← Chapters

အခန်း (၂၀၇-၂၀၈)

Vol. 17 Ch. 207-208

အခန်း (၂၀၇-၂၀၈)

Vol. 17 Ch. 207-208

အခန်း ၂၀၇ -

ဖိနပ်ကလေးများ ... ။

“ ဒီကလေး ... ဒါဘာစကားလဲ ငါ့ကြောင့်မင်းက လူဖြစ်လာတာပါ။ ”

တာအိုချင်းရှက အနေခက်ဟန်ဖြင့် ညည်းတွားလိုက်သည်။ တစ်ဖက်တွင် သူ့ဇနီးမှ ငိုယိုနေသဖြင့်သက်ပြင်းချကာ ရင်ခွင်ထဲထည့်၍ ကျောပြင်ကိုပုတ်ပေးလိုက်ရ၏။

“ ဟောက်အာနဲ့ ယွဲ့အာက ငယ်ငယ်သေးတယ် ... ဟိုရောက်လို့ သူတို့သာ အနိုင်ကျင့်ခံရရင် ဘယ်လိုလုပ်ကြမလဲ ... အဟင့်ဟင့် ... ။ ”

“ စိတ်ချပါ ... ငါတို့ဂိုဏ်းမှာ အပြင်တပည့်တွေအတွက် အကြီးအကဲတွေ ရှိပါတယ် ... ပြီးတော့ ချန်ချွမ်တို့ကလည်း ရှောက်ပေးမယ် ကတိပေးထားတာပဲ။”

အမျိုးသမီးချင်းခမျာ တစ်ချိန်လုံး ထိန်းထားရသဖြင့် မျက်ရည်များဆည်ကျိုးသလို ပြိုဆင်းလာနေသည်။

တာအိုချင်းရှသည်လည်း ဇနီးဖြစ်သူကို နှစ်သိမ့်သော်လည်း သူကိုယ်တိုင်မျက်ရည်များ ပြည့်လျှံနေပြီး ရင်ထဲမချိမဆံ့ ခံစားနေရ၏။

သို့သော် လောကကြီးသည် အပြင်ပန်းကြည့်လျှင် သာယာလှပသော်လည်း မည်သည့်အချိန်တွင် ဘေးဒုက္ခများကျရောက် နိုင်မည်ကို မည်သူမျှ မသိနိုင်ချေ။

မိမိကံကြမ္မာကို မိမိကိုယ်တိုင် ဆုပ်ကိုင်နိုင်ရန်အတွက် ကျင့်ကြံခြင်းလမ်းတွင် အစဉ်တစိုက်အားထုတ်လျက် သန်မာနေရန်သာ နည်းလမ်းရှိပေမည်။

သန်မာသူသည်သာ ကံကြမ္မာကို ဖန်တီးနိုင်သည်မှာ ထာဝရအမှန်တရားပေပင်။ ချန်ယွမ်နိုင်ငံ၏ အဖြစ်အပျက်သည် သာဓက ဖြစ်သည်။

မိစ္ဆာများ သောင်းကျန်းချိန်တွင် သာမန်လူသားများမှာ သူတို့၏အစာအဖြစ်သာ အသက်ပေးသွားရ၏။

ကျင့်ကြံခြင်းလမ်းတလျှောက်တွင် သွေးချောင်းစီးစေသည့် သတ်ဖြတ်မှုများရှိနေ သော်လည်း ခွန်အားမဲ့စွာ မသိဘဲသေဆုံးရ သည်ထက် များစွာသာလွန်ပေမည်။

ကူချန်တစ်ယောက် အချင်းချင်း ဖက်တွယ်ထားသော ဇနီးမောင်နှံကိုကြည့်ကာ စိတ်ထဲခံစားလိုက်ရသဖြင့် အလျင်အမြန်ပင် နှုတ်ဆက်ကာ ထွက်ခွာခဲ့တော့သည်။

***

နတ်နဂါးမြို့၊ ကူအိမ်တော်။

“ ဝှစ် ... ။ ”

ကူချန်က ကူအိမ်တော်ဝင်းအတွင်းသို့ ဆင်းသက်လိုက်ရာ မူဝေနှင့် ရှောင်ယွင်တို့နှစ်ဦး ဇရပ်လေးတစ်ခုထဲတွင် ထိုင်၍တစ်စုံတစ်ခုကို အားစိုက်ချုပ်လုပ်နေသည်ကို သတိထားမိ၏။

“ အဲဒါဘာလဲ။ ”

