အခန်း (၂၀၁-၂၀၂)
Vol. 17 Ch. 201-202
အခန်း ၂၀၁ -
မင်းတို့ဘယ်တော့ ကလေးယူမှာလဲ။
ခဏအတွင်းမှာပင် ဆူညံသံများနှင့်အတူ လမ်းဘေးဝဲယာတွင် လူအုပ်ကြီးပြိုကျလာ၏။ လူတိုင်းသည် ကူအိမ်တော်၏ ဒဏ္ဍာရီလာ သခင်ငယ်ကို ကြည့်ရှုရန် တိုးဝှေ့လာကြသည်။
အချို့သော စျေးသည်များသည် ဆိုင်ရှိဧည့်သည်များကိုထားရစ်ကာ ပြေးထွက် သွားသည်။
ထိုဧည့်သည်များသည်လည်း ရုတ်ချည်းဖြစ်သောကြောင့် ကြောင်အမ်းအမ်း ဖြစ်နေခဲ့ရသော်လည်း ချက်ချင်းသတိဝင်ကာ လိုက်ပါပြေးထွက်လာကြပြန်သည်။
စက္ကန့်အနည်းငယ်အတွင်းမှာပင် လမ်းမထက်၌လူအများဖြင့် ပြည့်နှက်သွားပြီး လမ်းပိတ်သွားတော့၏။
“ ဝှစ် ... ။ ”
ချန်ချွမ်တို့ခမျာ လူအုပ်ကြီး၏ တိုးဝှေ့မှုကြောင့် ယိမ်းယိုင်သွားသဖြင့် အမြန်ပင် အိမ်ခေါင်မိုးတစ်ခုပေါ်သို့ ပျံတက်၍ အပေါ်စီးမှ ကြည့်လိုက်ရသည်။
မြင်ကွင်းတဆုံး အနီရောင်ပိတ်စများ ပြည့်နှက်နေပြီး မင်္ဂလာတော်ကျက်သရေများ ဖြာထွက်နေ၏။ များပြားလှသော လူအုပ်ကြီးမှာ လမ်းဘေးဝဲယာတွင်ပိတ်ဆို့နေပြီး အလယ်တွင် ရထားလုံးတစ်စီးစာသာ ချန်ထားကြသည်။
လူပေါင်း ရာချီပါဝင်သော စီတန်းလှည့်လည်မှုအဖွဲ့ကြီးမှာ အဝေးမှ ဖြည်းညှင်းစွာ ချဉ်းကပ်လာနေ၏။
လမ်းဘေးဝဲယာရှိ လူအများမှာ စိတ်လှုပ်ရှားစွာဖြင့် ခေါင်းလေးများ ပြူးကြည့် စောင့်ဆိုင်းနေကြသည်။
သူတို့ထဲမှ အများစုသည် ကူအိမ်တော်သခင်ငယ်၏ ကျော်ကြားမှုများနှင့် ရင်းနှီးနေသော်လည်း လွန်ခဲ့သော ဆယ်စုနှစ် တစ်ခုကျော်အချိန်ကိုသာ မှတ်မိနေခဲ့၏။
ကျင့်ကြံသူများအကြား သတင်း အချက်အလက်စီးဆင်းမှုနှင့် အချိန်ကာလသည် မြန်ဆန်လွန်းလှပြီး သာမန်လူများအတွက်မူ နှေးကွေးလေးလံကြသည်။
သူတို့သက်တမ်းတလျှောက် အမှတ်တရများသည် ကြာရှည်စွာမခံကြချေ။ ထို့ကြောင့် တစ်စုံတစ်ဦးသည် လူမြင်ကွင်းမှ ဆယ်စုနှစ်တစ်ခုကြာ ပျောက်ကွယ်ပြီးနောက် မေ့လျော့တတ်ကြသည်မှာ သဘာဝပေပင်။
“ ဟမ့် ... ဒါသခင်ငယ်လား ... အောင်မယ်လေး ... အရမ်းချောလိုက်တာ မျက်နှာလေးများ နုပျိုနေလိုက်တာ။ ”
“ ဘယ်လောက် ကြည့်လင်လိုက်တဲ့ အသားအရေမျိုးလဲ နွေဦးစမ်းရေတောင်မှ လိုက်မမီဘူး ...
... ငါ့မှတ်ဉာဏ်သာ မမှားဘူးဆိုရင် သခင်ငယ်အသက် (၂၅/၂၆)လောက်ရှိသင့်နေပြီ ဒါပေမယ့်ကြည့်ရတာ အသက် (၁၈)အရွယ် လူငယ်လေးတစ်ယောက်လိုပဲ။ ”
“ သခင်ငယ် သိပ်ချောတာပဲ ... ။ ”
“ သခင်ငယ်က အမြဲတမ်း လင်းရင်ဘုံကျောင်းမှာ ကျင့်ကြံနေတာလို့ ငါကြားတယ် ... မြို့တော်ကမိန်းကလေးတွေ နေ့တိုင်းကုသိုလ်ရအောင်အတွက် ...
