အခန်း (၂၀၉-၂၁၀)
Vol. 17 Ch. 209-210
အခန်း ၂၀၉ –
အရိုးဖြူတံဆိပ်နှင့် မြောက်ပိုင်းရှေးဟောင်း သင်္ချိုင်းဝင်ခွင့် ... ။
ရှီကျိုးမြို့ရိုးပေါ်တွင် ကျုံးမိသားစုဝင် ခရမ်းရောင်နေမင်းနယ်ပယ် ကျင့်ကြံသူ(၃)ဦး ရပ်နေ၏။ သူတို့သုံးယောက်လုံးသည် အသက် နှစ်ရာကျော်နေပြီဖြစ်သည်။
မျိုးဆက်အရကွာခြားချက် မရှိလှဘဲ ရှေ့ဆုံးမှအဖြူဝတ်အဘိုးအို၏ မျိုးဆက်များ ဖြစ်ကြ၏။
“ သူတို့ရဲ့ အရှိန်အဟုန်က အရမ်းမြန်လွန်းတယ်။ ”
အဖြူဝတ်အဘိုးအိုက ကောင်းကင်မှ ကျဆင်းနေသည့် နှင်းပွင့်များကိုမော့ကြည့်ကာ စကားဆိုလိုက်သည်။
သူ့ဘယ်ဘက်တွင် ကြမ်းတမ်း ခက်ထန်သောရုပ်ရည်မျိုးရှိသည့် အနက်ဝတ် အမျိုးသားတစ်ဦးရပ်နေပြီး ညာဘက်တွင် အမျိုးသမီးတစ်ဦးရှိနေ၏။
အနောက်ဘက်သဲကန္တာရရှိ ကန္တာရဓားပြခေါင်းဆောင် (၁၃)ဦးသည်သာ ဤနေရာတွင်ရှိနေပါက အဖြူဝတ်အဖိုးအိုသည် ကန္တာရမဟာမိတ်အဖွဲ့၏ ခေါင်းဆောင် ဖြစ်ကြောင်း မှတ်မိပေလိမ့်မည်။
ဖူစုနိုင်ငံ၏ အနောက်ဘက်တွင် ပင်လယ်နှင့်ထိစပ်နေသော ဟိုင်လန်မင်းဆက် တည်ရှိ၏။
ထိုနိုင်ငံသည် ချမ်းသာကြွယ်ဝပြီး လူဦးရေထူထပ်ကာ ကုန်သွယ်ရေးထွန်းကား လှသော ကမ်းရိုးတန်းနိုင်ငံဖြစ်၏။
၎င်းနိုင်ငံနှင့် ဖူစုကြားတွင် မိုင်ပေါင်း (၁၀၀)ကျော် ကျယ်ဝန်းသော သဲကန္တာရတစ်ခု ခြားထားသည်။ ထိုသဲကန္တာရအတွင်း ဓားပြ(၁၃)ဦးပါဝင်သော ကန္တာရဓားပြဂိုဏ်း ကျင်လည်ကျက်စား၏။
“ အဲဒီကူမျိုးနွယ်က ဘာလို့ ရုတ်တရက်ကြီး ဒီလောက်သြဇာကြီးမားလာရတာလဲ။ ”
ဝတ်စုံနက်ဝတ် အမျိုးသားက အသံအက်အက်ဖြင့် မေးမြန်းလိုက်လေသည်။ ထို့နောက် သူကပင်၊
“ ရှန့်ပေရဲ့ လင်းမျိုးနွယ်၊ နန့်ရှန်ရဲ့ မာမျိုးနွယ်နဲ့ ထျန်းရွှေရဲ့ ကျောက်မျိုးနွယ်တွေ ဆိုတာ ငါတို့ကျုံးမျိုးနွယ်ထက် မနိမ့်ကျပါဘူး ... ဒါတောင် သူတို့က ကူမျိုးနွယ်စုရှေ့ကနေ ဆုတ်ခွာပေးလိုက်ရတာလား ...