မုဝေနှင့် ရှောင်ယင်မှ လန့်သွားကြပြီး ထိုပစ္စည်းကိုဖုံးကွယ်ရန်ပင် အချိန်မရလိုက်ဘဲ ကူချန်လက်ထဲသို့ ရောက်သွားတော့၏။

ကူချန်က သေးငယ်လှပသော ဂွမ်းသားဖိနပ်လေးတစ်စုံကို ကောက်ကိုင်ကာ ဟိုသည်လှည့်ပတ်ကြည့်ပြီး၊

“ ဒါ ... ဖိနပ်လား ။ ”

ဟု မေးမြန်းလိုက်သည်။ မုဝေက မျက်နှာတစ်ပြင်လုံးနီမြန်းသွားကာ မည်သည့် စကားမျှမဆိုဘဲ ခေါင်းငုံ့နေခဲ့၏။ရှောင်ယွင်မှ မုတွေထံတစ်ချက်ကြည့်လိုက်ပြီး၊

“ သခင်လေး ... အဲ့ဒါက သခင်မလေးက သခင်ငယ်အတွက် ကြိုတင်ပြင်ဆင်ထားတာပါ။ ”

“ ဟမ့် ... သခင်ငယ်အတွက်လား ... ။ ”

ကူချန်တစ်ယောက် မျက်ခုံးပင့်ကာ ခေတ္တမျှမှင်သပ်သွားသည်။ မုဝေမှနားရွက်များ နီရဲသွားပြီး ကူချန်လက်ထဲမှ ဖိနပ်လေးများကို ပြန်လုယူလျက်၊

“ ဒါ ... ဒါက ကြိုပြီး ချုပ်ထားကြည့်တာပါ။ ”

-ဟု ပြောကြားလိုက်၏။

“ ဟုတ်တယ် ... ဟုတ်တယ် ... အပျော်ချုပ်ကြည့်နေတာပါ နောင်တစ်ချိန်မှာ သုံးရမှာပဲမဟုတ်လား။ ”

ရှောင်ယွင်က ဘေးမှနေ၍ အားတက်သရော ထောက်ခံလိုက်သည်။ မုဝေမှ မနေနိုင်တော့ဘဲ ရှောင်ယွင်လက်မောင်းကို ဆွဲဆိတ်လျက်၊

“ ပါးစပ်ကို ပိတ်ထားပေးလို့မရဘူးလား။ ”

-ဟု အော်ငေါက်လိုက်သည်။ ကူချန်မှ မုဝေလက်ထဲရောက်သွားသော ဖိနပ်ကလေးကို ပြန်ကြည့်သည်။

အလွန်သေးငယ်ပြီး လက်ဖဝါးပေါ်တွင် ချစ်စဖွယ်ကောင်းလှသဖြင့် သူ့နှလုံးသားကိုပင် ပြောမပြတတ်သော ကြည်နူးမှုရလာစေ၏။

“ လက်ရာ ကောင်းတယ်။ ”

ထို့ကြောင့် ပြုံးလျက် ချီးကျူးလိုက်သည်။ သို့မှသာလျှင် မုဝေတစ်ယောက် မျက်ဝန်းများ ဝင်းပသွားပြီး၊ ‘တကယ်လား’ဟု မျှော်လင့်တကြီး မေးလာ၏။

“ အင်း ... ။ ”

ကူချန်က ခေါင်းညိတ်ပြလိုက်သည်။ မုဝေခမျာ စိတ်သက်သာရာရသွားပြီး ပျော်ရွှင် သွားတော့၏။ ကူချန်က ဖိနပ်ကလေးများကို ခဏပြန်ယူကြည့်ကာ စားပွဲပေါ် တင်ပေးလိုက်သည်။

ဖိနပ်ကလေးများပေါ်ရှိ ပန်းထိုးလက်ရာများမှာ မပြီးသေးဘဲ တစ်ဝက် တစ်ပျက်သာ ရှိသေးသည်။

“ ခုနက ဘယ်သွားနေတာလဲ ... ။ ””

“ ဧည့်သည် သွားနှုတ်ဆက်တာ သူတို့က ဒီနေ့ပြန်ကြတော့မှာလေ ... မနေ့က နဂါးနဲ့ ဖီးနစ်ပုံရိပ်တွေကို မှတ်မိသေးလား အဲ့ဒါသူတို့ရဲ့လက်ရာပါ။ ”

“ အိုး ... ဟုတ်လား ... ရှောင်ယွင်က သခင်လေးလုပ်နေတယ်ပဲ ထင်တာ။ ”