... အဲဒီဘုံကျောင်းကိုသွားပြီး ... တာအိုဘုန်းကြီးလေးတစ်ပါးကို ကြည့်ရှုနေတာ သတိထားမိတယ် ဒါပေမယ့် ဒီလောက် ချောလိမ့်မယ်လို့ မထင်ထားဘူး ... ။ ”
“ နှမျောလိုက်တာ ... ငါသာ အနှစ်(၃၀)ဆယ်လောက် ပြန်ငယ်သွားရင် သခင်ငယ်ကို လုယူမိမှာသေချာတယ်။ ”
“ အဘွား ... အဲဒီလောက်ကြီးလည်း မလုပ်နဲ့လေ ... ဒီမှာအဘွားရဲ့မြေးလေးတွေကို ဆယ်နှစ်လောက် ကြိုပြီးမွေးခဲ့သင့်တယ် ... ခုတော့ နောက်ကျသွားပြီ။ ”
“ အဲ ... ကလေးမ ... ညည်းအသက်က ခုမှ(၁၃)နှစ်ပဲ ရှိသေးတာမဟုတ်လား ... ဘာလို့ လူကြီးတွေနဲ့ ပြိုင်လုချင်နေတာလဲ။ ”
“ ဟမ့် ... အဘွားအသက်လည်း (၅၀)ကျော်နေပြီ ဘာလို့ကလေးတွေဆီကနေ မုန့်ကိုလုစားချင်နေရတာလဲ။ ”
“ တော်ကြပါတော့ ... ဒါက အဘွားလေးအတွက်ရော ကလေးအတွက်ရော မဟုတ်ဘူး ... မမလေးတွေအတွက်ပါ ဟားဟားဟား ... ။ ”
“ ဟဲ့အကောင် ... နင်မျက်နှာကြီး နောက်ဆုတ်နေစမ်း မင်္ဂလာယူနေတဲ့အချိန် ရွံ့စရာကောင်းတယ် ... ။ ”
“ ငါတော့ နောင်တရလို့ မဆုံးတော့ဘူး။ ”
အဝေးမှ စီတန်းလှည့်လည်မှုအဖွဲ့မှာ ဖြည်းဖြည်းချင်း ရောက်ရှိလာသည်။ အဖွဲ့၏ အရှေ့ဆုံးတွင် မြင်းဖြူကြီးတစ်ကောင်က ဦးဆောင်လာ၏။
ထိုမြင်းဖြူကြီးပေါ်တွင် အနီရောင်ဝတ်ရုံဆင်မြန်းထားသော လူငယ် တစ်ဦးလိုက်ပါလာသည်။
နှုတ်ခမ်းပေါ်တွင် အပြုံးတစ်ပွင့် တင်ထားကာ ငှက်မွေးဦးထုပ်ကိုဆောင်းလျက် လွန်စွာခန့်ညားနေချေ၏။ လမ်းဘေးဝဲယာရှိ လူအပေါင်းတို့သည် ဝမ်းသာအားရ မင်္ဂလာ ဆုတောင်းစကားများ ပေးလိုက်ကြသည်။
“ သခင်ငယ်နဲ့ သခင်မလေး ရိုးမြေကျပေါင်းဖက်နိုင်ပါစေ။ ”
“ ဖရော ... ။ ”
“ ချွင် ... ချွင် ... ချွင် ... ။ ”
လူငယ်နောက်ပါးမှ လိုက်ပါလာသော အစေခံများမှာလည်း မင်္ဂလာလက်ဆောင်အဖြစ် ရွှေငွေဒင်္ဂါးများကို ကြဲချပေးနေခဲ့သည်။
ဤဒင်္ဂါးပြားများသည် သာမန် ကြေးဒင်္ဂါးပြားများ မဟုတ်ခဲ့ဘဲ ရွှေနှင့်ငွေကို သွန်းလုပ်ထားသဖြင့် နေရောင်ခြည်အောက်တွင် တလက်လက် တောက်ပနေတော့၏။
သူတို့သားကို မြင်သောအခါ ချန်ချွမ်တို့သိုင်းမောင်နှစ်မ သုံးယောက်လုံးသည် မှင်သပ်သွားလေသည်။ အမှန်ပင် တာအိုချန်ရှန့် ဖြစ်နေချေ၏။
“ တာအိုချန်ရှန့်မှာ မပြတ်သေးတဲ့ လောကီရေးရာတွေ ရှိနေသေးတယ်လို့ပြောတာ ဒီလိုအရေးကြီးတဲ့ကိစ္စကြီး ဖြစ်နေတာကိုး။ ”
ချန်ချွမ်တစ်ယောက် ရုတ်တရက် အတွေးတစ်ခုရလာပြီး ပြုံးလျက် ချူဟွာယီကို လှည့်ကြည့်လိုက်သည်။
“ ဂျူနီယာညီမလေးချင်းရွှမ် ... ဒီနေ့တာအိုချန်ရှန့် မင်္ဂလာဆောင်ပဲ ငါတို့တွေ သူ့အတွက် လက်ဆောင်တစ်ခုလောက် ပေးရအောင်။ ”
“ ဘာလက်ဆောင်လဲ စီနီယာအစ်ကို။ ”
ချန်ချွမ်စကားကြောင့် ချင်းရွှမ်းမှ မျက်ခုံးပင့်လိုက်၏။ ချူဟွာရီသည်လည်း ဘေးမှ ပို၍စိတ်ဝင်စားလာသည်။ ချန်ချွမ်က မဖြေဘဲ လျှို့ဝှက်စွာပြုံးလိုက်ပြီး၊
“ ဒီမှာကြည့် ... ။ ”