... သတင်းတွေအရဆိုရင် ကူမျိုးနွယ်ရဲ့ ပါရမီရှင်က အသက်(၂၀)ကျော်ပဲရှိသေးတယ် သူက တကယ်ပဲ ခရမ်းရောင်နေမင်းနယ်ပယ် ဖြစ်နေတာတော့ မဟုတ်နိုင်ပါဘူး။ ”
-ဟု ငြင်းဆန်လိုက်၏။
“ မင်း မယုံကြည်ရင်တောင် ... သတိထားတာက ပိုကောင်းပါတယ်။ ”
အဖြူဝတ်အဘိုးအို၏ ညာဘက်ရှိ နဂါးဦးခေါင်းတုတ်ကောက်ကို ကိုင်ထားသည့် ဆံပင်ဖြူအမျိုးသမီးမှ ဝင်ပြောလာသည်။
“ ဒါဆို မင်းရောယုံလား။ ”
အနက်ဝတ် အမျိုးသားက မျက်မှောင်ကြုတ်လျက် ထိုအမျိုးသမီးထံ လှည့်ကြည့်ကာ မေးမြန်းတော့၏။
“ ဒီအတွက်ငြင်းဆန်ဖို့ အကြောင်းပြချက် တစ်ခုခုကို နင်ရှာတွေ့ပြီလား ... မယုံတာထက် အဲဒီမျိုးနွယ်စုသုံးခု နောက်ဆုတ်သွားတာက သက်သေပဲလေ။ ”
အမျိုးသမီက အေးစက်စွာတုန့်ပြန်၏။
“ ဒါ ကူမျိုးနွယ်ရဲ့ ဘိုးဘေးတစ်ဦးက ရုပ်ဖျက်ထားတာမဖြစ်နိုင်ဘူးလား သူတို့တွေက မိသားစုဝင်တွေမို့ ရုပ်ချင်းဆင်နိုင်တာပဲ ... ။ ”
“ အဲဒီလူက ကူမိသားစုရဲ့ သခင်ငယ်ပဲဖြစ်ဖြစ် ဘိုးဘေးတစ်ဦးပဲဖြစ်ဖြစ်၊ သူက ယွမ်ဖူနယ်ပယ် ကျင့်ကြံသူ ဟုတ်-မဟုတ် နိုင်ဖို့လိုတယ်။ ”
ဤတစ်ကြိမ်တွင် အဖြူဝတ်အဘိုးအိုက အမျိုးသမီးစကားကို ခေါင်းညိတ်ပြလိုက်သည် အနက်ဝတ်လူက အဖြူဝတ်အဖိုးအိုထံ လှည့်ကြည့်ကာ၊
“ အဘိုး .. .အဘိုးရော အခြေအနေဘယ်လိုလဲ။ ”
-ဟုမေးမြန်းလိုက်သည်။
“ အထွတ်အထိပ်အဆင့်ကို ရောက်နေတာ ကြာပြီဖြစ်ပေမဲ့ အဆင့်တက်မယ့် အခွင့်အရေး ခုထိတော့ ရှာမတွေ့သေးပါဘူး။ ”
အဖြူဝတ်အဖိုးအိုမှ ပြန်ဖြေ၏။
“ အဘိုးသာ ... ဒီအဆင့်ကို ... ဖြတ်ကျော်နိုင်ခဲ့ရင် ဒီကမ္ဘာကြီးက ငါတို့အပိုင်ပဲ။ ”
ဤတစ်ကြိမ်တွင် အမျိုးသမီးသည် အနက်ဝတ်အမျိုးသားထံ တစ်ချက်မျှကြည့်ကာ စိတ်ရှုပ်ထွေးသွားသည်။ သို့သော် အတွေးများ ရှင်းထုတ်လျက် အဖြူဝတ်အဖိုးအိုထံလှည့်ကာ၊
“ ဘိုးဘေး၊ သူတို့တိုက်လာရင် ဘာလုပ်သင့်လဲ။ ”
-ဟု မေးမြန်းလိုက်၏။
“ တခြားမိသားစုတွေက လက်လျှော့လိုက်တာမို့ ငါတို့ကျုံးမိသားစုက ခြေလှမ်းနည်းနည်း ဆုတ်ပေးလိုက်ရတာ ဘာအရေးလဲ။ ”
ထို့နောက် အဖြူဝတ်အဘိုးကြီးက သက်ပြင်းချကာ၊
“ ဒီကိစ္စရဲ့ အတိမ်အနက်ကို ငါတို့ မသိသေးတဲ့အတွက် ... အစီအစဉ်တွေမချခင် သေချာတဲ့အထိ စောင့်ကြရအောင် ...
... ငါတို့ပိုင်တဲ့အရာကို နောက်ဆုံးမှာ ငါတို့ပဲပိုင်လိမ့်မယ် ... ဒါပေမယ့်ငါတို့မပိုင်တဲ့ တစ်စုံတစ်ရာကို ပိုင်ဆိုင်ထားရင်တောင် ငါတို့ တကယ်ပိုင်ဆိုင်နိုင်မှာ မဟုတ်ဘူး ...
... ဒါ့အပြင် ခရမ်းရောင်နေမင်း နယ်ပယ်မရှိဘဲ ဖူစုနိုင်ငံတစ်ခုလုံးကို သိမ်းပိုက် လိုက်တာက အကျိုးမရှိဘူး၊ စောင့်ကြည့်ပါ ကူမိသားစုရဲ့ ခရီးကမစသေးဘူး ...