မုဝေမှ မျက်ခုံးပင့်လိုက်သည်။ သူမပင် နဂါးနှင့်ဖီးနစ်နိမိတ်ပုံကို အံ့သြခဲ့ရပြီး ကူချန်၏ လက်ရာဟုသာ ထင်မှတ်မိ၏။

“ ဒါဆို အဲ့ဒီလူတွေကလည်း ... ။ ”

“ ဟုတ်တယ် သူတို့အားလုံးက ကျင့်ကြံသူတွေပဲ။ ”

ကူချန်မှ မုဝေမေးခွန်းကို နားလည်ပြီး ခေါင်းညိတ်၍ အမှန်အတိုင်း ပြောပြလိုက်သည်။ ထို့နောက် သတိရသွားဟန်ဖြင့် ကျောက်စိမ်း ပုလင်းတစ်လုံးထုတ်ယူကာ စားပွဲပေါ် တင်ပေးခဲ့၏။

“ ဒါက ချင်းရွှမ်းက ... မင်းအတွက် ပေးခဲ့တဲ့လက်ဆောင်ပဲ နုပျိုခြင်းဆေးပြားလို့ ခေါ်တယ် ... နာမည်ကို ကြားရုံနဲ့တင် သူရဲ့ အာနိသင်ကို မင်း ခန့်မှန်းနိုင်မှာပါ။ ”

“နုပျိုခြင်းဆေးပြားလား။ ”

မုဝေက မယုံကြည်နိုင်ဟန်ဖြင့်၊

“ ဒါဆို ... ဒီဆေးက အမြဲတမ်း နုပျိုနေစေမှာလား။ ”

-ဟု ထပ်မေးသည်။

“ ဒါပေါ့ ကျင့်ကြံသူတွေထဲမှာ အမျိုးသမီးတွေအများကြီးရှိတယ် အလှအပကို မြတ်နိုးတာက လူသားတွေရဲ့ သဘာဝပဲလေ ဒီဆေးကိုသောက်လိုက်ရင် ငယ်ရွယ်တဲ့ ရုပ်ရည်ကို အမြဲထိန်းထားနိုင်လိမ့်မယ်။ ”

“ ကျေး ... ကျေးဇူးတင်ပါတယ်။ ”

မုဝေက ဝမ်းသာအားရဖြင့် ချက်ချင်း သိမ်းဆည်းလိုက်သည်။ မည်သည့် အမျိုးသမီးမှ ဤသို့သောလက်ဆောင်ကို ငြင်းဆန်နိုင်မည် မဟုတ်ချေ။

“ ငါ့ကို ကျေးဇူးတင်ဖို့မလိုပါဘူး ဒီလက်ဆောင်ကို တာအိုချင်းရွှမ်ပေးခဲ့တာပါ စိတ်မကောင်းစရာက သူတို့ဂိုဏ်းကို ပြန်သွားကြပြီ။ ”

မုဝေဘေးမှ ရှောင်ယွင်က အားကျသော မျက်လုံးများဖြင့် ကြည့်လာနေသည်။ ကူချန်က ထိုအခြင်းအရာကို မြင်သဖြင့် ပြုံးကာ၊

“ ဒီဆေးမျိုး ဖော်စပ်ရတာ မခက်ပါဘူး အခုတော့ ဆေးဖက်ဝင်ပါဝင်ပစ္စည်းအချို့လိုနေ သေးလို့ပါ ... အခွင့်အရေးရရင် မင်းအတွက် ငါဖော်ပေးမယ်။ ”

-ဟု နှစ်သိမ့်လိုက်၏။

“ သခင်လေး... တကယ် ပြောတာလား။ ”

ရှောင်ယင်ခမျာ ဝမ်းသာလွန်း၍ ခုန်ပေါက်မိတော့မတတ် ဖြစ်သွားလေသည်။

“ တကယ်ပေါ့ ... ငါ စကားမတည်တာ မင်းကြားဖူးလို့လား။ ”

“ ကျေးဇူးတင်ပါတယ် သခင်လေး။ ”

‌ရှောင်ယွင်မှ ချိုသာချွဲနွဲ့လွန်းသော အသံမျိုးဖြင့် ပြန်ပြောလာသည်။ ထိုအသံသည် အလွန်ပင် နူးညံ့နေသဖြင့် ကူချန်၏နားထဲတွင် တစ်မျိုးကြီး ဖြစ်သွားရ၏။

“ လုံလောက်ပြီ ... ရုတ်တရက်ကြီး နင့်ပုံစံကပျော့ညံ့အားနည်းလာတယ် ငါတောင် နေရခက်လာပြီ။ ”

“ အစ်မမု ... ။ ”

“ ခစ်ခစ်ခစ် ... ။ ”