-ဟု ဆိုကာ ကောင်းကင်ပေါ် ချက်ချင်းပျံတက်သွားတော့၏။
တစ်ဆက်တည်းမှာပင် ကျင့်ကြံမှုကို အသက်သွင်းလျက် အဆုံးမဲ့ရွှေအလင်းများနှင့် နဂါးကြီးတစ်ကောင်ဖန်တီးကာ နေရာအနှံ့ ပျံသန်းပြလိုက်တော့သည်။
“ ဟမ့် ... ။ ”
“ အဲဒါ ဘာကြီးလဲ ... ။ ”
ရုတ်တရက်ဖြစ်သဖြင့် လူအများသည် ထိုမြင်ကွင်းကိုမြင်သောအခါ အံ့သြတုန်လှုပ်စွာ မော့ကြည့်လာကြသည်။
“ ညီမချင်း ... ။ ”
တစ်ဖက်တွင် ချူဟွာရီသည် မှင်သပ်စွာမော့ကြည့်နေသော ချင်းရွှမ်းကို ပခုံးတိုက်ကာ သတိပေးလိုက်တော့၏။
“ ဝှီး ... ။ ”
ချင်းရွှမ်းသည်လည်း ချက်ချင်းပင် နားလည်သွားကာ ကောင်းကင်ပေါ်ခုန်တက်ပြီး ရွှေရောင်ဖီးနစ်ကြီးတစ်ကောင်အဖြစ် ဖန်တီး ပျံဝဲလိုက်တော့သည်။
“ ကျီး ... ။ ”
ဤသည်မှာ နဂါးနှင့်ဖီးနစ်ဖြစ်ချေပြီ။ မြေပြင်ပေါ်ရှိလူအများသည် စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်ကြသည်။
“ ဒါ ... ဒါနဂါးနဲ့ ဖီးနစ်ပဲ ... သူတို့က ကောင်းကင်မှာ မင်္ဂလာနိမိတ်ကိုပြသနေတာ အရမ်းမင်္ဂလာရှိတယ်။ ”
မူလစည်ကားနေသော ဝန်းကျင်သည် ယခုအခါပို၍ပင် သက်ဝင်လှုပ်ရှားလာတော့၏။ နဂါးနှင့်ဖီးနစ်၏ မင်္ဂလာနိမိတ်သည် နတ်နဂါး မြို့သားများကို ပျော်ရွှင်မှုအထွတ်အထိပ်သို့ ရောက်ရှိသွားစေသည်။
ဤနည်းဖြင့် နဂါးနှင့် ဖီးနစ်သည် ကောင်းကင်တွင်(၁၅)မိနစ်မျှ မင်္ဂလာရထားလုံး နှင့်အတူ ပျံသန်းလိုက်ပါလာကာ အဆုံး၌ ဖြည်းဖြည်းချင်း ပြန်လည် ပျောက်ကွယ် သွားတော့၏။
ကူချန်က ပြုံးလျက် အကြည့်ကို ပြန်ရုပ်သိမ်းလိုက်သည်။ တစ်ဆက်တည်းမှာပင် အဝေးတစ်နေရာသို့လှမ်းကြည့်ကာ လက်အုပ်ချီ ကျေးဇူးတင်စကား ဆိုလိုက်တော့၏။
ချန်ချွမ်တို့သည်လည်း ပြုံးလျက် ပြန်လည်နှုတ်ဆက်ကာ ဆက်လက်ပျံသန်း ထွက်ခွာသွားလေသည်။
များမကြာခင် ကူအိမ်တော်မှသည် ထွက်ခွာလာသောယာဉ်တန်းသည် မုအိမ်တော် အထိ စည်ကားလှသောလူတန်းရှည်ကြီးကို ဖြတ်ကာ ဝင်ရောက်ပျောက်ကွယ်သွား၏။
“ မင်္ဂလာပါ အဖေ ... ။ ”
ရှုပ်ထွေးလှသော မင်္ဂလာ လုပ်ထုံးလုပ်နည်းများပြီးနောက် ကူချန်သည် အတွင်းခန်းသို့ဝင်ကာ မုဝေ၏ဖခင်ကိုတွေ့ဆုံ၍ ရိုသေစွာနှုတ်ဆက်လိုက်သည်။
သူ့ဘေးတွင်မူ ဝတ်ရုံနီကြီးကို ဆင်မြန်းထားသည့် သွယ်လျသော မိန်းကလေး တစ်ဦး ရပ်နေသည်။ သူမသည် ဦးခေါင်းဖုံးပုဝါ ဆောင်းထားသဖြင့် မည်မျှစွာသော စိတ်လှုပ်ရှား နေမည်ကို မသိနိုင်ချေ။
မုဝေဖခင်က ကးချန်ကို ကြည့်ပြီး ခဏမျှမှင်တက်သွားပြီး သက်ပြင်းရှည်ကြီး ချလိုက်ကာ၊
“ ဒီသမီးက ဘာလို့များ ... မင်းကိုပဲ တမ်းတနေရသလဲဆိုတာ အခုမှငါသိတော့တယ် ဒီနေ့ကစပြီး ငါ့သမီးကို မင်းလက်ထဲ အပ်နှံလိုက်ပြီ။ ”
-ဟု တုန့်ပြန်လိုက်သည်။
ထို့နောက် မုဝေ၏လက်ကို ကူချန်လက်ထဲထည့်ပေးလိုက်၏။ ကူချန်ခမျာ သူလက်ထဲရှိ တုန်ရီနူးညံ့သောလက်ကလေးကို ကိုင်လျက် နွေးထွေးမှုများ ခံစားလိုက်ရသည်။