... ဖူစုတစ်နိုင်ငံလုံးမှာရှိတဲ့ အဲဒီမိသားစုကြီးတွေက ဒီအခြေအနေအပေါ် ဂရုတစိုက်ကြည့်နေကြတယ် ...
... အခြားသော အိမ်နီးချင်း နိုင်ငံတွေကလည်း ဒီရှုပ်ထွေးမှုကို အခွင့်ကောင်း ယူချင်နေကြတယ်။ ”
ဤအဖိုးအို၏ စကားသည် သုံးယောက်လုံးကို ပြန်လည်တိတ်ဆိတ်သွား စေတော့၏။
“ အဲဒါဘာလဲ ... ။ ”
ထိုစဉ် အနက်ဝတ်အမျိုးသားသည် မျက်မှောင်ကြုတ်လျက် သဲကန္တာရအတွင်းသို့ ရုတ်တရက် လှည့်ကြည့်လိုက်သည်။
ဆီးနှင်းများကြားတွင် အဖြူရောင် အလင်းတန်းကြီးတစ်ခုသည် အရိုးဖြူအလံကြီး တစ်ခုကဲ့သို့ လွင့်ပျံလာနေ၏။
သုံးဦးသား အချိန်အနည်း မှင်သပ်သွားကြပြီးနောက် တစ်စုံတစ်ရာကို သတိရလာကာ စိတ်လှုပ်ရှားကုန်သည်။
“ ဒါ ... အဲဒီသင်္ချိုင်းပဲ ... အဲဒီရှေးဟောင်းသင်္ချိုင်းပေါ်လာတာ လွန်ခဲ့တဲ့ နှစ်(၅၀၀)ကပါ ...
... နှစ်ငါးရာအတွင်း နှစ်ကြိမ်ပွင့်ပြီး ပထမအကြိမ် ငါတို့ကျန့်မျိုးနွယ်ဟာ ဒီသင်္ချိုင်း အတွင်းက အခွင့်အရေးတွေကြောင့် သန်မာလာခဲ့ရတယ် ...
... အခုလိုအချိန် နှစ်ပေါင်းတစ်ရာတည်းနဲ့ ထပ်ပေါ်လာတာက ငါတို့ရဲ့အကြပ်အတည်းကို ဖြေရှင်းပေးမယ့် ကံကြမ္မာပဲ ...
... ခရမ်းရောင်နေမင်းနယ်ပယ်ကို တက်လှမ်းနိုင်မယ့် အခွင့်အရေးကြီး အဲဒီထဲမှာ သေချာပေါက် ရှိနေရမယ်။ "
အဖြူဝတ်အဘိုးအိုက မျက်လုံးများ အရောင်တောက်ပလာလျက် ချက်ချင်းရွှင်မြူး သွားတော့သည်။
“ ကျုံးမြောင် ... မင်း အိမ်စောင့်ပါ ... ငါနဲ့ကျုံးဝူသွားကြည့်လိုက်မယ်။ ”
“ ဟုတ်ကဲ့ ... ။ ”
ထို့နောက် အဖြူဝတ်အဖိုးအိုက ရှီကျိုးမြို့ရိုးပေါ်မှနေပြီး ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်ကာ၊
“ အခုလိုနှင်းတွေ အရမ်းကျနေတာ တကယ်ကောင်းတယ် မဟုတ်ရင်ဒီသင်္ချိုင်းကို အားလုံး သတိမိကုန်လိမ့်မယ်။ ”
-ဟု ရေရွတ်လိုက်တော့၏။
***
လင်းရင်ဘုံကျောင်းတွင် ကူချန်သည် သိုလှောင်လက်စွပ်အတွင်းမှ လက်ဝါးခန့်ရှိသော အရိုးအပိုင်းအစကို ချက်ချင်းထုတ်ယူလိုက်၏။
၎င်းထံမှ အလင်းဖျော့ဖျော့များ ထွက်ပေါ်နေပြီး အနောက်မြောက်ဘက်သို့ ပျံသန်းချင်နေသကဲ့သို့ ထင်ရှားလာသည်။
“ ဒါက တံဆိပ်တစ်ခုလိုပဲ ... အနောက်မြောက်ဘက်မှာ ဘာရှိလို့ သူ သွားချင်နေရတာလဲ။ ”
နားမလည်နိုင်စွာဖြင့် ကူချန်မှ ရေရွတ်နေစဉ်မှာပင် သူ့ဖခင်ကူဖုန်းသည် ရုတ်ချည်း ရောက်ရှိလာတော့သည်။