မုဝေက ရယ်မောလိုက်သည်။ ရှောင်ယွင်ခမျာ သူမကိုယ်သူမ သတိရလာကာ ရှက်ကိုးရှက်ကန်းဖြင့်၊

“ သခင်လေးရော နူးနူးညံ့ညံ့ပြောတာကို မကြိုက်ဘူးလား။ ”

-ဟု မေးမြန်းလိုက်သည်။

“ ငါ့ရဲ့စိတ်အာရုံက ကျင့်ကြံခြင်း လမ်းပေါ်မှာပဲ ရှိတာများတယ် ... နောင်ကျရင် မင်းအနားမှာ အမြဲရှိနေပေးနိုင်မှာ မဟုတ်ဘူး ဒီအတွက်တော့ မင်းကြိုတင်ပြီး စိတ်ကို ပြင်ဆင်ထားစေချင်တယ်။ ”

ကူချန်မှ စကားမဆိုဘဲ သူမကိုပြုံး၍ ကြည့်လိုက်ပြီးနောက် မုဝေဘက်သို့လှည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ မုဝေတစ်ယောက် ရင်ထဲနွေးထွေးသွားတော့၏။ ဤသည်မှာ ရှင်းပြရုံသက်သက်ဆိုသော်လည်း အသိပေးခြင်းဟူသည် အလေးထားသည်ဟု အဓိပ္ပါယ်ရချေပြီ။

“ ငါနားလည်ပါတယ် ... အရေးကြီးကိစ္စ မရှိရင် ကျင့်ကြံနေတာကို မနှောင့်ယှက်ပါဘူး စိတ်ချနေပါ။ ”

မုဝေက ပြုံးပြီး ကတိပေးလိုက်သည်။ ဤနတ်နဂါးမြို့တော်တစ်ခုလုံး နှစ်ပေါင်းများစွာ ငြိမ်းချမ်းနေခြင်းမှာ သူမ၏ယောက္ခမထက် ဤလူသားကြောင့်ပေပင်။ ကူချန်က ခေါင်းညိတ်ပြလိုက်ပြီး၊

“ မကြာခင်မှာ ငါလင်းရင်တောင်ကို ကျငံကြံဖို့သွားရမယ် ... ငါ့မှာ ဝေဟင်သားရဲ တစ်ကောင် ရှိတယ် ... မင်းကိုခေါ်သွားပြီး မိတ်ဆက်ပေးမယ် ...

... နောင်မှာ လင်းရင်တောင်နဲ့ မြို့ကို အသွားအပြန်လုပ်ချင်လာရင် အဲ့ဒီသားရဲကိုစီးပြီး သွားလို့ရတယ်။ ”

***

အခန်း ၂၀၈ -

ဤဆောင်းကုန်သော် ဝံပုလွေများ လာပေတော့မည်။

ဖူစုပြက္ခဒိန် (၄၅၅)နှစ်မြောက်၊ စက်တင်ဘာလ။

ဆောင်းဦးရာသီနှောင်းပိုင်း၌ လင်းရင်တောင်ထိပ်ရှိ သစ်တောကြီးများသည် အဝါရောင်ဆေးဆိုးထားသလိုပေပပင်။

ဤရာသီသည် ဧည့်သည်များ လာရောက်လည်ပတ်လေ့ မရှိချေ။ တောတောင် အတွင်းရှိ အသီးအနှံများစွာမှာ ရင့်မှည့်ကြ၏။

“ ဝှစ် ... ။ ”

ကြွေကျလာသော သစ်ရွက်များသည် ဖြတ်သွားသည့် ဓားအလင်းတန်းတစ်ခုကြောင့် နှစ်ခြမ်းကွဲသွားလေသည်။ ဖြတ်တောက်မှုမှာ သပ်ရပ်ပြီး အလွန်တိကျချေ၏။

သစ်ရွက်ခြောက်များအလယ်တွင် ကူချန်သည်ဓား(၂၄)လက်ကို ပျဲဝဲစေလျက် ငြိမ်သက်စွာရပ်နေသည်။

ထိုဓားတစ်လက်စီကို တရုတ်ရိုးရာ ရာသီခွင်အမည်များပေးထားပြီး (၁၂)လက်ကို ဓားနံရံသဖွယ်ဖန်တီးထား၏။

သို့သော် လက်တွေ့တွင်မူ ထိုဓားနှစ်ဆယ့်လေးလက်သည် အချင်းချင်း စည်းလုံးမှုမရှိဘဲ ကျပန်းလွင့်မျောနေခြင်း ဖြစ်လေသည်။