“ စိတ်ချပါ ... မိန်းကလေးမုကို တစ်သက်လုံးစောင့်ရှောက်သွားမှာပါ ဘယ်လို စိတ်မချမ်းသာမှုမျိုးကိုမှ မရှိစေရပါဘူး။ ”
ကူချန်မှ ကတိပေးလိုက်သည်။
“ မင်းကို ငါ ယုံကြည်ပါတယ်။ ”
မုဝေဖခင်က တည်ကြည်စွာဖြင့် ပြန်ဖြေလိုက်ပြီးနောက် စိတ်သက်သာရာရဟန် လက်ပြလာကာ ခေါ်သွားစေတော့၏။
လမ်းတလျှောက် လူအများ၏ ဆုတောင်းသံများ ညံနေခဲ့ချေပြီ။ ကူအိမ်တော် တစ်ခုလုံးတွင်လည်း အနီရောင်အထည်စများ လွှမ်းမိုးနေပြီး လူတိုင်းပျော်ရွှင်နေကြ၏။
အထူးသဖြင့် ကူဖုန်းနှင့် ကူချန်ယင်ပင်။ ကူဖုန်းသည် သူ့အတွက် အမွေဆက်ခံနိုင်မည့် သားမြေးများမျက်နှာကို စိတ်ကူးယဉ်နေ၏။ တစ်ဖက်တွင် ချန်ယွင်မှာမူ အိမ်ထောင်စရာ မလိုတော့သဖြင့် ရွှင်မြူးနေ၏။
“ မင်္ဂလာမောင်နှံ ... မိုးမြေကန်တော့ပါ ... ။ ”
မင်္ဂလာစုံတွဲသည် ခန်းမဆောင်အတွင်း၌ မိုးမြေကန်တော့ပြီး အကြီးအကဲများကို ဦးချ၏။ ထိုမြင်ကွင်းထံငေးကြည့်ကာ ဆံပင်ဖြူနေသည့် အကြီးအကဲတစ်ဦးက ပြုံးရွှင်လာသည်။
“ ငါတို့ကူအိမ်တော်မှာ ... နောက်နှစ် အနည်းငယ်အတွင်း အမွေဆက်ခံမယ့်သူတွေ ရှိလာတော့မှာပါ။ ”
သူသည် အသက်တစ်ရာကျော်နေပြီး မိသားစုအမွေကို သခင်ငယ်နှစ်ယောက်စလုံးမှ ငြင်းဆန်နေကြောင်း သိထားသူဖြစ်၏။
ဤသတင်းသည် ကူအိမ်တော်၌ ထိတ်တန်းလျှို့ဝှက်ချက်ကြီး ဖြစ်နေသော်လည်း အကြီးအကဲများအတွက်မူ ဖုံးကွယ်ရန် ခက်ခဲနေဆဲပေပင်။
တစ်နေ့တစ်ခြား ကူအိမ်တော်၏ ကြီးထွားလာမှုကြောင့် ဤသတင်းကြီးသည် မိသားစုအတွင်း ပြသနာကို ဆောင်ကျဉ်းနေ၏။
အချို့သော အခွဲမိသားစုဝင်များမှ အဖိုးကြီးများသည် သူတို့သားမြေးများအတွင်း အရည်အချင်းရှိသော လူငယ်အချို့ထုတ်ပြကာ သွေးတိုးစမ်းမှုများ ပြုလုပ်နေကြပြီဖြစ်၏။
ယင်းကြောင့် ယနေ့မင်္ဂလာပွဲသည် မည်မျှအရေးပါမှန်း မြင်ချေပြီ။ အတွေးများနှင့် အကြီးအကဲက သူ့မုတ်ဆိတ်မွှေးများကိုသပ်ကာ ပြုံးနေခဲ့တော့သည်။
ကူဖုန်းက ထည်ဝါသောထိုင်ခုံပေါ်တွင် တစ်ယောက်တည်းထိုင်ကာ ကန်တော့နေသော ကူချန်နှင့် မုဝေထံငုံ့ကြည့်၏။ သည့်နောက် သူ့ဘေးရှိ လွတ်နေသောခုံထံကြည့်သည်။
ထိုခုံပေါ်တွင် အထိန်းအမှတ် တံဆိပ်ပြားတစ်ခုသာရှိနေ၏။ ယင်းကြောင့် သူ့အပြုံးများ ခဏမျှရပ်တန့်သွားကာ၊
“ ကျင်းအာ ... ငါတို့သားကြီး မင်္ဂလာဆောင်နေပြီ မင်းမြင်ရဲ့လား။ ”
-ဟု တမ်းတတဖြင့် ပြောကြားတော့သည်။
“ မင်္ဂလာမောင်နှံ ဘိုးဘေးမိဘကို ရေနွေးကြမ်းကမ်းလှမ်းပါ။ ”
“ အဖေ ... ။ ”
“ အဖေ ... ။ ”
ထိုစဉ် သူ့ရှေ့၌ လက်ဖက်ရည် နှစ်ခွက် ပေါ်လာသဖြင့် သတိပြန်ဝင်လာကာ ချက်ချင်း လက်ဖက်ရည် ယူသောက်ချလိုက်၏။
တစ်ဆက်တည်းမှာပင် ယခင်ထက်ပို၍ နူးညံ့တည်ငြိမ်သွားကာ၊
“ မင်းတို့နှစ်ယောက်အတွက် ဒီလိုနေ့မျိုးရောက်လာဖို့ လွယ်လည်းလွယ်သလို မလွယ်လည်း မလွယ်ပါဘူး၊ ဒါကြောင့် ...