“ အဖေ ... ဘာအတွက်ရောက်လာတာလဲ။ ”
ကူချန်မှ အံအားသင့်စွာ မေးမြန်းလိုက်၏။ ကူဖုန်းက လေးနက်သောအသွင်အပြင်မျိုးဖြင့် ကျောက်စားပွဲတွင် ဝင်ထိုင်သည်။ ထို့နောက် သေတ္တာတစ်လုံးထုတ်ယူကာ၊
“ ဒီမှာ မင်းရဲ့အဘိုးထားခဲ့တဲ့ပစ္စည်းက ... ဒီနေ့မှရုတ်တရက်ကြီး ထူးဆန်းတဲ့အလင်းတွေ ထွက်လာလို့ လာပြတာ စစ်ဆေးကြည့်ပါဦး။ ”
-ဟု ပြောကြားလာ၏။
ကူချန်က ခေါင်းညိတ်ပြီး သေတ္တာကို ဖွင့်ကြည့်လိုက်သောအခါ အလင်းရောင်များ တောက်ပနေသည့် ငွေရောင်အရိုးတစ်ခုကို မြင်လိုက်ရလေသည်။
“ အဖေ ... ဒီအရိုးက ... ။ ”
“ ဒါ မင်းရဲ့ဘိုးဘေးထွက်သွားခါနီးမှာ ချန်ထားခဲ့တဲ့ တစ်ခုတည်းသော အမွေပဲ ... ။ ”
ထို့နောက် ကူဖုန်းက သူ့သားလက်ထဲမှ ပုံစံတူငွေအရိုးတစ်ခုကို သတိထားမိသွားကာ မျက်ခုံးပင့်သွားပြီး၊
“ မင်းမှာလဲ ရှိနေတာလား။ ”
-ဟု မေးမြန်းလိုက်၏။
“ အင်း ... တိုက်ပွဲမှာ ပြိုင်ဘက်ဆီကနေ ရထားတာပါ။ ”
ကူချန်မှ ပြန်ဖြေသည်။ ထို့နောက် မီးငှက်ဥအတွက် တိုက်ပွဲဝင်စဉ် သွေးဝိညာဉ် ဂိုဏ်းသားထံမှ ရရှိခဲ့ကြောင်းကို ပြန်လည် ပြောလိုက်သည်။
ထိုစဉ်က သူ့တိုက်ခိုက်မှုကိုတားဆီးဖို့ရန် တစ်ဖက်လူသည် အဖြူရောင်အရိုးဒိုင်းအဖြစ် အသုံးပြုခဲ့ကြောင်း မှတ်မိနေသေး၏။
ယင်းကြောင့် ဤကာလအတွင်း ၎င်းကိုစစ်ဆေးခဲ့ရာ ထူးခြားမှုများမတွေ့ခဲ့ရချေ။ ယင်းသည် ဝိညာဉ်စွမ်းအင်များကြွယ်ဝသည့် အရိုးတစ်ခုမျှသာဖြစ်သည်။
ထို့ကြောင့် အဆုံးတွင် ဝိညာဉ်ရေး လက်နက်များ သွန်းလုပ်ရာ၌ ပေါင်းစပ်ပစ်ရန် ဆုံးဖြတ်ထားခဲ့သည်။
သို့သော် ယနေ့တွင် ထူးဆန်းစွာဖြင့် ၎င်းအရိုးသည် တစ်စုံတစ်ရာအပေါ်ခံစားမိကာ အသက်ဝင်လာသကဲ့သို့ မြောက်အရပ်ထံ ညွှန်ပြနေတော့၏။
တစ်ဖက်တွင် သူ့အဖေ၏စကားအရ ဤအရိုင်းကိုပိုင်ဆိုင်ထားသော ကူဘိုးဘေးသည် ရိုးရှင်းနိုင်မည် မဟုတ်ကြောင်းကိုလည်း မှန်းဆ လာနိုင်ခဲ့သည်။
***
အခန်း ၂၁၀ –
ဘိုးဘေးကူစန်းရှန် ... ။
လွန်ခဲ့သော နှစ်ပေါင်းတစ်ရာကျော်က ကူမိသားစုသည်နတ်နဂါးမြို့၌ ဒုတိယတန်းစား အင်အားစုမျှသာဖြစ်သည်။
ဖူစုနိုင်ငံတွင်လည်း ထိပ်တန်းစာရင်းဝင် အဆင့်အတန်းမျိုးမဟုတ်ခဲ့ချေ။ မိသားစုအတွင်း အမြင့်ဆုံး ကျင့်ကြံခြင်းအဆင့်သည်ပင် ချီစုစည်းခြင်းနယ်ပယ်သာ ဖြစ်သည်။