၎င်းတို့ကိုဖန်တီးစဉ်က ထိုမျှအထိ မစဉ်းစားခဲ့ဖူးသလို ဤမျှဝေးဝေးသို့ရောက်မည် ဟုလည်း မထင်ထားချေ။

ထိုကြောင့် ဓား(၂၄)လက်သည် ဓားအစီစဉ်မကျဘဲ ကျိကျင့်ဓားကိုဗဟိုပြုလျက် ပျံဝဲနေသည့် ကြယ်များလိုပေပင်။ ဖရိုဖရဲ ဖြစ်တော့၏။

“ ကလန် ကလန် ... ။ ”

“ ဝှစ် ... ။ ”

လေထုအတွင်း အချင်းချင်း တိုက်ခိုက်လိုသောမြည်သံများက ခပ်တိုးတိုး မြည်နေသည်။ ယင်းကြောင့် ကူချန်သည် လက်ဝှေ့ရမ်းကာ တိတ်ဆိတ်စေလိုက်၏။

ပုံမှန်အားဖြင့်ဆိုသော် ဤဓားများကို အတူတကွလုပ်ဆောင်နိုင်ရန် တံဆိပ်များစွာ ထည့်သွင်းပြီး ဓားအစီရင်အဖြစ် လွယ်ကူစွာပေါင်းစပ်နိုင်မည်။

ဤနည်းဖြင့် ဓားတာအိုကို နားမလည်သူများသည်ပင် တိုက်ပွဲများအတွင်း၌ စစ်မှန်သောချီထည့်သွင်းကာ ဓားအစီရင်အပေါ် အသုံးပြုနိုင်မည်ဖြစ်၏။

“ ရွှပ် ... ။ ”

ထိုစဉ် ပေတစ်ရာပတ်လည်အတွင်းရှိ အာကာသနှင့်အချိန်သည် ရုတ်ချည်းအေးခဲသွား သကဲ့သို့ ကြွေကျနေသောသစ်ရွက်များသည် လေထဲ ရပ်တန့်ကုန်တော့သည်။

ဓားစွမ်းအင်သည် ဧရိယာတစ်ခုလုံးပေါ် ဖုံးလွှမ်းလျက် အေးခဲနေသောထိုသစ်ရွက်များကို ရုတ်တရက် ထပ်ခြမ်းခွဲပစ်လိုက်ပြန်၏။

သည့်နောက် တိတ်ဆိတ်နေသော ပတ်ဝန်းကျင်တွင် အပိုင်းပိုင်းဖြတ်ခံထားရသည့် သစ်ရွက်များ မြေပေါ်ကျဆင်းလာခဲ့သည်။

တစ်ဆက်တည်းမှာပင် ကူချန်မှ သစ်ရွက်ခြောက်များထံကြည့်ကာ ချီစွမ်းအင်ကို ပြန်ရုတ်သိမ်းလိုက်၏။ အပိုင်းအစများမှာ မြေပြင်ပေါ်တွင် အရွယ်အစားအမျိုးမျိုးဖြင့် ပြန်ကျဲနေတော့သည်။

“ အပိုင်းအစတွေရဲ့ အရွယ်အစားက မတူညီကြဘူး ... ငါ့ဓားစွမ်းအားအပေါ်ထိန်းချုပ် နိုင်စွမ်းကို ပြီးပြည့်စုံတဲ့ကျွမ်းကျင်မှုရောက်ဖို့ လိုနေသေးတယ်။ ”

ကူချန်မှ သက်ပြင်းချလျက် သစ်ရွက်အပိုင်းအစများကို စစ်ဆေးကြည့်ကာ မှတ်ချက်ပေးလိုက်သည်။

ဓားထိန်းချုပ်ရာတွင် ကနဦးကျွမ်းကျင်မှု၊ တိကျမှုနှင့် အလိုအလျောက်လှုပ်ရှားမှု ဟူ၍ အဆင့်သုံးဆင့် ခွဲခြားထား၏။

ဓားကိုင်ဆောင်ခြင်းသည် ဝိညာဉ်နှင့် ဆန္ဒပေါင်းစပ်မှုဖြစ်သည်။ ဓားရေးလှုပ်ရှားမှုကို ကျွမ်းကျင်ပိုင်နိုင်ရန်အတွက်မူ ဝိညာဉ်၊ ဆန္ဒနှင့် ဓားကိုင်လက်တို့ ညီညွတ်ခြင်းမည်ဖြစ်၏။

