်ပေါ် ချက်ချင်းဆင်းသက် လိုက်တော့သည်။
ဤသည်မှာ ချင်းရွှမ်၊ ချူဟွာယီနှင့် ချန်ချွမ်တို့ဖြစ်ချေ၏။ ချူဟွာယီမှအံ့အားသင့်စွာ ပတ်ဝန်းကျင်ကိုဝေ့ကြည့်လိုက်ပြီးနောက်၊
“ စီနီယာအစ်ကို ... ဒီမှာ ဘာလို့ ဒီလောက်တောင် စည်ကားနေရတာလဲ။ ”
-ဟု မေးမြန်းလိုက်၏။
ချန်ချွမ်သည်လည်း ဝေခွဲမရသည့် အသွင်အပြင်ဖြင့် သူမ မေးခွန်းကိုမဖြေနိုင်ခဲ့ချေ။ ထိုစဉ်မှာပင် မြင်းရထားတစ်စီးက သူတို့ရှေ့မှ ဖြတ်သွားကာ ကြေးဒင်္ဂါးများကြဲချသွား၏။
“ ဖရော ... ။ ”
“ ချွင် ချွင် ချွင် ... ။ ”
“ ဒီနေ့ ငါတို့သခင်ငယ်နဲ့ ... မိန်းကလေးမုတို့ရဲ့ မင်္ဂလာပွဲဖြစ်လို့ တစ်မြို့လုံး အတူတူ ပျော်ရွှင်ကြရအောင်။ ”
“ ဟေး ... ။ ”
ရတနာရထားလုံးပေါ်မှ ပြုံးရွှင်နေသော အစေခံတစ်ဦး၏ ကျယ်လောင်စွာ အော်ဟစ်သံ နှင့်အတူ လူအုပ်ကြီးသည် ကြေးဒင်္ဂါးများကို အပြေးအလွှား ကောက်ယူနေတော့၏။
“ မိတ်ဆွေ ... ဒီနေ့ဘယ်သူ မင်္ဂလာဆောင်မိုလို့ ဒီလောက်အထိတောင် စည်ကားပျှော်ရွှင်နေကြတာလဲ။ ”
ချန်ချွမ်က စိတ်ဝင်စားစွာဖြင့် အနားတွင် ကြေးဒင်္ဂါးကောက်နေသော အဘိုးအိုတစ်ဦးကို ဆွဲယူကာ မေးမြန်းလိုက်သည်။
“ ဟမ့် ... ခေတ်လူငယ်တွေများ ရိုသေသမှုလုံးဝမရှိကြတော့ဘူး မင်းရဲ့အသက် အရွယ်အရဆိုရင် မင်း ငါ့ကိုစီနီယာလို့ ခေါ်သင့်တယ်။ ”
အဖိုးအိုမှ မကျေမနပ်ဖြင့် ခေါင်းမော့ ကြည့်လာ၏။ သို့သော် ချန်ချွမ်၏ရောင်ဝါအရ သာမန်လူတစ်ဦး မဟုတ်ကြောင်း သိရှိသွားပြီး ချက်ချင်း ပြုံးပြလျက် ပြန်ဖြေတော့သည်။
“ ဒီနေ့က ငါတို့နတ်နဂါးမြို့တော်က သခင်ငယ်ရဲ့မင်္ဂလာပွဲပဲ ငါတို့သခင်ငယ်ကိုရော သိလား ... ကြည့်ရတာ မင်းတို့က ခရီးသွားတွေ ထင်တယ် ... ငါတို့သခင်ငယ်ဆိုတာ ကူအိမ်တော်ရဲ့သားကြီးပဲ ...
... ဒီနှစ်တွေ တလျှောက်လုံး လင်းရင်တောင်ပေါ်မှာ ကျင့်ကြံနေတာ အရမ်း အစွမ်းထက်တယ် ... ။ ”
“ ကူအိမ်တော်က သခင်ငယ်လား။ ”
“ သူက လင်းရင်တောင်က တာအိုဘုန်းကြီးလေးလား။ ”
“ ဒါက တာအိုချန်ရှန့်လား။ ”
အမျိုးသမီးနှစ်ယောက်နှင့် ချန်ချွမ်ခမျာ တစ်ယောက်ကိုတစ်ယောက် ပြန်ကြည့်လိုက်ပြီး မှင်သပ်ကုန်ကြလေသည်။ ထိုစဉ်အဝေးထံပါးမှ ဆူညံသံများထွက်ပေါ်လာပြီး လူအများတို့သည် စိတ်လှုပ်ရှားစွာ ဘေးသို့ရှဲပေးကုန်တော့၏။
“ သခင်ငယ်လာနေပြီ ... ဘေးဖယ်ကြပါ၊ သခင်ငယ်နဲ့မိန်းကလေးမု ရိုးမြေကျ ပေါင်းသင်း နိုင်ကြပါစေ။ ”
***