ထို့ကြောင့် ထူးချွန်ထက်မြက်သည့် ဘိုးဘေးကူစန်းရှန် ပေါ်ထွန်းလာမှသာလျှင် ကူမိသားစုမှာ စတင်တိုးတက်လာခြင်း ဖြစ်ချေ၏။
အကယ်၍ ထိုပုဂ္ဂိုလ်သည်သာ အသက်ရှင်နေသေးပါက အသက် (၁၅၀)ကျော် နေမည်ဖြစ်သည်။
ထိုသူ၏ ပါရမီသည် ကူဖုန်းထက် များစွာသာလွန်ပြီး အသက်(၃၀)ကျော်အရွယ်၌ ရှန်ရှင်းနယ်ပယ်သို့ အောင်မြင်စွာ တက်လှမ်း ထားနိုင်ခဲ့၏။
သူသည် မိသားစုအတွင်း၌သာ လျှို့ဝှက်ကျင့်ကြံနေခဲ့သဖြင့် ပြင်ပလောကသည် သူ့ကိုမသိခဲ့ကြချေ။
ထိုစဉ်က အားနည်းသေးသည့် ကူမိသားစုသည် ရှားပါးလှသည့်ပါရမီရှင်ကို ကာကွယ်ရန် အတတ်နိုင်ဆုံး ဖုံးကွယ် ထားခဲ့ရသည်။
ရှန်ရှင်းနယ်ပယ်သို့ ရောက်ရှိပြီးနောက် ကမ္ဘာကြီးအနှံ့ လှည့်လည်သွားလာကာ အသက် (၄၀)ကျော်ချိန်တွင် အိမ်ထောင်ပြုခဲ့သည်။
“ ငါကိုယ်တိုင်တောင် သူ့ကိုမမြင်ဖူးသလို မင်းရဲ့အဘိုးလည်း သူ့ရဲ့ဘာအမှတ်အသားကိုမှ မပြနိုင်ဘူး ....
... သူက ပြင်ပမှာ နှစ်ပေါင်းများစွာ လေ့ကျင့်ပြီး နတ်နဂါးမြို့ကို ခဏလောက်သာ ပြန်လာတတ်တယ် ...
... မျက်စိတစ်မှိတ်အတွင်း နှစ်ပေါင်း (၁၀၀)ကျော်ကုန်လွန်သွားပြီး အဲဒီအချိန်အတွင်း သူအိမ်ကို တစ်ခါတစ်လေ ပြန်လာခဲ့တယ် ...
... ဒါပေမဲ့ မင်းရဲ့အဘိုးဖြစ်တဲ့ ငါ့အဖေ မွေးလာချိန်မှာတော့ သူ ပျောက်ကွယ်သွားပြီး လုံးဝပြန်မလာတော့ဘူး ...
... ငါမှတ်မိနေသေးတယ် အဲဒီတုန်းက မိုးသည်းထန်တဲ့ ညတစ်ညပဲ သူရုတ်တရက်ကြီး မိုးထဲလေထဲမှာ အိမ်ပြန်လာတယ် ...
... အရာတချို့ကို မင်းအဘိုးလက်ထဲ ပေးအပ်ခဲ့ပြီး ချက်ချင်းပြန်ထွက်သွားတော့တယ် ဒါကဒီနေ့အထိ သတင်းမကြားရစေတော့ဘူး ...
... မင်းရဲ့အဘိုးလည်း အရွယ် ရောက်လာတော့ သူ့အဖေကိုလိုက်ရှာခဲ့ပေမဲ့ နောက်ဆုံးမှာ မင်းရဲ့အဖိုးပါ အဆက်အသွယ် ပြတ်သွားတယ် အဲဒီနောက်မှာတော့ ... ။ ”
ကူဖုန်းက စကားဆက်မဆိုတော့ဘဲ ခါးသက်သက်ပြုံးကာ သက်ပြင်းချလိုက်သည်။ နောက်ဆက်တွဲဖြစ်ရပ်များကို ဆက်ပြောစရာ မလိုအောင် ကူချန်သိရှိပြီးဖြစ်ချေ၏။
အဘိုးသည် သူ့ဖခင်ပျောက်ဆုံးသွား ပြီးနောက် စိတ်ဓာတ်ကျကာ ကူချန် မမွေးခင်၌ ကွယ်လွန်သွားခဲ့သည်။
ဤအတိတ်ဇာတ်လမ်းများကို ကြားရသောအခါ ကူချန်စိတ်ထဲတွင် နားလည်ရ ခက်ခဲသည့် ခံစားချက်ရရှိလာ၏။