... မင်းတို့ဇနီးမောင်နှံနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ချစ်ချစ်ခင်ခင်နဲ့ တစ်သက်လုံး ပေါင်းဖက်နိုင်ပါစေလို့ အဖေ ဆုတောင်းပါတယ်။ ”
-ဟု ဆုပေးလိုက်တော့သည်။
မိုးမြေကန်တော့ပြီးနောက်၊ ဘိုးဘေးမိဘများကို ကန်တော့ကာ ရေနွေး ကမ်းလှမ်းပေးလျက် မင်္ဂလာဆုတောင်း ခံယူခြင်း အခမ်းအနား ပြီးဆုံးသွားချေပြီ။
“ မင်္ဂလာမောင်နှံ အချင်းချင်း အရိုအသေပေးပါ။ ”
အခမ်းအနားစီစဉ်သူ၏ အမိန့်အတိုင်း ကူချန်နှင့်မုဝေက မျက်နှာချင်းဆိုင်အရိုအသေ ပေးလိုက်ကြ၏။
“ မင်္ဂလာမောင်နှံကို မင်္ဂလာခန်းဆီ ပို့ဆောင်ပါ။ ”
မင်္ဂလာမောင်နှံက ခန်းမအတွင်းမှ ထွက်ခွာရန်ပြင်နေသည်ကို ကူဖုန်းတစ်ယောက် ရွှင်မြူးစွာငေးကြည့်လျက် ရုတ်တရက် တစ်စုံတစ်ရာ သတိရလာတော့၏။
“ မင်းတို့ ဘယ်တော့ကလေးရမှာလဲ။ ”
***
အခန်း ၂၀၂ –
မင်းရဲ့အစ်မမုကို မတွေ့ခဲ့တာကောင်းတယ်။
သတို့သမီးအခန်းထဲတွင် ဖယောင်းတိုင်အနီများ လင်းထိန်းနေအောင် ထွန်းညှိထားသည်။
အပြင်ဘက် ကောင်းကင်ကြီးသည် မှောင်စပြုနေပြီး ခန်းမအတွင်းရှိ အနီရောင် ပိတ်စများမှာ ဖယောင်းတိုင်မီးများကြောင့် တောက်ပနေခဲ့၏။
ကုတင်အစွန်းတွင် မုဝေသည် အနီရောင်သတိုးသမီးဝတ်စုံဖြင့် ထိုင်နေသည်။ အနည်းငယ် ကြောက်လန့်နေဟန်ဖြင့် လက် (၂)ဖက်ကို အချင်းချင်းဆုပ်ကိုင်ကာ ပေါင်ပေါ်တင်ထားလိုက်၏။
အခန်းဝတွင် ရှောင်ယွင်သည် တံခါးရွက်ကိုအနည်းငယ်ဟခါ တိတ်တဆိတ် အပြင်သို့ ချောင်းကြည့်နေသည်။
များမကြာခင် အဝေးမှ ခြေသံများကြားလိုက်ရသဖြင့် ချက်ချင်းပင် စိတ်လှုပ်ရှားသွားကာ၊
“ အစ်မမု ... လာပြီထင်တယ်၊ ငါ အရင်ထွက်သွားတော့မယ်။ ”
-ဟု ဆိုကာ တံခါးဆွဲဖွင့်လိုက်သည်။
“ ခဏနေဦး ... ။ ”
မုဝေက ထိတ်လန့်တကြားဖြင့် ဟန့်တားတော့၏။ ရှောင်ယွင်မှ လှည့်ကြည့်ပြီး၊
“ ဘာဖြစ်လို့လဲ အစ်မမု၊ မင်းမှာ တစ်ခုခု ခိုင်းစရာရှိသေးလို့လား။ ”
“ မဟုတ်ဘူး ... ငါ နည်းနည်း ကြောက်နေတယ် နင်ဒီမှာနေပြီးတော့ ငါ့ကို အဖော်ပြုပေးပါ။ ”
ထိုစကားကြောင့် ရှောင်ယွင်ခမျာ မျက်နှာလေးနီမြန်းသွားကာ၊
“ အစ်မမု ... ဘာတွေပြောနေတာလဲ၊ ဒီနေ့ကအစ်မမုရဲ့ မင်္ဂလာဆောင်နေ့ပဲ နောက်ပြီး ဒီအခန်းက သတို့သမီးအခန်းလေ ရှောင်ယွင် ... ဘာလို့ဆက်နေရမှာလဲ။ ”
-ဟု ဆိုကာ အခန်းတံခါးအမြန်ဖွင့်ပြီး ပြေးထွက်သွားတော့သည်။
“ ဟမ့် ... ရှောင်ယွင် ... ။ ”
မုဝေတစ်ယောက် အံကြိတ်လျက် လက်ဖျားများဆုပ်ကိုင်ကာ တစ်ယောက်တည်း ကျန်ရစ်ခဲ့လေသည်။ ကြောက်လန့်မှု၊ အေးစက် တင်းမာမှု၊ မျှော်လင့်မှုနှင့် မသက်မသာဖြစ်မှုများ ပြည့်နှက်လာခဲ့၏။