တစ်စုံတစ်ဦးသည် ကဗျာများကို ဖတ်ရှုခြင်းကြောင့် ရသများခံစားနိုင်သော်လည်း ကိုယ်တိုင်ကဗျာရေးရန် မလွယ်ကူချေ။

ကဗျာဟူသည် စကားလုံးများကို ပေါင်းစပ်ကာ နှလုံးသားဖြင့် ခံစားရသော အနုပညာတစ်ရပ်ဖြစ်၏။ အနုပညာ လိုအပ်ချေမည်။

ထိုနည်းလည်းကောင်းပေပင်။ ကျင့်ကြံသူတစ်ဦးသည် ပညာရပ်တစ်ခုအပေါ် သင်ယူခြင်းဖြင့် စွမ်းအားများကို ထုတ်လွှတ် နိုင်ချေမည်။ အကြွင်းမဲ့ကျွမ်းကျင်လိုသော် တိကျသောလေ့ကျင့်မှု လိုပေမည်။

လေ့ကျင့်မှုအားနည်းသူသည် တိုက်ပွဲများတွင် တပြိုင်နက်တည်းပေါက်ကွဲ စေနိုင်ကာ စွမ်းအားကို အများအပြား သုံးစွဲတတ်ကြသည်။

သို့သော် တစ်ဖက်လူသည် ထိုနည်းစနစ်တစ်ခုကို တိကျစွာထိန်းချုပ်ပါက ဆန့်ကျင်ဘက်ဖြစ်၏။

အကြွင်းမဲ့ကျွမ်းကျင်မှုဟူသည် တစ်စုံတစ်ဦးသည် နည်းစနစ်တစ်ခုအပေါ် လွတ်လပ်စွာ အသုံးချနိုင်ခြင်းဖြစ်၏။

ကဗျာဆရာများအတွက် လှပသောကဗျာတစ်ပုဒ် ပေါက်ဖွားနိုင်ရန်သည် စကားလုံးများ၏ စစ်မှန်သောအဓိပ္ပါယ်ကို နားလည်နေရမည်။

ထို့အတူပင် စီးပွားရေးသမားသည် စီးပွားရေးဟူသော စကားလုံး၏စစ်မှန်သည့် အဓိပ္ပါယ်ကို နားလည်နေရမည်။

ဆိုလိုသည်မှာ ဓားသမားသည် ဓားတစ်လက်ကို ခန္ဓာကိုယ်အစိတ်အပိုင်းကဲ့သို့ လှုပ်ရှားနိုင်ခြင်းမျိုးပေပင်။

ထိုအဆင့်ကို အောင်မြင်ချိန်တွင် အကြွင်းမဲ့ကျွမ်းကျင်မှုအဓိပ္ပါယ်ကို နားလည် နိုင်မည်ဖြစ်သည်။

“ နည်းနည်းလိုနေသေးပေမယ့် နီးနေပြီ။ ”

မြေပြင်ပေါ်ရှိ တိကျစွာ ပြတ်နေသောသစ်ရွက်များထံ ငုံကြည့်လိုက်ကာ ဓား(၂၄)လက်စလုံးထံ ဝေ့ကြည့်ပြီး ပြန်လည် သိမ်းဆည်းလိုက်တော့၏။

ဤဓားများ၏ အရည်အသွေးကို အလယ်အလတ်တန်းစား ဝိညာဉ်လက်နက်များ အဖြစ်သို့ သန့်စင်ခြင်းရန် လိုအပ်ချေပြီ။

ချန်ယွမ်စျေးမြို့ကို ချန်ယွမ်နိုင်ငံမှ ပြန်၍ဖွင့်လှစ်နိုင်ခြင်း မရှိသေးချေ။ ထို့ကြောင့် သတ္တုများနှင့် ဝိညာဉ်ရေးရာ ပါဝင်ပစ္စည်းများကို စုဆောင်းရခက်နေတော့၏။

ယင်းသည် ဂိုဏ်းကြီးများနှင့် တစ်ကိုယ်တည်းကျင့်ကြံသူများကြား ကွာဟမှု ဖြစ်လေသည်။

ဂိုဏ်းကြီးများသည် တပည့်များကို မစ်ရှင်များ၊ ခရီးကြမ်းများနှင်စေခြင်းမှ ရရှိသော ရတနာများစွာတို့ ပြန်လည်ဝယ်ယူပေးကြ၏။ ဤနည်းဖြင့် မည်သူမဆို ရတနာများကို အလွယ်တကူ လှဲလှယ်ရရှိနိုင်မည်။

“ ခဲအို ... ။ ”