ယင်းသည် သူစိမ်းဆန်ခြင်းပေပင်။ ဆိုလိုသည်မှာ သူသည် ကူဖုန်းနှင့် ချန်ယွင်တို့မှ လွဲ၍ ကျန်မိသားစုဝင်များအပေါ် သံယောဇဉ် မရှိချေ။ စူးစမ်းလိုစိတ်သာရှိ၏။
လက်ထဲမှ အရိုးဖြူအဆောင်နှစ်ခုကို ကြည့်လျက်၊
“ ဒါတွေက ဘိုးဘေးချန်ထားခဲ့တဲ့ ဆေးလုံးတွေနဲ့အတူ ပါလာတဲ့အရာလား။ ”
-ဟု မေးမြန်းလိုက်၏။
ကူမိသားစု၏ ယနေ့ကြွယ်ဝမှုနှင့် တိုးတက်မှုများသည် ထိုနေ့ကမိုးရွာသည့်ညမှ စတင်ခဲ့ခြင်းဖြစ်သည်။
ဤအရိုးဖြူအဆောင်အပြင် ကူစန်းရှန် ချန်ထားခဲ့သော ဆေးလုံးများသည် ဆယ်စုနှစ် အနည်းငယ်အတွင်း ချီစုစည်းခြင်းနယ်ပယ် ကျွမ်းကျင်သူအများအပြား မွေးဖွားနိုင်ခဲ့၏။
သို့သော် ထိုဆေးလုံးအရေအတွက်သည် အကန့်အသတ်ရှိသဖြင့် ယနေ့ကူမိသားစုတွင် ကုန်ဆုံးသွားပြီဖြစ်သည်။
“ ဟုတ်တယ် ... သူက စကားအချို့ မှာကြားခဲ့သေးတယ် ... ဒီအရိုးထဲမှာ ကြီးမားတဲ့ အခွင့်အရေးတစ်ခုကို သိုဝှက်ထားသလို အန္တရာယ်တွေလည်း ရှိတယ်တဲ့ ...
... တစ်နေ့နေ့ ကူမိသားစုအတွက် ရှောင်လွှဲလို့မရတဲ့ ဘေးဒုက္ခနဲ့ ကြုံလာရရင် ဒီအရိုးကနေထူးခြားတဲ့ ပြောင်းလဲမှုတွေ ပြလာလိမ့်မယ် ...
... အဲဒီအခါကျရင် အရိုးရဲ့လမ်းညွှန်မှု အတိုင်း လုပ်ဆောင်ရင် အကျပ်အတည်းကနေ ကယ်တင်နိုင်ကောင်း ကယ်တင်နိုင်လိမ့်မယ်လို့ ဆိုခဲ့တယ်။ ”
ထိုစကားကြောင့် ကူချန်တစ်ယောက် အရိုးဖြူတံဆိပ်ထံ လှည့်ပတ်ကြည့်လိုက်ကာ၊
“ ကျွန်တော် မမှားဘူးဆိုရင် ဒါက ရှေးဟောင်းအပျက်အစီးမြေထဲ ဝင်ရောက်ခွင့် ရမယ့် လက်မှတ်မျိုးပဲ အသေးစိတ် မသိရသေး ပေမယ့် တစ်ခုခုဆီ လမ်းပြအမှတ်အသား ဖြစ်ဖို့များတယ်။ ”
-ဟု မှတ်ချက်ပေးလိုက်၏။ တံဆိပ်အတွင်း အလင်းမှုန်များမှိန်ဖျော့ဖျော့ လင်းလက်နေသည့် ရူရ်အချို့ကိုမြင်နိုင်ချေပြီ။
“ အဲဒီတုန်းက ဘိုးဘေးဟာ အပျက်အစီးနယ်မြေတစ်ခုထဲကို မတော်တဆ ရောက်သွားပုံရတယ် ...
... အဲဒီကနေ အရာတချို့ရလာခဲ့တာပဲ ... ဥပမာအဲဒီဆေးလုံးတွေနဲ့ ဒီအရိုးဖြူအပါအဝင် ရတနာအချို့ရောပေါ့။”
ကူချန်မှ မှန်းဆချက်အချို့ ပြောပြလိုက်သည်။ ယင်းကြောင့် ကူဖုန်းကို မျက်မှောင်ကြုတ်ကာ ဇဝေဇဝါဖြစ်စေ၏။
“ ဒါဆို သူက ဘာလို့ အဲဒီလောက် အလောတကြီး ထွက်သွားရတာလဲ။ ”
“ ရန်သူတွေ အမဲလိုက်တာခံရလို့ ဖြစ်နိုင်တယ် အဲဒီလျှို့ဝှက်နယ်မြေအတွင်းကနေ အဖိုးတန်ရတနာတစ်ခုခုကို သူရခဲ့ပုံပဲ ...