“ ကျွီ ... ။ ”
“ အမေ့ ... ။ ”
နှလုံးသား ပေါက်ကွဲလုမတတ် တင်းကြပ်တုန်ခါနေစဉ်မှာပင် ရုတ်တရက် တံခါးများပွင့်လာသဖြင့် ခံစားချက်များ လည်ချောင်းဝဆီသို့ ခုန်တက်လာသည်။
မျက်နှာဖုံးအုပ်ထားသော ပုဝါအောက်မှနေပြီး ပုံရိပ်တစ်ခု ယောင်ဝါးဝါး မြင်လာရတော့၏။ သို့သော် ပုံရိပ်သည် ခေတ္တမျှ ရပ်သွားကာ သူမရှေ့ရောက်လာသည်။
ထိုအချိန်တွင် သူမနှလုံးခုန်သံသည် လုံးဝပြင်းထန်ကာ နားထဲ၌ပင် တုန်ခါနေသံကို ကြားနေရတော့၏။
မျက်နှာတစ်ပြင်လုံး နီမြန်းနေကာ သွေးများတဟုန်းဟုန်း ဆူပွက်နေလေသည်။ ထိုစဉ်လူရိပ်သည် သူမဘေးဝင်ထိုင်လာပြီး သူမ မျှော်လင့်ထားသလို ဝိုင်ရနံ့မရှိဘဲ အလွန်ပင် ရင်းနှီးနေသည့် သဘာဝအနံ့သာရှိခဲ့၏။
“ မင်း ... အရမ်းစိတ်ရှုပ်နေပုံပဲ။ ”
အသံသည် နွေးထွေးကာ ရင်းနှီးနေသောကြောင့် အေးစက်တင်းမာမှုများ အနည်းငယ် လျော့ကျသွားလေသည်။
“ အင်း ... ။ ”
“ အခု ... ဘာတွေ တွေးနေလဲ။ ”
“ ဟို ... ။ ”
မုဝေက ချက်ချင်းပြန်ဖြေရန် ပြင်လိုက်သော်လည်း စကားလုံးများ ထွက်ကျ မလာခဲ့ချေ။ ခဏမျှ နှုတ်ဆိတ်သွား၏။
“ ဒီနေ့ကို အိပ်မက်မက်နေသလို ခံစားရတယ် ဒါက တကယ့်အစစ်မဟုတ်ဘူးလို့ ထင်နေတယ် ... ဒီညအိပ်ပြီး မျက်လုံးပြန်ဖွင့် လိုက်တဲ့အခါ ဒါမှမဟုတ် ... အိပ်ယာပေါ်မှာ တရေးနိုးတဲ့အခါ တစ်ယောက်တည်း ပြန်ဖြစ်နေမှာ စိုးရိမ်နေမိတယ်။ ”
“ ဟုတ်လား ... ။ ”
ထို့နောက် သူမမြင်ကွင်းကို ဖုံးကွယ်ထားသော အနီရောင်ပုဝါစလေးသည် ဖြည်းညှင်းစွာပွင့်သွားတော့၏။
ထို့ကြောင့် မြင်ကွင်းမှာ ရုတ်တရက် ရှင်းလင်းလာသည်။ သူမရှေ့တွင် ကူချန်သည် အနီရောင်သတိုးသား၀တ်စုံဖြင့် ရင်သပ် ရှုမောဖွယ်ကောင်းနေချေပြီ။
ဤမတိုင်မီ လက်ရှိမြင်ကွင်းမျိုး အကြိမ်ပေါင်းမရေတွက်နိုင်အောင် စိတ်ကူးထဲ တွေးနေခဲ့ဖူးသည်။ သို့တိုင် ယခုကဲ့သို့ ပြီးပြည့်စုံ နေလိမ့်မည်ဟု မမျှော်လင့်ထားချေ။
“ အခု မင်းယုံပြီလား။ ”
မုဝေတစ်ယောက် မျက်လုံးများနီရဲပြီး မျက်ရည်များသည် ပဲစေ့အရွယ် စီးကျလာသည်။ တစ်ချိန်တည်းမှာ ကူချန်၏ကူကယ်ရာမဲ့သော အကြည့်ကိုလည်း လက်ခံရရှိလိုက်၏။
အဆုံး၌ ပထမဆုံးအကြိမ်အဖြစ် သူမ၏မျက်ရည်များကို ကူချန်မှသုတ်ပေးလာ ခဲ့လေသည်။ သို့သော် မျက်ရည်များသည် မရပ်ခဲ့ချေ။ ပို၍ပင် များလာ၏။
“ ဒီလောက် ပျော်စရာကောင်းတဲ့ နေ့မျိုးမှာဘာလို့ငိုနေရတာလဲ ... မငိုနဲ့တော့ တိတ် ... နောင်လည်းမငိုနဲ့ ... ။ ”