ထိုစဉ် ရှောင်ယွင်သည် တောတွင်း အသီးအနှံမျိုးစုံဖြင့်ပြည့်နေသော ခြင်းတောင်း တစ်လုံးကိုလွယ်လျက် ပြုံးရွှင်စွာ လျှောက်လှမ်းလာလေသည်။

သူ့နောက်တွင် မုဝေနှင့် မင်ယွဲ့သည် စကားစမြည်များပြောလျက် ဖြည်းညှင်းစွာဖြင့် လျှောက်လှမ်းလာနေသည်။ ရှောင်ယွင်က သူ့ရှေ့ရပ်လိုက်ကာ ခြင်းတောင်းကို မြေပြင်ပေါ်ချလိုက်၏။

“ ခဲအို ... ငါတို့အသီးအနှံတွေ အများကြီးခူးလာတယ် ကြည့်ပါဦး။ ”

ကူချန်မှ တစ်ချက်ကြည့်လိုက်သည်။ အနီရောင်၊ အဝါ၊ ခရမ်းရောင်နှင့် အခြားသော အရောင်အသွေးစုံလင်လှသည့် အသီးအနှံများ ပါရှိနေသည်ကို မြင်လိုက်ရ၏။

“ သတိထားဦး ... အဆိပ်ရှိတဲ့ အသီးအနှံတွေကို ခူးမိနေဦးမယ်။”

ကူချန်မှ သတိပေး၏။

“ စိတ်မပူနဲ့ ... အစ်မမုက အတွေ့အကြုံရှိတယ် ဆေးဖက်ဝင်အပင်တွေ အကြောင်း စာအုပ်တွေအများကြီးဖတ်တယ်။ ”

ရှောင်ယွင်က သူမရင်ဘတ်ကို ပုတ်ပြီး ဤသစ်သီးများသည် သေစေနိုင်လောက်အောင် အဆိပ်ပြင်းမည်မဟုတ်ကြောင်း အာမခံ၏။

“ ဟမ့် ... တကယ်ပဲ ဆေးဘက်ဝင်အပင်တွေ အကြောင်း နားလည်နေတာလား။ ”

ကူချန်က အံ့အားသင့်လျက် မုဝေကိုမော့ကြည့်ကာ မေးမြန်းလိုက်လေသည်။ မုဝေက အနားသို့ လျှောက်လှမ်းလာလျက်မှ အနည်းငယ် ရှက်ရွံ့စွာခေါင်းညိတ်ပြ၏။

“ ဟုတ်တယ် ... ငါငယ်ငယ်က အားနည်းတဲ့အတွက် ကိုယ့်ကိုယ်ကိုကုသဖို့ ဆေးနည်းတွေလေ့လာခဲ့တယ်။ ”

“ ဟုတ်လား ဘယ်လောက်ထိ လေ့လာခဲ့လဲ။ ”

“ မပြောတတ်ဘူး။ ”

“ ဟမ် ... မပြောတတ်ဘူးလား။ ”

“ အင်း ... ။ ”

“ ဘာလို့လဲ ... ။ ”

“ ငါ ... သေမှာကြောက်လို့။ ”

ဤတစ်ကြိမ်တွင် မုဝေအသံသည် ပို၍ပင်ရှက်ရွံ့လာတော့၏။ ကူချန်တစ်ယောက် အနည်းငယ်အံ့အားသင့်သွားပြီး ချက်ချင်း ပြုံးရယ်လိုက်လေသည်။

***

ရှီကျိုးပြည်နယ်၊ ကျုံးမိသားစု။

နိုဝင်ဘာလတွင် နှင်းများထူထပ်စွာ ကျဆင်းလာ၏။ ထို့ကြောင့် ဖူစုနိုင်ငံမြောက်ပိုင်း နယ်မြေများတွင် နှင်းများဖုံးလွှမ်းနေချေပြီ။

နှင်းမိုးများသည်လည်း အဆက်မပြတ် ကျဆင်းနေမှုကြောင့် အားနည်းသောလူအချို့ ခမျာ အသက်ရှူမဝဖြစ်လာရသည်။

ကျုံးမိသားစုဟူသည် ဖူစုမင်းဆက် တည်ထောင်စဉ်ကတည်းက တည်ရှိနေခဲ့သည့် ကျင့်ကြံခြင်း မိသားစုကြီးတစ်ခုဖြစ်သည်။

ထို့ကြောင့်ပင် ဖူစုမင်းဆက်တွင် ရှီကျိုးဘုရင်ဘွဲ့ ပေးအပ်ခြင်းခံရကာ မိသားစု သားစဉ်မြေးဆက် ထိုဘွဲ့ကိုဆက်ခံနိုင်ခဲ့၏။ ရှီကျိုးပြည်နယ်အတွက် အငြင်းပွားဖွယ် မရှိသော အုပ်စိုးရှင်မိသားစုပေပင်။