... ဒါကြောင့် သူက မိသားစုကို ပြဿနာထဲဆွဲမထည့်ချင်တာနဲ့ အလောတကြီး ပြန်ထွက်သွားရတာနေမယ်။ ”
ဤသုံးသပ်ချက်ကို ကြားပြီးနောက် ကူဖုန်းတစ်ယောက် တိမ်ညိုမည်းများကြား နေရောင်ခြည်ကျဆင်းလာသလို ရှင်းလင်းသွား တော့သည်။ ထို့နောက် မေးစေ့ပွတ်သပ်ကာ ခဏမျှစဉ်းစားလျက် သက်ပြင်းချလိုက်၏။
“ ဒါဆို ... မင်းရဲ့ဘိုးဘေးကြီး အသက်ရှင်နေဦးမယ်လို့ မင်းထင်လား။ ”
“ ဖြစ်နိုင်ခြေ နည်းပေမဲ့ လုံးဝမဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ ”
ကူချန်မှ ပြန်ဖြေ၏။
“ ဘာကြောင့်လဲ။ ”
ကူဖုန်းတစ်ယောက် စိတ်ဝင်စားသွားသည်။
“ ဒီလိုအပျက်အစီးတွေ ပေါ်လာတဲ့အခါ ကျင့်ကြံသူတွေသာ ရှာတွေ့နိုင်ခြေများပါတယ် သာမန်လူတွေထက် သူတို့မှာ အခွင့်အရေး ပိုရှိ၏ကြတယ် ...
... ဆိုလိုတာက ပါဝင်သူတချို့က ကျင့်ကြံသူတွေပဲ ဘိုးဘေးပျောက်သွားတုန်းက သူ့အသက်ငါးဆယ်ကျော်ပဲရှိသေးပြီး သူ့ရဲ့ ကျင့်ကြံမှုက ရှန်ရှင်းနယ်ပယ်မှာပါ ...
... ဒါပေမယ့် သူက ယွမ်ဖူနယ်ပယ် ကျင့်ကြံသူတွေရဲ့ လိုက်လံဖမ်းဆီးမှုဆီကနေ လွတ်မြောက်လာပြီး အိမ်ပြန်လာနိုင်တယ် ဆိုတဲ့အဓိပ္ပါယ်က ...
... သူကိုယ်တိုင်တောင် ယွမ်ဖူနယ်ပယ် ကျင့်ကြံသူတစ်ယောက် ဖြစ်လာနိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။”
ကူချန်စကားကြောင့် ကူဖုန်းမှ ငေးမောသွားသည်။ ထို့နောက် သံသယများဖြင့်၊
“ ဒါပေမဲ့ အခုဆို နှစ်ပေါင်းတစ်ရာနီးပါး ရှိနေပြီလေ အသက်ရှင်နိုင်ပါ့ဦးမလား ... ။ ”
-ဟု ထပ်မံမေးမြန်းလိုက်၏။
“ နှစ်တစ်ရာဆိုတာ ယွမ်ဖူနယ်ပယ် ကျင့်ကြံသူတစ်ယောက်အတွက် သက်တမ်း တစ်ဝက်ပဲ ရှိပါသေးတယ်။”
ထိုစကားကြားသောအခါ ကူဖုန်းမှ ခေါင်းညိတ်လိုက်၏။ အကယ်၍သာ ဘိုးဘေး အသက်ရှင်နေသေးပါက အမှန်ပင် သတင်းကောင်း ဖြစ်ပေလိမ့်မည်။
သည့်နောက် ဘိုးဘေးအကြောင်း စကားဝိုင်းကိုအဆုံးသတ်ကာ ကူချန်လက်ထဲရှိ အရိုးဖြူတံဆိပ်များထံ ကြည့်လိုက်ပြီး၊
“ ဒါဆို မင်းအခုဘာလုပ်ဖို့ စီစဉ်ထားလဲ။ ”
-ဟု မေးမြန်းလိုက်၏။ ကူချန်မှ တုန့်ဆိုင်းခြင်းမရှိ။
“ သွားကြည့်ရမယ် ... ဘိုးဘေးက အကျိုးအမြတ်တွေအများကြီး ရနိုင်ခဲ့တာမို့ အထဲမှာ ရတနာတွေ ရှိနေနိုင်သေးတယ် ...