“ ဟုတ်ကဲ့ ... ။ ”
မုဝေက အားတက်သရော ခေါင်းညိတ်ပြသည်။ ရုတ်တရက် သဘာဝရနံ့ ပင်လယ်ကြီးအတွင်း နစ်မြုပ်သွားသည့်အလား ကူချန်မှ သူမကိုရင်ခွင်ထဲဆွဲသွင်းကာ ကျောပြင်ပေါ် ပွတ်သပ်ပေးလာ၏။
“ ကောင်းပြီ ... ကောင်းပြီ ... တိတ်တော့ မင်းမတိတ်ရင် ငါနောက်တစ်ဆင့် ဆက်သွားလို့ မရတော့ဘူး။ ”
“ ဟမ် ... ။ ”
မုဝေတစ်ယောက် ချက်ချင်း ခြေဖျားလက်ဖျားများ အေးစက်လာခဲ့သည်။ ညသည် နက်မှောင်လာပြီး လမင်းကတိမ်ထဲ တစ်ဝက်ခန့် ဖုန်းကွယ်နေ၏။
ဖယောင်းတိုင် မီးတောက်များက တဖျပ်ဖျပ်ခတ်နေပြီး ဖပ်ခနဲငြိမ်းသပ်ခံလိုက်ရ တော့သည်။ ထိုညသည် နွေဦးရာသီအတွက် အဆုံးမရှိသော ညလေးတစ်ညပေပင်။
နောက်တနေ့မနက်တွင် ကောင်းကင်ကြီး ကြည်လင်ပြီး နေရောင်ခြည်များတောက်ပစွာ ဖြာကျနေ၏။
ကူအိမ်တော်၏ ဝင်းအပြင်ဘက်၌ လူနှစ်ယောက် တစ်ယောက်ကို တစ်ယောက် အချင်းချင်း ပြန်ကြည့်ကာ ရပ်စောင့်လိုက်သည်။
ဤသည်မှာ ရှောင်ယွင်နှင့် မင်ယွဲ့ပေပင်။ မင်ယွဲ့က သူမလက်ထဲမှ ဗန်းကိုဆုတ်ပေးကာ၊
“ အစ်မယွင် ကျေးဇူးပြုပြီး အရင်သွားပါ။ ”
-ဟု ပြောကြားလိုက်သည်။
“ အဟဲ ... ။ ”
ရှောင်ယွင်က မသက်မပါသလို ရယ်မောလိုက်ပြီး သူမလက်ထဲမှဗန်းကိုလည်း ပြန်ဆုတ်လိုက်ရ၏။
“ မဟုတ်ဘူး ... မင်းက ငါ့ထက်ငယ်တယ် မင်းအရင်သွားသင့်တယ်။ ”
“ ဟမ် ... အစ်မယွင်က မင်ယွဲ့ထက် အသက်ကြီးပါတယ် အစ်မယွင်အရင်သွားပါ။ ”
“ ဒါပေမယ့် ငါတို့က လူငယ်တွေကို အမြဲတမ်း အခွင့်အရေးပေးသင့်တယ် မဟုတ်လား မင်းအရင်သွားပါ။ ”
နှစ်ယောက်သား အချင်းချင်း လမ်းဖယ်ပေးနေသဖြင့် ဗန်းပေါ်မှ မနက်စာများ ပြုတ်ကျလုနီးပါးဖြစ်လာချေပြီ။
“ မင်းတို့နှစ်ယောက် ဒီမှာ ဘာလုပ်နေတာလဲ။ ”
ရုတ်တရက် အခန်းတံခါးပွင့်လာပြီး ကူချန်၏အသံသည် သူမတို့နှစ်ယောက်၏ နားထဲသို့ ဗုန်းတစ်လိုဝင်ရောက်လာ၏။
နှစ်ယောက်သား ထိတ်လန့်သွားပြီး ချက်ချင်းမော့ကြည့်လိုက်ကြသည်။ ကူချန်သည် ယမန်နေ့ညအင်္ကျီများအစား တာအိုဝတ်စုံကို ပြောင်းလဲဝတ်ဆင်ထားချေပြီ။
“ စီနီယာအစ်ကို ... ။ ”
“ သခင်ငယ် ... ။ ”
နှစ်ယောက်သား ချက်ချင်း နှုတ်ဆက်လိုက်ကြပြီး မျက်နှာများ အနည်းငယ် နီမြန်းသွားတော့၏။
“ မင်းတို့နှစ်ယောက် ... ဘာတွေဖြစ်နေတာလဲ ... အဲဒါဘာတွေလဲ။”
“ မနက်စာပါ စီနီယာအစ်ကို ... ။ ”
“ မနက်စာပါ သခင်ငယ် ... ။ ”
မင်ယွဲ့က ဗန်းကိုကူချန်ထံပေးပြီး ပြန်ဖြေသည်။ ရှောင်ယွင်က ကူချန်ကိုကျော်ကာ အခန်းထဲ တစ်ချက်လှမ်းကြည့်လျက် အစ်မမု ထွက်မလာသဖြင့် အနည်းငယ် အဆင်မပြေ သလို ခံစားလိုက်ရ၏။