အမှန်တွင် ကျူံးမိသားစုသည် ယခင်မင်းဆက်၏ အလယ်ခေတ်ကာလနှင့် နှောင်းပိုင်းခေတ်ကာလ ကတည်းမှပင် ရှီကျိူး ပြည်နယ်အပေါ် ဩဇာလွှမ်းထားပြီးဖြစ်၏။

ဖူစုမင်းဆက်လက်ထပ်တွင် သူတို့ဩဇာကိုချပြခြင်းဖြင့် ရှီကျိုးဘုရင်အဖြစ် ပွင့်လင်းမြင်သာစွာ ရှင်သန်လာခြင်းပေပင်။

ကျူံးမိသားစုဝင် ယွမ်ဖူနယ်ပယ် ကျင့်ကြံသူသုံးဦးတို့သည် ရှီကျိူးမြို့ရိုးပေါ်တွင် ရပ်လျက် သူတို့ရှေ့ရှိနှင်းမုန်တိုင်းကြီးနှင့် လေပြင်းများထံ ငေးကြည့်နေ၏။

ကမ္ဘာကြီးသည် ရေခဲတမျှ အေးစက်နေခဲ့သော်လည်း သူတို့အားလုံး၏ ရင်ထဲတွင် စိုးရိမ်ပူပန်များရှိနေချေပြီ။

ကျူံးမိသားစုအတွက် လက်ရှိ အကျပ်အတည်းကို မည်သို့ဖြတ်ကျော်ရမည်ကို လူတိုင်းတွေးတောနေခဲ့၏။

အဘယ့်ကြောင့်ဆိုသော် ဤဆောင်းကုန်လွန်ပြီးနောက် ဝံပုလွေများ လာပေတော့မည်။ နတ်နဂါးမြို့မှ ကူမိသားစုမှာ သွေးရနံ့ရသော ဝံပုလွေများအလား ရူးသွပ်နေပြီဖြစ်သည်။

ဒုတိယနှစ်ဝက်အတွင်း၌ ၎င်းတို့သည် တောင်ဘက်ရှိပြည်နယ်နှစ်ခုကို လျင်မြန်စွာ ထပ်မံသိမ်းပိုက်သွား၏။

ထိုကြောင့် နှင်းဖုံးနေသော ဒေသကြီးတစ်ခုလုံးသည် ဆောင်းဝင်သည့်တိုင် စိတ်မချမ်းမသာ ဖြစ်နေရခြင်းပေပင်။

တစ်ဖက်လူသည် သည်မျှ အစွမ်းထက်အောင် မည်သည့်အရာများ စားသုံး နေခဲ့သနည်း။ သည်မျှသန်မာအောင် မည်သည့် အရာများ ကြုံတွေ့ခဲ့ရသနည်း။

ကူမိသားစု၏ တိုးတတ်လာမှု သမိုင်းကြောင်းကိုပြန်ကြည့်သော် နှစ်ပေါင်း (၁၀၀)မှ (၂၀၀)အတွင်းသာ ရှိပေသေးသည်။

သူတို့ကဲ့သို့ ယွမ်ဖူနယ်ပယ် ကျင့်ကြံသူများရှိသော မိသားစုများအတွက်မူ ဖူစုမင်းဆက်မတိုင်မီကတည်းကပင် အုတ်မြစ် တည်ဆောက်ထားနိုင်ခြင်းဖြစ်၏။

လတ်တလော ဖူစုနိုင်ငံတော်ဝင်မိသားစု ပြိုကွဲမှုသည် ကူမိသားစုလက်ချက်ဖြစ်ကြောင်း ကောလဟာလများလည်း ရှိနေသည်။

အထူးသဖြင့် ကူမိသားစု၏ ထိုသခင်ငယ်သည် ခရမ်းရောင်နေမင်းနယ်ပယ် ကျင့်ကြံသူဟု သံသယရှိခဲ့ကြ၏၊ ထိုသတင်းမှာ သူတို့ကဲ့သို့သော အင်အားစုများကို လုံးဝ အံ့အားသင့်စေ၏။

ထို‌ကြောင့် နှစ်ပေါင်းနှစ်ရာအတွင်း သွေးဆာနေသောဝံပုလွေများကဲ့သို့ ကြီးထွားနေ ခဲ့သည့်ကူမိသားစုအပေါ် နားမလည်နိုင်သည်မှာ သဘာဝပေပင်။

***

All Chapters