... ကျွန်တော်လည်း ကျင့်ကြံခြင်းမှာ အထောက်အကူပြုမယ့် အခွင့်အရေးတချို့ကို လိုအပ်နေပြီ။ ”
“ အန္တရာယ်ရော မရှိနိုင်ဘူးလား။ ”
ကူချန်တစ်ယောက် အပျက်အစီးမြေသို့ ဝင်ရောက်မည်ဖြစ်သဖြင့် ကူဖုန်မှစိုးရိမ်သွား၏။
“ အန္တရာယ်လား ... ရှိတာပေါ့ ဒါပေမဲ့ သိပ်ပြီးလည်း ... စိုးရိမ်မနေပါနဲ့ ကျွန်တော်က ကောင်းကင်ကံကြမ္မာကို နည်းနည်းပါးပါး တွက်ချက်နိုင်တယ် အသက်နဲ့ရင်းရမယ့် အန္တရာယ်မျိုးဆို ဝင်မသွားပါဘူး။ ”
ကူချန်သည် မိမိတွင်ရှည်လျားလှသော သက်တမ်းတစ်ခုရှိနေသဖြင့် အခွင့်အရေးတစ်ခု အတွက် အခြားသူများကဲ့သို့ အသက်နှင့် ရင်းစရာမလိုချေ။
သူ့စကားကြောင့် ကူဖုန်းသည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ခေါင်းညိတ်ပြကာ၊
“ ကောင်းပြီ ... ငယ်ငယ်တည်းက မင်းမှာကိုယ်ပိုင်လမ်း ရှိပြီးသားဆိုတော့ ... ငါ ထပ်ပြီး မတားတော့ဘူး ဘေးကင်းအောင်နေပါ မသွားခင် ဝေအာကိုလည်း ပြောသွားဦး။ ”
-ဟု သတိပေးလိုက်၏။
“ ဟုတ်ကဲ့ ... ။ ”
ထို့နောက်တွင် ကူဖုန်းမှ နှုတ်ဆက်ကာ ပြန်လည်ထွက်ခွာသွားတော့၏။ ကူဖုန်းပုံရိပ် ပျောက်ကွယ်သွားချိန်တွင် ကူချန်သည်ခြံထဲမှ လှမ်းထွက်လာခဲ့သည်။
ခြံအပြင်တွင် မုဝေတို့က မင်ယွဲ့ထံမှ လေ့ကျင့်မှုအချို့သင်ယူနေခဲ့သည်။ မင်ယွဲ့သည် ချီစုစည်းခြင်းနယ်ပယ်သို့ ရောက်ရှိနေပြီဖြစ်ရာ မုဝေနှင့်ရှောင်ယွင်အပေါ် လမ်းပြရန် လုံလောက်၏။
မုဝေ၏ လက်ရှိကျင့်ကြံမှုသည် တည်ဆောက်ခြင်းအဆင့်(၅)မျှသာ ရှိသည်။ ပါရမီအရ သာမန်လူများထက် အနည်းငယ် မျှသာ သာလွန်ချေ၏။
သို့သော် သူနှင့် အိမ်ထောင်ကျပြီး ကတည်းက သူမသည်အားလပ်ချိန်တိုင်းတွင် ကြိုးကြိုးစားစား လေ့ကျင့်နေခဲ့သည်။
“ စီနီယာအစ်ကို ... ။ ”
“ ခဲအို ... ။ ”
“ ငါ့ခင်ပွန်း ... ။ ”
ကူချန်ရောက်ရှိသွားသောအခါ အမျိုးသမီးသုံးယောက်က လုပ်ဆောင်နေသည့် အရာများကို ရပ်တန့်ကာ နှုတ်ဆက်လာ၏။
ကူချန်မှ ခေါင်းညိတ်ပြပြီး သူသွားမည့် ခရီးစဉ်အကြောင်း ရှင်းပြလိုက်သည်။ မုဝေက လွယ်လင့်တကူပင် ခေါင်းညိတ်ပြ၏။ ယင်းက ကူချန်ကို အံ့ဩသွားစေခဲ့သည်။
“ မင်းရဲ့ တုံ့ပြန်မှုက ထင်ထားတာထက် ပိုတည်ငြိမ်နေပါလား မယုံနိုင်စရာပဲ။ ”
“ ဝေအာ ... ကျင့်ကြံခြင်းကမ္ဘာကြီး အကြောင်းကို နားမလည်သေးပါဘူး ... ဒါပေမဲ့ ငါ့ခင်ပွန်းက ဘယ်တော့မှ ရူးမိုက်တဲ့ ...
... ကိစ္စတွေ မလုပ်ဘူးဆိုတာ ယုံကြည်ထားတယ် မင်း သွားဖို့ဆုံးဖြတ်လိုက်ပြီ ဆိုရင် ငါ့ခင်ပွန်းမှာ အစီအစဉ်ရှိပြီးသားပဲ။ ”
သူမအဖြေကြောင့် ကူချန်က ပြုံးရယ်လျက် ခေါင်းညိတ်လိုက်ပြီး၊
“ ကောင်းပြီ ... ငါဂရုစိုက်ပါ့မယ်။ ”
-ဟု ကတိပေးလိုက်တော့၏။
“ ဝေအာလည်း ... ငါ့ခင်ပွန်း ပြန်လာမဲ့အချိန်ကို စောင့်နေပါ့မယ်။ ”
***