“ သခင်ငယ်၊ အစ်မမုရှိလား။ ”
“ ရှိတယ် ... ငါ့ကိုပေးလိုက် ယူသွားပေးမယ်။ ”
စကားဆုံးသည်နှင့် ကူချန်မှ လက်ဝှေ့ရမ်းလိုက်ရာ မနက်စာထည့်ထားသော ဗန်းနှစ်ချပ်သည် သူနှင့်အတူလေထဲဝဲပျံကာ အခန်းထဲ ဝင်ရောက်သွားတော့၏။
“ ဝုန်း ... ။ ”
အခန်းတံခါးသည်လည်း ချက်ချင်း ပိတ်သွားတော့သည်။ မင်ယွဲ့နှင့် ရှောင်ယွင်က တံခါးနှစ်ရွက်ကို ငေးကြည့်နေမိရာမှ အချင်းချင်းပြန်ကြည့်ကာ၊
“ အစ်မယွင် ငါ အရင်သွားနှင့်မယ်။ ”
“ အဟဲ ငါလည်း အနားယူတော့မယ် လာအတူတူသွားရအောင်။ ”
“ ကောင်းပြီ ... ။ ”
“ လာ ... ။ ”
ထို့နောက် နှစ်ယောက်သား လမ်းဆုံရောက်သည့်အထိ စကားမဆိုဘဲ အတူ လျှောက်လှမ်းလာကာ အဆုံး၌ လမ်းခွဲလိုက်၏။ ရှောင်ယွင်က ရထားလုံးငှားကာ မုအိမ်တော်သို့ ချက်ချင်းပြန်ပြေးသည်။
မင်ယွဲ့မှာမူ ကူဖုန်း၏ စာကြည့်ခန်းဆီသို့ ချက်ချင်းဦးတည်လာခဲ့၏။ စာရွက်စာတမ်းများ ပြည့်နှက်နေသော စားပွဲခုံတစ်လုံးတွင် ကူဖုန်းမှ တစ်ယောက်တည်း ထိုင်နေသည်။
ထိုအသွင်သည် တစ်ညလုံး မအိပ်ဘဲထိုင်နေခဲ့ကြောင်း မြင်သာနေချေ၏။ မင်ယွဲ့ဝင်ရောက်လာချိန်မှသာ ရုတ်တရက် သတိဝင်လာပြီး ထရပ်လာသည်။
“ ဘယ်လိုလဲ ... ။ ”
ကူဖုန်း၏ အလျင်လိုနေသော မေးခွန်းကြောင့် မင်ယွဲ့မျက်နှာအနည်းငယ် နီမြန်းသွားပြီး၊
“ အစ်မမုကို မတွေ့ခဲ့ဘူး ... စီနီယာအစ်ကိုကတော့ မနက်စာတွေယူဖို့ ထွက်လာပါတယ်။ ”
-ဟု ပြန်ဖြေလိုက်၏။
“ ကောင်းတယ် ... ဒါအခြေအနေကောင်းတယ်။ ”
ကူဖုန်းတစ်ယောက် ကျေနပ်သွား၏။ ထို့နောက် စာကြည့်ခန်းထဲ၌ လူးလားခေါက်တုံ့ အပြန်ပြန်အလှန်လှန် လျှောက်လှမ်းလျက်ဖြင့်၊
“ အခုလို သူတစ်ယောက်တည်း ထွက်လာတာက တကယ်ကောင်းတယ် ... ဒါ တကယ်ကောင်းတဲ့ လက္ခဏာပဲ ဟုတ်တယ်။ ”
-ဟု ထပ်မံ အတည်ပြုလိုက်တော့၏။ ထိုမှတ်ချက်များကြောင့် မင်ယွဲ့တစ်ယောက် ရှက်ရွံ့စွာဖြင့် ခေါင်းကြီးငုံ့ထားမိလေသည်။
တစ်ချိန်တည်းမှာပင် မုအိမ်တော်၌လည်း ရှောင်ယွင်သည် ရထားလုံးပေါ်မှအပြေးဆင်းပြီး အခြေအနေကို တင်ပြရန်အတွက် သခင်ကြီးထံ တိုက်ရိုက်ဝင်သွားခဲ့သည်။
မုဝေဖခင်သည် အခန်းထဲတွင် အချိန်အကြာကြီး ရပ်နေခဲ့ရဟန်ဖြင့် တိတ်ဆိတ် နေခဲ့သည်။ သူမထံမှ သတင်းစကားကြားလိုက် ရချိန်တွင် သက်ပြင်းတစ်ချက်ချကာ ကူဖုန်းနှင့် အလားသဏ္ဍန်တူသော မှတ်ချက်မျိုး ပေးလာခဲ့တော့၏။
“ ကောင်းပြီ ... မင်းရဲ့အစ်မမုကို မတွေ့ခဲ့ရသရွေ့တော့ မဆိုးသေးပါဘူး ... ဒါက အခြေအနေကောင်းတဲ့ တုန့်ပြန်မှုပဲ။ ”
***